← Chapters

အခန်း (၁၂၆၇-၁၂၇၂)

Vol. 82 Ch. 1267-1272

အခန်း (၁၂၆၇-၁၂၇၂)

Vol. 82 Ch. 1267-1272

အခန်း ၁၂၆၇ ဟောင်ရန်ရဲ့ ရန်သူတော်

ကုနင်း၏သတင်းများကို ကြည့်မိကြသော အချို့ကျောင်းသားများသည် အမျိုးသားကောလိပ်ဝင်ခွင့်စာမေးပွဲမှာ သင်္ချာစွမ်းရည်ပြိုင်ပွဲနှင့်အကွာကြီး ကွာသည်ဟု ထင်ကြသည်။ ထို့ကြောင့် ကုနင်း သည် ထိုနှစ်၏ ချန်ပီယံဖြစ်သော်ငြား အမျိုးသားကောလိပ်ဝင်ခွင့်စာမေးပွဲကိုတော့ အမှတ်ကောင်းကောင်းရနိုင်မည်ဟု မထင်ကြပါချေ။

ထို့အပြင် စာမေးပွဲ၏ ရလဒ်များမှာလည်း မထွက်သေးသည့်အတွက် တချို့သောသူများသည် ကုနင်းတစ်ယောက် ကြွားဝါနေသည်ဟု တွေးကြလေသည်။ မြို့တော်တက္ကသိုလ်တွင် တက်ရန်ပင် ကျရှုံးမည်ဟု တွေးကြသည်ပင်။

သို့သော် တစ်ချိန်တည်းမှာပင် ကုနင်းကို အားပေးထောက်ခံသူများလည်း ရှိကြလေသည်။ ကုနင်း သည် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ထားသူ ဖြစ်သောကြောင့် သူမ၏ အရည်အချင်းမှာ သက်သေပြပြီး ဖြစ်နေလေသည်။

ထို့ကြောင့် ကုနင်း အကြောင်းများသည် အင်တာနက်တွင် အငြင်းပွားစရာများ ဖြစ်နေလေသည်။

အမျိုးသားကောလိပ်ဝင်ခွင့်စာမေးပွဲ ပြီးသွားချိန်တွင် ကုနင်းကို သခင်ကြီးလင်က ထပ်မံခေါ်ကာ အခြေအနေကို ထပ်မေးသည်။

သခင်ကြီးလင်သည် ကုနင်း ကို သတိရသောကြောင့် မြို့တော်သို့ လာခိုင်းထားခြင်း ဖြစ်သည်။

…

စာမေးပွဲအပြီးတွင် ကုနင်း သည် သူမ၏ မိတ်ဆွေများဆီမှ ဖုန်းများ၊ စာများ များစွာရရှိပြီး သူမကလည်း အားလုံးကို စိတ်ရှည်စွာ ပြန်ပြောပေးလေသည်။ ချူးဖေ့ဟန် နှင့် သူမသူငယ်ချင်းများကလည်း ဂုဏ်ပြုပွဲ လုပ်ရန် ချိန်းကြလေသည်။

အမျိုးသားကောလိပ်ဝင်ခွင့် စာမေးပွဲသည် ပုံမှန်စာမေးပွဲများထက် ခက်ခဲသော်လည်း သူတို့သည် တက္ကသိုလ်ကောင်းများကို မရမှာတော့ စိတ်မပူကြပါချေ။ သူတို့တွင် ရွေးချယ်စရာများ များပြားစွာ ရှိနေသည် မဟုတ်ပါလား။

ထန်ယွင်ဖန်းတို့သည်လည်း နောက်နေ့မနက်တွင် ပြန်ကြရမည် ဖြစ်သည်။ ထန်ယွင်ဖန်းသည် အလုပ်များသူ ဖြစ်သောကြောင့် ကုနင်းလဲအိမ်တွင် မိသားစုနှင့် အတူ ညစာစားလိုက်သည်။ သူမသည် နောက်မှသာ သူငယ်ချင်းများနှင့် ဘားထိုင်မည် ဖြစ်သည်။

ချူးဖေ့ဟန်တို့ကလည်း နားလည်ကြသောကြောင့် ညစာစားချိန်ပြီးမှသာ စုံကြဖို့ ချိန်းလိုက်ကြသည်။

ကုနင်းသည် ယွီမီရှီ၏အိမ်တွင်လည်း သွားစားရမည် ဖြစ်သည်။ ထို့ကြောင့် Bမြို့ကို ထန်ယွင်ဖန်းနှင့်အတူ မလိုက်သွားနိုင်ပဲ သန်ဘက်ခါမှသာ သွားနိုင်မည် ဖြစ်သည်။

ထန်ယွင်ဖန်းကလည်း ဘာမှမပြောပဲ ကုနင်းစိတ်ကြိုက်သာ လုပ်စေလေသည်။

ညစာစားပြီးနောက်တွင် လင်ရှောင်းထင် နှင့် ကုနင်းတို့ လမ်းလျှောက်ထွက်ကြပြီး ထန်ယွင်ဖန်းကလည်း ဘယ်အချိန်ပြန်ရောက်မည်တို့ကို မမေးပါချေ။ အကယ်၍ ကုနင်း အိမ်ပြန်မလာခဲ့လျှင်တောင် စိတ်ပူကြမည် မဟုတ်ပေ။ ကုနင်း နှင့် လင်ရှောင်းထင်တို့သည် စေ့စပ်ကြရတော့မည် မဟုတ်ပါလား။

သူတို့သည် ချင်ဂိုဏ်း ဖွင့်ထားသော တိဟောက်ကလပ် ကို သွားပျော်ပါးမည်ဟု တွေးလိုက်ကြသည်။

ချူးဖေ့ဟန် သည် သူတို့အားလုံးအတွက် သီးသန့်ခန်းတစ်ခန်းကို ဘိုကင်ယူထားလိုက်သည်။ သို့သော် ကုနင်းကတော့ အခန်းခကို ရှင်းပေးမည် ဖြစ်လေသည်။ သူမထပ်ထွက်သွားရဦးမည် မဟုတ်ပါလား။

သို့သော် တိဟောက်ကလပ်တွင် ကံစမ်းမဲ အစီအစဉ်တစ်ခုရှိပြီး ကုနင်းသည် ဆုထပ်ရသောကြောင့် အခန်းခအတွက် ယွမ် ၁၀၀ သာ ပေးရတော့မည် ဖြစ်လေသည်။

သူမ သူငယ်ချင်းများသည် ကုနင်း တစ်ယောက် ကံစမ်းမဲ ထပ်ပေါက်သောကြောင့် အံ့ဩနေကြလေသည်။ ထိုဆုကို ရဖို့ အခွင့်အလမ်းနည်းသည် မဟုတ်ပါလား။ လင်ရှောင်းထင်ကတော့ ကုနင်း တွင် ကျောက်စိမ်းမျက်လုံးများ ရှိသည်ကို သိသောကြောင့် သူမအတွက် လွယ်ကူမှန်း သိလေသည်။

“ခေါင်းဆောင် နင့်မှာ တကယ်ထူးခြားတဲ့ မျက်လုံးတွေရှိတယ်ထင်တယ်.. ဘယ်လိုတောင် အမြဲတမ်း ကံစမ်းမဲပေါက်နေတာလဲ?” ဟောင်ရန် သည် အံ့ဩစွာဖြင့် ပြောလိုက်သည်။

ကုနင်းသည် ရယ်မောရင်း “ငါ့မှာ ကျောက်စိမ်းမျက်လုံးရှိနေလို့,လို့ ပြောရင် နင်ယုံမှာလား?” ဟု စနောက်ပြီး မေးလိုက်သည်။

“အဲဒီလိုရှိရင် ငါလည်း လိုချင်တာပေါ့.. ဒါပေမယ့် မယုံပါဘူး?” ဟောင်ရန် သည် ခေါင်းခါရင်း ပြောလိုက်သည်။

တခြားသူများသည်လည်း ကုနင်း ဒီတိုင်း ကံကောင်းနေသည်ဟုသာ ထင်ကြလေသည်။

ထိုည၏ ဘားတွင် အထက်တန်းကျောင်းသား တော်တော်များများ ရှိနေကြလေသည်။ စာမေးပွဲအပြီး အပန်းဖြေနေကြခြင်း ဖြစ်သည်။ ကံမကောင်းသည်ကတော့ ဆယ်ကျော်သက်များ စုဝေးနေခြင်းသည် မကောင်းတာတစ်ခုခု ဖြစ်လာဖို့ အလားအလာ ပိုများနေခြင်းပင်။

ဟောင်ရန် နှင့် ချင်ကျီရွှမ်းတို့ သန့်စင်ခန်းသွားကြရင်း လူငယ်အချို့နှင့် ရန်ဖြစ်ကြလေသည်။ သူတို့နှစ်ဦးလုံးသည် သန်စွမ်းသော လူငယ်များ ဖြစ်သော်လည်း သောက်စားထားသည့်အပြင် နှစ်ယောက်တည်းလည်း ဖြစ်နေသောကြောင့် ငါးယောက်နှစ်ယောက်ကိုယှဉ်ကာ ရန်မဖြစ်နိုင်ကြပဲ ဖြစ်လေသည်။

ထို့ကြောင့် နောက်ဆုံးတွင် ဟောင်ရန် နှင့် ချင်ကျီရွှမ်းတို့မှာ ဒဏ်ရာများသာ ရသွားကြလေသည်။

ဟောင်ရန်ကို ထိုကဲ့သို့ ဒုက္ခရောက်အောင် လုပ်သူမှာ ဟောင်ရန်၏ရန်သူတော် ဝူရှောက်ကျဲ့ ဖြစ်သည်။

ဝူရှောက်ကျဲ့၏မိသားစုသည် Fမြို့မှ အလွန်ချမ်းသာသော မိသားစုဖြစ်ပြီး သူကိုယ်တိုင်သည်လည်း အမှတ် ၁ အထက်တန်းကျောင်းမှ ကျောင်းသားဖြစ်သည်။ သူသည် ထိုနှစ်တွင် အသက် ၂၀ ပြည့်ပြီ ဖြစ်သော်လည်း အထက်တန်းကျောင်းသားသာ ဖြစ်နေသေးသည်။ ပြီးခဲ့သောနှစ်က တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ မအောင်သောကြောင့် နောက်တစ်နှစ် ထပ်တက်လိုက်ရခြင်းပင်။

ဝူရှောက်ကျဲ့ နှင့် ဟောင်ရန် နှင့် ငယ်ငယ်ကတည်းက မတည့်ကြခြင်း ဖြစ်သည်။

ဝူရှောက်ကျဲ့ နှင့် ဟောင်ရန်တို့သည် ငယ်ငယ်က ကျောင်းတူကြသော်လည်း ဝူရှောက်ကျဲ့သည် ဟောင်ရန်ထက် တစ်နှစ်ကြီးလေသည်။ သူတို့နှစ်ယောက်လုံးသည် ငဆိုးလေးများ ဖြစ်သောကြောင့် မကြာခဏလည်း ရန်ဖြစ်ကြလေသည်။ သူတို့သည် တစ်ခါတွင် အကြီးအကျယ် ရန်ဖြစ်ကြပြီး ဆေးရုံပင် လတစ်ဝက်ခန့် တက်ခဲ့ကြရဖူးလေသည်။

ဝူရှောက်ကျဲ့တစ်ယောက် အထက်တန်းကျောင်း ပြောင်းသွားမှသာ သူတို့နှစ်ယောက် မတွေ့ဖြစ်ကြတော့သော်လည်း တွေ့သည့်အချိန်တိုင်းတွင်တော့ ရန်ဖြစ်ကြမြဲ ဖြစ်လေသည်။

ဟောင်ရန်သည်တိုက်ခိုက်ရာတွင် ဝူရှောက်ကျဲ့ထက် တော်သောကြောင့် များသောအားဖြင့် ဝူရှောက်ကျဲ့ကသာ ရှူံးလေသည်။ ထို့ကြောင့် ဝူရှောက်ကျဲ့သည် ဟောင်ရန်ဘေးတွင် သူငယ်ချင်းတစ်ယောက်တည်းသာပါသည်ကို တွေ့သောအခါ အခွင့်အရေးကို အသုံးချပြီး ဟောင်ရန်ကို အနိုင်ယူလိုက်ခြင်း ဖြစ်သည်။

ဝူရှောက်ကျဲ့တွင် နောက်ထပ်လေးယောက် ပါနေသောကြောင့် သူက အသာစီးရလိုက်ခြင်း ဖြစ်သည်။ သူသည် သောက်ထားသောကြောင့် ထိုကလပ်မှာ ချင်ဂိုဏ်း ပိုင်ထားခြင်း ဖြစ်သည်ကိုပင် မေ့လျော့နေလေသည်။

ကုနင်းတို့ကတော့ သန့်စင်ခန်းမှ ရန်ပွဲကို မသိလိုက်ကြသော်လည်း တိဟောက်ကလပ်မှ လုံခြုံရေးများကတော့ လူစုခွဲလိုက်ရလေသည်။

ထို့ကြောင့် လုံခြုံရေးများသည် ချူးဖေ့ဟန်ကို ပြောပြလိုက်ကြသည်။

ထိုအကြောင်းကို ကုနင်း တို့ ကြားသောအခါ ဟောင်ရန်ကို ကူညီဖို့ ထွက်သွားလိုက်ကြသည်။

***

အခန်း ၁၂၆၈ ချန်ကော

ကုနင်းတို့ရောက်သွားချိန်တွင် ဟောင်ရန်တို့သည် သန့်စင်ခန်းထဲမှပင် ဆွဲထုတ်ခံနေရပြီ ဖြစ်သည်။

ကုနင်း လူငယ်ငါးယောက်ကို တစ်ချက်ကြည့်လိုက်ပြီး ဟောင်ရန်နှင့် ချင်ကျီရွှမ်းတို့ကို “ဘယ်လို ဖြစ်တာလဲ” ဟု မေးလိုက်သည်။

“ခေါင်းဆောင် သူကငါ့ရဲ့ မဟာရန်သူကြီးပဲ.. သူအရင်ငါ့ကို ထိုးတာ။” ဟောင်ရန် ပြောသည်မှာ အမှန်ပင် ဖြစ်သည်။

ကုနင်း ခေါင်းတစ်ချက်ညိတ်လိုက်သည်။ သူမသည် ဟောင်ရန်အား အခြားသူများနှင့် အကြောင်းမရှိပဲ ရန်မဖြစ်ခိုင်းထားသောကြောင့် ဟောင်ရန်သည်လည်း သူမစကား နားထောင်ခဲ့သည်ပင်။ ဟောက်ရန်သည် အစကပင် ဝူရှောက်ကျဲ့ တစ်ယောက်သူ့ကို စကားလုံးများနှင့် လှောင်ပြောင်တိုက်ခိုက်စဉ်က ဘာမှမတုံ့ပြန်ခဲ့ပါချေ။ ဝူရှောက်ကျဲ့က သူ့ကို လာထိုးမှသာ ပြန်တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

“နင်ဘယ်လိုတောင် ဟောင်ရန်ကို ဘလိုင်းကြီး ရန်လာစတာလဲ…?” ချူးဖေ့ဟန်သည် စိတ်မြန်သူဖြစ်သောကြောင့် ချက်ချင်းရှေ့ထွက်လိုက်သည်။ ထိုလူငယ်များနှင့် အချိန်မရွေး ရန်ထပ်ဖြစ်နိုင်သည့် အနေအထား ဖြစ်နေသည်ကြောင့် ကုနင်း တားလိုက်သည်။

ကုနင်း ဟောင်ရန်နှင့် ချင်ကျီရွှမ်းတို့ကို “နင်တို့ရော အဆင်ပြေရဲ့လား?” ဟု စိုးရိမ်စွာဖြင့် မေးလိုက်သည်။

“ငါတို့ အဆင်ပြေပါတယ်။” ဟောင်ရန်နှင့် ချင်ကျီရွှမ်းတို့မှာ ကုနင်းကို စိတ်မပူစေချင်ကြပေ။

“ဟုတ်ပြီ ငါတို့အခန်းကို ပြန်သွားကြရအောင်။” ကုနင်း က ပြောလိုက်သည်။

“သွားမယ်လေ။” ဟောင်ရန် နှင့် ချင်ကျီရွှမ်းတို့ကလည်း သဘောတူလိုက်ကြသည်။ သူတို့ ဒဏ်ရာများရနေပြီး ဒေါသထွက်နေကြသော်လည်း ကုနင်းသည် ဝူရှောက်ကျဲ့ကို တစ်ခုခုပြန်လက်စားချေမည်ဆိုသည်ကို သိကြလေသည်။ သူတို့သည် ကုနင်း၏အရင်းနှီးဆုံး သူငယ်ချင်းများ ဖြစ်သောကြောင့် ကုနင်းသည် အနိုင်ကျင့်သည့် ကိစ္စများကို သည်းမခံနိုင်မှန်း သိကြသည်ပင်။

“နေကြဦး…” ဝူရှောက်ကျဲ့ကတော့ဖြင့် ဟောင်ရန် ကို ထွက်မသွားစေချင်သေးပေ။

ကုနင်း သူ့ဘက်ကိုလှည့်ပြီး သွေးအေးသော မျက်နှာနှင့် ကြည့်လိုက်သည်။ ထိုအခါမှ ဝူရှောက်ကျဲ့လဲ ထိတ်လန့်သွားပြီး ပါးစပ်ပိတ်သွားလေသည်။

“နင်ဘာဖြစ်ချင်နေတာလဲ.. တစ်ခုခု လုပ်ချင်ရင် ငါနဲ့အရင်ရှင်း.. ဒီကလပ်က ချင်ဂိုဏ်း ပိုင်တယ်ဆိုတာလည်း မမေ့နဲ့ဦး.. နင်ဆန္ဒရှိရင် ငါတို့ တခြားနေရာမှာ တွေ့ကြမယ်။” ကုနင်း က ပြောလိုက်သည်။

သူမသည်လည်း ဝူရှောက်ကျဲ့ကို ဒီတိုင်း လွှတ်မထားချင်ပေ။ သို့သော် ဒီနေရာတွင်တော့ သူ့ကို သင်ခန်းစာမပေးချင်ပေ။

ဝူရှောက်ကျဲ့သည် ချင်ဂိုဏ်း ဆိုသည့်နာမည်ကို ကြားလိုက်ရသောအခါ သူ့အသံကို နှိမ့်လိုက်သည်။ သူသည် ချင်ဂိုဏ်းကိုတော့ မယှဉ်နိုင်သော်လည်း ထိုနေရာမှတော့ ထွက်မသွားချင်နေပေ။

“ကောင်းပြီလေ ငါတို့ အပြင်မှာ ကိစ္စရှင်းကြတာပေါ့။” သူကပြောလိုက်သည်။

တိဟောက်ကလပ် အပြင်ဘက်တွင်ဆိုပါက ဘာဖြစ်ဖြစ် ကိစ္စမရှိသည်ပင်။

“ရတယ်လေ။” ကုနင်းကလည်း သဘောတူလိုက်သည်။

သူမသည် အရှေ့မှ ထွက်သွားပြီး လင်ရှောင်းထင်နှင့်သူမသူငယ်ချင်းများက အနောက်မှ လိုက်သွားကြသည်။

ကုနင်း ဘာကိုလုပ်လုပ် လင်ရှောင်းထင် ဝင်တားမည်မဟုတ်ပေ။ ကုနင်း သူ့အကူအညီလိုလာမှသာ ဝင်ပါပေးမည် ဖြစ်လေသည်။

“ချန်ကောကို ငါတို့ကို လာကူပေးဖို့ ပြောလိုက်။” ဝူရှောက်ကျဲ့ သူ့သူငယ်ချင်းတစ်ယောက်ကို ပြောလိုက်သည်။ ဝူရှောက်ကျဲ့ထံတွင် အင်အားကြီးသော ဘက်တော်သားရှိနေသောကြောင့် ဟောင်ရန်ကို ရန်စနိုင်ခြင်း ဖြစ်သည်။ ထို့အပြင် ဟောင်ရန်နှင့် ချင်ကျီရွှမ်းတို့မှာ ဒဏ်ရာရနေသည့်အပြင် ကုနင်းတို့အဖွဲ့တွင် မိန်းကလေးအင်အားပိုများသောကြောင့် သူနိုင်မည်ဟု ထင်နေခြင်း ဖြစ်သည်။

“ဟုတ်ပြီ။” သူ့သူငယ်ချင်းသည် သီးသန့်ခန်းထဲသို့ ချက်ချင်း ဝင်သွားလိုက်သည်။

ကုနင်း နှင့် လင်ရှောင်းထင်တို့ကတော့ ဝူရှောက်ကျဲ့ ပြောသည်များကို ကြားသော်လည်း ဂရုမစိုက်ကြပါချေ။

ဝူရှောက်ကျဲ့သည် ကုနင်း ထွက်ပြေးမည်စိုးသောကြောင့် နောက်မှ လိုက်သွားလိုက်သည်။

ဝူရှောက်ကျဲ့တို့သည် ထိခိုက်ထားကြသော်လည်း သူတို့ကတော့ ပုံမှန်အတိုင်း လှုပ်ရှားနိုင်ကြသေးလေသည်။ သူတို့သည် တခြားသူများနှင့် ရန်ဖြစ်လေ့ရှိကြသောကြောင့် ကျင့်သားရနေကြပြီ ဖြစ်သည်။

မကြာမီတွင် နှစ်ဖက်အဖွဲ့မှသူများသည် ကလပ်ရှေ့တွင် မျက်နှာချင်းဆိုင် ရပ်လိုက်ကြသည်။

“နင်ဒီပြဿနာကို ဘယ်လို ဖြေရှင်းမယ်လို့ စဉ်းစားထားလဲ?” ကုနင်းက ဝူရှောက်ကျဲ့ကို မေးလိုက်သည်။

ဝူရှောက်ကျဲ့သည် တိဟောက်ကလပ်၏ အဝင်ဘက်သို့ တစ်ချက်ကြည့်လိုက်သည်။ ချန်ကော ရောက်မလာသေးပေ။

“နင့်သူငယ်ချင်းတွေက ငါတို့ကို ထိခိုက်အောင် လုပ်ထားလို့ ငါတို့က ပြန်လက်စားချေတာ။” ဝူရှောက်ကျဲ့ အသံကို မြှင့်ပြောလိုက်သည်။

ထိုအချိန်တွင် ချန်ကော ရောက်လာပြီဖြစ်သည်။ ချူးဖေ့ဟန် သည် သူ့ကို တွေ့လိုက်သောအခါ မဲ့ပြုံးတစ်ချက် ပြုံးလိုက်သည်။

“အင်း.. နင့်မှာ အဲလို လက်စားချေဖို့ အရည်အချင်းရှိရင် လုပ်လေ။” ကုနင်း ပြန်ပြောလိုက်သည်။

“ဟိုင်း ချန်ကော ငါ…” ဝူရှောက်ကျဲ့ သည် ချန်ကောတစ်ယောက် သူ့ဆီ လျှောက်လာသည်ကို မြင်လိုက်ရသောကြောင့် လှမ်းခေါ်လိုက်သည်။ သူသည် ချန်ကောကို သူ့အစား ရန်ဖြစ်ဖို့ အကူအညီတောင်းမည် ဖြစ်သည်။ သို့သော် ချန်ကောက သူ့ကို ကျော်သွားပြီး ချူးဖေ့ဟန် နှင့် ကုနင်းတို့ကို ရိုသေစွာ နှုတ်ဆက်ကာ “တွေ့ရတာ ဝမ်းသာပါတယ် မစ္စချူး နဲ့ မစ္စကု။” ဟု ပြောလိုက်သည်။

ချန်ကောသည် အသက်၃၀အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ချင်ဂိုဏ်း၏အရေးပါသော ခေါင်းဆောင်တစ်ယောက်ဖြစ်သောကြောင့် ချူးဖေ့ဟန်ကို ကောင်းကောင်းသိလေသည်။ သူသည် ကုနင်းကိုလည်း မှတ်မိလေသည်။ ချူးရွှမ်ဖန်သည် သူ့အား ငွေကြေးမည်မျှပင် ပေးစေကာမူ ကုနင်းကို သွားမရှုပ်ဖို့ မှာထားသည် မဟုတ်ပါလား။

ထို့ကြောင့် သူတို့ခေါင်းဆောင်၏သူငယ်ချင်းလဲဖြစ်သည့် ကုနင်းကိုပါ ယဉ်ကျေးလိုက်ခြင်းဖြစ်သည်။

ချန်ကောသည် ကုနင်းအကြောင်းများကို အင်တာနက်တွင် တွေ့ထားသောကြောင့်လည်း ကုနင်း မျက်နှာကို မှတ်မိနေခြင်းလဲ ဖြစ်သည်။

ဝူရှောက်ကျဲ့သည် ချန်ကော၏အပြုအမူကို တွေ့လိုက်ရသောအခါ ကြက်သေသေသွားလေသည်။ သူသည် ချန်ကောတစ်ယောက် ဘာကြောင့် ထိုမိန်းကလေးနှစ်ယောက်ကို ရိုသေနေရသည်ကို နားမလည်နိုင်တော့ချေ။

“ချန်ကော သူက ကျွန်မ သူငယ်ချင်းနှစ်ယောက်ကို ထိခိုက်အောင် လုပ်ထားပြီး သူကိုယ်တိုင်လည်း ထိခိုက်ထားတယ်.. သူတို့အားလုံး ထိခိုက်ထားတာမို့လို့ ကျွန်မတို့ကတော့ သူ့ကို ခွင့်လွှတ်ပေးလိုက်မလို့ကို သူက မကျေနပ်နိုင်သေးဘူး.. ရှင်ရော ဘယ်လိုထင်လဲ?” ချူးဖေ့ဟန်က ဝူရှောက်ကျဲ့ကို လက်ညိုးထိုးကာ ချန်ကောကို ပြောလိုက်သည်။

တကယ်တော့ ဝူရှောက်ကျဲ့ကို ခွင့်လွှတ်သည်ဆိုသော စကားသည် လိမ်လိုက်ခြင်းသာ ဖြစ်သည်။ ကုနင်း ထုတ်မပြောသော်လည်း သူမ ဝူရှောက်ကျဲ့ကို ခွင့်လွှတ်မည်မဟုတ်မှန်း သိကြလေသည်။ ကုနင်းသည် သူငယ်ချင်းများကို ကာကွယ်ပေးတတ်သူ မဟုတ်ပါလား။

ချန်ကော ထိတ်လန့်သွားပြီး အမြန်ရှင်းပြလိုက်ရသည်..“မစ္စချူး ငါကဝူရှောက်ကျဲ့နဲ့ သူစိမ်းတွေမဟုတ်ဘူးဆိုပေမယ့် ဒီပြဿနာထဲဝင်ပါမှာမဟုတ်လို့ စိတ်ချပါ။”

***

အခန်း ၁၂၆၉ ဝူရှောက်ကျဲ့ကိုမကူညီနိုင်ခြင်း

ဝူရှောက်ကျဲ့ သည် နားမလည်နိုင် ဖြစ်နေလေသည်။ သူသည် ချန်ကောမှာ ထိုမိန်းကလေးနှစ်ယောက်ကြောင့် မကူညီနိုင်ခြင်း ဖြစ်သည်ဟု တွေးမိလိုက်သည်။ သို့သော် ထိုမိန်းကလေးနှစ်ယောက်မှာ မည်သူများ ဖြစ်သည်ကိုတော့ သူကိုယ်တိုင်လည်း မသိပါချေ။

တကယ်တော့ ချန်ကောသည် ဝူရှောက်ကျဲ့အား ချူးဖေ့ဟန်အတွက်နှင့် တစ်ခုခု ပြန်မလုပ်သည်ကိုပင် ကျေးဇူးတင်ရမည် ဖြစ်သည်။ တကယ်လို့သာ ချူးဖေ့ဟန်သာ လုပ်ခိုင်းပါက မဆိုင်းမတွပင် ပညာပြန်ပေးလိုက်မည် ဖြစ်လေသည်။

ချန်ကောသည် ဝူရှောက်ကျဲ့၏အစ်ကိုဖြစ်သူ ဝူရှောက်မင် နှင့် ရင်းနှီးသောကြောင့် ဝူရှောက်ကျဲ့နှင့်ပါ ရင်းနှီးနေခြင်း ဖြစ်လေသည်။

ပုံမှန်အားဖြင့် ဝူရှောက်မင်နှင့် ဝူရှောက်ကျဲ့တို့သည် သူ့အတွက် အကျိုးများစွာ ဖြစ်စေသောကြောင့် သူတို့နှင့် ဆက်ဆံရေးကောင်းကို မဖျက်ဆီးချင်သော်လည်း သူ့အနေနှင့် ယခုကဲ့သို့ အခြေအနေတွင်တော့ မည်သည့်ဘက်တွင်နေမည်ကို ရွေးချယ်ရတော့မည်ဖြစ်သည်။ ချူးဖေ့ဟန်ကိုတော့ဖြင့် စိတ်ကွက်အောင် မလုပ်ရဲပါချေ။

ချူးရွှမ်ဖန်သည် စစ်ထူယဲ့၏လူယုံတော်ဖြစ်ပြီး သူ၏ညီမဖြစ်သူကို အလွန်ပင် အလိုလိုက်လေသည်။ တကယ်လို့သာ ချန်ကောသည် သူ့ညီမအား စိတ်အနှောင့်အယှက်ပေးပါက သူ့အသက်ကိုပင်ပေးလိုက်ရမည် ဖြစ်လေသည်။ ထို့ကြောင့် ချန်ကော ထိုအရှုပ်ထုပ်တွင် ဝင်မပါလိုက်ခြင်း ဖြစ်သည်။

“ဟုတ်ပြီလေ။” ချူးဖေ့ဟန် သည် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

သူမသည်လည်း တကယ်တမ်းတွင် သူ့ကို အကြပ်တွေ့အောင်လုပ်ဖို့ ရည်ရွယ်ချက်မရှိပါချေ။ သူမသည် ဝူရှောက်ကျဲ့နှင့်အပေါင်းအပါများကို သူမတစ်ယောက်တည်းနှင့်ပင် ကိုင်တွယ်နိုင်လေသည်။ ဟောင်ရန်နှင့်ချင်ကျီရွှမ်းတို့သည် သာမန်သန်မာသူများသာ ဖြစ်ကြသော်လည်း သူမမှာမူ ကွန်ဖူးသိုင်းကွက်များကို တတ်မြောက်ထားသူ ဖြစ်သည်။

“အင်း.. ငါတို့မှာက လူအင်အားပိုများနေတော့ နင့်ကိုလည်း အနိုင်မကျင့်ချင်ပါဘူး.. ငါတစ်ယောက်တည်းနဲ့တောင် ငါးယောက်တစ်ယောက် ယှဉ်ချနိုင်ပါတယ်။” ချူးဖေ့ဟန်က ပြောလိုက်သည်။

ချူးဖေ့ဟန် ထိုသို့ ပြောလိုက်သောကြောင့် ကုနင်းတို့သည် ဘေးကို ဖယ်လိုက်ပြီး စောင့်ကြည့်လိုက်ကြသည်။

ဝူရှောက်ကျဲ့နှင့်အပေါင်းအပါများ ဘာမှမလုပ်နိုင်လိုက်ခင်တွင် ချူးဖေ့ဟန်သည် လက်ဝှေ့အိတ်တစ်လုံးကို ထိုးသကဲ့သို့ ထိုးချလိုက်လေသည်။

ထိုအခါမှပင် သူတို့သည် ချူးဖေ့ဟန်ကို သွားဆွမိခြင်းမှာ မဟာအမှားဟု သိလိုက်ကြသည်။

ဘေးတွင် ကြည့်နေသူများသည်လည်း မိန်းကလေးတစ်ယောက်က ယောင်္ကျားလေးငါးယောက်ကို အလွယ်တကူ အနိုင်ယူလိုက်ခြင်းအပေါ် အံ့ဩသွားကြလေသည်။

“ဘုရားရေ.. ဒီမိန်းကလေးက မယုံနိုင်စရာပဲ။”

“ငါ့မျက်လုံးတောင် ငါမယုံနိုင်ဘူး။”

“တိဟောက်ကလပ် ရှေ့မှာ ဘာလို့ရန်ဖြစ်နေကြတာပါလိမ့်?”

“ငါတို့နဲ့ မဆိုင်ပါဘူး။”

“…”

ချူးဖေ့ဟန် အားအပြည့်ကို ထုတ်မသုံးလိုက်သော်လည်း ဝူရှောက်ကျဲ့တို့အဖွဲ့ကတော့ အလွန်ပင် ထိခိုက်သွားကြလေသည်။

မကြာခင်မှာပဲ ကုနင်းက ချူးဖေ့ဟန် ကို ရပ်ခိုင်းလိုက်သောကြောင့် ချူးဖေ့ဟန်ကလည်း သူမစကား နားထောင်လိုက်သည်။ “နင်တို့တွေ ဟောင်ရန် ကို ထပ်ထိရဲထိကြည့် နောက်ဒီထက်ပိုဆိုးမယ်။” ချူးဖေ့ဟန် ဝူရှောက်ကျဲ့ကို သတိပေးလိုက်သည်။

ဝူရှောက်ကျဲ့မှာ အလွန်ကြောက်လန့်နေသောကြောင့် စကားပင် ပြောမထွက်နိုင်တောပေ။ သူသည် ဟောင်ရန်တွင် ထိုကဲ့သို့ အတိုက်အခိုက်တော်သော သူငယ်ချင်းရှိမှန်း မသိခဲ့ပါချေ။

ဝူရှောက်ကျဲ့ကတော့ သင်ခန်းစာရသွားပြီ ဖြစ်သည်။ ကုနင်းတို့သည်လည်း သီးသန့်ခန်းထဲသို့ ပြန်လိုက်ကြသည်။ အချိန်မှာ စောနေသေးသောကြောင့် သူတို့သည် အိမ်မပြန်ချင်ကြသေးပေ။

ကုနင်းသည် သူငယ်ချင်းများကို ထိခိုက်ဒဏ်ရာများဖြင့် ကြာကြာမနေချင်သောကြောင့် မှော်ဆေးလုံးနှစ်လုံးကို ထုတ်လိုက်ပြီး ဟောင်ရန်နှင့်ချင်ကျီရွှမ်းကို ပေးလိုက်သည်။

ဟောင်ရန်နှင့်ချင်ကျီရွှမ်း တို့လည်း သောက်လိုက်ကြပြီး ခဏတွင်းချင်းပင် ကောင်းသွားကြသည်။ သူတို့သည် ကုနင်း၏ဆေးများအကြောင်းကို သိကြပြီး ဖြစ်သော်လည်း အံ့ဩနေကြမြဲပင် ဖြစ်သည်။

…

ထိုအချိန်တွင် ချန်ကောသည် ဝူရှောက်ကျဲ့ကို ဆေးရုံသို့ လိုက်ပို့လိုက်ပြီး ဝူရှောက်မင်ကို ဖုန်းခေါ်လိုက်သည်။

ချန်ကောသည် ဝူရှောက်မင်ကို မလိမ်ချင်သောကြောင့် ဝူရှောက်မင်ကို သူသိသမျှ ပြောပြလိုက်သည်။ ဝူရှောက်မင်ကလည်း ချန်ကော တစ်ယောက် အကြပ်ရိုက်ခဲ့ရခြင်းကို နားလည်သောကြောင့် အပြစ်မတင်ပါချေ။

ထိုသို့ဖြင့် ချန်ကောသည် ဝူရှောက်မင်နှင့်အခင်အမင်မပျက် ဆက်ရှိနေလေသည်။

…

ကုနင်းတို့ ကလပ်မှ ည ၁၁ နာရီခွဲခန့်တွင် ထွက်လာလိုက်ကြသော်လည်း အိမ်မပြန်ချင်သေးကြသောကြောင့် ညဘက်အဆာပြေ ထွက်စားလိုက်ကြသည်။

သူတို့စားပြီးကြသောအခါ ည ၁ နာရီပင် ရှိနေပြီ ဖြစ်သည်။

စုအန်းယာသည် သူမ မိသားစုပိုင် ကားကို လှမ်းခေါ်လိုက်ပြီး ချူးဖေ့ဟန်တွင်လည်း ကားရှိသောကြောင့် သူတို့နှင့် လမ်းသင့်သော သူငယ်ချင်းများကို အိမ်ပြန်လိုက်ပို့လိုက်ကြသည်။

ယွီမီရှီနှင့် အန်းယိတို့သည် ကုနင်း ကားနှင့်လိုက်ကြပြီး ဟောင်ရန်နှင့်ချင်ကျီရွှမ်းတို့သည် ချူးဖေ့ဟန်နှင့်လိုက်ကာ စုအန်းယာကတော့ မုခယ်ကို လိုက်ပို့လိုက်သည်။

လင်ရှောင်းထင်သည် အနည်းငယ် မူးနေသော်လည်း ကားမောင်းလို့တော့ ရသေးသည်။ သို့သော် ယာဉ်ထိန်းရဲက ဖမ်းစစ်မည် စိုးသောကြောင့် ကုနင်းက မှော်ဆေးလုံးကို သောက်ခိုင်းထားလိုက်သည်။

ယွီမီရှီ အိမ်ပြန်ရောက်ချိန်တွင် ကုနင်းနှင့်အန်းယိတို့ကို သူမနေရာ ကျားဟွာဥယျာဉ်တွင် ညနေစာလာစားဖို့မမေ့ရန် သတိပေးလိုက်သည်။

ယွီမီရှီ၏အိမ်အသစ်သည် ကျားဟွာတွင် အဆင်သင့် ဖြစ်နေပြီ ဖြစ်သောကြောင့် ယွီမီရှီတို့မိသားစုသည် နောက်တစ်နေ့တွင် ချိန်းလိုက်ခြင်း ဖြစ်သည်။

ကျားဟွာဥယျာဉ်မှ တိုက်ခန်းများသည် အလွန်နာမည်ကြီးပြီး အများစုမှာ ကြိုတင်မှာယူထားခြင်းပင် ရှိကြလေသည်။

၈၀ ရာခိုင်နှုန်းသော တိုက်ခန်းများသည် စျေးကွက်တွင် တင်လိုက်သည်နှင့် ရောင်းထွက်ကြပြီး ၃၀ ရာခိုင်နှုန်းသော ဝယ်ယူများသည် နေထိုင်ပြောင်းရွှေ့ပြီးကြလေသည်။

ကျားဟွာဥယျာဉ်သည် အိမ်ရာအသစ်ဖြစ်သောကြောင့် စျေးများသည် အရမ်းမမြင့်သလို အရမ်းလည်း မနိမ့်ချေ။ သေချာသည်ကတော့ တိုက်ခန်းများသည် အလျင်အမြန်ပင် ရောင်းထွက်နေခြင်း ဖြစ်သည်။

ဖန်ဟွားအဆင့်မြင့်အိမ်ရာသည် မြို့ထဲတွင် နာမည်အကြီးဆုံးဖြစ်သော်လည်း စျေးအလွန်မြင့်လေသည်။ ထို့ကြောင့် ၂၀ ရာခိုင်နှုန်းသော တိုက်ခန်းများကသာ ရောင်းထွက်လေသည်။

ယွီမီရှီကိုပြန်ပို့ပြီးသောအခါ လင်ရှောင်းထင်က အန်းယိကို အိမ်ပြန်ပို့လိုက်သည်။

ထို့နောက် ကုနင်း နှင့် လင်ရှောင်းထင်တို့သည် ဖန်ဟွား အဆင့်မြင့်အိမ်ရာသို့ ပြန်သွားလိုက်ကြသည်။

လင်ရှောင်းထင် မြေအောက်ကားပါကင်တွင် ကားကိုရပ်လိုက်ပြီးနောက် ကားမီးများကို ပိတ်လိုက်သော်လည်း နှစ်ယောက်လုံး ကားပေါ်က မဆင်းကြသေးချေ။

***

အခန်း ၁၂၇၀ ယွီမီရှီ၏ဆွေမျိုးများ

လင်ရှောင်းထင် တုံ့ဆိုင်းမနေပဲ ကုနင်းဘက်ကိုတိုးကာ အနမ်းပေးလိုက်သည်။

ထို့နောက်သူမကို လွတ်သွားမှာစိုးသည့်အလား ဖက်ထားပြီး ကြာမြင့်စွာ အနမ်းပေးနေခဲ့သည်။ နောက်တော့မှသာ ကုနင်းကိုလွှတ်ပေးကာ ပြန်စေလေသည်။

ကုနင်း တစ်ယောက်အိမ်ထဲဝင်သွားသည်အထိ လင်ရှောင်းထင် စောင့်ကြည့်နေခဲ့သည်။ သူမမိသားစုဝင်များမှာ အိပ်နေကြပြီ ဖြစ်သောကြောင့် သူမသည် ခြေဖွနင်းပြီး ဝင်သွားလိုက်သည်။

သူမ အိပ်ရာမဝင်ခင်တွင် လင်ရှောင်းထင် နှင့် WeChat တွင် စကားပြောနေလိုက်သည်။

လင်ရှောင်းထင သည် WeChatကို ကုနင်းနှင့်ချစ်သူဖြစ်မှသာ စသုံးခြင်း ဖြစ်သောကြောင့် WeChatတွင် သူမတစ်ယောက်တည်းသာရှိလေသည်။

နောက်တစ်နေ့တွင် ကုမန့် စောစောထကာ မိသားစုအတွက် မနက်စာ ပြင်ဆင်လေသည်။ မနက် ၉ နာရီတွင် လေဆိပ်သို့သွားရမည် မဟုတ်ပါလား။

ကုမန့် ဒီနေ့ပြန်မည် ဖြစ်သောကြောင့် ကုချင်သည် အလှပြင်ဆိုင်သို့ မသွားဖြစ်ချေ။ သူတို့သည် ၂ ရက်တာ အတူနေခဲ့ကြသော်လည်း ထပ်မံခွဲခွာကြရဦးမည်ပင်။

ထန်ယွင်ဖန်းတို့သည် ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် လာကြသောကြောင့် Bမြို့ကို တန်းသွားကြမည် ဖြစ်သည်။

သူတို့ ထွက်သွားကြပြီးသောအခါတွင်မှ ကုနင်းနှင့်လင်ရှောင်းထင်တို့ အလှပြင်ဆိုင်သို့သွားပြီး ထို့နောက်တွင် ဖန်ဟွား အဆင့်မြင့်အိမ်ရာသို့ ပြန်သွားလိုက်သည်။

ထန်ယွင်ဖန်းတို့ ပြန်သွားကြပြီဖြစ်သော်ကြောင့် လင်ရှောင်းထင်လဲ ကုနင်းနှင့်အတူ အိမ်ပြန်လိုက်ခဲ့လိုက်သည်။ သို့သော် ရှုကျင်းချန်သည် လင်ရှောင်းထင်ကို နေ့လည်ဘက်တွင် အရေးကြီးကိစ္စတစ်ခုနှင့် ခေါ်ထားသောကြောင့် လင်ရှောင်းထင် ပြန်ထွက်သွားရလေသည်။

ကံကောင်းစွာပင် အမျိုးသားကောလိပ် ဝင်ခွင့်စာမေးပွဲလည်း ပြီးသွားပြီ ဖြစ်သောကြောင့် သူလည်း စိတ်ပေါ့ပါးစွာဖြင့် ပြန်နိုင်လေသည်။

ကုနင်းကပဲ လင်ရှောင်းထင်ကို လေဆိပ်သို့ လိုက်ပို့ပေးခဲ့သည်။

သူမ မြို့ထဲသို့ ပြန်ရောက်ချိန်တွင် ၅ နာရီခန့်ပင် ရှိပြီဖြစ်လေသည်။ ထို့ကြောင့် ယွီမီရှီ၏အိမ်အသစ်ရှိရာ ကျားဟွာဥယျာဉ်သို့ တန်းသွားလိုက်သည်။ ချိန်းဆိုထားသည့်အချိန်မှာ ၆ နာရီဖြစ်သော်လည်း ဧည့်သည်တစ်ယောက်အနေဖြင့် စောစောရောက်သင့်သည် မဟုတ်ပါလား။

ကျားဟွာဥယျာဉ်သို့သွားရာလမ်းတွင် ကုနင်း လက်ဆောင်များ ဝင်ဝယ်လိုက်သေးသည်။

…

ကျားဟွာဥယျာဉ်သည် ကျယ်ဝန်းသောကြောင့် အထဲတွင် နေရာပေါင်းများစွာ ရှိလေသည်။

ဇုန်တစ်ခုတွင် အဆောက်အအုံ ၂ ခုမှ ၅ ခု အထိရှိပြီး အပြင်ဘက်တွင်မူ သီးခြားဂိတ်များနှင့်လုံခြုံရေးများ ရှိကြသည်။

ယွီမီရှီ၏အိမ်အသစ်ကတော့ ဇုန် C တွင် ရှိလေသည်။

ကုနင်း ကားကို မြေအောက်ကားပါကင်သို့ မောင်းလိုက်ပြီး ဂိတ်ဝနားတွင် ရင်းနှီးသော မျက်နှာများကို တွေ့လိုက်ရသည်။ ထို့နောက် သူတို့သည် ယွီမီရှီ၏ဦးလေးနှင့်အဒေါ်တို့ဖြစ်ကြောင်း မှတ်မိလိုက်သည်။

ကုနင်း သူတို့ကို တွေ့ရသည်ကို မအံ့ဩမိပေ။ ယွီမီရှီ၏အိမ်အသစ်သည် ကျားဟွာဥယျာဉ်တွင် ရှိသည်လေ။ သို့သော် ယွီမီရှီ၏မိသားစုဝင်များ သူတို့ကြောင့် ဒုက္ခများခဲ့သည်ကိုတော့ ပြန်တွေးမိလိုက်သည်။

ထိုသည်မှာလည်း သူမနှင့် သက်ဆိုင်နေသောကြောင့် ကုနင်းလဲ ကားပါကင်သို့ မမောင်းတော့ပဲ လမ်းဘေးတွင် ချရပ်လိုက်ကာ သူတို့ဆီ လမ်းလျှောက်သွားလိုက်သည်။

သူတို့သည် ကုနင်းကို သိထားကြသောကြောင့် ကုနင်း ရုတ်တရတ်ထွက်လာသောအခါ လန့်ဖျတ်သွားကြလေသည်။

“ဒီမှာဘာလုပ်နေကြတာလဲ?” ကုနင်း ကမေးလိုက်သည်။

“မင်းနဲ့ မဆိုင်ပါဘူး။” ယွီမီရှီ၏အဒေါ်က ရန်စကား ပြောလိုက်သည်။

“ဟုတ်ပါတယ် ဒါပေမယ့် ယွီမီရှီရဲ့မိသားစုကို ထပ်ဒုက္ခပေးရင်တော့ ကျွန်မနဲ့ ဆိုင်သွားပြီ.. ကျွန်မ ရှင်တို့ကိုတော့ ယဉ်ကျေးနေမှာမဟုတ်လို့ အဲဒီလိုသိထားပါ။” ကုနင်း အေးစက်စွာ ပြောလိုက်သည်။

ထိုစကားကို ကြားပြီးနောက် သူတို့သည် ထိတ်လန့်သွားကြသော်လည်း ထွက်တော့မသွားကြချေ။

“ယွီမီရှီရဲ့မိဘတွေက ငါ့ရဲ့အစ်ကိုနဲ့ ယောက်မတွေလေ.. ငါတို့က အမျိုးအရင်းတွေပဲ။” ယွီမီရှီ၏အဒေါ်အငယ်က ပြောလိုက်သည်။ သူတို့လေသံသည် ယွီမီရှီ၏မိသားစုနှင့် ရင်းနှီးသလိုဖြစ်နေသော်လည်း တကယ်တော့ ပိုက်ဆံအတွက်သာ လာကြခြင်းဖြစ်လေသည်။

“ကျွန်မလည်း ရှင်တို့နဲ့ အချိန်ဖြုန်းဖို့ စိတ်ကူးမရှိပါဘူး.. ရှင်တို့ ဒုက္ခမရောက်ချင်ဘူးဆိုရင်တော့ ယွီမီရှီ မိသားစုနဲ့ ဝေးဝေးနေပါ။” ကုနင်း သတိပေးလိုက်ပြီးနောက် ထွက်သွားလေသည်။

“ငါတို့ကို လာခြိမ်းခြောက်နေရအောင် နင့်ကိုယ်နင် ဘာထင်နေလဲ?” ယွီမီရှီ၏အဒေါ်က ဒေါသတကြီး ပြောနေလေသည်။

သူမသည် ကုနင်း၏ပုခုံးကို ဆွဲယူလှည့်ဖို့ ကြိုးစားလိုက်သော်လည်း ကုနင်းက ရှောင်လိုက်သောကြောင့် သူမသည် ယိမ်းယိုင်သွားလေသည်။

“နင်…” ယွီမီရှီ ၏ အဒေါ်သည် ကုနင်းကို စားမတတ် ဝါးမတတ် ကြည့်လိုက်သည်။

ကုနင်းကလည်း တစ်ချက်မဲ့လိုက်ပြီး “ကျွန်မကို ဘာလုပ်ချင်လို့လဲ တိုက်ခိုက်ချင်တာလား.. အဲဒီလို လုပ်နိုင်မယ့်ပုံလည်း မပေါ်ပါဘူး။”

ယွီမီရှီ၏အဒေါ်မှာ ဒေါသငယ်ထိပ်ရောက်သွားပြီး ကုနင်းကို ထပ်တိုက်ခိုက်ပြန်သည်။ သို့သော် သူမသည် ကုနင်းနှင့်ယှဉ်ပါက အားနည်းနေလေသည်။

ကုနင်းသည် အလျင်အမြန်ရှောင်လိုက်ပြီး ခြေထောက်ကို လှမ်းကန်လိုက်သည်။ ထို့ကြောင့် ယွီမီရှီ၏အဒေါ်သည် မြေကြီးပေါ်သို့ လဲကျသွားလေသည်။ သူမသည် အရှိန်ဖြင့် ပြုတ်ကျသွားသောကြောင့် ကျယ်လောင်စွာ အော်လိုက်လေသည်။

လူများသည် အော်သံကြောင့် ရောက်လာကြပြီး ဖြစ်စဉ်အစအဆုံးကိုတော့ မသိကြချေ။

ယွီမီရှီ၏ဦးလေးနှင့် အဒေါ်တို့သည် ကုနင်း မှာ ငယ်ရွယ်သော မိန်းကလေးဖြစ်သည်ဟူကာ လျှော့တွက်နေကြသော်လည်း ကုနင်းသည် သူတို့ထင်ထားသည်ထက် သန်မာလေသည်။

“အဆင်ပြေရဲ့လား?” ယွီမီရှီ၏အဒေါ်လဲကျသွားစဉ် ယွီမီရှီ၏ဦးလေးက ဆွဲထူလိုက်ပြီး မေးလိုက်သည်။

တကယ်တော့ သူတို့သည် အရမ်းမရင်းနှီးကြသော်လည်း ယွီမီရှီတို့မိသားစုနှင့်ထက်တော့ ဆက်ဆံရေး ပိုကောင်းကြလေသည်။

သူတို့သည် သူတို့ကိုယ်သူတို့ ယွီမီရှီ မိသားစုထက်သာပြီး ယွီမီရှီတို့မိသားစုမှာ သူတို့ထက် ဆင်းရဲသည်ဟု တွေးကြလေသည်။

ယွီမီရှီ၏အဖေသည် မိသားစုစားဝတ်နေရေးအတွက် မနက်စာကိုပင် ကောင်းကောင်းမစားရသူ ဖြစ်သလို သူမအမေသည်လည်း နာမကျန်း ဖြစ်နေသူဖြစ်သည်။ ထို့အပြင် ယွီမီရှီ၏မိခင်သည် အိပ်ရာထဲတွင် လဲနေသူပင် ဖြစ်လေသည်။

***

အခန်း ၁၂၇၁ လင်းဖေး အကူအညီလိုအပ်ခြင်း

ယွီမီရှီ၏အမျိုးများသည် သူမတို့မိသားစု တိုက်ခန်းအသစ်သို့ ပြောင်းသည်ဟု ကြားသောကြောင့် အတူချိန်းပြီး ပိုက်ဆံလာတောင်းကြခြင်း ဖြစ်သည်။

ယွီမီရှီ၏အဒေါ်အငယ်လဲကျသွားသောအခါ ဦးလေးနှင့် အဒေါ်အကြီး ဖြစ်သူတို့မှာ ဒေါသထွက်သွားကြသည်။

ယွီမီရှီ၏ဦးလေးက ကုနင်းကို “ဘာလို့တွန်းချလိုက်တာလဲ?” ဟု အော်ပြောလိုက်သည်။

“ကျွန်မက တွန်းတယ်ဟုတ်လား.. သူက ကျွန်မကို လိုက်တိုက်ခိုက်နေလို့ ရှောင်လိုက်တာလေ။” ကုနင်း က ပြောလိုက်သည်။

သူမသည် တကယ်လည်း ယွီမီရှီ၏အဒေါ်အငယ်ကို တွန်းချခြင်းမဟုတ်ပဲ ခြေထောက်ကို တိတ်တဆိတ် ကန်လိုက်ခြင်းသာဖြစ်သည်။ ယွီမီရှီ၏ဦးလေးက မတွေ့လိုက်သောကြောင့် သူမလည်း ဝန်ခံနေစရာမလိုပေ။ တကယ်လည်း ယွီမီရှီ၏အဒေါ်အငယ်က စပြီးတိုက်ခိုက်ခြင်းဖြစ်သောကြောင့် သူမကိုယ်သူမ ကာကွယ်လိုက်ခြင်း ဖြစ်သည်။

တကယ်လို့သာ ကုနင်းကို တိုက်ခိုက်သူမှာ အမျိုးသားတစ်ဦးဖြစ်နေပါက ကုနင်းသည် ပိုပြင်းထန်စွာ တုံ့ပြန်ဖို့ ဝန်လေးနေမည် မဟုတ်ပါချေ။

“မင်း…” ယွီမီရှီ၏ဦးလေးသည် ပြောစရာစကားဆွံ့အသွားလေသည်။

“ခေါင်းဆောင် ဘာကူညီပေးရမလဲ”

ထိုအချိန်တွင် ဟောင်ရန်, ချင်ကျီရွှမ်း နှင့် ကျန်းထျန်ပင်းတို့ သူမဆီ အပြေးရောက်လာကြသည်။

သူတို့သည် ဟောင်ရန် ကားနှင့်လိုက်လာခြင်းဖြစ်ပြီး ကုနင်းကားကို လမ်းဘေးတွင် တွေ့လိုက်ကြခြင်း ဖြစ်သည်။ မသင်္ကာသောကြောင့် ကုနင်းကို လိုက်ရှာကြပြီး သူမကို ယွီမီရှီ၏အမျိုးများနှင့် တွေ့လိုက်ရသောအခါ ဟောင်ရန်လဲ ကားကိုရပ်လိုက်ပြီး ကုနင်းကို ဆင်းကူညီကြခြင်း ဖြစ်သည်။

ယွီမီရှီ၏ ဦးလေးနှင့်အဒေါ်တို့သည် ဟောင်ရန် နှင့် လူငယ်လေးများ ပြေးလာသည်ကို တွေ့သောအခါ ထိတ်လန့် သွားကြသည်။

“ကျွန်မကို ဘာပြောစရာရှိသေးလဲ ..မရှိရင် ကျွန်မသွားတော့မယ်။” ကုနင်း သည် ယွီမီရှီ ၏ ဦးလေးကို ကြည့်ပြီး ပြောလိုက်သည်။

ယွီမီရှီ၏ဦးလေးသည် တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း မည်သည့်စကားမျှ ထွက်မလာပါချေ။

ကုနင်းလည်း စိတ်ပျက်ကာ လှည့်ထွက်သွားလိုက်သည်။

ကုနင်း၊ ဟောင်ရန် နှင့် သူငယ်ချင်းများသည် ယွီမီရှီ မိသားစုအိမ်သို့ လက်ဆောင်များယူပြီး သွားလိုက်ကြသည်။ ယွီမီရှီ၏မိဘများသည် ပျော်ရွှင်သွားကြပြီး ကုနင်းကို ထပ်ခါတလဲလဲ ကျေးဇူးတင်နေလေသည်။ သူတို့အိမ်အသစ်အတွက် သူမအများကြီး ကူညီပေးခဲ့သည် မဟုတ်ပါလား။

ကုနင်းသည် ယွီမီရှီအတွက် လုပ်ပေးကြောင်းကို ပြောသော်လည်း ယွီမီရှီ၏ မိဘများသည် ကျေးဇူးတင်နေကြဆဲ ဖြစ်လေသည်။

ကုနင်းသည် ယွီမီရှီ၏မိဘများအား ယွီမီရှီ၏ဦးလေးနှင့် အဒေါ်တို့အား အပြင်ဘက်ဂိတ်တွင် တွေ့လိုက်ကြောင်း ပြောပြလိုက်သည်။ ထို့ကြောင့် ယွီမီရှီ၏မိဘများကိုလည်း သတိထားနေရန် ပြောထားလိုက်သည်။ တစ်ခုခု ဖြစ်လာပါက လုံခြုံရေးများကို ခေါ်နိုင်ပြီ မဟုတ်ပါလား။

ယွီမီရှီ၏မိဘများသည်လည်း ယွီမီရှီ၏ဦးလေးနှင့်အဒေါ်တို့ကို သဘောမကျသောကြောင့် သူတို့ကလည်း မတွေ့ချင်ကြပါပေ။

ညစာစားပြီးနောက်တွင် သူတို့သည် တီဗီအတူကြည့်ကာ စကားပြောနေကြသည်။ မကြာမီတွင် ကုနင်းထံသို့ Gမြို့မှ အမည်မသိ ဖုန်းနံပါတ်တစ်ခု ဝင်လာလေသည်။

ကုနင်း ဖုန်းကိုင်လိုက်ပြီး တစ်ဖက်လူအသံ ကြားသည်နှင့် မည်သူဖြစ်ကြောင်း မှန်းဆကြည့်လိုက်သည်။

“အမ်.. ဟေး..ကုနင်း လားမသိဘူး?” ဖုန်းထဲတွင် စိတ်လှုပ်ရှားနေသော အမျိုးသားတစ်ဦးအသံကို ကြားလိုက်ရသည်။ ထိုသူမှာ လင်းဖေး ဖြစ်လေသည်။

လင်းဖေးသည် ထိုနံပါတ်မှာ ကုနင်း ၏ ဖုန်းနံပါတ်မှန်းသိသော်လည်း သေချာအောင် မေးလိုက်ခြင်း ဖြစ်သည်။

“ဟုတ်ပါတယ် ကျွန်မပါပဲ။” ကုနင်း ပြန်ဖြေလိုက်သည်။

“ကျွန်တော်က လင်းဖေး ပါ မှတ်မိသေးလား မသိဘူး.. ကျွန်တော်တို့ County X ကိုသွားတဲ့ အဝေးပြေးလမ်းမမှာ ဆုံဖူးကြတယ်လေ။” လင်းဖေး က ပြောလိုက်သည်။

“ဟုတ်ကဲ့ ဘာများကူညီပေးရမလဲ?” ကုနင်း က မေးလိုက်သည်။

“အမျိုးသားကောလိပ်ဝင်ခွင့် စာမေးပွဲပြီးသွားပြီနော်.. ဖြေနိုင်ရဲ့လား?” လင်းဖေး သည် စိုးရိမ်သံဖြင့် မေးလိုက်သည်။

“မဆိုးပါဘူး” ကုနင်း က ပြောလိုက်သည်။

“ကျွန်တော်…”

လင်းဖေး သည် တစ်ခုခုပြောရန် ကြိုးစားလိုက်သော်လည်း တံခါးကို တစ်ယောက်ယောက်က ကန်ဖွင့်ပြီး အော်ပြောလိုက်သည့်အသံကြောင့် ရပ်တန့်သွားလေသည်။ “ဖေး ဘယ်လိုဖြစ်တာလဲ.. မနက်ဖြန် ပြိုင်ပွဲရှိတာကို ဘယ်လိုတောင် ဒဏ်ရာသွားတာလဲ?”

ထိုအရာများကိုကြားပြီး ကုနင်း မှင်သက်သွားလေသည်။ လင်းဖေးသည် သူပြိုင်ရမည့် ပြိုင်ပွဲတစ်ခု မနက်ဖြန်ရှိသောကြောင့် ဒီနေ့ ဖုန်းခေါ်လိုက်ခြင်းဖြစ်သည်။

“ဆောရီးပါ.. ကျွန်တော့်ကို ခဏအချိန်ပေးပါနော်?” လင်းဖေး ကုနင်းကို အရင်တောင်းပန်လိုက်သည်။

“ရပါတယ်” ကုနင်းပြောလိုက်သည်။ ထို့နောက် လင်းဖေးတစ်ယောက် အခြားယောင်္ကျားလေး တစ်ယောက်နှင့် စကားပြောနေသံကို ကြားလိုက်ရသည်။ “ငါနောက်မှ ရှင်းပြမယ်ကွာ ခဏလောက် ငါ့ကို လွှတ်ထားပေးပါ။”

ထိုယောင်္ကျားလေးသည် လင်းဖေး တစ်ယောက် ဖုန်းပြောနေသည်ကို မသိသောကြောင့် ကျယ်လောင်စွာပြောရင်း ဝင်လာလေသည်။ ထို့နောက်မှ လင်းဖေး ဖုန်းပြောနေသည်ကို တွေ့သောအခါ အသံတိတ်သွားသည်။

ထိုအခါမှ လင်းဖေးလဲ ကုနင်းနှင့် ဖုန်းပြန်ပြောရင်း “ကုနင်း တကယ်တော့ ကျွန်တော် မင်းရဲ့ အကူအညီလိုနေလို့ပါ.. ကျွန်တော်တို့ မရင်းနှီးကြသေးမှန်း သိပါတယ်.. ဒါပေမယ့် အရေးကြီးလို့ပါ.. ကျွန်တော်အခု ဘာလုပ်ရမှန်းလည်း မသိဘူး …”

ကုနင်း သည် တွေဝေနေလေသည်။

လင်းဖေး ပြောသလိုပင် သူတို့သည် မရင်းနှီးကြသော်လည်း အကူအညီတောင်းသည်မှာ ရုတ်တရတ်ကြီး ဖြစ်နေသောကြောင့် ထူးဆန်းနေလေသည်။ သို့သော်သူမသည် ထိုသူနှင့် မိတ်ဆွေဖွဲ့ဖို့ရန် ကတိပေးထားပြီး ဖြစ်ကာ တိုက်ရိုက်လည်းမငြင်းဆန်ချင်သောကြောင့် “ဘာများဖြစ်လို့လဲ?” ဟု မေးလိုက်သည်။

“Rနိုင်ငံကနေ Gမြို့တက္ကသိုလ်ကို လွန်ခဲ့တဲ့ရက်က ပြောင်းလာတဲ့ ကျောင်းသားတစ်ယောက်ကြောင့်ပါ။” လင်းဖေးသည် ထိုကျောင်းသားအကြောင်းကို ပြောနေစဉ်တွင် ဒေါသထွက်နေလေသည်။ “သူက ကားမောင်းတာတော်ပေမယ့် မနေ့က ကားပြိုင်ပွဲမှာ သူနဲ့အချင်းများကြပါတယ်.. သူက ကျွန်တော်တို့နဲ့ ကျွန်တော်တို့ နိုင်ငံကို စော်ကားခဲ့တယ်။”

ပြောနေရင်းနှင့်ပင် လင်းဖေးသည် ပိုဒေါသထွက်လာပြီး ကုနင်းသည်ပင် မခံချင် ဖြစ်နေလေသည်။

လင်းဖေးသည် ဆက်ပြီး “ကျွန်တော်က သူ့ကို ဒေါသထွက်သွားလို့ မနက်ဖြန်ကားပြိုင်ပွဲမှာ သူနဲ့ပြိုင်ဖို့ ချိန်းလိုက်တာပါ.. ဒါပေမယ့် ကျွန်တော့်ကို လူတစ်ချို့ လာတိုက်ခိုက်ပြီး ကျွန်တော်လက် ဒဏ်ရာ ရသွားလို့ ကားမမောင်းနိုင်တော့ဘူး.. ကျွန်တော့်ကို ကူညီပေးနိုင်မလား.. မင်းဘာလိုချင်ချင် ကျွန်တော်ဘာပဲဖြစ်ဖြစ် လုပ်ပေးပါ့မယ်။” ဟု ပြောလိုက်သည်။

ထိုပြိုင်ပွဲသည် လင်းဖေးအတွက် လွန်စွာ အရေးကြီးလေသည်။

***

အခန်း ၁၂၇၂ လင်းဖေးအတွက် ပြိုင်ပွဲဝင်ပေးခြင်း

ရုတ်တရက်ကြီး လူစိမ်းများ၏ တိုက်ခိုက်ခြင်းကို ခံရခြင်းမှာ Rနိုင်ငံမှ ပြောင်းလာသော ကျောင်းသားနှင့် သက်ဆိုင်မည်ကို လင်းဖေးလဲ သိလေသည်။ သို့သော် သူနားမလည်သည်မှာ ထိုကျောင်းသားသည် သူ့ကိုယ်သူနိုင်မည်ဟု ယုံကြည်ချက်ရှိလျက်နှင့် အဘယ်ကြောင့် ထိုကဲ့သို့ လုပ်သည်ဆိုတာကို ဖြစ်သည်။

တစ်ဖက်လူကို မသမာသောနည်းဖြင့် ညစ်ပတ်ခြင်း မဟုတ်ပါလား။

ကုနင်းသည်လည်း ထိုတိုက်ခိုက်မှု၏ နောက်ကွယ်တွင် အဆိုပါကျောင်းသားရှိမည်ကို သဘောတူ လက်ခံလေသည်။ လင်းဖေးကို အနိုင်မရအောင် လုပ်ခြင်းသေချာသည်ပင်။

“ရပါတယ်.. ကျွန်မ ကူညီမယ်.. ကျွန်မလည်း နောက်ပိုင်း အကူအညီလိုလာခဲ့ရင် ရှင့်ကို ပြောပါမယ်။” ကုနင်း က ပြောလိုက်သည်။

ကုနင်းသည်လည်း ထိုကျောင်းသားကို ဒေါသထွက်နေသောကြောင့် လင်းဖေးကို ကူညီပေးဖို့ သဘောတူလိုက်သည်။

“တကယ်ပြောတာလား!” လင်းဖေးသည် အံ့ဩပျော်ရွှင်သွားလေသည်။

ကုနင်း၏အကူအညီနှင့်သာဆိုပါက ထိုကျောင်းသားကို နိုင်မည်ဟု ယုံကြည်ချက် ရှိနေသည်ပင်။

“ပြိုင်ပွဲက ဘယ်အချိန် ဘယ်နေရာမှာ လုပ်မှာလဲ?” ကုနင်း မေးလိုက်သည်။

လင်းဖေး ကလည်း ကုနင်းကို အချိန်နှင့် နေရာတို့အား ပြောပြလိုက်သည်။

ပြိုင်ပွဲသည် XX ကားပြိုင်ကွင်းတွင် နေ့လည် ၂ နာရီ ကျင်းပမည် ဖြစ်သည်။

ကုနင်း နှင့် ဖုန်းပြောပြီးချိန်တွင် လင်းဖေး၏ သူငယ်ချင်းက “လင်းဖေး မင်းအတွက် ဝင်ပြိုင်ပေးဖို့ ဘယ်သူ့ကို ခေါ်လိုက်တာလဲ?”

“ငါမင်းကို တစ်ခါ ပြောပြဖူးတဲ့ ကုနင်း ဆိုတဲ့ ကောင်မလေးပါ.. ငါသူ့ကို ယုံတယ်” လင်းဖေး ပြောလိုက်သည်။ သူသည် တကယ်ပင် ကုနင်း မှာ သူ့ထက်ပိုသာအောင် ပြိုင်နိုင်မည်ဟု ယုံကြည်ထားလေသည်။

သူ့သူငယ်ချင်းသည် ဘာမှမပြောသော်လည်း ကုနင်း ကို မမြင်ဖူးသောကြောင့် စိတ်ပူနေလေသည်။ သို့သော် သူတို့တွင် ရွေးချယ်စရာလည်း မရှိနေသည်ပင်။

…

ည ၈ နာရီခန့်တွင် လင်ရှောင်းထင် ည် ကုနင်းကို ဖုန်းခေါ်ပြီး သူမြို့တော်ကို ပြန်ရောက်သွားပြီ ဖြစ်ကြောင်း ပြောလိုက်သည်။

ကုနင်း နှင့် သူမသူငယ်ချင်းများသည် ယွီမီရှီ၏အိမ်အသစ်တွင် ၉ နာရီအထိ နေကြပြီးမှ အိမ်များသို့ အသီးသီး ပြန်ကြလေသည်။

ကုနင်း သည် သူမအိမ်ပြန်ရောက်သောအခါ ကောင်းယိကို ဖုန်းခေါ်လိုက်ပြီး မနက်ဖြန် Gမြို့ကို သွားဖို့ ပြင်ဆင်ထားရန် ပြောလိုက်သည်။

ကောင်းယိသည် အကြောင်းရင်းကို မေးလေ့မရှိပဲ ကုနင်း ပြောသမျှကို လုပ်ပေးသူ ဖြစ်သည်။

နောက်တစ်နေ့တွင် ကုနင်း နှင့် သူမသက်တော်စောင့်နှစ်ယောက်သည် ၉ နာရီတွင် စထွက်ကြပြီး Gမြို့သို့ နှစ်နာရီအကြာတွင် ရောက်သွားလေသည်။

ကုနင်းသည် လင်းဖေးကို မဆက်သွယ်သေးပဲ နေ့လည်စာ အရင်စားလိုက်ကြသည်။

နေ့လည်စာ စားပြီးချိန်မှ လင်းဖေးကို ဖုန်းခေါ်ပြီး သူမ Gမြို့ကို ရောက်နေပြီ ဖြစ်ကြောင်း ပြောလိုက်သည်။

လင်းဖေးကလဲ သူမနေ့လည်စာ စားပြီးပြီလားဟု မေးလာသည်။

ကုနင်းကလည်း စားပြီးကြောင်း ပြောလိုက်ပြီး XX ကားပြိုင်ကွင်းတွင် တစ်နာရီခွဲလောက် တွေ့မည်ဟု ချိန်းလိုက်ကြသည်။

အချိန်မှာ ၁၂ နာရီခွဲသာ ရှိသေးသောကြောင့် ကားပြိုင်ကွင်းဆီ မသွားခင် ကုနင်း နာရီဝက်ခန့် နားလိုက်လေသည်။ ကားပြိုင်ကွင်းသည် မြို့ဆင်ခြေဖုံးတွင် ရှိသောကြောင့် သွားရတာဝေးလေသည်။

ကုနင်း နှင့် သက်တော်စောင့်နှစ်ယောက်သည် XX ကားပြိုင်ကွင်းသို့ တစ်နာရီခွဲမတိုင်ခင် မိနစ်အနည်းငယ်စောပြီး ရောက်သွားလေသည်။

အပြင်ဘက်တွင် ကားပါကင်ကျယ်ကြီးရှိပြီး ကုနင်းသည် လင်းဖေး ၏ ကားကို ချက်ချင်းမှတ်မိလိုက်သည်။

သူမရောက်သွားသောအခါ လင်းဖေးကလည်း တွေ့သွားပြီး ကုနင်း အနားရောက်လာသောအခါ သူ့မျက်ခုံးများ မြင့်တက်သွားလေသည်။

သူ့လက်သည် ထိခိုက်ထားသောကြောင့် သူ့သူငယ်ချင်းက ကားမောင်းပေးကာ သူကတော့ ကားမောင်းသူ ဘေးခုံတွင် ထိုင်နေလေသည်။

“ဟိုင်း ကုနင်း!” လင်းဖေး က ပြုံးပြနှုတ်ဆက်လိုက်သည်။

“တွေ့ရတာဝမ်းသာပါတယ် မစ္စကု။” လင်းဖေး ၏ သူငယ်ချင်းသည် သူမကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ သူသည်လည်း ကုနင်း၏အောင်မြင်မှုများကို သိထားပြီးနောက် သူမကို အပြင်မှာ တွေ့ရသည်ကို စိတ်လှုပ်ရှားနေလေသည်။

“ကျွန်မလည်း တွေ့ရတာဝမ်းသာပါတယ်။” ကုနင်း ကလည်း ပြန်နှုတ်ဆက်လိုက်ရင်း လင်းဖေး ဘက်သို့လှည့်လိုက်ကာ “သူရောက်ပြီလား?” ဟု မေးလိုက်သည်။

“မရောက်သေးဘူး.. ဒါပေမယ့် နှစ်နာရီ မတိုင်ခင် ရောက်မယ်လို့တော့ ပြောတယ်။” လင်းဖေး ပြောလိုက်သည်။ “အခု ကားပြိုင်ရမယ့် လမ်းကြောင်းတွေကို သွားကြည့်ရအောင်”

“သွားမယ်လေ” ကုနင်း ကလည်း ခေါင်းငြိမ့်ထောက်ခံလိုက်သည်။

ကုနင်းသည် ပြိုင်ပွဲကို လင်းဖေးအတွက် ပြိုင်ပေးရမည် ဖြစ်သောကြောင့် လင်းဖေး၏ ကားကို တက်မောင်းလိုက်သည်။

ကားပြိုင်ကွင်းသည် လင်းဖေး၏မိသားစုပိုင်ဖြစ်ပြီး အများပိုင်သဘောမျိုး ဖွင့်ပေးထားခြင်း ဖြစ်သည်။ တခြားကွင်းများနှင့် မတူခြင်းမှာ အထဲတွင် မြင်းပြိုင်ကွင်းရှိပြီး အပန်းဖြေ ကစားနည်းများလည်း ရှိနေခြင်း ဖြစ်သည်။

လင်းဖေးသည် ထိုကွင်းကိုသုံးမည်ဖြစ်သောကြောင့် ရှင်းလင်းထားပြီး ဖြစ်သည်။ ထို့ကြောင့် ကားပြိုင်ပွဲပြိုင်မည့် သူသည် ပရိသတ်ထိုင်ခုံတွင် စောင့်ရမည် ဖြစ်သည်။ အခြား လာရောက်ကြည့်သူများသည်လည်း ထိုနေရာများတွင် စောင့်ဆိုင်းရင်း အနားယူနေကြသည်။

ကုနင်း ကွင်းထဲသို့ ပုံမှန်အရှိန်နှုန်းဖြင့် မောင်းဝင်လိုက်သည်။

ကားပြိုင်ကွင်းသည် ၅၅၀ ဧက ကျယ်ဝန်းပြီး ၂.၈၂ ကီလိုမီတာ ရှည်လျားကာ ဘယ်ကွေ့ ၅ ခု၊ ညာကွေ့ ၈ ခု ပါဝင်သည်။

ကုနင်း မပြိုင်မီ ကွင်းအခြေအနေကို အရင်လေ့လာနေလေသည်။

လင်းဖေးကလဲ သိချင်စိတ်ဖြင့် “လမ်းကြောင်းနဲ့ ရင်းနှီးသွားအောင် အရှိန်နဲ့ စမ်းမောင်းမကြည့်ချင်ဘူးလား?”

“မလိုပါဘူး” ကုနင်း တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

ကုနင်းက ထိုသို့ပြောနေသောကြောင့် လင်းဖေးကလည်း မတိုက်တွန်းတော့ပါချေ။

ကားပြိုင်ပွဲကို ကြိုက်နှစ်သက်ကြသည့် လင်းဖေး သူငယ်ချင်းများသည်လည်း မကြာခင်ရောက်လာကြသည်။ သူတို့လည်း ကုနင်းတွေ့ရဖို့ စိတ်လှုပ်ရှားနေကြသည်ပင်။ ကုနင်းသည် သာမာန်မိန်းကလေးတစ်ယောက် မဟုတ်သည့်အပြင် နာမည်ကြီး ကုနတ်ဘုရားမ ဖြစ်နေသည် မဟုတ်ပါလား။

အမှန်တကယ်လည်း ကုနင်း၏ လှပကျော့ရှင်းသော သွင်ပြင်ကြောင့် သူမ၏ အောင်မြင်မှုများ မပါလျှင်ပင် ယောင်္ကျားလေးများကြား နာမည်ကြီးသူ တစ်ယောက် ဖြစ်နေသည်ပင်။

ထို့နောက် လင်းဖေးသည် သူ့သူငယ်ချင်းများနှင့် တစ်ယောက်ချင်းစီ မိတ်ဆက်ပေးလိုက်သည်။

လင်းဖေးသည် ကုနင်းနှင့်တွေ့ရန် ခွင့်ပြုချက်တောင်းရမည်ဟု ပြောထားခဲ့သော်လည်း မတော်တဆ တွေ့ဖြစ်သွားခြင်း ဖြစ်သည်။ သူ့သူငယ်ချင်းများကလည်း Rနိုင်ငံမှ ကျောင်းသားနှင့် ချိန်းပြိုင်သည့်ပွဲ ဖြစ်သောကြောင့် လာရောက်အားပေးကြခြင်း ဖြစ်သည်။

သေချာသည်ကတော့ သူတို့အားလုံးစိတ်ထဲတွင် ကုနင်းသည် ဓာတ်ပုံထဲကထက် ပိုလှသည်ဟု တွေးမိကြလေသည်။

***

စာစဉ် ၈၂ ပြီး၏။

All Chapters