အခန်း (၁၄၆)
Vol. 10 Ch. 146
"ဖန့်ရှောင်နွမ်ရဲ့အဖေက အဖိုးကြီးနောက်က tuxedo ဝတ်ထားတဲ့လူများ ဖြစ်မလား။ ပြီးတော့ အဲဒီအဖိုးကြီးက ဖန့်ရှောင်နွမ်ရဲ့အဖေရဲ့သူဌေးလား။ သူမအဖေက ဖန့်ရှောင်နွမ်ကို သူဌေးဆီ ပေးလိုက်တာများ ဖြစ်နိုင်မလား"
“ဟုတ်တယ်၊ အဲဒါ ဖြစ်နိုင်တယ်။ အခုပဲ သူမအော်ခေါ်လိုက်တော့ နှစ်ယောက်စလုံး လှည့်ကြည့်လာတယ်လေ”
ဒါပေမယ့် တစ်စုံတစ်ယောက်က နောက်မေးခွန်းတစ်ခု မေးခဲ့သည်။ "ဒါပေမယ့် အဲဒီအဖိုးကြီးက အခုလေးတင် ဖန့်ရှောင်နွမ်ရဲ့အဖေဖြစ်ကြောင်း ဝန်ခံလိုက်တယ်လေ။ သူက သူမဆီကိုတောင် လျှောက်သွားလိုက်သေးတာကို"
"နင်ဘာသိလို့လဲ။ အဖေဆိုတာ အမျိုးအစားအများကြီးရှိတယ်။ ချမ်းသာတဲ့အဖေက အဖေမဟုတ်ဘူးလား။ ဒါ့ပြင်၊ ဒါက သူမရဲ့ ခေါင်းကိုင်အဖေလည်း ဖြစ်နိုင်တယ်!”
“ဒါပေမယ့် သူက အရမ်းအသက်ကြီးနေပြီ။ သူ့မှာ စွမ်းအင်တွေရှိနေသေးလား"
"ဒါက သူတို့ စိတ်ပူရမှာ မဟုတ်ဘူးလား။ နင်က သူ့အတွက် ဘာလို့စိတ်ပူနေတာလဲ"
…
ပတ်ဝန်းကျင်ရှိ ကျောင်းသား/သူတွေမှာ မတူ ကွဲပြားတဲ့ အမြင်များ ရှိကြသော်လည်း ၎င်းတို့၏ မှတ်ချက်တစ်ခုစီက ဖန့်ရှောင်နွမ်ရဲ့ ဒေါသကို လှုံ့ဆော်ပေးခဲ့သည်။
သခင်ကြီး ကျီလည်း မှတ်ချက်တွေကို ကြားပြီး ဘာတွေဖြစ်ပျက်ခဲ့တာလဲဆိုတာကို အကြမ်းဖျင်း တွေးကြည့်ခဲ့သည်။ မနေ့က သူ့ချွေးမနဲ့ အစားသွားစားခဲ့ပေမယ့် တစ်ယောက်ယောက်က သူတို့နှစ်ယောက်ကို ဆဲဆိုခဲ့သည်။ 'လူတွေက သူတို့ကို အချစ်ဇာတ်လမ်းခင်းနေကြပြီထင်တယ်! သူ့ချွေးမ နှိပ်စက်ခံနေရတာ ဖြစ်မယ်။ သူ ဒီကျောင်းကို ရောက်နေပြီ။ ဒီလူတွေက အမှန်တရားကို မသိကြဘဲ အမှန်တရားကိုတောင် လှည့်စားနေကြတယ်။ သေချာတာပေါ့၊ သူတို့က သူတို့ထင်တာကိုပဲ ယုံကြပြီး မင်းကို ဆဲရေးချင်နေတဲ့လူကို မင်း ဘယ်တော့မှ ယုံလို့မရဘူး။'
ဖန့်ရှောင်နွမ် သူ့ယောက္ခထီးကို စော်ကားနေတဲ့လူရှေ့ ချက်ချင်း လျှောက်သွားလိုက်သည်။ သူမ ဘာမှပြန်မပြောဘဲ လက်ကိုမြှောက်ကာ သူ့ကို ပါးရိုက်လိုက်သည်။ "ငါ ဒီနေ့ နင့်ကိုသင်ခန်းစာတစ်ခု သင်ပေးမယ်!"
“သူတို့ ရန်ဖြစ်နေကြပြီ။ တစ်ယောက်ယောက်က ခေါင်းကို သံနဲ့ ထုလိုက်တာကြောင့် ဖန့်ရှောင်နွမ် ဒေါသထွက်နေပြီ။ ငါတို့လုပ်ခဲ့သမျှက အမှန်အတိုင်းပြောတာပဲ။ ဖန့်ရှောင်နွမ်က တကယ်ကို ခွေးမပဲ။ အမှန်တရားကို သူမ မကြားချင်နေဘူး။ အားလုံးပဲ မြန်မြန်သွားပြီး ကူညီကြပါဦး။ သူ့ကို အတန်းဖော်တွေကို အနိုင်ကျင့်ခွင့် မပေးနိုင်ဘူး!” လင်းချမ်က ဒါကို အော်ပြောဖို့ အခွင့်အရေးယူလိုက်သည်။ ထိုအချိန်တွင် ဆူပူအုံကြွမှုကို စောင့်ကြည့်နေကြတဲ့ လူတွေက သူမကို ဝိုင်းထားကြသည်။
ကျီဝမ် ခေါင်းကို လှည့်၍ လင်းချမ်ကို ဒေါသတွေထွက်နေတဲ့မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ "F*ck you။ မင်းအသက်ရှည်နေတာ လုံလောက်သွားပြီထင်တယ်!" သူ သူ့အဖိုးထံမှ လမ်းလျှောက်တုတ်ကိုယူကာ လင်းချမ်ရဲ့ခေါင်းကို ရိုက်ရန် ရှေ့သို့ လျှောက်သွားခဲ့သည်။
ကျီဝမ် တကယ်ကို ဒေါသထွက်သွားသည်။ နောက်ဆုံး သူက ယောက်ျားတစ်ယောက်ဖြစ်ပြီး သူ့ခွန်အားက မိန်းကလေးထက် အများကြီး ကြီးသည်။ သူ လင်းချမ်ကို ရိုက်ရန် သူ့မှာရှိသမျှခွန်အားကို အသုံးပြုခဲ့သည်။ ထိုအချိန်တွင် လင်းချမ်၏ အမြင်အာရုံတွေ မည်းမှောင်သွားခဲ့သည်။ သူမ မူးဝေသလိုဖြစ်သွားပြီး မေ့လဲလုနီးပါး ဖြစ်ခဲ့သည်။
ကျီဝမ် သူ့ရဲ့ လမ်းလျှောက်တုတ်ကို လွှင့်ပစ်လိုက်သည်။ သူ့ရဲ့မာနလို့ခေါ်တဲ့ ဂုဏ်သတင်းကို သူနည်းနည်းလေးမှဂရုမစိုက်နိုင်တော့ပေ။ အမျိုးသမီးတွေကို မရိုက်မိအောင် သင်ကြားပေးခဲ့တာကို သူသိသည်။ သူ လင်းချမ် ရဲ့ မျက်နှာကို ထပ်ပြီး ထိုးလိုက်သည်။
လင်းချမ် မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူမ မယုံကြည်နိုင်စွာနဲ့ပြောခဲ့သည်။ "ကျီဝမ် ငါ့အစ်မက လင်းရိုနော်။ နင် ငါ့ကို တကယ်ရိုက်ရဲတာလား။ နင့်ဦးလေး မကြောက်...… အ ” သူမစကားပြောလို့မပြီးခင် ကျီဝမ်က သူမ မျက်နှာကို တက်နင်းခဲ့သည်။
ကျီဝမ် လုံးဝကို ဒေါသတကြီး ဖြစ်နေသည်။ သူ ငယ်ငယ်ကတည်းက ဒီလိုစိတ်ဆိုးဒေါသထွက်တာမျိုး တစ်ခါမှ မဖြစ်ဖူးပေ။
အနီးနားရှိ မိန်းကလေးတွေက ဖန့်ရှောင်နွမ်က မိန်းကလေးဖြစ်နေတာကြောင့် အုပ်စုဖွဲ့ရဲကြသည်။
ဒါပေမယ့် ကျီဝမ်ကို ဘယ်သူကမှ ဝိုင်းဖွဲ့ရဲမှာ မဟုတ်ပေ။ သူက ယောက်ျားလေးဖြစ်တာကြောင့်သာမက တက္ကသိုလ်ရဲ့ဆွဲဆောင်မှုအရှိဆုံး မင်းသားလေး ဖြစ်နေတာကြောင့်ပင်။
ကောင်လေးတွေ ရှေ့ကို ဆက်မတိုးရဲတော့ပေ။ ကျီဝမ်က ရက်စက်လွန်းသည်။ သူက လင်းချမ်ရဲ့မျက်နှာကို နင်းရန် သူ၏ခွန်အားအားလုံးကို အသုံးပြုခဲ့သည်။ သူမရဲ့နှာခေါင်းကွဲသွားကာ မျက်နှာအနှံ့ သွေးတွေထွက်နေပြီး အရမ်းကြောက်စရာကောင်းသည်။
ဖြတ်သွားတဲ့ ဆရာအချို့က ဒါကိုမြင်ပြီး တားချင်သော်လည်း သခင်ကြီး ကျီက လှမ်းတားခဲ့သည်။
ပါးစပ်ဆိုးနေတဲ့ ကလေးမလေး သူ့မြေးရဲ့ ရိုက်နှက်တာကို ခံနေရတာကို သူမြင်ချင်နေသည်။
အိမ်တော်ထိန်းလည်း ဘာမှမလုပ်ခဲ့ပေ။ သူက ဖန့်ရှောင်နွမ်ကို ကာကွယ်ရန် မိန်းကလေးတွေဆီ တည့်တည့်သွားခဲ့သည်။ "သခင်မလေး၊ ကိုယ့်ကိုယ်ကိုကောင်းကောင်းကာကွယ်ပါ"
“အိမ်တော်ထိန်း၊ လမ်းဖယ်။ ကျွန်မဆိုတဲ့ ဖန့်ရှောင်နွမ်က ဒီနေ့ သူတို့ ညစ်ပတ်တဲ့ ပါးစပ်တွေကို ဆွဲမဖြဲရရင် ကျွန်မနာမည်နဲ့ မထိုက်တန်တော့ဘူး!" ဖန့်ရှောင်နွမ်က သူမကို ကာကွယ်ပေးနေတဲ့ အိမ်တော်ထိန်းကို တွန်းဖယ်လိုက်ပြီး သူမကို အားသွင်းနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဆံပင်တွေကို ဆွဲဖို့ လက်လှမ်းလိုက်သည်။ အခြားလက်တစ်ဖက်ဖြင့် လည်ပင်းကို ကိုင်ကာ အတင်းဆွဲလွှတ်ပစ်ခဲ့သည်။
ကြည့်ရှုနေကြသည့် ဒါဇင်နှင့်ချီတဲ့ မိန်းကလေးတွေထဲမှာ ဘယ်သူမှ ဖန့်ရှောက်နွမ်နဲ့ တစ်ပွဲမျှ မယှဉ်နိုင်ပေ။
ဖန့်ရှောင်နွမ် ဒေါသထွက်ပြီး ရူးသွပ်နေပြီ။ သူမ ဒေါသကို မထိန်းနိုင်ခဲ့တာ ကြာပြီ။ သူတို့မျက်နှာကို မြင်လိုက်သောအခါတွင် သူတို့ပြောခဲ့သည့် ယုတ်မာတဲ့ စကားလုံးတွေ အားလုံးက သူမ စိတ်ထဲ ပျံ့နှံ့သွားသည်။ သူတို့ သိပ်သည်းမခံနိုင်ပေမယ့် သူတို့ကလွယ်လွယ်လေး ပြောခဲ့ကြတာပဲ။ သူမ အာဃာတကို ငြီးငွေ့လာသူတစ်ဦးဖြစ်သည်။ အဆိုးဆုံးပြောခဲ့တဲ့ မိန်းကလေးဆီက ဆံပင်အပင်ပေါင်းများစွာကို သူမ ဆုပ်ကိုင်ထားသည်။ သူမ ဆံပင်တွေကို ဖြည်းဖြည်းချင်း မြေပြင်ပေါ်သို့ ချလိုက်ပြီး သူမ၏ ကြွေရုပ်နှင့်တူတဲ့ မျက်နှာက ထိုပေါ်တွင် ပြင်းထန်တဲ့ အမူအရာ ရှိနေသည်။
ပတ်ဝန်းကျင်က မိန်းကလေးတွေက ကြောက်လန့်တကြား အော်ပြီး ရှေ့ကို ဆက်မလျှောက်ရဲကြတော့ပေ။ ဖန့်ရှောင်နွမ်က အရမ်းကြောက်စရာကောင်းသည်။
ဒါပေမယ့် ဖန့်ရှောင်နွမ် အတွက်တော့ ဒါကလုံလောက်ဖို့ ဝေးလွန်းသေးသည်။
ထိုအချိန်တွင် လျိုစစ်ယွီက သူမ၏ အားကစားဝတ်စုံကိုလဲပြီးသွားတော့ ကွင်းပြင်သို့ ရောက်လာခဲ့သည်။ အဝေးက ကွင်းပြင်မှာ ရှုပ်ယှက်ခတ်နေတာကို မြင်လိုက်ရသည်။ သူမ ချက်ချင်း လူအုပ်ထဲသို့ ပြေးဝင်ကာ ဖန့်ရှောင်နွမ်၏ နံဘေးသို့ ပြေးသွားခဲ့သည်။ သူမရဲ့လက်ကိုမြင်တော့ သူမစိုးရိမ််တကြီး ပြောလိုက်သည်။ "ရှောင်နွမ်၊ နင့်လက်မှာ သွေးတွေ!"
"ဒါ ငါ့သွေးမဟုတ်ဘူး" ဖန့်ရှောင်နွမ် ထိုစကားကိုပြောပြီးနောက် သူမ အကြည့်က မြေပြင်ပေါ်တွင်လဲလျောင်းနေသောမိန်းကလေးကို ကြည့်လိုက်သည်။ သူမ သူမဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။