အပိုင်း (၅၄၅)
Vol. 37 Ch. 545
“ဒီသတင်းအချက်အလက်က အရမ်းကို တန်ဖိုးကြီးတယ်။ “ လီယွင်က အသာပြောလိုက်၏။
ဝိညာဉ်ဆင့်ခေါ်ခြင်းပုတီး … ဤအရာသည် ရောရုဝပြည်၏ ပြိုင်ဘက်ကင်း စွမ်းဆောင်ရည်တစ်ခုပင် ဖြစ်၏။ တခြားသော အင်အားစု များအနေနှင့် ထိုအရာကို သန့်စင်ခြင်း သို့မဟုတ် အသက်သွင်းခြင်းကို ပြုလုပ်နိုင်စွမ်းမရှိခဲ့ပေ။
ရောရုဝပြည်မှ လူများသည်သာ ထိုအရာကို အသုံးပြုနိုင်စွမ်းရှိ၏။ ရောရုဝပြည်၏ လျှို့ဝှက်ရတနာ တစ်ခုအနေနှင့် ထိုအရာသည် တခြားသောတစ်စုံတစ်ဦး၏ လက်ထဲသို့ရောက်ရှိမည် ဆိုလျှင်တောင်မှ အသုံးပြုရန် လွယ်ကူလိမ့်မည်မဟုတ်ချေ။
“စီနီယာ …. အဲသတင်းအချက်လက်နဲ့ ပတ်သက်ပြီး အရင်းအမြစ် ဘယ်လောက်များများ နဲ့ လဲယူရမလဲဆိုတာ ကျုပ်မသိပါဘူး။”
ထာဝရအစစ်အမှန်အင်မော်တယ်သည် နှောင့်နှေးမနေခဲ့ချေ။ သူ၏ လက်ချောင်း၌ ရှိနေသည့် သိုလှောင်လက်စွပ် တစ်ကွင်းကို ချွတ်လိုက်ပြီး လီယွင်၏ရှေ့သို့ ချပေးလိုက်၏။
လီယွင်သည် လက်စွပ်ကို လှမ်းယူလိုက်၏။ အထဲတွင်ရှိနေသည့် အရာများကို နတ်ဘုရားအသိမြင်ဖြင့် လှမ်းကာ ကြည့်ရှုပြီးနောက် ထိုအရာကို အသာပြန်ချလိုက်၏။ ပြီးနောက် ထူးမခြားနားသလို ပြောလိုက်သည်။ “ဒီထဲမှာ ပစ္စည်းတွေအများကြီးရှိတယ် ဆိုပေမဲ့ တန်ဖိုးကတော့ ပျမ်းမျှသာသာပါပဲ။”
ဤအရာသည် သတင်းအချက်အလက် တန်ကြေး၏ တစ်ဝက်လောက်သာ ရှိ၏။
ထို့ပြင် တစ်ခုပိုင်ဆိုင်ထားရုံနှင့် လောကကြီးတစ်ခုလုံးကို လွှမ်းမိုးနိုင်စွမ်းရှိသည့်အရာ ဖြစ်၏။ ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့၏ ပိုင်ရှင်သည် သာမန်လူတစ်ယောက်ဖြစ်သည် ဆိုလျှင်တောင်မှ ထိုအရာကို အသက်သွင်းနိုင်မည့် နည်းလမ်းကို ပိုင်ဆိုင်ပါက ကျိန်းသေပေါက် တိုင်ချူးကဲ့သို့ စွမ်းအားမြင့် ကျင့်ကြံသူကိုပင် ဖိနှိပ်နိုင်မှာ သေချာသည်။ ထို့ကြောင့် ဝိညာဉ်ဆင့်ခေါ်ခြင်းပုတီးစေ့ ၏ တန်ကြေးသည် ကြီးမားလွန်းလှသည်။
“တန်ဖိုးက အရမ်းမမြင့်မားဘူးဆိုရင် ကျုပ် ခင်ဗျားကို မျှဝေချင်တဲ့ သတင်းအချက်လက် ရှိတယ်”
လီယွင်သည် သိုလှောင်လက်စွပ်ကို အသာယူကာဖြင့် တည်ငြိမ်စွာပြောလိုက်၏။ ဤစကားစုသည် ထာဝရ အစစ်အမှန် အင်မော်တယ်ကိုသာမက တိုင်ချူးကိုပါ စိတ်ဝင်စားစေခဲ့သည်။ နှစ်ယောက်လုံးသည် အလျှင်အမြန်ဆိုသလိုပဲ လီယွင်ကို လှမ်းကြည့်လိုက်၏။
“ရောရုဝပြည်မှာ ဝိညာဉ် ဆင့်ခေါ် ခြင်းပုတီးစေ့ ၇ ခုရှိတယ်။ “
လီယွင်သည် လက်ချောင်းများဖြင့် နံပါတ် ၇ သင်္ကေတကို ပြလိုက်သည်။
“လက်ရှိ အခြေအနေမှာ ၆ ခုကို ငရဲလောကအရှင် ဖွက်ထားတယ်။ တစ်ခုကတော့ လက်ရှိ လုချမ်းဖန်ရဲ့ လက်ထဲမှာပဲ။ “
“လုချမ်းဖန်ဟုတ်လား”
တိုင်ချူးသည် ထိုစကားကို ကြားရသည့်အချိန်မှာတော့ စိတ်လှုပ်ရှားသွားမိ၏။
“ဒီလူရဲ့ နာမည်ကို ခင်ဗျားကြားဖူးလို့လား စီနီယာ“ ထာဝရအစစ်မှန်အင်မော်တယ်သည် စိတ်အား တက်ကြွစွာဖြင့် မေးမြန်းလိုက်သည်။
“တကယ် ကြားဖူးတာပေါ့”
တိုင်ချူးသည် ခေါင်းကိုညိတ်ကာဖြင့် ရှင်းပြလိုက်၏။
“သူက နက်နဲမီးတောက်လောကကြီးရဲ့ ထိပ်ဆုံးအဆင့် စွမ်းအားမြင့်ကျင့်ကြံသူ တစ်ယောက်ပဲ။ သူက အင်မော်တယ်ဘုရင်အဆင့်ကို လှမ်းတက်နိုင်ဖို့တဲ့ အခြေအနေကိုတောင် ပိုင်ဆိုင်နေပြီ။ ဒါပေမဲ့ ကံဆိုးစွာနဲ့ နက်နဲမီးတောင်လောကကြီး တစ်စစီ ဖြစ်သွားတဲ့အချိန်မှာ ကပ်ဘေးကြီး ကျရောက်ခဲ့တယ်။ မဟုတ်ရင် ကျိန်းသေပေါက် အင်မော်တယ်ဘုရင် အဆင့်ကိုရှိနေလောက်ပြီ။ နောက်ပိုင်းမှာ ရောရုဝ အရှင်က သူ့ကို ဆင့်ခေါပြီး ရောရုဝပြည်အတွက် အလုပ်အကျွေးပြုစေခဲ့တယ်။ “
“နက်နဲအလင်းလောကကြီးတစ်ခုလုံး ပျက်စီးသွားခဲ့တာ လုချမ်းဖန်ရဲ့လက်ချက်ပဲကိုး။ ဒါက …. “
ထာဝရအစစ်အမှန်အင်မော်တယ်သည် ဆွံ့အသွားမိ၏။ လုချမ်းဖန်သည် ဤကဲ့သို့သော နောက်ခံမျိုး ပိုင်ဆိုင်ထားမည်ဟု သူ မထင်ထားမိချေ။ အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိလုနီးပါး လူတစ်ယောက် သည် ကျိန်းသေပေါက် ရောရုဝအတွက် အလုပ်အကျွေးပြုလို့ နေ၏။
ဝိညာဉ်ဆင့်ခေါ်ခြင်းပုတီးစေ့ကို ထိန်းချုပ်နိုင်ခြင်းမှာ အံ့အားသင့်စရာ မဟုတ်ပေ။ သို့ပေမဲ့ ထိုသူ့ဆီက လုယူရန် ကြိုးစားမည်ဆိုလျှင်တောင်မှ ဘာများ ထူးခြားသွားမည်နည်း။ ငရဲလောက အရှင်ထံတွင် နောက်ထပ် ခြောက်ခုတိတိ ရှိနေသေးသည်။
“ထပ်တိုးလက်ဆောင်အနေနှင့် ပြောရမယ်ဆိုရင် လက်ရှိ ကောင်းကင်မူလလောကကြီး ၊ ခရမ်းရောင် နက်နဲလောက နှင့် မြေအင်မော်တယ်လောကတို့ရဲ့ နေရာတိုင်းမှာ အလောင်းကောင်တွေ ပေါ်ပေါက်လာခဲ့တယ် ။ဒါက လုချမ်းဖန်ရဲ့ လက်ထဲမှာရှိတဲ့ ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့ကြောင့်ပဲ။ ပြောရမယ်ဆိုရင် ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့က လောကကြီး တစ်ခုလုံးကိုပါ ထိန်းချုပ်နိုင်စွမ်း ရှိတယ်။ ထိပ်ဆုံး အခြေအနေမှာ တည်ရှိနေတဲ့ ငရဲလောက အနေနဲ့ ဝိညာဉ် ဆင့်ခေါ်ခြင်း ပုတီးစေ့တွေကို သိပ်ပြီး ဂရုမစိုက်ကြဘူး။ ဘာလို့လဲဆိုတော့ ငရဲလောကသား အားလုံးရဲ့ လက်ထဲမှာ ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့ အနည်းဆုံး တစ်စေ့တော့ ရှိတယ်။” လီယွင်သည် ယုံကြည်ချက်ရှိရှိနှင့် ပြောလိုက်၏။
လက်ရှိအခြေနေမှာတော့ တိုင်ချူး နှင့် ထာဝရအစစ်အမှန်အင်မော်တယ်တို့သည် ကြောင်အသွားခဲ့ ကြ၏။ ငရဲလောက၏ ထိပ်ဆုံးအခြေအနေကို သူတို့ မျက်မြင်မတွေ့ရှိခဲ့ရသော်လည်း ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် ဖော်ညွန်းပြောဆိုသည့် အခြေအနေကို သုံးသပ်ရမည်ဆိုလျှင် သူတို့ သိရှိထားသည်မှာ အပေါ်ယံသာဖြစ်ကြောင်း နားလည်လိုက်မိကြသည်။
ဝိညာဉ်ဆင့်ခေါ်ခြင်းပုတီးစေ့တစ်ခုနှင့်ပင် ၄င်းတို့အားလုံးကို ဒုက္ခရောက်စေခဲ့၏။ များပြားသည့် ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့များကိုပိုင်ဆိုင်ခဲ့သော ငရဲလောကနှင့် ရင်ဆိုင် တိုက်ခိုက်ရမည်ဆိုလျှင် …… စိတ်ကူးနှင့်ပင် ကျောချမ်းစရာကောင်းလွန်းလှ၏။
ကံကောင်းစွာဖြင့် ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့သည် အင်မော်တယ်ဘုရင် အဆင့်ကို ထိန်းချုပ်နိုင်စွမ်း မရှိချေ။ မဟုတ်ပါက ငရဲလောကကြီးသည် ပြိုက်ဘက်ကင်းဖြစ်နေမှာသေချာသည်။
"စီနီယာ …. လုချမ်းဖန်က ဝိညာဉ်ဆင့်ခေါ်ခြင်းပုတီးစေ့ကို ကိုင်ဆောင်ထားတယ်ဆို ကျန်တဲ့ပုတီးစေ့ တွေက ဘယ်နေရာမှာလဲ။ ဘယ်သူ ပိုင်တာလဲ" ထာဝရ အစစ်အမှန်အင်မော်တယ်က မေးလိုက်၏။
ထိုပုတီးစေ့များကိုသာ ဖျက်ဆီးနိုင်မည်ဆိုပါက ရောရုဝပြည်သည် အားအင်အဆင့်နှင့်ပတ်သက်၍ သိသာစွာ ဆုတ်ယုတ်သွားပေမည်။ ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့များမရှိသည် ဆိုပါက လုချမ်းဖန်နှင့် အခြားသောသူများသည် အခွင့်အရေးကောင်းကို ပိုင်ဆိုင်လိမ့်မည် မဟုတ်ချေ။ ၎င်းတို့ ပြုလုပ်ခဲ့သည့် အရာအားလုံးတို့သည် ထိုပုတီးစေ့၏ အသုံးဝင်သည့် စွမ်းဆောင်ရည် ကြောင့်သာလျှင် ဖြစ်သည်။
"ဒီသတင်းအချက်အလက် ခင်ဗျား ဝယ်မယ်ဆိုရင်တောင်မှ ခင်ဗျားအတွက် အသုံးမဝင်ဘူး။ ဘယ်နေရာမှာရှိတာ သိတယ်ဆိုရင်တောင် ခင်ဗျား ဘာလုပ်နိုင်မှာမို့လို့လဲ။" လီယွင်သည် ရယ်မောကာ ပြောလိုက်၏။
"ဒါက"
ထာဝရ အစစ်အမှန်အင်မော်တယ်၏ မျက်နှာတစ်ခုလုံးသည် အေးခဲသွား၏။ လက်ရှိအခြေနေတွင် ၎င်း၏ အားအင်အဆင့်တွင် လိုအပ်ချက်များရှိနေကြောင်း သိရှိ၏။ အခြေအနေတစ်ခုလုံးကို နားလည်ခြင်းမရှိဘဲ ရောရုဝပြည်သို့ ရူးကြောင်ကြောင် ဝင်သွားခြင်းဆိုသည်မှာ ခဏအတွင်း သေဆုံးသွားနိုင်သည့် အခြေနေမျိုးပင်။
"ဒီတော့ စီနီယာဆိုလိုတာက ဝိညာဉ်ဆင့်ခေါ်ခြင်းပုတီးစေ့တွေကို ဖျက်ဆီးတာအပြင် တခြားနည်းလမ်း တစ်ခုခု ရှိနေသေးတာလား။"
တိုင်ချူး၏ မျက်လုံးများသည် တောက်ပသွား၏။ သူသည် စိတ်လှုပ်ရှားစွာဖြင့်မေးမြန်းလိုက်သည်။
"အင်း ဖြစ်နိုင်ချေတော့ရှိတယ် ဒါပေမဲ့ အသက်ရှင်ရက်ရှိနေနိုင်မယ့် ခင်ဗျားရဲ့ အခွင့်ရေးကတော့ မမြင့်မားဘူး။" လီယွင်သည် ထူးမခြားနားသလို ပြောလိုက်၏။ သူသည် အရာအားလုံးကို သုံးသပ်ကာ ကောက်ချက်ချလိုက်၏။ သူ၏ လမ်းညွှန်မှုအောက်တွင် အရာအားလုံးသောသူတို့သည် လုံလုံခြုံခြုံ ဖြင့်လှမ်းလျှောက်ကာသွားနိုင်၏။ ရောရုဝပြည်ဆိုလျှင်တောင်မှ ချွင်းချက် မရှိချေ။
ဟုတ်ပေသည်။ လုံလုံခြုံခြုံသွားရခြင်း ဆိုသည်မှာ တိုက်ခိုက်မခံရခြင်းဟု ဆိုလိုခြင်း မဟုတ်ပေ။ ဝိညာဉ် ဆင့်ခေါ်ခြင်း ပုတီးစေ့များကိုသာ ဖျက်ဆီးချင်သည် ဆိုပါက အခြေနေသည် မသေချာတော့ပေ။
"တခြားစကားနဲ့ ပြောရမယ်ဆိုရင် …."
တိုင်ချူး၏ မျက်လုံးများက လင်းလက်သွား၏။ သူသည်စိတ်လှုပ်ရှားစွာဖြင့် ထအော်လိုက်၏။ "စီနီယာ့ဆီမှာ နည်းလမ်းတစ်ခုခုရှိနေတာလား"
"ရှိတာပေါ့" လီယွင်သည် ခေါင်းကိုအသာ ညိတ်လိုက်သည်။
"ကျေးဇူးပြုပြီး စီနီယာပြောသာပြောလိုက်ပါ။"
ထာဝရ အစစ်အမှန်အင်မော်တယ်သည် အံကြိတ်လိုက်မိ၏။ ပြီးနောက် သူ၏ လက်ထဲတွင် သိုလှောင်လက်စွပ်တစ်ကွင်း ပေါ်ပေါက်လာခဲ့ပြီး လီယွင့်ကို လှမ်းပေးလိုက်၏။ ဤအရာသည် အန္တိမ ကျင့်ကြံသူအဆင့်ကို ချိုးဖျက်နိုင်ရန် သူ ပြင်ဆင်ထားသည့်အရာများပင် ဖြစ်၏။ သို့ပေမဲ့ အဆင့်ချိုးဖျက်ဖို့ ဆိုသည်မှာ အချိန်မရွေး ပြုလုပ်၍ရသည်။ လောကကြီး ပျက်ဆီးသွားခြင်းက ပိုမို၍ အရေးကြီးလို့နေ၏။
“မလုံလောက်သေးဘူး” လီယွင်သည် ထိုစကားကို အသာပင် ပြောဆိုလိုက်သည်။