← Chapters

အခန်း (၁၂၄၃-၁၂၄၈)

Vol. 81 Ch. 1243-1248

အခန်း (၁၂၄၃-၁၂၄၈)

Vol. 81 Ch. 1243-1248

အခန်း ၁၂၄၃ ချင်ကျန်း ၏ အကြောက်တရားနှင့် နောင်တ

ကုနင်းသည် လဲ့ကျန်းယွီတစ်ယောက် ထိုရက်ပိုင်းအတွင်းတော့ သူမအကူအညီမပါပဲ ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ထားလေသည်။

“ကျေးဇူးတင်ပါတယ် မစ္စကု။” လဲ့ကျန်းယွီ ကုနင်းကို စိတ်ရင်းဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။

“ရပါတယ်” ကုနင်းသည်လည်း လဲ့ကျန်းယွီကို အန်းချင် အတွက်နှင့် စိတ်ပါလက်ပါ ကူညီနေခြင်းပင်။

လဲ့ကျန်းယွီကလည်း ဒါကို နားလည်လေသည်။

လဲ့ကျန်းယွီနှင့် ဖုန်းပြောပြီးနောက် ကုနင်းလည်း မက်ဆေ့ချ်ကို ရရှိပြီး သူ့ အီးမေးလ်ကို ရထားသော အချက်အလက်များအား ပို့လိုက်လေသည်။

ကုနင်းထံမှ ကြိုသိထားပြီးဖြစ်သော်လည်း အီးမေးလ်ကိုဖတ်နေစဉ်တွင် လဲ့ကျန်းယွီ အလွန်ဒေါသထွက်လျက် ရှိနေလေသည်။

သူတို့၏ ရည်ရွယ်ချက်ကိုတော့ သိထားပြီးဖြစ်သောကြောင့် သူတို့ဆန္ဒအတိုင်း ဖြစ်လာအောင်တော့ အဖြစ်ခံတော့မည် မဟုတ်ပေ။ သူကိုယ်တိုင်လည်း လစာကောင်းကောင်းဖြင့် ရာထူးတိုးချင်သည်ပင်။ သို့သော် ထိုကဲ့သို့ ဖြစ်လာမည်ကိုတော့ တစ်ခါမှ မမျှော်လင့်ထားခဲ့တာ အသေအချာဖြစ်သည်။

တရားဝင်ထုတ်ပြန်ချက်မလုပ်သေးသော်လည်း အကယ်၍ သူ့အားချောက်ချခဲ့ပါက သူ့ဘက်ကလည်း ကြိုတင်ပြင်ဆင်ထားဖို့ လိုပေမည်။

ထို့နောက်တွင်တော့ လဲ့ကျန်းယွီသည် အန်းချင် အား ဖုန်းခေါ်လိုက်သည်။

ထိုအချိန်တွင် အန်းချင်သည်လည်း သူမ၏ တိုက်ခန်းတွင် လဲ့ကျန်းယွီအကြောင်းကို တွေးတောနေလေသည်။

ကုနင်းသည် လဲ့ကျန်းယွီကို ကူညီပေးနိုင်မှန်း သိထားပြီး ဖြစ်သော်လည်း စိုးရိမ်စိတ်ကတော့ လျော့မသွားပါချေ။

သူမလက်ထဲတွင် ဖုန်းကို တောက်လျှောက်ကိုင်ထားသောကြောင့် လဲ့ကျန်းယွီ ဖုန်းခေါ်ချိန်တွင် ချက်ချင်းပင်ကိုင်လိုက်လေသည်။ ထို့နောက် လဲ့ကျန်းယွီ ပြောပြသော အကြောင်းများကို ကြားပြီးသည့် နောက်တွင် သူ့ချစ်သူနောက်ကျောကို ဓားနှင့်ထိုးမည့် သူများအား လွန်စွာ ဒေါသထွက်မုန်းတီးသွားလေသည်။

ရာထူးတိုးသည့် ကိစ္စနှင့် ပတ်သတ်၍ တရားဝင်ထုတ်ပြန်ချက် မလုပ်ရသေးသောကြောင့် လဲ့ကျန်းယွီသည် အန်းချင်အား သူဒါရိုက်တာဖြစ်လာနိုင်သည့်အကြောင်းကိုတော့ ချန်လှပ်ထားလိုက်လေသည်။

…

နောက်တစ်နေ့တွင် ကုနင်းသည် စောစောထပြီး အပြေးလေ့ကျင့်နေသည်။

ကုနင်းအနေဖြင့် တိုက်ရည်ခိုက်ရည် တိုးတက်နေပြီဆိုသော်လည်း လေ့ကျင့်ခန်းကိုတော့ အဆက်မပြတ်နေဖို့ လိုသည်လေ။

အခုရက်ပိုင်း မကောင်းဆိုးဝါးများနှင့် သူမကြုံတွေ့နေရသောကြောင့် အနာဂတ်တွင် ကုနင်း မည်သည့်အရာများဖြစ်လာနိုင်သည်ကို မတွေးဆနိုင်ဖြစ်နေသည်။ ထို့ကြောင့်လည်း သူမအပေါ် ကျရောက်လာနိုင်သည့် အန္တရာယ်များကို ကာကွယ်နိုင်ရန် လေ့ကျင့်နေရခြင်း ဖြစ်ပေသည်။

မနက်ပိုင်း အပြေးလေ့ကျင့်ပြီးနောက် ကုနင်းလည်း အိမ်ပြန်ကာ ရေချိုးလိုက်သည်။ ထို့နောက် ကျောင်းဝတ်စုံဝတ်ပြီး ကျောင်းသွားလေသည်။

ကုနင်း ကျောင်းဝတ်စုံမဝတ်ဖြစ်တာ အတော်ကြာပြီဖြစ်သည်။ ထို့အပြင် သူမကိုယ်သူမလည်း အထက်တန်းကျောင်းသူသာရှိသေးသည်ကို မေ့လျော့နေလေသည်။

ထောင်ကျားယိ နှင့် ၉ နာရီတွင် တွေ့ရမည် ဖြစ်သောကြောင့် ကျောင်းကို ၈ နာရီကတည်းက ထွက်လာလိုက်သည်။

ကုနင်း ကျောင်းကို ကားဖြင့်သွားလိုက်သည်။ အရေးကြုံလျှင် လိုလာနိုင်သည် မဟုတ်ပါလား။

ကျောင်းတွင် ကားရှိသော ဆရာ ဆရာမ များစွာရှိသော်လည်း မကြာခဏ ငှားရမ်းပါက မသင့်တော်ဘူးဟု ကုနင်း တွေးသည်လေ။ ထို့အပြင် အရေးတကြီး ကိစ္စမဟုတ်ပါက မည်သူကမျှ မိမိကားကို တခြားသူဆီ ငှားချင်မည်မဟုတ်ပေ။

ကုနင်းသည် ကျောင်းကိုသွားသည့်လမ်းမှာပင် မနက်စာကို စားလိုက်သည်။

ကျောင်းမှာ ကားများဝင်ခွင့် မပြုသောကြောင့် ကျောင်းသားများသည် ကားယူလာပါက ကားကို အနီးအနားမှ ကားပါကင်များတွင်သာ ရပ်ကြရသည်။ ထို့ကြောင့် ကုနင်း သည်လည်း ကားကို နီးစပ်ရာ ကားပါကင်တစ်ခုတွင် ရပ်ထားလိုက်ပြီး ကျောင်းသို့ လမ်းလျှောက်သွားလိုက်သည်။

သူမကျောင်းထဲ ဝင်ဝင်ချင်းမှာပင် ကျောင်းသားများသည် သူမအား သတိထားမိကြလေသည်။

“ဘုရားရေ အဲဒါ ကုနင်း မလား”

“ဟုတ်တယ်”

“နောက်ဆုံးတော့ ကျောင်းလာတက်ပြီပေါ့”

“သူ့ကိုတွေ့ရတာ စိတ်လှုပ်ရှားလိုက်တာ”

“နာမည်ကြီး ကုနတ်ဘုရားမဆိုတာ သူပေါ့”

“ငါက သူ့ဖန်ဟ”

“…”

ကုနင်း ကို အံ့ဩတကြီး မှတ်ချက်ပေးကြပြီး ဓာတ်ပုံများပါ ရိုက်ကြလေသည်။

ကုနင်းကတော့ ဘေးဘီကို ဂရုမစိုက်ပဲ တစ်ယောက်တည်း လမ်းဆက်လျှောက်နေသည်။

တိုက်ဆိုင်စွာပင် ချင်ကျန်းသည် သူမနှင့် မလှမ်းမကမ်းတွင် သူ၏ သူငယ်ချင်းများဖြစ်သည့် ဖူမင်လျန် နှင့် ကျန်းယီမင် တို့နှင့်အတူ ရှိနေလေသည်။ သူတို့သည် ဆူညံသံများကြားသောကြောင့် ကုနင်းကို လှည့်ကြည့်လိုက်ကြသည်။

ချင်ကျန်းတစ်ယောက် ကုနင်းကိုတွေ့လိုက်ရသည့်အချိန်တွင် ကြက်သေသေသွားလေသည်။ သူသည် ကုနင်း၏ မျက်လုံးများကိုပင် ကြည့်ရမည်ကို ကြောက်နေသောကြောင့် ကျန်းယီမင် နှင့် ဖူမင်လျန် တို့ကို ဆွဲခေါ်ကာ အဝေးကိုလျှောက်သွားလိုက်လေသည်။

ကုနင်းကတော့ သူတို့ကို တွေ့လိုက်သော်လည်း စိတ်ထဲထားမနေပါချေ။

ကုရှောင်ရှောင်မှာ အပြင်းအထန် ဒဏ်ပေးခံခဲ့ရသော်လည်း ချင်ကျန်း ကတော့ အပြစ်ပေးမခံရချေ။ သို့သော် သူမသည် လုပ်စရာများ များပြားနေသောကြောင့် သူတို့အား ဂရုမစိုက်နိုင်အား ဖြစ်နေသည်။

ချင်ကျန်းသည်လည်း သူမကို ရှောင်နေသောကြောင့် သူမလည်း သူ့အတွက်နှင့် အချိန်ကုန်ခံမနေတော့ခြင်း ဖြစ်သည်။

အတော်ဝေးဝေးရောက်သွားသောအခါ ကျန်းယီမင်က “အပြောင်းအလဲတွေက တကယ်မြန်တာပဲ ကံကြမ္မာရဟတ် တစ်ပတ်လည်တယ်ဆိုသလိုပဲ သူလည်း နှစ်ဝက်လောက်နဲ့တင် ဘီလျံနာ ဖြစ်သွားတာနော် မယုံနိုင်စရာပဲ” ဟု ပြောလိုက်သည်။

“အွန်း သူ့ကို အရင်က အနိုင်ကျင့်ခဲ့တာကိုတော့ လက်တုံ့မပြန်လောက်ပါဘူးနော်,” ဖူမင်လျန် သည် ထိတ်လန့်စွာ ပြောလိုက်လေသည်။

သူတို့သည် အရင်က ကုနင်း ကိုမုန်းတီးပြီး အနိုင်ကျင့်ခဲ့ကြသူများဖြစ်သည်။ သို့သော် ယခုအခြေအနေနှင့် ဆိုလျှင်တော့ သူမကို သူတို့လည်း ရှိန်နေကြပြီး အထင်ကြီးနေကြပြီ ဖြစ်လေသည်။

“ငါကတော့ သူလက်တုံ့ပြန်မယ်မထင်ဘူး။ သူသာ အဲလိုလုပ်ချင်ရင် အစောကတည်းက လုပ်တာကြာပြီပေါ့” ကျန်းယီမင် ကပြောလိုက်သည်။

ချင်ကျန်းကတော့ ထိတ်လန့်စိတ်နှင့်အတူ နောင်တရစိတ်လည်း ရောပြွန်းနေလေသည်။

***

အခန်း ၁၂၄၄ လျစ်လျူရှု၍ မရနိုင်သော

ချင်ကျန်းသည် ယခင်က ကုနင်းအပေါ် အနိုင်ကျင့်မိခဲ့သည်ကို နောင်တရမိနေလေသည်။ ယခုအခါ ကုနင်းသည် အလွန်အောင်မြင်နေပြီဖြစ်ရာ သူမသာ လက်တုံ့ပြန်ချင်သည်ဆိုပါက အလွယ်လေးဖြစ်မည်မှာ အမှန်ပင်။ ထို့အပြင် သူသာ ကုနင်း ကို ထိုသို့ မလုပ်ခဲ့ဘူးဆိုပါက ယခုအချိန်ဆိုလျှင် သူလည်း ချမ်းသာနေလောက်ပြီ ဖြစ်သည်။

ယခုအခါ ကုနင်း သူ့အပေါ် မည်ကဲ့သို့ သဘောထားသည်ကို မသိသော်ငြားလည်း အတိတ်ကိုတော့ ပြောင်းလဲ၍ ရနိုင်တော့မည် မဟုတ်ပေ။

ယခင်က ကုနင်း၏ပုံစံမှာ ဆွဲဆောင်မှုလည်း မရှိသောကြောင့် သူမနှင့် မပေါင်းချင်တာလည်း ပါခဲ့ပေသည်။

ချင်ကျန်းသည် သူ့အတွေးများကို ရပ်တန့်ပစ်လိုက်ရသည်။ သူဆက်တွေးနေလေ ပိုခံစားရလေ ဖြစ်နေသည် မဟုတ်လား။

…

ကုနင်းသည်လည်း သူမအတန်းထဲသို့ သွားရာလမ်းတစ်လျှောက် ချီးကျူးသံများ အထင်ကြီးလေးစားခံရမှုများကို ရရှိနေလေသည်။ သူမသည် ကျောင်း၏ စူပါစတားတစ်ယောက် ဖြစ်နေပြီပင်။

ယခင်က ကုနင်းသည် နာမည်မကြီးခဲ့သော်ငြား ယခုဆိုလျှင် အလွန်ကို ကျော်ကြားနေပြီ ဖြစ်သည်။ သူမသည် စာတော်သော ကျောင်းသူတစ်ယောက် ဖြစ်ရုံသာမက အသက်ပေါင်းများစွာကိုလည်း ကယ်တင်ခဲ့သူဖြစ်သည်။ ထို့အပြင် ယခုဆိုလျှင် ငယ်ငယ်ရွယ်ရွယ်နှင့် အောင်မြင်သော စီးပွားရေး လုပ်ငန်းရှင်ပင် ဖြစ်နေပြီဖြစ်ကာ လုပ်ငန်းပေါင်းများစွာကိုလည်း ပိုင်ဆိုင်နေရပြီ ဖြစ်လေသည်။

ယခင်က မည်မျှပင် ပင်ပန်းဒုက္ခရောက်ခဲ့စေကာမူ ယခုဆိုလျှင်တော့ မည်သည့်အရာကိုမဆို အေးအေးဆေးဆေး ကိုင်တွယ်ဖြေရှင်းနိုင်ပြီ ဖြစ်ပြီး အောင်မြင်မှုဆီသို့ ခြေလှမ်းနေပြီ ဖြစ်သည်။

ကျောင်းသူကျောင်းသားများက ကုနင်း နှင့် ဓာတ်ပုံရိုက်နေစဉ်တွင် မိန်းကလေးတစ်ယောက်အသံက ပေါ်ထွက်လာလေသည်။

“မယုံနိုင်စရာပဲ ကုနင်းရေ.. နင်ကတော့ လျစ်လျူရှုထားလို့ မရနိုင်လောက်အောင်ကို တောက်ပနေတော့တာပဲ”

ထိုအသံမှာ ချူးဖေ့ဟန်၏ အသံဖြစ်ပြီး ကုနင်း ကလည်း ကြားကြားချင်းပင် သူမမှန်း သိလိုက်လေသည်။

အခြားသူများကတော့ ရုတ်တရတ် ချူးဖေ့ဟန် မှန်းသတိမထားမိကြသော်လည်း သူမကို မြင်သောအခါတွင်တော့ ချက်ချင်းပင် လမ်းဖယ်ပေးလိုက်ကြသည်။

ချူးဖေ့ဟန်သည် ပြဿနာကို မီးထွန်းမရှာတော့တာ ကြာပြီဖြစ်သော်လည်း သူမ၏ ဒေါသကြီးမှုကြောင့် ထင်ပေါ်ကျော်ကြားသူဖြစ်လေရာ မည်သူကမျှ သူမကို မဖီဆန်ရဲကြချေ။

ချူးဖေ့ဟန်သည် ကုနင်းတစ်ယောက် ထိုကဲ့သို့ ဂရုစိုက်ခံနေရသည်ကို မလိုလားမှန်း နားလည်သော်လည်း မည်သို့မျှ ရှောင်ရှားလို့ မရမှန်းသိနေလေသည်။ ကုနင်းသည် ယခုအခါ လျစ်လျူရှုမရနိုင်အောင် ဆွဲဆောင်မှုရှိနေပြီး လူအများ၏ ဂရုစိုက်ခြင်းကို ခံနေရပြီ မဟုတ်ပါလား။

ကုနင်း က ပြုံးရင်း “ငါလည်း ဘာမှမတတ်နိုင်တော့ဘူး။” ဟု ပြောလိုက်ကာ

“ဒါနဲ့ သူတို့က ဘာလို့ နင်လာတာနဲ့ လမ်းဖယ်ပေးလိုက်ကြတာလဲ” ဟု ချူးဖေ့ဟန် ကို မေးလိုက်လေသည်။

ချူးဖေ့ဟန် ကလည်း “နင်ကလည်း ဒီကျောင်းမှာ ငါ့နာမည်ကို မကြားဖူးတဲ့သူရှိလို့လားဟ။” ဟု ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်လေသည်။ ထိုကဲ့သို့ ပြောလိုက်ရသည့်အတွက် ရှက်ရွံ့နေပုံလည်း ပေါ်မနေပါချေ။

ကုနင်း စိတ်ကျေနပ်နေသော်လည်း ဘာမှတော့ မပြောချေ။ သူမသည် ချူးဖေ့ဟန် မှာ ရိုင်းစိုင်း အနိုင်ကျင့်တတ်သူမဟုတ်မှန်း ကောင်းကောင်းသိသူဖြစ်သည်။ ချူးဖေ့ဟန်သည် ရံဖန်ရံခါ အခြားကျောင်းသားများနှင့် ရန်ဖြစ်တတ်သော်လည်း သူမတွင် တရားမျှတမှုစိတ် ပြင်းထန်စွာ ရှိနေသည်လေ။

ကုနင်း နှင့် ချူးဖေ့ဟန် တို့ ထွက်သွားချိန်တွင် ကျောင်းသားများသည် အံ့ဩစွာ ကျန်ရစ်ခဲ့ကြလေသည်။

“ကုနင်း ကတော့ ငါတို့ကျောင်းရဲ့ နာမည်ကြီးစတားဖြစ်ပြီ။”

“ဟုတ်တယ်နော် ကျောင်းအုပ်ကြီးက နေ့တိုင်း သူ့အကြောင်းပြောနေတာ။”

“ဟား ဟား ဟား”

“…”

ဆရာများသည်လည်း ကုနင်းကို လေးစားအထင်ကြီးကြလေသည်။

လူအများ၏ အာရုံစိုက်မှုများကြားထဲတွင်ပင် ကုနင်း နှင့် ချူးဖေ့ဟန်တို့သည် စာသင်ဆောင်များဆီသို့ လမ်းလျှောက်သွားလိုက်ကြသည်။

မနက်ပိုင်း အတန်းချိန်မရောက်သေးသောကြောင့် ကျောင်းသားများသည် စကားပြောနေကြလေသည်။ အဆောက်အအုံတွင်းမှ ဆူညံသံများကြားသည့်အခါတွင်တော့ သိချင်စိတ်ဖြင့် ပြေးဆင်းကာ ကြည့်ကြသည်။

ကုနင်းကိုတွေ့လိုက်ရသည့် အခါတွင်တော့ အလွန်ပျော်ရွှင်သွားကြလေသည်။

“ကြည့်ပါဦး ကုနင်း ပြန်လာပြီ။”

“ဘုရားရေ ကုနတ်ဘုရားမ လာပြီဟေ့။”

“ငါကသူ့ဖန်ကွ။”

“…”

“ငါတို့ခေါင်းဆောင်ကတော့ နာမည်ကြီးပဲ။” ဟောင်ရန်သည် ခေါင်းကို ခါယမ်းရင်း ပြောလိုက်သည်။

“သူကလည်း မယုံနိုင်စရာကောင်းလာတာကိုး။” ချင်ကျီရွှမ်းက ဆက်ပြောသည်။

“ငါကတော့ ခေါင်းဆောင်အတွက်ဂုဏ်ယူတယ်။” ကျန်းထန်းပင်းက ပြောပြန်သည်။

“ငါရောပဲ။”

“ငါရောပဲ။”

ဟောင်ရန် နှင့် ချင်ကျီရွှမ်းတို့ကလည်း ချက်ချင်းပင် ထောက်ခံကြလေသည်။

ကုနင်းတွင် သူငယ်ချင်းများစွာရှိသော်လည်း ထိုသူများမှာ သူမအတွက် သိပ်ပြီး အရေးမပါလှကြောင်း သူတို့သိကြလေသည်။ သူတို့ကတော့ အခင်ဆုံးသူငယ်ချင်းများ ဖြစ်သည်လေ။ ကုနင်းကလည်း သူတို့အပေါ် အထူးတလည် ဆက်ဆံသောကြောင့် ကျေနပ်ဂုဏ်ယူနေကြသည်ပင်။

အမှန်တကယ်လည်း ကုနင်း စိတ်ထဲတွင် သူတို့သည်သာ သူငယ်ချင်းအရင်းများဖြစ်လေသည်။ သူတို့အကူအညီလိုအပ်ခဲ့လျှင် ချက်ချင်းကူညီဖို့ ဝန်လေးနေမည် မဟုတ်ပါချေ။

အကယ်၍ အနာဂတ်တွင် သူမလောက် သူမသူငယ်ချင်းများ မအောင်မြင်ဘူးဆိုလျှင်တောင် သူတို့ဘဝအတွက် ကူညီပေးဖို့အထိ သူမဘက်က စိတ်ရှိထားပြီးဖြစ်သည်။ လူတစ်ယောက်၏ ဘဝတွင် သူငယ်ချင်းအစစ်အမှန်ကို ရှာဖွေရန်မလွယ်ကူသည်မို့ ကုနင်း သည် သူတို့ကို ချစ်ခင်စိတ်အပြည့်ရှိလေသည်။

***

အခန်း ၁၂၄၅ ထောင်ကျားယိ ၏ ကျောင်းသို့သွားခြင်း

ကုနင်း နှင့် ချူးဖေ့ဟန်တို့ တတိယထပ်တွင် လမ်းခွဲလိုက်ကြသည်။

ကျောင်းသားများသည် အခန်းတံခါးဝတွင် ရပ်ရင်း ကုနင်းကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေကြလေသည်။

“လာလေ အခန်းထဲဝင်ရအောင်။” ကုနင်း က ပြုံးရင်းပြောလိုက်သည်။

သူမအတန်းဖော်များကလည်း ဘေးသို့ရှဲပေးလိုက်ကြရင်း သူမကို အရင်ဝင်စေကာ နောက်မှ လိုက်ဝင်ကြလေသည်။

ဝူချင်းယနှင့် ယန်ယွီလုတို့နှစ်ယောက်သားမှာတော့ ကုနင်းနှင့် မျက်လုံးချင်းပင် မဆုံရဲသောကြောင့် ခေါင်းကို ချာခနဲ လှည့်လိုက်ကြလေသည်။ ရှောင်ဖေးဖေး သာမရှိလျှင် ဝူချင်းယနှင့် ယန်ယွီလုတို့သည် ယခုလိုဘဲ ကုနင်းကို ဆန့်ကျင်ရဲကြမည် မဟုတ်ချေ။

မနက်ပိုင်း စာဖတ်တန်းပြီးသွားသည့်နောက်တွင် ကျန်းချိုးဟွာ သည် သူမရုံးခန်းထဲသို့ ပြန်သွားလေသည်။ ထို့နောက် ထောင်ကျားယိ၏ ဆေးမှတ်တမ်းကိုယူပြီး ထောင်ကျားယိ၏ ကျောင်းကို သွားဖို့ အသင့်ပြင်ထားလိုက်သည်။

ကုနင်းသည် ကျန်းချိုးဟွာ နှင့် သဘောတူညီမှုရထားပြီး ဖြစ်ရာ သူမသည်လည်း ကျန်းချိုးဟွာကို ကူညီပေးမည်ဖြစ်သည်။

ကျောင်းအုပ်ကြီးကလည်း ကုနင်းမျက်နှာဖြင့် သူတို့အား အတန်းချိန်တစ်ဝက်ဖြင့် ခွင့်ပေးလိုက်လေသည်။

ကုနင်းသည် ယွီမီရှီအား “မီရှီရေ ငါသွားစရာလေးရှိလို့ နေ့လည်ပိုင်းအတန်းတော့ လာမတက်တော့ဘူးနော်.. နေ့လည်စာတော့ အတူတူ အမှီစားဖို့ ပြန်လာခဲ့မယ်” ဟု ပြောလိုက်သည်။

“ဘာ ဘာဖြစ်လို့လဲ” ယွီမီရှီသည် အံ့အားသင့်သွားလေသည်။

ကုနင်းမှာ မနက်ပိုင်း စာဖတ်တန်းကိုသာ လာတက်ပြီး ပြန်ထွက်သွားဦးမယ်ဟု ဆိုနေပြန်ပြီမဟုတ်ပါလား။

သို့သော် ကုနင်းတစ်ယောက် လုပ်စရာရှိသည်ဟု ဆိုထားသောကြောင့် ယွီမီရှီကလည်း အရေးကြီးကိစ္စမှန်း သိလေသည်။

ထို့နောက်တွင်တော့ ကုနင်းသည် ကျောင်းသားများ၏ အာရုံစိုက်မှုကို တစ်ဖန်ခံယူရင်း ပြန်ထွက်သွားပြန်သည်။ သူမသည် အချိန်ဆွဲမနေပဲ ကျန်းချိုးဟွာ၏ရုံးခန်းထဲသို့ ဝင်သွားလိုက်သည်။

ရုံးခန်းထဲတွင် ဝမ်ချန်းချီနှင့် ကျန်းယွမ်တို့လည်း ရှိနေလေသည်။ သူတို့သည် ကုနင်းကို တွေ့လိုက်ချိန်တွင် မျက်ခုံးများ မြင့်တက်သွားလေသည်။

“ကောင်းသော မနက်ခင်းပါ ပါမောက္ခဝမ်နဲ့ ပါမောက္ခကျန်း” ကုနင်း သည် ယဉ်ကျေးစွာ နှုတ်ဆက်လိုက်လေသည်။

“ကောင်းသော မနက်ခင်းပါ ကုနင်း!” ဝမ်ချန်းချီ နှင့် ကျန်းယွမ်တို့ကလည်း ချိုသာစွာ ပြန်ပြောလိုက်ကြသည်။

ကျန်းချိုးဟွာသည်လည်း ယူစရာရှိသည်များကို ယူပြီး ထွက်လာလေသည်။

ကုနင်း နှင့် ကျန်းချိုးဟွာတို့ ထွက်သွားချိန်တွင် ဝမ်ချန်းချီနှင့် ကျန်းယွမ်တို့သည် သူတို့အကြောင်း ပြောရင်း ကျန်ခဲ့ကြလေသည်။ သူတို့သည် ကုနင်းမှာ သူတို့၏ ကျောင်းသူဖြစ်လျှင် ကောင်းမည်ဟု တွေးနေကြလေသည်။

…

ကျန်းချိုးဟွာ နှင့် ကုနင်းတို့ ထွက်လာကြချိန်တွင်လည်း ကျောင်းသားများ လိုက်ကြည့်ကြလေသည်။ သို့သော် မည်သူကမျှ နှုတ်ဆက်ဖို့တော့ မရဲကြပါချေ။

သူတို့သည် ကျန်းချိုးဟွာ နှင့် ကုနင်းတို့ကို နှုတ်မဆက်ရဲကြသော်လည်း သူတို့ထွက်သွားသည်နှင့် သူတို့အကြောင်းကို ပြောကြလေတော့သည်။

“ဟေး ငါ ကုနင်းကို ပါမောက္ခကျန်းနဲ့ ထွက်သွားတာတွေ့လိုက်တယ်။ သူတို့ ဘယ်သွားတာလဲ သိကြလား။”

“ဟုတ်လား သူတို့ ဘယ်သွားတာလဲ။”

“ငါလည်း မသိဘူး။”

“တစ်ခုခုသွားလုပ်စရာ ရှိလို့ထင်တယ်။”

“ဟုတ်တယ် အရေးကြီးကိစ္စထင်တယ်။”

“သူတို့တစ်ခုခု လုပ်စရာရှိတယ်ထင်တယ်။”

“မပြောတတ်ဘူး။”

“…”

ယွီမီရှီသည်လည်း ကုနင်းတစ်ယောက် အတန်းပိုင်ဆရာမနှင့် ထွက်သွားသည်ကို သိသည့်တိုင်အောင် သွားရသည့် အကြောင်းရင်းကို မသိပါချေ။ သို့သော် မည်သို့ပင်ဖြစ်စေ ကုနင်းကောင်းကောင်း ဖြေရှင်းနိုင်မည်ကို ယွီမီရှီယုံကြည်သည်။

…

ကျန်းချိုးဟွာ နှင့် ကုနင်းတို့သည် ကားပါကင်ကို လမ်းလျှောက်သွားပြီး ထောင်ကျားယိ ၏ ကျောင်းကို တန်းသွားကြသည်။

ကုနင်း နှင့် ကျန်းချိုးဟွာတို့ထွက်သွားချိန်တွင် မနက် ၈ နာရီ ၅ မိနစ်ခန့် ရှိနေပြီဖြစ်သည်။ မိနစ် ၂၀ ခန့်အကြာတွင်တော့ အမှတ် ၂ အလယ်တန်းကျောင်းကို ရောက်သွားကြပြီ ဖြစ်သည်။

ကုနင်း ကားကို ပါကင်ထိုးပြီး ကျန်းချိုးဟွာ နောက်ကို လိုက်သွားလေသည်။

ထိုအချိန်သည် အတန်းများ စတင်နေချိန်ဖြစ်သောကြောင့် ပြင်ပမှလူများသည် ပုံမှန်အားဖြင့် ကျောင်းထဲသို့ ဝင်ခွင့်မရချေ။ သို့သော် ကျန်းချိုးဟွာ သည် ထိုကျောင်းတွင် စာသင်နေသော ကျောင်းသူတစ်ယောက်၏ မိခင်ဖြစ်သောကြောင့် ဝင်ခွင့်ရလေသည်။

ကျန်းချိုးဟွာသည် ယန်းဟု ခေါ်သော ထောင်ကျားယိ ၏ အတန်းပိုင်ဆရာမကို ဖုန်းဆက်ခေါ်လိုက်သည်။

မစ္စယန်းသည် ကျန်းချိုးဟွာကို ရောက်သည်နှင့် ဖုန်းခေါ်ဖို့ ပြောထားသောကြောင့်လည်း ကျန်းချိုးဟွာ တွေဝေခြင်းမရှိပဲ ခေါ်လိုက်ခြင်း ဖြစ်ပေသည်။

မစ္စယန်းသည် သူတို့ကို ကျောင်းသားရေးရာ ရုံးခန်းထဲတွင် ခေါ်တွေ့လေသည်။

၈ နာရီ ၄၀ ခန့်တွင် ကုနင်း နှင့် ကျန်းချိုးဟွာတို့ ကျောင်းသားရေးရာရုံးခန်းကို ရောက်သွားကြသည်။ ရုံးခန်းထဲတွင် ဌာနမှူး၊, မစ္စယန်း နှင့်အတူ အသက် ၃၀ ခန့်အရွယ်အမျိုးသားတစ်ဦးတို့ ထိုင်နေကြသည်။ သူကတော့ မစ္စတာဝမ် ဖြစ်ပြီး ထောင်ကျားယိကို အနိုင်ကျင့်ခဲ့သောအတန်းမှ အတန်းပိုင်ဆရာ ဖြစ်သည်။

သို့သော် မိန်းကလေး၏ မိဘများကတော့ မရောက်ကြသေးချေ။

ဌာနမှူးသည် အနည်းငယ်ဝဖိုင့်သူဖြစ်ပြီး အသက် ၅၀ အရွယ်ခန့်ရှိကာ မာနကြီးသည့်ပုံမပေါက်ချေ။

ကုနင်း နှင့် ကျန်းချိုးဟွာတို့ ရောက်မလာခင်တွင် မစ္စယန်းက ဌာနမှူးအား ကုနင်းသည် ဗဟိုဆေးရုံ ဒါရိုက်တာနှင့် ဆက်ဆံရေးကောင်းရှိထားကြောင်း၊ ကုနင်း ၏ မိသားစုမှာလည်း အာဏာကြီးမားကြောင်း ကြိုပြောပြထားသည်။

ထို့ကြောင့်လည်း ကုနင်း နှင့် ကျန်းချိုးဟွာတို့ ရောက်လာချိန်တွင် ဌာနမှူးသည် “တွေ့ရတာဝမ်းသာပါတယ် ပါမောက္ခကျန်းနဲ့ မစ္စကု” ဟု ဆိုကာ နှုတ်ဆက်လိုက်လေသည်။

“တွေ့ရတာဝမ်းသာပါတယ် မစ္စတာယန်” ကျန်းချိုးဟွာကလည်း ထိုင်လိုက်ပြီး နှုတ်ဆက်လိုက်လေသည်။ ကုနင်းကလည်း လိုက်ထိုင်လိုက်သည်။

မစ္စတာယန်သည် ထိုအလယ်တန်းကျောင်း၏ ဌာနမှူးဖြစ်သည်။

***

အခန်း ၁၂၄၆ ကုနင်း ကို အသိအမှတ်ပြုခြင်း

မစ္စယန်းက သူတို့ထိုင်ပြီးသည်နှင့် ကုနင်း နှင့် ကျန်းချိုးဟွာတို့အတွက် လက်ဖက်ရည် ၂ ခွက်ကို ငှဲ့လိုက်သည်။ အကယ်၍သာ သူတို့နေရာတွင် သာမာန်လူများဆိုလျှင်လည်း မစ္စယန်းသည် ထိုကဲ့သို့ ပြုလုပ်ပေးဖို့ ဝန်လေးနေမည် မဟုတ်ချေ။

“ကျွန်တော်လည်း ဘာတွေဖြစ်ခဲ့လည်းဆိုတာ ကြားထားပြီးပါပြီ.။ ဒါပေမယ့် ဒီကိစ္စကို ဖြေရှင်းဖို့ မိန်းကလေးရဲ့ မိဘတွေကိုတော့ စောင့်လိုက်ကြရအောင်။” ဟု မစ္စတာယန် က ပြောလိုက်သည်။

မစ္စတာယန်သည် လူဆိုးတစ်ယောက်မဟုတ်သလို လူကောင်းတစ်ယောက်လည်း မဟုတ်ပါချေ။ သူသည် အင်အားကြီးသူဘက်တွင်သာ နေမည့်သူဖြစ်သည်။ သို့သော် ပုံမှန်အားဖြင့် ဆိုလျှင်တော့ သူသည် မျှတသည့်ဘက်တွင် နေမည့်သူဖြစ်လေသည်။

လူ‌တို့သည် တစ်ကိုယ်ကောင်းဆန်တတ်ကြသည်မှာ သဘာ၀ဖြစ်သည်။ မည်သူကမျှ အာဏာပါဝါကို ဖီဆန်ရမည့် အလုပ်ကို လုပ်ကြမည် မဟုတ်ချေ။

ထို့ကြောင့်လည်း သာမာန်လူတန်းစားများသည် အာဏာရှိလူတန်းစားများလောက် အခွင့်အလမ်း အကျိုးအမြတ်များမရဆိုသည့်အချက်မှာ လက်တွေ့ကျပြီး ရက်စက်သော အချက်တစ်ခု ဖြစ်နေခြင်းပင်။

"ကောင်းပါပြီ" ဟု ကျန်းချိုးဟွာကလည်း ခေါင်းငြိမ့်ရင်း ပြောလိုက်သည်။ သူမသည်လည်း မိန်းကလေး၏မိဘများနှင့် စကားပြောဖို့ လိုနေသည်လေ။

ထိုအချိန်တွင် မစ္စတာယန်သည် ကုနင်းကို စူးစမ်းစိတ်ဖြင့် ကြည့်နေလေသည်။ သူ့စိတ်ထဲတွင် ကုနင်းကို မြင်ဖူးသလို ဖြစ်နေသော်လည်း မည်သည့်နေရာတွင် တွေ့ဖူးမှန်း မမှတ်မိနိုင်ဖြစ်နေလေသည်။

တကယ်တော့ ကုနင်းသည် Fမြို့ တွင် နာမည်ကြီးနေသူဖြစ်သောကြောင့် ရုပ်သံအစီအစဉ်များတွင် သူမသတင်းများ လွှင့်လေ့ရှိသည်။ ထို့ကြောင့်လည်း မစ္စတာယန် တစ်ယောက် သူမကို မြင်ဖူးနေခြင်းမှာ အဆန်းမဟုတ်ပါချေ။

ကုနင်းသည် မစ္စတာယန် စူးစမ်းနေသည်ကို သတိထားမိသော်လည်း ဘာမှတော့ မပြောချေ။

ခေတ္တမျှ စူးစမ်းပြီးနောက်တွင် မစ္စတာယန်သည် မနေနိုင်တော့ပဲ “မစ္စကု မင်းရဲ့ နာမည်အပြည့်အစုံနဲ့ မင်းရဲ့ အလုပ်အကိုင်ကို ပြောပြပေးလို့ ရမလား။ စိတ်တော့မရှိပါနဲ့ မင်းကို မြင်ဖူးသလို ဖြစ်နေလို့ပါ။” ဟု မေးလိုက်လေသည်။

ထိုအခါကျမှ ကုနင်းလည်း သူမအား စိုက်ကြည့်နေသည့် အကြောင်းရင်းကို သိသွားလေသည်။

ထို့ကြောင့် ပြုံးပြလိုက်ပြီး “ကျွန်မနာမည်က ကုနင်း ပါ.. ကျွန်မက အမှတ် ၃ အထက်တန်းကျောင်းက အထက်တန်းကျောင်းသူပါ ပါမောက္ခကျန်း က ကျွန်မရဲ့ အတန်းပိုင်ဆရာမပါ။” ဟု ပြောလိုက်လေသည်။

“ကုနင်း?” မစ္စတာယန်သည် အလွန်အံ့အားသင့်သွားရင်း “မင်းက ဒီနှစ်ရဲ့ အမျိုးသားသင်္ချာစွမ်းရည်ပြိုင်ပွဲက ချန်ပီယံမလား” ဟု မေးလိုက်လေသည်။

ကုနင်း ပထမဆုရသွားခဲ့ခြင်းမှာ တစ်ချိန်က Fမြို့ တွင် သတင်းထူးဖြစ်သွားခဲ့ဖူးပါသည်။ တစ်မြို့လုံးကလည်း သူမအတွက် ဂုဏ်ယူကြလေသည်။

ထို့အပြင် မစ္စတာယန်သည် ပညာရေးဌာနတွင် အစည်းအဝေးတက်ခဲ့စဉ်ကလည်း ပါမောက္ခများက သူမအကြောင်းပြောခဲ့ဖူးပါသည်။ သူတို့အားလုံး ကုနင်းသည် အောင်မြင်သော လုပ်ငန်းရှင်တစ်ယောက် ဖြစ်ကြောင်း သိထားကြလေသည်။

ကုနင်းသည် စုမိသားစုက ပြုလုပ်သော ပါတီကိုလည်း တက်ခဲ့ဖူးသူဖြစ်သလို Fမြို့ ၏ အရေးပါအရာရောက်သော ပုဂ္ဂိုလ်များနှင့်လည်း ရင်းနှီးသူဖြစ်လေသည်။ အရေးကြီးဆုံးအချက်မှာ ကုနင်းသည် မစ္စစုကို အသက်ကယ်တင်ခဲ့ဖူးသောကြောင့် စုမိသားစု၏ အသက်သခင်ကျေးဇူးရှင်လည်း ဖြစ်နေပြန်သည်။

ထိုအခါက ပညာရေးဌာနဝန်ကြီးသည်လည်း ပါတီကို တက်ခဲ့သောကြောင့် သူမကို ကောင်းကောင်းသိနေခြင်း ဖြစ်ပေသည်။

မစ္စတာယန်သည် ကုနင်းကို ကောင်းစွာမသိသေးသော်ငြားလည်း အထင်ကြီးလေးစားလျက် ရှိနေလေသည်။

မစ္စယန်း နှင့် မစ္စတာဝမ်တို့သည် သင်္ချာစွမ်းရည်ဆုရထားသူမှာ ကုနင်းဖြစ်ကြောင်း သိလိုက်ရသည့်အတွက် အံ့ဩစိတ်လည်း ဖြစ်နေကြလေသည်။ သို့သော် မစ္စယန်း နှင့် မစ္စတာဝမ် တို့သည် ကုနင်း ၏ အခြားရထားသည့် အောင်မြင်မှုများအကြောင်း ဂဃနဏ မသိကြသေးပေ။

“ဟုတ်ပါတယ် ကျွန်မပါပဲ။” ကုနင်း ကပြောလိုက်သည်။

ကုနင်း ထိုသို့ ဖြေလိုက်သောအခါ မစ္စတာယန် အလျင်အမြန်ထရပ်လိုက်သည်။

ထို့နောက် ကုနင်း ဆီသို့ လျှောက်သွားရင်း “မစ္စကု မင်းကို စောစောက သတိမထားမိလိုက်လို့ စိတ်မရှိပါနဲ့။ ကျုပ်မင်းအကြောင်းတွေ အများကြီးကြားထားပါတယ်။ မယုံနိုင်စရာပါပဲ။” ဟု ပြောလိုက်လေသည်။

မစ္စတာယန်သည် ကုနင်း မှာ အရေးကြီးပုဂ္ဂိုလ်ဖြစ်ကြောင်း နားလည်လိုက်သည့်အတွက် ယဉ်ကျေးစွာပင် ပြောဆိုနေလေသည်။

မစ္စယန်းနှင့် မစ္စတာဝမ်တို့သည်လည်း အံ့အားသင့်သွားလေသည်။ မစ္စတာယန်၏ အပြုအမူကို ကြည့်ပြီး ကုနင်းသည် သာမာန်မိန်းကလေးမဟုတ်ကြောင်း သိလိုက်ရပြီပင်။ သို့သော် သူတို့စိတ်ထဲမည်မျှပင် သိချင်နေကာမူ စပ်စုရန် မကောင်းသော အချိန်ဖြစ်သောကြောင့် ဆိတ်ဆိတ်သာ နေလိုက်ကြလေသည်။

ကုနင်းကလည်း မတ်တပ်ရပ်လိုက်ရင်း “ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ်” ဟု ပြန်ပြောလိုက်သည်။

“မစ္စကု ထိုင်ပါ။” မစ္စတာယန်သည် ကုနင်း မတ်တပ်ရပ်လိုက်သည်ကို တွေ့သောကြောင့် ပြန်ထိုင်စေလိုက်သည်။

ကုနင်းကလည်း ထိုင်လိုက်ပြီး ထို့နောက်တွင်တော့ ၉ နာရီထိုးသည်ထိ စကားစမြည်ပြောဆိုနေကြလေသည်။

ချိန်းဆိုထားချိန်မှာ ၉ နာရီ ဖြစ်သော်လည်း မိန်းကလေး၏ ဖခင်မှာ ၉ နာရီ ၂ မိနစ်မှ ရောက်လာလေသည်။

မိန်းကလေး၏ ဖခင်မှာ နောက်မကျသော်လည်း ယဉ်ကျေးမှုမရှိသူဖြစ်သည်။ သူ့ပုံစံမှာ သက်လတ်ပိုင်းအရွယ် ၄၀ ဝန်းကျင်ခန့် ဖြစ်လေသည်။

သူအထဲဝင်လာချိန်တွင် မစ္စတာယန်သည် မတ်တပ်ရပ်လိုက်ရင်း “ဥက္ကဌရှောင်း ထပ်တွေ့ရတာ ဝမ်းသာပါတယ် ထိုင်ပါဦး။”ဟု နှုတ်ဆက်လိုက်သည်။

မစ္စတာယန်သည် ဥက္ကဌ ရှောင်း ကို ယဉ်ယဉ်ကျေးကျေး ပြောနေသော်လည်း ကုနင်းကို ပြောခဲ့သည့် အနေအထားနှင့် ယှဉ်လျှင်တော့ ဆီနဲ့ရေလို ဖြစ်နေလေသည်။

မစ္စယန်း နှင့် မစ္စတာဝမ်တို့မျက်လုံးထဲတွင် ကုနင်းသည် ဥက္ကဌရှောင်းထက်တောင် ပိုအရေးကြီးသလို ဖြစ်နေလေသည်။

ဥက္ကဌရှောင်း၏ နာမည်အပြည့်အစုံမှာ ရှောင်းမင်ရှန်း ဖြစ်သည်။ သူသည် ယွမ်ပေါင်းမီလီယံချီစွာ ပိုင်ဆိုင်ထားသော ကုမ္မဏီကြီး၏ ဥက္ကဌဖြစ်လေသည်။

Fမြို့ တွင် အာဏာရှိသူအများအပြားမရှိသော်လည်း ရှောင်းမင်ရှန်း ၏ ဦးလေးမှာ အစိုးရပိုင်းတွင် အထက်တန်းအရာရှိတစ်ဦးဖြစ်သည်။ ထို့ကြောင့် ကုနင်းသည် သာမာန်မိသားစုမှဆိုပါက မစ္စတာယန် သည် သေချာပေါက် ရှောင်းမင်ရှန်းဘက်မှ နေမည်သာဖြစ်ပေသည်။

သို့သော် သူသည် ကုနင်း၏ အရှိန်အဝါဖြင့် မျက်လုံးထဲ ဘာမှမမြင်နိုင်တော့ပါချေ။ ထို့အပြင် ဒီကိစ္စတွင် အပြစ်ရှိသူမှာလည်း ရှောင်းမင်ရှန်း၏ သမီးဖြစ်သူ မဟုတ်ပါလား။

“ဟိုင်း ထပ်တွေ့ရတာ ဝမ်းသာပါတယ်။” ရှောင်းမင်ရှန်းသည်လည်း မစ္စတာယန် ကို ပြန်နှုတ်ဆက်လိုက်သည်။ သို့သော် ချက်ချင်းမထိုင်သေးပဲ ကုနင်း နှင့် ကျန်းချိုးဟွာကို လှည့်ကြည့်လိုက်သည်။

မစ္စတာဝမ်သည် သူ့ကို ယမန်နေ့က ခေါ်ခဲ့ပြီး ထောင်ကျားယိ ကိစ္စကို ဖြေရှင်းရန် မည်သူ့အားခေါ်မည်ကို သူကိုယ်တိုင်လည်း သိချင်နေခဲ့ခြင်း ဖြစ်လေသည်။

***

အခန်း ၁၂၄၇ တောင်းပန်ခြင်းနှင့် အလျော်အစား

ရှောင်းမင်ရှန်း သည် Fမြို့၏ အထင်ကရ ပုဂ္ဂိုလ်ဖြစ်သည်။ သို့သော် သူ့ထက်ပိုပြီး အရေးပါအရာရောက်သူများလည်း များစွာရှိနေသောကြောင့် လိုအပ်ပါက လူကိုယ်တိုင် တွေ့ဆုံရသည့်အခါများလည်း ရှိလေသည်။

သူသည်လည်း မစ္စတာယန် ကဲ့သို့ပင် မျက်နှာကြီးရာ ဟင်းဖတ်ပါသူမျိုးပင်။

အကယ်၍သာ ကုနင်းသာ သူ့ထက် အာဏာကြီးသည် ဆိုပါက ချက်ချင်းပင် တောင်းပန်ကာ အလျော်အစားလုပ်ပေးလိုက်မည့် သူမျိုးဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် သာမာန်လူသာ ဆိုလျှင်တော့ ထိုပြဿနာကို ဖြေရှင်းရန် သူ့အတွင်းရေးမှူးကိုသာ လွှတ်လိုက်မည်ဖြစ်သည်။

တကယ်တော့ ရှောင်းမင်ရှန်း ကိုယ်တိုင်သည်လည်း သူ့သမီး၏ အပြုအမူအပေါ် စိတ်အနှောင့်အယှက် ဖြစ်နေသူဖြစ်သည်။ သူသည်လည်း သူ့သမီးကို တခြားကျောင်းသားများအား အနိုင်မကျင့်ရန် ဆုံးမလေ့ရှိသူပင်။

ရှောင်းမင်ရှန်း ကုနင်းကို တွေ့လိုက်သည့်အခါတွင် အံ့အားသင့်စွာဖြင့် “မစ္စကု…” ဟု ရေရွတ်လိုက်မိလေသည်။

သူသည်လည်း ကုနင်း ကို သိထားသူတစ်ယောက်ပင်။

ကုနင်း မတ်တပ်ရပ်လိုက်ကာ ရှောင်းမင်ရှန်းကို စိုက်ကြည့်လိုက်ရင်း “ဟိုင်း ဥက္ကဌ ရှောင်း” ဟု နှုတ်ဆက်လိုက်သည်။

တကယ်တော့ ကုနင်း နှင့် ဥက္ကဌရှောင်းတို့သည် စုမိသားစုက ကျင်းပခဲ့သော မွေးနေ့ပါတီတွင် တွေ့ခဲ့ဖူးကြပါသည်။

“မစ္စကု ဘယ်လိုလာ‌တွေ့ရတာပါလဲ?” ဟု ရှောင်းမင်ရှန်း က ပြောလိုက်သည်။

သူသည် ကုနင်းမှာ သူ့ထက် အဆက်အသွယ်ကောင်းများစွာ ရှိထားမှန်း သိသောကြောင့် ယဉ်ကျေးစွာပင် ပြောဆိုနေလေသည်။

မစ္စရန်း နှင့် မစ္စတာဝမ်တို့သည်လည်း ရှောင်းမင်ရှန်း၏ ကုနင်းအပေါ် အပြုအမူကို အံ့ဩနေကြလေသည်။ သူတို့သည် ယခုမှပင် ကုနင်း၏ မိသားစုနောက်ခံအကြောင်းကို ပိုသိချင်နေကြလေသည်။

“အခုကတော့ ပျော်ရွှင်စရာ တွေ့ဆုံခြင်း မဟုတ်တော့ဘူးပေါ့။” ကုနင်း က ပြောလိုက်သည်။

ရှောင်းမင်ရှန်းသည် အလွန်ရှက်သွားလေသည်။ ကုနင်းမှာ ထောင်ကျားယိ ကို ကူညီဖို့ လာခြင်းဖြစ်ကြောင်းကို နားလည်သွားလေသည်။ သူ့သမီးက ထောင်ကျားယိကို အနိုင်ကျင့်ခဲ့သည်လေ။

ဘာပဲဖြစ်ဖြစ် ကုနင်းကိုယ်တိုင်လိုက်လာသည် ဆိုမှတော့ မလွဲ‌မသွေ တောင်းပန်ရတော့မည်ဖြစ်သည် “ကျွန်တော့်သမီးရဲ့ ထောင်ကျားယိ အပေါ်လုပ်ခဲ့တဲ့ လုပ်ရပ်အတွက် တောင်းပန်ပါတယ် မစ္စကု။ ပြီးတော့ ထောင်ကျားယိ ရဲ့ အမေ.. ကျွန်တော်တောင်းပန်တာကို ကျေးဇူးပြုပြီး လက်ခံပေးပါ။ ကျွန်တော်တို့ တာ၀န်မဲ့လုပ်ရပ်မလုပ်ပါဘူး။ ကျွန်တော့်သမီးကိုလည်း ထောင်ကျားယိကို ကိုယ်တိုင် မျက်နှာချင်းဆိုင်ပြီး တောင်းပန်ဖို့ ဆုံးမလိုက်ပါမယ်။”

ရှောင်းမင်ရှန်းသည် သေချာတောင်းပန်ခဲ့ပြီး ထပ်မဖြစ်ဖို့ပါ ကတိပေးလိုက်လေသည်။

မစ္စတာယန်သည် ရှောင်းမင်ရှန်း၏အပြုအမူကို အံ့ဩမနေတော့ပေ။ ကုနင်း၏အရှိန်အဝါမှာ ကြီးမားနေသည် မဟုတ်ပါလား။ မစ္စရန်း နှင့် မစ္စတာဝမ်တို့ကတော့ အံ့အားသင့်နေကြလေသည်။

ကုနင်းမှာ သာမာန်မိန်းကလေးတစ်ယောက် မဟုတ်မှန်း သိထားသော်ငြား ရှောင်းမင်ရှန်းတစ်ယောက် အငြင်းမပွားပါပဲ ချက်ချင်းတောင်းပန်လိမ့်မည်ဟု မထင်ခဲ့ကြပေ။

ကုနင်း ကောင်း‌ကောင်း ဖြေရှင်းနိုင်လိမ့်မည်ဟု ကြိုတွေးထားသော ကျန်းချိုးဟွာပင်လျှင် အံ့ဩသွားခဲ့သည်လေ။

ရှောင်းမင်ရှန်း၏ သမီးမှာ ရှောင်းပေပေဖြစ်ပြီး သူမအဖေကို ကြောက်ရသူဖြစ်သည်။ သူမသည် ထောင်ကျားယိ ကို တောင်းပန်စကား မပြောချင်သော်ငြား သူမအဖေကိုလည်း မလွန်ဆန်ဝံ့ချေ။

ကျန်းချိုးဟွာသည် မတ်တပ်ရပ်နေရင်း “ဥက္ကဌရှောင်း ရှင်က လိုလိုလားလား တောင်းပန်‌နေမှတော့လည်း ကျွန်မလည်း အငြင်းအခုံ မလုပ်ချင်တော့ပါဘူး။ ကျွန်မသမီးရဲ့ ထိခိုက်ဒဏ်ရာတွေအတွက်ကိုတော့ တာ၀န်ယူစေချင်ပါတယ်။ ရှင့်သမီးရဲ့ လုပ်ရပ်ဟာ ကျွန်မသမီးအတွက် စိတ်ဒဏ်ရာရသွားမှာကို မလိုလားလို့ပါ။” ဟု ပြောလိုက်သည်။

ရှောင်းမင်ရှန်းသည် ထောင်ကျားယိ၏ ထိခိုက်မှုများကို မစ္စတာဝမ်ဆီမှ ကြားထားပြီး ဖြစ်လေသည်။ သို့သော် မကောင်းတတ်၍ ဆေးမှတ်တမ်းကိုတော့ ယူကြည့်လိုက်လေသည်။

ထိုသည်မှာလည်း ကုနင်းမျက်နှာကြောင့် လုပ်ပေးခြင်း ဖြစ်လေသည်။

ရှောင်းမင်ရှန်းသည် ဆေးမှတ်တမ်းကို ကြည့်ရင်း စိတ်အညစ်ကြီး ညစ်နေလေသည်။ ထိုဒဏ်ရာများသည် သူ့သမီးလုပ်ရပ်ကြောင့် မဟုတ်ပါလား။ ဆေးကုသစရိတ်ကတော့ ရှောင်းမင်ရှန်းအတွက် ပမွှားသာဖြစ်လေသည်။

“ထောင်ကတော် ကျွန်တော် ခင်ဗျားသမီးကို တစ်ရက်လောက် လာတွေ့လို့ရမလား?” ရှောင်းမင်ရှန်း သည် ကျန်းချိုးဟွာ အား မေးလိုက်လေသည်။ ထောင်ကျားယိ ကို လူကိုယ်တိုင်သွားတွေ့သင့်သည် မဟုတ်ပါလား။

“ရပါတယ် ကျွန်မသမီးက အိမ်မှာပဲ အနားယူ‌နေတာပါ။” ကျန်းချိုးဟွာ ကပြောလိုက်သည်။

ဒီလိုနှင့် ထိုပြဿနာမှာ အချင်းများခြင်း အလျင်းမရှိပဲ ဖြေရှင်းပြီး ဖြစ်သွားလေသည်။ ထို့ကြောင့် ကုနင်းသည်လည်း သူမကို ကေ ရှာပေးထားသော သက်သေကို ထုတ်ပြစရာ မလိုတော့ပေ။

ထို့နောက် သူတို့အားလုံး မစ္စတာယန် နှုတ်ဆက်ပြီး ပြန်လိုက်ကြလေသည်။

သူတို့အားလုံး ထွက်သွားသည်နှင့် မစ္စရန်းသည် မစ္စတာယန်ကို အလောတကြီး မေးလေတော့သည်။ “အဲဒီမိန်းကလေးက အဲလောက်တောင် အာဏာကြီးတာလဲ? ဘာလို့ ဥက္ကဌရှောင်းက သူ့ကို ကြောက်နေတာလဲ?”

မစ္စတာယန် ကလည်း “ကုနင်းက မင်းတွေးထားတာထက်ကို အရှိန်အဝါကြီးတယ်။” လို့ဆိုလိုက်ရင်း သူ သိထားသမျှအကြောင်းတွေကို ပြောပြလိုက်လေသည်။

“ဘုရားရေ ကြောက်ခမန်းလိလိပါလား!”

“ငါကတော့ ဘာပြောရမှန်းကို မသိတော့ဘူး!”

…

ရှောင်းမင်ရှန်း ၏ကားသည် ကျောင်းအပြင်ဘက်မှာ ရပ်ထားသောကြောင့် သူတို့အားလုံး အတူတူထွက်လာကြသည်။ မကြာခင်ပင် ကားပါကင်ကိုရောက်ရှိပြီး ကျန်းချိုးဟွာကို အိမ်ပြန်ပို့ပေးလိုက်လေသည်။

အိမ်အပြန်လမ်းတွင် ရှောင်းမင်ရှန်းသည်လည်း သူ့သမီး ရှောင်းပေပေအား ထောင်ကျားယိကို တောင်းပန်နေစဉ်တွင် ယဉ်ကျေးစွာ ပြောရန် ဆုံးမနေလေသည်။

ရှောင်းပေပေသည် မကျေမနပ်ဖြစ်နေသော်ငြား သူမအဖေစကားကိုတော့ နားထောင်ရမည် ဖြစ်ပေသည်။

ကုနင်းကလည်း တစ်ဖက်တွင် ကျန်းချိုးဟွာအား ထောင်ကျားယိထံ ဖုန်းဆက် ပြောပြပေးရန် ပြောလိုက်သည်။

ကုနင်း ပေးသောဆေးကို သောက်ပြီးနောက်ပိုင်း ထောင်ကျားယိမှာလည်း အတန်ငယ် သက်သာလာပြီဖြစ်သော်လည်း ရှောင်းပေပေ နှင့် ရှောင်းမင်ရှန်းတို့ လာတောင်းပန်ချိန်တွင် ထိခိုက်နာကျင်နေဟန်ပေါ်အောင် အိပ်ယာထက်တွင် လှဲလျောင်းနေလေသည်။

ကုနင်း၏ မှော်၀င်ဆေးအစွမ်းကြောင့်သာ ထောင်ကျားယိ သက်သာလာခြင်း ဖြစ်သောကြောင့် ကုနင်းကလည်း သူမကို ခဏဟန်ဆောင်နေရန် မှာထားလေသည်။

အကယ်၍သာ ရှောင်းမင်ရှန်းသည် ထောင်ကျားယိ တစ်ရက်တည်းနှင့် သက်သာနေသည်ကိုမြင်ပါက သူ့ကို လိမ်ညာလှည့်ဖြားပြီး စော်ကားသည်ဟု ယူဆမိသွားနိုင်သည်လေ။

***

အခန်း ၁၂၄၈ နားစည်ကွဲတော့မယ်

ထောင်ကျားယိ၏ အဖေသည် ယမန်နေ့ကမှ အလုပ်ခရီးထွက်သွားခဲ့သော်လည်း ယနေ့ ချက်ချင်းပြန်လာကာ ထောင်ကျားယိနှင့်အတူ နေပေးလေသည်။ ထို့ကြောင့် ထောင်ကျားယိသည် သူမအဖေကို ဧည့်သည်များလာမည့်အကြောင်း ပြောထားလိုက်သည်။

ကုနင်းနှင့်ရှောင်းမင်ရှန်းတို့သည် ကျန်းချိုးဟွာတို့မိသားစုနေထိုင်ရာ တိုက်ခန်းအောက်တွင် ကားရပ်လိုက်ကြသည်။

ရှောင်းမင်ရှန်း ကားပေါ်က ဆင်းလာသည့်အချိန်တွင် ကားနောက်ဖုံးကိုဖွင့်ပြီး ဈေးကြီးသော လက်ဆောင်များပါသည့် ဘူးပေါင်းစုံကို ထုတ်လိုက်သည်။

မစ္စတာဝမ်သည် ထောင်ကျားယိထံ၌ အရှိန်အဝါကြီးသော အထောက်အပံ့ကောင်းရှိထားသည်ဟု ဆိုထားသောကြောင့် သူ၏စိတ်သဘောထားကိုပြရန် ထိုကဲ့သို့ လက်ဆောင်များ ပြင်ဆင်လာခြင်းဖြစ်သည်။ သူ့လုပ်ရပ်မှာလည်း မှန်ကန်သွားလေသည်။

ရှောင်းမင်ရှန်းသည် လူညံ့တစ်ယောက်မဟုတ်ပေ။ ထိုလုပ်ဆောင်ချက်များသည် သူ့အတွက် အကျိုးအမြတ်များရလာစေဖို့ အခွင့်အလမ်းများဖြစ်ကြောင်း ကောင်းကောင်း သိထားလေသည်။

“ဥက္ကဌရှောင်း ဒီလောက်ထိ ယူလာစရာမလိုပါဘူး။” ကျန်းချိုးဟွာမှာ ရှောင်းမင်ရှန်း လက်ထဲမှ အထုပ်များကိုမြင်ပြီး အံ့ဩသွားသည်။ သူမ‌အနေဖြင့် ရှောင်းမင်ရှန်းတစ်ယောက် သူ့ကားထဲတွင် ဒီလောက်ထိ သယ်လာမည်မှန်း မသိခဲ့ပါချေ။

ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာလည်း မစ္စတာဝမ် ရှိနေသည်လေ။ ရှောင်းမင်ရှန်းသည်လည်း အောင်မြင်သော လုပ်ငန်းရှင်တစ်ယောက် မဟုတ်ပါလား။

“ထောင်ကတော် ဒါက ဘာမှမဟုတ်ပါဘူး။” ရှောင်းမင်ရှန်း သည် ပြုံး၍ ပြောလိုက်သည်။

ကျန်းချိုးဟွာကတော့ ဘာမှမပြောသာတော့ပါချေ။

ထို့နောက်သူမသည် ကုနင်း, ရှောင်းမင်ရှန်းနှင့်ရှောင်းပေပေတို့ကို သူမအိမ်ဆီသို့ ခေါ်သွားလိုက်သည်။

အားလုံး‌ရောက်သွားသောအခါ ထောင်ကျားယိ၏ဖခင်ကလည်း ကြိုဆိုလိုက်သည်။ ကျန်းချိုးဟွာသည် သူမခင်ပွန်းသည်အား ရှောင်းမင်ရှန်းမှာ ယဉ်ကျေးကြင်နာတတ်သူဖြစ်ကြောင်း ပြောထားသဖြင့် သူမခင်ပွန်းကလည်း စိတ်ဆိုးပြေနေပြီဖြစ်သည်။

ရှောင်းမင်ရှန်းမှာ ကုနင်းမျက်နှာဖြင့် ယဉ်ကျေးပြနေခြင်း ဖြစ်သည်ကို သိသော်လည်း ကျန်းချိုးဟွာ စိတ်ကျေနပ်နေလေသည်။

အားလုံးထိုင်လိုက်ပြီးနောက်တွင် ရှောင်းမင်ရှန်းက ထောင်ကျားယိ၏ဖခင်ကို ထပ်တောင်းပန်ပြန်သည်။ ထို့နောက် သူ့သမီး ရှောင်းပေပေကိုလဲ ထောင်ကျားယိအားတောင်းပန်ရန် ထောင်ကျားယိ၏အခန်းထဲသို့ ခေါ်သွားလေသည်။

ရှောင်းပေပေသည် ထောင်ကျားယိကို အနိုင်ကျင့်ထားသောကြောင့် သူမကို မြင်သည်နှင့် ထောင်ကျားယိမှာ လွန်စွာကြောက်လန့်သွားလေသည်။ သို့သော် ရှောင်းပေပေသည် သူမ‌အပေါ် ထပ်အနိုင်ကျင့်ရဲတော့မည် မဟုတ်ပေ။

အစပိုင်းတွင်တော့ ရှောင်းပေပေသည် ထောင်ကျားယိကိုတောင်းပန်ရန် တွန့်ဆုတ်နေသော်လည်း သူမအဖေ ရှောင်းမင်ရှန်း၏ အကြည့်ကြောင့် ကြောက်လန့်သွားကာ “ငါတောင်းပန်ပါတယ် ထောင်ကျားယိ။ ငါနင့်ကို အနိုင်မကျင့်ခဲ့သင့်ဘူး။ ငါ့အမှားပါ၊ ဒီတစ်ခါပဲ ငါ့ကို ခွင့်လွှတ်ပေးပါနော်။” ဟု ပြောလိုက်လေသည်။

ရှောင်းမင်ရှန်းသည် ရှောင်းပေပေအား တောင်းပန်နည်းကိုပင် မသိမည်စိုးသောကြောင့် ကြိုသင်ပေးထားခြင်းဖြစ်သည်။

ရှောင်းပေပေ၏အသံမှာ စိတ်မပါလက်မပါ ဖြစ်နေသော်လည်း မည်သူမျှ ဂရုမစိုက်ကြပါချေ။

“ကောင်းပြီလေ။” ထောင်ကျားယိ ပြန်ပြောလိုက်သည်။

ထို့နောက် ရှောင်းမင်ရှန်းသည် စာအိတ်တစ်အိတ်ကို ထုတ်လိုက်ပြီး ထောင်ကျားယိ၏ အဖေကို ပေးလိုက်ကာ “မစ္စတာထောင် ဒီထဲမှာ ယွမ် ၃ သောင်းပါပါတယ်။ ကျားယိအတွက် ဆေးကုသစရိတ်နဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုအတွက် လျော်ကြေးပါ။ အထဲမှာ ကျွန်တော့် နာမည်ကတ်လည်း ပါ,ပါတယ်။ တစ်ခုခုလိုအပ်ရင် ကျွန်တော့်ကို ဆက်သွယ်လိုက်ပါ။” ဟု ပြောလိုက်သည်။

ယွမ် ၃ သောင်းဆိုသောပမာဏသည် နည်းသော ငွေကြေးမဟုတ်ပေ။ ထောင်ကျားယိ၏ ဆေးကုသစရိတ်ထက်ပင် များစွာပိုလျှံသော ငွေဖြစ်သည်။ ထောင်ကျားယိသည်လည်း အနည်းငယ် ထိခိုက်သွားသည်မှလွဲ၍ ကြီးကြီးမားမားပြဿနာ ရှိမနေချေ။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက်ဆိုလျှင်လည်း ယွမ် ၁ သောင်းဆိုလျှင်ပင် လုံလောက်နေပြီ ဖြစ်သည်။

ရှောင်းမင်ရှန်းသည် ထိုယွမ် ၃ သောင်းကိုလည်း ကုနင်း မျက်နှာဖြင့် ပေးခဲ့ခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေ ကုနင်း၏ မှော်ဆေးလုံးကတော့ အဆပေါင်းများစွာ ပိုဈေးကြီးကြောင်း မည်သူမျှ မသိပါချေ။ ထိုဆေးလုံး တစ်လုံးကပင် အနည်းဆုံး ယွမ် ၁ သန်းခန့် အဖိုးတန်သည် မဟုတ်ပါလား။

ကုနင်းသည် ထောင်ကျားယိအတွက် ထိုဆေးလုံးကို အခမဲ့ ပေးလိုက်ခြင်းဖြစ်သည်။ ထောင်ကျားယိတို့မိသားစုမှာ ထိုမျှလောက် တတ်နိုင်မည် မဟုတ်မှန်း သူမ သိထားသည်လေ။

“ကျေးဇူးပါ။” ထောင်ကျားယိ၏ဖခင်သည် စာအိတ်ကို ယူထားလိုက်သည်။ သူ့မိသားစုအတွက် လိုအပ်သည်ပင်။

ရှောင်းမင်ရှန်းသည် အလုပ်များသော သူတစ်ယောက်ဖြစ်သောကြောင့် ထောင်ကျားယိအိမ်တွင် ကြာကြာမနေနိုင်ပဲ လျော်ကြေးပေးပြီးနောက်တွင် ရှောင်းပေပေကိုခေါ်ကာ ပြန်သွားလေသည်။

ကုနင်း နှင့် ကျန်းချိုးဟွာတို့လည်း ကျောင်းကို ပြန်သွားလိုက်ကြသည်။

ကုနင်း မပြန်ခင်တွင် ထောင်ကျားယိ၏ဖခင်မှာ သူမအား ထပ်ခါတလဲလဲ ကျေးဇူးတင်နေလေသည်။ ကုနင်းကြောင့်သာမဟုတ်လျှင် ပြဿနာသည် ဒီလောက်လွယ်လွယ်နှင့် ပြီးသွားမည် မဟုတ်ချေ။

ထိုသို့ အလွယ်တကူပြီးသွားသောကြောင့် ကုနင်း နှင့် ကျန်းချိုးဟွာတို့လည်း အချိန်ကြာကြာမယူလိုက်ရချေ။ သူတို့ ကျောင်းသို့ ပြန်ရောက်လာချိန်တွင် စာသင်နေတုန်းပင် ရှိနေသေးသည်။

ကုနင်းသည် ဆရာနှင့် ကျောင်းသားများကို မနှောင့်ယှက်ချင်သော‌ကြောင့် ကျန်းချိုးဟွာ၏ ရုံးခန်းထဲတွင်ပင် အနားယူနေလေသည်။

ထိုအရာကိုလည်း ကုနင်းသာလုပ်ရဲသူဖြစ်လေသည်။ အခြားကျောင်းသားများသည် အတန်းပိုင်ဆရာမနှင့် ဝေးဝေးသာရှောင်နေကြသည် မဟုတ်ပါလား။

ကုနင်းသည် အတန်းပြီးသွားချိန်တွင် အခန်းထဲသို့ ပြန်သွားလေသည်။

ကုနင်း အခန်းထဲသို့၀င်လိုက်သည်နှင့် သူမအတန်းဖော်များသည် စိုးရိမ်တကြီး မေးကြလေသည်။

“ဟေး ကုနင်း၊ နင် အတန်းပိုင်ဆရာမနဲ့ ထွက်သွားတာတွေ့လိုက်တယ်။ နင်ဘာတွေဖြစ်ထားလို့လဲ?”

“ဘာလို့ အတန်းပိုင်ဆရာမနဲ့ ထွက်သွားတာလဲ?”

ကုနင်းသည် စိုးရိမ်ပေးမှုများကို နားလည်သောကြောင့် ရှင်းပြပေးလိုက်သည်။ “ငါတို့လုပ်စရာလေးတစ်ခုရှိလို့ ထွက်သွားတာပါ အခုအဲဒီကိစ္စလည်း ပြီးပြီ။”

သူမသည် အသေးစိတ်ကိုမပြောလိုက်သလို အခြားကျောင်းသားများကလည်း လိုက်မမေးကြပါချေ။

မည်သို့ပင်ဆိုစေ ပြဿနာကတော့ ပြီးသွားပြီဖြစ်သည်။

ကုနင်းသည် ဆရာမနှင့် သူမကြားဆက်ဆံရေးကို မပြောလိုသော်လည်း အတန်းဖော်များသည် သူမနားတွင် ဝိုင်းနေကြလေသည်။

ကုနင်းနှင့်အတူထိုင်သူ ယွီမီရှီကတော့ ရူးချင်နေပြီ ဖြစ်သည်။ ကုနင်းလည်း စိတ်ရှုပ်နေပြီဖြစ်သော်လည်း သူမအတန်းဖော်များက သူမအပေါ် ကောင်းသူများဖြစ်သောကြောင့် ဘာမှမပြောသာပါချေ။

ထိုအချိန်တွင် ကံကောင်းစွာဖြင့် နောက်အတန်းတစ်ခု စပြီဖြစ်သောကြောင့် သူတို့လည်း နေရာသို့ ပြန်ထိုင်သွားကြလေသည်။

“နင်းနင်း ရေ ငါ့နားစည်တွေ ကွဲတော့မယ်။” ယွီမီရှီ သည် မကျေမနပ်ပြောနေလေသည်။

ကုနင်းလည်း ရှက်သွားပြီး သူမနှာခေါင်းလေးကို ထိလိုက်ကာ “ဆောရီးပါဟာ ငါသူတို့ကို နောက်ဒီလို မဖြစ်အောင် ပြောထားလိုက်ပါမယ်နော်။”

သူမကိုယ်တိုင်လည်း မခံစားနိုင်တော့သည်လေ။

All Chapters