← Chapters

အကျိုးဆက်များ (၁)

Vol. 3 Ch. 154

အကျိုးဆက်များ (၁)

Vol. 3 Ch. 154

ကျွီ...

အယ်မာက တံခါးကိုဖွင့်ပြီးတော့ အိမ်ခန်းထဲကို ပြန်ဝင်လိုက် ပါတယ်။ အပြင်ဘက်က တိုက်ပွဲက နက်ဆန်နဲ့ရိုမြူလက်တွေ စတိုက်ရာကနေ အရိုင်းနတ်ဘုရားကြီး ပျောက်ကွယ်သွားတဲ့ အချိန်အထိ မိနစ်သုံးဆယ်လော​က်ပဲ ကျန်ခဲ့တယ်ဆိုပေမဲ့ အယ်မာက မြင်သင့်မြင်ထိုက်တာအားလုံးကို မြင်ခဲ့ရပြီးပြီ။ ဒါကြောင့် သူက ဒါလီယာနဲ့အတူအခန်းထဲ ပြန်ဝင်လာတယ်။

အိမ်ထဲရောက်ရောက်ချင်းမှာပဲ သူ့ရဲ့မီနီစကတ်မှာပေနေတဲ့ ဖုန်အမှုန်တွေကို ဖယ်ရှားလိုက်ပြီး ဖိနပ်ကိုချွတ်လိုက်တယ်။ နာတာရှာနဲ့ ရင်ဆိုင်ရပြီးတဲ့နောက်မှာ တစ်ကိုယ်လုံးချွေးတွေ စိုရွဲနေခဲ့ပြီဖြစ်တာကြောင့် ခြေအိတ်အတိုကိုပါ သူချွတ်ပြီး သူ့ခြေထောက်သူ ပြန်ကြည့်လိုက်တယ်။

အရှည်ထားထားတဲ့ ခြေသည်းတချို့ပဲ့နေပြီး ခြေအိတ်ရဲ့ လွှမ်းမိုးမှုကြောင့် ခြေထောက်အသားအရေက အနည်းငယ် ဖြူစွတ်စွတ်ဖြစ်နေပါတယ်။

“ပြန်ရောက်လာပြီလား၊ ညဘက်အပြင်သွားမယ်ကြားလို့ အချိန်ကြာမယ်လို့ ထင်နေတာ။”

ဦးလေးကြီးလူကာက ပြန်ရောက်လာပြီဖြစ်တဲ့ အယ်မာကို လှမ်းနှုတ်ဆက်လိုက်တယ်။ အယ်မာလည်း နည်းနည်း စိတ်ထဲထူးဆန်းသလို ခံစားလိုက်ရတဲ့အတွက်ကြောင့် လူကာကိုမေးလိုက်တယ်။

“ရှင်အပြင်ဘက်မှာ ဖြစ်နေတာတွေကို သတိမထားမိဘူးလား။”

ဦးလေးလူကာက ဒီလိုအမေးခံလိုက်ရတဲ့အတွက် အံ့ဩ သွားပုံပေါ်ပေမဲ့ ပြန်ပြုံးလိုက်ကာ ကျက်နေပြီဖြစ်တဲ့ ကြက်သားကြော်တွေကို ပန်းကန်ထဲပြောင်းထည့်တယ်။ အခုဆိုရင် အောက်ထပ်တစ်ခုလုံးက ကြက်သားကြော်နံ တသင်းသင်းနဲ့ဖြစ်နေပြီး စက္ကူပုံးထဲက ကြောင်ပေါက်လေး နှစ်ကောင်ကလည်း သံစုံအော်ဟစ်လို့။

“အပြင်မှာ ပွဲတစ်ခုခုရှိလို့လား။ မီးရှုးမီးပန်းဖောက်သံတွေ ကြားတော့ကြားပါရဲ့။ ပြတင်းပေါက်ကနေလှမ်းပြီးတော့ ကြည့်ပေမဲ့ ဘာမှမမြင်ရဘူးလေ။”

ဒီတစ်ခါတော့ အံ့ဩသွားရသူက အယ်မာပါ။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ပြန်တည်ငြိမ်သွားပြီး အသက်ရှုသံ အောက်ကနေ ပြောလိုက်တယ်။

“ ဂျေဇူးဝပ်တွေက သူတို့အလုပ်ကိုသူတို့ ဘယ်လိုလုပ်ရမလဲ သိကြသားပဲ။” အယ်မာက သာမန်ပြည်သူတွေ နတ်ဘုရား အဆင့်တွေပါပါလာတဲ့ တိုက်ပွဲကို သတိမထားမိကြတဲ့ အကြောင်းအရင်းနဲ့ပတ်သက်ပြီး ဂျေဇူးဝပ်အဖွဲ့ကို အမှတ်ပိုပေးလိုက်တယ်။

“အပြင်က ပြန်လာစဆိုတော့ မအိပ်ခင် ညစာစားသွား လိုက်ပါလား။”

လူကာက ဟင်းပွဲကို စားပွဲပေါ်မှာတင်လိုက်ပြီး​မေးတယ်။ ပထမတစ်ခါလည်း ငြင်းပြီးနေပြီဆိုပေမဲ့ နောက်ထပ် တစ််ကြိမ်ထပ်ပြီးတော့ ဖိတ်ခေါ်ခံရတဲ့အခါမှာတော့ အယ်မာတစ်ယောက် ငြင်းဖို့မစဥ်းစားမိတော့ပါဘူး။ ရိုင်းတယ်လို့ အထင်ခံရမှာစိုးလို့ပါ။

“ ရေချိုးပြီးရင် ကျွန်မလာခဲ့မယ်။” အယ်မာက အခုလို ပြောလိုက်ပြီးတဲ့နောက် သီးသန့်အခန်းထဲကို ဒါလီယာနဲ့ အတူတူပြန်လာခဲ့တယ်။ မိနစ်အနည်းငယ်ကြာပြီးနောက် အပြင်ပြန်ထွက်လာခဲ့ပေမဲ့ ဧည့်ခန်းထဲမှာ ထမင်းဝိုင်း သေချာပြင်ပေးပြီး သူ့ကိုစောင့်နေတဲ့ ခါးဖုံးစည်းနဲ့ ဦးလေးကြီးကို မြင်လိုက်ရချိန်မှာတော့ မီနီစကပ်ဝတ်ထားတဲ့ သူ့ပေါင်သူပြန်ကြည့်လိုက်မိတယ်။ အယ်မာက ပေါင်တံရှည်ပြီးလှပပေမဲ့ အသက်အရွယ်ရလာပြီ ဖြစ်တာမလို့ အသားအရေခြောက်တာမျိုးကြုံရတယ်။ အထူးသဖြင့် သူ့ခြေထောက်တွေမှာပေါ့။

“စတော်ကင်အရှည်ဝတ်ရင်ကောင်းမလား။” အဲဒီအတွေးနဲ့ အတူတူ အယ်မာက အခန်းတံခါးကိုပြန်ဖွင့်ပြီး ဝင်တယ်။ သူ့နောက်မှာရှိနေတဲ့ ဒါလီယာကတော့ အယ်မာရဲ့ထူးခြားတဲ့ အပြုအမူကိုကြည့်ရင်း စဥ်းစားမရဖြစ်နေလေရဲ့။

“......”

ခဏနေတော့ အယ်မာက အနက်ရောင်စတော့ကင်အပြောင် ဝတ်ထားပြီးတော့ အခန်းထဲကနေပြန်ထွက်လာတယ်။ ပြီးတာနဲ့ စားပွဲမှာ အခန့်သားဝင်ထိုင်တော့တာပဲ။

“ကြက်ကြော်က စားလို့ကောင်းမယ့်ပုံပဲနော်၊ ခါတိုင်းလည်း အိမ်မှာချက်စားနေကြလား။”

အယ်မာက အလှပဆုံးဖြစ်အောင်ပြုံးထားရင်းနဲ့ လူကာကို မေးလိုက်တယ်။ လူကာက နည်းနည်းရှက်သွားတဲ့ပုံစံနဲ့

“ခါတိုင်းဆိုရင်တော့ အပြင်မှာဝယ်စားဖြစ်တယ်။ ဒါပေမဲ့ အရင်အိမ်ငှားတွေက ကိုယ်တိုင်ချက်စားနေတာမြင်တာနဲ့ ကိုယ့်ဘာသာချက်စားချင်စိတ်ဖြစ်လာတာ။ ဒါပေမဲ့ အများကြီးလုပ်ထားမိလို့ မိန်းကလေးတို့ကို အဖော်စပ်ရတာပါ။”

အယ်မာနဲ့လူကာတို့ စကားအပြန်အလှန်ပြောနေတုန်း ဒါလီယာကတော့ သူတို့ကို ဂရုမစိုက်တော့ဘဲ ကြက်ပေါင်ပူပူ တစ်ချောင်းကို လှမ်းဆွဲယူကာ ပါးစပ်ထဲပစ်ထည့်တယ်။ နောက်တော့ သူ့မျက်လုံးတွေက တောက်ပလာပြီးတော့ အရိုးပါမကျန်စဝါးတော့တာပဲ။ ချစ်စရာကောင်းပြီး အေးစက်တဲ့ မိန်းမငယ်လေးပုံစံက ချက်ချင်းပျောက်ကွယ် သွားပြီးတော့ ပါးစပ်မှာဆီတွေ တဝင်းဝင်းဖြစ်နေတဲ့အထိ စားသောက်နေတော့တာ။

“ကျွန်မ ဒါလီယာနဲ့အတူရှိနေတာ အတော်ကြာပြီ။ သူအခုလို ဖြစ်နေတာမျိုး တစ်ခါမှမမြင်ဖူးဘူး။ ရှင့်လက်ရာက တကယ်ကောင်းတယ်ထင်တယ်။”

အယ်မာက လူကာကို ချီးကျူးလိုက်ပြီးနောက် ကိုယ်တိုင် စားကြည့်ပါတယ်။ တကယ်လည်းသဘောတွေ့သွားပေမဲ့ ဟန်မပျက်သာ ပြုံးပြလိုက်တယ်။ ဒါလီယာနဲ့မတူတာက အယ်မာအနေနဲ့ ဦးလေးကြီးရှေ့မှာ ရင့်ကျက်တဲ့ မိန်းမလှဆိုတဲ့ အသွင်ပုံစံကို ထိန်းသိမ်းထားဖို့လိုတာကိုး။

“ဒါနဲ့ အခုထိ ရှင့်အမျိုးသမီးကို ကျွန်မ မတွေ့ဖူးသေးဘူး။ နိုင်ငံခြားမှာ အလုပ်သွားလုပ်နေတာတို့ဘာတို့တော့ မဟုတ်ပါဘူးနော်။”

“ပေါက်ကရ... ကျုပ်က လူပျိုကြီးပါ။”

“ဟုတ်လား၊ ကျွန်မလည်း အိမ်ထောင်မကျသေးဘူးလေ။”

လူကာက ရုတ်တရက်ချီးကျူးခံထားရတဲ့အတွက်ကြောင့် သူ့လေသံက ခပ်မြင့်မြင့်ဖြစ်နေတယ်။ အယ်မာကလည်း တိုက်ပွဲမှာရှုံးခဲ့တဲ့ကိစ္စကိုတောင်မေ့သွားပြီး ပျော်နေတဲ့ပုံ ရပါတယ်။ အပျိုကြီး လူပျိုကြီးနှစ်ယောက်သား အပြောအဆိုဖြောင့်ဖြူးနေတဲ့ အချိန်မှာတော့ ဒါလီယာက ကြက်ကြော်တုံးတွေ တစ်ခုပြီး တစ်ခုယူစားနေပြီး နောက်ဆုံးဘာမှမကျန်တော့ဘူးရယ်။

တီ.. တီ... တီ...

အဲဒီအချိန်မှာပဲ ဖုန်းဝင်လာတဲ့အတွက် သူတို့စကားစ ပြတ်သွားတယ်။ အယ်မာက ဖုန်းနံပါတ်ကိုမြင်ရတာနဲ့ အပြုံးပျောက်သွားပြီး လူကာကိုတောင်းပန်ပါ အိပ်ခန်းဆီ ပြန်လာခဲ့တယ်။ နောက်တော့ နှုတ်ခမ်းကိုဖိကိုက်ထားပြီး တစ်ဖက်က ပြောသမျှကို နားထောင်နေခဲ့တယ်။

တစ်ဖက်က ပြောစရာရှိတာမှန်သမျှ ပြောပြီးသွားပြီဆိုမှ အယ်မာက တိတ်ဆိတ်မှုကိုဖြိုခွင်းပြီး ပြန်ဖြေလိုက်တယ်။

“နားလည်ပါပြီ။ ဌာနချုပ်ကို အယူခံဝင်ဖို့အတွက် ကျွန်မ လာခဲ့ပါမယ်။”

...

“ဆေးရုံရောက်တော့မှာမလို့ အိပ်မပျော် သွားနဲ့ဦးနော်။ လုံးဝအိပ်ပျော်သွားလို့မဖြစ်ဘူး....”

သီရာက ငိုကြွေးနေခဲ့ပြီးတော့ ဒဏ်ရာတွေအပြည့်နဲ့ဖြစ်​နေတဲ့ နီကိုလပ်ရဲ့လက်ကို တင်းတင်းဆုပ်ကိုင်ထားတယ်။ လောလောဆယ် သူတို့တွေက အရေးပေါ်ကားတစ်စီးပေါ်မှာ ဖြစ်ပြီး သူကိုယ်တိုင်လည်း ဒဏ်ရာရထားခဲ့ပေမဲ့ သီရာက ဂရုမစိုက်ပါဘူး။ နီကိုလပ်ကလည်း သတိရှိနေသေးပေမဲ့ ကယောင်ကတမ်းဖြစ်နေပုံပေါ်ပြီး မျက်လုံးကိုဖွင့်ကြည့်ကာ သီရာရဲ့မျက်နှာဆီကို လက်လှမ်းလိုက်တယ်။

“ဘာပဲဖြစ်လာဖြစ်လာ အစ်မကိုကာကွယ်ပေးမှာမလို့ မငိုပါနဲ့တော့။”

...

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က။

ချက်သမ္မတနိုင်ငံ၊ ရိုမြူလက်ဘုရားကျောင်း ဌာနခွဲ တစ်နေရာ။

“မင်းလို အားနည်းတဲ့ကောင်က ဘုရားကျောင်းစစ်သည် တစ်ယောက်ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။”

ကလေးတွေကို လေ့ကျင့်ပေးနေတဲ့ ဘရာသာက မြေပြင်မှာ လဲကျနေတဲ့ နီကိုလပ်ကို အထင်သေးစွာနဲ့ ကြည့်လိုက်ပြီး မြေပြင်ပေါ်ကို တံထွေးထွေးချလိုက်တယ်။ သူက ဒီမှာရှိနေတဲ့ ကလေးတွေနဲ့အတူ ခြောက်လနီးပါး အခြေခံဓားရေးလေ့ကျင့်ပြီးပါပြီ။ ဒါပေမဲ့ အခြေခံဓား ပညာရပ်ကို ဆုပ်ကိုင်နိုင်ရမယ့်အစား နှေးကွေးလွန်းလှတဲ့ ဘရာသာရဲ့ဓားချက်တွေကိုတောင် မခုခံနိုင်ခဲ့ပါဘူး။ တခြားကလေးတွေ သူ့ကိုကြည့်ပြီး ရယ်မောလို့ပေါ့။

နေဝင်ချိန်ရောက်တော့ နီကိုလပ်က သူ့ရဲ့သစ်သားဓားကို ပိုက်ပြီးတော့ သူ့အခန်းသူပြန်လာခဲ့ပါတယ်။ ဒါပေမဲ့လမ်းမှာ ဖြတ်သွားဖြတ်လာရှိနေတဲ့ စစ်စတာတချို့က သူ့ကိုကြည့်ပြီး တီးတိုးပြောနေတာတွေ ကြားရတယ်။

“နင် အဲဒီဘရာသာလေးအကြောင်းသိပြီးပြီလား။”

“သစ္စာဖောက် ဖာသာပက်ထရစ်ရဲ့ညီမဟုတ်လား။ စုန်းမကို ဘုရားကျောင်းကနေထွက်ပြေးလို့ရအောင် ကူညီခဲ့လို့ သေဒဏ်အတူတူပေးခံရတဲ့တစ်ယောက်လေ။”

ချောက်....

နီကိုလပ်က အခန်းတံခါးကိုပိတ်လိုက်တယ်။ သူ့အခန်းက နှစ်ထပ်ကုတင်နှစ်လုံးရှိတဲ့အခန်းဖြစ်ပြီး တခြားကလေး သုံးယောက်က ကြိုရောက်နှင့်နေပြီး သူ့ကို မကောင်းကြံမယ့် ရုပ်တွေနဲ့ ဝိုင်းကြည့်နေကြပါတယ်။

“ကြွက်စုပ်တောင် ပြန်​ရောက်လာပြီပဲ။ ကောင်းကောင်း လေ့ကျင့်ခဲ့ရရဲ့လား။ မဟုတ်ဘူး၊ မင်းကို ကောင်းကောင်း အရိုက်ခံခဲ့ရရဲ့လားလို့ မေးရမှာ။”

ကလေးတွေထဲကတစ်ယောက်က ပြောလိုက်တော့ ကျန်တဲ့နှစ်ယောက်က ရယ်မောကြတယ်။

“မင်းအစ်ကိုက သစ္စာဖောက်သွားတဲ့ လေးသည်တော် တပ်မှူးမဟုတ်လား။ မင်းကျတော့ ဘာလို့အခြေခံ ဓားရေးတောင် မတတ်ရတာလဲ။ မင်းအမေက မသေခင် မင်းကို တခြားဖအေတစ်ယောက်နဲ့ရခဲ့တာများလား။”

နီကိုလပ်က အံ့ကိုတင်းတင်းကျိတ်ထားလိုက်ပါတယ်။ သူမကျေနပ်ပေမဲ့ ဘာမှမပြောနိုင်ခဲ့ဘူး။ အဲဒီအချိန်မှာပဲ တံခါးခေါက်သံ ထွက်လာခဲ့တယ်။

ဒေါက်... ဒေါက်... ဒေါက်...

တံခါးဖွင့်လိုက်တော့ ကြင်နာတတ်ပုံရတဲ့ စစ်စတာတစ်ယောက်ဖြစ်နေတာ တွေ့ရတယ်။ လက်ထဲမှာတော့ ဘီစကတ်အနည်းငယ်ပါလာတယ်။

“အနားက မုန့်ဆိုင်က ဒီနေ့ရောင်းကောင်းလို့ဆိုပြီး ကျန်နေ​သေးတဲ့မုန့်တွေကို ဘုရားကျောင်းကို လျှူလိုက်တာလေ။ ဖာသာကြီးက ကလေးတွေကို ပေးလိုက်ဆိုလို့ လာဝေတာ။”

စစ်စတာက မုန့်ထုတ်လေးထုတ်ကို ပေးလိုက်ပြီး ထွက်သွားတယ်။ ဒါပေမဲ့ သူတို့လေးယောက်ထဲက ခပ်ကြီးကြီးတစ်ယောက်က နီကိုလပ်ရဲ့ပေါင်ပေါ်မှာ ရှိနေတဲ့ မုန့်ကိုလှမ်းယူလိုက်ပြီး...

“ဟေ့၊ နီကိုလပ်က မင်းက နောက်ဆုံးမှအခန်းကို ပြန်ရောက်လာတဲ့သူဆိုတော့ စားဖို့မလိုလောက်ဘူး မဟုတ်လား။ ငါတို့ကိုပေးလိုက်။”

“မလုပ်ပါနဲ့ကွာ၊ ထမင်းစားဆောင်ပိတ်သွားလို့ ငါဘာမှမစားရသေးဘူး။”

“မင်းပြောတိုင်း ငါတို့ယုံရမှာလားကွ။”

နီကိုလပ်က အကြိမ်ကြိမ်တောင်းပန်ပေမဲ့ တခြားသော ကလေးတွေကတော့ သူ့မုန့်ထုတ်ကိုယူပြီး ဖောက်စားနေပြီ ဖြစ်ပြီးတော့ သူမတားဆီးလိုက်နိုင်ပါဘူး။

....

“ယောက်ျားတစ်ယောက်ဆိုတာ ဒူးမထောက် လက်မမြှောက်ဘဲ ကိုယ်ယုံကြည်ရာအတွက် တိုက်ပွဲဝင်နိုင်တဲ့ သတ္တိမျိုးရှိရတယ်ကွ။ ဒီလိုယုံကြည်ထားမှ တစ်နေ့ကျရင် မင်းရဲ့ကိုယ်ပိုင်တောင်ပံတွေကိုဖြန့်ပြီး ပျံသန်းနိုင်မှာ။”

အိပ်ချိန်ရောက်တော့ နီကိုလပ်က သူ့လိုမျိုးပဲအညိုရောင် ဆံပင်ရှည်တွေရှိပြီး ငွေရောင်လေးကိုကိုင်ထားတဲ့ လူငယ် တစ်ယောက်ကို မြင်ယောင်လာမိတယ်။ ပက်ထရစ်က နီကိုလပ်ထက် ရှစ်နှစ်လောက်ကြီးပြီး သူတို့မိဘမဲ့ ဖြစ်သွားတဲ့အချိန်ကတည်းက လမ်းတွေပေါ်မှာ သေမသွားစေဖို့အတွက် စောင့်ရှောက်ပေးခဲ့သူပါ။

ဘုရားကျောင်းက သူတို့ကိုခေါ်ယူ မွေးစားပြီးတဲ့နောက်မှာ လေးပညာပါရမီကိုပြသနိုင်ခဲ့ပြီး တပ်မှူးဖြစ်လာခဲ့တဲ့သူပေါ့။ ဒါပေမဲ့ စုန်းမအဖြစ်ကြေညာခံခဲ့ရတဲ့ လေးသူတော်စင်ကို ညမင်းသားနဲ့ခိုးရာလိုက်ပြေးနိုင်ဖို့ ကူညီခဲ့တဲ့အတွက် သေဒဏ်ချခံခဲ့ရတာ။

“ဘယ်တော့မှ ကိုကြီးလိုမျိုး ယုံကြည်ချက်အပြည့်နဲ့ ရပ်တည်နိုင်တဲ့အချိန်ရောက်လာမှာလဲ။”

...

“ကောင်လေးတွေ၊ သိပ်မကြာခင် ပြင်သစ်တောင်ပိုင်း ရှင်ဒိုမီနစ်သီလရှင်ကျောင်းက နှစ်တိုင်းလုပ်နေကျ ဌာနခွဲခြင်း ချိတ်ဆက်လေ့ကျင့်ရေးအစီအစဥ်အတွက် ငါတို့ဆီကိုလာပြီး ပညာဖလှယ်ကြလိမ့်မယ်။ သူတို့က သူတော်စင်အများဆုံး မွေးထုတ်ပေးထားတဲ့ကျောင်း ဖြစ်တဲ့အတွက်ကြောင့် တိုက်ရည်ခိုက်ရည်ကောင်းတယ် ဆိုပေမဲ့ အကောင်းဆုံးကြိုးစားကြ။”

သင်တန်းသားတွေကို လေ့ကျင့်ပေးရတဲ့ ဘရာသာက လေ့ကျင့်ကွင်းထဲမှာ ရှိနေတဲ့ ကလေးတွေအားလုံးကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်တယ်။ ကလေးတွေ အကုန်လုံးက တက်ကြွစွာနဲ့ ပြန်ဖြေလိုက်ကြတယ်။

“ဟုတ်ကဲ့၊ ဘရာသာအီဂို။”

ဘရာသာအီဂိုက အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်ပြီး နောက်ဆုံးမှာရပ်နေတဲ့ နီကိုလပ်ကို ကြည့်လိုက်ပါတယ်။

“ဒီစိန့်ဘာဘရာဌာနခွဲကို မင်းနာမည်မဖျက်ဖို့တော့ မျှော်လင့်ရတာပဲ။”

.....

“ရှင်ဒိုမီနစ်ကျောင်းက တစ်ယောက်တည်းကိုပဲ ငါတို့ဆီ လွှတ်လိုက်တာလား။ ပြီးတော့ လှလိုက်တာ။”

“မင်းတို့ မသိကြဘူးလား။ သူက စစ်စတာသီရာပဲ။ ဘဲလ်ဒါနတ်ဘုရားခန္ဓာကိုယ်ရှိတဲ့သူတဲ့။ သူတော်စင် ရွေးချယ်ပွဲမှာ သေချာပေါက်ပါခွင့်ရမယ့်သူပဲ။”

အဲဒီနေ့က ဘုရားကျောင်းထမင်းစားဆောင်ဆီကို ရှင်ဒိုမီနစ်ကျောင်းကဧည့်သည် ရောက်လာတဲ့အချိန် ရှိသမျှ ဘုရားကျောင်းအဖွဲ့ဝင်တွေအားလုံး လှုပ်လှုပ်ရွရွဖြစ်ကုန် ပါတယ်။ ဒါပေမဲ့ နီကိုလက်ကတော့ စိတ်ထဲဘယ်လိုမှ မနေဘူး။

ရောက်လာတဲ့ ပိန်ပါးပါးမိန်းကလေးကို တစ်ချက်ကြည့်ပြီး စားလက်စကိုကိစ္စဖြတ်ကာ လေ့ကျင့်ရေးကွင်းဆီကို သွားခဲ့တယ်။ ဒါပေမဲ့ သူတို့ဘရာသာက နောက်ကျနေခဲ့ပြီး ရောက်လာတော့ စစ်စတာသီရာနဲ့အတူတူပါ။

“အားလုံးပဲ၊ ဒါ​က ရှင်ဒိုမီနစ်သီလရှင်ကျောင်းကနေပြီး ငါတို့ဆီကို ခဏအလည်လာတဲ့ စစ်စတာသီရာပဲ။ သူက ငါတို့ဘုရားကျောင်းနဲ့ သိုင်းပညာချင်းဖလှယ်လိမ့်မယ်။”

နောက်တော့ အဲဒီဘရာသာအီဂိုအပါအဝင် တခြားသူတွေ အကုန်လုံး တစ်ယောက်ချင်းစီ စစ်စတာသီရာရှေ့မှာ မှောက်ကုန်တာကို နီကိုလပ်မြင်ရတော့တာပဲ။ နောက်တော့ နီကိုလပ်အလှည့်ရောက်လာတယ်။

ဘုန်း....

စစ်စတာသီရာရဲ့ပထမတိုက်ကွက် တစ်ခုကတည်းက နီကိုလပ် လဲကျသွားခဲ့ပေမဲ့ သူပြန်ထလာခဲ့ပါတယ်။ သူ့အနေနဲ့ အရှုံးပေးချင်စိတ် မရှိခဲ့ပါဘူး။ စစ်စတာသီရာက သူ့ကိုအကြိမ်တိုင်းအနိုင်ယူတယ် ဒါပေမဲ့ပြန်ထလာနေဆဲပဲ။ နောက်ဆုံးတော့ သူ့ကိုကြည့်နေတဲ့ ဘရာသာတွေပါ ငိုကြွေးပြီး လက်နက်ချဖို့အားပေးကုန်ကြတဲ့အထိပဲ။

“ညီလေးနီကိုလပ်... အရှုံးပေးလိုက်ပါတော့။ နောက် လေ့ကျင့်ရေးဆင်းရင် မင်းကိုထပ်မရိုက်တော့ပါဘူး။”

“နီကိုလပ်၊ မင်းဆီကနေ ငါတို့မုန့်တွေ လုမစားတော့ပါဘူးကွ။ ထပ်တော့ အရိုက်မခံပါနဲ့တော့။ အကုန်လုံးဖူးရောင်နေပြီ။”

နီကိုလပ်ရဲ့မျက်လုံးတစ်ဖက်က ဖူးရောင်နေပြီးတော့ တစ်ကိုယ်လုံး ညိုမည်းစွဲနေတယ်။ ဒါပေမဲ့ တုန်ယင်နေတဲ့ သူ့လက်ထဲမှာ သစ်သားဓားကိုကိုင်ထားတုန်းပဲ။

သီရာက သူ့ကို အံ့ဩနေတဲ့အကြည့်မျိုးနဲ့ကြည့်နေရင်းက ပြောလိုက်ပါတယ်။ “ရှင်အရှုံးမပေးချင်တာသိပေမဲ့ ကျေးဇူးပြုပြီး အရှုံးပေးလိုက်ပါတော့။ ဒီထပ်ပိုပြီး တိုက်ခိုက်နေရင် သေရလိမ့်မယ်။”

ဒါပေမဲ့ နီကိုလပ်က ငြင်းဆန်နေဆဲပဲ။ “ကျုပ်ကို တစ်ခါတည်း သတိလစ်သွားအောင် မတိုက်နိုင်သေးသမျှ ခင်ဗျားမနိုင်ဘူး။”

နီကိုလပ်ဆီက အဲဒီစကားကို ကြားပြီးတဲ့နောက် သီရာက တစ်ချက်ပြုံးလိုက်တယ်။ အဲဒီနောက်တော့ နီကိုလပ်ကို ဦးညွှတ်လိုက်ပြီး “နားလည်ပါပြီ၊ ဒါဆိုရင်လည်း ခွင့်ပြုပါ။”

သီရာက ယဥ်ကျေးစွာနဲ့ပဲပြောလိုက်ပြီး လက်ထဲက သစ်သားဓားကို အလင်းအလျင်နဲ့လှုပ်ရှားလိုက်တယ်။ နောက်တော့ နီကိုလပ်ရဲ့အမြင်က လုံးဝမှောင်ကျ သွားတော့တာပါပဲ။

နီကိုလပ်နိုးလာတဲ့အချိန်မှာတော့ ပထမဆုံးမြင်လိုက်ရတာ သီရာရဲ့မျက်နှာကိုပါ။

“နောက်ဆုံးတော့ မောင်လေးနိုးလာပြီပဲ။ အစက တအားရိုက်မိသွားပြီး တစ်ခုခုဖြစ်သွားပြီမှတ်နေတာ။”

သီရာရဲ့စိုးရိမ်နေတဲ့မျက်နှာကို မြင်လိုက်ရချိန်မှာတော့ နီကိုလပ်တစ်ချက် သူ့ကိုယ်သူခေါင်းမာမိတဲ့အတွက် မှားသလိုတောင် ခံစားမိလိုက်တယ်။ သူ့အတွက်ကြောင့်နဲ့ တစ်စုံတစ်ယောက်ကို စိတ်ပူစေခဲ့မိပြီမလို့လေ။

“ပြီးတော့ ဒီမှာ၊ နာလန်ထစလူနာတွေက အားရှိအောင် များများစားဖို့လိုတယ်ဆိုလို့။” နောက်တော့ သီရာက သူ့လက်ထဲကို သစ်သီးတွေအပြည့်ပါတဲ့ ခြင်းတောင်းကြီး တစ်တောင်းထည့်ပေးလိုက်တယ်။

“သီရာ... လေယာဥ်နောက်ကျတော့မယ်နော်။ အခုမသွားရင် မမီတော့ဘူး။” ခဏနေတော့ အပေါက်စိုးမယ့်ပုံပေါ်တဲ့ အသက်ခပ်ကြီးကြီး စစ်စတာတစ်ယောက်ရောက်လာပြီး သီရာကို သတိပေးတယ်။ နောက်တော့ သီရာလည်း သူ့ကိုပြုံးပြ နှုတ်ဆက်ပြီးတော့ အခန်းထဲကနေထွက်သွားခဲ့တယ်။

ပုံမှန်လူနာစောင့်ပြရုံလောက်ဆိုရင်တော့ နီကိုလပ် ဘာမှမထူးခြားသလို နေလိုက်မလို့ပါပဲ။ ဒါပေမဲ့ သူသက်သာလာပြီးနောက် ဘုရားကျောင်းကလူတွေ ဆီကနေပြီး သိလိုက်ရတာက...

“မင်းမသိဘူးလား၊ မင်းသုံးရက်လောက် သတိလစ်နေ ခဲ့တာလေ။ အဲဒါကို အဲဒီစစ်စတာက မင်းအနားကနေ မခွာဘဲနဲ့ လူနာစောင့်နေပေးခဲ့တာ။”

ဒီအကြောင်းသိရပြီးတဲ့နောက် သူ့ရင်ထဲမှာ တစ်ခုခုလှုပ်ရှား သွားသလိုမျိုး ခံစားရတယ်။ သီရာရဲ့အပြုံးတွေကို ထပ်မံ မြင်ယောင်လာပြီးနောက်မှာတော့ ကာကွယ်ပေးဖို့အတွက် ထိုက်တန်တဲ့အပြုံးတစ်ပွင့်လို့ သူခံစားလာရတယ်။

...

လအနည်းငယ် ကြာပြီးနောက်။

“ ဒါဆိုရင်တော့ သေချာသွားပြီပဲ။”

ဘာဘရာဌာနခွဲရဲ့ဌာနအုပ် ဖာသာရီဂူးလပ်က မြေပြင်မှာ လဲကျနေတဲ့ ဘရာသာအီဂိုကိုကြည့်လိုက်ပြီးတဲ့နောက်မှာ ကျိုးနေတဲ့ သစ်သားတုတ်ကိုကိုင်ထားတဲ့ နီကိုလပ်ကို ကြည့်လိုက်ပါပြီ။ ရီဂူးလပ်က နီကိုလပ်ရဲ့လည်ပင်းကို အဖြူရောင်သလင်းကျောက်ပါတဲ့ လည်ဆွဲ ဆွဲပေးလိုက်တော့ လည်ဆွဲက အဝါရောင်အလင်းတွေနဲ့ တောက်ပလာခဲ့တယ်။

ဖာသာရီဂူးလပ်က အဲဒီမြင်ကွင်းကိုကြည့်ရင်း ဝမ်းသာစွာနဲ့ ရယ်မောလိုက်ပြီး နီကိုလပ်ရဲ့ပခုံးကို ဆုပ်ကိုင်လိုက်တယ်။

“ဂုဏ်ယူပါတယ်ကောင်လေး၊ အလင်းနတ်ဘုရားဝိညာဥ် မင်းကိုယ်ထဲမှာ နိုးထလာခဲ့ပြီ။ မင်းအခု သူတော်စင်ရွေးပွဲ တက်ရတော့မယ်။”

ဒါကတော့ ထင်မှတ်မထားဘဲ ဖြစ်လာခဲ့တဲ့ ဘဝအချိုးအကွေ့တစ်ခုပေါ့လေ။

All Chapters