အပိုင်း (၅၄၇)
Vol. 37 Ch. 547
ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အတွင်းမှာတော့ ဟန်ကြွယ်သည် အထဲသို့ လျှောက်ဝင်သွားခဲ့၏။ အထဲသို့ ဝင်ပြီးပြီးချင်းမှာပဲ တခြားသော လောကအသစ်တစ်ခုထဲသို့ ရောက်ရှိသွားသလို ခံစားနေမိ၏။ တာအို၏ နိယာမ များသည် တည်နေရာအတွင်း ရစ်သိုင်းလျက် ရှိနေပြီး အင်မော်တယ်အော်ရာများသည် လေထုထဲတွင် ပြည့်နှက်နေ၏။ သူ့အနေနှင့် တကယ့်ကို ဒဏ္ဍာရီလာ နတ်ဘုံနတ်နန်းထဲသို့ ရောက်ရှိသွားသလိုပင် ခံစားနေမိ၏။
ထိုအရာများ၏ အလယ်တွင် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် အသာထိုင်လျက် ရှိနေ၏။ ၎င်း၏ ကျောက်စိမ်းကဲ့သို့ ထင်ရှားပြီး သေသပ်လှသော မျက်နှာသွင်ပြင်သည် အထင်းသား ပေါ်ပေါက်နေ၏။ ၎င်းသည် လက်ဖက်ရည်ခွက်ကို အသာကိုင်ကာဖြင့် အတွေးနက်နေပုံလည်း ပေါ်သည်။
လီယွင်၏ အကြည့်ကို မြင်ရသည့် အချိန်မှာတော့ ဟန်ကြွယ်သည် ချက်ချင်းဆိုသလိုပဲ တွန့်ကနဲ ဖြစ်သွားမိ၏။ အသာဦးညွတ်ကာဖြင့် ဂါရဝပြုလိုက်၏။ “ဂျူနီယာ ဟန်ကြွယ်က စီနီယာကို လာပြီးတော့ ဂါရဝပြုပါတယ်”
လက်ရှိအခြေအနေမှာတော့ သူသည် အဆင်မပြေသလို ခံစားနေမိ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ ဂုဏ်သိက္ခာအကြောင်းကို ဟန်ကြွယ်က ကောင်းကောင်းသိ၏။ သို့ပေမဲ့ ဤလူကို မျက်နှာချင်းဆိုင် မြင်ရသည့် အချိန်မှာတော့ သာမန်ထက် ပိုလွန်းလှသည့် လူတစ်ယောက်ဖြစ်ကြောင်း နားလည်လိုက်မိ၏။ မျက်လုံးအကြည့်များကပင်လျှင် သူ၏ ဝိညာဉ်ကို ထိုးဖောက်ကာ ကြည့်ရှုနေသကဲ့သို့ပင်။
ဤကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ရောရုဝပြည်နှင့် ပတ်သက်သော သူ၏ ရည်ရွယ်ချက်ကို အထင်းသား မြင်နေသည့်ပုံ ပေါ်၏။ သို့ပေမဲ့ တစ်စက္ကန့်လောက် တွေးပြီးသည့်နောက် ကောင်းကင် လျှို့ဝှက်နန်းဆောင်သခင်ကဲ့သို့ ကြီးမားသည့် ဂုဏ်သိက္ခာ နှင့် ခန့်မှန်း၍ မရအောင် အားကောင်းသော အားအင်အဆင့်ကို ပိုင်ဆိုင်သူ တစ်ယောက်အနေနှင့် သူ့ကဲ့သို့ တော်ဝင်အင်ပါယာလေး တစ်ယောက်၏ အရေး ကိစ္စများကို စိတ်ဝင်စားနေလိမ့်မည် မဟုတ်ချေ။
လက်ရှိအခြေအနေတွင် အစစ်အမှန် အင်မော်တယ်နှင့် အန္တိမ ကျင့်ကြံသူများသည် နှိုင်းယှဉ်၍ မရနိုင်သည့် အားအကောင်းဆုံး ကျင့်ကြံသူများအဖြစ် သတ်မှတ်ရမှာဖြစ်ပြီး တော်ဝင်အင်ပါယာများမှာတော့ ထိုအားကောင်း လှပါသည်ဆိုသော စာရင်းထဲတွင် မပါဝင်ပေ။
ဟန်ကြွယ်၏ ဟန်ကလန်သည် ကောင်းကင်မူလလောကကြီးထဲတွင် ကျယ်ကျယ်ပြန့်ပြန့်နှင့် နာမည်ကျော်ကြား သည့် အရာမျိုး မဟုတ်ချေ။ ထို့ကြောင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်အနေနှင့် သူ၏ နောက်ခံကို တွက်ချက်ဖို့ စိတ်ပါဝင်စားမှု ရှိနေလိမ့်မည် မဟုတ်ကြောင်း သူက စဉ်းစားမိ၏။
ထိုကဲ့သို့ တွေးတောပြီးသည့်နောက် ဟန်ကြွယ်သည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။ သူ့အနေနှင့် အားလုံးသော သူတို့ကို လိမ်ညာလှည့်ဖျားနိုင်သည် ဆိုပါက ကျိန်းသေပေါက် သူ၏တာဝန် ပြည့်စုံပြီ ဖြစ်သည်။
နိရယအင်ပါယာ မည်သည့်နေရာတွင် ရှိသည်ဆိုသော အရာသည် သူ့အတွက် အောင်မြင်မှု တစ်ခုပင် ဖြစ်၏။ ထိုအရာသည် အနာဂတ် ဟန်ကြွယ်၏ မသေမျိုးလမ်းစဉ် လျှောက်လှမ်းရာ၌ အထောက်အပံ့ ဖြစ်လာပေ လိမ့်မည်။
“ဟန်ကြွယ်လား” ခဏလောက် စောင့်ဆိုင်းပြီးသည့်နောက် လီယွင်သည် ပြန်လည်ကာ တုံ့ပြန်လိုက်၏။
ထိုစကားသံသည် ဟန်ကြွယ်၏ စိတ်နှလုံးသား တစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။
“တော်ဝင်အင်ပါယာ တစ်ယောက် အနေနဲ့ ခင်ဗျားလာတဲ့နှုန်းက မနှေးဘူးပဲ။ ထာဝရ အစစ်အမှန် အင်မော်တယ် ထွက်ထွက်ချင်း ဒီကိုဝင်လာနိုင်တယ်။ ကြည့်ရတာ ခင်ဗျား ပျံသန်းခြင်း နည်းစနစ် တစ်ခုခုကို သေသေချာချာ အားစိုက်ထုတ်ပြီးတော့ အသုံးပြုခဲ့ပုံပဲ” လီယွင်သည် ပိုမိုလေးနက်လှသည့် အဓိပ္ပာယ်တစ်ခု ပါဝင်သော စကားလုံးတို့ကို ပြုံးကာ ပြောဆိုလိုက်၏။
“ဒါက” ဟန်ကြွယ်သည် တစ်ကိုယ်လုံး တုန်ယင်သွားမိ၏။ သူ့အနေနှင့် ကောင်းကင်မူလလောကကြီးထဲသို့ မြန်မြန်ဆန်ဆန် ရောက်ရှိလာခဲ့ခြင်းမှာ ရောရုဝပြည်မှ သူ့အတွက် ရင်းနှီးမြှုပ်နှံမှုများ ပေးအပ်ခဲ့ခြင်းကြောင့်ပင်။ ထို့ကြောင့် သူသည် ကောင်းကင်မူလလောကကြီး နယ်စပ်တည်နေရာမှသည် ဤနေရာဆီသို့ မြန်မြန်ဆန်ဆန်ဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်၏။ သူ့ဘာသူသာ ပျံသန်းလာမည် ဆိုပါက ကျိန်းသေပေါက် နှစ်ဝက်နီးပါးခန့် ကြာမြင့်မှာ သေချာ၏။ ထာဝရ အစစ်အမှန် အင်မော်တယ်ထက် နှေးကွေးမည် ဆိုသည်မှာ ယုံမှားသံသယ ရှိစရာ မလိုအပ်ချေ။
ထို့အပြင် သူသည် လမ်းခရီးတွင် ဤနေရာသို့ တစ်ခါတည်း ရောက်ရှိလာခဲ့ခြင်း မဟုတ်ချေ။ သေသေချာချာ စနည်းနာပြီးမှ လာခဲ့ခြင်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လီယွင်သည် ရောရုဝပြည်မှ အန္တိမ ကျင့်ကြံသူ သုံးယောက် ကို သတ်ဖြတ်ခဲ့သည် ဆိုသည့်အကြောင်းကို သိရှိထားသောကြောင့်ပင်။
“အားလုံးက စီနီယာရဲ့ မျက်စိအောက်က မလွတ်မြောက်နိုင်ပါဘူး။ ကျုပ်က တိုက်ခိုက်မှု နည်းစနစ်တွေမှာ အသိအမှတ်ပြုရလောက်အောင် မဟုတ်ပေမဲ့ ပျံသန်းမှု နည်းစနစ်မှာတော့ တကယ့်ကို ကျွမ်းကျင်ပါတယ်” ဟန်ကြွယ်သည် အားတင်းပြုံးကာဖြင့် ပြန်လည်ပြောဆိုလိုက်၏။
“ဟား ဟား ဟား”
လီယွင်က ရယ်မောလိုက်၏။ သို့ပေမဲ့ သူသည် အစစ်အမှန်ကို ထုတ်ဖော်ကာ မပြောခဲ့ချေ။ “ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီကို ဘာတွေယူလာတာလဲ။ ဟန်ကလန်အတွက် လက်စားချေချင်တာလား”
ဤစကားစုသည် သေသေချာချာ ဦးတည်ကာ ပြောဆိုခဲ့ခြင်းပင် ဖြစ်၏။ ဟန်ကလန်သည် မြေအင်မော်တယ်လောကကြီး၏ နယ်စပ်တည်နေရာတွင် တည်ရှိနေပြီး ရောရုဝပြည်၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနှင့်နေပြီ ဖြစ်၏။ ဟန်ကြွယ်သည် ရောရုဝပြည်၏ နောက်လိုက်အဖြစ် ပြောင်းလဲသွားခဲ့လေပြီ။ လီယွင်အနေနှင့် ထိုအရာကို နားလည်သည်။ ဟန်ကြွယ်သည်သာ လက်စားချေချင်သည်ဆိုပါက သူ့အနေနှင့် ကျိန်းသေပေါက် တစ်ဖက်လူကို ကူညီပေးရန် စဉ်းစားထား၏။
“အဟမ်း အဟမ်း”
ဟန်ကြွယ်သည် အသာချောင်းဟမ့်ပြီးသည့်နောက် သူ၏ ရှက်ရွံ့မှုကို ဖုံးကွယ်လိုက်၏။ ဤတစ်ကြိမ် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ လာသည်မှာ နိရယအင်ပါယာ မည်သည့်နေရာတွင် ရှိသည် ဆိုခြင်းကို လာရောက်စုံစမ်းခြင်းသာလျှင်ဖြစ်သည်။
ရောရုဝပြည်၏ အဖွဲ့ဝင်တစ်ယောက်ဆိုသည့် ဂုဏ်သိက္ခာကို ထုတ်ဖော်ကာ အသုံးမပြုခြင်း ဆိုသည်မှာ သူ့၌ အကြံအစည်တစ်ခု ရှိနေသောကြောင့်ပင်။ လက်စားချေဖို့ ဆိုသည်မှာ ကျိန်းသေပေါက် ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။ သူသည် နိရယအင်ပါယာကိုသာလျှင် စိတ်ဝင်စား၏။ ထို့အပြင် နှစ်ဖက်လုံးသည် ငရဲလောကမှ ပိုင်ဆိုင်သည့် လူများသာလျှင်ဖြစ်၏။ တစ်ဖက်လူ ပိုင်ဆိုင်ထားသည့် နောက်ခံကိုသာ ရရှိသည်ဆိုပါက ကျိန်းသေပေါက် ကောင်းမွန်သည့် အကျိုးအမြတ်ကို ရရှိပေလိမ့်မည်။
“စီနီယာကို အရိုးသားဆုံး ပြောရမယ်ဆိုရင် ဂျူနီယာ ဒီတစ်ကြိမ် လာခဲ့တာ လက်စားချေဖို့ မဟုတ်ပါဘူး” ဟန်ကြွယ်က ပြောဆိုလိုက်၏။ ပြောနေတုန်းမှာပဲ ဟန်ကြွယ်သည် ဝမ်းနည်းသည့် အမူအရာကို ထုတ်ဖော် ပြသလျက် ရှိနေ၏။ ဟန်ကလန်သား တစ်ယောက်အနေနှင့် ရောရုဝပြည်၏ အုပ်ချုပ်မှုအောက်ကို ရောက်နေခြင်း ဆိုသည်မှာ ကျိန်းသေပေါက် နစ်နာမှုပင် ဖြစ်၏။
“ဒါပေမဲ့ ကျုပ်ရဲ့ အကန့်အသတ် အားအင်အဆင့်ကြောင့် ရောရုဝပြည်ကို ယှဉ်ပြိုင်လို့ မရပါဘူး။ အဲတော့ ကိုယ့်ကိုယ်ကိုယ် သေလမ်းဆီပို့မယ့်အစား စွမ်းအားမြင့် ကျင့်ကြံသူတွေရဲ့ အကူအညီကို ရှာဖွေခြင်းက ပိုပြီးတော့ ကောင်းမွန်မယ်လို့ စဉ်းစားခဲ့တယ်။ စီနီယာသာ ကူညီချင်တယ်ဆိုရင် ကျုပ် ဟန်ကလန်ရဲ့ အရင်းအမြစ်တွေ အားလုံးကို ပေးအပ်ဖို့ လိုလိုချင်ချင် စိတ်ဆန္ဒ ရှိပါတယ်”
“ဟမ်”
လီယွင်သည် ဘေးတစ်ဖက်ဆီသို့ အသာလှမ်းကြည့်လိုက်၏။ သူသည် ရယ်ချင်စိတ်ကိုပင် မနည်းထိန်းနေရသည်။
ဟန်ကလန် အနေနှင့် မည်ကဲ့သို့သော အရင်းအမြစ်များကို ပေးအပ်မည်နည်း။ ကျိန်းသေပေါက် ချင်ကလန်နှင့် နှိုင်းယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။ ၎င်း၏ မိသားစုနောက်ခံသည် အကူအညီ ဖြစ်စေနိုင်သည့် အရင်းအမြစ်များကို ပိုင်ဆိုင်လိမ့်မည် မဟုတ်ချေ။
“အင်း.. ကျုပ် မလိုအပ်တဲ့ ကိစ္စတွေကို ဝင်ပြီးပြောဆိုနေမှာ မဟုတ်ဘူး။ ဒီတော့ နောက်တစ်ခု ထပ်ပြော ....” လီယွင်က အသာပြောလိုက်၏။
ထိုစကားကို ပြောလိုက်သည့် အချိန်မှာပဲ ဟန်ကြွယ်သည် ပျော်ရွှင်မှုကို ခံစားလိုက်မိ၏။ ထိုအရာအားလုံးသည် သူ တွေးထင်ထားသကဲ့သို့ပင်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည်သာ ပါဝင်ပတ်သက်ပြီး မလုပ်ပါက သူ၏ နောက်ထပ် လှမ်းရမည့် ခြေလှမ်းများသည် ပိုမိုကာ လွယ်ကူလာပေလိမ့်မည်။
“စီနီယာ... ရောရုဝပြည်ရဲ့ အားအင်အဆင့်က ခန့်မှန်းလို့ မရနိုင်ဘူး။ ဘယ်သူမှလည်း သူတို့ကို ယှဉ်ပြိုင်လို့ရမှာ မဟုတ်ဘူး။ သိချင်တာ နိရယအင်ပါယာနဲ့ လက်ရှိ ရောရုဝအရှင်ကြားမှာ ဆက်သွယ်မှု တည်ရှိနေတာလား” ဟန်ကြွယ်သည် တီးတိုးမေးမြန်းလိုက်၏။ လီယွင်၏ အရှေ့ဆီသို့ အစစ်အမှန် အင်မော်တယ် အဆင့် ပစ္စည်းတစ်ခုကို ထုတ်ဖော်ကာ ပေးလိုက်သည်။
“သာမန် ဟန်ကလန်အနေနှင့် အစစ်အမှန် အင်မော်တယ် အဆင့် ရတနာ ရှိနေလိမ့်မယ် မထင်မိဘူး။ ဒါပေမဲ့ ခင်ဗျားက အစစ်အမှန် အင်မော်တယ်အဆင့် ပစ္စည်းတစ်ခုကို ထုတ်ဖော်လိုက်တယ်ဆိုတော့ စိတ်ဝင်စားစရာပဲ” လီယွင်သည် လေးနက်သည့် အဓိပ္ပာယ်ပါဝင်သည့် စကားလုံးကို ပြောဆိုလိုက်၏။
ဤစကားစုသည် ဟန်ကြွယ်၏ နှလုံးသား တစ်ခုလုံးကို အေးခဲသွားစေခဲ့၏။ အရာအားလုံးကို ထိုးထွင်းကာ သိရှိ သွားသလို ခံစားနေမိ၏။ သူသည် ဤကဲသို့ အမှုမဲ့ အမှတ်မဲ့ ပြုလုပ်မိသည့် မိမိကိုယ်ကိုယ် စိတ်ထဲ၌ ဆဲဆိုမိလျက် ရှိနေသည်။ သို့ပေမဲ့ သူပြန်၍ မတုံ့ပြန်ခင်မှာပဲ လီယွင်က ထပ်မံကာ ပြောဆိုလိုက်သည်။
“ဒီပစ္စည်းတွေရဲ့ မူလအရင်းအမြစ်က ဘယ်နေရာကလည်း ဆိုတာ အရေးမကြီးဘူး။ ခင်ဗျားက ဒီဟာကို ထုတ်ဖော်လာပြီ ဆိုမှတော့ ကျုပ်ပိုင်ဆိုင်သင့်တဲ့ အရာပဲပေါ့”
လီယွင်က ထူးမခြားနားသလို ပြောဆိုလိုက်၏။ ပြီးနောက် ပစ္စည်းများ အားလုံးကို သိမ်းဆည်းလိုက်၏။ “ခင်ဗျား ခန့်မှန်းထားတဲ့ အတိုင်းပဲ နိရယပြည်ရဲ့အင်ပါယာနဲ့ လက်ရှိ နက်နဲအလင်းလောကကြီးရဲ့ ရောရုဝအရှင်ရဲ့ကြားမှာ ဆက်သွယ်မှုတစ်ခု တည်ရှိရုံသာ မကဘူး။ တူညီတဲ့ မူလအရင်းအမြစ်ကနေ မျှဝေဖြစ်တည်လာခဲ့တာပဲ။ သူတို့ နှစ်ယောက်လုံးက မတူညီတဲ့ အရင်းအမြစ်တွေ တည်ရှိပြီးတော့ မတူညီတဲ့ အတွေးအမြင်တွေ ပိုင်ဆိုင်ကြတယ်။”
“ကျုပ် နားလည်ပါပြီ”
ဟန်ကြွယ်သည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။ လက်ရှိ နက်နဲအလင်း လောကကြီး၏ ရောရုဝပြည်သည် ခန့်မှန်း၍မရအောင် အားကောင်း၏။ ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်ကိုပင် သန့်စင်ဖန်တီးရန်အတွက် ကြိုးစားလျက် ရှိနေသည်။ ထိုသို့သန့်စင်ရာ၌ ထူးခြားသည့် အမွေအနှစ် ပစ္စည်းတချို့ လိုအပ်နေသည့်ပုံပေါ်သည်။
တခြားတစ်ဖက်က ကြည့်ရမည်ဆိုလျှင် နိရယအင်ပါယာသည် ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်ကို တုပ သန့်စင်ခဲ့ပြီးဖြစ်၏။ ရိုးရှင်းသည့် ပစ္စည်းတစ်ခု ဖြစ်သည်ဆိုလျှင်တောင်မှ အောင်အောင်မြင်မြင်နှင့် သန့်စင်နိုင်ခဲ့၏။ လိုအပ်နေသည်မှာ ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးလုံးသာလျှင်ဖြစ်သည်။ ထိုအရာနှစ်ခုကိုသာ ပေါင်းစပ်ပြီး ကိုင်ဆွဲနိုင်မည်ဆိုပါက အားအင်အဆင့်သည် ခန့်မှန်း၍ မရနိုင်အောင် တိုးတက်သွားမှာ သေချာ၏။
ကောင်းကင်မူလလောကဆီသို့ လာရသည့် ရည်ရွယ်ချက်ကို ပြန်လည်ကာ စဉ်းစားပြီးသည့်နောက် ဟန်ကြွယ်၏ နှလုံးသား တစ်ခုလုံးတွင် စိတ်အားတက်ကြွမှုများနှင့် တောက်ပလာခဲ့၏။ နက်နဲအလင်းလောကကြီး၏ ရောရုဝ အရှင်သည်သာ နိရယအင်ပါယာ၏ အမွေအနှစ်များကို ရရှိသည်ဆိုပါက ကျိန်းသေပေါက် ထိပ်ဆုံးအဆင့်သို့ ထိုးတက်သွားနိုင်၏။ ထိုသို့ဆိုလျှင် ကျိန်းသေပေါက် သူသည်လည်း ထိပ်ဆုံးအဆင့်သို့ ထိုးတက်သွားနိုင်သည်။
“စီနီယာ... ဒီနှစ်ခုက တူညီတဲ့ မူလအရင်းအမြစ်ကို မျှဝေထားတယ်ဆိုတော့ နိရယအင်ပါယာ ဆီမှာ နက်နဲလောကကြီးရဲ ရောရုဝအရှင်ကို တိုက်ခိုက်ဖို့ နည်းလမ်းရှိနေတာလား” ဟန်ကြွယ်သည် စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်၏။