← Chapters

အပိုင်း (၅၄၆)

Vol. 37 Ch. 546

အပိုင်း (၅၄၆)

Vol. 37 Ch. 546

"မလုံလောက်သေးဘူးဟုတ်လား"

ထာ၀ရ အစစ်အမှန်အင်မော်တယ်သည် သက်ပြင်းချလိုက်မိသည်။ သူသည် ရှိသမျှ အကုန်လုံးကို ထုတ်ဖော်ပြီးဖြစ်၏။ နှစ်ပေါင်းများစွာကြာမြင့်ပြီးသည် အထိ သူသည် တစ်ယောက်တည်း သီးသန့်နေထိုင်ခဲ့သည်။ မည်သည့်ဂိုဏ်းကဏ္ဏကိုမှ တည်ထောင်ခဲ့ခြင်းမရှိချေ။ သူ၏ နည်းစနစ်များသည် သာမန်ထက်ကောင်းမွန်လှပြီး များပြားသည့်ကိုယ်ပွားများကို ဖန်တီးနိုင်သည်ဆိုသော်လည်း တစ်ယောက်ချင်းစီတိုင်းကို ၎င်း၏ နောက်လိုက်များအဖြစ် ဖန်တီးခဲ့၏။ ထို နောက်လိုက်များကြောင့် သူ၏ အရင်းအမြစ်များသည် များပြားသည်ဟု သတ်မှတ်ရမှာ ဖြစ်သည်။ သို့သော်ငြား မလုံလောက်ခဲ့ချေ။ ဤ အခွင့်အရေး လွဲချော်မှုသည် မလုံလောက်သည့် အရင်းအမြစ်ကြောင့်ဆိုပါက ကျိန်းသေပေါက် ဆုံးရှုံးစရာပင်။

"စီနီယာ"

ထိုအချိန်မှာတော့ တိုင်ချူးက ၀င်ရောက်ကာ ပြောလိုက်၏။ အင်မော်တယ်အဆင့် လက်နက်နှစ်ခုကို ထုတ်ပြီးနောက် လီယွင်၏ ရှေ့သို့ ချလိုက်၏။

"ဒီလက်နက်နှစ်ခုက မြေအင်မော်တယ်လောကရဲ့အပြင်ဘက်မှာ ရောရု၀ ပြည်နဲ့ တိုက်ခိုက်တုန်းက ရခဲ့တဲ့လက်နက်တွေပါပဲ။ ဒီပစ္စည်းတွေကို ဘယ်လိုအခွင့်အရေးနဲ့ လဲလို့ရမလဲဆိုတာ သေချာမသိပါဘူး။ ရောရု၀ပြည်ထဲကို ၀င်နိုင်မဲ့အခွင့်အရေးနဲ့ လဲလှယ်နိုင်မယ်ဆိုရင် အကောင်းဆုံးပါပဲ။"

"သြော်"

လီယွင်သည် မျက်ခုံးကိုပင့်လိုက်၏။ တိုက်ပွဲပြီးသည့်နောက် တိုင်ချူးသည် တစ်စုံတစ်ခုကို ရရှိခဲ့၏။ အနည်းဆုံး ၎င်းသည် လက်နက်နှစ်ခုကို လုယူနိုင်ခဲ့၏။ အင်မော်တယ်အဆင့် လက်နက်ဖြစ်ပြီး တန်ဖိုးသည် တကယ်ကိုကြီးလွန်းလှ၏။ ထို့အပြင် လီယွင်၏ မျက်လုံးထဲတွင် ရောရု၀ပြည်ဆိုသည်မှာ မည်သည့် လျှို့၀ှက်ချက်မှ မရှိချေ။ နတ်ဘုရား အသိအမြင်တစ်ခုကို ဝေ့ကြည့်လိုက်သည်ဆိုရုံဖြင့် စနစ်၏ အကူအညီနှင့် သူ အရာအားလုံးကို သိရှိနိုင်စွမ်းရှိနေသည်။ ထို့ကြောင့် ကောင်းကင်လျှို့ဝှက်အမှတ် ကုန်ကျစရိတ်သည် များများစားစား ကြီးမားသည်မဟုတ်ပေ။

"အင်း … ဒီလောက်ဆိုရင်တော့ လုံလောက်လုနီးပါးပါပဲ။ "

လီယွင်သည် အပိုစကားများကို မပြောဆိုတော့ပေ။ ထိုစကားကို ကြားသည့်အချိန်မှာတော့ တိုင်ချူးနှင့် ထာ၀ရ အစစ်အမှန်အင်မော်တယ်တို့သည် အကြည့်ချင်း ဆုံသွားကြသည်။ သူတို့၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်လာခဲ့၏။

"ဒါက ရောရု၀ပြည်ရဲ့မြေပုံတစ်ခုပဲ။ ရောရု၀ပြည်ရဲ့ တောင်အကာအကွယ် အစီအရင်ကို ဘယ်လိုချိုးဖျက်ရမယ်ဆိုတဲ့ နည်းလမ်း ဒီမှာရှိတယ်။ ခင်ဗျားတို့ ၀င်သွားလို့ရတယ်။ "

လီယွင်သည် ကျောက်စိမ်းနှစ်ခုကို ထုတ်ယူကာဖြင့် ထာ၀ရအစစ်အမှန်အင်မော်တယ်နှင့် တိုင်ချူးတို့ ဆီ ပစ်ပေးလိုက်သည်။ ခဏလောက် စဥ်းစားပြီးနောက် လီယွင်သည် နောက်ထပ် ကျောက်စိမ်းပြားနှစ်ခုကို ထုတ်ယူကာဖြင့် အစစ်အမှန်အင်မော်တယ်၏ လက်ထဲသို့ထည့်ပေးလိုက်၏။

"ဒါကတော့ ခင်ဗျားရဲ့ အော်ရာကိုဖိနှိပ်ထားနိုင်တဲ့ နည်းလမ်းပဲ။ ဘယ်လိုနည်းစနစ် ဘယ်လို နတ်ဘုရား အသိအမြင်နဲ့မှ ခင်ဗျားကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး။ အင်မော်တယ်ဘုရင် တစ်ယောက်မဟုတ်ဘူး ဆိုရင် ဘယ်သူမှ ခင်ဗျားကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး။ "

"ဒါက …"

ထာ၀ရအစစ်မှန်အင်မော်တယ်သည် လှမ်းကာ ကြည့်ရှုရင်း မယုံနိုင်အောင် တုန်လှုပ်သွားခဲ့၏။ ဤနည်းစနစ်၏တန်ဖိုးသည် တကယ့်ကိုကြီးမားကြောင်း သံသယရှိစရာမလိုပေ။ ထုတ်ဖော်ခဲ့သည့် အရင်းအမြစ်၏ တန်ဖိုးကကြီးမားလေ ရရှိနိုင်မည့်အရာက ကြီးမားလေဖြစ်၏။ ထို့အပြင် ဤအရာသည် မည်သည့်နည်းစနစ်နှင့်မှ အဖြေရှာ၍မရသည့် အော်ရာဖိနှိပ်ခြင်း နည်းစနစ် ဖြစ်သည်။

"စီနီယာ တကယ့်ကိုကြင်နာမှုပါပဲ။ "

ထာ၀ရအစစ်အမှန်အင်မော်တယ်သည် ကျေးဇူးတင်စကားကို သေသေချာချာ ပြောဆိုရန် ပြင်လိုက်သည်။ သို့ပေမဲ့ လီယွင်သည် လက်ကိုအသာမြှောက်ကာ တားဆီးလိုက်၏။

"အရမ်းကြီး ကျေးဇူးတင်မနေနဲ့အုံး။ ဒီနည်းစနစ်က ခင်ဗျားသုံးဖို့ ခဏငှားလိုက်တာ။ အပိုင်ပေးတာ မဟုတ်ဘူး။ အချိန်အတိုင်းအတာက သုံးလပဲ။"

လီယွင်သည် လက်သုံးချောင်းကို ထောင်ကာ ဆက်ပြောလိုက်သည်။

"သုံးလပြည့်ပြီးတဲ့နောက်မှာ ခင်ဗျားရဲ့စိတ်ထဲမှာရှိတဲ့ ဒီနည်းစနစ်နဲ့ပတ်သက်တဲ့ မှတ်ဥာဏ်တွေ အကုန်လုံး ပျက်သွားလိမ့်မယ်။ ဒီနည်းစနစ်ကို ခင်ဗျားထာ၀ရ လိုချင်တယ်ဆိုရင် သင့်တော်တဲ့ အရင်းအမြစ်တစ်ခုခုနဲ့ လာပြီးလဲပေါ့။"

"သုံးလ ဟုတ်လား"

ထာ၀ရအစစ်အမှန်အင်မော်တယ်နှင့် တိုင်ချူးသည် အကြည့်ချင်းဆုံသွားမိကြ၏။ ၄င်းတို့၏ မျက်လုံးထဲတွင် အံ့အားသင့်သည့် အရိပ်အယောင်များနှင့် ပြည့်နှက်သွားသည်။ တန်ဖိုးကြီးသည့် နည်းစနစ်ကို ရရှိခဲ့သည်။ သို့ပေမဲ့ အလကားရရှိခြင်း မဟုတ်ပေ။ ကောင်းကင်လျှို့၀ှက် နန်းဆောင်သခင်က လက်ဆောင်ပေးထားခြင်းဖြစ်၏။ ထိုလက်ဆောင်သည် အကန့်အသတ် ရှိနေ၏။ သုံးလမျှသာ။

နောက်ဆုံးကျောက်စိမ်းပြားကို ပေးအပ်ပြီးနောက် လီယွင်သည် လက်ကိုယမ်းခါကာ ၄င်းတို့ကို ထွက်သွားရန် အရိပ်အယောင်ပြလိုက်၏။ တိုင်ချူး နှင့် ထာ၀ရ အစစ်အမှန်အင်မော်တယ်တို့ သည် ဤ တစ်ကြိမ်တော်တော်များများ ရရှိခဲ့ကြောင်း လီယွင်က သိရှိ၏။ ၎င်းတို့ သေဆုံးသွားမည် ဆိုပါက ကြိုးစားထားသမျှ သဲထဲရေသွန် ဖြစ်ပေလိမ့်မည်။ ၎င်းတို့ ပြန်လာနိုင်မှသာ အရင်းအမြစ်များ ပါလာမှ ဖြစ်သည်။

ရောရုဝပြည်သည် အလကားနေ အလကား သူ့ဆီသို့ အရင်းအမြစ်များ လာပေးလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် အရင်းအမြစ် ပေးအပ်မည့် သူများလက်ထဲသို့ နည်းစနစ် ပေးလိုက်ခြင်းဖြစ်၏။

"ကျုပ်သွားလိုက်ပါအုံးမယ်။"

တိုင်ချူးနှင့် ထာ၀ရ အစစ်အမှန်အင်မော်တယ်တို့သည် တစ်ယောက်နှင့် တစ်ယောက် ကြည့်ရှုပြီးနောက် အသာဦးညွတ်ကာ ထွက်ခွာသွားကြသည်။

ကောင်းကင်လျှို့၀ှက်နန်းဆောင်တွင်းမှ ထွက်ခွာလိုက်ချိန်မှာတော့ အပြင်ဘက်တွင် လူပေါင်းများစွာ စောင့်စားလျက်ရှိနေကြောင်း မြင်လိုက်ရ၏။ ထိုလူများသည် မြေအင်မော်တယ်လောကနှင့် ကောင်းကင်မူလလောကကြီးဆီမှ လောကသားများဖြစ်၏။ တော်တော်များများတို့၏ မျက်နှာများကို သူတို့ ရင်းနှီးနေ၏။သို့ပေမဲ့ သူတို့သည် များများစားစားတွေးတောမနေတော့ချေ။

လက်ရှိ နက်နဲအလင်းလောကကြီးနှင့် ပေါင်းစပ်မှုသည် တကယ့်ကို အုတ်အော်သောင်းနင်း ဖြစ်စေခဲ့၏။ များပြားလှသည့် လောကအသီးသီးကိုပင် သက်ရောက်စေခဲ့၏။ ဤကျင့်ကြံသူများသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ရန်သူတစ်ယောက်နှင့် ရင်ဆိုင်ရတော့မည် ဖြစ်ကြောင်းကို နားလည်ခဲ့ကြ၏။ ထို့ကြောင့်ပင်လျှင် ရောရုဝပြည်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို လာရောက်ကာ ဝယ်ယူခြင်းပင် ဖြစ်၏။

များပြားလှသည့် ကျင့်ကြံသူများသည် ၎င်းတို့၏ အသက်ရှင်ရန် အခွင့်အလမ်း ပိုမိုတိုးပွားလာစေရန် အတွက် သတင်းအချက်အလက်များ ဝယ်ယူရန် လိုအပ်ကြောင်း သိရှိကြ၏။ သတင်း အချက်အလက်များ မရှိသည်ဆိုပါက မည်ကဲ့သို့ သေဆုံးသွားမည် ဆိုသည်ကိုပင် သိရှိနိုင်လိမ့်မည် မဟုတ်ချေ။

“အင်း... အခွင့်အရေးကောင်းပဲ”

တိုင်ချူးနှင့် တခြားသူများ ထွက်ခွာလာသည်ကို မြင်ရသည့် အချိန်မှာတော့ လူအုပ်ထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့၏ မျက်နှာများသည် ဝင်းလက် တောက်ပသွားခဲ့ကြ၏။ သူတို့သည် အချိန်အတော်ကြာ စောင့်စားနေခြင်းဖြစ်သည်။

ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲမှ တစ်စုံတစ်ယောက်သည် တကယ်ပဲ ထွက်ခွာလာခဲ့၏။ ယခု သူတို့၏ အခွင့်အရေး ရောက်ရှိလာခဲ့လေပြီလား။ သို့ပေမဲ့ သူတို့အားလုံး လှုပ်ပင် မလှုပ်ရှားရသေးချေ။ အလင်းတန်း တစ်ခုသည် ၎င်းတို့ကို ကျော်ဖြတ်ကာဖြင့် အထဲသို့ ဝင်ရောက်သွားခဲ့၏။

အမြန်နှုန်းသည် သာမန်ထက် ပိုလွန်းပြီး သာမန်ကျင့်ကြံသူများ၏ နားလည်မှုထက် သာလွန်လျက် ရှိနေ၏။ တော်ဝင်အင်ပါယာများပင်လျှင် ထိုသူကို သေသေချာချာ မြင်ရရန် ခက်ခဲခဲ့သည်။

“ဘာတုန်းဟ”

အားလုံးသော သူတို့က ကြောင်အသွားခဲ့ကြ၏။ မည်သူဖြစ်သနည်း။ အဘယ်ကြောင့် ဤမျှ လှုပ်ရှားမှုက မြန်ဆန်ရသနည်း။

“ဒါက ဟန်ကြွယ်လား”

ထာဝရ အစစ်အမှန် အင်မော်တယ်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်သွားသော သူကို အသာလှမ်းကြည့်လိုက်၏။ သူ၏ မျက်လုံးထဲတွင် အတွေးနက်သည့် အမူအရာများ ဖြစ်တည်လာခဲ့၏။ တခြားသူများသည် ယခုဝင်သွားသည့်လူကို သတိပြုမိချင်မှ ပြုမိပေလိမ့်မည်။ သို့ပေမဲ့ သူကတော့ သတိပြုမိခဲ့၏။ မြေအင်မော်တယ်လောက ဟန်ကလန်မှ ဖြစ်ပြီး သူ၏ ကိုယ်ပွားများထဲမှ တစ်ယောက် နှင့် ချိတ်ဆက်နေသည့် လူပင်။

ဟန်ကြွယ်သည် ဟန်ကလန်၏ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး တော်ဝင်အင်ပါယာ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေ၏။ အစစ်အမှန် အင်မော်တယ်အဆင့်နှင့် မဝေးတော့သည့် အခြေအနေဆီသို့ ရောက်ရှိနေသည့် ကျင့်ကြံသူလည်းဖြစ်၏။ သို့ပေမဲ့ သူသိသလောက်ဆိုလျှင် ဟန်ကလန်၏ ဘိုးဘေးတည်နေရာ တစ်ခုလုံးသည် ရောရုဝပြည်၏ သိမ်းပိုက်ခြင်းကို အလုံးစုံ ခံထားရ၏။

မြေအင်မော်တယ်လောက၏ အစွန်တည်နေရာတွင် တည်ရှိနေသောကြောင့် ၎င်းတို့သည် အရင်ဦးဆုံး သက်ရောက်ခြင်းကို ခံခဲ့ရခြင်းပင်။ ရောရုဝပြည်၏ စွမ်းအင်အဆင့်အရဆိုလျှင် တော်ဝင်အင်ပါယာ တစ်ယောက် အနေနှင့် မည်ကဲ့သို့ လွတ်မြောက်လာခဲ့ရသနည်း။

“အင်း... ငါ အတွေးလွန်နေတာ ဖြစ်ပါစေလို့ မျှော်လင့်မိတယ်” ထာဝရ အစစ်အမှန် အင်မော်တယ်သည် ချက်ချင်း ဆိုသလိုပဲ ကိစ္စတော်တော်များများကို တွေးမိ၏။ သို့ပေမဲ့ ချက်ချင်းဆိုသလိုပဲ ခေါင်းကို ခါယမ်းကာဖြင့် သူ၏ မလျော်ညီသည့် အတွေးများ အားလုံးကို ဖယ်ရှားလိုက်မိ၏။

“စီနီယာ... ရောရုဝပြည်က တကယ့်ကို အန္တရာယ်များတယ်။ ခန့်မှန်းလို့လည်း မရနိုင်ဘူး။ ဂျူနီယာအနေနဲ့ စီနီယာနဲ့ လိုက်ပြီးတော့ အထောက်အပံ့ ပေးချင်ပါတယ်။ စီနီယာ စိတ်မရှိဘူးလို့ မျှော်လင့်မိပါတယ်” သတိပြန်ဝင်လာပြီးသည့်နောက် ထာဝရ အစစ်အမှန် အင်မော်တယ်သည် တိုင်ချူးဘက်သို့ လှည့်ကာဖြင့် လေးလေးစားစား ဦးညွတ်လိုက်သည်။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲမှာ ခင်ဗျားက သက်ဆိုင်တဲ့ ပမာဏကို ပေးခဲ့ပြီးပြီလေ။ ဒီတော့ ရောရုဝပြည်ကို သွားချင်တယ်ဆိုမှတော့ ကျုပ် တားဆီးမှာ မဟုတ်ပါဘူး” တိုင်ချူးက ပြန်လည်ကာ ပြောဆိုလိုက်၏။ တစ်ဖက်လူ သွားချင်သည် ဆိုပါက သူ့အနေနှင့် တားဆီးရန် အကြောင်းအရင်း မရှိချေ။ အထူးသဖြင့် ထာဝရ အစစ်အမှန် အင်မော်တယ်သည် သူနှင့်အတူ များပြားလှသည့် ထောက်ပံ့မှုများကို ပြုလုပ်ခဲ့သူ တစ်ယောက်ဖြစ်၏။

“ဒီလိုဆိုမှတော့ ကျုပ်တို့ ရောရုဝပြည်ကို ဘာလို့ မသွားရမှာလဲ” ထာဝရ အစစ်အမှန် အင်မော်တယ်က ဆော်ဩလိုက်သည်။

“ကောင်းတာပေါ့” တိုင်ချူးက ပြောဆိုလိုက်၏။ ထိုစကားကို ပြောဆိုပြီးပြီးချင်းမှာပဲ ထိုနှစ်ယောက်တို့သည် တော်ဝင်သဲကန္တာရမြို့ဆီမှ ပျောက်ကွယ်သွားခဲ့ကြ၏။

All Chapters