← Chapters

အခန်း (၁၂၄၉-၁၂၅၄)

Vol. 81 Ch. 1249-1254

အခန်း (၁၂၄၉-၁၂၅၄)

Vol. 81 Ch. 1249-1254

အခန်း ၁၂၄၉ ကျန်းဇယ် တစ်ယောက် ကျောက်ဖူလင် ကို ပြန်လိုက်ခြင်း

အမျိုးသားကောလိပ်၀င်ခွင့်စာမေးပွဲ နီးလာသောကြောင့် သူတို့အားလုံး အတန်းစသည်နှင့် စာကို အာရုံစိုက်လိုက်ကြသည်။

ကုနင်းသည် သူမအတန်းတွင် စာအတော်ဆုံး ဖြစ်ခဲ့သော်လည်း အတန်းမတက်ခဲ့တာ ကြာသောကြောင့် သူမသည်လည်း စာမေးပွဲအတွက် ပြန်ကြည့်ရမည် ဖြစ်လေသည်။ သူမသည် မယုံနိုင်စရာကောင်းအောင် မှတ်ဉာဏ်ကောင်းသူဖြစ်သောကြောင့် ဖတ်စာအုပ်ကို ကြည့်လိုက်ပြီးနောက်တွင် သူမအတွက် အနည်းငယ်သာ အားစိုက်ထုတ်ရမည်ဖြစ်ကြောင်း သိသွားလေသည်။

ကျန်းချိုးဟွာသည်လည်း ကုနင်းမှာ စာတော်သောကျောင်းသူဖြစ်ကြောင်း သိသော်လည်း စိတ်တော့ပူနေမိလေသည်။ ကုနင်းအဖို့ ကျောင်းပျက်ရက်များ အချိန်အတော်ကြာ ရှိနေခဲ့သည်ကိုး။

ထို့ကြောင့်လည်း ကုနင်းကို အတန်းထဲတွင် စာများဖိမေးနေလေသည်။

သို့‌သော် အံ့ဩစရာကောင်းလောက်အောင်ပင် ကုနင်းသည် မေးသမျှကို ကောင်းကောင်းဖြေဆိုနိုင်လေသည်။

ကုနင်း၏အတန်းဖော်များသည်လည်း အထင်ကြီးနေကြတော့သည်။ ကုနင်းသည် အမြဲတမ်းထူးချွန်သူဖြစ်နေခဲ့သော်လည်း သူမအတန်းဖော်များသည် မနာလိုစိတ် အလျဉ်းမရှိကြပဲ အထင်ကြီး လေးစားကြလေသည်။

အတန်းပြီးသည့်နောက်တွင် ကုနင်း နှင့် ယွီမီရှီတို့ အတန်းထဲမှ ထွက်ပြီး မုခယ် နှင့် ချူးဖေ့ဟန်တို့ဆီ သွားလိုက်ကြသည်။ ထို့နောက် သူငယ်ချင်းများစုပြီး ကန်တင်းသို့ သွားကြလေသည်။

သူတို့ကို လမ်းတစ်‌လျှောက် အခြားကျောင်းသားများ မြင်သောအခါ ကုနင်းနှင့်ရင်းနှီးသော ဆက်ဆံရေးကို မနာလိုဖြစ်နေကြလေသည်။

“အိုး နင်းနင်း ငါ့မိသားစုက ကောလိပ်၀င်ခွင့်စာမေးပွဲပြီးရင် တိုက်ခန်းအသစ်ကို ပြောင်းမလို့တဲ့။ အဲဒါ ငါ့အမေက နင်တို့အားလုံးကို အိမ်သစ်တက်ပွဲ လာဖို့ ဖိတ်ခိုင်းထားတယ်။” ဟု ယွီမီရှီ က ပြောလိုက်သည်။

ကျားဟွာဥယျာဉ်မှ တိုက်ခန်းများကို လတ်တလော ရောင်းချနေပြီဖြစ်သော်လည်း မွမ်းမံဖို့တော့ အချိန်ယူရဦးမည်ဖြစ်သည်။

အန်းကွမ်းယောင်သည် ယွီမီရှီ မိသားစုအတွက် ပြင်ဆင်မှုများလုပ်ပြီး ဖြစ်သော်လည်း အဆင်သင့်ဖြစ်ရန် ၃ လခန့်ကြာဦးမည် ဖြစ်သောကြောင့် ဂျွန်လမတိုင်ခင်အထိ ပြောင်းရွေ့၍ မရကြသေးပေ။

ကုနင်းက “လာမှာပေါ့။” ဟု ပြောလိုက်သည်။

ထို့နောက် ဆက်ပြီး “နင့်အမျိုးတွေကရော? နင်တို့မိသားစုကို သူတို့ အခုတလော နှောင့်ယှက်နေကြသေးလား?”

“ဟင့်အင်း သူတို့တွေငြိမ်နေကြတယ်။”

“ကြားရတာ၀မ်းသာပါတယ်။” ကုနင်း ပြုံး၍ ပြောလိုက်သည်။ ယွီမီရှီ၏ဆွေမျိုးများသည် သူမတို့မိသားစုအတွက် ၀န်ထုပ်၀န်ပိုးဖြစ်နေခဲ့သည် မဟုတ်ပါလား။

မုခယ်ကလည်း “စိတ်မပူပါနဲ့။ သူတို့ နင်တို့ မိသားစုကို ထပ်နှောင့်ယှက်ရင် ငါတို့သူတို့ကို တစ်သက်စာ မမေ့နိုင်အောင် သင်ခန်းစာပေးပစ်လိုက်မယ်။” ဟု ပြောလိုက်လေသည်။

“သိပ်ဟုတ်တာ‌ပေါ့။” ဟောင်ရန် နှင့် အခြားသူများကလည်း ထောက်ခံကြသည်။

သူတို့ ကန်တင်းသွားရာ လမ်းတစ်လျှောက်တွင် ကုနင်း နှင့် သူမသူငယ်ချင်းများသည် သူမ‌အကြောင်း ပြောနေသံကို ကြားလိုက်ရသည်။

“သူက ကုနင်း မလား။ ငါသူ့အကြောင်းတွေ ကြားမိတယ်။ ငါကတော့ မယုံဘူး.. ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုအောင်မြင်လာတယ်ဆိုတယ နောက်ကွယ်မှာ တစ်ခုခုတော့ ရှိရမယ်။”

သူမသည် ကုနင်း အကြောင်း သွားပုပ်လေလွင့် ပြောလေ့ရှိသူဖြစ်သည်။ သူမသည် ကုနင်းကို အထင်ကြီးလေးစားသော်လည်း ကုနင်း၏အောင်မြင်မှုများကိုတော့ လက်သင့်မခံနိုင်ဖြစ်နေသူပင်။

ထိုသို့ပြောနေသံကို ကုနင်းတင်မက ချူးဖေ့ဟန် နှင့် အခြားသူများပါ ကြားသွားပြီး ဒေါသထွက်သွားကြလေသည်။ သူတို့အားလုံးသည် ကုနင်း၏ကိုယ်ရေကိုယ်သွေးကို သိပြီးဖြစ်သလို အမှီအခိုကင်းစွာ ရပ်တည်နိုင်သော မိန်းကလေးတစ်ယောက်ဖြစ်သည်ကိုလည်း ကောင်းကောင်းသိထားကြသူများပင်။

ပြောနေသော မိန်းကလေးသည် ချူးဖေ့ဟန်၏ မီး၀င်း၀င်းတောက်နေသော မျက်လုံးကို တွေ့လိုက်ရချိန်တွင် ချက်ချင်း ပါးစပ်ပိတ်သွားသော်လည်း ထင်ချင်ရာတော့ ထင်နေတုန်းပဲ ဖြစ်သည်။

“ရပါတယ်။” ကုနင်းသည် သူမသူငယ်ချင်းများကို ထိုမိန်းကလေးနှင့် အချင်းများမည်စိုးသောကြောင့် လိုက်တားဆီးနေလေသည်။

“အဲဒီတစ်‌ယောက်က ရူးများနေတာလား?” ချင်ကျီရွှမ်းသည် ဒေါသတကြီး ပြောလိုက်သည်။

တကယ်တော့ ကုနင်းသည် သူတစ်ပါး အကူအညီမပါပဲ အောင်မြင်အောင် စွမ်းဆောင်နိုင်သူဖြစ်သည်။ ထိုအရာမှာ သူမ၏ လျှို့ဝှက်ချက် တစ်ဖြစ်လဲ စကားပြောသော မျက်လုံးများဖြစ်ပေသည်။

ထိုမိန်းကလေး ကုနင်းကို တိုက်ခိုက်နေခြင်းသည် ကုနင်းဟာ ပိုက်ဆံအတွက် သူမခန္ဓာကိုယ်ကို ရောင်းစားထားသည်ဟု ထင်နေသောကြောင့် ဖြစ်သည်။

“ဒီခေတ်ကြီးထဲမှာ ဒီလိုလူမျိုးလည်း ရှိသေးတာလား? ဒီလောက်တောင် အထူအပါးနားမလည်တဲ့သူကို ငါတို့ ပညာပေးမှ ဖြစ်တော့မယ်။” မုခယ်သည် အားလုံးကြားအောင် ကျယ်လောင်စွာ ပြောလိုက်လေသည်။

သူသည် အခြားသူများကို ကုနင်းတွင် အထောက်အပံ့များရှိကြောင်း၊ အရင်လို အားနည်းသူမဟုတ်ကြောင်း ပြသလိုက်ခြင်းလည်း ဖြစ်သည်။

အခြားအနီးရှိ ကျောင်းသားများကလည်း ထောက်ခံကြလေသည်။

ကုနင်းတစ်ယောက် အောင်မြင်မှုကိုရရှိရန် မည်သည်ကိုပဲ လုပ်ခဲ့ပါစေ ယခု‌ရရှိထားသော အောင်မြင်မှုကတော့ အမှန်တရားပင် ဖြစ်လေသည်။

ကုနင်းကို မကောင်းပြောနေသော မိန်းကလေးသည် ကြောက်လန့်တကြား လှည့်ပြေးသွားလေသည်။ သူမသည် ကုနင်းမိသားစု နောက်ခံအကြောင်းကို သေချာ မသိသော်ငြား သူမသူငယ်ချင်းများကတော့ ကောင်းကောင်းသိထားသည်ပင်။

ကုနင်းသည် သခင်ကြီးထန်၏ မြေးအရင်းဖြစ်ပြီး သူမ၏ချစ်သူသည်လည်း မြို့တော်တွင် ထင်ရှားကျော်ကြားသူ ဖြစ်ပေသည်။ ထို့ကြောင့်လည်း သူမကို မည်သူကမျှ သွားမရှုပ်ရဲခြင်း ဖြစ်သည်။

ထိုသို့ဖြင့် မကြာမီ ကုနင်း နှင့် သူမသူငယ်ချင်းတို့ ကန်တင်းသို့ ရောက်သွားကြလေသည်။

…

တစ်ချိန်တည်းမှာပင် City B တွင်..

ကျန်းဇယ်သည် ကျောက်ဖူလင်နှင့် လူချင်းတွေ့ရရန် အစီအစဉ်ဆွဲနေလေသည်။ သို့သော် ကျောက်ဖူလင်သည် သူ့အား တွေ့ချင်မည်မဟုတ်ကြောင်းသိသလို ကျန်းယန်နီကိုလည်း ထိုအကြောင်းအား ပေးမသိချင်ပေ။

ထို့ကြောင့် ကျန်းဇယ်လဲ အကြောင်းပြပြီး ကျန်းယန်နီနှင့် နေ့လည်စာစားဖို့ကို ဖျက်လိုက်ကာ သူ့အသိတစ်ယောက်ကို အကူအညီတောင်းပြီး သစ်တောတွင် ကျောက်ဖူလင်နှင့် တွေ့ရဖို့ ချိန်းလေသည်။

သူ့အသိမိတ်ဆွေသည်လည်း ကျောက်ဖူလင်နှင့်ကျန်းဇယ် ကြားကိစ္စများကို မသိထားသောကြောင့် ကူညီလိုက်လေသည်။

သူသည် ကျောက်ဖူလင်အား ပြောစရာရှိသည်ဟူ၍ ခေါ်လိုက်သောကြောင့်လည်း ကျောက်ဖူလင်သည် ရှည်ရှည်ဝေးဝေး မတွေးပဲ သွားတွေ့လိုက်ခြင်း ဖြစ်သည်။ သို့သော် သူမချိန်းထားသော နေရာသို့ရောက်ပြီး ကျန်းဇယ်ကို တွေ့လိုက်ရသည့် အချိန်တွင်တော့ နားလည်သဘောပေါက်သွားပြီး ချက်ချင်းပင် လှည့်ပြန်လိုက်လေသည်။

ကျန်းဇယ်ကလည်း သူမနောက်သို့ ပြေးလိုက်ပြီး တားလေသည်။

“ဖယ်စမ်းပါ။” ကျောက်ဖူလင်သည် အေးတိအေးစက် ပြန်ပြောလိုက်သည်။

***

အခန်း ၁၂၅ဝ စပါးကြီးမြွေ

“ဖူလင် ငါပြောတာကို နားထောင်ပေးပါဦး။” ကျန်းဇယ် သည် အလျင်အမြန်ပြောလိုက်သည်။

“ဘာအတွက်လဲ? ငါတို့ကြားမှာ ဘာမှ ပြောစရာမရှိဘူးလို့ ပြောထားပြီးပြီနော်။ ငါနဲ့ ဝေးဝေးနေစမ်းပါ။” ဖူလင် သည် အေးစက်စက်ပြောလိုက်လေသည်။ သို့သော် သူမရှောင်ထွက်သွားတိုင်း ကျန်းဇယ်သည် လိုက်တားကာ “ဖူလင် နင်က ငါ့အတွက် အချစ်စစ်ပါဟာ။ ဒါပေမယ့် ကျန်းယန်နီကနင့်အကြောင်းတွေကို နောက်ကွယ်မှာ မကောင်းပြောနေတော့ သူပြောတာတွေ နားယောင်မိပြီး နင့်ကို အထင်လွဲမိတာပါ။” ဟု လိုက်ပြောနေလေသည်။

“နောက်မှ ငါလည်း သူက ရည်ရွယ်ချက်ရှိရှိ လိမ်နေမှန်း သိလိုက်ရတာပါ။ နင်က သူပြောသလို လူမဟုတ်မှန်း ငါသိသွားပါပြီ။ ငါ့ကို အခွင့်အရေးထပ်ပေးပါနော်။”

ကျန်းဇယ်သည် ကျောက်ဖူလင် ထိုကဲ့သို့ ပြောနေခြင်းမှာ ကျောက်ဖူလင်သည် ကျန်းယန်နီအား ပြန်သွားပြောနေမည် မဟုတ်ဟု ယုံကြည်ထားခြင်းကြောင့် ဖြစ်လေသည်။

အကယ်၍ ကျောက်ဖူလင်သည် သူပြောတာကို ယုံကြည်သွားလျှင်တော့ဖြင့် ကျန်းယန်နီ သိသွားလည်း စိတ်ပူစရာ မလိုတော့ပေ။ သို့သော် ကျောက်ဖူလင် သူ့ကို လက်မခံပါကလည်း သူမကို ဗြောင်ငြင်းလိုက်ရုံပင်။ ကျန်းဇယ်သည် ထိုကဲ့သို့ တစ်ကိုယ်ကောင်းဆန်သူဖြစ်သည်။

ကျောက်ဖူလင်သည် ကျန်းဇယ်ပြောသည်များကို ကြားပြီး လွန်စွာ အံ့ဩသွားလေသည်။ ကျန်းယန်နီ နှင့် ကျန်းဇယ်ကြားတွင် လျှို့ဝှက်ထားသောကိစ္စကို ကျန်းယန်နီက ထိုကဲ့သို့ သစ္စာဖောက်ပြီး ပြောလိမ့်မည်ဟု မထင်ခဲ့ချေ။

သူမ ပိုအံ့ဩသွားသည်မှာ ကျန်းယန်နီသည် သူမအကြောင်း ကျန်းဇယ် ကို အပုပ်ချခြင်းကို ဖြစ်သည်။

သေချာသည်ကတော့ ကျန်းဇယ်သည် ထိုကဲ့သို့ သူမျိုးဖြစ်သောကြောင့် သူ့အပေါ် မယုံရဲခြင်းပင်။

သို့သော် ထိုအရာများသည် အရေးမကြီးတော့ပါချေ။ သူမမျက်ဝန်းများက လျစ်လျူရှုလိုက်ပြီဖြစ်ကြောင်း သက်သေပြနေသည် မဟုတ်ပါလား။

“ကျန်းဇယ် နင်ပြောတာတွေ မှန်လား မှားလား ငါစိတ်မဝင်စားဘူး။ ငါ့အတွက် အဲဒါတွေက အရေးလဲမကြီးတော့ဘူး။ ငါ ကျန်းယန်နီကိုလည်း ဒီအကြောင်းတွေ ပြန်မပြောပါဘူး။ နင်လည်း ငါ့ကို လိုက်မနေပါနဲ့တော့။ ငါဒါနောက်ဆုံး ပြောခြင်းပဲ။” ကျန်းယန်နီ ထိုသို့ပြောပြီး ထွက်သွားလေသည်။

“ဖူလင် နင်ဒီလောက်ထိ သွေးအေးဖို့ လိုလို့လား?” ကျန်းဇယ် နာကျင်နေသည့်ပုံစံဖြင့် ပြောလိုက်သည်။ သူသည် ကျောက်ဖူလင်က သူ့ကိုလက်မခံသောကြောင့် ဝမ်းနည်းနေခြင်းမဟုတ်ပဲ ကျောက်ဖူလင်က သူ့ကို အခွင့်အရေး မပေးသောကြောင့် ဆုံးရှုံးရတော့မည်ကို တွေးကြောက်နေခြင်း ဖြစ်သည်။ သူ့မျက်လုံးထဲတွင် ကျောက်ဖူလင်ကိုသာ လက်ထပ်လိုက်ပါက သူမမိသားစု၏ ကြွယ်ဝမှုများသည် သူ့ထံသို့ ရောက်ရှိလာမည်ကိုပဲ မြင်နေတော့သည်လေ။

သို့သော် ကံဆိုးစွာပင် ကျန်းယန်နီကြောင့် သူ၏ချမ်းသာနိုင်မည့် အခွင့်အရေးကို လက်လွှတ်ရတော့မည် မဟုတ်ပါလား။

သူသည် ကျန်းယန်နီကို အပြစ်ပုံချနေသော်လည်း သူမနှင့် ထိပ်တိုက်တော့ ရန်မဖြစ်လိုပါချေ။

ကျန်းဇယ်အတွက်တော့ လွတ်တဲ့ငါးကြီးနေတော့သည်။

“ငါက သွေးအေးတယ်? နင်ကပဲ ဒီစကားပြောထွက်သေးတယ်။ ငါတို့က အစတည်းက အခုထိ ကျောင်းနေဖက် သူငယ်ချင်းတွေပဲ။ ဘာမှ ပြောင်းလဲသွားစရာ မရှိဘူး။ ကျန်းဇယ် နင်ငါ့ကို လိုက်နှောင့်ယှက်နေတော့မယ်ဆိုရင် ငါရဲခေါ်လိုက်တော့မယ်။” ဟု ပြောလိုက်လေသည်။

ထိုစကားကိုကြားပြီးနောက်တွင်တော့ ကျန်းဇယ်ထိတ်လန့်သွားပြီး ကျောက်ဖူလင်ကို မတားရဲတော့ပါချေ။

ကျောက်ဖူလင်သည်လည်း သူ့ကို တစ်ချက်ကြည့်ပြီး ထွက်သွားလေသည်။

ကျန်းဇယ်သည် လက်မလျှော့ချင်သေးသော်လည်း ဘာမှ မတတ်နိုင်တော့သည်ပင်။

…

Fမြို့တွင် ကုနင်းနှင့် သူမသူငယ်ချင်းများသည် နေ့လည်စာစားပြီး ရာသီဥတု ပူနေသောကြောင့် သစ်တောထဲတွင် အေးအေးလူလူ လမ်းလျှောက်ရင်း အပန်းဖြေနေကြလေသည်။

ထိုရက်ပိုင်းအတွင်း ကုနင်းသည် အခြားကျောင်းသားများကဲ့သို့ ကျောင်းကို နေ့တိုင်းသွားနေပြီး တစ်ခါတစ်ရံတွင်တော့ လင်ရှောင်းထင်နှင့် ဖုန်းပြောလေသည်။

လင်ရှောင်းထင်သည် ထိုတလော အလုပ်များနေသောကြောင့် ကုနင်းနှင့် ဆက်သွယ်စရာ အချိန်များ,များ ရှိမနေပေ။

နောက်လေးရက်နေလျှင်လည်း ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေရတော့မည်ဖြစ်သည်။

ကုနင်း ကန်တင်းသို့သွားနေစဉ်တွင် လီမြောင်စုန့်ထံမှ ဖုန်းဝင်လာသည်။

“ဟိုင်း ဦးလေးလီ။”

“မစ်-မစ္စကု ကယ်ပါဦး ကယ်ပါဦး။” လီမြောင်စုန့်၏ ဖုန်းထဲမှ အသံမှာ ထိတ်လန့်စိတ်ဖြင့် တုန်ရီနေလေသည်။

“ဦးလေး ဘာဖြစ်လို့လဲ?” ကုနင်း သည် စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။

“ဦးလေးအခု Xနိုင်ငံ ရဲ့ Gမြို့မှာရှိတဲ့ ရှောင်းလီ ဆိုတဲ့ ရွာလေးမှာရောက်နေတာ။ အဲဒီမှာ ဂူအကြီးကြီး တစ်လုံးရှိတယ်။ အခု ဦးလေးတို့ စပါးကြီးမြွေတစ်ကောင်နဲ့ တိုးပြီး ကောယိရန်ကလည်း အကိုက်ခံထားရတယ်။ ကျန်းချွမ်နဲ့ ဦးလေးကတော့ ထွက်ပြေးခဲ့ပေမယ့် ကောယိရန်နဲ့ စွင်းချောင်တို့တော့ ပျောက်နေကြတယ်။ သူတို့ သေလား ရှင်လားလည်း မသိဘူး။ အဲဒါကြောင့် မင်းကို အကူအညီတောင်းတာပါ။” လီမြောင်စုန့် သည် ငိုသံကြီးနှင့် ပြောနေလေသည်။

အရေးအပေါ် အခြေအနေ မဟုတ်ပါလား။

ကောယိရန် နှင့် စွင်းချောင်တို့သည် သူ၏ သွေးသောက်ညီအစ်ကိုများဖြစ်ကြသောကြောင့် သူတို့အတွက် စိတ်ပူမိလေသည်။

ကုနင်းသည် ဇွန်ဘီးတစ်ကောင်ကိုတောင် သတ်နိုင်စွမ်းရှိသောကြောင့် စပါးကြီးမြွေတစ်ကောင်လောက်ကတော့ ပမွှားပင်ဖြစ်သည်။ ထို့ကြောင့်လည်း လီမြောင်စုန့် သည် ကုနင်း ကို ချက်ချင်းခေါ်လိုက်ခြင်း ဖြစ်သည်။

“ကျွန်မအခုပဲ လာခဲ့မယ်။ ဒါပေမယ့် အခုက Fမြို့မှာရောက်နေတာဆိုတော့ လေယာဉ်စီးရင် ကြာနေမှာစိုးလို့ ကားမောင်းလာခဲ့လိုက်မယ်။ Gမြို့ကို ၂ နာရီအတွင်း ရောက်စေရမယ်။” ဟု ကုနင်း ပြောလိုက်သည်။

သူမကိုယ်တိုင်လည်း ကူညီချင်နေပေသည်။ လီမြောင်စုန့်တို့ဒုက္ခရောက်နေသည့်အချိန်တွင် ဒီတိုင်းတော့ ကြည့်မနေနိုင်ပေ။

ကောလိပ်ဝင်ခွင့်စာမေးပွဲနီးနေပြီ ဖြစ်သော်လည်း သူမ ဂရုမစိုက်အားတော့သည်လေ။

တကယ်တော့ Gမြို့ကို Fမြို့ မှ လေယာဉ်နှင့် သွားလျှင် တစ်နာရီခန့်သာ ကြာမည်ဖြစ်သော်လည်း အစောဆုံးလေယာဉ်လက်မှတ်ကို ဖြတ်မရမည် စိုးသောကြောင့် ဖြစ်သည်။ ထို့အပြင် ထိုလက်မှတ်ကို စောင့်နေရင်းနှင့်လည်း အချိန်ကုန်သွားနိုင်သည်လေ။

ဘာပဲဖြစ်ဖြစ် သူမကတော့ ကားမောင်းထွက်သွားပြီ ဖြစ်သည်။

***

အခန်း ၁၂၅၁ ကားပြိုင်ပွဲ

ပုံမှန်အားဖြင့် Gမြို့ကို Fမြို့ မှ ကားမောင်းသွားလျှင် ၃ နာရီခန့်ကြာမည် ဖြစ်သော်လည်း ကုနင်းသည် ကားကို အရှိန်မြင့်လိုက်မည်ဆိုလျှင် ၂ နာရီအတွင်း ရောက်သွားမည်ဖြစ်သည်။

“ဘုရားသခင် ကျေးဇူးတင်ပါတယ်။” လီမြောင်စုန့်သည် ကုနင်း လာနေပြီဟု သိလိုက်ရသောအခါ စိတ်သက်သာရာ ရသွားလေသည်။

“Fမြို့ ကနေ လာမယ်ဆိုရင် Gမြို့ကို ဖြတ်လာစရာမလိုဘူး။ Xနိုင်ငံ ရောက်ရင် အဲဒီအပြင်ဘက်မှာ လမ်းသေးသေးလေးတစ်ခုရှိတယ်။ အဲဒီကနေလာလိုက်ပြီး ညာဘက်ကို ၅ ကီလိုမီတာလောက် လမ်းလျှောက်လိုက်ရင် ရှောင်းလီ ရွာကို ရောက်သွားလိမ့်မယ်။”

“ဟုတ်ကဲ့.. အခုလာနေခဲ့မယ်။” ကုနင်းပြောလိုက်ပြီး ဖုန်းချလိုက်လေသည်။

“ခေါင်းဆောင် ဘာဖြစ်လို့လဲ?” ကုနင်း၏ သူငယ်ချင်းများက ဝိုင်းမေးလိုက်ကြသည်။

သူတို့သည် ကုနင်းတစ်ယောက် Gမြို့ သို့ သွားမည်ဟု သိထားသော်လည်း အကြောင်းရင်း မသိရသဖြင့် စိတ်ပူပန်နေကြလေသည်။

“အရေးကြီးကိစ္စပေါ်လာလို့ အခု Gမြို့ ကို သွားရမယ်။” ကုနင်း သည် ဘာမှမရှင်းပြပဲ ထွက်သွားလိုက်လေသည်။

ချူးဖေ့ဟန်တို့လည်း သူမကို မတားနိုင်သဖြင့် သူမထွက်သွားသည်ကိုသာ ကြည့်နေလိုက်ကြသည်။

“ကောလိပ်ဝင်ခွင့်စာမေးပွဲကိုတော့ မထိခိုက်လောက်ပါဘူးနော်?” ဟောင်ရန်က ပြောလိုက်သည်။

“အင်း ဟုတ်တယ်နော်။” အခြားသူများကလည်း စိတ်ပူနေကြလေသည်။

ကောလိပ်ဝင်ခွင့်စာမေးပွဲသည် သူတို့အတွက် အရေးကြီးသောစာမေးပွဲဖြစ်သောကြောင့် သေချာအာရုံစိုက်ရမည်ဖြစ်သည်။

ကုနင်းသည် ကျောင်းမှ ပြန်ထွက်လာပြီး ကျောင်းအုပ်ထံ ဖုန်းဆက်လိုက်သည်။

ကျောင်းအုပ်သည်လည်း ကုနင်း တစ်ယောက် ကောလိပ်ဝင်ခွင့် စာမေးပွဲမတိုင်ခင် မသွားသင့်ကြောင်း တွေးမိသော်လည်း အရေးကြီးကိစ္စဖြစ်နေသောကြောင့် ခွင့်ပြုလိုက်ရလေသည်။

ထို့နောက် ကုနင်းသည် သူမ အတန်းပိုင်ဆရာမဖြစ်သူ ကျန်းချိုးဟွာကို ဖုန်းခေါ်လိုက်သည်။ ကျောင်းအုပ်ကိုယ်တိုင်က ခွင့်ပြုထားပြီး ဖြစ်သောကြောင့် ကျန်းချိုးဟွာသည်လည်း ဘာမှ မပြောသာတော့ပါချေ။

ကုနင်းသည် နေ့စဉ်ကျောင်းသွားနေသောကြောင့် သူမကားသည် ကျောင်းအပြင်ဘက်တွင် အသင့်ရှိနေလေသည်။ သူမကားထဲရောက်သည်နှင့် Gမြို့ကို အမြန်ဆုံး မောင်းထွက်သွားလေသည်။

လမ်းတစ်လျှောက်တွင်လည်း မီးပွိုင့်မှ စီစီတီဗီများတွင် မှတ်တမ်းတင်ခံရလေသည်။ ကုနင်းသည် အရှိန်ကန့်သတ်ချက်ကို ကျော်လွန်နေပြီး သူမယာဉ်မောင်းလိုင်စင်လည်း အပိတ်ခံနိုင်ရကြောင်း သိသော်လည်း သူမမိတ်ဆွေများကို ကယ်တင်ရန် ဘာကိုမျှ ဂရုမစိုက်နိုင်တော့ပေ။

မကြာခင်တွင် ကားပိတ်သောနေရာကို ကျော်လာခဲ့ပြီဖြစ်သောကြောင့် ကုနင်းသည် အရှိန်ကို ပိုမြှင့်လိုက်လေသည်။ သူမသည် ကားမောင်းပြိုင်ပွဲ ဝင်နေရသလိုပင် ဖြစ်နေသည်။

လူများသည်လည်း သူမကားမောင်းသွားသည်ကို အထိတ်တလန့် ကြည့်ကြပြီး တချို့မှာလည်း ဆဲရေးတိုင်းထွာ ကြလေသည်။

တချို့မှာ အထင်ကြီးအံ့ဩနေကြပြီး တချို့မှာတော့ အန္တရာယ်များကြောင်းသိသောကြောင့် ကုနင်း ကားကို မြင်သည်နှင့် ထိတ်လန့်နေကြလေသည်။

အရှိန်ပြင်းစွာမောင်းနှင်နေသော ကားကိုတော့ လူအများကြောက်တတ်ကြသည်မှာ သဘာဝမဟုတ်ပါလား။

ကုနင်းတစ်ယောက် Xနိုင်ငံ နားရောက်ခါနီးတွင် Lamborghini တစ်စီးသည် လမ်းမပေါ်တွင် အရှိန်ပြင်းစွာ မောင်းနှင်နေလေသည်။ သို့သော် ထိုကားကို ကုနင်း ကားက အလွယ်တကူကျော်တက်သွားသောအခါ ကားမောင်းနေသူ လူငယ်သည် အံ့ဩတကြီး ဖြစ်သွားလေသည်။ သူ့မျက်လုံးသူတောင် မယုံနိုင်ဖြစ်နေလေသည်။

ထို့ကြောင့် ထိုလူငယ်သည် ချက်ချင်း အရှိန်မြှင့်လိုက်ပြီး ကုနင်းနောက်သို့ လိုက်လေသည်။ သူသည် ပြိုင်ကားဖြစ်သောကြောင့် Land Rover ကို အလွယ်တကူ ကျော်တက်နိုင်သော်လည်း ကုနင်းကို မမှီနိုင်ဖြစ်နေလေသည်။

“သေစမ်း Land Rover က ဘယ်လိုတောင် ပြိုင်ကားထက် သာနေရတာလဲ?” လူငယ်သည် ဒေါသတကြီး ရေရွတ်လိုက်သည်။

ကုနင်းသည်လည်း သူမနောက်တွင် ပြိုင်ကားကိုတွေ့သော်လည်း ဂရုမစိုက်အားဖြစ်နေသည်။

ထိုသို့ဖြင့် တစ်နာရီခွဲခန့်ကြာသည့်နောက်တွင် ကုနင်းသည် Xနိုင်ငံနားသို့ ရောက်လာပြီဖြစ်သော်လည်း ပြိုင်ကားသည် ကုနင်းနောက်သို့ လိုက်နေမြဲ ဖြစ်သည်။

ကုနင်း အမြန်လမ်းမကြီးသို့ ထွက်လာချိန်တွင်လည်း ထိုကားသည် လိုက်နေမြဲ ဖြစ်သည်။

ထိုအခါတွင်တော့ တိုက်ဆိုင်မှုဟု ကုနင်းမထင်တော့ချေ။ ထိုလူငယ်သည် သူမ၏အပြုအမူကြောင့် မကျေမနပ်ဖြစ်ပြီး လိုက်နေခြင်း ဖြစ်သည်လေ။

သူမသည် Xနိုင်ငံ၏ အပြင်ဘက်ရှိ လမ်းကျဉ်းလေးနားတွင် ရပ်လိုက်ပြီး လူငယ်ကို ထွက်တွေ့လိုက်သည်။ သူမနောက်သို့ ဆက်မလိုက်စေချင်တော့ပေ။

ကုနင်း ကားကို ရပ်လိုက်သောအခါ လူငယ်သည် သူမကားရှေ့တွင် ရပ်လိုက်ပြီး ကုနင်းဆီသို့ လျှောက်လာလေသည်။

သူသည် အသက် ၂၀ ခန့်အရွယ် ငယ်ရွယ် ခန့်ညားသူတစ်ဦးဖြစ်ပြီး ကောလိပ်ကျောင်းသားဟုထင်ရလေသည်။

ကုနင်း သူမကားထဲမှ ထွက်လိုက်ပြီး “ဘာလို့ ကျွန်မနောက်က လိုက်နေတာလဲ?” ဟု မေးလိုက်သည်။

လူငယ်သည် ကုနင်းကို တွေ့လိုက်သောအခါ မှင်သက်ငေးမောသွားလေသည်။ သူ့စိတ်ထဲတွင် ကုနင်းကို သူ့ထက် ငယ်ရွယ်ပြီး အဆင့်အတန်းရှိသူ ဟု မှတ်ချက်ချမိလိုက်သည်။

“ကျွန်မနောက် ဘာလို့ လိုက်နေတာလဲလို့?” ကုနင်း သည် စိတ်မရှည်စွာ မေးလိုက်ပြန်သည်။

ထိုအခါလူငယ်က“ဪ အထင်မလွဲပါနဲ့။ မင်းကို မကျေနပ်လို့ မဟုတ်ပါဘူး။ မင်းရဲ့ Land Rover က ငါ့ရဲ့ ပြိုင်ကားထက် ဘယ်လိုတောင် မြန်နေနိုင်တာလဲလို့ သိချင်သွားလို့ပါ။” ဟု အလျင်အမြန် ရှင်းပြလိုက်လေသည်။

ကုနင်းက “အဲဒါက ဘာများအရေးကြီးလို့လဲ? ကျွန်မနောက်ကို ဆက်မလိုက်နဲ့တော့။” ဟု ပြောလိုက်သည်။

သို့သော် လူငယ်က “ငါ့နာမည်က လင်းဖေး ပါ။ ငါက Gမြို့မှာနေတာ။ ငါတို့ မိတ်ဆွေဖွဲ့လို့ရမလား?” ဆိုကာ သူ့ထက်သာလွန်နေသော သူမအပေါ် မိတ်ဆွေဖြစ်ဖို့ အခွင့်အလမ်းအား လက်လွတ်မခံပဲ မေးလိုက်လေသည်။

အချို့သောသူများသည် သူတို့ထက်သာလွန်သူများကို မနာလိုဖြစ်တတ်ကြသည်။ သူတို့၏အငုံစိတ်ကို လက်မခံနိုင်သောစိတ်ကြောင့် ဖြစ်ပေသည်။ သို့သော် တချို့သောသူများကတော့ သူတို့ထက်သာလွန်သော သူများနှင့် မိတ်ဆွေဖွဲ့လိုကြလေသည်။

လင်းဖေးသည် ဒုတိယအမျိုးအစားထဲတွင် ပါဝင်လေသည်။

ကုနင်းသည်လည်း ထိုလူငယ်ကို လူကောင်းဟုသာ ထင်မိသောကြောင့် သူမ၏ လိပ်စာကတ်ကိုပေးရင်း “စိတ်မရှိပါနဲ့ ကျွန်မမှာ အရေးကြီးကိစ္စရှိနေလို့ အချိန်ကုန်မခံနိုင် ဖြစ်နေလို့ပါ။ ကျွန်မနောက်ကို မလိုက်ပါနဲ့တော့၊ နောက်မှပဲ ဆက်သွယ်လိုက်ပါ။” ဟု ပြောလိုက်သည်။

“ကောင်းပါပြီ။” လင်းဖေး သည် ခေါင်းတစ်ချက်ငြိမ့်ရင်း ပြောလိုက်သည်။ သူသည်လည်း ကုနင်းကို အနှောင့်အယှက် မပေးချင်ပါပေ။

ထို့နောက် ကုနင်းလည်း ကားပေါ်ပြန်တက်ကာ မောင်းထွက်သွားလေသည်။

ဒီတစ်ကြိမ်တွင်တော့ လင်းဖေး သူမနောက်သို့ မလိုက်တော့ပါချေ။

***

အခန်း ၁၂၅၂ စပါးကြီးမြွေနှင့် တွေ့ဆုံခြင်း

ကုနင်းထွက်သွားချိန်တွင် လင်းဖေးသည်ကျန်နေခဲ့ရင်း ကုနင်း၏နာမည်ကဒ်ကို စိုက်ကြည့်နေလေသည်။

ကုနင်း!

သူမနာမည်ကို တစ်နေရာရာတွင် ကြားဖူးသလို ရင်းနှီးနေလေသော်လည်း လင်းဖေး မမှတ်မိသောကြောင့် ဆက်မစဉ်းစားတော့ပဲ ကားပေါ်တက်ကာ လှည့်ပြန်လိုက်လေသည်။

…

ကုနင်းသည်လည်း ရှောင်းလီရွာဆီသို့ အလျင်အမြန်မောင်းနှင်နေသည်။

လီမြောင်စုန့်က သူမကို အဝင်ဝတွင်စောင့်နေလေသည်။ ကုနင်း နောက်ကျနေမည်ကို စိုးရိမ်သောမျက်နှာထားဖြင့် ရှိနေသည်။

ကုနင်း ကားကို ရပ်လိုက်ပြီး လီမြောင်စုန့်ဆီ လျှောက်သွားလိုက်သည်။

“ဟိုင်း မစ္စကု!” လီမြောင်စုန့်၏ မျက်လုံးများသည် ကုနင်း ကိုတွေ့သောအခါ အရောင်များလက်သွားလေသည်။ သူထင်ထားသည်ထက် စောရောက်လာသည်ကိုး။

သူတို့သည် ဂူဆီမရောက်ခင်အထိ စကားစမြည်ပင် မပြောမိကြချေ။

လီမြောင်စုန့်သည် ကုနင်းကို ဂူဆီလို့ လမ်းပြနေလေသည်။

လမ်းတစ်လျှောက်တွင် ကုနင်းသည် ဘာမှ မမေးသော်လည်း လီမြောင်စုန့်ကတော့ ရှင်းပြနေလေသည်။ “ဦးလေး မိသားစုက အရင်က ဒီရွာလေးမှာ နေတာလေ။ မြို့ဘက်ကို ပြောင်းလာတာတော့ ကြာပြီဆိုပေမယ့် ဦးလေးမိဘတွေ ဆုံးသွားပြီးကတည်းက ဒီကို ပြန်မလာဖြစ်သလောက်ပဲ။ အခုလည်း ဦးလေးမိဘတွေ နှစ်ပတ်လည် ရှိလို့ ပြန်လာတာ။”

“မနေ့က ဦးလေး အဖေဆုံးတဲ့ နှစ်ပတ်လည်ပေါ့။ အဲဒါကြောင့် ဦးလေးရဲ့ ညီအစ်ကိုတွေလည်း အတူတူပြန်လာကြတာ။ ရွာသားတွေက ဂူထဲကို လူတော်တော်များများလာပြီး စွန့်စားခန်းဖွင့်ကြတယ်ဆိုလို့ ဦးလေးတို့လည်း စိတ်ဝင်စားပြီး မနက်က အတူတူသွားခဲ့ကြတာ။ ကံမကောင်းတော့လည်း စပါးကြီးမြွေတစ်ကောင်နဲ့တွေ့ပြီး ဒီလိုတွေ ဖြစ်ကုန်ကြတော့တာပါပဲ။”

ထိုကဲ့သို့ ဖြစ်မလာမချင်း အပြင်မှလူများဘာကြောင့် ဂူဆီလာကြကြောင်းကို မသိကြပါချေ။

သူတို့သည် ကောယိရန် နှင့် စွင်းချောင်တို့ အဆင်ပြေဖို့သာ ဆုတောင်းနေကြရုံမှ တစ်ပါးမရှိတော့ပါချေ။ သူတို့ကို ကယ်တင်နိုင်သူသည် ကုနင်းတစ်ယောက်တည်းသာ ရှိသည် မဟုတ်ပါလား။

ကုနင်း နှင့် လီမြောင်စုန့်တို့သည် လမ်းကို မြန်မြန်လျှောက်နေကြသော်လည်း ဂူမှာဝေးသောကြောင့် ၁၀ မိနစ်ကျော်ခန့်မှသာ ရောက်ရှိသွားလေသည်။

ဂူသည် တောင်၏တစ်ဝက်ခန့်တွင်ရှိပြီး တောင်တက်လမ်းမှာလည်း မတ်စောက်ကာ ကျောက်တုံးထူထပ်နေလေသည်။

“တကယ်တော့ ဒီဂူက ဝင်ခွင့်မပေးထားဘူး။ ဦးလေးတို့ ငယ်ငယ်တုန်းကတော့ ကလေးတွေက အပျော်အနေနဲ့ သွားဆော့ကြပေမယ့် ပြုတ်ကျတာနဲ့ ဒဏ်ရာရတာနဲ့ သေကြေလာကြတော့ ဘယ်သူမှ မတက်ရဲတော့တာကြာပြီ။” လီမြောင်စုန့် က ပြောနေသည်။

ကျောက်ကျန်းချွမ်သည် ဂူအပြင်ဘက်တွင် စောင့်နေပြီး ကုနင်းကို တွေ့သောအခါ ပျော်ရွှင်သွားလေသည်။

ကုနင်းသာဆို သေချာပေါက် ကယ်တင်နိုင်မည်ဟု ယုံကြည်သည်လေ။

ကောယိရန်သည် စပါးကြီးမြွေကိုက်ခံထားရသောကြောင့် အဆိပ်မရှိပါစေနှင့်ဟုသာ မျှော်လင့်ဆုတောင်းနေရလေသည်။ ထိုမှသာ ကုနင်းလဲ ကောယိရန် ကို ကယ်တင်ချိန်ရမည်ဖြစ်သည်။

“မစ္စကု!” ကျောက်ကျန်းချွမ်သည် ကုနင်း သူ့ဆီလျှောက်လာသည်ကိုမြင်သည်နှင့် အော်ခေါ်လိုက်သည်။

“ဟိုင်း ထပ်တွေ့ရတာ ဝမ်းသာပါတယ်။” ကုနင်း ပြောလိုက်သည်။ “မတော်တဆဖြစ်တုန်းက ဦးလေးတို့ ဂူထဲဘယ်နေရာလောက်အထိ ရောက်နေကြပြီလဲ?”

“တော်တော်နက်နေပြီ၊ အဲဒါဖြစ်တဲ့အချိန်မှာ ဂူထဲရောက်ပြီး တစ်နာရီလောက် ရှိနေပြီ။ အထဲမှာ စတုရန်းမီတာ ၂၀ လောက်ရှိတဲ့ လှိုဏ်ဂူကျယ်ကြီးရယ် ရေကန်လေးရယ်ရှိတယ်။ မြွေကြီးက ရေကန်ထဲကထွက်လာတာ။ ဂူရဲ့အထဲက တည်ဆောက်ပုံကလည်း တော်တော်ရှုပ်ထွေးတယ်။” ကျောက်ကျန်းချွမ် ရှင်းပြလိုက်သည်။

“ဟုတ်ပြီ ဦးလေးတို့ အပြင်မှာ စောင့်နေလိုက်ပါ၊ ကျွန်မတစ်ယောက်တည်း ဝင်သွားလိုက်မယ်။” ကုနင်း ထိုသို့ ပြောပြီးသည်နှင့် ဂူထဲဝင်သွားလေသည်။

လီမြောင်စုန့် နှင့် ကျောက်ကျန်းချွမ်တို့သည်တော့ ကုနင်း အတွက် စိတ်ပူကြသော်လည်း သူမအပေါ် ဝန်ထုပ်မပိုးတော့ မဖြစ်ချင်ကြပေ။

ကုနင်း ဝင်သွားချိန်တွင် ညအလင်းထုတ်ပုလဲကို ထုတ်လိုက်ပြီး ဂူကို အလင်းပေးလိုက်ကာ သူမ၏ ကျောက်စိမ်းမျက်လုံးကို အသုံးပြုပြီး လျှောက်သွားလိုက်လေသည်။

ဂူသည် အလွန်မှောင်နေသောကြောင့် ကုနင်းသည် ပုလဲလုံး၏ အရှေ့ဝေးဝေးကို မမြင်နိုင် ဖြစ်နေလေသည်။

ထို့အပြင် မြွေရှိရာနှင့် ကောယိရန်တို့ရှိရာသည်လည်း ဝေးနေသေးသောကြောင့် သူမအနေဖြင့် မည်သည်ကိုမျှ မတွေ့နိုင်ဖြစ်နေသည်။

ကုနင်း ဖြည်းဖြည်းချင်း မလျှောက်နိုင်ပဲ ပြေးနေလေသည်။ သူမအနေဖြင့် ကောယိရန် ကို အမြန်ဆုံး ကယ်တင်ရမည် မဟုတ်ပါလား။

မကြာမီ လှိုဏ်ဂူကြီးနှင့် ရေကန်ရှိရာဆီ ရောက်လာလေသည်။ သို့သော် သူမလာရာ လမ်းမှ လွဲ၍ အခြားလမ်းများကို ထပ်မတွေ့တော့ပါချေ။

လမ်းတစ်လျှောက်တွင်လည်း ကုနင်းသည် ကောယိရန်ကိုရော မြွေကိုပါမတွေ့ခဲ့ချေ။ ထို့ကြောင့် ကောယိရန်သည် မြွေဆွဲခေါ်ရာ ရေကန်ထဲပါသွားပြီဟု ယူဆလိုက်လေသည်။

ထိုအတွေးဖြင့် ကုနင်းသည် သူမ၏ ကျောက်စိမ်းမျက်လုံးကို အသုံးပြုကာ ရေကန်အောက်ခြေဆီ ကြည့်လိုက်သည်။

ရေကန်သည် သိပ်မကြီးဟု ထင်ရသော်လည်း အောက်ခြေမှာ အတော်နက်လေသည်။

ကုနင်းသည် မြွေကို ရေထဲတွင် မတွေ့သဖြင့် အခြားတစ်နေရာဆီ ကူးခတ်သွားသည်ဟု တွေးမိပြန်ကာ ဘေးဘီကို လိုက်ရှာလေသည်။

ကံကောင်းစွာပင် တစ်နေရာတွင် မြွေ၏စွတ်ကြောင်းရာကို တွေ့လိုက်သောကြောင့် ကုနင်းလည်း လိုက်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

သို့သော် ကုနင်း လိုက်သွားဖို့ ပြင်လိုက်ချိန်တွင် ဂူဆီမှ ဆူညံသံများကို ကြားလိုက်ရသည်။

သူမ ကျောက်စိမ်းမျက်လုံးကို အသုံးပြုလိုက်ချိန်တွင်တော့ သူမဆီသို့ ကြီးမားရှည်လျားသော အရာကြီးတစ်ခု ဦးတည်လာနေသည်ကို တွေ့လိုက်ရလေသည်။

ထိုအရာသည် မြွေကြီးဖြစ်ခဲ့ပါမူ သူမသည် ထိုအရာနှင့် အရင်ဆုံး ရင်ဆိုင်ရမည်ဖြစ်သည်။

ခဏတွင်းချင်းမှာပင် မြွေကြီးသည် လှိုဏ်ဂူထဲတွင် ပါးစပ်ကြီးကို ဖြဲကာ ပေါ်လာလေသည်။ မြွေကြီးသည် ကုနင်းကို ဒေါသတကြီးနှင့် ချက်ချင်းတိုက်ခိုက်လေတော့သည်။

ကုနင်းသည်လည်း သူမ၏ ပုလဲလုံးမှ တစ်ဆင့် မြွေကြီး၏အပြုအမူကို မြင်လိုက်ရသည်။

မြွေကြီးကို ကုနင်း အနီးကပ်ကြည့်လိုက်မိသောအခါတွင် မြွေကြီး၏ပါးစပ်တွင် သွေးမရှိနေပါချေ။ ထို့ကြောင့် ကောယိရန် နှင့် စွင်းချောင် တို့ကို မမျိုထားမှန်းသိလိုက်လေသည်။ သူမအနေဖြင့် ထိုကဲ့သို့ အကောင်းဆုံး သုံးသပ်လိုက်လေသည်။

သို့သော် ကောယိရန်တစ်ယောက် ဒဏ်ရာအကြီးအကျယ်ရထားသည်ဆိုလျှင်လည်း သူမအနေဖြင့် ချက်ချင်းရှာတွေ့နိုင်မည်ဖြစ်လေသည်။ ထို့ကြောင့် ကုနင်း သည် မြွေကြီးကို တိုက်ခိုက်ရန် နတ်ဆိုးကျောင်းကို စေလွှတ်လိုက်သည်။

မြွေကြီးသည် အလွန်ကြီးမားသော်လည်း နတ်ဆိုးကျောင်း ထက်တော့ အရွယ်အစားသေးသည် မဟုတ်ပါလား။

***

အခန်း ၁၂၅၃ အသက်ရှင်နေသေးတယ်

မြွေကြီးသည် နတ်ဆိုးကျောင်းကို ‌တွေ့‌သောအခါ ကြောက်လန့်တကြားဖြစ်ပြီး နောက်ဆုတ်သွားလေသည်။

“နတ်ဆိုးကျောင်း သတ်ပစ်လိုက်တော့ ငါ့မိတ်ဆွေကို ရှာရဦးမယ်။” ဟု ကုနင်း က ပြောလိုက်သည်။

“ကောင်းပါပြီ သခင်။” နတ်ဆိုးကျောင်း ပြောလိုက်ပြီး ကုနင်းလည်း ချက်ချင်းထွက်သွားလိုက်သည်။

ကုနင်း ထွက်သွားသည်နှင့် လှိုဏ်ဂူသည် ချက်ချင်းပြန်မှောင်သွားလေသည်။ သို့သော် မြွေကြီးနှင့် နတ်ဆိုးကျောင်းတို့အတွက်တော့ ထို‌အမှောင်သည် မှုစရာမဟုတ်ပါချေ။

မြွေကြီးသည် ထွက်ပြေးချင်နေသော်လည်း နတ်ဆိုးကျောင်းကြောင့် ပြေးမရဖြစ်နေသည်။ အကြောင်းမှာ နတ်ဆိုးကျောင်းမှာ အမြှီးနှင့် ရစ်ပတ်ထားသောကြောင့် ဖြစ်သည်။

စပါးကြီး‌မြွေဆိုသည်မှာ ပုံမှန်လူတစ်ယောက်မဆိုထားနှင့် စစ်သားတစ်ယောက်အတွက် ဆိုလျှင်ပင် အလွန်ကြောက်မက်ဖွယ်ကောင်းသောတိရိစ္ဆာန်ဖြစ်သည်။ သို့သော် နတ်ဆိုးကျောင်းနှင့်ယှဉ်လိုက်သောအခါတွင်မူ အားနည်းသောအသွင် ဖြစ်နေလေသည်။

ထိုသို့ဖြင့် မကြာမီပင် ‌စပါးကြီးမြွေကြီးသည် နတ်ဆိုးကျောင်း၏ ဝါးမျိုခြင်းကို ခံလိုက်ရလေတော့သည်။

ထိုအချိန်တွင် ကုနင်းသည်လည်း ငါးမိနစ်ခန့်ရှာပြီးနောက် စွင်းချောင် နှင့် ကောယိရန်တို့ကို ရှာတွေ့သွားလေသည်။

ကုနင်းနှင့် ဆယ်မီတာခန့်အကွာတွင် စမ်းချောင်းလေးတစ်ခုနှင့် ရေတံခွန်တစ်ခု ရှိသည်။ ရေတံခွန်ထဲတွင် လူသုံးလေးယောက်စာ နေရာလေးတစ်ခု ရှိနေသောကြောင့် ကောယိရန် နှင့် စွင်းချောင်တို့သည် ထိုနေရာလေးတွင် ၀င်ပုန်းနေကြခြင်း ဖြစ်သည်။

ရေကလည်း အရှိန်အဟုန်ပြင်းစွာ ကျနေသောကြောင့် ပုံမှန်မျက်စိနှင့် ကြည့်ရင် မြင်နိုင်မည်မဟုတ်ချေ။

ကုနင်း သူတို့ကို ရှာတွေ့သွားသော်လည်း အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်ရဖြစ်နေသည်။ သူမသည် စွင်းချောင်၏ခန္ဓာကိုယ် လှုပ်ရှားနေသည်ကိုသာ မြင်ရသောကြောင့် အခြေအနေကောင်းသည်ဟု ထင်ရသော်လည်း ကောယိရန် ကိုတော့ အသက်ရှင်မရှင် မတည်မပြုနိုင်သေးချေ။

ကုနင်း စဉ်းစားနေစရာ အချိန်များများ မရှိသဖြင့် သူတို့ကိုမြင်သည်နှင့် ချက်ချင်းသွားကယ်လိုက်သည်။

“ဟေး ဦးလေးစွင်း ကျွန်မ ကုနင်း ပါ။ ဦးလေးတို့ ရေတံခွန်နောက်မှာ ရှိနေတယ်ဆိုတာ မြင်နေရတယ်။ ဦးလေးယိရန်ရော ဘယ်လိုနေလဲ?” ကုနင်း သည် စွင်းချောင် ထံ အော်ပြောလိုက်သည်။

“မစ္စကု?”

စွင်းချောင်သည် အပြင်ဘက်တွင် အသံများကြားသော်လည်း မြွေကြီးဟု ထင်နေသောကြောင့် ထွက်မလာရဲခြင်းဖြစ်သည်။ ထို့ကြောင့် ကုနင်းအသံကို ကြားလိုက်ရသောအခါ ပျော်ရွှင်သွားလေသည်။

ကုနင်း အကူအညီဖြင့်ဆိုလျှင် ကောယိရန်၏အသက်ကိုလည်း ကယ်တင်နိုင်တော့မည်ပင်။

စွင်းချောင်သည် ကောယိရန် တစ်ယောက် အသက်ရှင်နေသေးသည်ကို သိလေသည်။ ကောယိရန်သည် ဒဏ်ရာပြင်းထန်စွာ ရထားသော်လည်း အသက်ရှင်နေသေးသည်မှာ ကံကောင်းလေသည်။

ကံကောင်းစွာပင် စပါးကြီးမြွေကြီးသည်လည်း အဆိပ်မရှိပါချေ။ ထို့ကြောင့်လည်း ကောယိရန် အသက်ရှင်နေသေးခြင်း ဖြစ်သည်။

တုံ့ဆိုင်းခြင်းမရှိပဲ စွင်းချောင်သည် ကောယိရန်ကို တွဲခေါ်ပြီး ထွက်လာလိုက်သည်။

ကုနင်းသည်လည်း ကူတွဲပေးလိုက်သည်။

စွင်းချောင်သည် ကုနင်း ၏ ညလင်းပုလဲကို အရင်ကမြင်ဖူးထားသောကြောင့် ဒီတစ်ကြိမ်တွင်တော့ မထူးဆန်းတော့ပါချေ။

“ယိရန်က အသက်ရှိသေးတယ်။ ဒါပေမယ့် အခြေအနေမကောင်းဘူး။ မစ္စကု မင်းသူ့ကို ကယ်ပေးနိုင်မလား?” စွင်းချောင် မေးလိုက်သည်။

“ရနိုင်ပါတယ်”။ ကုနင်းလဲ အဖြေကို သေချာမပေးရဲသေးပေ။ သူမကိုယ်တိုင်လည်း ဘာလုပ်ရမှန်းမသိ ‌ဖြစ်နေသည် မဟုတ်ပါလား။

စွင်းချောင်သည်လည်း ကောယိရန်မှာ အန္တရာယ်အခြေအနေကို ရောက်နေမှန်း သိလေသည်။ ထို့ကြောင့် ကောယိရန်တစ်ယောက် ဘယ်လိုရလဒ်မျိုးပဲ ဖြစ်လာပါစေ စွင်းချောင်သည် လက်ခံဖို့ အသင့်ဖြစ်နေပြီ ဖြစ်သည်။

ကုနင်းသည် ကောယိရန်ကို ကိုင်လိုက်သည့် အချိန်တွင် သူမ၏ မှော်အစွမ်းကို သူ့ခန္ဓာကိုယ်ထဲသို့ တိတ်တဆိတ် ထည့်လိုက်သည်။

သူမသည် ကောယိရန်၏ လက်ကိုတောက်လျှောက်ကိုင်ထားရင်း သက်သာ‌လာအောင် ကြိုးစားနေလေသည်။

စွင်းချောင်သည် ဘေးကိုဖယ်ပေးထားပြီး ကုနင်းကိုသာ အပ်ထားလိုက်သည်။

ကုနင်းသည် ပုလဲလုံးကို နောက်တစ်ဖက်မှ ကိုင်ထားလိုက်သည်။ ထို့နောက် ပြန်ချထားလိုက်ပြီး သူမလွယ်အိတ်ထဲမှ ဘူးလေးတစ်ဘူးကို ထုတ်လိုက်ကာ “ဦးလေးစွင်း ဒါလေးကို ဖွင့်ပေးပါ။ အထဲမှာ ဆေးဘူးနှစ်ဘူးရှိတယ်။ အဖြူရောင်ဘူးလေးက ဆေးလုံးဆိုတော့ ဦးလေးယိရန်ကိုမတိုက်ခင် ဦးလေးတစ်လုံးသောက်လိုက်ပါ။ အပြာရောင်ဘူးက အရည်ဆိုတော့ ပြီးသွားရင် ဦးလေးယိရန်ရဲ့ ဒဏ်ရာတွေပေါ်မှာ လိမ်းပေးလိုက်ပါ။” ဟု ပြောလိုက်သည်။

ဆေးဘူးနှစ်ဘူးအပြင် ပတ်တီးများ ကတ်ကြေးများ ဂွမ်းစများနှင့် အ၀တ်စအချို့လည်း ဘူးထဲတွင် ပါလေသည်။

ကုနင်းသည် တစ်ခုခုဖြစ်လာပါက အသင့်ဖြစ်အောင် ပြင်ဆင်ထားခြင်း ဖြစ်သည်။

မြွေကြီးသည် ကောယိရန်၏ ပေါင်ကို ကိုက်ထားသောကြောင့် စွင်းချောင်သည် ဘောင်းဘီကို ဖြတ်ရမည်ဖြစ်သည်။

“ဦးလေးလုပ်ပေးမယ်။” စွင်းချောင် သည် ဘူးကို ယူလိုက်ပြီး မှော်ဆေးလုံးကို ထုတ်လိုက်သော်လည်း မသောက်သေးပဲ ကောယိရန် ကို တိုက်လိုက်သည်။

အဖိုးမဖြတ်နိုင်သော မေတ္တာတရားပါပင်။

ကောယိရန်ကို ဆေးတိုက်ပြီးသည့်နောက်တွင်မှ စွင်းချောင် သည်လည်း တစ်လုံးသောက်လိုက်လေသည်။ သူသောက်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့ခန္ဓာကိုယ်တွင် သိသာထူးခြားသော ပြောင်းလဲမှု ဖြစ်သွားလေသည်။ သူသည် မကြာခင်တွင် သက်သာသွားပြီး ခွန်အားများ ပြန်ရသွားလေသည်။

ထို့နောက် စွင်းချောင်သည် ဆေးရည်ကို ကောယိရန်၏ ဒဏ်ရာပေါ် အလျင်အမြန်လောင်းထည့်ပေးလိုက်သည်။

သူသည် ကောယိရန်၏ ဘောင်းဘီကို မြွေကြီးကိုက်ထားသည့် နေရာနားတွင် စုတ်ဖြဲလိုက်သောအခါ သွေးချင်းချင်းနီနေသော အရေပြားပြင်ကြီးကို တွေ့လိုက်ရသည်။ ကောယိရန်ကို အသက်ရှင်အောင်လုပ်ဖို့ မလွယ်ကူနိုင်ပါချေ။

စွင်းချောင်သည် ကောယိရန်၏ ဒဏ်ရာများကို အ၀တ်ဖြင့်သုတ်လိုက်ပြီး မှော်ဆေးရည်ကို လောင်းထည့်ပေးလိုက်သည်။

ဒဏ်ရာမှာ သိပ်မကြီးသော်လည်း နက်လေသည်။

ခေတ္တကြာပြီးနောက်တွင် ကောယိရန်၏ မျက်နှာသည် ကုနင်း ၏ မှော်အစွမ်းဖြင့် တဖြည်းဖြည်း သွေးရောင်လွှမ်းလာလေသည်။ ဒဏ်ရာသည်လည်း လျင်မြန်စွာပင် ပျောက်ကင်းသွားလေသည်။

စွင်းချောင်သည် ကုနင်း တွင် အစွမ်းထက်ဆေးများ ရှိကြောင်းသိသော်လည်း ထိုကဲ့သို့ မျက်မြင်ထင်ရှား တွေ့လိုက်ရသည့်အခါ လွန်စွာအံ့ဩသွားလေသည်။ သို့သော် ကုနင်းကို ဘာမှ မမေးခဲ့ပါချေ။ သူက အရိပ်အကဲ နားလည်သူမဟုတ်ပါလား။

ထို့နောက် စွင်းချောင်သည် ကောယိရန်၏ဒဏ်ရာကို စည်းပေးလိုက်သည်။

မကြာမီတွင် ကောယိရန်လည်း သတိပြန်လည်လာလေသည်။ သူ၏မျက်ခွံများ အနည်းငယ် လှုပ်လာပြီး မျက်လုံးလည်း ပွင့်လာလေသည်။

***

အခန်း ၁၂၅၄ ကောယိရန် ကိုကယ်တင်ခြင်း

“ယိရန်? ယိရန်!” စွင်းချောင်သည် ကောယိရန် တစ်ယောက် ဖြေးညင်းစွာ မျက်လုံးပွင့်လာသည်ကို တွေ့လိုက်ရသောအခါ အလွန်၀မ်းသာသွားလေသည်။ ကုနင်းသည်လည်း ထိုအခါကျမှ လက်ကို ဖယ်လိုက်ကာ သူမ၏မှော်အစွမ်းများ ထည့်ပေးခြင်းကို ရပ်လိုက်သည်။ ကုနင်းတွင် ထူးခြားသော မှော်အစွမ်းများရှိသော်လည်း ကောယိရန်ကို ကယ်တင်ရန် သူမ၏ စွမ်းအင်ကို ‌အမြောက်အများသုံးလိုက်ရသောကြောင့် သူမ၏မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေလေသည်။

မကြာမီ ကောယိရန် သည် စကားပြောနိုင်လာလေသည် “မစ်-မစ္စကု?”

“ယိရန် နိုးလာပြီလား?” စွင်းချောင် သည် စိတ်လှုပ်ရှားရလွန်းသဖြင့် မျက်ရည်များပင် လည်နေလေသည်။

“ဘာဖြစ်သွားတာလဲ?” ကောယိရန် သည် သူဘာဖြစ်ခဲ့မှန်း ရုတ်တရတ် မမှတ်မိဖြစ်နေသည်။

“မေ့သွားပြီလား? ငါတို့ ဒီဂူထဲ၀င်ကြပြီး မင်းကို စပါးကြီးမြွေကြီး ကိုက်လိုက်လို့လေ!”

“အိုး ဟုတ်တာပေါ့” ကောယိရန် ထိုအခါကျမှ သတိရသွားပြီး ထိတ်လန့်နေလေသည်။

“ငါတို့တွေ နှစ်နာရီလောက် ဂူထဲမှာ ပုန်းနေကြတာ။ မင်းသေခါနီးဆဲဆဲ ဖြစ်နေတဲ့အချိန်မှာ မစ္စကု ငါတို့ကို ရှာတွေ့သွားတာပဲ သူကမင်းအသက်ကို ကယ်ခဲ့တာ။” စွင်းချောင် ဆက်ရှင်းပြလိုက်သည်။

ကုနင်း ကြောင့်သာမဟုတ်လျှင် ကောယိရန် သေနေလောက်ပြီ ဖြစ်သည်။

သူတို့သည် ကုနင်းကို ကျေးဇူးတင်နေကြလေသည်။ ကုနင်းသည်သာ သူတို့ကို ကယ်တင်နိုင်သည့် တစ်ဦးတည်းသောသူ မဟုတ်ပါလား။

ကံကောင်းသည်က ကုနင်းသည်လည်း ချက်ချင်းရောက်လာပြီး ကယ်တင်ပေးခဲ့ခြင်းပင်။

ကောယိရန်မှာ ကုနင်း မရောက်လာခင်အထိ အသက်လုနေရသည်လေ။

ကောယိရန် နှင့် စွင်းချောင်တို့သည် ကုနင်း နှင့် မိတ်ဆွေဖြစ်ရသည့်အတွက် အလွန်ကံကောင်းသည်ဟု တွေးနေမိကြလေသည်။

“မစ္စကု ကျေးဇူးအရမ်းတင်ပါတယ်။ ကျွန်တော်ဘာပြောရမှန်းတောင် မသိတော့ပါဘူး။” ကောယိရန်သည် ဆို့နင့်စွာ ပြောလိုက်သည်။

ထို့နောက် တည်တံ့စွာဖြင့် “မစ္စကု မင်း ငါ့အသက်ကို ကယ်တာ နှစ်ခါရှိနေပါပြီ။ မင်းအပေါ် အကြွေးတွေလည်း များနေပါပြီ။ နောက်ပိုင်း တစ်ခုခု လုပ်ပေးလို့ ရတာရှိရင် ပြောပါ။ ငါ့အသက်နဲ့ရင်းပြီး ကူညီပေးပါ့မယ်။” ဟု ပြောလိုက်သည်။

ကုနင်း အမှန်တကယ်လည်း သူ၏ အသက်ကို နှစ်ခါကယ်ထားသောကြောင့် ကျေးဇူးတင်မဆုံး ဖြစ်နေခြင်းပင်။ ကုနင်းကြောင့်သာ မဟုတ်လျှင် ရှေးဟောင်းသင်္ချိုင်းမှာကတည်းက ဇွန်ဘီလက်ချက်ဖြင့် သူသေနေခဲ့လောက်ပြီ ဖြစ်သည်။ ယခုလည်း ကုနင်းသည် မြွေကြီးထံမှ သူ့ကို ထပ်ကယ်တင်ခဲ့ပြန်သည်။

ကုနင်းသည် သူမအတွက် သေခိုင်းမည်ဟူသော ကိစ္စမျိုးကို မလုပ်ခိုင်းမှန်း သိသော်လည်း သူမသာ တကယ်ဆန္ဒရှိပါက အသက်‌ပေးဖို့အထိပါ တွေးထားပြီး ဖြစ်သည်။

“ကောင်းပါပြီ။” ကုနင်း ခေါင်းငြိမ့်ရင်း ပြောလိုက်သည်။

သူတို့သည် ရှေးဟောင်းအဖိုးတန်ပစ္စည်းများကို ရှာတွေ့တိုင်း သူမကို သတိရခဲ့ကြလေသည်။ သူမထံမှ အကာအကွယ်ကိုလိုအပ်ခဲ့၍ ထိုသို့လုပ်ခဲ့ကြခြင်း မဟုတ်ပါလား။

တစ်ကိုယ်ကောင်းဆန်သောသူသည် တစ်ပါးသူအတွက် သူတို့အသက်ကို စွန့်စားရမည်မျိုးကို ဘယ်တော့မျှ လုပ်ကြမည် မဟုတ်ချေ။ သို့သော် သူတို့ကတော့ ကုနင်းအတွက် အကောင်းဆုံး ကူညီဖြည့်တင်းပေးချင်ကြလေသည်။

ကုနင်းကတော့ သူတို့ သူမအပေါ် သစ္စာစောင့်သိမသိကို ဘယ်တော့မှ စမ်းသပ်လိမ့်မည် မဟုတ်ချေ။ သူမအတွက် အကျိုးမထူးသောကြောင့် ဖြစ်သလို သူမစိတ်ထဲတွင် သူတို့၏ စိတ်ရင်းမှန်ကိုသာ အသိအမှတ်ပြုပြီး အဆင်ပြေပြေ နေသွားနိုင်ကြရန် ကူညီပေးချင်စိတ်သာ ရှိလေသည်။

သူတို့တွေ အုတ်ဂူများကို တစ်သက်လုံးတူးဖော်ကြသည့်အလုပ်ကိုလည်း တစ်သက်လုံး လုပ်ဖို့ မဖြစ်နိုင်ပေ။ အန္တရာယ်များသည့်အပြင် တရားမလည်းမ၀င်ပေ။ သူတို့ကို ရဲဖမ်းမိလျှင်လည်း တစ်သက်လုံး ထောင်နန်းစံရမည်သာဖြစ်၏။

ထို့အပြင် သူတို့တွင် ယခုအခါ ပိုက်ဆံအလုံအလောက်လည်း ရှိနေပြီဖြစ်သည်။ ထို့ကြောင့် ကုနင်းအနေနဲ့ သူတို့ကို ဆက်မလုပ်စေချင်တော့ပေ။ ထိုအစား သူမအတွက် အလုပ်လုပ်ပေးနိုင်မည်ဆိုလျှင် ပိုတောင်ကောင်းပေမည်။

ကုနင်းသည် သူတို့ကို ဂူဖော်သည့်အလုပ်မှလွဲ၍ အခြားနေရာများတွင် အသုံးမ၀င်ဟု မထင်ချေ။ သူတို့သည် ဉာဏ်ကောင်းကြပြီး စီးပွားရေးမျက်စိလည်း ရှိကြပေသည်။

ကုနင်းတွင် အရည်အချင်းရှိသူများ မြောက်မြားစွာရှိသော်လည်း သူမအနေဖြင့် ယုံကြည်ကိုးစား၍ရသော သူတော့ မရှိသေးပေ။

“ထကြည့်ပါဦး။ လမ်းလျှောက်နိုင်လား ကြည့်ရအောင်။” ကုနင်း ပြောလိုက်သည်။

ကောယိရန်သည် သူမစကားကို နားထောင်ကာ မတ်တပ်ရပ်လိုက်သည်။ သူသည် ဘောင်းဘီများစိုနေသောကြောင့် အနည်းငယ် နေရထိုင်ရခက်နေသည်ကလွဲပြီး နာကျင်မှုဒဏ်ကို စိုးစဉ်းမျှမခံစားရတော့ပေ။

“အားအပြည့်ပြန်ဖြစ်နေပြီ။” ကောယိရန်သည် ပျော်ရွှင်စွာ ပြောလိုက်သည်။ သူသည် ကုနင်း၏ဆေးမှာ အလွန်အစွမ်းထက်ကြောင်း သိသော်လည်း ထိုဆေးစွမ်းကို အံ့ဩမဆုံးဖြစ်နေလေသည်။

တကယ်တော့ ကုနင်း၏မှော်အစွမ်းမှာ ထိုဆေးထက်ပင် ပိုစွမ်းလေသည်။

“တကယ်လား?” စွင်းချောင်သည်လည်း အံ့ဩနေလေသည်။ သူ့မျက်လုံးသူပင် မယုံနိုင်ဖြစ်နေသည်။

“တကယ်ပြောတာ။” ကောယိရန် ပြုံးရွှင်စွာ ပြောလိုက်သည်။

“ဘုရားသခင်! မယုံနိုင်လောက်အောင်ပါလား!” စွင်းချောင် အံ့ဩမဆုံး ဖြစ်နေတော့သည်။

“ဟုတ်ပါပြီ။ အခုအားလုံးအဆင်ပြေသွားပြီဆိုတော့ ဂူထဲကထွက်ကြရအောင်။ အပြင်မှာ ဦးလေး လီ စောင့်နေတယ်။” ဟု ကုနင်း ကပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ကောယိရန် နှင့် စွင်းချောင် သည် အားနာစိတ်ဖြစ်သွားကြသည်။ “ဟုတ်တာပေါ့ သူငါတို့ကို စိတ်ပူနေမှာပဲ။”

ထို့နောက်တွင်တော့ သူတို့အားလုံး ထွက်လိုက်ကြသည်။

“အိုး မစ္စကု မြွေကြီးရော ဘာဖြစ်သွားလဲ?” စွင်းချောင် သည် ရုတ်တရတ်ထမေးလိုက်သည်။

“သေသွားပါပြီ။” ကုနင်း သည် ပြန်ဖြေလိုက်သည်။

ကောယိရန် နှင့် စွင်းချောင်တို့သည် ခေါင်းတငြိမ့်ငြိမ့်ရှိနေကြသည်။ ကုနင်းသည် ဇွန်ဘီကိုပင် ရှင်းပစ်နိုင်သူဖြစ်သောကြောင့် မြွေတစ်ကောင်လောက်ကတော့ဖြင့် သူမအတွက် ခက်ခဲမှုရှိမည် မဟုတ်ပေ။

ဂူထဲတွင် ဖုန်းလိုင်းမမိသောကြောင့် သူတို့သည် လီမြောင်စုန့် နှင့် ကျောက်ကျန်းချွမ်တို့ကို ဖုန်းဆက်ခေါ်၍ မရပေ။ ထို့ကြောင့် လီမြောင်စုန့် စိတ်မပူရတော့လေအောင် မြန်မြန်လျှောက်လိုက်ကြသည်။

“ဦးလေးတို့ အရှေ့က သွားနှင့်လိုက်ပါ။ ကန်ထဲကနေ တခြားအန္တရာယ်ရှိ တိရိစ္ဆာန်တွေ ထပ်ထွက်လာမှာစိုးလို့ ကျွန်မ ကန်ကို ပိတ်ဆို့ထားလိုက်ဦးမယ်။”

သူမသည် နတ်ဆိုးကျောင်းအား စိတ်စွမ်းအင်အာကာပြင်ထဲ ပြန်ထည့်ရမည် ဖြစ်သည်။ သူမသည် သူတို့အား နတ်ဆိုးကျောင်းကို မမြင်‌စေလိုပေ။

“ကောင်းပါပြီ” ကောယိရန်နှင့် စွင်းချောင်တို့လဲ ကုနင်း စကားကို နားထောင်ကာ ဘာမှမမေးပဲ ထွက်သွားကြလေသည်။

***

စာစဉ် ၈၁ ပြီး၏။

All Chapters