မိုးမြေအရှင်မ
Vol. 3 Ch. 153
“ဆယ်ဗီ၊ မင်းဘာလုပ်နေတာလဲ။”
နက်ဆန်က တဖြည်းဖြည်းနဲ့အနားကိုရောက်လာနေတဲ့ ဆယ်ဗီကိုကြည့်ပြီး ပြောလိုက်တယ်။ ဆယ်ဗီရဲ့ခန္ဓာကိုယ် ကနေပြီးတော့ စွမ်းအင်လှိုင်းတွေဖြာထွက်နေတာကို ခံစားမိပေမဲ့ အရိုင်းနတ်ဘုရားနဲ့ တိုက်ခိုက်နေရတဲ့အတွက် သေချာစဥ်းစားမိခြင်းမရှိခဲ့ပါဘူး။
နာတာရှာ၊ မော်လီ၊ အိုလီရာနာနဲ့ မိုနီကာတို့က နက်ဆန်ကို ကူညီပေးနေတယ်ဆိုပေမဲ့လည်း အရိုင်းနတ်ဘုရားလို နတ်ဘုရားတစ်ပါးကို ရင်ဆိုင်ဖို့အတွက်ဆိုတာက သိပ်ကို ကွာခြားချက်များနေသေးတယ်။
“သခင်၊ ကျေးဇူးပြုပြီး တိုက်ပွဲကိုပဲ အာရုံစိုက်ထားပါ။”
မော်လီက ချက်ချင်းပဲ သတိပေးလိုက်တယ်။ ဒီတော့မှ နက်ဆန်လည်းသတိဝင်လာပြီး သူ့ကိုထိမခါနီး အရိုင်း နတ်ဘုရားရဲ့လက်သီးကို ရှောင်လိုက်ပါတယ်။ လက်သီးက ရွှေရောင်အလင်းလွှာပေါ်ကျဆင်းသွားပြီး အလင်းလွှာ ချက်ချင်းပျက်စီးသွားတယ်။
အချိန်အကြာကြီးတောင့်ခါထားပြီးတဲ့နောက်မှာတော့ ရိုမန်ကက်သလစ်ဘုရားကျောင်းရဲ့သွေးခံတော်ခွက်လည်း မခံနိုင်တော့ပါဘူး။ အရိုင်းနတ်ဘုရားကြီးက မြို့ထဲကိုထပ် ခြေလှမ်းဖို့လုပ်ခဲ့ပေမဲ့ မြေကြီးထဲကနေ လူတစ်ဖက်စာ နီးပါးကြီးမားတဲ့ နွယ်လုံးကြီးတွေထွက်လာပြီး အရိုင်းနတ်ကို ထပ်မံရစ်ပတ်လိုက်ပြန်တယ်။
နောက်တော့ လေမုန်တိုင်းကြီးတစ်ခုကောင်းကင်ပေါ်က ကျဆင်းလာပြီး အရိုင်းနတ်ဘုရားကြီးရဲ့အာရုံကိုမြို့ကနေ တခြားရောက်သွားအောင်လို့ နာတာရှာက ကြိုးစားအာရုံ လွှဲချလိုက်တယ်။
“သခင်၊ အရိုင်းနတ်ဘုရားက တဖြည်းဖြည်းနဲ့ပိုပြီးတော့ စွမ်းအားကြီးလာနေတယ်။ ပြန်လွတ်လာပြီးတဲ့နောက် ကိုးကွယ်ယုံကြည်မှုစွမ်းအားတချို့ ပြန်ရရှိလာတဲ့ပုံပဲ။ သူ့စွမ်းအား အပြည့်ပြန်မရောက်ခင် နှိမ်နင်းမှဖြစ်မယ်။”
မော်လီက အကြောင်းအကြံပေးလိုက်တာဖြစ်ပေမဲ့ နောက်ထပ်တစ်ခါ မြေပြင်ကိုကြည့်လိုက်ချိန်မှာတော့ အရိုင်းနတ်ဘုရားကို လေနဲ့သစ်နွယ်တွေပေါင်းပြီး ချုပ်နှောင်ထားတဲ့ နေရာနားကို ဆယ်ဗီကချဥ်းကပ် လာနေတာကို သူမြင်လိုက်ရတယ်။
အဲဒီနောက်တော့ အရိုင်းနတ်ဘုရားကိုနှိမ်နင်းမယ့်ကိစ္စကို လစ်လျူရှုလိုက်ပြီး မြေပြင်နဲ့တိလုမတတ်နိမ့်ပျံသန်းကာ ဆယ်ဗီရှေ့မှာ ရပ်လိုက်တယ်။ သူ့အတောင်တွေကတော့ ခတ်နေဆဲဖြစ်ပြီး မြေပြင်နဲ့မထိတထိဝဲပျံလို့နေတာပေါ့။
“ဆယ်ဗီ၊ ဒီနေရာက မင်းလာသင့်တဲ့နေရာမဟုတ်ဘူး။ ဘေးကင်းတဲ့နေရာကို ကိုယ်ခေါ်သွားပေး....”
ဒါပေမဲ့ ဆယ်ဗီက နက်ဆန်ရဲ့စကားတွေကို နားထောင်တဲ့ ပုံမပေါ်ပါဘူး။ နီလာရောင်မျက်လုံးတွေက ခံစားချက် လွန်စွာကင်းမဲ့နေပြီးတော့ ညာလက်သီးကိုအသာဆုပ် လိုက်ပြီးတဲ့နောက် နက်ဆန်ရဲ့အရှိုက်ကို အားမပါ့တပါ လက်သီးချက်နဲ့ထိုးချလိုက်တယ်။
“ငါ့လမ်းမှာ လာမရှုပ်နဲ့၊ သေမျိုး။”
ဘုန်း....
နက်ဆန်တစ်ယောက် သူ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ အူတွေ အသည်းတွေအကုန်လုံး ပြောင်းပြန်လန်သွားသလိုမျိုး ခံစားလိုက်ရပြီး ဒူးထောက်ကျသွားတယ်။ သူ့မျက်လုံးက မျက်လုံးအိမ်တွေ နောက်ကိုလန်သွားပြီး မျက်ဖြူချက်ချင်း ဆိုက်သွားတယ်။
“သခင်....” နာတာရှာနဲ့ အိုလီရာနာတို့လည်း အဲဒီမြင်ကွင်းကို မြင်လိုက်ရတဲ့အတွက် အံ့ဩထိတ်လန့်ကုန်တော့တာပေါ့။ ဒါပေမဲ့ ဆယ်ဗီကတော့ ဂရုမစိုက်ဟန်နဲ့ အရိုင်းနတ်ကို ထိန်းချုပ်ထားတဲ့ လေမုန်တိုင်းရှေ့မှာ ရပ်လိုက်ပါတယ်။ နောက်တော့ သူ့ကျောနောက်မှာ ပုံရိပ်ယောင်တောင်ပံ တစ်စုံပေါ်လာတယ်။ သိမ်းငှက်တစ်ကောင်ရဲ့တောင်ပံနဲ့ ဆင်တူပြီးတော့ နက်ဆန်၊ နာတာရှာ အစရှိတဲ့ တောင်ပံရှိပြီး လူတွေနဲ့တောင်ပံနဲ့ယှဥ်ရင် ဒီတောင်ပံက အလွန်ကြီးမားပြီး ခန့်ညားလွန်းတယ်။
“မင်းတို့တွေလည်း အတူတူပဲ။ ဒီနေရာက ဖယ်လိုက်တော့၊ သူသူနဲ့စကားပြောချင်တယ်။”
ဆယ်ဗီက လက်ကိုမြှောက်လိုက်တယ်။ လှုပ်ရှားမှုတိုင်းမှာ လောကနိယာမတွေနောက်ကွယ်က ပါဝင်နေတယ်လို ထင်ရပြီးတော့ လက်တစ်ချက်ကိုဝေ့ယမ်းလိုက်တာနဲ့ ပိုမိုပြင်းထန်တဲ့တိုက်လေတွေက မုန်တိုင်းတိုက်လေနဲ့ ဆန့်ကျင်ဘက်အရပ်ကနေ တိုက်ခတ်လာပြီးတော့ နာတာရှာဖန်တီးထားတဲ့ မုန်တိုင်းဟာ ဘယ်တုန်းကမှ မရှိခဲ့သလိုမျိုး ပျောက်ကွယ်သွားတယ်။ နောက်ထပ် တစ်ကြိမ်ထပ်ပြီး လက်ကိုဝေ့ယမ်းလိုက်တဲ့အခါမှာတော့ တူညီတဲ့လေပြင်းတွေကပဲ အိုလီရာနာနဲ့သစ်နွယ်တွေကို ဖျက်ဆီးပစ်လိုက်ပါတယ်။
“မဖြစ်နိုင်တာ... အရိုင်းနတ်ဘုရားကို ထိန်းချုပ်ထားတဲ့ စွမ်းအားတွေကို တစ်ချက်တည်းနဲ့ ပယ်ဖျက်နိုင်တယ်လို့။”
မိုနီကာ၊ နာတာရှာနဲ့ အိုလီရာနာတို့က လူစုပြန်ဖွဲ့လိုက်ပြီး ဆယ်ဗီကို တအံ့တဩကြည့်နေပါတယ်။ တံစဥ်အဖြစ်က လူအဖြစ်ပြန်ပြောင်းထားပြီး နက်ဆန်ရဲ့အခြေအနေကို ကြည့်ရှုနေတဲ့ မော်လီကလည်း အခြေအနေကိုတစ်ချက် ကြည့်လိုက်ကာ လူတိုင်းကြားနိုင်လောက်တဲ့အသံနဲ့ ပြောလိုက်ပါပြီ။
“ သေချာတာတစ်ခုကတော့... အဲဒါက သာမန်နတ်ဘုရား မဟုတ်ဘူးဆိုတာပဲ။ ပြီးတော့ သူက အရိုင်းနတ်ဘုရားလိုပဲ အားနည်းတဲ့အခြေအနေမှာပဲ ရှိနေသေးတာ။ ဒါပေမဲ့ နိုးထလာချင်းချင်းမှာပဲ အရိုင်းနတ်ဘုရားထက် ပိုစွမ်းအားကြီးနေပြီ။”
နာတာရှာက မော်လီရဲ့စကားကြောင့် နှုတ်ခမ်းကိုဖိကိုက် ထားလိုက်ပါတယ်။ “နိုးထလာရုံနဲ့တင် ဒီလောက်စွမ်းအား ကြီးနေတာဆိုတော့ မဟာနတ်ဘုရားတွေထဲက တစ်ပါးလို့ ပြောချင်တာလား။”
“အေး၊ မဟာနတ်ဘုရားတွေက သူတို့ရဲ့သက်ဆိုင်ရာ ပါသီနွန်တွေထဲမှာ စွမ်းအားအကြီးဆုံး ဖြစ်တည်မှုတွေပဲ။ ကြည့်ရသလောက် ဆယ်ဗီက ပါသီနွန်တစ်ခုကိုအုပ်ချုပ်ရတဲ့ နတ်ဘုရင်တောင်ဖြစ်နေနိုင်တယ်။”
အဲဒီနောက်တော့ သူတို့တွေအားလုံး တိတ်ဆိတ်သွားတယ်။
...
အရိုင်းနတ်ဘုရားကြီးက သူ့ကိုဖိနှိပ်ထားတဲ့ စွမ်းအင်တွေ ပျောက်ကွယ်သွားပြီးတဲ့နောက် ပတ်ဝန်းကျင်ကိုသေချာ သတိထားပြီး ကြည့်လိုက်ပါတယ်။ အလွန်ကြောက်စရာ ကောင်းမွန်တဲ့ တည်ရှိမှုတစ်ခု ထွက်ပေါ်လာတာကို သူလည်း သတိထားမိတယ်လေ။
နောက်တော့ အရိုင်းနတ်ဘုရားကြီးက မြေပြင်ကိုငုံကြည့် လိုက်ပါပြီ။ သိမ်းငှက်တောင်ပံတွေနဲ့အရှင်မတစ်ပါးက မြေပြင်မှာ မားမားမတ်မတ်ရပ်နေပြီး သူ့ကိုယုံကြည်မှု အပြည့်နဲ့ ပြုံးပြနေတယ်။ နီလာရောင်မျက်လုံးတွေက လွန်စွာတောက်ပနေပြီး ဆံပင်တွေက တိုက်လေနဲ့အတူ မျောလွင့်နေကာ အလွန်ကိုမောက်မာတဲ့ ပုံစံမျိုးရှိတယ်။
နဂိုကတည်းက နာကျင်နေတဲ့အတွက် ဒေါသထွက်နေတဲ့ အရိုင်းနတ်ဘုရားကြီးဟာ သေချာစွာစဥ်းစားနိုင်စွမ်း မရှိခဲ့ပါဘူး။ သူနဲ့ဖက်ပြိုင်နိုင်တဲ့ တည်ရှိမှုတစ်ခုက အနားမှာပေါ်လာချိန်မှာတော့ အလိုလျောက်ပဲ ပြိုင်ဘက် တစ်ယောက်အဖြစ် ယူဆကာ တိုက်ခိုက်လိုက်ပါတော့တယ်။
“ဝူး.....” အရိုင်းနတ်ဘုရားကြီးက ဟိန်းဟောက်လိုက်ပြီး သူ့ညာခြေထောက်ကိုမြှောက်ကာ သူနဲ့ယှဥ်ရင်ဘာဘီရုပ် တစ်ရုပ်အရွယ်သာရှိတဲ့ ဆယ်ဗီကိုနင်းချေပြီး ဖျက်ဆီးဖို့ ကြိုးစားလိုက်ပါတယ်။
“ ပထမဆုံးမြို့ပြနိုင်ငံတွေခေတ်မှာ သမင်ပေါက်လေးအနေနဲ့ မွေးဖွားလာခဲ့တဲ့မင်းက ဒီထောင်စုနှစ်တွေမှာ အတော်ကို ထွားလာတာပဲ။ ဒါပေမဲ့.... ဒီအရှင်မကိုယှဥ်ဖို့တော့ လိုသေးတယ်။”
ဆယ်ဗီက နက်ဆန်ကိုလက်သီးနဲ့ထိုးတုန်းကလိုပဲ ညာဘက် လက်သီးကို အသာအယာဆုပ်လိုက်တယ်။ သူ့ပုံစံက အားကို အပြည့်တောင်သုံးနေတဲ့ပုံမပေါ်ဘူး။ သူအခုလိုလှုပ်ရှားတဲ့ အချိန်မှာ နဖူးပေါ်က သင်းကျစ်တဲ့၊ နားတောင်းတွေက ကျက်သရေရှိစွာ လှုပ်ရှားသွားခဲ့တယ်။
နောက်တော့ သူက လက်ကိုဆန့်ထုတ်လိုက်ပြီး အရိုင်းနတ်ရဲ့ ခြေဖဝါးကို တိုက်ရိုက်လက်သီးနဲ့ထိုးနှက်လိုက်တယ်။
ဘုန်း....
အရပ်ရှစ်မျက်နှာက မြေပြင်တွေ အက်ကွဲသွားပြီးနောက် အရိုင်းနတ်ဘုရားကြီးရဲ့ခြေထောက်က ကောင်းကင်ပေါ် ပြန်ပြန်တက်သွားတယ်။ နောက်တော့ အရိုင်းနတ်ဘုရားဟာ ဟန်ချက်မထိန်းနိုင်တော့ဘဲ နောက်ကိုယိုင်ကျသွားပြီးတော့ ဘုန်းဘုန်းလဲသွားပါတော့တယ်။
ဘုန်း....
ကြီးမားလှတဲ့ ခန္ဓာကိုယ်အတ္တဘောကြီး မြေပေါ်လဲကျပြီးတဲ့ နောက်မှာတော့ မီလန်တစ်မြို့လုံးတုန်ခါသွားပြီး မြို့ထဲက အိမ်ပြတင်းပေါက်တွေအကုန် ကွဲကုန်ပါတယ်။
“ကဲ... ကောင်လေး၊ ငြိမ်ငြိမ်လေးနေပေတော့။ ဒါမှ ဒီအရှင်မက နင့်ကိုယ်ထဲဆူးဝင်နေတဲ့ ဆူးကိုဆွဲထုတ်လို့ ရမှာ။”
ဆယ်ဗီက သူ့ရဲ့အတောင်ပံတွေကို ခတ်လိုက်ပြီးတော့ ကူရာမဲ့စွာလဲကျနေတဲ့ အရိုင်းနတ်ဘုရားကြီးရဲ့ရင်ဘတ်ပေါ် ပျံသန်းသွားလိုက်တယ်။ အရိုင်းနတ်ဘုရားကြီးရဲ့ရင်က အသက်ကို အမောတကောရှုနေရတဲ့အတွက် ပိန်လိုက် ဖောင်းလိုက်ဖြစ်နေပြီး အနိမ့်အမြင့်အတက်အကျများစွာနဲ့။ ဒါပေမဲ့ ဆယ်ဗီကတော့ အဲဒီပေါ်မှာသက်သောင့်သက်သာပဲ ရပ်နေနိုင်ပါတယ်။
“ဘာလဲ... မင်းက ငါအရှင်မကို အဲဒီလောက်တောင် ကြောက်နေတာလား။”
ဆယ်ဗီက သခင်အရိုးခေါင်းကြီးနောက်မှာရှိနေတဲ့ မျက်လုံးနီနီတွေကို ကြည့်လိုက်တယ်။ တခြားသူတွေဖို့ ဒီလမ်းမီးတိုင်လုံးလောက်ရှိတဲ့ မျက်လုံးကြီးတွေက ထိန်လန့်စရာကောင်းနေတယ်ဆိုပေမဲ့ ဆယ်ဗီအဖို့က ပြောင်းပြန်ပါ။ မျက်လုံးနီကြီးတွေက ကြောက်ရွံမှုကြောင့် အဆက်မပြတ်လှုပ်ခါနေပြီး ဆယ်ဗီရဲ့နီလာရောင် မျက်လုံးတွေနဲ့တောင် မျက်လုံးချင်းမဆုံရဲဘူး။
ဆယ်ဗီကတော့ အရိုင်းနတ်ဘုရားကြီးရင်ဝမှာစိုက်နေတဲ့ လူတစ်ရပ်စာလောက်မြင့်တဲ့ ငွေထည်လက်ဝါးကပ်တိုင်ရှေ့ ရပ်လိုက်ပြီးတော့ လက်တစ်ဖက်ကို လက်ဝါးကပ်တိုင်ပေါ် တင်လိုက်တယ်။
နောက်တော့ လက်ဝါးကပ်တိုင်ပေါ်မှာ အက်ကြောင်းတချို့ ပေါ်လာတယ်။
“ဟေး.... ငါဆွဲမထုတ်နိုင်ခင် အက်ကွဲသွားဖို့ မစဥ်းစားနဲ့။”
ဆယ်ဗီက နားလည်ရခက်တဲ့စကားကိုပြောလိုက်ပြီးတော့ လက်ဝါးကပ်တိုင်ကို လက်နှစ်ဖက်နဲ့ဆုပ်ကိုင်ကာ အသာလေး ဆွဲထုတ်လိုက်တယ်။ လက်ဝါးကပ်တိုင်က အရိုင်းနတ်ဘုရား ရင်ဘတ်ကနေ ကျွတ်သွားတယ်ဆိုတာနဲ့ အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားပြီး အစအနတောင်ရှာလို့မရတော့ပါဘူး။
နောက်တော့ အရိုင်းနတ်ဘုရားကြီးရဲ့အသက်ရှုသံတွေ တည်ငြိမ်သွားတယ်။ သူ့ရင်ဘတ်က ဒဏ်ရာကြီးကလည်း ဖြည်းဖြည်းချင်း ပြန်ကျက်လာနေပါတယ်။ နောက်တော့ အရိုင်းနတ်ဘုရားကြီးရဲ့မျက်လုံးတွေ မှိတ်ကျသွားလေရဲ့။
“ကောင်းတယ်... အခုက နင့်ဘာသာနင်နတ်ဘုံပြန်ပြီး နားနေဖို့အချိန်ရောက်ပြီ။”
ဆယ်ဗီရဲ့လေသံကလည်း လေးလံသွားတယ်။ သူ့မျက်လုံးတွေက မှေးကျလာပြီး အရိုင်းနတ်ဘုရားကြီးရဲ့ရင်ဘတ်ပေါ် လဲကျသွားတယ်။ နောက်တော့ အပြစ်ကင်းစင်တဲ့မိန်းမငယ်လေးလိုမျိုး အိပ်ပျော်သွားတော့တာပါပဲ။
အရိုင်းနတ်ဘုရားကြီးကတော့ မကြာခင်မှာပဲ အစိမ်းရောင် အလင်းမှုန်တွေအဖြစ်ပြောင်းလဲသွားပြီး အလင်းမှုန်တွေက မိုးကောင်းကင်ပေါ်ကို လွင့်စင်သွားပါတော့တယ်။
“ဒီပြဿနာက ဒီလိုပဲ ပြီးသွားခဲ့တာလား။” ဖြစ်စဥ်ကို အစအဆုံးကြည့်နေခဲ့တဲ့ နာတာရှာက စိတ်ရှုပ်ထွေးစွာနဲ့ ပြောလိုက်တယ်။
....
နောက်ထပ် မိနစ်အနည်းငယ်အကြာမှာတော့ ဆယ်ဗီရဲ့ ခန္ဓာကိုယ်က သူတို့ငှားထားတဲ့အိမ်ရဲ့ဧည့်ခန်းမွေ့ရာပေါ် ရောက်နေပါပြီ။ နက်ဆန်ကိုယ်တိုင်ကတော့ တစ်ကိုယ်လုံး ပက်တီးတွေအပြည့်နဲ့ဖြစ်နေပြီး ဝှီးချဲပေါ်မှာထိုင်နေရတယ်။
“လက်သီးတစ်ချက်တည်းနဲ့ အရှင့်ရဲ့နံရိုးသုံးချောင်းကို ချိုးပစ်နိုင်တဲ့အားက မသေးဘူး။ ဒါတောင်သူ့ပုံစံက အားစိုက်ထားပုံမရဘူး။”
ဝှီးချဲရဲ့နောက်မှာတော့ မော်လီကရပ်နေပြီး နက်ဆန်ကို လက်ရှိဒဏ်ရာအခြေအနေတွေအကြောင်း ပြောပြတယ်။ နက်ဆန်က အရိုင်းနတ်ဘုရားနဲ့ရင်ဆိုင်နေတုန်းကလည်း ဒဏ်ရာတချို့ရခဲ့ပေမဲ့ ဆယ်ဗီရဲ့လက်သီးချက်ကြောင့် ရသွားတဲ့ဒဏ်ရာက အားလုံးထဲမှာ အဆိုးဆုံးပါ။
“ဒီပုံစံအတိုင်းဆို နောက်ခြောက်လလောက်နေရင်တောင် လမ်းပြန်လျှောက်နိုင်ပါ့မလားပဲ။”
“......” နက်ဆန် ဘာပြောရမှန်းမသိတော့အတွက်ကြောင့် တိတ်တိတ်ပဲနေလိုက်တယ်။ နောက်တော့ သူ့အကြည့်က အခန်းရဲ့ဆန့်ကျက်ဘက်မှာရှိနေတဲ့ ဝှီးချဲပေါ်ကလူဆီကို ရောက်သွားတယ်။
“ခင်ဗျားရော ဘယ်လိုထင်လဲ စူပါရီရာဂျင်နရယ် အန်တိုနီ။ ဆယ်ဗီရဲ့နတ်ဘုရားပုံစံကို ခင်ဗျားသေချာမြင်လိုက်တယ် မဟုတ်လား။ သူဘယ်သူလည်း ခန့်မှန်းနိုင်မလား။”
အန်တိုနီကလည်း ဒီတိုက်ပွဲမှာတော်တော်လေး ဒဏ်ရာရခဲ့တယ်။ သူက မြို့ပြင်ထွက်မတိုက်ခဲ့ပေမဲ့ သွေးခံတော်ခွက်ကို အသက်သွင်းပြီး မြို့ကိုကာကွယ်ခဲ့တဲ့ သူဖြစ်တဲ့အတွက်ကြောင့် အထွတ်အမြတ်ရတနာရဲ့တန်ပြန်မှု အများဆုံးကို ခံစားခဲ့ရသူပါ။
“ကျုပ် လိုအပ်တာထက်ကို ရှင်းရှင်းလင်းလင်းမြင်ခဲ့ပါတယ် ညမင်းသား။” အန်တိုနီက ဆိုဖာပေါ်မှာရှိနေတဲ့ အိပ်မောကျ မင်းသမီးလေးကိုကြည့်ရင်း သက်ပြင်းချလိုက်တယ်။
“ နဖူးပေါ်က ကြေးသင်းကျစ်၊ ကြေးနားတောင်းတွေက မက်ဆိုပိုတေးမီးယားလက်ရာပဲ။ ပြီးတော့ အဲဒီသိမ်းငှက် တောင်ပံတွေက နတ်ဘုရားတွေထဲမှာတောင်မှ အတုမရှိ သလောက်ကိုရှားတယ်။”
အန်တိုနီက သက်ပြင်းချလိုက်တယ်။ နက်ဆန်ကတော့ အန်တိုနီရဲ့စကားတွေကြောင့် ပိုဆိုးစိတ်ဝင်စားလာတယ်။
“ဒါဆို ခင်ဗျားက သူဘယ်သူလဲ သိတယ်ပေါ့။”
အန်တိုနီက မငြင်းပါဘူး။ ဒါပေမဲ့ သူ့ကိုကြည့်ရတာ အဲဒီအဖြေကိုပြောဖို့အတွက် အတော်ကိုတွန့်ဆိုနေတဲ့ ပုံစံပါပဲ။
“ ပြောရမယ်ဆိုရင် သူထပ်ပြီးတော့ ပေါ်ထွက်လာမယ်လို့ကို မထင်ခဲ့တာ။ သူက ပထမဆုံးမြို့ပြနိုင်ငံတွေခေတ်မှာ သေဆုံးသွားခဲ့သင့်တဲ့သူပဲ။”
အန်တိုနီက ပထမဆုံးမြို့ပြနိုင်ငံတွေခေတ်ဆိုတဲ့ ဝေါဟာရကို ထပ်ပြီးသုံးလိုက်တယ်။ အဲဒီအသုံးအနှုန်းက တိုက်ပွဲထဲမှာ ရှိနေခဲ့တဲ့ မော်လီတို့လူစုကို လှုပ်လှုပ်ရှားရှားဖြစ်စေတယ်။ သူတို့လည်း အဲဒီဝေါဟာရကို ဆယ်ဗီဆီကနေ ကြားခဲ့လို့ပါ။
“ဝေ့ဝိုက်မနေဘဲ ကျုပ်ကို နာမည်တစ်ခုသာပေးစမ်းပါ၊ စူပါရီရာဂျင်နရယ် အန်တိုနီ။”
နက်ဆန်က ဖိအားပေးတဲ့အတွက် အန်တိုနီက သက်ပြင်း ချလိုက်ပြန်တယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ ပြောပြဖို့အတွက် ဆုံးဖြတ်ထားပုံပဲ။
“ဒီကလေးမက သေသွားသင့်ပြီဖြစ်တဲ့ ဆူမားရီးယန်း ပါသီနွန်က နတ်ဘုရားမပဲ။ အတိအကျဆိုရင်တော့ ကြီးမြတ်တဲ့ အန်းရဲ့သမီးတော်။ မိုးမြေသခင်မ၊ အချစ်နဲ့စစ်နတ်ဘုရားမ၊ လူသားတွေကို လူ့အဖွဲ့အစည်း တည်ထောင်ဖို့နည်းလမ်းပေးခဲ့သူ ဉာဏ်ပညာနတ်ဘုရားမ အက်ရှ်တာ ခေါ် အင်နာနာပဲ။”
ရှည်လျားလှတဲ့ ဘွဲ့နာမည်ကြောင့် နက်ဆန်ဟာ အာရုံစိုက်ဖို့ အတော်ကြိုးစားနေရတယ်။ မော်လီကတော့ အဲဒီနာမည်ကို ကြားရပြီးတဲ့နောက်မှာ ချက်ချင်းပဲ ထိတ်လန့်သွားခဲ့တယ်။
“ကမ္ဘာ့ရှေးအကျဆုံး ဒဏ္ဍာရီမှတ်တမ်းဖြစ်တဲ့ ဂေဂါမက် ဒဏ္ဍာရီမှာပါတဲ့ နတ်ဘုရားမလား။”
အန်တိုနီက ခေါင်းညိတ်လိုက်တယ်။ “မမှားဘူး၊ သူက လူသားတွေသိထားသမျှထဲမှာ ရှေးအကျဆုံးနတ်ဘုရားမ တစ်ပါးပဲ။ ဒါပေမဲ့ ငါပြောခဲ့သလိုပဲ သူက သေနှင့်ပြီးသား နတ်ဘုရားတစ်ပါးပဲ။”