← Chapters

အပိုင်း (၅၄၈)

Vol. 37 Ch. 548

အပိုင်း (၅၄၈)

Vol. 37 Ch. 548

“နည်းလမ်းလား”

လီယွင်က အသာရယ်မောလိုက်၏။ သူ့ကို ကြည့်ရှုရသည်မှာ ပေါ့ပေါ့ပါးပါး ရှိလှ၏။ သူသည် ဖြည်းညှင်းစွာဖြင့် ပြောဆိုလိုက်၏။ “နည်းလမ်းရှိလည်း သုံးမယ်မထင်ဘူး။ တူညီတဲ့ အရင်းအမြစ်ကနေ ပေါက်ဖွားလာကြတာမို့ တစ်ယောက်နဲ့တစ်ယောက် နောက်ခံတွေကို နားလည်နေမှာ သေချာတယ်။ နိရယ အင်ပါယာရဲ့ နည်းလမ်းတွေက နက်နဲအလင်းလောကကြီးရဲ့ ရောရုဝပြည်အပေါ် အနည်းငယ် ခြိမ်းခြောက်မှု ရှိကောင်း ရှိလိမ့်မယ်။ ဒါပေမဲ့ အရမ်းကြီး ကြီးမားတာမျိုးတော့ မဟုတ်ဘူး”

နိရယအင်ပါယာသည် အနည်းငယ် အားနည်းလျက် ရှိနေသောကြောင့် ဤအရာမှာ အစစ်အမှန်တရား ဖြစ်၏။ နိရယအင်ပါယာအနေနှင့် နက်နဲအလင်းလောကကြီး၏ ရောရုဝအရှင်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ချင်သည် ဆိုလျှင်တောင် အားအင်အဆင့်က ကွာခြားလျက် ရှိနေ၏။ နိရယ အင်ပါယာ တစ်သောင်းလောက် ရှိနေလျှင်တောင်မှ အန္တိမ ကျင့်ကြံသူတစ်ယောက်ကို ယှဉ်ပြိုင် တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။

ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်၏ အရိုးရှင်းဆုံးသော လက်နက်သည်လည်း လက်ရှိ အခြေအနေတွင် သက်ရောက်မှု ရှိလိမ့်မည် မဟုတ်ချေ။ ပြောရမည်ဆိုလျှင် နိရယ အင်ပါယာ၏ ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်သည် ငရဲလောက၏ မူလအရင်းအမြစ်ဆီမှ တုပ ပြုလုပ်ထားခြင်းဖြစ်သည်။ မူရင်းလက်နက်ကိုသာ ရရှိမည်ဆိုပါက ကျိန်းသေပေါက် အင်မော်တယ်ဘုရင်များ ပင်လျှင် ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

“ဒါဆိုရင် အရမ်းကောင်းတာပေါ့” ဟန်ကြွယ်သည် စိတ်လှုပ်ရှားစွာဖြင့် ထကာ အော်ဟစ်လိုက်မိ၏။

နိရယ အင်ပါယာ၏ ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်သည် လက်ရှိအချိန်၌ ရောရုဝအရှင်ကို ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ချေ။ ဤသတင်းအချက်အလက်ကိုသာ သူတို့ လိုချင်ခြင်းဖြစ်၏။ နိရယ အင်ပါယာ မည်သည့်နေရာတွင် နေထိုင်နေကြောင်း သိပါက သူ၏ တာဝန်သည် ကျိန်းသေပေါက် အောင်မြင်သွားပေလိမ့်မည်။

သို့ပေမဲ့ သူပြောပြောပြီးချင်းမှာပဲ လီယွင်၏ ဆန်းကြယ်သည့် အကြည့်နှင့် အကြည့်ချင်း ဆုံမိ၏။ ဟန်ကြွယ်သည် ရုတ်တရက် နားလည်လိုက်မိ၏။ နက်နဲအလင်းလောကကြီး ရောရုဝပြည်၏ ရန်သူ တစ်ယောက် အနေနှင့် လက်ရှိအခြေအနေ၌ ‘အရမ်းကောင်းတယ်’ ဆိုသော စကားလုံးကို ထကာ အော်ဟစ်လိုက်မိခြင်းသည် မသင့်တော်သည့် ကိစ္စဖြစ်၏။ ထို့ကြောင့် သူသည် အသာပြုံးကာဖြင့် ကြောင်အအ ပြောဆိုလိုက်၏။

“စီနီယာ... ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့။ ကျုပ်ဆိုလိုတာက နိရယ အင်ပါယာက နက်နဲအလင်းလောကကြီးရဲ့ ရောရုဝပြည်အပေါ် ခြိမ်းခြောက်နိုင်မှုတချို့ ရှိတယ်လို့ ခံစားမိတယ်။ ဒါကြောင့် အရမ်းကောင်းတယ်လို့ ထအော်လိုက်မိတာပါ”

“ဟားဟား”

လီယွင်သည် အသာရယ်မောလိုက်၏။ ပြီးနောက် ထူးမခြားနားသလို ပြောဆိုလိုက်သည်။ “ဒါပဲလား”

“ဟုတ်ပါတယ်” ဟန်ကြွယ်သည် အလျင်အမြန်ဖြင့် ထကာ ပြောဆိုလိုက်၏။ သက်ပြင်းကို အသာချပြီးနောက် သူ၏ မျက်နှာပေါ်တွင် ရှိနေသည့် စိတ်လှုပ်ရှားမှုများကို ဖုံးဖိလိုက်၏။

“အင်း.. နိရယ အင်ပါယာ အဆင့်တက်ဖို့ ကြိုးစားနေချိန်မှာ ထာဝရ အစစ်အမှန် အင်မော်တယ်နဲ့ တော်ဝင် အင်ပါယာ ပိုင်လီတို့ရဲ့ ပူးပေါင်းတိုက်ခိုက်ခြင်းကို ခံခဲ့ရတယ်။ ဒါကြောင့် သူမက ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့တာပဲ။ ကျုပ်တို့အနေနဲ့ နိရယအင်ပါယာကိုသာ ပြန်ပြီး ခေါ်လာနိုင်မယ်ဆိုရင် မြေအင်မော်တယ်လောကကြီး အတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်လိမ့်မယ်။ နက်နဲအလင်းလောကကြီးကိုတောင် ပြန်ပြီး တိုက်ခိုက်ကောင်း တိုက်ခိုက်နိုင်လိမ့်မယ်။”

“နိရယ အင်ပါယာ ဘယ်မှာရှိလဲဆိုတာ ရှာဖွေဖို့က မခက်ပါဘူး”

လီယွင်သည် လက်တစ်ဖက်ကို အသာဆန့်လိုက်၏။ ပြီးနောက် ရေနွေးအိုးကို အသာကောက်ယူကာဖြင့် ရေနွေးခွက်ထဲသို့ ရေနွေးအနည်းငယ် လောင်းထည့်လိုက်၏။ “တကယ်တမ်း စိန်ခေါ်မှုက နက်နဲအလင်း လောကကြီးကို တန်ပြန်တိုက်ခိုက်ဖို့ ခင်ဗျားရဲ့ အစီအစဉ် အောင်မြင်မလား၊ မအောင်မြင်ဘူးလား ဆိုတာပဲ”

“အခွင့်အရေး တစ်ခုသာ ရမယ်ဆိုရင် ဂျူနီယာအနေနဲ့ ဘယ်တော့မှ အဲအခွင့်အရေးကို လက်လွှတ်ပေးမှာ မဟုတ်ပါဘူး” ဟန်ကြွယ်သည် တိကျခိုင်မာစွာ ပြောဆိုလိုက်၏။ သူ၏ စကားသံသည် တည်နေရာတစ်ခုလုံး၌ ပဲတင့်ထပ်သွားခဲ့၏။ သူသည် မြေအင်မော်တယ်လောကတွင် ရှိနေသည့် လူပေါင်းများစွာတို့အတွက် အသက်ကိုပင် စတေးမည့် သူရဲကောင်း တစ်ယောက်ကဲ့သို့ပင် ထင်မှတ်မှားရသည်။

“စီနီယာကို အရိုးသားဆုံး ပြောရမယ်ဆိုရင် ဂျူနီယာ ဒီတစ်ကြိမ် ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို လာခဲ့တာ မြေအင်မော်တယ်လောကတစ်ခုလုံးရဲ့ မျှော်လင့်ချက်တွေကို ထမ်းပိုးပြီးတော့ လာရတာပါ။ များပြားလွန်းတဲ့ မိသားစုတွေက ဒီဂျူနီယာ လက်ထဲမှာရှိတဲ့ အရင်းအမြစ်တွေဖြစ်လာဖို့ ရင်းနှီးမြှုပ်နှံ ပေးခဲ့ကြတယ်။ သူတို့ကြောင့် ဂျူနီယာ ဒီလိုမျိုး ပေးအပ်နိုင်တာပါ။ သူတို့ သိချင်တဲ့ အကြောင်းအရာကတော့ နိရယ အင်ပါယာ ဘယ်နေရာမှာ ရှိလဲဆိုတာပါပဲ။ ရှာဖွေဖို့ သိသာရှင်းလင်းတဲ့ လမ်းစဉ်တစ်ခုကို စီနီယာဆီက မေးမြန်းချင်တာပါပဲ”

ဟန်ကြွယ်၏ နှလုံးခုန်သံများသည် မြန်ဆန်လျက် ရှိနေ၏။ သူသည် အင်မော်တယ် အဆင့် ပစ္စည်းတစ်ခုကို ထုတ်ဖော်ကာ ပေးအပ်နိုင်ခြင်းမှာ ထိုသူအားလုံး၏ ပစ္စည်းများကို စုပေါင်းထားခြင်း ဖြစ်ကြောင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ထို့အပြင် မြေအင်မော်တယ်လောကထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့၏ ယုံကြည်မှုကို ရရှိပြီး အားလုံးသောသူတို့အတွက် ကြီးမားသည့် တာဝန်ကို ပခုံးထက်၌ ထမ်းပိုးထားသူ ဖြစ်ကြောင်း စီနီယာ့ကို သိစေချင်ခြင်း ဖြစ်၏။

“နိရယ အင်ပါယာလား”

လီယွင်သည် အသာရယ်မောလိုက်၏။ ပြီးနောက် ရေနွေးခွက်ကို ကောက်ယူကာ တစ်ငုံ ငုံလိုက်သည်။ “မခက်ခဲပါဘူး။ ဒါပေမဲ့ ခင်ဗျား ဘယ်လောက် ပေးနိုင်မလဲဆိုတဲ့အပေါ် မူတည်တယ်”

“စီနီယာ... ဒီပစ္စည်းတွေက နိရယအင်ပါယာ ဘယ်မှာရှိလဲ ဆိုတာကို သိရှိဖို့အတွက် မလုံလောက်နိုင်ဘူးလား” ဟန်ကြွယ်သည် ချက်ချင်းဆိုသလိုပဲ အစစ်အမှန် အင်မော်တယ်အဆင့် ပစ္စည်းသုံးခုကို ထုတ်ယူကာ စားပွဲပေါ်သို့ တင်လိုက်၏။ သူ၏ အမြင်အရဆိုလျှင် နိရယ အင်ပါယာ၏ အားအင်အဆင့်သည် အစစ်အမှန် အင်မော်တယ် အဆင့်သာလျှင်ဖြစ်၏။ ထို့ကြောင့် ဤပစ္စည်းသုံးခု သည် လုံလောက်တာထက်ပင် ပိုနေပြီဖြစ်၏။

“အင်း... လုံလောက်ပါတယ်”

လီယွင်က ခေါင်းညိတ်လိုက်၏။ ပြီးသည့်နောက် အစစ်အမှန် အင်မော်တယ်အဆင့် ပစ္စည်းသုံးခုကို သိမ်းဆည်းကာ ပြောလိုက်သည်။ “နိရယ အင်ပါယာက ငရဲလောကမှာပဲ”

“ငရဲလောကမှာ ဟုတ်လား” ဟန်ကြွယ်သည် မျက်နှာတစ်ခုလုံး ဖြူလျော်သွားခဲ့၏။ ဤစကားစုကို သူ ပထမဦးဆုံး ကြားဖူးခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် မနေနိုင်ဘဲ မေးမြန်းလိုက်၏။ “စီနီယာ.. ငရဲလောက ဆိုတာ ဘယ်လိုနေရာမျိုးလဲ။ ဘယ်နေရာမှာလဲ”

“ငရဲလောကဆိုတာ ဝိညာဉ်ဘုရင်၊ ခင်ဗျားတို့ခေါ်တဲ့ အင်မော်တယ်ဘုရင်တစ်ယောက် ဖန်တီးထားတဲ့ လောက တစ်ခုပဲ။ ဒီလောကကြီးရဲ့ တံခါးပေါက်ကို ဖွင့်နိုင်တာ နိရယ အင်ပါယာ တစ်ယောက်ပဲ ရှိတယ်။ တခြားသူတွေက သွားချင်တယ် ဆိုရင်တောင်မှ ထူးခြားတဲ့ နည်းလမ်းတွေကို ရှာဖွေပြီးမှ ဝင်လို့ ရနိုင်လိမ့်မယ်” လီယွင်က တည်ငြိမ်စွာဖြင့် ရှင်းပြလိုက်သည်။

“ဟမ်” ဟန်ကြွယ်၏ မျက်နှာတစ်ခုလုံးက အေးခဲသွားခဲ့၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို လှည့်စားနိုင်ခဲ့ပြီဟု ထင်မှတ်ခဲ့၏။ သို့ပေမဲ့ သူသည် တစ်ဖက်လူ၏ လက်ချောင်းများ ကြားထဲတွင် လှည့်စားကာ ဆော့ကစားခံနေရခြင်းဖြစ်ကြောင်း နားလည်လာမိခဲ့၏။

“ပြောချင်တာက စီနီယာ.. ငရဲလောကထဲကို ဝင်ဖို့အတွက်ဆိုရင် လက်ရှိ အင်မော်တယ်ဘုရင် တစ်ယောက် ရှိဖို့ လိုအပ်တာပေါ့” ဟန်ကြွယ်သည် အားတင်းကာ ပြုံးလိုက်၏။ ပြီးနောက် တီးတိုး ရေရွတ်လိုက်၏။

“အင်း.. ဒါပေမဲ့”

လီယွင်က ခေါင်းညိတ်လိုက်၏။ ပြီးနောက် ဆက်လက်ကာ ပြောဆိုလိုက်၏။ “ဝယ်ဖို့ အရင်းအမြစ်ရှိရင် ဝင်နိုင်တာပေါ့”

“စီနီယာ... ကျေးဇူးပြုပြီး ဉာဏ်အလင်းပြပါအုံး” ဟန်ကြွယ်သည် လေးလေးစားစားဖြင့် ပြောဆိုလိုက်သည်။

လီယွင်သည် တိတ်ဆိတ်ငြိမ်သက်သွားလေ၏။ သူသည် လက်တစ်ဖက်ကို အသာဆန့်တန်းလိုက်၏။

“ဒါက”

ဟန်ကြွယ်သည် တံတွေးကိုပင် မျိုချလိုက်မိ၏။ ပြီးနောက် တီးတိုး ရေရွတ်လိုက်မိသည်။ “စီနီယာ.. ဘာကို ဆိုလိုတာလဲ”

“ငရဲလောကထဲကို ဝင်ဖို့နည်းလမ်းဆိုတာ အရမ်းလွယ်ကူတယ်လို့ ထင်နေလို့လား။ နိရယ အင်ပါယာ ဘယ်နေရာမှာ ရှိတယ်ဆိုတာ ခုဏက မေးခဲ့ပြီးပြီလေ။ ဒီတော့ ခင်ဗျားကို အဲမေးခွန်းနဲ့ ပတ်သတ်တဲ့ အဖြေကို ပေးခဲ့ပြီးပြီ။ ပြီးတော့ ငရဲလောကထဲကို ဘယ်လိုဝင်ရမလဲ ဆိုတာက ဒုတိယမြောက် မေးခွန်းဖြစ်တယ်” လီယွင်က တုံ့ပြန်လိုက်၏။ သူ၏ အမူအရာသည် အေးစက်လျက်ရှိ၏။

သူသည် စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။ “ပြောရမယ်ဆိုရင် အခြေအနေတစ်ခုလုံးကို အရင်းအမြစ် တစ်ခုတည်းနဲ့ ဖြေရှင်းလို့ရတာမဟုတ်ဘူး”

“ကျုပ်”

ဟန်ကြွယ်သည် ပြောစရာစကားပင် ဆွံ့အသွားခဲ့၏။ သူ အလျင်လိုခဲ့လေသည်လား။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် နိရယ အင်ပါယာ မည်သည့်နေရာတွင် ရှိသည်ဆိုသော အကြောင်းကို မေးမြန်းသည့် နေရာတွင် ငရဲလောကဟူသော စကားလုံးတစ်ခုတည်းကိုသာ ပြောဆိုခဲ့၏။ ပြောရမည်ဆိုလျှင် ထိုအရာသည် အစစ်အမှန် အင်မော်တယ်အဆင့် ပစ္စည်းသုံးခုထက် ပိုမိုကာ ထိုက်တန်သည့် နေရာ ဖြစ်နေလေသည်လား။

လောကကြီးတစ်ခု ဆိုသည်မှာ အစစ်အမှန် အင်မော်တယ်အဆင့် ပစ္စည်းထက် ပိုမိုကာ တန်ဖိုးကြီးမားသည့် အရာပင်ဖြစ်၏။ နိရယ အင်ပါယာကို ရှာဖွေပြီးသည့်နောက် ရရှိနိုင်မည့် အရင်းအမြစ်များကို တွေးတောပြီးသည့်နောက် ဟန်ကြွယ်သည် ကျိန်းသေပေါက် လက်ရှိအခြေအနေကို ကြံ့ကြံ့ခံရမည် ဖြစ်ကြောင်း နားလည်လိုက်မိ၏။

နိရယအင်ပါယာကို ရှာဖွေနိုင်ပါက အရာအားလုံး ပြီးစီးသွားမှာ ဖြစ်၏။ အနည်းဆုံး ပြန်လည် မွေးဖွားခြင်း လမ်းခြောက်သွယ် လက်နက်တစ်ခုကို ရရှိသည်ဆိုပါက အစစ်အမှန် အင်မော်တယ်အဆင့် ပစ္စည်းများထက် တန်ကြေးက ပိုမိုကာ သာလွန်မှာ သေချာသည်။

ဤတစ်ကြိမ်မှာတော့ ဟန်ကြွယ်သည် တိုက်ရိုက်ဆိုသလိုပဲ အန္တိမအဆင့် ပစ္စည်းသုံးခုကို ထုတ်ဖော်ကာဖြင့် လီယွင်၏ရှေ့တွင် ချပေးလိုက်၏။ ပြီးနောက် အဓိပ္ပာယ်ပါပါဖြင့် မေးမြန်းလိုက်၏။ “စီနီယာ.. ဒီတစ်ကြိမ် ငရဲလောကထဲကို ဘယ်လိုဝင်ရမလဲဆိုတာ ပြောပြပါလား”

“တန်ဖိုးက သိပ်ပြီးတော့ မကိုက်ညီသေးဘူး” လီယွင်သည် ဟန်ကြွယ်၏ သိုလှောင်လက်စွပ်ကို လှမ်းကြည့်ကာဖြင့် ထူးမခြားနားသလို ပြောလိုက်၏။ တစ်ဖက်လူ၏ လက်ထဲတွင် ရှိနေသည့် အရာအားလုံးကို မြင်နေရသည်။

ဟန်ကြွယ်အား နန်းဆောင်သို့ စေလွှတ်ရန် ခိုင်းစေစဉ်က စုရှန်းလော်သည် အန္တိမအဆင့် ပစ္စည်းငါးမျိုး နှင့် အစစ်အမှန် အင်မော်တယ် အဆင့် ပစ္စည်းဆယ်မျိုးကို ပေးအပ်ခဲ့ကြောင်း သူ သိရှိ၏။ ထိုအရာများ အားလုံးကို မညှစ်ထုတ်နိုင်ဘူး ဆိုပါက ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆိုသည့် နာမည်ကို အဘယ်သို့ ဆက်ထားရတော့မည်နည်း။

“မလုံလောက်သေးဘူးလား”

ဟန်ကြွယ်သည် ခဏလောက် စဉ်းစားလိုက်မိ၏။ ပြီးသည့်နောက် အန္တိမအဆင့် ပစ္စည်း နှစ်မျိုးနှင့် အစစ်အမှန် အင်မော်တယ်အဆင့် ပစ္စည်း ခုနှစ်မျိုးကို ထုတ်ယူကာ လီယွင်၏ရှေ့သို့ ချပေးလိုက်၏။ ပြီးနောက် အကူအညီမဲ့စွာဖြင့် ပြောလိုက်၏။ “စီနီယာ... ဒီလောက်ဆိုရင်ကော လုံလောက်ပြီလား”

ထပ်မံကာ တောင်းဆိုမည် ဆိုလျှင်လည်း သူ့၌ ဘာမှ မကျန်တော့ချေ။

“အင်း.. လုံလောက်ပြီ” လီယွင်သည် ပစ္စည်းများကို သိမ်းဆည်းပြီးသည့်နောက် ကျောက်စိမ်းပြား တစ်ခုကို လှမ်းကာ ပစ်ပေးလိုက်သည်။

ကျောက်စိမ်းပြားသည် ဟန်ကြွယ်၏ လက်ထဲသို့ ရောက်ရှိသွားသည့် အချိန်မှာတော့ သူက ပြောဆိုလိုက်၏။ “ဒါ ငရဲလောကထဲကို ဝင်ဖို့လမ်းပဲ။ နိရယ အင်ပါယာ ဖန်တီးထားတဲ့ ငရဲလောကကြီးပေါ့။ ကျောက်စိမ်းပြားပေါ်မှာ ရှိတဲ့ နည်းလမ်းအတိုင်း ဝင်သွားမယ်ဆိုရင် အကုန်လုံး အဆင်ပြေလိမ့်မယ်။ ဒါပေမဲ့ အကန့်အသတ် တစ်ခုတော့ တည်ရှိနေသေးတယ်”

All Chapters