အပိုင်း (၅၃၉)
Vol. 37 Ch. 539
နက်နဲအလင်းလောကကြီး
ခမ်းနားထည်ဝါလွန်းလှသည့် ဟောခန်းကြီး တစ်ခု၏ အထဲတွင် ရောရုဝအရှင်သည် နတ်ဆိုးဘုရင် တစ်ပါးကဲ့သို့ပင် ခပ်မတ်မတ် ထိုင်လျက်ရှိနေ၏။ ၎င်းသည် လောကအသီးသီးဆီသို့ ငုံ့မိုးကာ ကြည့်ရှုနေ၏။ ၎င်းသည် မျက်လုံးများကို ဖွင့်လိုက်သည့် အချိန်တွင် အေးစက်သည့် အလင်းတန်းများ ထွက်ပေါ်လျက်ရှိနေပြီး ထူးခြားလွန်းလှသည့် အော်ရာများသည် ၎င်းကို ရစ်သိုင်းလျက်ရှိ၏။
နက်နဲအလင်းလောကကြီးသည် ယခုမှ ပေါင်းစပ်ခဲ့သည်ဖြစ်သော်လည်း လောက၏ အဆင့်အတန်းသည် တမဟုတ်ချင်း ပြောင်းလဲသွားခဲ့သည်။ သိုပေမဲ့ ချက်ချင်းကြီး အလွန်မြန်ဆန်စွာ တိုးတက်သွားလိမ့်မည်တော့ မဟုတ်ချေ။ အနည်းဆုံး နှစ်အနည်းငယ်လောက်တော့ စောင့်မျှော်ရမှာ ဖြစ်သည်။
အစဦးအဆင့်တွင် တည်ရှိနေသေးသည် ဆိုလျှင်တောင်မှ လောကကြီးကြား ကွာခြားချက်ကို သူက သေသေချာချာ သတိပြုမိ၏။ ၎င်း၏ ခန္ဓာကိုယ်သည် ဆန်းကြယ်လွန်းလှသည့် အော်ရာများ ရစ်သိုင်းလျက်ရှိပြီး အင်မော်တယ် ဘုရင် တစ်ယောက်၏ စွမ်းအင်များကိုပင် ထုတ်ဖော်လျက် ရှိနေလေ၏။
မည်သည့်အမှားအယွင်းမှ မဖြစ်ပွားသည်ဆိုပါက နက်နဲအလင်းလောကကြီးနှင့် ဤလောကကြီးတို့ အလုံးစုံ ပေါင်းစပ်သွားနိုင်သည့်အချိန်တွင် သူသည်လည်း ကျိန်းသေပေါက် အင်မော်တယ်ဘုရင် အဆင့်ဆီသို့ လှမ်းတက်နိုင်မှာဖြစ်၏။ သူသည် ထိုကဲ့သို့သောနေ့ကို ရောက်ရှိရန်အတွက် နှစ်ပေါင်းများစွာ စောင့်မျှော်နေခြင်း ဖြစ်သည်။
အတိတ်တုန်းကဆိုလျှင် သူသည် စိုးရိမ်ပူပန်နေလိမ့်မည် မဟုတ်ချေ။ ထို့အပြင် နှစ်ပေါင်းတစ်သောင်းလောက် ကြာမြင့်ပြီးသည့်နောက် တစ်နှစ်၊ နှစ်နှစ်လောက် ထပ်မံစောင့်စားဖို့ ဆိုသည်မှာ သိပ်ပြီး မသိသာလှချေ။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ အကြောင်းအရာအားလုံးသည် ခြားနားသွားခဲ့ပြီဖြစ်၏။
နက်နဲအလင်းလောကကြီး၏ အခြေအနေသည် ဘာမှန်းမသိသည့် အင်မော်တယ်ဘုရင် တစ်ယောက်၏ လက်ထဲသို့ ရောက်ရှိနေခဲ့၏။ တစ်ဖက်လူသည်သာ စိတ်ဆန္ဒရှိသည်ဆိုပါက သူ့အနေနှင့် ထိုလူ၏ လက်ထဲတွင် ရှိနေသည့် အရာကို ပြန်ယူ၍ မရနိုင်ချေ။
ရောရုဝအရှင်သည် မိမိလမ်းကိုသာ မိမိလျှောက်လှမ်းမည့်လူ ဖြစ်၏။ တခြားသောလူ၏အောက်တွင် သူ၏ ကံကြမ္မာကို ထားရခြင်းအား မည်သို့မှ နှစ်သက်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူသည် နောက်ဆုံးခြေလှမ်းကို လှမ်းတက်နိုင်ရန်အတွက် အားတက်သရော ဖြစ်လို့နေခဲ့သည်။ အင်မော်တယ်ဘုရင် အဆင့်ဆီသို့ လှမ်းတက်လာ ခဲ့ပြီးသည့်နောက် လက်ရှိတွေ့ကြုံနေရသည့် အခြေအနေများကို ပြောင်းပြန်လှန်ပစ်ရန် သူစဉ်းစားထားခဲ့သည်။
“မြေအင်မော်တယ်လောကကြီးရဲ့ အခြေအနေက ဘယ်လိုအခြေအနေမှာ ရှိနေတာလဲ” ရောရုဝအရှင်သည် မေးမြန်းလိုက်၏။ သူ၏ အသံသည် ဗလာဟင်းလင်း ဖြစ်လျက်ရှိနေသည့် ဟောခန်းကြီးတစ်ခုလုံး၌ ပဲ့တင်ထပ်လျက် ရှိ၏။
မကြာခင်မှာပဲ လေဟာနယ်တစ်ခုလုံး တွန့်လိမ်သွားခဲ့ပြီး အမဲရောင်မြူတစ်ခုသည် ပေါ်ပေါက်လာ၏။ ထိုမြူများကြားထဲတွင် လူတစ်ယောက်သည် ဒူးတစ်ဖက်ထောက် ထိုင်ချကာဖြင့် လေးလေးစားစား ပြောဆိုလိုက်သည်။ “အရှင့်ကို သတင်းပို့ပါတယ်။ အရာအားလုံးက အဆင်ပြေ ချောမွေ့နေပါတယ်။ နှစ်ရက်အတွင်း မြေအင်မော်တယ်လောကရဲ့ တည်နေရာ တစ်ဝက်လောက်ကို ကျုပ်တို့ သိမ်းပိုက်ခဲ့ပြီးပါပြီ။ ငြင်းပယ်ဖို့ ကြိုးစားကြတဲ့ လူတွေအကုန်လုံးကိုလည်း သတ်ပစ်ခဲ့ပြီ”
အားလုံး သတ်ဖြတ်ပစ်ခဲ့ပြီ ဆိုသောစကားလုံးသည် တကယ့်ကို ကောင်းမွန်လှသည့် ခံစားချက်ကို ပေးစွမ်း၏။ များပြားလှသည့် အလောင်းများသည် တောင်လိုပုံလျက် ရှိနေပြီး သွေးပင်လယ်ကြီးအဖြစ် စီးဆင်းနေသည်ကို မြင်ရမှာဖြစ်၏။
မြေအင်မော်တယ်လောက၏ တည်နေရာကြီးသည် ကျယ်ပြောလွန်းလှပြီး ရေတွက်လို့ မရအောင် များပြားလှသည့် သက်ရှိသတ္တဝါများ တည်ရှိနေထိုင်ကြ၏။ ထို့ကြောင့် အားလုံးသော သူတို့သည် ရောရုဝပြည်ကို အညံ့ခံလိမ့်မည် မဟုတ်ချေ။ ထိုကဲ့သို့ အညံ့မခံသည့် လူများသည် သေလမ်းသို့သာလျှင် ဦးတည်ရပေလိမ့်မည်။
“အရမ်းကောင်းတယ်” ရောရုဝအရှင်သည် သဘောတကျဖြင့် ခေါင်းကို ညိတ်လိုက်၏။ ဤအမြန်နှုန်းသည် သူထင်ထားသည့် အတိုင်းအတာ ဘောင်အတွင်း၌ ရှိသည်။ ထို့အပြင် မြေအင်မော်တယ်လောကကြီးထဲတွင် မည်သူမှသည် သူတို့ကို ခုခံနိုင်စွမ်း မရှိခဲ့ကြချေ။ မြေအင်မော်တယ်လောကကြီးကို ငါးရက်အတွင်း သိမ်းပိုက်ဖို့ ဆိုသည်မှာ တကယ် ဖြစ်နိုင်သည့် အကြောင်းအရာပင် ဖြစ်၏။
ရောရုဝပြည်သည် နက်နဲအလင်းလောကကြီးကို သိမ်းပိုက်နိုင်ရန် ရည်ရွယ်ချက်ထားပြီး စီစဉ်ဆောင်ရွက်ချိန်တွင် နှစ်ပေါင်းငါးထောင်ကျော် ကြာမြင့်ခဲ့၏။ လောကကြီးတစ်ခုလုံးအား လွှမ်းမိုး သိမ်းပိုက်ဖို့အတွက် သူတို့ မည်ကဲ့သို့ ကြိုးစားခဲ့ရကြောင်း သူတို့သာလျှင် ကောင်းကောင်းသိသည်။ သို့ပေမဲ့ ဤလောကထဲသို့ ရောက်ရှိလာသည့် အချိန်တွင် သူတို့သည် အလုံးစုံ အားအင်စိုက်ထုတ်မှု ကင်းမဲ့နေခဲ့၏။ ဘာမှန်းမသိသည့် အင်မော်တယ်ဘုရင် တစ်ယောက်သည် သူတို့ကို ကြီးမားသည့် လက်ဆောင်ကြီးတစ်ခု ပေးအပ်ခဲ့လေသည်။
“အရှင့်ကို သတင်းပို့ရမယ် ဆိုလို့ရှိရင် မြေအင်မော်တယ်လောကကို ကျုပ်တို့ တိုက်ခိုက်ခဲ့ အချိန်မှာ မယုံကြည်နိုင်စရာ ကိစ္စရပ်တချို့ကို ရှာဖွေတွေ့ရှိခဲ့တယ်” အမဲရောင်မြူများထဲမှ အသံသည် လေးလေးစားစားဖြင့် ပြောဆိုလိုက်၏။
“ဪ”
ရောရုဝအရှင်သည် စိတ်ဝင်တစား ဖြစ်တည်လာခဲ့၏။ သူက စိတ်ပါဝင်စားစွာဖြင့် မေးမြန်းလိုက်သည်။ “ဘာလဲ”
“စုံစမ်းစစ်ဆေးမှုတွေအရဆိုရင် မြေအင်မော်တယ်လောကကြီးမှာ နောက်ထပ် ရောရုဝပြည်တစ်ခု ရှိတယ်။ သူတို့ကို နိရယပြည်လို့လည်း ခေါ်ကြတယ်လေ”
ရောရုဝပြည်၏ အရှင်သည် လေးနက်တည်ကြည်စွာဖြင့် မေးမြန်းလိုက်၏။ “ပြီးတော့ကော”
နက်နဲအလင်း လောကကြီးတွင် ရောရုဝပြည်ကို တည်ထောင်ခဲ့သူ တစ်ယောက်အနေနှင့် သူသည် ငရဲလောက၏ အမွေအနှစ်များကို လက်ခံရရှိခဲ့၏။ သူ၏ ပိုင်ဆိုင်မှု မှတ်တမ်းများအရဆိုလျှင် များပြားလှသည့် လောက အသီးသီးတွင် သူ့ကဲ့သို့ ကံကောင်းသော တခြားသောသူများလည်း တည်ရှိနေ၏။ တခြားသောသူများသည် ပိုမိုကာ ပြည့်စုံနိုင်သည့် အမွေအနှစ်များကို ပိုင်ဆိုင်နိုင်စွမ်းပင် ရှိနေသည် မဟုတ်ပါလား။
“ပြီးတော့ ကျုပ်သိသလောက်ဆိုရင် နိရယ ဖန်တီးသူက အားကောင်းတယ် မဟုတ်ပေမဲ့ လောကကြီး တစ်ခုလုံးကို ဖန်တီးပြီး ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်ကိုတောင် ပုံစံတစ်မျိုးနဲ့ ဖန်တီးနိုင်ခဲ့တယ်” အမဲရောင် မြူများထဲမှ လူက တီးတိုးရေရွတ်လိုက်သည်။
ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ် ဆိုသည်မှာ သူတို့နှင့် မရင်းနှီးသည့်အရာ မဟုတ်ချေ။ သူတို့၏ အရှင်သည် နှစ်ပေါင်းများစွာတည်းက ထိုကိစ္စကို ပြောဆိုခဲ့ခြင်းဖြစ်၏။ သူတို့အရှင် လိုအပ်နေသည်မှာ တချို့သော ပစ္စည်းများသာလျှင် ဖြစ်၏။ ထိုအရာများသာရှိသည်ဆိုပါက ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ် ကို ဖန်တီးနိုင်လိမ့်မည်ဟု အလုံးစုံ ယုံကြည်ချက်ရှိ၏။
သို့ပေမဲ့ မြေအင်မော်တယ်လောကတွင် ရှိနေသည့် နိရယ အင်ပါယာတစ်ယောက်သည် နိရယလောကကြီးကို ဖန်တီးထားခဲ့ပြီးသည့်နောက် ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်ကိုပင် တုပ ဖန်တီးနိုင်ခဲ့၏။ ရောရုဝအရှင်၏ ကျယ်ပြောလှသည့် အသိပညာနှင့် လုပ်ကိုင်နိုင်စွမ်းကို ကြည့်ရှုရမည်ဆိုလျှင်တောင်မှ ဤကဲ့သို့ ပြုလုပ်ဖို့ ဆိုသည်မှာ လွယ်ကူလှသည် မဟုတ်ချေ။
“မင်းဆိုလိုတာ ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်လား” ရောရုဝအရှင်သည် ထူးမခြားနားသလို မေးမြန်းလိုက်၏။ ၎င်း၏ တည်ငြိမ်နေသည့်အသံထဲတွင် စိတ်လှုပ်ရှားသည့် အရိပ်အယောင်များ တည်ရှိလို့ နေခဲ့၏။
သူသည် ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ် လက်နက်ကို ဖန်တီးပြုလုပ်ထားသည် ဆိုသော်လည်း မပြည့်စုံခဲ့ချေ။ သို့ပေမဲ့ တစ်စုံတစ်ယောက်သည် သူ့ကို လိုလိုချင်ချင်နှင့် လာရောက်ပေးအပ်ရန် စီစဉ်လျက် ရှိနေလေသည်လား။
“ဟုတ်ပါတယ်” ထိုသူက ခေါင်းညိတ်ကာဖြင့် လေးလေးစားစား ပြောလိုက်သည်။
“အရမ်းကောင်းတယ်”
ရောရုဝအရှင်သည် ဖြည်းညှင်းစွာဖြင့် ဤစကားစုကို ရေရွတ်လိုက်၏။ သူသည် ခေါင်းကို အသာမော့ပြီးသည့်နောက် အဝေးဆီသို့ အသာလှမ်းကြည့်ကာ တီးတိုးရေရွတ်လိုက်၏။ “ဒီတစ်ကြိမ်မှာ လောကကြီးနှစ်ခု ပေါင်းစပ်မှုကြောင့် ရနိုင်တဲ့ အံအားသင့်စရာ လက်ဆောင်တွေက ငါထင်မှတ် ထားတာထက်တောင် ပိုနေတာကိုး။ ဖြစ်နိုင်တာ... ငါ ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်ကို ဖန်တီး တည်ဆောက်နိုင်ဖို့ သိပ်ပြီး ကြာတော့မှာ မဟုတ်ဘူး”
ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်သည် ရောရုဝပြည်၏ အစစ်အမှန် အခြေခံတစ်ခု ဖြစ်၏။ ထိုအရာ တည်ရှိသည်ဆိုပါက ရောရုဝပြည်ကြီးအတွင်းသို့ များပြားလှသည့် သက်ရှိသတ္တဝါများ အားလုံးကို ဆွဲယူနိုင်၏။ အားလုံးသော သူတို့သည် ငြင်းဆန် ပုန်ကန်နိုင်လိမ့်မည် မဟုတ်ချေ။ သေဆုံးသွားသည် ဆိုလျှင်တောင်မှ ရောရုဝပြည်၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။
အတိတ်တုန်းက ငရဲလောကသည် များပြားလှသည့် အသင်္ချေလောကအသီးသီးကို သွားရောက်ကာ သုတ်သင် ရှင်းလင်းပစ်နိုင်ခြင်းသည် ဤအရာကြောင့်ပင် ဖြစ်လေ၏။ ထို့အပြင် မည်သူမှသည် သေဆုံးပြီးသည့်နောက် ၎င်းတို့၏ အသိစိတ်များ ထိန်းချုပ်ခံခြင်းကို လိုချင်ကြလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ငရဲလောက၏ အရှင်သည် ထိုအရာ အားလုံးကို ပြုလုပ်နိုင်ခဲ့သည်။
လက်ရှိ ရောရုဝပြည်၏ အရှင်သည် စဉ်းစားတွေးခေါ်လျက် ရှိနေတုန်းမှာပဲ ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် အော်ကြီးဟစ်ကျယ်ဖြင့် ပြေးဝင်လာခဲ့၏။ “အရှင်... တစ်စုံတစ်ခုတော့ ဖြစ်ပြီ”
“ဟမ်”
ရောရုဝအရှင်က မျက်မှောင်ကုတ်လိုက်၏။ အေးစက်သည့်အသံဖြင့် ပြောဆိုလိုက်သည်။ “ဘာဖြစ်တာလဲ”
“တိုင်.. တိုင်ချူး” ချပ်ဝတ်နှင့်လူက တီးတိုးရေရွတ်လိုက်၏။
“တိုင်ချူး ဟုတ်လား” ရောရုဝပြည်၏ အရှင်သည် မျက်မှောင်ကို ကုတ်လိုက်မိ၏။ သူသည် ဇဝေဇဝါလည်း ခံစားလို့ နေ၏။ ဤလူသည် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိပြီးသား မဟုတ်ပါလား။ အဘယ်ကြောင့် သူပေးပို့လိုက်သည့် လူများကို လွယ်လွယ်ကူကူနှင့် သုတ်သင်ရှင်းလင်းပစ်လိုက်သနည်း။ ထို့အပြင် သူစေလွှတ်ခဲ့သည့် လူများသည် အန္တိမကျင့်ကြံသူ သုံးယောက်ဖြစ်၏။ ထိုသူတို့သည် ကျိန်းသေပေါက် အောင်ပွဲကို ရယူနိုင်မည့် လူစာရင်းပင် ဖြစ်သည်။
မထင်မှတ်ထားသည့် အရာတစ်ခုခု ဖြစ်ပေါ်ခဲ့လေသည်လား။ သို့မဟုတ် တိုင်ချူးသည် အဖမ်းခံရန် စိတ်ဆန္ဒ မရှိသောကြောင့် မိမိကိုယ်ကို ဖောက်ခွဲကာ သေဆုံးသည့်လမ်းကို ရွေးချယ်ခဲ့လေသည်လား။ ၎င်းနှင့်အတူ သူ၏ လူသုံးယောက်ကိုပါ ခေါ်ဆောင်သွားခဲ့လေသည်လား။ ထိုသို့ဆိုလျှင်တော့ သနားဖွယ်ရာ ကောင်းလွန်းလှ၏။
မိမိကိုယ်ကိုယ် ဖောက်ခွဲခြင်းဆိုသည်မှာ တခြားသော သေဆုံးခြင်းများနှင့် မတူညီလှချေ။ အလုံးစုံ သေဆုံးသွားခြင်းမျိုးပင် ဖြစ်သည်။ သို့ပေမဲ့ သူ၏ လူသုံးယောက်မှာတော့ အဆင်ပြေ၏။ ဘာပဲပြောပြော သူ၏ လူသုံးယောက်တို့သည် မသေမျိုး အလောင်းကောင်များ ဖြစ်နေသည် မဟုတ်ပါလား။