ကနဦး ရည်မှန်းချက်
Vol. 49 Ch. 721
တစ်ခဏမျှ စဉ်းစားနေပြီးနောက် ရဲ့လင်းချန် မေးလိုက်သည်။
“စစ်သည်တော်ဌာနက ကျောင်းတစ်ကျောင်းထောင်ဖို့ စဉ်းစားဖူးလား”
သိုင်းပညာကျောင်းတစ်ကျောင်း ရှိခြင်းက သူတို့အား ကျောင်းသားများကို သင့်လျော်စွာ ရွေးချယ်၍ သိုင်းပညာ သင်ပေးနိုင်ပေမည်။ သိုင်းပညာ သင်ယူရန်အတွက် အခြေခံအဆင့်မှ တစ်ဆယ့်ခြောက်နှစ် ဖြစ်ပြီး ထိုအရွယ်သည် ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတက်မှု အမြင့်ဆုံး ဖြစ်နေသည့် အချိန်ပင်။ ယင်းကာ လေ့ကျင့်ရေး စတင်ရန် အကောင်းဆုံး အချိန်ပင်။
လက်ထောက် ဒါရိုက်တာချန်က ပြောလာသည်။
“စစ်သည်တော်ဌာနကို ဒါကို အရင်က စဉ်းစားဖူးတယ်၊ ဒါပေမဲ့ ငါတို့မှာ အဲ့ဒါနဲ့ ပတ်သက်ပြီး သံသယတစ်ချို့ ရှိနေတယ်၊ ကျောင်းသားတွေကို ထောက်ပံ့ပေးဖို့၊ သင်ကြားပြသရေးနဲ့ အရင်းအမြစ် ရရှိရေးတွေ အားလုံးက အရမ်း ဒုက္ခများတယ်၊ ဒီလူသစ်တွေကို ငါတို့က မင်းတို့ စစ်ပွဲကို သွားရပြီးတော့ သေရနိုင်ချေ များတယ်လို့ ပြောရမှာလား၊ ငါတို့က ငြိမ်းချမ်းရေးခေတ်ကာလကြီးမှာ နေနေကြတာ၊ ကမ္ဘာကြီးက ငြိမ်းချမ်းလာလေ၊ လူတွေက သေရမှာကို ပိုကြောက်လာလေပဲ၊ ဘယ်သူက သူတို့ကလေးတွေကို ဒီလို အသေခံခိုင်းမှာလဲ”
“ခင်ဗျားတို့လို အဖွဲ့အစည်းကြီးတွေက အမြဲ အသေးဆုံးအရာတွေကို အရမ်း ကြောက်ကြတာပဲ၊ အဲ့ဒါကြောင့် ခင်ဗျားတို့ အရမ်း သတိထားလွန်းနေကြတာ”
ရဲ့လင်းချန်က ဆက်ပြောလိုက်သည်။
“ကျုပ်တို့ မတိုက်ခိုက်ဘူးဆိုရင် သေရမှာလို့ ခင်ဗျား ခုနက ပြောခဲ့တယ်၊ အခု ခင်ဗျားက အဲ့ဒါနဲ့ ပတ်သက်ပြီး စိုးရိမ်နေတယ်လို့ ပြောနေတာလား၊ ဒါက သေဖို့ စောင့်နေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား”
ချန်ချီက ရဲ့လင်းချန်ကို ကြည့်ပြီး ရုတ်တရက် ပြုံးလာသည်။
“မင်း ကောင်းကောင်းကြီး အသားကျသွားပြီပဲ၊ ဟုတ်တယ်မလား ကောင်လေး၊ မင်းက အခု ငါတို့ကိုတောင်မှ အကြံပေးနေသေးတယ်”
“ကျွန်တော့်မှာ ရွေးချယ်စရာ မရှိဘူးလေ၊ ကျွန်တော်တို့ နည်းလမ်း မစဉ်းစားဘူးဆိုရင် ကမ္ဘာဂြိုဟ်က ထာဝရ ပျက်စီးသွားလိမ့်မယ်၊ အဲ့လိုဆို ဘာလို့ ဒုက္ခခံနေရမှာလဲ”
ရဲ့လင်းချန် ပခုံးတွန့်လိုက်ပြီးနောက် စစ်မြေပြင်၏ တံတိုင်း အနောက်သို့ ပြန်ကြည့်ကာ သက်ပြင်းချလေသည်။
“ကျွန်တော် အခုထိ မလုပ်ရသေးတဲ့ အရာတွေ အများကြီး ရှိနေသေးတာကို စဉ်းစားမိပြိး ကျွန်တော် တကယ်ကို သေရမှာ ကြောက်လာတယ်၊ ငှက်ကုလားအုတ်လို သဲထဲ ခေါင်းထိုးပြီး အားလုံးကို မသိချင်ယောင်ဆောင်လိုက်လို့ ရရင်လဲ အကောင်းသား၊ ဒါပေမဲ့ ဒီစစ်ပွဲမှာ ကျွန်တော် မပါခဲ့ရင် ကမ္ဘာဂြိုဟ် ဖျက်ဆီးခံလိုက်ရမှာကိုလဲ ကြောက်မိတယ်၊ ကျွန်တော်က ငကြောက်တစ်ယောက် ဖြစ်လာရုံတင် မကဘဲ အဆုံးကျရင် သေပါသေ သွားရမှာလေ”
“တိုက်ပွဲမှာ ကျသွားခဲ့တဲ့ လူကို ကြည့်ပြီး ဒီခံစားချက်က ပိုပြီး ခိုင်မာလာတယ်၊ အဲ့ဒီလူတွေထဲမှာ ကျွန်တော် ကောင်းကောင်းကြီး သိတဲ့သူတွေ ပါနေတယ်၊ ကျွန်တော်တို့ မကြာသေးခင်ကမှ အတူတူ သောက်ခဲ့တာ၊ အဲ့အချိန်တုန်းက သူတို့ အောင်မြင်ပြီး နိုင်ပွဲရပါစေလို့ ကျွန်တော် ဆုတောင်းပေးခဲ့တာ၊ အခု သူတို့တွေ သေသွားကြပြီ၊ သူတို့ထဲက တစ်ချို့ရဲ့ အလောင်းတွေဆို အပြည့်အစုံတောင် မဟုတ်တော့ဘူး၊ သူတို့အလောင်းကို သူတို့မိသားစုဆီ ပြန်အပ်ဖို့ မဖြစ်နိုင်ဘူး”
“ပြီးတော့ တစ်နေ့ ကျွန်တော် တိုက်ပွဲထဲမှာ ကျသွားခဲ့ရင် ကျွန်တော့်မိဘတွေ ဘာဖြစ်သွားမလဲလို့ တွေးမိပြန်တယ်”
ရဲ့လင်းချန်က သက်ပြင်းရှည်တစ်ချက် ချလိုက်ပြီးမှ ခေါင်းခါလေသည်။
“ကျွန်တော် သေရမှာကို တကယ် ကြောက်တယ်၊ ဒါပေမဲ့ ကျွန်တော် ဒါကနေလဲ ထွက်မပြေးချင်ဘူး၊ ကျွန်တော် ဘာလုပ်ရမလဲ မသိတော့ဘူး”
“ဟားဟား … မင်း စစ်ပွဲထဲ ဝင်မပါရင် ကမ္ဘာဂြိုဟ်က အရှုံးနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ မင်း ထင်နေတာလား၊ မင်းက တော်တော် ယုံကြည်ချက် ရှိတာပဲ ကောင်လေးရ”
ချန်ချီ မနေနိုင်ဘဲ ရယ်မောကြိမ်းမောင်းလိုက်ပြီးမှ ပြောလိုက်သည်။
“ငါလဲ သေရမှာ ကြောက်တာပဲ၊ သေရမှာကို မကြောက်တဲ့သူ ရှိလို့လား၊ ဒါပေမဲ့ သူတို့ သေသွားရလို့ သူတို့ နောင်တ ရမယ်လို့ မင်း ထင်လား၊ ကမ္ဘာကြီးကို ကာကွယ်တာက ကိုယ့်ဆွေမျိုးကို ကာကွယ်လိုက်သလိုပဲ၊ သူတို့ နောက်ကွယ်မှာ မြို့တော်တစ်ခုလုံးက မရေတွက်နိုင်တဲ့ မိသားစုတွေ ရှိနေတယ်”
“သူတို့ စတေးခံလိုက်ရပင်မယ့် အနည်းဆုံး သူတို့ကိုယ်သူတို့ ငါ အကောင်းဆုံး ကြိုးစားခဲ့တယ်လို့ ပြောနိုင်တာပေါ့”
ချင်ပိုင်ချွမ်းက ဆက်ပြောလာသည်။
“မိတ်ဆွေလေးရဲ့၊ ဒါ မင်း စစ်ပွဲထဲ ဝင်ရောက်တဲ့ ပထမဆုံးအကြိမ်ပဲ၊ နောက်ဆို အသားကျသွားမှာပါ၊ ဒီက ငါတို့အားလုံးလဲ ငါတို့ ညီအစ်ကိုတွေ သေဆုံးသွားတာကို မြင်ဖူးခဲ့ကြတယ်၊ ငါဆို ငါ့မိသားစုထက် ရောင်းရင်ယုနဲ့ ပိုအချိန်ကုန်ဖြစ်တာ၊ ပြီးတော့ ငါတို့ တစ်ယောက်နဲ့ တစ်ယောက် သေခြင်းရှင်ခြင်းတွေ အများကြီးကို ဖြတ်ကျော် ဖူးခဲ့ကြတယ်၊ အခုတော့ ငါတစ်ယောက်တည်းပဲ ကျန်ခဲ့တယ်၊ မင်းအနီးအနားက လူတွေ သေဆုံးသွားရတာကို မင်း ကြည့်နေရတဲ့ အချိန်ကို ရောက်လာတဲ့အခါကျရင် မင်းလဲ …”
“သွားစမ်းပါ”
ရဲ့လင်းချန် အော်ထုတ်လိုက်သည်။
“အဘိုးချင်၊ ကျွန်တော် ခင်ဗျားကို ကယ်ခဲ့တာတောင် ကျွန်တော့်ကို ကျိန်ဆဲလိုက်တာလား”
“ကြီးကြပ်သူရဲ့၊ ရောင်းရင်ချင်က အမှန်ကို ပြောနေတာပါ၊ မင်း သေဆုံးခြင်းတွေကို ပိုမြင်လာရရင် အသားကျ လာမှာပါ”
ချန်ချီက မှတ်ချက်ပြုသည်။
“ငါတို့ထဲမှာ ငါတို့ သူငယ်ချင်း သေသွားတာကို မမြင်ခဲ့ဖူးတဲ့သူ မရှိဘူး၊ ငါလဲပဲ သိုင်းပညာကို လေ့ကျင့်ကတည်းက သူငယ်ချင်းတွေ အများကြီး ရှိခဲ့တယ်၊ ငါတို့အားလုံး ဟင်းလင်းပြင်နယ်မြေထဲ အတူတူ ဝင်မယ်လို့ ဆုံးဖြတ်ခဲ့ ကြတာ၊ အခု ဘာဖြစ်နေပြီလဲ ကြည့်ဦးလေ”
“သူတို့ အားလုံး သေသွားကြပြီ”
“ငါ တစ်ယောက်တည်းပဲ ကျန်ခဲ့တယ်”
“သူတို့တွေက ငါ့ထက် ပိုပြီး တော်ကြတယ်၊ သူတို့အားလုံးက ငါ့ကို ပြိုင်တူ သရော်ခဲ့ဖူးတယ်၊ ငါက သူတို့ကို နောက်ဆံတင်းအောင် လုပ်နေတာကို ပြောကြတယ်”
“အဲ့အချိန်တုန်းကဆို ငါ သူတို့ထက် ပိုတော်လာတာနဲ့ သူတို့ကို ရိုက်ပစ်မယ်လို့တောင် တွေးမိခဲ့တာ”
“ဒါပေမဲ့ အဲ့လို မဖြစ်ခင်မှာတင် သူတို့တွေ စောစော သေဆုံးသွားခဲ့ကြပြီးတော့ ငါ ဘယ်သူ့ကိုမှ လက်တုံ့မပြန် လိုက်ရဘူး”
“သူတို့ သေသွားတာကို ငါ ကြည့်နေခဲ့ရတယ်၊ ငါ အရမ်း နေမထိ ထိုင်မသာ ဖြစ်ခဲ့ရပြီးတော့ ငါ့စိတ်တွေ ဗလာ ဖြစ်ခဲ့ရတယ်၊ ငါ ဘယ်ကို သွားရမလဲ မသိခဲ့ဘူး၊ အားလုံး အဆင်ပြေနေတယ်လို့ ထင်ရတဲ့အချိန်မှာ သူက ဘယ်လိုလုပ် သေသွားခဲ့ရတာလဲ”
“အဲ့အချိန်တွေတုန်းက ငါ လက်စားချေချင်စိတ်နဲ့ သေရမှာကြောက်တဲ့စိတ် ကြားမှာ ဗျာများခဲ့ရတယ်၊ အဲ့ဒါကြောင့် ငါ စစ်မြေပြင်ထဲ မဝင်ရဲခဲ့ဘူး၊ တဖြည်းဖြည်းနဲ့ ငါ အဲ့ဒါကို ကျော်လွှားနိုင်ခဲ့တယ်”
ရဲ့လင်းချန် စိတ်ပျက်လက်ပျက်နှင့် အကြည့်လွှဲလိုက်မိသည်။
“ခင်ဗျားတို့ ကျွန်တော့်ကို နှစ်သိမ်ဖို့ ကြိုးစားချင်လို့ တစ်လေသံတည်း ပြောနေတာ မဟုတ်တာ သေချာလား”
“ငါ့ဖျင်ကြီးကို နှစ်သိမ့်ပါလား၊ စစ်သည်တော်ဌာနက နှစ်သိမ့်ဖို့ မလိုအပ်ဘူး”
ချင်ပိုင်ချွမ်းက ချက်ချင်း ပြန်ပြောလာသည်။
“မင်း စစ်မြေပြင်ကို ဝင်တဲ့အခါမှာ သေခြင်းရှင်ခြင်းကို အသားကျသင့်တယ်လို့ ငါတို့က ပြောနေတာ၊ ငါတို့ တစ်နေ့ သေသွားခဲ့ရင် မင်း မငိုသင့်ဘူး၊ ငါတို့ သေဆုံးမှုအတွက် ငါတို့ နောင်တရမှာ မဟုတ်ဘူး၊ ငါတို့ နောင်တရမှာ မဟုတ်ဘူး”
“အဘိုးချင်၊ ခင်ဗျားက ဘဝင်မြင့်လွန်းနေတာပဲ၊ ဘယ်သူက ခင်ဗျားအတွက် ငိုမှာလဲ”
ရဲ့လင်းချန်က ခနဲ့လိုက်သည်။
သူတို့၏ ကျီစယ်စကားက ရဲ့လင်းချန်၏ နှလုံးသားကို အနည်းငယ် ပေါ့ပါးလာစေသည်။
သူ့ကဲ့သို့ အင်အားကြီးသူပင် ထိုသို့ ခံစားနေရသည်ဆိုလျှင် သာမန်လူများအတွက် ထိုအရာများကို လက်ခံရန် မည်မျှ ခက်ခဲနိုင်မလဲဆိုတာကို ပြောနေစရာပင် မရှိပေ။ ထို့ကြောင့် စစ်သည်တော်ဌာနက အသည်းအသန် လူလက်ခံခြင်း မရှိသည်က အံ့ဩစရာ မဟုတ်တော့ပါ။
သို့သော် စစ်သည်တော်ဌာနက ထိုသို့လုပ်ရန် ကြောက်နေပါက ရဲ့လင်းချန်သည် အကောင်အထည်ဖော်ရန် ပို၍တောင်မှ ဆုံးဖြတ်မိသွားသည်။
အကယ်၍ ဘယ်သူမှ မလုပ်လျှင် တစ်ကမ္ဘာလုံးနှင့်အတူ သေရန် စောင့်နေရုံသာ ရှိတော့သည်။
သူသည် ပါရမီရှင် ဖြစ်သဖြင့် သာမန်လူများနှင့် မတူပေ။ သူ့တွင် ရွှေလက်ချောင်း ရှိသဖြင့် ၎င်းကို ကောင်းကောင် အသုံးချရပေမည်။ ကမ္ဘာမြေကို ကယ်တင်ရန် သူ ကံပါလာသဖြင့် ထိုရွှေလက်ချောင်းက ပေါ်လာခဲ့လေသလား။
သူသည် ငယ်ငယ်လေးကတည်းက သူ့ကိုယ်သူ သေမျိုး မဟုတ်ဟု ခံစားနေခဲ့ရသည်။ တကယ်တမ်း၌ သူသည် ရွေးချယ်ခံရသူ၊ ကယ်တင်ရှင် ဖြစ်နေလေသည်။
ရဲ့လင်းချန် ဆက်၍ ဆက်၍ တွေးနေမိသည်။ အကယ်၍ သူသာ ကမ္ဘာကို ကယ်နိုင်မည်ဆိုလျှင် သူ၏ ရေပန်းစားမှု အမှတ်များက …
*လခွမ်း … ဒါက သောက်ရမ်း မိုက်တော့မှာပဲ*
ထို့နောက် သူ၏ မျက်လုံးများက တောက်ပသွားပြီး မေးလိုက်သည်။
“ဒါနဲ့ စကားမစပ် လက်ထောက် ဒါရိုက်တာချန်၊ ဘာလို့ ဟင်းလင်းပြင် သတ္တဝါတွေက သေပြီးရင် အငွေ့ပျံသွား ကြတာလဲ”
“အင်း … အခုချိန်အထိ ဒီမေးခွန်းအတွက် အဖြေ မရှိသေးဘူး”
ချန်ချီက တစ်ခဏမျှ စဉ်းစားပြီး ထပ်ပြောလေသည်။
“ဒါပေမဲ့ ငါတို့ ခန့်မှန်းမိတာက ဟင်းလင်းပြင်နယ်မြေရဲ့ ဘူမိဗေဒ တည်ဆောက်ပုံက ကမ္ဘာဂြိုဟ်နဲ့ သိသိ သာသာကြီးကို ကွာခြားတယ်၊ သူတို့ခန္ဓာကိုယ် တစ်ခုလုံးနီးပါးက စိတ်ဝိညာဉ်စွမ်းအင်တွေနဲ့ ပြည့်နေတာ၊ အဲ့ဒီ စိတ်ဝိညာဉ် စွမ်းအင်က ကမ္ဘာပေါ်မှာ မလုံလောက်ဘူး၊ အဲ့ဒါကြောင့် သေသွားပြီးရင် သူတို့က စိတ်ဝိညာဉ်စွမ်းအင် အဖြစ် ပြောင်းသွားတယ်၊ အဲ့ဒါက ကမ္ဘာဂြိုဟ်ရဲ့ ပတ်ဝန်းကျင်ကို တိုးတက်စေတယ်”
၎င်းအတွက် နောက်ထပ် အခေါ်အဝေါ် တစ်မျိုးလည်း ရှိပေသည်။ ယင်းမှာ “စတေးခံ ပစ္စည်း” ပင်။ သူတို့၏ အလောင်းများက စတေးခံ ပစ္စည်းများ ဖြစ်ကာ ကမ္ဘာ၏ အာဟာရ အဖြစ် ပြောင်းလဲသွားလေသည်။
ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။ ထိုစကားက အဓိပ္ပာယ် ရှိပေသည်။
ကမ္ဘာဂြိုဟ်၏ စိတ်ဝိညာဉ်စွမ်းအင်က တစ်နေ့ထက်တစ်နေ့ တိုးပွားလာပြီး ယင်းက သိသာလွန်းလှသည်။
“ကျွန်တော်တို့ ဟင်းလင်းပြင်နယ်မြေရဲ့ ဘာသာစကားကို လေ့လာဖူးလား”
ရဲ့လင်းချန် ထပ်မေးလိုက်သည်။
“ဘာသာစကားဆိုရင် ဒီနှစ်တွေထဲမှာ သုတေသနတွေ အများကြီး လုပ်ခဲ့ပြိးတော့ ရလဒ်တစ်ချို့ ရှိခဲ့တယ်၊ ဒါပေမဲ့ အဲ့ဒါက လုံးဝ အဓိပ္ပာယ် ဖော်နိုင်ဖို့ အရမ်း ခက်ခဲနေတုန်းပဲ၊ မင်း စိတ်ဝင်စားရင် သိုင်းပညာစံအိမ်မှာ သွားလေ့လာ ရတယ်၊ သိုင်းပညာစံအိမ်ကို ပိုသိလာရင် မင်းအတွက် သိပ်ကို အကူအညီ ဖြစ်လိမ့်မယ်”
ချန်ချီ အကြံပြုလေသည်။
ရဲ့လင်းချန် စကားဆက်မပြောတော့ပေ။ အဘယ်ကြောင့်ဆိုသော် အများစုက ဒဏ်ရာရထားပြီး ကြီးကြီးမားမား တိုးတက်မှု မရှိပေ။ သူသည်လည်း သူ၏ အောင်ပွဲရ အထိမ်းအမှတ် ပစ္စည်းများကို စတင် လေ့လာလိုက်သည်။
လှံတစ်လက်နှင့် ဒူးလေးတစ်ခု။
ထိုလက်နက်တစ်ခု၏ ကုန်ကြမ်းပစ္စည်းများကို ကမ္ဘာပေါ်၌ ရှာမတွေ့နိုင်မှန်း ရဲ့လင်းချန် အတပ် သိနေသည်။ ထိုလက်နက်များ၏ တည်ဆောက်ပုံကလည်း အလွန် ထူးခြားလှသည်။
သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကို လှံထဲသို့ ပို့လွှတ်လိုက်ပြီး လက်နက်တစ်ခုလုံးက ခပ်ဖျော့ဖျော့ လင်းလာသည်။ လှံထဲမှ စိတ်ဝိညာဉ် စွမ်းအင် ထွက်လာပြီး ပို၍ အစွမ်းထက်သော ကြောက်စရာကောင်းသည့် လှံတစ်လက်အဖြစ်သို့ ပြောင်းလဲသွားလေသည်။
ဤသို့သော လက်နက်သည် အတွင်းအား စစ်သည်တော်၏ လက်ထဲ၌ အလွန် ဖျက်အား ကောင်းပေသည်။
“မိုက်တယ်”
ရဲ့လင်းချန်၏ မျက်လုံးထဲတွင် အံ့ဩမှုတို့နှင့် ပြည့်နှက်သွားသည်။ ဟင်းလင်းပြင်နယ်မြေ၌ တကယ်ပင် ရတနာများစွာ ရှိပေသည်။ လက်နက်ည် ကမ္ဘာဂြိုဟ်၏ သေနတ်နှင့် တူပြီး ထိုလှံ၏ ကုန်ကြမ်းပစ္စည်းသည် ကျည်ဆံကိုပင် တားဆီးရန် မခက်ပေ။
ရဲ့လင်းချန်၏ နှုတ်ခမ်းက ကော့တက်ကာ ပြုံးသွားလေသည်။ သူသည် ဤကုန်ကြမ်းပစ္စည်းများကို ကောင်းကောင်း အသုံးချနိုင်အောင် လုပ်ရပေမည်။
သူ့တွင် သန့်စင်ခြင်း စွမ်းရည် ရှိသည်။ ၎င်းက ခုခံမှု သန့်စင်ခြင်းဘက်သို့ အားသာသော်လည်း နောင်တွင် တိုက်စစ် သန့်စင်ခြင်းပါ ရှိလာမှာ အသေအချာပင်။ ထိုကုန်ကြမ်းပစ္စည်းများကို ပိုင်ဆိုင်ထားခြင်းက သူ့အတွက် အားသာချက် ရှိလာပေမည်။
ထို့အပြင် ထိုကုန်ကြမ်းပစ္စည်းများကို လက်နက်များ ဖန်တီးခြင်းအပြင် သိပ္ပံနှင့် နည်းပညာတွင် အသုံးပြု နိုင်ပေသည်။