← Chapters

အခန်း (၁၂၃၇-၁၂၄၂)

Vol. 81 Ch. 1237-1242

အခန်း (၁၂၃၇-၁၂၄၂)

Vol. 81 Ch. 1237-1242

အခန်း ၁၂၃၇ ကျေးဇူးပါ ကုနင်း

ထောင်ကျားယိ တက်သည့် ကျောင်းနာမည်နှင့် သူမအနိုင်ကျင့်ခံရသည့် နေရာတို့ကို သိသွားပြီးနောက် ကုနင်းတစ်ယောက် ကေ ကို ချက်ချင်းခေါ်လိုက်ကာ တစ်ချိန်ချိန် အသုံးဝင်လာနိုင်သော အနီးကပ်စောင့်ကြည့် ဗီဒီယိုတွေ ရိုက်ပေးရန် အကူအညီတောင်းလိုက်သည်။

ကုနင်း သည် မိန်းကလေး၏ မိသားစုနောက်ခံအခြေအနေတွေကို မသိသည့်အလျောက် သူမလက်ထဲ သက်သေရှိထားတာက ပိုကောင်းနိုင်သည်လေ။

ငါးမိနစ်ကြာပြီးနောက်တွင် ကေ သည် အနီးကပ်စောင့်ကြည့် ဗီဒီယိုများကို ကုနင်း ဆီ ပို့လိုက်လေသည်။

ထို့နောက် ထောင်ကျားယိ ၏ ဆရာမရောက်လာပြီး မိန်းကလေး၏ မိဘများ နောက်နေ့ ၉ နာရီတွင် ကျောင်းကို လာမည်ဆိုသည့်အကြောင်း ကုနင်း ကို ပြောလိုက်သည်။

ကုနင်း ကတော့ ကျေနပ်စွာဖြင့် ခေါင်းတငြိမ့်ငြိမ့် ရှိနေလေသည်။

အားလုံးပြီးသွားပြီးနောက် သူမသည် ဆရာမ ကျန်းချိုးဟွာ ကို-

“ဆရာမကျန်း.. အိမ်ပြန်လိုက်ပို့ပေးမယ်လေ” ဟု ပြောလိုက်သည်။

“ကျေးဇူးပါကွယ်”

သူမ၏ ခင်ပွန်းသည်မှာ အလုပ်ခရီးတစ်ခုသွားနေပြီး ထောင်ကျားယိ ကလည်း ဒဏ်ရာရထားသောကြောင့် ကုနင်း၏ အကူအညီကို လိုအပ်နေသည်လေ။

ကုနင်း က ပြုံးလိုက်ရင်း “ဘာမှ အပန်းမကြီးပါဘူး” ဟု ပြန်ပြောလိုက်သည်။

ထို့နောက်တွင်တော့ ကုနင်းတစ်ယောက် အန်းကွမ်းမင်ကို နှုတ်ဆက်စကားပြောပြီး ထွက်လာခဲ့တော့သည်။

ကျန်းချိုးဟွာကလည်း ကူညီပေးခဲ့တဲ့ အန်းကွမ်းမင်ကို ကျေးဇူးတင်စကားပြောနေလေသည်။

အပြင်ကို လမ်းလျှောက်ထွက်လာပြီးနောက် ကုနင်းတစ်ယောက် အန်းချင်ကို ထပ်ဖုန်းခေါ်လိုက်သည်။

ဒီလိုနှင့် အန်းချင်တစ်ယောက် အလုပ်ဆင်းဖို့ ၁၀ မိနစ်လိုသေးသော်လည်း စောဆင်းလိုက်ဖို့ ဆုံးဖြတ်လိုက်လေသည်။

ကုနင်း သည် ကျန်းချိုးဟွာ နှင့် သူမ၏ သမီးကို ကားထဲမှာ ခဏထိုင်စောင့်ခိုင်းလိုက်ရင်း -

“ဆရာမ ကျန်း .. ခဏစောင့်ပေးပါနော်.. သူငယ်ချင်းကိုလည်း တစ်ခါတည်း စောင့်ကြိုလိုက်ချင်လို့”

“ရပါတယ်ကွယ်”

ထိုအချိန်တွင် ကုနင်း သည် ကျန်းချိုးဟွာ ကို စွမ်းအင်သလင်းကျောက်တစ်လုံးကို ပေးလိုက်လေသည်။

“ဆရာမ ကျန်း ဒါက အစွမ်းထက်တဲ့ ဆေးလေးပါ.. ဆရာမရဲ့ သမီးကို ပြန်ကောင်းသွားဖို့ ဒါလေးက ကူညီပေးပါလိမ့်မယ်.. ဆေးက မခါးတာမို့လို့ ရေမပါပဲသောက်လို့ ရပါတယ်”

“ကျေးဇူးပါ ကုနင်း”

မယုံချင်စရာတော့ ကောင်းနေပေမယ့် သူမသည် ကုနင်း ကို ယုံကြည်ဖို့ ဆုံးဖြတ်လိုက်လေသည်။

ထောင်ကျားယိ ကလည်း ဆေးကို တွေဝေခြင်းမရှိ သောက်လိုက်လေသည်။ သုံးမိနစ်ခန့်အတွင်းမှာပင် သူမဝေဒနာများ သက်သာလာသဖြင့်

“အမေ.. သမီးခေါင်းကိုက်နေတာ ပျောက်သွားပြီ”

“ဟုတ်လား” ကျန်းချိုးဟွာ သည်လည်း အလွန်အံ့ဩနေလေသည်။

ထိုအချိန်တွင် အန်းချင် တစ်ယောက် ထွက်လာသည်။ ကုနင်း သည် သူမကို ကားပုံစံနှင့် နံပါတ်ကို ပြောထားသောကြောင့် အန်းချင် လည်း အလွယ်တကူရှာတွေ့သွားလေသည်။

သူမသည် ကုနင်းကို တွေ့တွေ့ချင်း “ဟေး ကုနင်း မတွေ့တာကြာပြီ” ဟု ပြောလိုက်သည်။

ကုနင်း ကလည်း-

“ငါလည်း အမျိုးသားကောလိပ်ဝင်ခွင့် စာမေးပွဲအတွက် ပြန်လာတာလေ.. ပြီးရင် အလုပ်ပြန်များတော့မှာ”

အန်းချင် သည် ခေါင်းကို ယမ်းလိုက်ကာ စိတ်ပျက်လက်ပျက်ကြည့်ရင်း “နင်ကတော့ ငါတွေ့ဖူးသမျှထဲမှာ အလုပ်အများဆုံး စီနီယာအထက်တန်းကျောင်းသူကြီးပါပဲ” ဟု ပြောလိုက်လေသည်။

ကုနင်း ကတော့ တဟားဟားဖြင့် ရယ်မောနေတော့သည်။

ထို့နောက်မှာတော့ အန်းချင် တစ်ယောက် ကုနင်း ကားထဲဝင်လိုက်ပြီး ကုနင်း ကလည်း သူမကို ကျန်းချိုးဟွာ နှင့် မိတ်ဆက်ပေးလိုက်သည်။

ကျန်းချိုးဟွာ သည် ကုနင်း ၏ အတန်းပိုင်ဆရာဖြစ်နေကြောင်း သိလိုက်ရသည့်အခါတွင်တော့ အန်းချင် သည် အလွန်အံ့ဩသွားလေသည်။ အန်းချင် မှာ သူမကျောင်းတက်နေစဉ်အခါက အတန်းပိုင်ဆရာမနှင့် ဝေးဝေးရှောင်ကာ နေခဲ့သူ ဖြစ်လေသည်။ သို့သော် ကုနင်း ကတော့ သူမ၏ အတန်းပိုင်ဆရာမနှင့် တရင်းတနှီးဖြစ်နေလေသည်။

ကုနင်းသည် သူမ၏ ဆယ်ကျော်သက်ဘဝနေခဲ့သော ပုံစံနှင့် အလွန်ကွာခြားသူဖြစ်လေသည်။

ထို့နောက် ကုနင်း သည် ကျန်းချိုးဟွာ နှင့် သူမသမီးတို့ကို တုံ့ဆိုင်းခြင်းမရှိ အိမ်ပြန်လိုက်ပို့လေသည်။

မကြာခင် ချူးဖေ့ဟန် နှင့် တခြားသူများလည်း ကျောင်းဆင်းလာကြပြီဖြစ်သည်။ သူတို့သည် WeChat group တွင် ပြောထားသော ကုနင်း၏ စာကို တွေ့ထားပြီး ဖြစ်သောကြောင့် ကုနင်း တစ်ယောက် နောက်ကျမည်မှန်း သိထားကြလေသည်။

ကုနင်း သည်လည်း သူတို့အတွက် သီးသန့်အခန်း ကြိုမှာထားပြီး ဖြစ်သောကြောင့် အရင်သွားနှင့်လိုက်ကြသည်။

အက်ဖ်မြို့ သည် သိပ်မကြီးသော မြို့လေးတစ်မြို့ဖြစ်သည့်အတွက် ကုနင်း သည်လည်း ကျန်းချိုးဟွာ ၏ အိမ်ကို တစ်နာရီခွဲခန့်အကြာတွင် ရောက်သွားလေသည်။

ကျန်းချိုးဟွာ ဆင်းသွားပြီးနောက် အန်းချင်က “ကုနင်း ရေ.. ငါ့ဘဝမှာ ဒီလောက်ထိ ကျောင်းသားနဲ့ အတန်းပိုင်ဆရာမကြား ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး မတွေ့ဖူးသေးဘူး.. ငါတကယ် အံ့ဩသွားတာ” ဟု ပြောလိုက်လေသည်။

ကျောင်းသားအများစုမှာ သူတို့အတန်းပိုင်ဆရာမကို ကြောက်ကြသည်ကလည်း ငြင်းဆန်မရနိုင်သော အမှန်တရားတစ်ခုဖြစ်နေသည်မဟုတ်ပါလား။

“ငါတော့ ဆရာမတွေကို မကြောက်ပါဘူး.. ဘာလို့လဲဆိုတော့ ငါက အတန်းထဲမှာ စာတော်တဲ့ ကျောင်းသူပဲလေ”

တကယ်လည်း ကုနင်း သည် အရေးကြီးပုဂ္ဂိုလ်များ အရေးပါသူများကို မကြောက်တတ်သူဖြစ်လေသည်။ သူမသည် ကျောင်းတွင် ထူးချွန်သူဖြစ်သလို စီးပွားရေးတွင်လည်း အောင်မြင်သော လုပ်ငန်းရှင်တစ်ယောက် ဖြစ်နေသူပင်။ ထို့ကြောင့်လည်း သူမကြောက်နေစရာသူ မရှိနေခြင်း ဖြစ်လေသည်။

“အင်း နင်ပြောတာမှန်ပါတယ်” အန်းချင် ကလည်း ထောက်ခံလိုက်လေသည်။ သူမကိုယ်တိုင်လည်း ကုနင်း တစ်ယောက်ဟာ မရေမတွက်နိုင်သော အောင်မြင်မှုများကို ပိုင်ဆိုင်ထားသူဖြစ်ကြောင်း သိနေသည်လေ။

ထိုစဉ် ကုနင်း သည် ရုတ်တရုတ်ဆိုသလို “အိုး.. ငါနင့်အဖေနဲ့ ဆေးရုံမှာ တွေ့ခဲ့တယ်.. နင်အခုတလော ကြည့်ရတာ အဆင်မပြေဖြစ်နေသလိုပဲတဲ့.. နင်ဘာတွေ ဖြစ်နေတာလဲ ပြောပါဦး” ဟု ပြောလိုက်သည်။

***

အခန်း ၁၂၃၈ စုအန်းယာ နှင့် ချူးဖေ့ဟန် တို့၏ ရန်ပွဲ

ကုနင်း သည် သူမသူငယ်ချင်းတွေအပေါ် ပွင့်လင်းတတ်သူဖြစ်လေသည်။

ကုနင်း မေးခွန်း‌ကြောင့် အန်းချင် ကတော့ စိတ်ညစ်ပုံပေါက်သွားကာ သက်ပြင်းတစ်ချက်ချလိုက်ရင်း..

“အင်း ဘာမှ အရေးတကြီးမဟုတ်ပါဘူး.. ဒီတိုင်း စိတ်ထဲ အဆင်ပြေမနေလို့ပါ.. ကျန်းယွီ ရဲ့ ကုမ္ပဏီက ဗီဒီယိုကြော်ငြာကို ပြီးဖို့လိုနေပြီလေ.. ဗီဒီယိုကို တည်းဖြတ်မယ့် အယ်ဒီတာကလည်း ကျန်းယွီ ကို လေးစားရှာပါတယ်.. ဒါပေမယ့် ကျန်းယွီကို နေ့တိုင်း အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး ဆင်ခြင်တွေပေးပြီး စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်နေတယ်လေ.. ငါလည်း ကြည့်ရတာ အဆင်မပြေတော့လို့ပါ”

“ပြီးတော့ သူက ငါ့ကို ကျန်းယွီရဲ့ ကောင်မလေးမှန်းသိတာတောင် ကျန်းယွီနဲ့ ဝေးဝေးနေဖို့ လာသတိပေးလိုက်သေးတယ်.. ဘယ်လိုတောင် မျက်နှာပြောင်တိုက်တာလဲ”

ဒီလောက်ဆိုရင်တော့ လဲ့ကျန်းယွီ ဟာ အန်းချင် ရဲ့ ကောင်လေးဖြစ်နေပြီဆိုတာ သိသာနေပါပြီ။

ကုနင်း သည် အန်းချင် တစ်ယောက် စိတ်ညစ်နေရတဲ့ အကြောင်းရင်းကို မအံ့ဩမိခဲ့ပေ။ သူတို့နှစ်ယောက်ကြား ဆက်ဆံရေး‌ပြဿနာကြောင့် ဒီလိုတွေ ဖြစ်လာတယ်ဆိုတာ သိနေသည်လေ။

တကယ်တော့ အယ်ဒီတာမလေး၏ အမှားကြောင့်လည်း ပါသည်ပင်။

ကုနင်း က “ငါသူ့ကို ချိန်းခြောက်ဆုံးမပေးလိုက်ရမလား.. လဲ့ကျန်းယွီ က နင့်ကောင်လေးပဲလေ”ဟု စလိုက်လေသည်။

သို့သော် အန်းချင် သည် တကယ်အတည်ယူကာ စိုက်ကြည့်လိုက်ရင်း “အကြံကောင်းပဲ.. ငါ့မှာစဉ်းစားထားတဲ့ အကြံရှိနေတာကြာပြီ.. ကျန်းယွီ ရဲ့ အလုပ်ကို ထိခိုက်မှာစိုးလို့သာ လက်လျှော့ထားခဲ့တာ” ဟု ပြောလိုက်သည်။

ကုနင်း သည် ဘာပြန်ပြောရမှန်းမသိဖြစ်နေရင်း-

“ကျန်းယွီ ရဲ့ အလုပ်ကို ထိခိုက်နိုင်တယ်ဆိုရင်လည်း မလုပ်တာကောင်းမယ်ထင်ပါတယ်”

ထိုအခါကျပြန်တော့လည်း အန်းချင် ခမျာ “ဟုတ်ပါတယ်လေ” ဟု ဆိုရင်း ပြန်ငိုင်သွားပြန်သဖြင့် ကုနင်း မှာ စိတ်မသက်မသာ ဖြစ်နေရလေသည်။

“ကျန်းယွီ က ငါ့အပေါ်သစ္စာရှိတာသိပါတယ်.. ဒါပေမယ့် ဟိုကောင်မလေးက အောက်တန်းကျတဲ့နည်းလမ်းတွေသုံးပြီး သူ့ကို ဆွဲဆောင်မှာကိုတော့ စိတ်ပူမိတယ်” အန်းချင် မှာ စိုးရိမ်တကြီးပြောလိုက်လေသည်။

ထိုကိစ္စမျိုးမှာ အရင်ကလည်း ဖြစ်ခဲ့ဖူးပြီး ဖြစ်လေသည်။ ထိုတုန်းကလည်း ကုနင်းသည် လဲ့ကျန်းယွီ ကို ကူညီပေးခဲ့သူဖြစ်သည်။ သို့သော် အန်းချင်သည် နောက်တစ်ခါထပ်ဖြစ်မှာကို ကြောက်နေခြင်းဖြစ်သည်။ အကယ်၍ ထပ်ဖြစ်ခဲ့ပါက သူမလည်း လက်သင့်မခံနိုင်တော့သည့် စိတ်နှင့် လဲ့ကျန်းယွီ နှင့် လမ်းခွဲလိုက်မည်ပင်။

ကုနင်း သည် ခေါင်းတစ်ချက်ညိတ်လိုက်ရင်း ဒီတစ်ခါလည်း အန်းချင် ကို ကူညီပေးဖို့ တွေးလိုက်လေသည်။

“အဲဒီကောင်မလေးအကြောင်း နည်းနည်းထပ်ပြောပြပါလား.. ငါလုပ်လို့ရနိုင်တာ ရှိမလားလို့”

အန်းချင် မှာ သူမအတွက် သူငယ်ချင်းကောင်း ဖြစ်သည့်အလျောက် ကုနင်း သည် သူမကို ကူညီပေးဖို့ တုံ့ဆိုင်းခြင်း ရှိမနေခဲ့ချေ။

“သူ့နာမည်က ကျူးရင်းရင်း တဲ့.. XXဖျော်ဖြေရေးကုမ္ပဏီရဲ့ ကြော်ငြာအယ်ဒီတာပေါ့”

“အင်း.. ငါသူနဲ့ ပတ်သက်ပြီး မကောင်းသတင်းတွေ ရှိနေဦးမလားဆိုတာ တစ်ချက်ရှာထားကြည့်လိုက်မယ်”

“ကျေးဇူးပါပဲ” ယခုမှပင် အန်းချင် တစ်ယောက်လည်း ပြုံးပျော်နိုင်တော့သည်။

ကုနင်း ကိုယ်တိုင်ကလည်း လိုလိုလားလား ကူညီချင်စိတ်ရှိသည့်အတွက် ဘာမှပြဿနာမရှိဘူးလို့ တွေးထင်ထားသည်ပင်။

ကုနင်း ကလည်း အန်းချင် တစ်ယောက်ပျော်ရွှင်သွားသည့်အတွက် ကျေနပ်နေလေသည်။

သူမသည် ကားမောင်းနေရသည်အတွက် ကေကို ဖုန်းမခေါ်လိုက်ရသောကြောင့် ဟိုတယ်ရောက်ပြီး ကားပါကင်ထိုးပြီမှပင် ခေါ်လိုက်လေသည်။

ကုနင်း နှင့် အန်းချင် တို့ သီးသန့်အခန်းဆီသွားနေစဉ်တွင် ချူးဖေ့ဟန်, ယွီမီရှီ, စုအန်းယာ, မုခယ်, ဟောက်ရန်, ချင်ကျီရွှမ်း, ကျန်းထျန်ပင်း, နှင့် အန်းယီ တို့ကလည်း သူတို့ကို စောင့်နေကြလေသည်။

“ဟိုင်း နင်းနင်း ငါ့ကို ဖက်ပါဦး!” ချူးဖေ့ဟန် သည် ကုနင်း ကို တွေ့လိုက်ရသည်နှင့် ပြေးထွက်ပြီး ပြောလိုက်လေသည်။

“ငါလည်း အဖက်ခံချင်တာပေါ့!” စုအန်းယာ ကလည်း မတ်တပ်ထရပ်ရင်း ပြောလိုက်သည်။

ယွီမီရှီ ကတော့ အနည်းငယ်ရှက်ရွံ့နေသည်ကြောင့် ဆက်သာစားသောက်နေလေသည်။

“ဟိုင်း ချင်ကျဲ,” အန်းယီ က အန်းချင် ကို လှမ်းခေါ်လိုက်သည်။

အန်းချင် က ပြုံးပြလိုက်ရင်း သူ့ဘေးနားတွင် ဝင်ထိုင်လိုက်သည်.. သူတို့မှာ အချင်းချင်း ရင်းနှီးကြပြီး ဖြစ်သောကြောင့် အထူးတလည် ယဉ်ကျေးပြစရာ မလိုတော့သည်လေ။

စုအန်းယာသည် ကုနင်း နှင့် ချူးဖေ့ဟန် တို့ကို ဆွဲညှပ်ပြီး ဖက်ထားသောကြောင့် ချူးဖေ့ဟန် သည် “စုအန်းယာ လွှတ်စမ်းပါ ငါအသက်ရှူကျပ်လာပြီ” ဟု ပြောလိုက်လေသည်။

စုအန်းယာ သည် လွှတ်ပေးလိုက်ရင်း “တကယ်ကြီးလား.. ငါက လူတိုင်းကို လိုက်မဖက်နေဘူးနော်.. ဒီလိုအခွင့်အရေးပေးတာတောင် ကျေးဇူးတင်ရဦးမယ်”

“အမလေး ဖြစ်မှဖြစ်ရလေ”

“ချူးဖေ့ဟန် နင့်ကိုယ်နင် အထင်စွတ်ကြီးမနေပါနဲ့.. ငါယောင်္ကျားလေးတွေကိုပဲ ကြိုက်တာပါလို့ ပြောထားဖူးတယ်မလား”

“ဘာ.. ဘာပြောတယ်”

စုအန်းယာတစ်ယောက် လိုက်စနေမှန်းသိသောကြောင့် အခန်းထဲမှ အခြားမိန်းကလေးများကလည်း ရယ်မောပွဲကျနေကြလေသည်။

ဟောက်ရန် နှင့် အခြားယောင်္ကျားလေးများကတော့ ရိုးနေပြီဖြစ်သောကြောင့် တည်တည်ငြိမ်ငြိမ်ပင် ရှိနေကြသည်။

“နင်ငါ့ကို အရင်လာဖက်တာနော်.. ငါဘာမှ မစွဲဆောင်နေဘူး” ချူးဖေ့ဟန် က ရန်တွေ့နေပြန်သည်။

“နင်းနင်း ငါ့ကို ကယ်ပါဦး!” စုအန်းယာ က ကုနင်း ကိုကြည့်ပြီး ပြောလိုက်သည်။

ချူးဖေ့ဟန် လည်း စိတ်လျှော့ကာထိုင်ချလိုက်ပြီး ထိုအခါမှ စုအန်းယာ ကလည်း ရန်တွေ့တာ ရပ်သွားလေသည်။

အားလုံးနေရာကျပြီး နောက်မှာတော့ ကုနင်း သည် “ဘာတွေမှာထားပြီးပြီလဲ” ဟု မေးလိုက်သည်။

***

အခန်း ၁၂၃၉ ကျူးရင်းရင်း နှင့် သူမသူဌေးတို့ဖောက်ပြန်ခြင်း

ချူးဖေ့ဟန် က “အင်း.. ငါတို့ ပင်လယ်စာတွေ အစုံမှာထားတယ်” ဟု ပြောလိုက်သည်။

“ကောင်းတယ်” ကုနင်း က ပြုံးရင်းပြောလိုက်သည်။

“နင်းနင်း နင်က အရမ်းသဘောကောင်းတာပဲ နင့်မှာ ပိုက်ဆံပေါတယ်ဆိုတယ်ဆိုတော့ ငါတို့ဒီည ဟိုတယ်ကောင်းကောင်းမှာ ညစာစားရင်ကောင်းမယ်” ချူးဖေ့ဟန် ကပြောလိုက်သည်။

ဟောက်ရန် ကလည်း “ဟုတ်တယ် ဟုတ်တယ်” ဟု ထောက်ခံလိုက်လေသည်။

ချင်ကျီရွှမ်းကတော့ တဟားဟား ရယ်မောနေလေသည်။

“…”

ကုနင်း က သက်ပြင်းချလိုက်ရင်း “ကောင်းပြီလေ နင့်သဘောပဲ ဒီည နင့်စိတ်တိုင်းကျ ဖြစ်စေရမယ်”

မကြာခင်မှာပဲ ပန်းကန်တွေဟာ စားပွဲပေါ်မှာ အစီအရီ နေရာယူလာပြီး ညစာစားသောက်ကြပါတော့သည်။

“ငါတို့ ဒီည ဘယ်မှာသွားပြီး ပျော်ပါးကြမလဲ” ဟောက်ရန် က ကောက်ကာငင်ကာ ထမေးလိုက်သည်။

ကုနင်း က “အမျိုးသားကောလိပ်ဝင်ခွင့်စာမေးပွဲက နီးနေပြီ စာကိုသာ အာရုံစိုက်စမ်းပါ” ဟု ပြောလိုက်သည်။

ဟောက်ရန် နှင့်အခြားသူများလည်း စိတ်ပျက်သွားကြလေသည်။

မုခယ်ကတော့ အထွန့်တက်နေသေးသည်။ “ငါတို့ ခွင့်ယူထားတယ်လေ”

ကုနင်း တစ်ယောက် မရှိတာကြာပြီဖြစ်သောကြောင့် လူစုံတက်စုံမပျော်ရတာလည်း ကြာပြီဖြစ်လေသည်။ အခုတော့ အားလုံးစုံနေကြပြီ ဖြစ်သောကြောင့် တစ်ညလုံးပျော်ပါးဖို့ စဉ်းစားထားကြသည်ပင်။

ကုနင်း သည် တွေဝေနေသော်လည်း သူတို့ကို နားလည်လေသည်။ သူတို့အားလုံး ခွင့်ယူထားကြသောကြောင့် တစ်ညလုံးလည်း အချိန်ရှိကြသည်လေ။

ကုနင်း က “နင်တို့ ဘယ်သွားချင်ကြလဲ” ဟု မေးလိုက်လေသည်။

စုအန်းယာ က “သီချင်းသွားဆိုရအောင်” ဟု အဆိုတင်သွင်းသည်။

“ရတယ်လေ” ကုနင်း ကလည်း သဘောတူလေသည်။

…

ကုနင်း တစ်ယောက် သူငယ်ချင်းတွေနှင့် ပင်လယ်စာတွေစားပြီး ပျော်ပါးနေချိန်တွင် ကျန်းဇယ် ကလည်း ကျောက်ဖူလင် ၏ မိသားစုအကြောင်းကို ကျောင်းနေဖက်တစ်ယောက်ကတစ်ဆင့် စုံစမ်းနေလေသည်။

ကျောက်ဖူလင် သည် ယွမ်သန်းပေါင်းများစွာ ပိုင်ဆိုင်ပြီး ချမ်းသာသော မိသားစုမှ ပေါက်ဖွားလာခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ကျောက်ဖူလင်မိသားစုသည် ကျန်းယန်နီ မိသားစုထက် အဆပေါင်းများစွာ ပိုချမ်းသာလေသည်။

ကျန်းယန်နီ မိသားစုမှာ ကျန်းဇယ် မိသားစုထက်ချမ်းသာပြီး ဖြစ်သော်လည်း ကျောက်ဖူလင် မိသားစုနှင့်ယှဉ်လျှင် ကျန်းဇယ်မိသားစုမှာ ပမွှားလောက်သာ ဖြစ်သည်ဟု ခံစားနေရလေသည်။

ကျောက်ဖူလင် မိသားစုသည် ထင်ထင်ရှားရှားနေလေ့မရှိပဲ ဒီဇိုင်နာဘရန်းတွေလည်း ဝတ်ဆင်လေ့မရှိကြပေ။ ထို့ကြောင့်လည်း သူတို့မိသားစုအကြောင်းကို လူသိပ်မသိကြခြင်း ဖြစ်သည်။

ကျန်းဇယ် သည် နောင်တကြီးစွာ ရနေလေသည်။ ကျန်းယန်နီအတွက်ကြောင့်နှင့် ကျောက်ဖူလင် ကို ငြင်းမိလိုက်ခြင်းအတွက်လည်း သူ့ကိုယ်သူ မယုံနိုင်အောင် ဖြစ်နေလေသည်။

ထို့အပြင် ကျန်းဇယ် ၏ ကျောင်းနေဖက်ကလည်း ကျောက်ဖူလင် မှာ ကိုယ်ကျင့်တရားကောင်းပြီး ကြင်နာတတ်သူတစ်ယောက်ဖြစ်ကြောင်း ပြောခဲ့သည် မဟုတ်ပါလား။

ကျန်းဇယ် သည် နောင်တကြီးစွာရနေပြီး ကျန်းယန်နီက သူ့ကို လှည့်ဖြားခြင်းကိုလည်း သဘောပေါက်သွားလေသည်။ ကျန်းယန်နီ သည် သူ့ကို ကျောက်ဖူလင်မှာ စိတ်ပုတ်သူဖြစ်ကြောင်း ဆင်းရဲချို့တဲ့ပြီး ရိုင်းပြသူဖြစ်ကြောင်း ပြောခဲ့သည်လေ။ အမှန်တရားနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်က လွဲလျှင်ပေါ့။

ကျန်းဇယ် သည် ကျန်းယန်နီ က သူ့အပေါ် အရူးတစ်ယောက်လို လှည့်စားခဲ့ခြင်းကိုလည်း ဒေါသထွက်နေလေသည်။

သူသည် လူညံ့တစ်ယောက် မဟုတ်သောကြောင့် ကျန်းယန်နီ ဘာကြောင့် သူ့အပေါ် ဒီလိုလုပ်ခဲ့ကြောင်းကို သိရှိသွားလေသည်။

သူသည် ကျန်းယန်နီ ကို ချက်ခြင်းပင် ရန်ပြေးတွေ့လိုက်ချင်သော်လည်း ထိန်းချုပ်လိုက်လေသည်။ ထို့နောက် ကျန်းယန်နီ ကို သွားမပြောခင် ကျောက်ဖူလင် ကို အရင်သိမ်းသွင်းမည်ဟု ဆုံးဖြတ်လိုက်လေသည်။ နောက်ဆုံးတွင်တော့ သူသည် နှစ်ယောက်လုံးကို လက်မလွှတ်နိုင်ပါချေ။

ကျန်းဇယ် သည် ကျောက်ဖူလင်ကိုဖုန်းခေါ်လိုက်ရင်း ဖုန်းကိုင်ရန် ဆုတောင်းနေသော်လည်း ကံမကောင်းစွာနှင့် ဖုန်းခေါ် ၍ မရနိုင်ခဲ့ပေ။

ဒီလိုနှင့် ကျန်းဇယ် လည်း မတတ်နိုင်တော့သည့် အဆုံး သူ့အတန်းဖော်၏ ဖုန်းကို ငှားလိုက်လေသည်။ ကျောက်ဖူလင်ကလည်း ကျန်းဇယ်ခေါ်မှန်းမသိသောကြောင့် ကိုင်လိုက်လေသည်။

“ဟိုင်း ဖူလင် ငါ ကျန်းဇယ် ပါ.. ငါနင့်ကို အရေးတကြီးပြောစရာရှိတယ်.. ခဏလောက်တွေ့လို့ရမလား.. ငါအချိန်အများကြီး မယူပါဘူးလို့ ကတိပေးပါတယ်” ကျန်းဇယ် ဟာ ရိုးသားစွာ ပြောလိုက်သည်။

ကျောက်ဖူလင် ကတော့ ဆန့်ကျင်ဘက်အနေနှင့် သူ့အသံကို ကြားပင်မကြားချင်သောကြောင့် “ငါနင်နဲ့ စကားပြောချင်စရာ အကြောင်းမရှိဘူး ငါ့ကို ဖုန်းမခေါ်နဲ့တော့!”

ထို့နောက်တွင်တော့ သူမသည် တွေဝေခြင်းမရှိပဲ ဖုန်းကို ချလိုက်လေသည်။ တကယ်တော့ ကျောက်ဖူလင် သည် ကျန်းဇယ် ကို အလွန်သဘောကျခဲ့သောကြောင့် ဝမ်းနည်းနေခြင်း ဖြစ်လေသည်။

ကျန်းဇယ် သည် ကျောက်ဖူလင် တစ်ယောက် သူ့ကို ဖုန်းချသွားသည့်အတွက် ဒေါသထွက်သွားလေသည်။ သို့သော် သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းချုပ်လိုက်ရင်း ကျောက်ဖူလင် ကို ဖုန်းထပ်ခေါ်လိုက်လေသည်။

ကျောက်ဖူလင် ကလည်း ကျန်းဇယ် ခေါ်နေမှန်းသိသည့်အတွက် ဖုန်းမကိုင်ပါချေ။

ဒီလိုနှင့် ကျန်းဇယ် တစ်ယောက် ထပ်ခါထပ်ခါ ခေါ်နေသည့်နောက်မှာတော့ ကျောက်ဖူလင် သည် ဖုန်းကို ပိတ်ချလိုက်လေသည်။

ကျန်းဇယ် သည် ကျောက်ဖူလင် က သူ့ကို ငြင်းဆန်နေသည့်အတွက် ဒေါသထွက်ကာ မယုံနိုင်အောင် ဖြစ်နေလေသည်။ ထို့နောက် ကျောက်ဖူလင်မှာ သူ့ကို ဖုန်းမကိုင်သည့်အတွက် စာသင်ခန်းအပြင်ကနေ သွားစောင့်နေဖို့ ဆုံးဖြတ်လိုက်လေသည်။

ကျန်းဇယ် သည် သူ့အနာဂတ်လှပနိုင်မည့် အခွင့်အရေး ဖြစ်သည့်အတွက် လက်မလျှော့နိုင်ပါချေ။

ကုနင်း ညစာစားပြီးခါနီးတွင် ကေဆီက ဖုန်းဝင်လာလေသည်။ ကေသည် မိန်းကလေးနှင့် ပတ်သက်၍ သူသိထားသမျှကို သူမဆီ အီးမေးလ်ပို့လိုက်လေသည်။

ထိုမိန်းကလေးသည် သူမသူဌေးနှင့် ဖောက်ပြန်ထားသူဖြစ်ပြီး သူမသူဌေးကလည်း အိမ်ထောင်ရှိသူဖြစ်လေသည်။

ထို့အပြင် ကေတစ်ယောက် ကျူးရင်းရင်း ၏ ကွန်ပြူတာထဲတွင် ဓာတ်ပုံများ၊ ဗီဒီယိုများကိုလည်း ရှာတွေ့ထားလေသည်။

ဓာတ်ပုံများမှာ ထင်ရှားပြတ်သားနေသောကြောင့် ကုနင်းသည် သူတို့မျက်နှာများကို မြင်နေရလေသည်။

ကျူးရင်းရင်း သည် သူဌေးနှင့် ဖောက်ပြန်ထားလျက်နှင့်ပင် လဲ့ကျန်းယွီကို ဘာလို့ နှောင့်ယှက်နေကြောင်းကို ကုနင်းတစ်ယောက် နားမလည်နိုင် ဖြစ်နေလေသည်။

သူမသူဌေးက ဂရုမစိုက်သောကြောင့် ဖြစ်နိုင်သလို ထိုဓာတ်ပုံများ၏ နောက်ကွယ်တွင် လျှို့ဝှက်ချက်တစ်စုံတစ်ရာလည်း ရှိနိုင်လေသည်။

ကုနင်း သည် ဓာတ်ပုံများကို အပေါ်ယံသာကြည့်လိုက်ပြီး ဗီဒီယိုများကိုတော့ မကြည့်လိုက်ပါချေ။ လူကြားတွင် လိင်ကိစ္စဗီဒီယိုများကြည့်ခြင်းသည် ရှက်စရာကောင်းသည် မဟုတ်ပါလား။

***

အခန်း ၁၂၄၀ ကုနင်း နှင့် ကုချင်းရှန် တို့ တွေ့ဆုံခြင်း

ကုနင်း သည်ဖုန်းကို ချထားလိုက်ရင်း ဆက်စားနေလိုက်သည်။

ညစာစားပြီးနောက်တွင်တော့ လမ်းလျှောက်ထွက်ကြလေသည်။

သူတို့ ခန်းမထဲလမ်းလျှောက်လာရင်း တိုက်ဆိုင်စွာပင် ကုနင်းသည် ကုချင်းရှန်ကို တွေ့လိုက်လေသည်။ ကုချင်းရှန်နှင့်အတူ အမျိုးသားသုံးယောက်ကိုလည်း တွေ့လိုက်လေသည်။

ကုနင်းက ကုချင်းရှန်ကို တွေ့လိုက်သည့်အချိန်တွင် ကုချင်းရှန်ကလည်း သူမကို သတိထားမိသွားလေသည်။ သူသည် မျက်နှာပူနေသောကြောင့် ဘာလုပ်ရမှန်းမသိဖြစ်နေလေသည်။

ကုနင်း ၏ မျက်လုံးထဲတွင် ကုချင်းရှန် သည် သူစိမ်းတစ်ယောက်မျှသာ ဖြစ်လေသည်။ သို့သော် သူ၏ အနေခက်နေသော မျက်နှာကို ကြည့်ရင်း သူ့ကို ခွင့်လွှတ်ချင်စိတ်ဖြစ်သွားလေသည်။

ကုချင်းရှန် ၏ ပုံစံကိုသတိထားမိသွားသော အမျိုးသားသုံးယောက်ကလည်း ကုနင်း ကို လှည့်ကြည့်လိုက်ကြသည်။

သူတို့ထဲမှ တစ်ယောက်ကတော့ ကုနင်း ကို သတိထားမိသွားပြီး အပြုံးတစ်ခုနှင့်အတူ လျှောက်လာလေသည်။

“ဟိုင်း မစ္စကု တိုက်ဆိုင်လိုက်တာ!” အမျိုးသားသည် ကုနင်း ကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်လေသည်။ “ကျွန်တော့်ကို မမှတ်မိဘူးထင်တယ်.. ကျွန်တော်တို့ စုမိသားစုပါတီမှာ တစ်ခါတွေ့ဖူးတယ်လေ”

ထိုအမျိုးသားသည် ကုနင်း ကို အလွန်ယဉ်ကျေးစွာ ပြောနေလေသည်။ နောက်ဆုံးတစ်ခေါက်က စုမိသားစုပါတီတွင် သူမ၏ အရည်အချင်းကို သိထားသည် မဟုတ်ပါလား။

“ကျွန်မရှင့်ကို မှတ်မိပါတယ် ဒါရိုက်တာထိုက် မလား” ကုနင်း သည် အပြုံးတစ်ခုနှင့် ပြန်ပြောလိုက်လေသည်။

ထိုစကားကိုကြားပြီးနောက် ဒါရိုက်တာထိုက်သည် ဝမ်းသာသွားရင်း “မစ္စကုက ကျွန်တော့်ကို မမေ့တာ ဂုဏ်ယူစရာပါပဲ” ဟု ပြောလိုက်သည်။

ထိုအချိန်တွင် စုအန်းယာ သည် “ဟိုင်း ဦးလေးထိုက်” ဟု လှမ်းခေါ်လိုက်လေသည်။ အမျိုးမကင်းသူများ မဟုတ်ပါလား။

“ဟိုင်း အန်းယာ တွေ့ရတာဝမ်းသာတယ်ကွာ.. သမီးကို မတွေ့လိုက်လို့ ဆောရီးနော်”

“ရပါတယ် ဦးလေး”

ဒါရိုက်တာထိုက် သည် “ညစာလာစားတာလား မစ္စကု.. စိတ်မရှိဘူးဆိုရင် ကျွန်တော်ရှင်းပေးလိုက်ပါရစေ” ဆိုပြီး ပြောလိုက်လေသည်။

သူသည် ကုနင်း ကို ကျေနပ်အောင် လုပ်နေခြင်းမဟုတ်ပဲ သူမနှင့် မိတ်ဆွေဖြစ်လိုသောကြောင့် အထင်ကြီးခံရအောင် ပြောနေခြင်းဖြစ်လေသည်။ ကုနင်း သည် အလွန်ထူးချွန်သော လုပ်ငန်းရှင်ဖြစ်သောကြောင့် သူမနှင့် ကောင်းမွန်သော ဆက်ဆံရေးရဖို့ အခွင့်အရေးကို လက်လွတ်မခံလိုခြင်းပင်။

စုအန်းယာ က “ရပါတယ် ဦးလေး… နင်းနင်း ရှင်းပါလိမ့်မယ်.. သူက သမီးတို့ကို ဒီနေ့အတွက် ဒကာခံမယ်လို့ ကတိပေးထားတယ်လေ” ဟု ဝင်ပြောလိုက်လေသည်။

ထိုစကားကို ကြားပြီး ဒါရိုက်တာထိုက် လည်း အံ့ဩသွားလေသည်။

ကုနင်း က ရယ်မောရင်း “ကျေးဇူးတင်ပါတယ် ဒါရိုက်တာထိုက် ကျွန်မငွေရှင်းပြီးသွားပါပြီ”

“ကောင်းပါပြီ နောက်များမှ ထပ်ဆုံတွေ့ကြတာပေါ့”

ကုနင်း နှင့် စုအန်းယာ တို့က ပြောထားပြီး ဖြစ်သောကြောင့် ဒါရိုက်တာထိုက် လည်း ဘာမှ မပြောသာတော့ပါချေ။

ထို့နောက် ကုနင်း သည် ကုချင်းရှန် ကို ကြည့်လိုက်ရင်း အေးစက်သော မျက်နှာထားဖြင့် “ဟိုင်း ဦးလေးချင်းရှန်” ဟု ခေါ်လိုက်လေသည်။

ဒါရိုက်တာထိုက် သည် ကုနင်း က ကုချင်းရှန် ကို ဦးလေးဟု ခေါ်လိုက်ခြင်းကြောင့် အံ့အားသင့်သွားလေသည်။

ချူးဖေ့ဟန်သည်လည်း ကုချင်းရှန်မှာ ကုနင်း၏ ဦးလေးမှန်းသိသော်လည်း ကုနင်း က နှုတ်ဆက်လိုက်ခြင်းကို အံ့ဩသွားလေသည်။ သူမသည် ကုနင်း မိသားစုအရေးများကို ကြားထားပြီး ဖြစ်သောကြောင့် ကုနင်းသည် သူမဦးလေးနှင့် မတည့်မှန်း သိထားပြီး ဖြစ်လေသည်။

ကုချင်းရှန်သည်လည်း ကုနင်းက သူ့ကို နှုတ်ဆက်လိုက်သည့်အတွက် အားလုံးထက်ပိုပြီး အံ့အားသင့်သွားလေသည်။

“အိုး ဟိုင်း နင်းနင်း မတွေ့တာကြာပြီ” သူသည် အနေခက်စွာဖြင့် ပြန်နှုတ်ဆက်လိုက်လေသည်။

သူသည် ကိစ္စများစွာ ကြုံတွေ့ရပြီးသည့်နောက်ပိုင်း ကုနင်း အပေါ် အပြုအမူ သဘောထားများ ပြောင်းလဲသွားပြီဖြစ်သည်။ အရင်က လုပ်ခဲ့သမျှအားလုံးဟာလည်း မကောင်းခဲ့မှန်း သိနေပြီဖြစ်လေသည်။ ထို့ကြောင့်လည်း ကုနင်းကို တွေ့ရခြင်းကို အားနာရှက်ရွံ့နေခြင်း ဖြစ်လေသည်။

“မစ္စကု.. မစ္စတာကုက မင်းရဲ့ ဦးလေးလား?” ဒါရိုက်တာထိုက် က မေးလိုက်သည်။

တကယ်တော့ သူဒီနေ့ ရောက်လာခြင်းသည် ဆောက်လုပ်ရေးပရောဂျက်တစ်ခုအတွက် ဆွေးနွေးရန် ကုချင်းရှန်က ညစာစားဖိတ်ထားသောကြောင့် ဖြစ်သည်။ အကယ်၍ ကုချင်းရှန် သည် ကုနင်း၏ ဦးလေးမှန်သည်ဆိုလျှင် သူ့အနေဖြင့် ကုချင်းရှန်ကို အခွင့်အရေးပေးရမည် ဖြစ်လေသည်။

“ဟုတ်ကဲ့ ကျွန်မအမေရဲ့ အစ်ကိုအရင်းပါ” ကုနင်း က ပြောလိုက်သည်။

“အိုး အဲဒီလိုလား”

“ဒါရိုက်တာထိုက်, ဦးလေးချင်းရှန် ကျွန်မသွားလိုက်ပါဦးမယ် နောက်မှတွေ့ပါမယ်” ကုနင်း က ပြောရင်းထွက်လာလိုက်လေသည်။

“နောက်မှတွေ့မယ်” ဒါရိုက်တာထိုက် နှင့် ကုချင်းရှန် ကလည်း ပြန်ပြောလိုက်လေသည်။

ထို့နောက်တွင် ကုနင်း သည် သူမသူငယ်ချင်းတွေနှင့်အတူ လမ်းလျှောက်နေလေသည်။

ကုနင်း ထွက်သွားသည့်အချိန်တွင် ဒါရိုက်တာထိုက် သည် ကုချင်းရှန် ကို “မစ္စတာကု .. ကျုပ်တို့ ဆောက်လုပ်ရေး ပရောဂျက်အကြောင်း သေချာလေးပြောကြတာပေါ့.. ကျုပ်တို့ အတူပူးပေါင်းကြတာပေါ့” ဟု ပြောလိုက်လေသည်။

ကုချင်းရှန်ကလည်း ဒါရိုက်တာထိုက်သည် ကုနင်းကြောင့် ထိုကဲ့သို့ ပြန်ကမ်းလှမ်းမှန်း နားလည်လိုက်လေသည်။

သူသည် ကုနင်းနှင့် ဆွေမျိုးနီးစပ်ဖြစ်နေပြီး ဒါရိုက်တာထိုက်သည်လည်း သူမှတစ်ဆင့် ကုနင်းနှင့် ရင်းနှီးလိုနေသည့်အတွက် အခြားဘာကိစ္စမှ မဖြစ်ပါက ထိုပရောဂျက်အဆင်ပြေမည် ဖြစ်ပေသည်။

ကုချင်းရှန်သည် စိတ်လှုပ်ရှားနေပြီး ကုနင်း ကိုလည်း ကျေးဇူးတင်နေလေသည်။ ကုနင်း သူ့ကို နှုတ်ဆက်လိုက်ခြင်းမှာ ဒါရိုက်တာထိုက်ကို သတိထားမိစေပြီး တစ်ခုခုအကျိုးရှိသွားစေချင်သောကြောင့် နှုတ်ဆက်ခြင်းဖြစ်သည်ကိုလည်း ခံစားမိလိုက်လေသည်။

တကယ်လည်း အမှန်ပင်ဖြစ်လေသည်။ ကုနင်းသည် အမုန်းတရားများကို စိတ်ကုန်နေပြီ ဖြစ်သည်။ သူမတွင် မိသားစုလည်း ရှိနေပြီဖြစ်ပြီး သူမအတွက် အရေးကြီးသော သူများအားလုံး အဆင်ပြေနေကြပြီ ဖြစ်သောကြောင့် ရန်သူများကို ခွင့်လွှတ်ပေးဖို့ အသင့်ဖြစ်နေပြီ ဖြစ်လေသည်။

ကုချင်းရှန်သည်လည်း ပြောင်းလဲနေပြီ ဖြစ်သည်။ ထို့ကြောင့် ဆက်ပြီး မုန်းနေစရာအကြောင်းလည်း မရှိတော့သည်ပင်။ ထို့အပြင် ကုချင်းရှန် မိသားစုသည်လည်း သူတို့လုပ်ခဲ့သော အပြစ်ကြွေးများကို ပေးဆပ်ခဲ့ပြီးပြီ မဟုတ်ပါလား။

ကုချင်းရှန်သည် သဘောထားကြီးစွာ ပြုံးလိုက်ရင်း “ဟုတ်တာပေါ့” ဆိုပြီး ပြန်ဖြေလိုက်လေသည်။ ထို့နောက် ဓာတ်လှေကားထဲဝင်လိုက်ကြလေသည်။

ထိုအချိန်တွင် ကုချင်းရှန်သည် ကုနင်းကို တစ်ချက်လှည့်ကြည့်လိုက်ရင်း စိတ်ခံစားချက်မျိုးစုံဖြစ်ပေါ်နေလေသည်။

***

အခန်း ၁၂၄၁ ကျူးရင်းရင်း ၏ သရုပ်မှန်

မကြာခင်တွင် ကုနင်း နှင့် သူငယ်ချင်းတသိုက် ဟိုတယ်မှ ထွက်လာကြလေသည်။

သူတို့ထဲတွင် သူမနှင့် ဟောက်ရန်တို့သာ ကားပါလာသောကြောင့် ကျန်သူငယ်ချင်းများကို ခွဲပြီး တင်လိုက်ကြသည်။ မိန်းကလေးများက ကုနင်းကားနှင့် လိုက်ပြီး ယောင်္ကျားလေးများက ဟောက်ရန် ကားနှင့် လိုက်ကြသည်။ ထို့နောက်တွင်တော့ ကေတီဗီဘားဆီ ဦးတည်လိုက်ကြလေသည်။

လမ်းတွင် ကုနင်းက အန်းချင်ကို “ဒီနေ့ ကျန်းယွီ အလုပ်များလား” ဟု မေးလိုက်သည်။

အန်းချင်က “ဟုတ်တယ်.. လဲ့ကျန်းယွီက အထွေထွေမန်နေဂျာဆိုတော့ အမြဲအလုပ်ရှုပ်နေတာလေ အထူးသဖြင့် ဒီရက်ပိုင်းတွေဆို ပိုရှုပ်တယ်”

ကုနင်းက “ကြော်ငြာဗီဒီယိုအတွက် တာဝန်ရှိတဲ့ သူတွေကို သွားတွေ့ရမှာလား” ဟု မေးလိုက်သည်။

အန်းချင်က ကုနင်း ဘာကို ဆိုလိုချင်လဲသိတာကြောင့် “မဟုတ်ပါဘူး” ဟု ပြန်ဖြေလိုက်လေသည်။

ထိုညတွင် သူတို့အားလုံးပျော်ပါးခဲ့ကြလေသည်။ သို့သော် နောက်နေ့တွင် အတန်းတက်စရာများ ရှိသောကြောင့် အရမ်းနောက်ကျအောင် မနေကြပဲ အိမ်ကို ည ၁၁ နာရီခန့်တွင် ပြန်ကြလေသည်။

ကုနင်းက အန်းချင်ကို သူမကားနှင့် လိုက်ပို့ပေးသည်။ သူမတို့နှစ်ယောက်တည်း ရှိသောအခါမှ ကုနင်း က အန်းချင် ကို “ငါ ကျူးရင်းရင်းရဲ့ သရုပ်မှန်ကို သိထားပြီးပြီ” ဟု ပြောလိုက်လေသည်။

ထိုစကားကိုကြားလိုက်ရသည့်အချိန်တွင် အန်းချင် တစ်ယောက်စိတ်လှုပ်ရှားသွားပြီး “ဘာတွေသိလိုက်ရလဲ” ဆိုတာ အလောတကြီး မေးလေတော့သည်။

ကုနင်း လည်း အသေးစိတ်တော့ သူကိုယ်တိုင်လည်း မသိထားသေးသောကြောင့် အန်းချင် ကို အကြမ်းဖျင်းပြောပြထားလိုက်သည်။

အန်းချင်သည်လည်း ကျူးရင်းရင်းဟာ သူဌေးနှင့် ဖောက်ပြန်နေသူဆိုတာ သိလိုက်ရပြီး မုန်းတီးနေလေတော့သည်။

ထို့နောက် အန်းချင် က “သူက သူဌေးနဲ့ ဖောက်ပြန်နေတယ်ဆိုလည်း ဘာလို့ ကျန်းယွီကို အလွတ်မပေးတာလဲ.. သူဌေးကရော အဲဒီလိုလုပ်ဖို့ ခွင့်ပြုတာလား” ဆိုပြီး စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။

“ငါထင်တာတော့ သူဌေးက ဂရုမစိုက်တာလည်း ဖြစ်နိုင်သလို ရည်ရွယ်ချက်တစ်ခုခုနဲ့ လုပ်တာလည်း ဖြစ်နိုင်တယ်.. ငါ ကျန်းယွီနဲ့ အရင်ဆုံး စကားပြောကြည့်မယ်” ဟု ကုနင်း က ပြောလိုက်သည်။

ကုနင်းသည် စိတ်လိုက်မာန်ပါ လုပ်တတ်သူမဟုတ်ပေ။ ထို့အပြင် သူမလက်ထဲ သက်သေလည်း ရှိထားပြီး ဖြစ်သည့်အတွက် ကျူးရင်းရင်းကိုလည်း ကြောက်စရာမလိုပေ။ သို့သော် ကျူးရင်းရင်းနှင့် ပတ်သက်ပြီး လဲ့ကျန်းယွီတစ်ယောက် တစ်ခုခုသိထားမလားဆိုသည်ကိုတော့ မသေမချာဖြစ်နေလေသည်။

အကယ်၍သာ လဲ့ကျန်းယွီကိုယ်တိုင်လည်း ကျူးရင်းရင်း သူ့ကိုဘာကြောင့် နှောင့်ယှက်နေတယ်ဆိုတာကို သိထားပြီး ရေလိုက်ငါးလိုက် နေနေသည်ဆိုပါက သူ့တွင်လည်း တစ်ခုခုအကြံရှိထားမည်မဟုတ်ပါလား။

ထိုအခါ ကျူးရင်းရင်း ကို သူ့ကိုအသိမပေးပဲ သွားတွေ့မိလျှင် လဲ့ကျန်းယွီ စီစဉ်ထားသမျှ သဲထဲရေသွန်ဖြစ်သွားနိုင်သည်။

အန်းချင် လည်း သူမအပြောကို သဘောတူလိုက်ပြီး “ဒါဆိုငါတို့ ကျန်းယွီကို အခုတွေ့သင့်လား” ဟု မေးလိုက်သည်။

“အင်း သူ့ကို အခုဖုန်းဆက်လိုက်”

“ဟုတ်ပြီ” အန်းချင် ကလည်း ဖုန်းကို ထုတ်ရင်း ပြောလိုက်သည်။

သို့သော် သူမ လဲ့ကျန်းယွီ ကို ဖုန်းခေါ်တော့မည့် ဆဲဆဲတွင် လဲ့ကျန်းယွီ က ဖုန်းခေါ်နေသောကြောင့် ချက်ချင်းကိုင်လိုက်ရင်း “ဟိုင်း ကျန်းယွီ အခုအားလား” ဟု မေးလိုက်လေသည်။

“အင်း အခုပဲ ဧည့်သည်ကို လိုက်ပို့နေတာ မင်းရော ဘာလုပ်နေလဲ.. အိမ်ပြန်ရောက်ပြီလား.. ကိုယ်လာကြိုရမလား”

သူသည်လည်း အန်းချင်တစ်ယောက် ကုနင်းနှင့် ထွက်သွားမှန်း သိထားပြီး ဖြစ်လေသည်။

“အခုမှ အိမ်ပြန်နေတုန်း အားတယ်ဆိုရင် အခုတွေ့ကြမလား ကုနင်းကလည်း ပြောစရာရှိလို့တဲ့”

“ရတယ်လေ မင်းအခုဘယ်မှာလဲ”

အန်းချင် က လှည့်ကြည့်လိုက်တဲ့အခါမှာတော့ ကုနင်းက “ငါတို့ နင့်အိမ်နားမှာ တွေ့ကြမယ်လေ” ဟု ပြောလိုက်လေသည်။ အန်းချင် ၏ အိမ်နားရောက်ခါနီးနေပြီ မဟုတ်ပါလား။

ထို့ကြောင့် အန်းချင်ကလည်း လဲ့ကျန်းယွီကို “အိမ်နားမှာ တွေ့ကြမယ်လေ” ဟု ပြောလိုက်လေသည်။

လဲ့ကျန်းယွီကလည်း “ရတယ်လေ" ဟု ပြန်ပြောလိုက်ရင်း အန်းချင် နေသောရပ်ကွက်နားကို ပို့ခိုင်းလိုက်လေသည်။ လဲ့ကျန်းယွီသည် အရက်သောက်ထားသောကြောင့် ကိုယ်တိုင်ကားမမောင်းနိုင်ခြင်း ဖြစ်ပေသည်။

ငါးမိနစ်ခန့်ကြာသောအခါ ကုနင်း နှင့် အန်းချင်တို့လည်း ချိန်းထားသော နေရာသို့ ရောက်သွားကြလေသည်။ လဲ့ကျန်းယွီသည်လည်း သုံးမိနစ်ခန့်အကြာတွင် ရောက်လာလေသည်။

ကုနင်းက အန်းချင်ကို လဲ့ကျန်းယွီအားဖုန်းဆက်ခေါ်ခိုင်းလိုက်ပြီး သူမကားဆီ လာခိုင်းလိုက်သည်။

လဲ့ကျန်းယွီလည်း မကြာမီမှာပင် ကုနင်း ကားကို ရှာတွေ့သွားပြီး ဝင်ထိုင်လိုက်လေသည်။

“ဟိုင်း မစ္စကု ဘာဖြစ်လို့လဲ” လဲ့ကျန်းယွီ သည် ကုနင်း ကို မေးလိုက်ရင်း ကားတံခါးကို ပိတ်လိုက်သည်။

“အင်း.. ပြောရရင်တော့ ကျူးရင်းရင်းဆိုတဲ့ မိန်းမက ရှင့်ကို နှောင့်ယှက်နေတယ်လို့ အန်းချင် ကပြောလို့ပဲ.. အဲဒါကြောင့် အန်းချင်ကို ကူညီပေးဖို့ လုပ်နေရင်းနဲ့ အဲဒီမိန်းမက သူဌေးနဲ့ ဖောက်ပြန်နေတယ်ဆိုတာ သိလိုက်ရတယ်.. ပုံသက်သေတွေလည်း အများကြီးရှိတယ်.. ထူးဆန်းတာက သူ့အငယ်အနှောင်းက နောက်ယောင်္ကျားတစ်ယောက်ကို ချဉ်းကပ်နေတယ်ဆိုတာကို သူဌေးက သိထားပြီး ခွင့်ပြုထားလားဆိုတာပဲ.. အဲဒါတစ်ခုခုတော့ မှားနေတယ်ထင်လို့ နင့်ကိုလည်း သတိထားဖို့ ပြောတာ”

လဲ့ကျန်းယွီ သည် အလွန်အံ့ဩသွားလေသည်။ သူသည် ကျူးရင်းရင်း တစ်ယောက် သူဌေးနှင့် ဖောက်ပြန်နေသည်ဟု လုံး၀မျှော်လင့်မထားခဲ့ပေ.. ထို့ကြောင့်လည်း စက်ဆုပ်ရွံရှာသွားမိလေသည်။

“ငါလည်း ကျူးရင်းရင်း နဲ့ပတ်သက်ပြီး ဘာမှတော့ ထူးထူးခြားခြား သတိမထားမိဘူး.. ဒါပေမယ့် ကုမ္ပဏီက ရုတ်တရတ်ကြီး ငါ့ကို တာဝန်ယူခိုင်းတာတော့ ထူးဆန်းနေတယ်.. တကယ်တော့ အဲဒါက မန်နေဂျာချန်ရဲ့ အလုပ်လေ.. ဒါပေမယ့် ငါ့ကို ဒါရိုက်တာက ဘာမှ ရေရေရာရာ အကြောင်းပြချက်မပေးပဲ လုပ်ခိုင်းခဲ့တာ.. ငါလည်း သူတို့တစ်ခုခု ကြံစည်နေတယ်လို့ ခံစားမိနေတယ်”

သူတို့အလုပ်သည်လည်း ပြဿနာများဖြစ်ခဲ့ဖူးပါသည်။ လဲ့ကျန်းယွီသည် ကုမ္ပဏီမန်နေဂျာဖြစ်သလို မန်နေဂျာချန် နှင့်လည်း ပဋိပက္ခများဖြစ်ခဲ့ဖူးသူဖြစ်သည်။ ကုမ္ပဏီတွင် မကြာခဏ ငြင်းခုံလေ့ရှိကြသူများပင်။

မန်နေဂျာချန်သည် ထို‌ကြော်ငြာအတွက် တာ၀န်ရှိသူဖြစ်လေသည်။ သို့သော် ဒါရိုက်တာက လဲ့ကျန်းယွီကို ရုတ်တရတ်တာ၀န်ပေးလိုက်သည်။ ထို့ကြောင့်လည်း ထူးဆန်းနေခြင်းဖြစ်သည်။ သို့သော် နောက်ကွယ်က အကြောင်းကိုလည်း မဖော်ထုတ်နိုင်သောကြောင့် အလုပ်ကိုသာ အာရုံစိုက်နေရခြင်းဖြစ်သည်။

ကုနင်း သည် တည်ငြိမ်သော မျက်နှာထားဖြင့် “ငါကတော့ ဒီပရောဂျက်နောက်ကွယ်မှာ တစ်ခုခုရှိတယ်လို့ထင်တယ်” ဟု ပြောလိုက်သည်။

***

အခန်း ၁၂၄၂ ကြံစည်ထားတာ သေချာတယ်

“ငါတို့ ဘယ်လိုလုပ်ကြမလဲ.. သူတို့က ဘာဖြစ်ချင်နေတာလဲ.. ကျန်းယွီ တစ်ခုခုဖြစ်လာနိုင်လားဟင်” အန်းချင် သည် စိုးရိမ်တကြီး မေးနေလေသည်။

“စိတ်အေးအေးထားပါ.. ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ပါတယ်.. ပြီးတော့ အမှန်တရားကိုလည်း ရအောင်ဖော်ထုတ်မှာပါ.. ကို့ကို စိတ်မပူနဲ့နော်”

“ဘယ်လိုလုပ်စိတ်မပူပဲ နေနိုင်မှာလဲ.. သူတို့ဘာတွေ ကြံစည်နေလဲ မသိဘူးလေ”

“ကျန်းယွီ နင် ဒါရိုက်တာနဲ့ ဆက်ဆံရေးက ဘယ်လိုရှိလဲ.. ပြီးတော့ မန်နေဂျာချန်နဲ့ ဒါရိုက်တာနဲ့ ဆက်ဆံရေးကရော ဘယ်လိုရှိလဲ” ကုနင်းက မေးလိုက်သည်။

မန်နေဂျာချန်နှင့် ဒါရိုက်တာတို့ ပူးပေါင်းပြီး လဲ့ကျန်းယွီ ကို အကောက်ကြံနေကြသည်ဟု ယူဆမိသည်လေ။

“ငါတို့အလုပ်မှာ အကုန်လုံးက ဟန်ဆောင်ကောင်းသူတွေချည်းပဲလေ။ ဘယ်သူမှ တခြားသူအကြောင်းကို သေချာမသိကြဘူး။ ငါတို့အလုပ်ကအားလုံးက အဆင်ပြေပြေရှိနေကြတယ်လို့သာ ထင်ရတာ။ တကယ်တော့ ငါလည်း မန်နေဂျာချန်နဲ့ သိပ်တည့်တာ မဟုတ်ဘူး” လဲ့ကျန်းယွီက ပြန်ဖြေလိုက်သည်။

“ဒါဆိုရင်တော့ ငါတို့သေချာစုံစမ်းဖို့လိုနေပြီ ကျန်းယွီ နင်အဆင်ပြေတယ်ဆိုရင် မန်နေဂျာချန်နဲ့ ဒါရိုက်တာတို့ အကြောင်း ပြောပြပါလား? ငါသူတို့ကြား ဆက်ဆံရေးကို တစ်ခုခုဖော်ထုတ်မိတာနဲ့ ဆက်သွယ်လိုက်မယ်။ တကယ်လို့ ကျူးရင်းရင်း ဖြစ်ဖြစ် သူဌေးဖြစ်ဖြစ် ပတ်သက်ဆက်နွယ်နေရင် သူတို့အကြောင်း ငါရထားတဲ့သက်သေတွေကိုပါ ပို့ပေးလိုက်မယ်” ဟု ကုနင်းက ပြောလိုက်လေသည်။

တကယ်တမ်းကျ လဲ့ကျန်းယွီတောင် တကယ့်နောက်ကွယ်က အဖြစ်မှန်တွေကို မသိသေးဟု ဆိုနေသောကြောင့် လွယ်လွယ်နှင့်တော့ ဖော်ထုတ်ရှာဖွေလို့ ရနိုင်မည် မဟုတ်ပါချေ။

သို့သော် လဲ့ကျန်းယွီကို အမှန်တကယ်သာ ချောက်ချနေကြသည်ဆိုပါက အမှန်တရားကို အမြန်ဆုံး ဖော်ထုတ်ရမည် မဟုတ်ပါလား။

“မင်းကူညီပေးရင်တော့ ပိုကောင်းတာပေါ့ဟာ ကျေးဇူးပါ မစ္စကု!” ကုနင်း ကို အားကိုးနိုင်တော့မည် ဖြစ်သောကြောင့် လဲ့ကျန်းယွီ လည်း အသက်ရှူချောင်သွားလေသည်။

ကုနင်းသည်လည်း ကျူးရင်းရင်း ၏ အရှုပ်ထုတ်များကို ရှာဖွေနိုင်ထားသည် ဖြစ်သောကြောင့် ဒါရိုက်တာနှင့် မန်နေဂျာချန်တို့ကြားမှ ဆက်ဆံရေးကို ဆက်လက်စုံစမ်းဖို့ အခက်ကြီးတော့ မဟုတ်တော့ပါချေ။

ထို့နောက်တွင် လဲ့ကျန်းယွီလည်း ကုနင်း မပြန်ခင် ထိုနှစ်ယောက်တို့၏ သိထားသင့်သော အချက်များကို ပြောပြလိုက်လေသည်။

ထိုကိစ္စမှာ အရေးကြီးကိစ္စဖြစ်နေသောကြောင့် ကုနင်း အိမ်ပြန်နေရင်း ကေကို ချက်ချင်းဖုန်းခေါ်လိုက်ကာ ထိုကိစ္စကို ဖြေရှင်းဖို့ အကူအညီတောင်းလိုက်လေသည်။ အမှန်တရားကို အတတ်နိုင်ဆုံး အမြန်ဖော်ထုတ်နိုင်ရန် ကုနင်းသည် ကေကို ဖြစ်ကြောင်းကုန်စင်ကို အတိုချုံးရှင်းပြလိုက်သည်။

ထိုသို့ဖြင့် ကုနင်းတစ်ယောက်လည်း သူမနေထိုင်ရာ ဖန်ဟွားအဆင့်မြင့်အိမ်ရာဆီသို့ မိနစ်အနည်းငယ်ကြာမှ ပြန်ရောက်လေတော့သည်။

ပြန်ရောက်သောအခါတွင်လည်း အိပ်ရာတန်းမဝင်နိုင်သေးပဲ ရေချိုးပြီး ခေါင်းခြောက်အောင် သုတ်လိုက်သေးပြန်သည်။ သို့သော် အိပ်မပျော်နိုင် ရှိနေလေသည်။ ကေထံမှ စုံစမ်းမှုရလဒ်ကို သိချင်နေသည် မဟုတ်ပါလား။

ပုံမှန်အားဖြင့် ကေသည် သူမစုံစမ်းခိုင်းသော အရာများကို နာရီပိုင်းအတွင်း စုံစမ်းနိုင်သူဖြစ်သည်။ စုံစမ်းခိုင်းသော အရာများမှာ ခက်ခဲခြင်းမရှိပါက မိနစ်ပိုင်းအတွင်းပင် စုံစမ်းပေးနိုင်သူဖြစ်သည်။

ထို့ကြောင့် သိပ်မကြာခင်တွင်ပဲ ကုနင်း ဆီ ကေထံမှ ဖုန်းဝင်လာပြီး သူမကို အီးမေးလ်ပို့လိုက်လေသည်။

ကုနင်း လည်း ချက်ချင်းပင် အီးမေးလ်ကို စစ်ပြီး လိုချင်သော အချက်များကို ရရှိသွားလေသည်။

ဒါရိုက်တာပါဝင်ပတ်သက်သည်မှာ အမှန်ပင်ဖြစ်သည်။

ကေသည် ဒါရိုက်တာ၏ အီးမေးလ်ဘောက်စ်တွင် အရေးကြီးအချက်များကို ရှာတွေ့ခဲ့သည်။ ထိုအချက်များတွင် ဒါရိုက်တာကို အခြားမြို့ရှိ ကုမ္ပဏီကြီးကို ရွှေ့ပြောင်းမည်ဖြစ်ပြီး Fမြို့ မှ ကုမ္ပဏီရှိ လွတ်သွားသော ဒါရိုက်တာနေရာကို လဲ့ကျန်းယွီ အား အစားထိုးခန့်ထားမည့် အကြောင်းအရာများ ပါဝင်လေသည်။

သို့သော် ဒါရိုက်တာမှာ ထိုအီးမေးလ်ကိုရရှိခဲ့သော်လည်း ကုမ္ပဏီမှ ထုတ်ပြန်ကြေညာခြင်းမလုပ်သေးသည့်အတွက် ထိုအကြောင်းကို မည်သူမှ မသိသေးပဲ ရှိနေခြင်းဖြစ်သည်။

ထိုကဲ့သို့ဖြစ်နေစဉ်တွင် မန်နေဂျာချန်တာဝန်ယူရမည့် ပရောဂျက်မှာ လဲ့ကျန်းယွီထံသို့ ရုတ်တရတ် ကျလာလေသည်။ တစ်ဖက်တွင်လည်း ဒါရိုက်တာသည် မန်နေဂျာချန်နှင့် ကျူးရင်းရင်းတို့ကို အဆက်အသွယ်မပြတ် လုပ်နေသည်။

ကုနင်းသည်လည်း ဒါရိုက်တာ၏ ရည်ရွယ်ချက်ကို အသေးစိတ်မသိသော်ငြား အမှန်တရားကို ဖော်ထုတ်ရန် သက်သေအလုံအလောက်ကိုတော့ စုမိနေပြီဖြစ်လေသည်။

ဒါရိုက်တာသည် မန်နေဂျာချန်နှင့် ပူးပေါင်းကာ ကျန်းယွီ ကို ချောက်ချနေခြင်း မှန်နေပါက လဲ့ကျန်းယွီသည်လည်း ဒါရိုက်တာရာထူးကို လွယ်လွယ်နှင့် တက်နိုင်တော့မည်မဟုတ်ချေ။ သူ့အစား မန်နေဂျာချန်က ရာထူးတိုးသွားနိုင်သည်။

ထို့ကြောင့် အချိန်ဆွဲမနေပဲ ကုနင်း လဲ့ကျန်းယွီကို ဖုန်းခေါ်လိုက်လေသည်။

လဲ့ကျန်းယွီသည်လည်း သူ့အပေါ် ဝိုင်းချောက်ချသည်ကို သိထားပြီဖြစ်သောကြောင့် အိပ်မပျော်နိုင် ရှိနေသည်။ ထို့ကြောင့် ကုနင်းဖုန်းခေါ်လိုက်သည့် အချိန်တွင် ချက်ချင်းကိုင်လိုက်လေသည်။

“ဟိုင်း မစ္စကု တစ်ခုခု သိထားပြီလား” အလျင်စလို မေးလိုက်သည်။

“အင်း.. ဝိုင်းချောက်ချနေတာတော့ သေချာတယ်.. ဒါကတော့ အံ့ဩစရာ မရှိတော့ပါဘူး။ နင့်ရဲ့ ဒါရိုက်တာက နောက်မြို့တစ်ခုက ကုမ္ပဏီကို ပြောင်းရပြီး သူ့နေရာကို နင့်ကို အစားထိုး ခန့်မယ်လို့ သူ့ဆီ အီးမေးလ်ဝင်ထားတယ်။ ဒါပေမယ့် တရားဝင်ထုတ်ပြန်တာ မလုပ်ရသေးတော့ ဒါရိုက်တာက မန်နေဂျာချန်နဲ့ပေါင်းပြီး နင့်ကို ချောက်ချနေတာ။ ပြောရရင် နင့်ကို ဒါရိုက်တာ မဖြစ်စေချင်တာပေါ့”

လဲ့ကျန်းယွီလည်း လွန်စွာအံ့ဩသွားလေသည်။ ဒါရိုက်တာက သူ့ကို သတင်းကောင်းအား မမျှဝေသည့်အပြင် မန်နေဂျာချန်နှင့်ပါ ပူးပေါင်းပြီး နောက်ကျောကို ဓားနှင့် ထိုးနေခြင်း မဟုတ်ပါလား။

ကုနင်း က “နင့်အီးမေးလ် ငါ့ကို ပို့ပေးလိုက်။ ငါရှာတွေ့ထားတာတွေ နင့်ဆီပြန်ပို့ပေးလိုက်မယ်။ နင်ဒီကြားထဲ အကူအညီလိုရင် ငါ့ကို ဆက်သွယ်လိုက်နော်။” ဟု ပြောလိုက်သည်။

သူမသည် လဲ့ကျန်းယွီထံသို့ လွှဲလိုက်ပြီ ဖြစ်သော်လည်း လိုအပ်လာလျှင်လည်း ကူညီဖို့ အဆင်သင့်ရှိနေလေသည်။

အကယ်၍ လဲ့ကျန်းယွီတစ်ယောက် နာမည်ကြီး ကုမ္ပဏီတွင် ဒါရိုက်တာ ဖြစ်လာမည်ဆိုပါက ဘယ်လိုကိစ္စကိုမဆို အဆင်ပြေပြေ ကိုင်တွယ်ဖြေရှင်းနိုင်တော့မည် မဟုတ်ပါလား။

ထိုသို့ဖြင့် ကုနင်းသည် ကေ၏ အကူအညီဖြင့် အရေးကြီးအချက်အလက်များကို လဲ့ကျန်းယွီ ထက်အရင် ကြိုသိထားနှင့်လေသည်။

All Chapters