အခန်း (၁၂၂)
Vol. 9 Ch. 122
ကျီလင်းချန်က သူ့ရုံးထိုင်ခုံမှ ရိုးရိုးရှင်းရှင်းထခဲ့ပြီး သူ့ဇနီးလေးဆီ လျှောက်သွားခဲ့သည်။ သူက သူမလက်ကိုဆွဲကာ ပြောလိုက်သည်။ "ရှောင်နွမ်၊ မင်းရဲ့အကြံပြုချက်တွေကို ကိုယ်သေချာနားထောင်ပြီး လိုက်နာပါ့မယ်"
"ဒါပေမယ့် မင်း ဝင်ရောက်မစွက်ဖက်သင့်တဲ့ကိစ္စတွေရှိတယ်။ ကျီ ကော်ပိုရေးရှင်းက ကိုယ် လူတိုင်းကို နူးညံ့သိမ်မွေ့နေမယ်ဆိုရင် အခုအချိန်မှာ ဒီနေရာကို ရောက်လာမှာမဟုတ်ဘူး"
“တခါတရံမှာ တချို့နည်းလမ်းတွေကို အသုံးပြုရတာက ပုံမှန်ပဲ။ မင်း လက်မခံနိုင်တဲ့အရာတွေ သေချာပေါက်ရှိတယ်၊ ဒါကြောင့် မင်း အဲဒါတွေကို မမြင်တာက အကောင်းဆုံးပဲ”
ဒါကိုကြားတော့ ဖန့်ရှောင်နွမ်ရဲ့ သဘောထားက ပျော့ပြောင်းသွားသည်။ သူမ ပြောလိုက်သည်။ “ယောကျ်ား၊ ဒီလိုဆိုပေမဲ့ ရှင့်ရဲ့ခုဏက လုပ်လိုက်တဲ့လုပ်ရပ်တွေက အရမ်းလွန်တယ်လို့ ကျွန်မ ခံစားမိတုန်းပဲ။ သူက ဝန်ထမ်းဟောင်းဆိုတော့ ရှင့်ရဲ့ဒေါသကို သူသေချာပေါက်သိမှာပဲ။ သူက ရှင့်ရဲ့ရုံးမှာ အစီရင်ခံစာတင်ပြခွင့်ပြုထားတဲ့သူဆိုရင် သူက ကြီးကြပ်ရေးမှူးဖြစ်ရမယ်။ ဒီလိုရာထူးမြင့်တဲ့ ဝန်ထမ်းတစ်ယောက်က ဒီလိုအဆင့်နိမ့်တဲ့အမှားကို ဘယ်လိုလုပ် လုပ်မိနိုင်မှာလဲ။ ဒီအတွက် အကြောင်းပြချက်ရှိရမယ်”
ဇနီးဖြစ်သူရဲ့စကားကိုကြားတော့ ကျီလင်းချန် လေးလေးနက်နက် တွေးတောမိသွားသည်။ သူ့မိန်းမပြောတာက အဓိပ္ပာယ်ရှိသည်။ ပြန်တွေးကြည့်တော့ သူ့လက်အောက်ငယ်သား ခုဏက ပြုမူနေတာက နည်းနည်းတော့ ထူးဆန်းနေသည်။ များသောအားဖြင့် သူက အမှားသေးသေးလေးတွေ လုပ်တတ်ပေမယ့်၊ အတိအကျပြောရရင် သူက ဒီဝန်ထမ်းကို သူ့ရဲ့လက်ရှိရာထူးကို ဖြည်းဖြည်းချင်း ရာထူးတိုးပေးတာကြောင့်ပင်။ ထို့ကြောင့် ဒီနေရာ တစ်ခုခုမှားနေတာ သေချာသည်။
သေသေချာချာစဉ်းစားပြီးမှ ဇနီးဖြစ်သူကို ပြောလိုက်သည်။ "ရှောင်နွမ်၊ မင်း အိမ်အရင်ပြန်နှင့်လိုက်။ ဒီကိစ္စကို ကိုယ် သေသေချာချာ စုံစမ်းမယ်။ သူ့မှာ ဖုံးကွယ်ထားစရာတွေ တကယ်ရှိနေရင် ကိုယ်လုပ်သင့်လုပ်ထိုက်တာကို လုပ်မယ်။ ဒီလိုဆိုအဆင်ပြေလား"
ဖန့်ရှောင်နွမ် နှုတ်ခမ်းကို ဖိထားသည်။ ထို့နောက် သူမရဲ့ယောကျ်ားက သူမကို သီးသန့်ဓာတ်လှေကားထဲသို့ ချော့ပြီးခေါ်သွားခဲ့သည်။
ဓာတ်လှေကားတံခါးပိတ်ခါနီးမှာ ဖန့်ရှောင်နွမ်က ရုတ်တရက် တံခါးမပိတ်သွားစေရန် သူမ၏လက်သေးသေးလေးကို ဆန့်ထုတ်လိုက်သည်။ သူမ မေးလိုက်သည်။ "ယောကျ်ား၊ ဒီည ညစာစားဖို့ အိမ်ပြန်လာမှာလား"
ကျီလင်းချန် ပြန်ဖြေလိုက်သည်။ "ဒီည ကိုယ်လုပ်စရာရှိလို့ နောက်ကျမှ အိမ်ပြန်ရောက်မယ်"
ဖန့်ရှောင်နွမ် အဖြေကိုကြားတော့ သူမ စိတ်ပျက်လက်ပျက်နဲ့ “အော” ဆိုပြီး ပြောလိုက်သည်။ ဓာတ်လှေကားတံခါး ဖြည်းညှင်းစွာပိတ်သွားပြီး သူမကို အောက်ထပ်သို့ ပို့ဆောင်ခဲ့သည်။
ရုံးခန်းသို့ပြန်ရောက်ပြီးနောက် ကျီလင်းချန် က သူ့လက်ထောက်ကို အထဲလှမ်းခေါ်ခဲ့သည်။ “ဘဏ္ဍာရေးဌာနရဲ့ ဒါရိုက်တာကို သွားစုံစမ်း။ သူ့အိမ်ရဲ့ မကြာသေးခင်က တိုးတက်မှုတွေကိုလည်း ကြည့်လာခဲ့”
လက်ထောက်က သံသယရှိစွာမေးလိုက်သည်။ "ကျန်းရွေ့ ၊ ဒါရိုက်တာ ကျန်းလား"
ကျီလင်းချန် ခေါင်းညိတ်လိုက်သည်။ သူ ကုလားထိုင်မှာထိုင်ပြီး နောက်ကိုပြန်မှီလိုက်သည်။ သူ့လက်ထောက်ကို ကြည့်ပြီး မေးလိုက်သည်။ “မကြာသေးခင်က သူ့မှာ ထူးထူးခြားခြား တစ်ခုခုများရှိလား”
လက်ထောက်က ပြောလိုက်သည်။ “စီအီးအို ကျီ၊ သူ မကြာသေးခင်က ကုမ္ပဏီဝန်ထမ်းတွေကြား ဆွေးနွေးမှုမှာ အာရုံစိုက်ခံနေရတယ်။ အားလုံးက သူ့အတွက် စိတ်မကောင်းဖြစ်နေကြတာ”
ကျီလင်းချန် မျက်မှောင်ကြုတ်လိုက်သည်။ တစ်ခုခုတော့ တကယ်ဖြစ်နေပြီဆိုတာ သိလိုက်ရသည်။ သူ သူ့လက်ထောက်ကို ကြည့်ပြီး သူ့ရဲ့နောက်ထပ်ပြောလာမယ့်စကားတွေကို စောင့်နေလိုက်သည်။
လက်ထောက်က ပြောခဲ့သည်။ “သူ့မိန်းမက သူ့ကို စွန့်ပစ်ပြီး တခြားတစ်ယောက်နဲ့ ထွက်ပြေးသွားတာ။သူမက သူ့ပိုက်ဆံတွေ အကုန်လုံးကိုတောင် ယူသွားသေးတယ်။ သူ့အမေက အသက်ကြီးပြီ။ ဒီအကြောင်းကို ကြားလိုက်ရတော့ ဒေါသအရမ်းထွက်ပြီး ရုတ်တရက် ဦးနှောက်သွေးကြောပိတ်သွားတာ။ သူ့သမီးက နိုင်ငံခြားမှာ ကျောင်းတက်နေတယ်။ အိမ်မှာ ဖရိုဖရဲဖြစ်ရတဲ့ ဆက်ဆံရေးက သူမကို ကျောင်းက ထုတ်ပစ်နိုင်တဲ့အထိဖြစ်နိုင်လို့ ကြားထားတယ်”
ကျီလင်းချန်က သူ့လက်အောက်ငယ်သားတွေရဲ့ မိသားစုအရေးများကို ဂရုစိုက်လေ့မရှိပေ။ သူသည် သူ့အလုပ်ကိုသာ ဂရုစိုက်ပြီး သူတို့ရဲ့မိသားစုဘဝကို ဘယ်တော့မှ ဂရုမစိုက်ခဲ့ပေ။
ကျီလင်းချန် မေးလိုက်သည်။ "သူ့မိန်းမက ဘာလို့ တခြားတစ်ယောက်နဲ့ ထွက်သွားတာလဲ"
လက်ထောက်က ပြောလိုက်သည်။ “ဒါက သူ့ရဲ့ ဒုတိယဇနီးပါ။ သူ့အမေက အရင်ချွေးမကို မကြိုက်ဘူးဆိုပြီး ကုမ္ပဏီရဲ့ ဝန်ထမ်းဟောင်းတွေဆီကတော့ ကြားဖူးတယ်။ သူမက သူတို့နှစ်ယောက်ကို အတင်းအကြပ် ခွဲခဲ့တာ ”
“အရင်ကတော့ သူ့ဘဝက တော်တော်ကောင်းပါတယ်။ သူ့ရဲ့ဒုတိယဇနီးက သားတစ်ယောက်တောင် မွေးပေးထားတယ်။ သူ့သားက ဒီနှစ် ဂျူနီယာအထက်တန်းတက်ရတော့မယ်။”
“သူ့မိန်းမက သူမရဲ့fitness trainer နဲ့ တကယ်အရူးလုပ်ခဲ့မယ်ဆိုတာ ဘယ်သူကသိမှာလဲ။ သူမကို တစ်စုံတစ်ယောက်က လှည့်ဖြားတာကို ခံခဲ့ရလားဆိုတာတော့မသိဘူး ဒါပေမယ့် သူမရဲ့နှလုံးသားက မာကျောတယ် သူ့ပိုင်ဆိုင်မှုတွေအားလုံးကို သိမ်းသွားခဲ့တယ်။ အဲ့တာပြီးတော့ သူမက fitness trainer နဲ့ လိုက်ပြေးသွားတော့တာပဲ။ သူမရဲ့ယောကျ်ားကို နေနေသာသာ သူမရဲ့သားကိုတောင် သူမက မလိုချင်တော့ဘူး။”
“ပြည်ပမှာနေတဲ့ သမီးက သူ့ရဲ့ ပထမအိမ်ထောင်နဲ့ ရတာ။ မိထွေးက ထုံးစံအတိုင်း သူမကို စိတ်နှလုံးအကြွင်းမဲ့ ထိန်းသိမ်းကြပ်မတ်မပေးနိုင်ဘူး။ သမီးဖြစ်သူက မိသားစုအသစ်မှာ မပျော်တော့တဲ့အတွက် ဒါရိုက်တာ ကျန်းက သူ့ကို နိုင်ငံခြားမှာ ပညာသင်ကြားဖို့လွှတ်လိုက်တာ။ ဒါပေမယ့် သူမ နိုင်ငံခြားသွားတဲ့အချိန်မှာတော့ ပိုပိုပြီးတရားလွန်လာခဲ့တယ်…”
လက်ထောက်က ကျီလင်းချန်ကို ကျန်းရွေ့ အကြောင်း ဇာတ်လမ်းများစွာကို ပြောပြနေခဲ့သည်။
ကျီလင်းချန် မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ "ဘယ်လောက် ဒုက္ခပေးလိုက်လဲ!"
လက်ထောက်က ခေါင်းညိတ်ကာ သဘောတူခဲ့သည်။ “ဟုတ်တယ်၊ ဒီဟာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ တကယ် ဘာမှလုပ်ပေးလို့မရဘူး။ အဲ့တာက ငွေအကြောင်းတင်မဟုတ်ဘူး။ မိသားစုထဲမှာ အရာအားလုံးက ရှုပ်ပွနေတာ။ မကြာသေးခင်ကမှ သူ ကြောင်စီစီဖြစ်သွားတော့တာပဲ”
အဲဒါကိုကြားတော့ ကျီလင်းချန် သူ့နားထင်တွေကို နှိပ်နယ်လိုက်သည်။ မိသားစုအရေးကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းတာက သူ့အတွက် ကိုက်ညီတဲ့အရာမဟုတ်ပေ။
ကျီလင်းချန် ပြောလိုက်သည်။ “ငါ သဘောပေါက်ပြီ။ မင်း ထွက်သွားလို့ရပြီ"
လက်ထောက်က သိချင်စိတ်ဖြင့်မေးလိုက်သည်။ "စီအီးအို၊ ဒါတွေအားလုံးက ဒါရိုက်တာ ကျန်း အကြောင်း စီအီးအို သိချင်တာတွေလား"
ကျီလင်းချန်က သူ့ဇနီးလေး သူ့ကိုဝုန်းဒိုင်းကြဲနေခဲ့တာကို တွေးပြီး အနည်းငယ် စိတ်ဓာတ်ကျသွားသည်။ လက်ထောက်ရဲ့မေးခွန်းကို ဖြေရန် သူစိတ်မ၀င်စားပေ။ အဲဒီအစား သူက ညွှန်ကြားခဲ့သည်။ “ အတွင်းရေးမှူးချုပ်ကို သွားခေါ်လာ”
လက်ထောက်က ပြောလိုက်သည်။ “ဟုတ်ကဲ့ပါ ဆရာ”
လက်ထောက်က ရုံးခန်းထဲက ထွက်သွားခဲ့သည်။ သိပ်မကြာခင်မှာဘဲ အတွင်းရေးမှူးချုပ် ဝင်လာသည်။