အခန်း (၁၄၃)
Vol. 10 Ch. 143
ဖန့်ရှောင်နွမ် ထပ်ပေါင်းပြောလိုက်သည်။ “ဟုတ်တယ် နင့်တို့နှစ်ယောက် သွေးသားမတော်စပ်ဘူးဆိုတာ ငါသိတယ်။ အဲ့ဒါကြောင့် ငါ ဒါကို တစ်ခါမှ မပြောခဲ့တာ”
"ဒါပေမယ့် နင်တို့နှစ်ယောက်က စုံတွဲတွေလို့ ငါကြေညာလိုက်ရင် ရှောင်ဝမ်နဲ့ ပတ်သက်တဲ့ ကောလဟာလတွေ ပျောက်ကွယ်သွားမှာ မဟုတ်ဘူးလား။ ဒါဆို ကောလဟာလတွေကို ငါကိုယ်တိုင် ဖြေရှင်းဖို့ပဲလိုတော့တယ်လေ”
ကျီဝမ် အထင်အမြင်သေးလျက် ပြောလိုက်သည်။ “ဒီကောလဟာလတွေကို ငါ လုံးဝ ဂရုမစိုက်ပါဘူး။ နင်ဘာလုပ်ချင်လဲ မြန်မြန်ပြော။ နင့်ကို ပြောရဦးမယ် မကြာခင်ငါ Gym အတန်းသွားရတော့မယ်။ ကွင်းထဲရောက်ရင် လူရာပေါင်းများစွာက နင့်ကို လက်ညိုးထိုးကြလိမ့်မယ်။”
ဖန့်ရှောင်နွမ် ဖြည်းညှင်းစွာပြောလိုက်သည်။ "အဖေ့ကို Gym အတန်းထဲ လာခိုင်းလိုက်"
ကျီဝမ် မေးလိုက်သည်။ "ဘာ"
လျိုစစ်ယွီ ပြောလိုက်သည်။ "နင် ရူးနေတာလား!"
ဖန့်ရှောင်နွမ်ရဲ့ခေါင်းထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ သူတို့နှစ်ယောက်လုံး မသိခဲ့ကြပေ။
ဖန့်ရှောင်နွမ်က ဖိုရမ်က မှတ်ချက်ပေးမှုကြောင့် ဒေါသပေါက်ကွဲသွားခဲ့သည်။ ဒါပေမယ့် သူမ ငြိမ်သက်သွားပြီးနောက် သူမကိုယ်သူမ နှစ်သိမ့်ခဲ့သည်။ ကောလဟာလတစ်ခုပဲ မဟုတ်လား? ကောလဟာလဖြန့်တဲ့သူက သူမကို မနာလိုလို့ပဖြစ်မှာ။ ဒါ့အပြင် ဒါတွေက ရယ်စရာကောင်းလွန်းပြီး အမှန်လည်းမဟုတ်ချေ။ သူ ဘယ်သူလဲဆိုတာကိုလည်း သူမ မသိပေ။
"ရှောင်နွမ် နင် အဆင်ပြေရဲ့လား" လျိုစစ်ယွီ သူမကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ ဖန့်ရှောင်နွမ် စိတ်လွတ်သွားမှာကို သူမစိုးရိမ်သည်။
ဖန့်ရှောင်နွမ် ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ "အဆင်ပြေတယ်။ ဒါက အသေးအမွှားကိစ္စလေးပဲ။ တစ်ချိန်လုံး ဒေါသထွက်နေတာက မတန်ဘူး”
"ဒါက ဘယ်လိုလုပ် ကိစ္စသေးသေးလေးဖြစ်မှာလဲ။ အစ်မကြီး၊ ဒီကိစ္စက ကျောင်းတစ်ခုလုံးကို ဝင်မွှေသွားတာနော် ” ကျီဝမ် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ ဖန့်ရှောင်နွမ် တွေးနေတာတွေကို သူ တကယ်မသိပေ။ သူမက အမြဲဒီလိုပဲ။ ဘယ်လောက်ပဲ ပြဿနာကြီးနေပါစေ သူမက ၎င်းကို အမြဲတမ်း ပေါ့ပေါ့ပါးပါး ဖယ်ရှားနိုင်ခဲ့သည်။
တစ်နှစ်တုန်းက တစ်စုံတစ်ယောက်ကြောင့် သူမရဲ့လက်ကောက်ဝတ် ကျိုးလုနီးပါးဖြစ်စေခဲ့သော်လည်း သူမက နာကျင်မှုကိုသည်းခံနေဆဲဖြစ်ပြီး "ဒါက အသေးအမွှားကိစ္စပဲ" လို့ ပြောခဲ့သည်။
တခါတရံမှာ အသေးအမွှားကိစ္စလေး ကြုံလာရတဲ့အခါ သူမက ကြီးကျယ်ရှုပ်ထွေးအောင်လုပ်သည်။ ဥပမာအားဖြင့် ယခင်က သူမ သစ်စစူးသွားပြီး နာကျင်မှုကို ကြောက်သောကြောင့် ဆေးရုံသို့ ပြေးသွားခဲ့သည်။ သူမက တကယ်ကို နားလည်ဖို့ ခဲယဉ်းသည်။
ဖန့်ရှောင်နွမ်က ကျီဝမ်ကိုကြည့်ကာ တည်ငြိမ်စွာပြောလိုက်သည်။ "ဒီကိစ္စက နင့်အတွက် ကြီးကြီးမားမား ထိခိုက်မှုဖြစ်စေလား"
ကျီဝမ် ခေါင်းယမ်းလိုက်သည်။
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ဒါက နင့်ပိုက်ဆံကို ဆုံးရှုံးသွားစေလား"
ကျီဝမ် ခေါင်းခါလိုက်ပြန်သည်။
"နင့်ရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံရေးကို ငါ ခြိမ်းခြောက်လိုက်မိလား" ဖန့်ရှောင်နွမ် ထပ်မေးလိုက်သည်။
ကျီဝမ် ခေါင်းခါလိုက်ပြန်သည်။
ဖနွရှောင်နွမ် မေးလိုက်သည်။ “ဒါက လူထုရဲ့ စည်းစိမ်ကို ထိခိုက်စေလား”
ကျီဝမ် အပေးအယူလုပ်ပြီး ပြောလိုက်သည်။ "ကောင်းပြီ၊ ဒါက အသေးအမွှားကိစ္စပဲဆိုတာ ဝန်ခံတယ်"
ဒီကိစ္စက အမှန်ပဲ။ ကြီးကြီးမားမား ထိခိုက်မှု မရှိသလို ငွေကြေး ဆုံးရှုံးမှုလည်း မရှိဘဲ ဥပဒေကို ချိုးဖောက်မှုလည်း မရှိပါချေ။ အသေးအမွှားကိစ္စတစ်ခုသာဖြစ်သည်။
ဖန့်ရှောင်နွမ် ခေါင်းညိတ်လိုက်သည်။ "မှန်တယ်! ဒါဆို အတန်းသွားတက်ရအောင်။"
ကျီဝမ်နဲ့ လျိုစစ်ယွီတို့ ပြောစရာစကားမဲ့သွားကြသည်။
သူတို့ သုံးယောက် စာသင်ခန်း တံခါးဝမှာ ရပ်လိုက်ချိန် အားလုံး ငြိမ်ကျသွားသည်။ သူတို့အကြည့်တွေက သူတို့သုံးယောက်ဆီမှာ သော့ခတ်ထားကြသည်။
သူတို့အား စိုက်ကြည့်နေကြသည့် မျက်လုံးအစုံလေးဆယ်ကျော်ဖြင့် သုံးယောက်သား စာသင်ခန်းနောက်ဘက်သို့ လျှောက်သွားကာ ထိုင်လိုက်ကြသည်။
ဖန့်ရှောင်နွမ် စိတ်အားထက်သန်စွာ ပြောလိုက်သည်။ "ငါတို့ကို မနှောင့်ယှက်နဲ့။ နင်တို့ ပြောနေကြတဲ့အတိုင်းပဲပြော။ စိတ်မရှိဘူးဆိုရင် အသံပိုပြီး ကျယ်ကျယ်နဲ့ ပြောလို့ရတယ်။ ငါတို့ နားထောင်မယ်။"
အတန်းထဲက ကျောင်းသူ/သားတွေ အားလုံးလည်း ပြောစရာစကား မဲ့သွားကြလေသည်။
ဖန့်ရှောင်နွမ်ရဲ့စကားတွေက ကျီဝမ်နဲ့ လျိုစစ်ယွီတို့ကိုလည်း ပြောစရာစကားမရှိ ဖြစ်သွားစေသည်။ သူတို့ ဘာပြောရမှန်းမသိကြပေ။
"ရှောင်နွမ်၊ နင်ဘာဖြစ်နေတာလဲ..." လျိုစစ်ယွီ တိုးတိုးလေး မေးလိုက်သည်။
ဖန့်ရှောင်နွမ် သူမကိုပြောလိုက်သည်။ "ဘာမှမဖြစ်ပါဘူး။ ငါတို့အားလုံးက အတန်းဖော်တွေပဲ။ ငါဘယ်သူနဲ့ချိန်းတွေ့တယ်ဆိုပြီး သူတို့ ဆွေးနွေးဖို့ကြိုးစားနေကြတာမဟုတ်ဘူးလား။ ဆက်ဆွေးနွေးကြရအောင်”
ထိုစကားကိုပြောပြီးနောက် သူမ၏ တန်ဖိုးကြီးအိတ်ကို စားပွဲပေါ်တင်လိုက်သည်။ ထို့နောက် အတန်းတစ်တန်းလုံးကို ပြောလိုက်သည်။ “ကြည့်လိုက်၊ ငါ့အိတ်ရဲ့တရားဝင်စျေးနှုန်းက ယွမ် ၁၈၀,၀၀၀ ရှိတယ်။ ဒီမှာပြောစရာတစ်ခုတော့ရှိတယ်။ တစ်စုံတစ်ယောက်ရဲ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေဖို့ ဆက်ကြိုးစားတာက အဓိပ္ပါယ်မရှိဘူး။ ငါ့ရဲ့ယွမ် ၁၈၀,၀၀၀ တန်အိတ်ကို နင်တို့ ဆွေးနွေးလို့ရတယ်"
“အိုးဟုတ်သားပဲ ငါ့လက်ကောက်က ယွမ် သန်း ၃၀ တန်တယ်။ ငါ ဘယ်သူလဲဆိုတာနဲ့ ငါဘာကြောင့် ဒီလောက်ချမ်းသာနေရတာလဲဆိုတာကို နင်တို့ နက်နက်နဲနဲနားလည်လာနိုင်လောက်မှာပါ ”
စာသင်ခန်းက တိတ်ဆိတ်သွားသည်။ ဖန့်ရှောင်နွမ်ရဲ့ အိတ်နဲ့ လက်ကောက်ကို လူတိုင်း၏ မျက်လုံးတွေက စိုက်ကြည့်နေကြသည်။
အတန်းထဲ သူမယူလာလေ့ရှိတဲ့ အိတ်က ယွမ် ၁၈၀,၀၀၀ တန်ကြောင်း၊ နေ့တိုင်း သူမလက်ကောက်ဝတ်မှာ ဝတ်ထားတဲ့ လက်ကောက်က ယွမ် သန်း ၃၀ တန်တယ်လို့ သူတို့ ဘယ်တုန်းကမှ မထင်ထားခဲ့ကြပေ။
ဖန့်ရှောင်နွမ်ရဲ့ နှုတ်ခမ်းတွေက သူမ ပတ်ပတ်လည်ကို ကြည့်ရင်း လှောင်ပြောင်ထေ့ငေါ့နေတဲ့ အပြုံးတစ်ခု ဖြစ်လာသည်။ လင်းချမ်၏ မျက်လုံးတွေမှာ အမုန်းတရားက အထင်ရှားဆုံးဖြစ်ကြောင်း သူမသဘောပေါက်သွားခဲ့သည်။
သူမ လင်းချမ်ကိုကြည့်ရင်း ပြုံးလိုက်သည်။ လင်းချမ် က သူမကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ကာ ရုတ်တရက်ပြောခဲ့သည်။ "နင်က အရမ်းချမ်းသာတယ်။ ငါ့ကို မပြောနဲ့နော်... နင် ယောက်ျားတချို့နဲ့ တွဲနေတာလား။"
ဖန့်ရှောင်နွမ် ခဏလောက်စဉ်းစားပြီး နူးညံ့စွာရေရွတ်လိုက်သည်။ "နင် မှန်တယ်၊ ယောက်ျားတော်တော်များများရဲ့ပိုက်ဆံပဲ"
လျိုစစ်ယွီနဲ့ကျီဝမ် အရမ်းရှောခ့်ရသွားပြီး ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။
ဖန့်ရှောင်နွမ်က သူမရဲ့ လက်ချောင်းတွေကို ရေတွက်ကာ ပြောခဲ့သည်။ "ငါ့အဖိုး၊ ငါ့အဖေ၊ ငါ့မောင်လေးနဲ့ ငါ့ယောကျ်ားဆီက ပိုက်ဆံတွေနဲ့ သုံးထားတာ" ထို့နောက် သူမ ကျီဝမ်ကို လှည့်ကြည့်ကာ ထပ်ပေါင်းပြောခဲ့သည်။ "အိုးဟုတ်သားပဲ၊ ငါ့တူလေးရဲ့ ပိုက်ဆံကိုလည်း သုံးထားတယ်"
နောက်ဆုံးတွင် သူမ အနှစ်ချုပ်ပေးလိုက်သည်။ “ငါစုစုပေါင်းယောက်ျား ငါးယောက်ရဲ့ ပိုက်ဆံကို သုံးထားတာ!”