အခန်း (၁၂၆၁-၁၂၆၆)
Vol. 82 Ch. 1261-1266
အခန်း ၁၂၆၁ စိတ်ပျက်ဖွယ်၀န်ဆောင်မှု
လင်ရှောင်းထင်သည် ထိုမေးခွန်းကို ရည်ရွယ်ချက်ရှိရှိ မေးလိုက်ခြင်း ဖြစ်သည်။ ကုနင်းသည် သူ့ခန္ဓာကိုယ်ကို စိတ်၀င်စားနေသည် မဟုတ်ပါလား။
“ဘာမှမတွေးပါဘူး” ကုနင်း က ချက်ချင်းခွန်းတုံ့ပြန်လိုက်သည်။
“ဟုတ်လို့လား?” လင်ရှောင်းထင်ကလည်း အလျှော့မပေးပါချေ။
“အဲ…” ကုနင်း သည် ဘာပြန်ပြောရမှန်းမသိပဲ ရှက်သွေးဖြာနေလေသည်။
လင်ရှောင်းထင်သည် သူမကို ကြည့်ပြီး အူမြူးနေလေသည်။
“ကဲပါ.. ကိုယ်တို့ ဒီလောက်ရင်းနှီးနေပြီပဲကို ရှက်နေစရာမလိုပါဘူး.. မင်းခုနက ဘာတွေတွေးနေလဲ သိပါတယ်။” လင်ရှောင်းထင် က ပြောလိုက်သည်။
“ဘာမှမတွေးပါဘူးဆို” ကုနင်း ကလည်း ခံငြင်းနေလေသည်။
“ဟုတ်ပါပြီ ဟုတ်ပါပြီ။” လင်ရှောင်းထင်မှာ ကုနင်း စိတ်ဆိုးသွားမည်စိုးသောကြောင့် လက်လျှော့လိုက်သည်။
ကုနင်းကအာရုံလွှဲချင်သဖြင့် “ဒီနေ့ ကျွန်မ မိဘတွေနဲ့ အဖိုးတို့ ရောက်လာကြတယ်.. ညကျရင် ညစာလိုက်စားနော်” ဟု ပြောလိုက်သည်။
“စားရမှာပေါ့” လင်ရှောင်းထင် ခေါင်းငြိမ့်ရင်း ပြောလိုက်သည်။ သူသည်လည်း ကုနင်းမိသားစုနှင့် တွေ့ချင်နေသည်လေ။ သူမနှင့် ဆက်ဆံရေးသည် သူမမိသားစုကြောင့်လည်း တစ်စိတ်တစ်ပိုင်းပါနေသည် မဟုတ်ပါလား။ သူသာ ကုနင်း မိသားစုနှင့် အဆင်ပြေပြေ နေနိုင်လျှင် တစ်ချိန်ချိန်တွင် ကုနင်း နှင့် လက်ထပ်နိုင်မည်ပင်။
သို့သော် ကုနင်းနှင့် တစ်ညလုံး ဖြတ်သန်းနိုင်တော့မည် မဟုတ်သောကြောင့် စိတ်တော့ အနည်းငယ် ပျက်သွားလေသည်။
စာမေးပွဲကလည်း နောက်တစ်နေ့တွင် ဖြေရတော့မည် ဖြစ်သောကြောင့် နှစ်ရက်တောင် စောင့်ရမည် ဖြစ်လေသည်။
“ကိုယ်တို့ဘယ်သွားကြမလဲ?” လင်ရှောင်းထင် သည် ကားစက်နှိုးလိုက်ရင်း ကုနင်း ကိုမေးလိုက်သည်။
“ဒီတိုင်း ကားပတ်မောင်းကြတာပေါ့ အိမ်တော့ မပြန်ချင်သေးဘူး” ကုနင်း က ပြောလိုက်သည်။,
“ကောင်းပါပြီ” လင်ရှောင်းထင် သည် ကားကို စမောင်းလိုက်သည်။
“အင်း ပန်းခြံကို သွားကြမလား” ကုနင်း သည် ခဏစဉ်းစားရင်း ပြော လိုက်သည်။
“ကောင်းသားပဲ” လင်ရှောင်းထင် ကလည်း ကုနင်း ပြောသမျှကို နားထောင်လေသည်။
“အိုး ဒါနဲ့ ဒီည ဘယ်မှာနေမှာလဲ” ကုနင်း က မေးလိုက်သည်။
“ကျင်းချန်ရဲ့ အိမ်မှာနေမယ်လေ” လင်ရှောင်းထင် က ပြောလိုက်သည်။ သူသည် ဟိုတယ်တွင် နေလို့ရသော်လည်း ရှုကျင်းချန်၏အိမ်သည်က ကုနင်းနှင့် နီးသောကြောင့် ဖြစ်သည်။
သူတို့ကားသည် ရှန်းဟွာအိမ်ခြံမြေမှ ၀ယ်ယူအဆင့်မြှင့်ထားသော ကျန်းဟွာဥယျာဉ်သို့ ၀င်လိုက်သည်။ ကုနင်းသည် ထိုနေရာသို့ တစ်ခေါက်ရောက်ဖူးသော်လည်း ကြာနေပြီ ဖြစ်သည်။
ထိုနေရာတွင် တိုက်ခန်းများလည်း ကောင်းကောင်းဆောက်ထားသည် ဖြစ်ရာ ကုနင်းမှာလည်း သေချာလေ့လာချင်လေသည်။
ကုနင်းနှင့် လင်ရှောင်းထင်တို့ အရောင်းပြခန်းမထဲသို့ ၀င်လိုက်သောအခါ အရောင်းတာ၀န်ခံအမျိုးသမီးလည်း ထွက်နှုတ်ဆက်လိုက်ရင်း သူတို့၏ပုံစံကို ကြည့်ကာ ရင်သက်ရှုမော ဖြစ်သွားလေသည်။
ခေတ္တကြာသွားပြီးနောက်မှ သူမသည် အသိစိတ်ပြန်၀င်လာပြီး ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ “ကျန်းဟွာဥယျာဉ်အရောင်းပြခန်းမှ ကြိုဆိုပါတယ်ရှင်”
“ကျေးဇူးပါ.. ကျွန်မတို့ကို စိတ်ထဲထားမနေပါနဲ့ ဒီတိုင်းလာကြည့်တာပါရှင်” ကုနင်း ပြုံးရင်းပြောလိုက်သည်။ တကယ်တော့ သူမသည် အရောင်းတာ၀န်ခံ၏စိတ်ကို စမ်းသပ်လိုက်ခြင်း ဖြစ်သည်။
အရောင်းတာ၀န်ခံအမျိုးသမီးသည် ခေတ္တကြောင်သွားလေသည်။ ထိုပြခန်းသို့ လာသူတိုင်းသည် တိုက်ခန်း၀ယ်ဖို့ လာကြခြင်း မဟုတ်မှန်း သူမသိလေသည်။ တိုက်ခန်းဈေးကလည်း မနည်းလှပေ။
သို့သော် ကုနင်းက ထိုစကားကို ပေါ်တင်ပင် ပြောလိုက်သောကြောင့် အနည်းငယ် အံ့ဩသွားခြင်းဖြစ်သည်။ ထိုအခြင်းအရာသည် ထိုမျှလောက် အံ့ဩစရာ မဟုတ်သော်လည်း သူမအတွက်တော့ ထူးဆန်းနေလေသည်။ ထိုနေရာကို လာသောသူ တော်တော်များများမှာလည်း တိုက်ခန်း၀ယ်သွားကြသည်ချည်း မဟုတ်ပါလား။
အကယ်၍ တိုက်ခန်းမ၀ယ်ဖြစ်ခဲ့လျှင်တောင် ဘယ်သူကမှတော့ ထိုကဲ့သို့ ၀န်ဆောင်မှုမပေးရန် တိုက်ရိုက် ပြောကြမည်မဟုတ်ချေ။ တစ်ခါတစ်ရံတွင် သင့်တော်သော တိုက်ခန်းကို ဈေးကောင်းကောင်းဖြင့်ရခဲ့ပါက ၀ယ်ပင်၀ယ်သွားကြသေးသည်ပင်။
တာ၀န်ခံသည် ကုနင်းက စိတ်အနှောင့်အယှက်မဖြစ်စေချင်သောကြောင့် ထိုသို့ ပြောသည်ကို နားလည်သော်လည်း ၀န်ဆောင်မှုပေးရသည်မှာ သူမအလုပ်ဖြစ်သောကြောင့် လွှတ်တော့မထားနိုင်ပါချေ။
“ရပါတယ် ဘာပဲဖြစ်ဖြစ် ဧည့်သည်က ဧည့်သည်ပါပဲ.. အနှောင့်အယှက် မဖြစ်အောင် နေပေးမှာဖြစ်လို့ တစ်ခုခု အကူအညီလိုရင်တော့ ကျွန်မကို ပြောပေးပါရှင်” တာ၀န်ခံသည် ကြင်နာစွာ ပြုံးရင်း ပြောလိုက်သည်။
ကုနင်းကတော့ ခေါင်းတငြိမ့်ငြိမ့်နှင့် ကျေနပ်သွားလေသည်။
သို့သော် လူတိုင်းကတော့ ကုနင်း အပေါ် ထိုသို့ စိတ်မထားနိုင်ပါချေ။
အခြားအရောင်းတာ၀န်ခံနှစ်ယောက်သည် မလှမ်းမကမ်းတွင် ရပ်နေရင်း ကုနင်း အကြောင်းကို ပြောနေကြသည်။
“ငါကတော့ အဲလိုလူမျိုးကို အမုန်းဆုံးပဲ.. သူတို့ တိုက်ခန်းမ၀ယ်ဘူးဆိုရင်လည် ဒီထဲ၀င်မလာနဲ့ပေါ့” အရောင်း၀န်ထမ်းဘီ ကပြောလိုက်သည်။
“ဟုတ်ပ ငါတို့ကို သက်သက်မဲ့ အချိန်လာဖြုန်းနေတာပဲ” အရောင်း၀န်ထမ်း C ကလည်း မဲ့ကာရွဲ့ကာ ပြောနေလေသည်။
ကုနင်း သူတို့ ပြောနေတာကို ကြားသွားသောအခါ မကျေမနပ်ဖြစ်သွားလေသည်။
အရောင်းတာ၀န်ခံအေကလည်း အားနာသွားပြီး ဘာပြောရမှန်းပင် မသိတော့ချေ။
သူတို့ပင်မဟုတ်ဘဲ ခန်းမထဲရှိ အခြားသူများသည်လည်း စိတ်မသက်မသာ ဖြစ်သွားကြလေသည်။
“ကိုယ့်အလုပ် ကိုယ်လုပ်စမ်းပါ.. ငါတို့ဘာသာငါတို့ ၀ယ်ချင်မှ ၀ယ်မှာပေါ့”
“ငါစိတ်လေးကြည်နေတာတောင် ပျက်သွားတယ်”
ကုနင်း ထိုနှစ်ယောက်ဆီသို့ လျှောက်သွားလိုက်ပြီး အေးစက်သော မျက်နှာဖြင့် “တိုက်ခန်းကို မ၀ယ်မယ့်သူက ဒီထဲကို ၀င်ခွင့်တောင် မရှိတော့ဘူးလား?” ဟု မေးလိုက်လေသည်။
***
အခန်း ၁၂၆၂ အလုပ်ဖြုတ်ခြင်း
“တိုက်ခန်းဝယ်ဖို့ လာတာမဟုတ်ရင် ဒီကို ဘာလို့ လာသေးလဲ?” အရောင်းတာဝန်ခံBသည် ကုနင်းကို မနာလိုစွာ ကြည့်ရင်း ပြောလိုက်သည်။
သူမ မနာလို ဖြစ်နေခြင်းမှာလည်း ကုနင်းသည် လှပကျော့ရှင်းနေကာ ခန့်ညားချောမောသောအမျိုးသားတစ်ဦးမှာလည်း ဘေးတွင်ရပ်နေသောကြောင့် ဖြစ်လေသည်။
ထိုအရောင်းတာဝန်ခံ အမျိုးသမီးသည် ထက်မြက်သူတစ်ဦး မဟုတ်သလို သူမအတွေးများသည်လည်း မမှန်ကန်နေပေ။ အကယ်၍ ထိုအမျိုးသမီးသည် ထက်မြက်သူ ဖြစ်ပါက သူမတွင်လည်း ထိုကဲ့သို့ချစ်သူကောင်းမျိုး ရနိုင်မည်ပင်။
“ကျွန်မကရော ဒီတိုက်ခန်းကို မဝယ်ဘူးလို့ ပြောမိလို့လား.. ဒီတိုင်း ခဏလျှောက်ကြည့်မယ်ပဲပြောတာလေ.. အဆင်ပြေတာတွေ့ရင်တော့ ဝယ်ချင်လည်း ဝယ်မှာပေါ့။” ကုနင်း သည်လည်း ဒေါသထွက်နေလေသည်။
“ရှင်ကရော တိုက်ခန်းဝယ်နိုင်တဲ့ အနေအထားမို့လို့လား.. ဝယ်နိုင်ရင် သက်သေပြလေ။”
အရောင်းတာဝန်ခံ C က အမြင်ကတ်စရာ လေသံနှင့် ပြောနေလေသည်။
“ဒီလိုတွေ ဘာလို့ ပြောနေတာလဲ.. သူတို့က ငါတို့ရဲ့ ဝယ်သူတွေလေ.. ငါတို့မှာ ယဉ်ကျေးရမယ့်တာဝန်ရှိတယ်။” အရောင်းတာဝန်ခံ A သည်လည်း စိတ်ပျက်နေလေသည်။ သို့သော် သူမသည်လည်း ခေါင်းဆောင်မဟုတ်သောကြောင့် သူမစကားများမှာ အလုပ်မဖြစ်ပါချေ။
“ရှင်က တိုက်ခန်းဝယ်နိုင်တဲ့သူလား မဝယ်နိုင်တဲ့သူလား ခွဲခြားမသိလို့ ဒီလို စိတ်မျိုးထားနိုင်တာလေ.. ရှင်ကိုယ်တိုင်လည်း တိုက်ခန်းတစ်ခန်းတောင် ရောင်းဖူးလို့လား?” အရောင်းတာဝန်ခံ B ဒေါသတကြီး ပြောနေလေသည်။
“ကောင်းပြီလေ.. ဒါဆို သူက တိုက်ခန်းရောင်းနိုင်စွမ်းရှိလား မရှိဘူးလားဆိုတာကို သက်သေပြဖို့ ကျွန်မကတစ်ခန်းလောက် ဝယ်ပြရတာပေါ့။” ကုနင်း က ပြောလိုက်သည်။ သူမသည် ဒေါသထွက်နေသောကြောင့် ထိုအရောင်းတာဝန်ခံ နှစ်ယောက်ကို သင်ခန်းစာပေးချင်နေခြင်း ဖြစ်သည်။
ထိုစကားကိုကြားပြီး အရောင်းတာဝန်ခံ B နှင့် C တို့သည် အံ့ဩသွားကြလေသည်။ သို့သော် သူတို့ကိုထိခိုက်သော ကိစ္စမဟုတ်သဖြင့် အထိတော့မနာကြပါချေ။
“အဲဒီတော့ ဘာဖြစ်လဲ ကျွန်မတို့နဲ့ ဘာမှမဆိုင်ဘူး။” အရောင်းတာဝန်ခံ B က ပြောလိုက်သည်။
“တကယ်လို့ ကျွန်မ ဒီမှာ တိုက်ခန်းဝယ်နိုင်ရင် ရှင်တို့နှစ်ယောက် ချက်ချင်းအလုပ်ထွက်ပါ.. ရှင်တို့က ဒီရှန်းဟွာ အိမ်ခြံမြေရဲ့ ဝန်ထမ်းတွေဖြစ်ဖို့ မထိုက်တန်ဘူး။” ကုနင်း က ပြောလိုက်သည်။
“ဟုတ်တယ် သူတို့က ရိုင်းတဲ့အပြင် အဆင့်အတန်းလည်း မရှိကြဘူး။”
“သူတို့ ဒီမှာ အလုပ်ဆက်လုပ်နေသေးရင် ငါတို့လည်း တိုက်ခန်းမဝယ်တော့ဘူး။” ခန်းမထဲမှ လူများသည် ကုနင်း ကို ထောက်ခံအားပေးနေကြသည်။
အရောင်းတာဝန်ခံ B နှင့် C တို့သည် ထိတ်လန့်သွားကြသော်လည်း ဟန်ကိုယ့်ဖို့နှင့် “ရှင်တို့ကိုယ်ရှင်တို့ ဘာထင်နေတာလဲ.. ရှင်တို့ တိုက်ခန်းဝယ်တာနဲ့ ကျွန်မတို့က ဘာကိစ္စအလုပ်ထွက်ရမှာလဲ?”
ထိုသို့ပြောပြီး ကုနင်းကို ထောက်ခံအားပေးသူများဘက်သို့ လှည့်လိုက်ကာ“ ရှင်တို့လည်း တိုက်ခန်းမကြည့်ချင်ဘူးဆိုရင် ထွက်သွားကြ ဆွဲမထားဘူး။” ဟု ပြောလိုက်ကြသည်။
ခန်းမထဲမှ လူများသည် ဒေါသငယ်ထိပ်ရောက်သွားကြပြီး ထွက်သွားဖို့ ပြင်လိုက်ကြသော်လည်း ကုနင်းသည် သူတို့ကို တားလိုက်ကာ “အားလုံးပဲ ထွက်မသွားကြပါနဲ့ ထွက်သွားရမှာ သူတို့ပါ ရှင်တို့မဟုတ်ဘူး။”
“ဟာသတွေ လာပြောနေတာပဲ။” အရောင်းတာဝန်ခံ B နှင့် C တို့သည် မဲ့ရွဲ့ကာ ပြောနေကြသည်။
ကုနင်း သည် အေးစက်စွာ ပြုံးလိုက်ရင်း “ရှင်တို့ မကြာခင် ကောင်းကောင်း သိလိုက်ရမှာပါ”
ထို့နောက် ကုနင်း သည် အရောင်းတာဝန်ခံ A ဘက်သို့ လှည့်ကာ “ကျွန်မ အိမ်နှစ်လုံးဝယ်မယ် A-05နဲ့ A-06”
ထိုအိမ်နှစ်လုံးသည် နေရာကောင်းတွင် ရှိသောကြောင့် အန်းကွမ်းယောင်သည် ကုနင်းအတွက် ချန်ထားပေးခြင်း ဖြစ်သည်။
အရောင်းဝန်ထမ်း A သည် ကုနင်းကို တောင်းပန်လိုက်ပြီး “ကျွန်မပဲ တောင်းပန်ပါတယ်ရှင်.. A-05 နဲ့A-06 ကို တခြားဝယ်သူတစ်ယောက်က ကြိုတင်စာရင်းပေးထားပြီးသား ဖြစ်နေလို့ပါ..တခြားအိမ်တွေများ ကြည့်ချင်သေးလားရှင်။”
“ရပါတယ်.. မန်နေဂျာကိုသာ ကျွန်မနဲ့ လာတွေ့ဖို့ ပြောလိုက်ပါ.. သူရောင်းပေးမလား
ကြည့်ကြတာပေါ့။” ကုနင်း ယုံကြည်ချက်အပြည့်နှင့် ပြောလိုက်သည်။
အရောင်းတာဝန်ခံ A သည် မယုံသော်လည်း သူမကိုယ်တိုင်လည်း မဖြေရှင်းနိုင်သောကြောင့် မန်နေဂျာကို တင်ပြလိုက်သည်။
အရောင်းတာဝန်ခံ B နှင့် C တို့ကတော့ သူတို့ ဒုက္ခရောက်တော့မည်ကို မသိကြပဲ “ရှင့်ရဲ့ မိသားစုကချမ်းသာတယ်ဆိုရင်တောင် ရှင်ကတော့ အဲဒီအိမ်နှစ်အိမ်ကို ဘယ်လိုနည်းနဲ့မှ ဝယ်နိုင်မှာမဟုတ်ပါဘူး.. ကျွန်မတို့ သူဌေးက အထူးဝယ်သူအတွက် ချန်ထားတာလေ။”
သူတို့သည် အန်းကွမ်းယောင်အကြောင်းကို သိသောကြောင့် ယုံကြည်မှုအပြည့်နှင့် ပြောနေကြသောလည်း တကယ်တော့ အန်းကွမ်းယောင် သည် ထိုအိမ်နှစ်လုံးကို ကုနင်းအတွက် ချန်ထားပေးခြင်း ဖြစ်လေသည်။
“နောက်တော့ သိရမှာပေါ့.. သေချာတာတော့ ရှင်တို့နှစ်ယောက်လုံး ဒီနေ့အလုပ်ပြုတ်ပြီ။”
အရောင်းတာဝန်ခံနှစ်ယောက်သည် ယခုမှပင် အနည်းငယ်ဖြုံသွားလေသည်။ ကုနင်း သည် ယုံကြည်ချက်အပြည့်နှင့် ဖြစ်နေသောကြောင့် သူမတို့ နှစ်ယောက်အား အမှန်တကယ်ပင် အလုပ်ဖြုတ်နိုင်စွမ်း ရှိသူများလားဟု တွေးမိကြလေသည်။
မကြာခင် မန်နေဂျာလည်း ရောက်လာလေသည်။
အရောင်းတာဝန်ခံများသည် ကုနင်းမှာ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်း၏ သူဌေးအစစ်ဖြစ်ကြောင်း မသိကြသော်လည်း မန်နေဂျာကတော့ အခန်း A-05 နှင့် A-06 မှာ သူမအတွက် ချန်ထားမှန်းသိလေသည်။
“တွေ့ရတာဝမ်းသာပါတယ် မစ္စကု။” မန်နေဂျာက ကုနင်းကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
အန်းကွမ်းယောင်သည် ကုနင်းအား အကောင်းဆုံး ဆက်ဆံပေးရန် အပြောခံထားရသောကြောင့် ကုနင်းသည် အရေးကြီး ပုဂ္ဂိုလ်မှန်း သိလေသည်။ သူသည် ကုနင်းမှာ JadeBeautyရတနာဆိုင်၏ သူဌေးဖြစ်ကြောင်းလည်း သိလေသည်။
“ဟိုင်း အခန်း A-05 နဲ့ A-06 ကို လာကြည့်တာပါ။”
“ရပါတယ်.. လိုက်ကြည့်လိုက်ပါ.. အဆင်ပြေတယ်ဆိုရင် စာရွက်စာတမ်းတွေ ပြင်ထားလိုက်ပါမယ်။”
ထိုစကားကို ကြားပြီးနောက် အရောင်းတာဝန်ခံနှစ်ယောက်မှ လွန်စွာ ထိတ်လန့်သွားကြသည်။ ထိုအခါမှ အခန်း A-05 နှင့် A-06 မှာ ကုနင်း အတွက် ဖယ်ထားခြင်းဖြစ်ကြောင်း သိသွားကြလေသည်။
အရောင်းတာဝန်ခံ B နှင့် C တို့သည် အလွန်ကြောက်လန့်နေကြပြီဖြစ်သည်။
“အလျင်လိုစရာ မလိုပါဘူး” ကုနင်း က ပြောလိုက်ရင်း အရောင်းတာဝန်ခံ B နှင့် C ကို လက်ညိုးညွှန်လိုက်ကာ “သူတို့နှစ်ယောက်က ဒီနေရာမှာ လုပ်ဖို့ အရည်အချင်းမပြည့်မှီဘူး.. ဝယ်ယူတွေကို အရမ်းရိုင်းပြပြီး ဆက်ဆံတယ်။”
မန်နေဂျာသည် ကုနင်း ဘာကို ဆိုလိုမှန်းနားလည်သောကြောင့် သူတို့နှစ်ယောက်အား
“မင်းတို့နှစ်ယောက်ကို အလုပ်ဖြုတ်လိုက်ပြီ” ဟု ချက်ချင်း ပြောလိုက်သည်။
***
အခန်း ၁၂၆၃ အိမ်များကိုကြည့်ခြင်း
မန်နေဂျာသည် ကုနင်း၏စကားကို သံသယမဖြစ်ပါချေ။ သူသည် ကုနင်းနှင့် မရင်းနှီးသော်လည်း သူမသည် အကြောင်းမရှိပဲ ထိုသို့ ပြောမည် မဟုတ်မှန်း သိလေသည်။
“ကျေးဇူးပြုပြီး…” အရောင်းတာဝန်ခံ B နှင့် C တို့သည် သူတို့ကိုယ်သူတို့ ကာကွယ်ရန်
ကြိုးစားနေကြသော်လည်း သူတို့သည် ကုနင်းအတွက် ဂရုစိုက်စရာ မဟုတ်ပါချေ။ သူတို့သည် ရှန်းဟွာ အိမ်ခြံမြေမှ ထွက်မသွားချင်ကြပေ။
“အခုချက်ချင်းထွက်သွားကြ။” မန်နေဂျာသည် စိတ်မရှည်သည့် လေသံဖြင့် ပြောလိုက်သည်။ သူသည် ထိုနှစ်ယောက်ကို ဝယ်သူများအား စိတ်ရှည်ယဉ်ကျေးပေးရန် သင်ပြ ပြောပြထားသော်လည်း သူတို့နှစ်ယောက်မှာ စည်းကမ်းချိုးဖောက်နေကြခြင်း ဖြစ်သည် မဟုတ်ပါလား။
သူတို့သည် စည်းကမ်းချိုးဖောက်ခြင်း၏ အကျိုးဆက်ကို ခံစားကြရခြင်း ဖြစ်သည်။ တကယ်လို့သာ မန်နေဂျာသည် ယခုလို ပြင်းပြင်းထန်ထန် အပြစ်မပေးပါက နောက်ဝန်ထမ်းများသည်လည်း မထီမဲ့မြင်လုပ်လာကြမည်ပင်။
ထိုအရောင်းတာဝန်ခံနှစ်ယောက် အလုပ်ဖြုတ်ခံလိုက်ရသောအခါ ကျန်သူများသည် ကျေနပ်သွားကြလေသည်။ တစ်ချိန်တည်းမှာပင် ကုနင်း၏သရုပ်မှန်ကိုလည်း သိချင်သွားကြလေသည်။
သူမသည် ထိုနှစ်ယောက်ကို အလုပ်ဖြုတ်နိုင်လောက်အောင် အရှိန်အဝါကြီးသူတစ်ယောက် ဖြစ်နေသည် မဟုတ်ပါလား။
အခြားအရောင်းတာဝန်ခံများသည် ခန်းမထဲတွင်ရှိနေသောကြောင့် သူတို့သည်လည်း
အလုပ်ပြုတ်ကြမည်ကို ကြောက်ရွံ့နေကြလေသည်။
အရောင်းတာဝန်ခံ B နှင့် C တို့သည်လည်း ဘာမှမတတ်နိုင်တော့သောကြောင့် တိတ်တဆိတ်ပင် ထွက်သွားလိုက်ကြလေသည်။ သူတို့သည် ကုနင်း ကို မုန်းတီးကာ အပြစ်ပုံချချင်နေကြသော်လည်း သူမကို ရင်မဆိုင်ရဲ ကြတော့ပါချေ။
“မစ္စကု အိမ်သွားကြည့်ကြတော့မလား?” မန်နေဂျာသည် ကုနင်းကို မေးလိုက်သည်။
“ကြည့်မယ်လေ။” ကုနင်းကလည်း ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
အရောင်းတာဝန်ခံနှစ်ယောက်မှာ အလုပ်ပြုတ်သွားကြပြီဖြစ်သောကြောင့် သူမလည်း
အချိန်မဖြုန်းချင်တော့သည်လေ။
…
ကျားဟွာ ဥယျာဉ်ထဲတွင် အပင်မြောက်များစွာ ရှိပြီး လှပသော ဥယျာဉ်တစ်ခု ဖြစ်လေသည်။ လူများသည် လမ်းလျှောက်သူလျှောက်၊ ပြေးသူပြေး၊ အားကစား လုပ်သူကလုပ်နှင့် ရှိနေကြသည်။
A-05 နှင့် A-06 သည် ဘေးချင်းကပ်လျက်ရှိပြီး ကုနင်းသည် ထိုအိမ်များကို ကုမန့်နှင့် ကုချင်အတွက် ချန်ထားခြင်းဖြစ်သည်။
ကုမန့်သည် City B သို့ ပြောင်းသွားပြီ ဖြစ်သော်လည်း သူမသည် ချန်ထားပေးချင်သည်ပင်။
ကုချင်၏မိသားစုသည် ဖန်ဟွား အဆင့်မြင့်အိမ်ရာတွင် ရှိနေကြသောကြောင့်
နောက်ထပ်အိမ်တစ်လုံး ရှိထားသည်မှာ မမှားဘူးဟု တွေးမိသည်ပင်။
ကျန်းရှင်းရွှယ်သည်လည်း သူမကြီးလာသောအခါ ဒီအိမ်သို့ ပြောင်းနိုင်ပေသည်။ သူမလည်းတစ်ချိန်တွင် သူမမိဘများနှင့် ခွဲနေရမည် မဟုတ်ပါလား။ ထို့အပြင် မိန်းကလေးတစ်ယောက်အနေနှင့် အိမ်ပိုင်ရာပိုင် ရှိထားပါက ပိုကောင်းနိုင်ပေသည်။
A-05 နှင့် A-06 သည် အကျယ်အဝန်း စတုရန်းမီတာ ၅၀၀ ရှိသော နေရာတွင် တည်ရှိလေသည်။
အရှေ့ခြံဝန်း အနောက်ခြံဝန်းများပါသည့်အပြင် ရေကူးကန်လည်း ရှိလေသည်။
နှစ်အိမ်လုံးတွင်လည်း အထပ်သုံးထပ် ပါဝင်လေသည်။
ကျားဟွာဥယျာဉ်မှအိမ်များသည် ဖန်ဟွားအဆင့်မြင့်အိမ်ရာမှ အိမ်များလောက် မကောင်းသောငြား အလွန်ပင် စျေးကြီးလေသည်။
ကုနင်းသည် အန်းကွမ်းယောင်အား ထိုအိမ်များကို မွမ်းမံပြင်ဆင်ခြင်း မလုပ်ထားဖို့
ပြောထားသောကြောင့် နှစ်အိမ်လုံးမှာ အလွတ်ဖြစ်နေလေသည်။
ကုမန့်နှင့်ကုချင်သည်လည်း ချက်ချင်းမလိုလောက်သေးသောကြောင့် ကုနင်းသည်
ထိုအိမ်များကို အန်းကွမ်းယောင် အားမှသာ မွမ်းမံခိုင်းတော့မည်ဟု တွေးလိုက်သည်။
အန်းကွမ်းယောင်သည် ထိုအိမ်နှစ်လုံးကို ပြင်ဆင်ပေးဖို့ တာဝန်ရှိသူဖြစ်ပြီး ကုနင်းသည် နွေးထွေး၊ အသုံးဝင်ပြီး အရည်အသွေးကောင်းသော ပြင်ဆင်မှုများကို ပြုလုပ်ဖို့ ပြောထားလေသည်။
ကုနင်းသည် အိမ်နှစ်လုံးကိုသာ လာကြည့်ခြင်း ဖြစ်သောကြောင့် ကျားဟွာဥယျာဉ်တွင် အချိန်ကြာကြာ မနေခဲ့ပါချေ။
ထိုအိမ်ရာတစ်ခုလုံးကို သူမပိုင်သည် ဖြစ်သောကြောင့် သူမလာချင်တဲ့ အချိန် ကောက်လာလို့ ရနေသည် မဟုတ်ပါလား။
…
ကျားဟွာဥယျာဉ်မှ ထွက်လာပြီးနောက် ကုနင်း နှင့် လင်ရှောင်းထင်တို့သည် အပန်းဖြေဥယျာဉ်သို့ သွားကြသည်။
အချိန်ကလည်း စောနေသေးသည် ဖြစ်သောကြောင့် သူတို့လည်း စိတ်လွတ်လက်လွတ်
အပန်းဖြေလိုက်ကြသည်။
ထိုအပန်းဖြေဥယျာဉ်သည် ကလေးများအတွက်ပဲ ဖွင့်ထားခြင်း မဟုတ်သောကြောင့် လူကြီးများလည်း ဝင်ရောက်နိုင်လေသည်။ ကလေးဆိုလျှင် အသက် ၁၅ နှစ်အောက်ဆိုပါက အချို့သော ကစားနည်းများနှင့်ပင် ဆော့လို့မရချေ။ ထို့ကြောင့် ထိုနေရာသို့ လာရောက်သူအများစုမှာ လူငယ်များသာ ဖြစ်ကြလေသည်။
ကုနင်း နှင့် လင်ရှောင်းထင်တို့သည်တော့ မဆော့ချင်ကြသောကြောင့် အထဲတွင်သာ လျှောက်သွားရင်း အပန်းဖြေနေကြသည်။ အပန်းဖြေဥယျာဉ်ထဲမှ လမ်းများတွင် လျှောက်သွားနေရခြင်းမှာ ပျော်စရာပင် ပိုကောင်းနေသည်ပင်။
ကုနင်း နှင့် လင်ရှောင်းထင်တို့သည် ဆွဲဆောင်မှု ရှိသူများဖြစ်သောကြောင့် လူအများ၏
အာရုံစိုက်မှုကိုလည်း ခံကြရသည်။
ကုနင်း ကို မှတ်မိသူအချို့မှာ စိတ်လှုပ်ရှားသွားကြပြီး လာမိတ်ဆက်ကြသောကြောင့် ကုနင်းကလည်း ပြုံးပြနှုတ်ဆက်နေရလေသည်။
ကုနင်း နှင့် လင်ရှောင်းထင်တို့ ထိုနေရာမှ ၅ နာရီလောက်မှပင် ပြန်ခဲ့ကြလေသည်။
လင်ရှောင်းထင် သည် ကုနင်း အိမ်သို့မသွားခင် လက်ဆောင်များ ဝယ်သွားချင်သော်လည်း ကုနင်းက တားလိုက်လေသည်။
ကုနင်း၏မိသားစုသည် Fမြို့တွင် ရက်အနည်းငယ်သာ နေမည်ဖြစ်သောကြောင့် Bမြို့သို့ပြန်သောအခါ လက်ဆောင်များ သယ်နေရမည် စိုးသောကြောင့် ဖြစ်သည်။ ထို့အပြင် သူတို့မှာ ပထမဆုံးတွေ့ခြင်းလည်း မဟုတ်သောကြောင့် လက်ဆောင်များ ပြင်ဆင်သွားရန် မလိုပါချေ။
လင်ရှောင်းထင် သည် လက်ဆောင်များ မပါသွားလျှင် မယဉ်ကျေးရာကျမည် စိုးနေသော်လည်း ကုနင်းသည် သူမစကားကိုသာ နားထောင်စေလိုက်သည်။
ငါးနာရီခွဲသောအခါ ကုနင်း နှင့် လင်ရှောင်းထင်တို့သည် ဖန်ဟွားအဆင့်မြင့်အိမ်ရာသို့ ပြန်လာလိုက်သည်။ ကုနင်း ကားပေါ်က ဆင်းလိုက်ချိန်တွင် သူမအမေက
ဖုန်းဆက်နေသောကြောင့် ပြန်ရောက်နေပြီ ဖြစ်ကြောင်း ပြောလိုက်လေသည်။
***
အခန်း ၁၂၆၄ အမျိုးသာကောလိပ်ဝင်ခွင့် စာမေးပွဲ
ထန်ယွင်ဖန်း နှင့် ထန်ဟိုင်ဖုန်းတို့သည် လင်ရှောင်းထင်လဲ လာမည်ဆိုတာသိသောကြောင့် သူ့ကိုတွေ့ဖို့ စိတ်လှုပ်ရှားနေကြသည်။
ကုနင်းသည် နောက်နေ့တွင် သူမဘဝ၏ အရေးကြီးဆုံး စာမေးပွဲကို ဖြေရတော့မည် ဖြစ်သောကြောင့် လင်ရှောင်းထင် ကိုယ်တိုင်လိုက်ပြီး အားပေးရမည် မဟုတ်ပါလား။ သူတို့သည် လင်ရှောင်းထင်မှာ အလုပ်များသူ ဖြစ်သောကြောင့် သူ မလိုက်လာနိုင်ခဲ့လျှင်လည်း အပြစ်တင်နိုင်မည် မဟုတ်ပါချေ။
လင်ရှောင်းထင်သည် သူဒီရက်ပိုင်းတော့ အားသည်ဟု ပြောထားသည်။ တကယ်တော့ သူသည် အရေးကြီး အလုပ်ကိစ္စပေါ်လာပါက ကုနင်း ကို ထားခဲ့ရမည် ဖြစ်သော်လည်း ကုနင်းကတော့ သူ့အပေါ်နားလည်ပေးလေသည်။
ကုချင်နှင့် ကုမန့်တို့ မီးဖိုချောင်တွင် အလုပ်ရှုပ်နေကြသောကြောင့် ကုနင်း သွားကြည့်လိုက်သည်။ လင်ရှောင်းထင်ကတော့ အိမ်ရှေ့ခန်းတွင်သာ ထိုင်နေပြီး ထန်ယွင်ဖန်း နှင့်ထန်ဟိုင်ဖုန်းတို့နှင့်အတူ စကားပြောနေလေသည်။
လင်ရှောင်းထင် သည် စကားသိပ်ပြောသူ မဟုတ်သောကြောင့် အမှန်တကယ်တော့ ထန်ယွင်ဖန်းနှင့်ထန်ဟိုင်ဖုန်းတို့၏ မေးခွန်းများကိုသာ ဖြေနေရခြင်းဖြစ်သည်။
ထန်မိသားစုကလည်း လင်ရှောင်းထင်အကြောင်း သိထားကြပြီ ဖြစ်သောကြောင့်
သူဆိတ်ဆိတ်နေလေ့ရှိသည်ကိုလည်း အပြစ်မမြင်ကြပါချေ။
ညစာစားပြီးနောက်တွင် ကုမန့် နှင့် ကုချင် တို့သည် ပန်းကန်များကို အတူဆေးလိုက်ကြသည်။ ကုနင်းမှာ သူတို့ကို ကူညီချင်သော်လည်း အဆေးမခံကြပါချေ။
ထို့ကြောင့် ကုနင်းလည်း အိမ်ရှေ့ခန်းသို့သာ ထွက်လာလိုက်သည်။
ည ၈ နာရီခန့်ရောက်သောအခါ သခင်ကြီးလင်သည် ကုနင်း ကို ခေါ်ပြီး စိတ်လှုပ်ရှားနေလားဟု မေးနေလေသည်။ သခင်ကြီးလင်သည် ကုနင်းကို အလွန်ဂရုစိုက်သူ ဖြစ်လေသည်။
ကုနင်း ကလည်း သူမသည် သေချာပြင်ဆင်ထားသောကြောင့် စိတ်ဖိစီးမှု ဖြစ်မနေကြောင်း ပြန်ပြောလိုက်သည်။ ထိုအခါမှ သခင်ကြီးလင်လဲ စိတ်အေးသွားလေသည်။
လင်ရှောင်းထင်သည် ည ၁၀ နာရီခန့်တွင် ပြန်လိုက်ပြီး ကုနင်းက သူ့ကို တံခါးဝဆီ
လိုက်ပို့လိုက်သည်။ သို့သော် သူမအဖေနှင့် အဖိုးရှိနေသောကြောင့် အပြင်ထိတော့ လိုက်မပို့လိုက်ပါချေ။
သူမသည် လင်ရှောင်းထင်နှင့်အတူအိပ်ဖူးပြီး ဖြစ်သော်လည်း မိသားစုရှေ့တွင်တော့
ခပ်တန်းတန်းနေပေးရမည် မဟုတ်ပါလား။
လင်ရှောင်းထင် ပြန်သွားပြီးနောက် မကြာမီ ထန်ဟိုင်ဖုန်းလဲ အိပ်ရာဝင်သွားသည်။
ထန်ယွင်ဖန်းသည်လဲ ကုနင်းကိုလည်း အိပ်ရာစောစောဝင်ဖို့ ပြောလိုက်သည်။ မနက်ဖြန် စာမေးပွဲဖြေရမည် မဟုတ်ပါလား။
ကုနင်းသည် အိပ်ခန်းထဲသို့ရောက်သောအခါ လင်ရှောင်းထင်ထံ စာပို့လိုက်သည်။ ကုနင်းမိသားစုရှိနေသောကြောင့် လင်ရှောင်းထင် ဖုန်းခေါ်မည် မဟုတ်သည်လေ။
…
နောက်နေ့မနက်တွင် ကုမန့်သည် အားလုံးအတွက် မနက်စာ ပြင်ပေးလိုက်သည်။ လင်ရှောင်းထင်သည်လည်း ဖန်ဟွား အဆင့်မြင့်အိမ်ရာတွင်နေကြောင်း သိနေသောကြောင့် ကုမန့်သည် ကုနင်းအား လင်ရှောင်းထင် ကို မနက်စာအတူစားရန် ဖိတ်ခိုင်းလိုက်သည်။
ထို့နောက် ကုနင်းကို ကျောင်းလိုက်ပို့ကြလေသည်။
ကုနင်းသည် ကျောင်းပို့ဖို့ မလိုကြောင်း ပြောသော်လည်း သူမမိသားစုမှာ ငြင်းဆန်နေလေသည်။
သူတို့သည် ကုနင်း ဘဝအတွက် အရေးကြီးသောနေ့တွင် အတူရှိပေးချင်နေကြသည်ပင်။
ကံကောင်းစွာပင် ကုနင်းသည် စာမေးပွဲကို စောစောပြီးအောင် ဖြေနိုင်မည် ဖြစ်သောကြောင့် သူမမိသားစုလည်း ကြာကြာစောင့်ရမည် မဟုတ်ပါချေ။
ထန်ယွင်ဖန်း၏ ကိုယ်ရံတော်သည် MPV ကားကို မောင်းနှင်ပေးလာခဲ့သည်။ အားလုံးဆန့်အောင် ထိုကားနှင့် သွားမှသာ အဆင်ပြေမည် မဟုတ်ပါလား။
စာမေးပွဲသည် ၉ နာရီမှ စမည်ဖြစ်သော်လည်း သူတို့သည် ၇ နာရီ ၄၀ ခန့်တွင် ထွက်လာလိုက်ကြသည်။
လင်ရှောင်းထင်ကတော့ ကားမောင်းပေးပြီး ကုနင်းက ကားမောင်းသူဘေးတွင် ထိုင်ကာ
အခြားသူများက နောက်ခန်းတွင် ထိုင်ကြသည်။
အမှတ် ၁ အထက်တန်းကျောင်းသည် ဖန်ဟွားအဆင့်မြင့်အိမ်ရာနှင့် အနည်းငယ်
အလှမ်းဝေးသောကြောင့် ၁ နာရီ ဝန်းကျင်ခန့် မောင်းရလေသည်။
ထိုအချိန်တွင် အမှတ် ၁ အထက်တန်းကျောင်းရှေ့ဂိတ်ဝတွင် ကျောင်းသားမိဘများနှင့် ပြည့်နှက်နေပြီ ဖြစ်သည်။
လင်ရှောင်းထင် ကားကို အနီးအနားရှိ ကားပါကင်တွင် ရပ်လိုက်ပြီး ကုနင်းကို
လမ်းလျှောက်ပို့လိုက်သည်။ သူတို့သည် ကုနင်းကို ယုံကြည်ကြသောကြောင့် သူမကို
စိတ်လှုပ်ရှားနေလားဟု ထပ်မမေးကြတော့ချေ။
ကုနင်း ရောက်လာသောအခါ ကျောင်းသားများကလည်း သတိထားမိကြလေသည်။
“ကြည့်ပါဦး အဲဒါ ကုနင်း မလား?”
“ဟုတ်တယ် သူ့မိဘတွေထင်တယ် ငယ်ကြသေးသားပဲ!”
“သူ့မိဘတွေ ဟုတ်မယ်ထင်တယ် ဟိုလူကြီးနဲ့ ကုနင်း နဲ့ ရုပ်ဆင်ကြတယ်”
“ဟုတ်တယ်နော်”
“သူ့ဘေးက ကိုယ်လူချောက ဘယ်သူလဲ သိချင်လိုက်တာ”
“သူ့ဝမ်းကွဲ အစ်ကိုများလား မသိဘူး”
“သူ့ရည်းစားများလား?”
“တကယ်ကြီးလား?”
“…”
လူများသည် ကုနင်း အကြောင်းပြောနေကြပြီး အချို့မှာ ကုနင်းနှင့်သူမမိသားစုကို ဓာတ်ပုံများပင် ရိုက်ကြလေသည်။ ကုနင်း ကတော့ မတားနေတော့ပါပေ။
မုခယ်, ချူးဖေ့ဟန် နှင့် စုအန်းယာတို့သည် ကုနင်းကို ဂိတ်ရှေ့တွင် စောင့်နေကြပြီး သူမကို တွေ့သောအခါ စုအန်းယာ၏ မိခင်နှင့်အတူ လျှောက်လာလိုက်ကြသည်။
စုအန်းယာသည်လည်း အမှတ် ၁ အထက်တန်းကျောင်းတွင် ဖြေရမည် မဟုတ်ပါလား။
မုခယ်၏ မိဘများမှာ မအားသောကြောင့် မုခယ်သည် တစ်ယောက်တည်း လာရလေသည်။ ချူးဖေ့ဟန်သည်လည်း သူမ၏ ဖခင်ရော ချူးရွှမ်ဖန်ပါ Fမြို့တွင် ရှိမနေသောကြောင့် သူမသည်လည်း တစ်ယောက်တည်းသာ လာရလေသည်။ စုအန်းယာကတော့ သူမမိခင်နှင့် လာလေသည်။ သူမဖခင် စုကျန်းဟောက်မှာတော့ အလုပ်များနေသောကြောင့် ဖြစ်သည်။
သူတို့သည် ကုနင်းထက်အရင်ရောက်နေသောကြောင့် အပြင်မှာစောင့်နေကြခြင်း ဖြစ်သည်။
“တွေ့ရတာဝမ်းသာပါတယ် သခင်ကြီးထန်၊ မစ္စတာထန် နဲ့ ထန်ကတော်။” သူတို့သည် မျိုးရိုးကြီးသူများကို အရင်နှုတ်ဆက်လိုက်ကြသည်။
ထို့နောက် စုအန်းယာက ကုနင်း မိသားစုကို သူမမိခင်နှင့် မိတ်ဆက်ပေးလိုက်သည်။ “အမေ.. သူတို့က ကုနင်း ရဲ့ အဖိုး၊ အဖေ၊ အမေတွေလေ ဒါကတော့သူ့ချစ်သူ။”
“တွေ့ရတာဝမ်းသာပါတယ် သခင်ကြီးထန်, မစ္စတာထန်, ထန်ကတော် နဲ့ မစ္စတာလင် ကျွန်မက အန်းယာရဲ့အမေပါ” စုကတော် သည် ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ စုအန်းယာသည် ကုနင်း၏မိသားစုအကြောင်းကို ပြောပြထားပြီး ဖြစ်သောကြောင့် ထန် မိသားစုကို တွေ့သောအခါ စိတ်လှုပ်ရှားခြင်း ဖြစ်မနေပါချေ။
“တွေ့ရတာဝမ်းသာပါတယ် စုကတော်။” သူတို့သည် စုအန်းယာ၏မိခင်ကို ပြုံးပြနှုတ်ဆက်လိုက်ကြသည်။
သူတို့သည် ကုနင်း နှင့် သူမသူငယ်ချင်းများ ဝင်ကြရမည် ဖြစ်သောကြောင့် အပြင်တွင် ကြာကြာမနေတော့ပါချေ။
***
အခန်း ၁၂၆၅ သူမ ခိုးချတာလား
စုကတော်သည် တစ်ယောက်တည်း လိုက်လာခြင်း ဖြစ်သောကြောင့် သူမသည် ကုမန့်တို့နှင့်အတူ ရပ်စောင့်နေလိုက်သည်။
“ငါကတော့ အဖြေလွှာကို မြန်မြန်အပ်မှာ.. နင်တို့ကို မစောင့်ဘူးနော်။” ကုနင်း
သူမသူငယ်ချင်းများကို ပြောလိုက်သည်။
“အေးလေ နင်က ငါတို့ထက် အမြဲစောစောပြီးတာပဲဟာ ငါတကယ် မနာလိုဘူး။” ချူးဖေ့ဟန် ပြောလိုက်သည်။
သူတို့သည် ကုနင်း ကဲ့သို့ ထူးချွန်ချင်ကြသော်လည်း မမှီနိုင်မှန်းတော့သိလေသည်။ ကုနင်းသည် တော်ရုံထူးချွန်သူ မဟုတ်သည်ပင်။
“အင်း ငါတို့ကတော့ အချိန်မစေ့မချင်း အဖြေလွှာကို မအပ်နိုင်ပါဘူးဟာ။” စုအန်းယာ က ပြောလိုက်သည်။
သူတို့အားလုံးသည် စာကြိုးစားကြသော်လည်း အမျိုးသားကောလိပ်ဝင်ခွင့် စာမေးပွဲသည် သူတို့အတွက်လွန်စွာ အရေးကြီးလေသည်။
ထို့ကြောင့် ချူးဖေ့ဟန်မှလွဲပြီး မုခယ် နှင့် စုအန်းယာတို့မှာ စိတ်လှုပ်ရှားနေကြသည်။ ချူးဖေ့ဟန်ကတော့ အမှတ်များများရဖို့ ဖိအားပေးခံထားရခြင်း မရှိသောကြောင့် စိတ်မလှုပ်ရှားနေခြင်း ဖြစ်သည်။
သူမသည် ရုပ်ရှင်ကျောင်းသို့ တက်မည်သာ မဟုတ်ပါလား။
ကုနင်းနှင့်သူမ သူငယ်ချင်းများသည် ကျောင်းတစ်ကျောင်းထဲတွင် ဖြေရသော်လည်း ဖြေရမည့်အခန်းချင်း မတူသောကြောင့် ကျောင်းထဲဝင်လိုက်ပြီး လမ်းခွဲလိုက်ကြသည်။
ပထမစာမေးပွဲဖြေရန် မိနစ် ၂၀ ခန့် လိုသေးသော်လည်း ကျောင်းသားများသည် သေချာပြင်ဆင်ရင်း ငြိမ်သက်စွာ ထိုင်နေကြလေသည်။
သူတို့ထဲမှ အများစုသည် စိတ်အေးလက်အေး မနေနိုင်ကြပေ။ အမျိုးသားကောလိပ်ဝင်ခွင့် စာမေးပွဲမှာ တစ်နှစ်တစ်ခါသာ စစ်သည် ဖြစ်သောကြောင့် သူတို့ စာမေးပွဲကျပါက နောက်တစ်နှစ် ထပ်စောင့်ရဦးမည် မဟုတ်ပါလား။
ကုနင်း အခန်းထဲသို့ ဝင်လိုက်ချိန်တွင် သူမ၏အောင်မြင်မှုနှင့် အလှတရားကြောင့် အားလုံး၏အာရုံစိုက်မှုကို ခံရလေသည်။
ကုနင်းကိုသိသော အချို့ကျောင်းသားများမှာ သူမနှင့် တစ်ခန်းတည်း ကျသောကြောင့်
စိတ်လှုပ်ရှားနေကြလေသည်။ သူတို့ လက်ထဲတွင်သာ ဖုန်းရှိနေပါက သေချာပေါက် ကုနင်းကို ဓာတ်ပုံဝိုင်းရိုက်ကြမည်ပင်။
စာမေးပွဲသည် ၉ နာရီတွင် စတင်မည်ဖြစ်ပြီး ၁၁ နာရီခွဲတွင် ပြီးမည် ဖြစ်သည်။
ထိုစဉ် စာမေးပွဲခန်းစောင့်ရောက်လာပြီး စာမေးပွဲမစစ်ခင် လက်မှတ်များကို လိုက်စစ်လေသည်။ ကုနင်း၏လက်မှတ်ကို စစ်ရသောအခါတွင်တော့ သူမထံမှ အကြည့်ကို မခွာနိုင်တော့ပေ။
မကြာခင် ပထမစာမေးပွဲ စတင်လေသည်။
ကုနင်းကလည်း မြန်မြန်ဖြေဆိုနေသည်။
သူမသည် အဖြေအားလုံးကို မိနစ် ၂၀ အတွင်းတွင် ဖြေဆိုပြီးသွားလေသည်။
သို့သော် အဖြေလွှာများကို စာမေးပွဲစတင်ပြီး မိနစ် ၄၀ အကြာမှ အပ်လို့ရမည် ဖြစ်သောကြောင့် ကုနင်းလည်း ခဏစောင့်လိုက်ရသည်။
စာမေးပွဲစသည်နှင့် စာမေးပွဲခန်းစောင့်နှစ်ယောက်သည် အခြားသူများထက် ကုနင်းကို ပိုအာရုံစိုက်ကြလေသည်။ သူတို့သည် နာမည်ကြီးပြီး ထူးချွန်သူ ကုနင်းကို စိတ်ဝင်စားနေသောကြောင့် သူမနားတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေကြသည်။
ကုနင်း သည် မိနစ် ၂၀ အတွင်း ဖြေလို့ပြီးသွားသောအခါ စာမေးပွဲစစ်သူနှစ်ယောက်သည် အံ့ဩသွားကြလေသည်။ သူတို့သည် ကုနင်းအကြောင်းကို ကြားဖူးပြီး ဖြစ်သော်လည်း
လက်တွေ့ကြုံလိုက်ရသောအခါ အလွန်အံ့အားသင့်သွားကြသည်ပင်။
သူတို့သည် ကုနင်းတစ်ယောက် စာမေးပွဲကို သေချာဂရုစိုက်စဉ်းစားပြီး ဖြေမည်ဟုသာ
ထင်ထားကြလေသည်။ ကုနင်းသည် အမှတ်ကောင်းကောင်းရအောင် ဖြေမည်ဟု
ယုံကြည်ထားကြသည် မဟုတ်ပါလား။
စာမေးပွဲစပြီး မိနစ် ၄၀ ကြာသောအခါ ကုနင်းသည် အဖြေလွှာကို အပ်ပြီး ထွက်သွားလေသည်။
သူမကိုကြည့်ပြီး အခန်းထဲမှ သူများအားလုံး အလွန်အံ့ဩသွားကြသည်။
ကုနင်းထွက်သွားသည်နှင့် စာမေးပွဲစောင့်သည် သူမအဖြေလွှာကို စစ်ကြည့်သောအခါ ကုနင်းသည် အဖြေမှန်အားလုံးကို ဖြေဆိုထားသည်ကို တွေ့လိုက်ရသည်။
ကုနင်းသည် အမှန်ပင် ဉာဏ်ကြီးရှင် ဖြစ်နေလေသည်။
စာမေးပွဲ လာဖြေသူ ကျောင်းသားများအားလုံးထဲတွင် ကုနင်းသည် အပြင်ထွက်လာနိုင်သော ပထမဆုံး ကျောင်းသားဖြစ်လေသည်။
သူမသည် အလွန်စောစီးစွာ ထွက်လာသောကြောင့် မိဘများသည်လည်း အံ့ဩသွားကြလေသည်။
ထို့ကြောင့် တချို့သည် သူမစာမေးပွဲကျလာသည်ဟု ထင်ကြလေသည်။ မည်သူမျှ ကုနင်းတစ်ယောက်စာမေးပွဲကို အချိန်တိုအတွင်း ဖြေလာသည်ဟု မထင်ကြပေ။
သူတို့သည် ကုနင်းကို စာမေးပွဲတွင် ခိုးချသောကြောင့် စာမေးပွဲစောင့်က နှင်ထုတ်လိုက်သည်ဟုပင် ထင်လိုက်ကြသည်။ ထို့ကြောင့် သူမအကြောင်း ပြောကြတော့သည်။
“သူဘာလို့ အစောကြီးထွက်လာတာလဲ?”
“အဖြေလွှာရော အပ်ခဲ့ရဲ့လား?”
“မဖြစ်နိုင်တာ။”
“ဘာဖြေရမှန်းမသိလို့ ထွက်လာတာများလား?”
“ခိုးချလို့ နှင်ထုတ်ခံရတာလည်း ဖြစ်နိုင်တယ်။”
“ဟုတ်လောက်တယ်။”
“သူတကယ်ဖြေပြီးမှ ထွက်လာတာလည်း ဖြစ်နိုင်တာပဲ။”
“ဒါက အမျိုးသားကောလိပ်ဝင်ခွင့်စာမေးပွဲလေ အဲလောက်လွယ်မလား။”
“ငါကတော့ သူအဲလောက် တော်မယ်မထင်ပါဘူး။”
“သူစောစောဖြေလို့ ပြီးတယ်ဆိုရင်တောင် ဒီလောက်မြန်မြန်ဖြေလာမှတော့ အမှတ်များများရမယ်မထင်ဘူး။”
“…”
သူတို့အားလုံးသည် ကုနင်း တစ်ယောက် အဖြေမှန်များကို ဖြေခဲ့ပြီး ထွက်လာသည်ဟု မည်သူမျှမထင်ကြပါချေ။
ထန်မိသားစုနှင့် ကုမန့်တို့သည် အခြားမိဘများ ပြောနေသည်ကို ကြားသောအခါ စိတ်မချမ်းမသာဖြစ်နေကြသော်လည်း ဘာမှတော့ ခွန်းတုံ့မပြန်ကြပါချေ။
ထိုအချိန်တွင် သတင်းထောက်များသည် ကုနင်းထံသို့ ကင်မရာများ မိုက်ခရိုဖုန်းများဖြင့်
ရောက်လာကြလေသည်။
သတင်းထောက်မလေးတစ်ယောက်သည် သူမမျက်နှာတွင် ဖုံးမရနိုင်သော စိတ်လှုပ်ရှားမှုများအတိုင်းသား ပေါ်နေလေသည်။ သူမသည် ကုနင်းအကြောင်း ကောင်းကောင်းကြားဖူးထားသည်လေ။
“ဟိုင်း ကုနင်း အစောကြီး ထွက်လာတယ်နော်.. အဖြေလွှာကို အပ်ခဲ့ပြီးပြီလား?” သူမက
မေးလိုက်သည်။
“အပ်ခဲ့ပါပြီ။” ကုနင်း က ပြုံးရင်း ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ မိဘများသည် မေးငေါ့နေကြလေသည်။ သူတို့သည် ကုနင်းတစ်ယောက် အဖြေလွှာကို အချိန်တိုအတွင်း အပ်ခဲ့သည်ဆိုလျှင်တောင် အမှတ်များများတော့ မရနိုင်ဟု
တွေးလိုက်ကြသည်။
“ဒီနှစ် သင်္ချာစွမ်းရည်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ထားတယ်ဆိုတာကို သိထားပါတယ်… အခုဒီ
အမျိုးသားကောလိပ်ဝင်ခွင့်စာမေးပွဲမှာရော အမှတ်များများရမယ်လို့ ယုံကြည်မှုရှိပါသလား?”
သတင်းထောက်မလေးက ထပ်မေးလိုက်လေသည်။
***
အခန်း ၁၂၆၆ ကုနင်းကို မနာလိုဖြစ်ကြခြင်း
ကျောင်းအပြင်ဘက်တွင်ရှိနေသော ကျောင်းသားမိဘများသည် အံ့အားသင့်သွားကြလေသည်။
သူတို့သည် ကုနင်း မှာ သင်္ချာစွမ်းရည်ပြိုင်ပွဲ၏ ချန်ပီယံဖြစ်မှန်း မသိကြပေ။
ဒါဆိုလျှင်တော့ ကုနင်း တစ်ယောက် မှန်ကန်စွာဖြေဆိုပြီး ထွက်လာခြင်းမှာ အမှန်ပင် ဖြစ်နိုင်လေသည်။
သို့သော်လည်း အချို့မိဘများမှာ ကုနင်းတစ်ယောက် ခိုးချထားသည်ဟု ထင်နေကြတုန်းဖြစ်လေသည်။ ကုနင်းသည် အလွန်ထူးချွန်သော ကျောင်းသူဖြစ်သည်ဆိုသောအချက်ကို လက်မခံနိုင်ကြခြင်းသာ ဖြစ်သည်။
“ကျွန်မလည်း အဆုံးကိုတော့ ကြိုမပြောချင်ပေမယ့် ကျွန်မတက်ချင်တဲ့ တက္ကသိုလ်ကိုတော့ ဝင်နိုင်မယ်လို့ ယုံကြည်ချက်ရှိပါတယ်။” ကုနင်း မာနထောင်လွှားနေခြင်းမဟုတ်ဘဲ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်လေသည်။
“ဘယ်တက္ကသိုလ်ကိုများ တက်ချင်တာပါလဲ?” သတင်းထောက်မလေးက မေးလိုက်သည်။
“မြို့တော်တက္ကသိုလ်ကိုပါ။” ကုနင်း က ပြန်ပြောလိုက်သည်။
မြို့တော်တက္ကသိုလ်သည် တစ်နိုင်ငံလုံးတွင် အလွန်နာမည်ကြီးပြီး အရှိန်အဝါကြီးသော
တက္ကသိုလ်ဖြစ်သည်။ တော်ရုံလူဝင်ခွင့်မရနိုင်ပေ။
ကုနင်းသည် အမျိုးသားသင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ချန်ပီယံဖြစ်သောကြောင့် မြို့တော်တက္ကသိုလ်ကိုလည်း ဝင်ခွင့်ရနိုင်သော အလားအလာရှိပေသည်။
ကျောင်းသားမိဘများသည် ကုနင်းကို လွန်စွာ မနာလို ဖြစ်နေကြလေသည်။ သူတို့သည်လည်း သူတို့မိသားစု ဂုဏ်တက်စေရန်အတွက် သူတို့ကလေးများကို အကောင်းဆုံး တက္ကသိုလ်များသို့ဝင်ခွင့်ရစေချင်ကြလေသည်။ သို့သော် သူတို့ကလေးများမှာ ကုနင်းခြေဖျားကိုပင် မမှီနိုင်ကြပါချေ။
သူတို့သည် သူတို့ကလေးများထက် ကုနင်း သာနေသောကြောင့် စိတ်မသက်မသာ
ဖြစ်နေကြလေသည်။
ထို့ကြောင့် သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်သည် မနာလို မရှုစိမ့်သော လေသံဖြင့်
“ယုံကြည်မှုလွန်ကဲတာက ကောင်းပါတယ် ဒါပေမယ့် ကျသွားရင်တော့ ရှက်စရာကြီးနော်။”
သတင်းထောက်မလေးသည် ထိုအမျိုးသမီးဘက်သို့ လှည့်ကြည့်လိုက်သည်။
“ကျွန်မ ခုနကပဲ အစ်မနဲ့ အင်တာဗျူးလုပ်တုန်းက အစ်မကလေးကို ယုံကြည်ချက်အပြည့်ရှိတယ်လို့ ပြောခဲ့တယ်နော်.. အစ်မကလေးက တက္ကသိုလ်ကောင်းကောင်းမှာလည်း ဝင်နိုင်တယ်လို့ ပြောခဲ့ပါတယ်.. ဒါပေမယ့် တခြားကျောင်းသားတွေကိုကျတော့ ယုံကြည်မှုလွန်ကဲနေတယ်လို့ ပြောရတာပါလဲ?” ဟု ကုနင်း ဘက်လိုက်ကာ ပြောလိုက်လေသည်။
သူမသည် ကုနင်း၏အောင်မြင်မှုများအကြောင်း ကြားထားပြီး ဖြစ်သောကြောင့် ကုနင်းတစ်ယောက် အပိုပြောခြင်း မဟုတ်မှန်းလဲ သိလေသည်။
တကယ်လည်း သူမသည် ကုနင်း၏ ရိတ်သတ်ဖြစ်သောကြောင့် ကုနင်းကို ကာကွယ်ပေးနေခြင်းဖြစ်သည်။
အပြောခံလိုက်ရသော အမျိုးသမီးမှာ ဆွံ့အသွားလေတော့သည်။
တချို့မိဘများသည်လည်း ထိုအမျိုးသမီးနှင့် စိတ်တူကိုယ်တူဖြစ်နေသော်လည်း သတင်းထောက်မလေးပြောပြီးနောက်တွင် ဘာမှ၀င်မပြောရဲကြတော့ပေ။
စာမေးပွဲဖြေနေသော ကျောင်းသားများသည် တက္ကသိုလ်ကောင်းကောင်းရရန်
အကောင်းဆုံးကြိုးစားကြမည်သာ ဖြစ်လေသည်။ ကုနင်းသည်လည်း သူတို့ထဲမှ
တစ်ဦးအပါအ၀င်ဖြစ်သောကြောင့် သူမသည်လည်း ယုံကြည်မှုရှိနေသည်မှာ အဆန်းမဟုတ်ပါချေ။
“ကုနင်း ကျွန်မကတော့ ရှင့်ကို သေချာပေါက် မြို့တော်တက္ကသိုလ်ကိုသွားရမယ်လို့ ယုံကြည်ပါတယ်.. ရှင့်ရဲ့ အလုပ်အကိုင်တွေလည်း တဖြည်းဖြည်းအောင်မြင်လာမယ်လို့ ယုံကြည်တယ်။”
သတင်းထောက်မလေးသည် ကုနင်းကို ပြောလိုက်သည်။
အခြားမိဘများသည် စိတ်ရှုပ်ထွေးနေကြလေသည်။ သူတို့အမြင်တွင် ကုနင်းသည်
ကျောင်းသူတစ်ယောက်သာသာ ရှိနေသောကြောင့် ထိုအသက်အရွယ်နှင့်
အလုပ်အကိုင်ဟုပြောနေခြင်းကို နားမလည်နိုင်ဖြစ်နေကြလေသည်။
သူတို့သည် ရှုပ်ထွေးနေကြသော်လည်း ကုနင်းကို မေးဖို့ကျ ရှက်ရွံ့နေကြသည်။
“ကျေးဇူးပါ” ကုနင်းပြုံးပြကာ ပြောလိုက်ရင်း သူမမိသားစုနှင့်အတူ ထွက်သွားလေသည်။
“နင်းနင်း ဖြေနိုင်လား” ကုနင်းကို သူမအမေက မေးလိုက်သည်။
“လွယ်ပါတယ် သမီးအကုန်ဖြေနိုင်တယ်။” ကုနင်း က ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ကုနင်း မိသားစုလည်း ပျော်ရွှင်သွားလေသည်။
ဒုတိယစာမေးပွဲသည် ၃ နာရီတွင် ထပ်ဖြေရမည်ဖြစ်သည်။ သို့သော် ယခုမှာ ၁၀ နာရီသာ ရှိသေးသောကြောင့် သူတို့သည် အိမ်ပြန်ပြီး နေ့လည်စာ စားလိုက်ကြသည်။
စာမေးပွဲပထမရက်အပြီးတွင် သခင်ကြီးလင်သည် ကုနင်းကို ခေါ်ပြီး အခြေအနေမေးလေသည်။
ကုနင်းက အမှတ်များများရဖို့ ယုံကြည်ချက်ရှိကြောင်း ပြောလိုက်သောအခါ သခင်ကြီးလင်သည် ကျေနပ်စွာ ရယ်မောလိုက်လေသည်။ ထို့နောက် သခင်ကြီးလင် သည် ကျန်းကျုံးယွီနှင့် သခင်ကြီးရှုတို့ကို ချက်ချင်း ခေါ်ကြွားလေတော့သည်။
သခင်ကြီးရှု နှင့် ကျန်းကျုံးယွီသည်လည်း ကုနင်းအတွက် ၀မ်းသာပေးကြသော်လည်း သခင်ကြီးလင်ကိုတော့ မနာလို ဖြစ်မိကြလေသည်။ သူတို့သည် ကုနင်းကို သူတို့၏ မြေးချွေးမအဖြစ် လိုချင်နေကြသည်ပင်။ ထိုအတွေးနှင့် သူတို့၏ မြေးများကိုပါ အပြစ်တင်လိုက်ကြသည်။
ကျန်းယွေ့ချင် နှင့် ရှုကျင်းချန် တို့ကတော့ မကျေမနပ်ဖြစ်နေကြသည်။ သူတို့သည် ကုနင်းတစ်ယောက် သူတို့ချစ်သူဖြစ်မလာခဲ့ခြင်းမှာ သူတို့အမှားဟု မထင်ကြချေ။
ရှုကျင်းချန်ကတော့ သိပ်ဂရုမစိုက်သော်ငြား ကျန်းယွေ့ချင်ကတော့ အနည်းငယ် ၀မ်းနည်းနေလေသည်။
သူသည် ကုနင်းတစ်ယောက် လင်ရှောင်းထင် ှင့် မကြိုက်ခင်ကတည်းက သူမကို လိုက်ဖို့စဉ်းစားခဲ့တာ ဖြစ်သည်။
သခင်ကြီးလင်သည် သူ၏မိသားစုကိုလည်း ကုနင်းသည် မြို့တော်တက္ကသိုလ်ကိုတက်ဖို့ ယုံကြည်ချက်ရှိသည်ဆိုသော သတင်းကောင်းကို ပြောနေလေသည်။
လင်မိသားစု၏ တချို့သောသူများသည် ကုနင်း အတွက် ၀မ်းသာကြသော်လည်း အချို့ကတော့ ၀မ်းမသာနိုင်ကြပေ။ ကျန်းရှူးယွမ် နှင့် လင်ရှောက်ကျားတို့သည် ကုနင်း ကို အမြင်မကြည်သူများဖြစ်သောကြောင့် မကျေမနပ် ဖြစ်နေကြလေသည်။ သူတို့ မျက်လုံးထဲတွင် ကုနင်းသည် ဆင်းရဲသောမိသားစုမှ လာသူဟုသာ မြင်နေကြသည်။ ယခုသူမသည် ဘီလျံနာ ဖြစ်နေသော်လည်းအမြင်ကို မပြောင်းလဲချင်ကြပေ။
ကုနင်း မည်မျှပင် အောင်မြင်နေပါစေ သူတို့သည် ကုနင်းကို ဒုက္ခရောက်အောင်
ကြံစည်ချင်နေကြလေသည်။
…
နောက်နှစ်ရက်အပြီးတွင် အမျိုးသားကောလိပ်၀င်ခွင့် စာမေးပွဲလည်း ပြီးဆုံးသွားပြီဖြစ်သည်။ ကုနင်းသည်လည်း အဖြေလွှာကို အခြားကျောင်းသားများထက် ခါတိုင်းလိုပင် စောအပ်မြဲ ဖြစ်သည်။
အခြားကျောင်းသားများသည် ပထမဆုံးအကြိမ်ကတော့ အံ့ဩကြသော်လည်း တဖြည်းဖြည်းနှင့်နားလည်လာကြပြီဖြစ်သည်။
ထန်ယွင်ဖန်း, ထန်ဟိုင်ဖုန်း, ကုမန့်နှင့် လင်ရှောင်းထင်တို့သည် ထိုရက်ပိုင်းအတွင်း ကုနင်းနားတွင်သာ နေပေးကြသည်။
တစ်ချိန်တည်းမှာပင် ကုနင်း၏သတင်းများလည်း တီဗီတွင် ပါလာလေသည်။