← Chapters

အပိုင်း (၅၄၉)

Vol. 37 Ch. 549

အပိုင်း (၅၄၉)

Vol. 37 Ch. 549

“ဘယ်လိုအကန့်အသတ်လား။ ရှာဖို့ အကန့်အသတ်လား” ဟန်ကြွယ်သည် ဤတစ်ကြိမ်မှာတော့ သေသေချာချာ နားလည်လာမိ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ စကားလုံးများ ကြားထဲတွင် ရှိနေသည့် ဟာကွက်များကို သူက သေသေချာချာ သတိပြုမိ၏။

ရှာဖွေနိုင်သည် ဆိုလျှင်တောင်မှ နိရယ အင်ပါယာကို ဖမ်းဆီးဖို့ ဆိုသည်မှာ လုံလောက်သည့် ပေးဆပ်မှုမျိုးကို ပေးအပ်ရပေလိမ့်မည်။ သို့ပေမဲ့ လက်ရှိ သူ၏ ပိုင်ဆိုင်သမျှ အရာအားလုံးသည် ထိုသတင်းအချက်အလက်ကို ဝယ်ယူရန် မဖြစ်နိုင်တော့ချေ။

ထို့ကြောင့် ဟန်ကြွယ်သည် ကျောက်စိမ်းပြားထဲသို့ နတ်ဘုရား အသိအမြင်ကို ထည့်သွင်းကာဖြင့် အထဲတွင် ပါဝင်သည့် အကြောင်းအရာများကို ကြည့်ရှုရင်း မြန်မြန်ဆန်ဆန် မှတ်သားလိုက်၏။ ဤပစ္စည်းနှင့်ဆိုလျှင် အနည်းဆုံးအနေဖြင့် နိရယ အင်ပါယာကို ရှာဖွေရန် ပြဿနာ ရှိလိမ့်မည် မဟုတ်ချေ။

ထို့အပြင် နက်နဲအလင်းလောကကြီးသည် ခိုင်မာလှသည့် အခြေခံများ တည်ရှိနေသောကြောင့် အန္တိမ အဆင့် ကျင့်ကြံသူပေါင်းများစွာတို့ တည်ရှိနေ၏။ ထို့ကြောင့် အစစ်အမှန် အင်မော်တယ်တစ်ယောက်ကို ဖမ်းဆီးဖို့ ဆိုသည်မှာ ကိစ္စသေးသေးလေးသာလျှင် ဖြစ်ပေလိမ့်မည်။

နိရယ အရှင်မသည် အတောင်ပံပေါက်ကာ ပျံသန်းနိုင်သည် ဆိုလျှင်တောင်မှ ကျိန်းသေပေါက် နက်နဲအလင်း လောကကြီး၏ ရောရုဝပြည် လက်ထဲမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။ တွေးကြည့်ပြီးသည့်နောက် ဟန်ကြွယ်သည် ယုံကြည်ချက်များ ရရှိလာခဲ့၏။ ထို့ကြောင့် အသာရယ်မောပြီး ယုံကြည်ချက်ရှိရှိဖြင့် ပြောဆိုလိုက်သည်။ “နိရယ အင်ပါယာကို ရှာဖွေနိုင်ပြီဆိုရင် သူမကို ကူညီဖို့ နည်းလမ်းတစ်ခုခုနဲ့ ဆွဲဆောင်ရမယ်”

လီယွင်သည် ထူးမခြားနားသလို ပြုံးကာ ပြောလိုက်၏။ “နိရယ အင်ပါယာကို ဆွဲဆောင်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စ မဟုတ်ဘူး။ နိရယအင်ပါယာက ရှေးအမွေအနှစ်တွေကို ကိုင်ဆောင်ထားတယ်လေ။ သာမန်လူတွေက သူမကို သွားပြီးတော့ အကူအညီ တောင်းခံဖို့ဆိုတာ လွယ်ကူတဲ့အရာ မဟုတ်ဘူး”

လီယွင်သည် အကူအညီတောင်းခံ ဆိုသည့် စကားလုံးကို သေသေချာချာ ပြောဆိုလိုက်၏။ သို့ပေမဲ့ ဟန်ကြွယ်သည် ထိုအရာကို ကြားသည့်ပုံ မပေါ်ချေ။ ထို့ကြောင့် ရယ်မောကာ ပြောဆိုလိုက်၏။ “နိရယအင်ပါယာက မြေအင်မော်တယ်လောကရဲ့ သက်ရှိသတ္တဝါ တစ်ယောက်လေ။ သူမရဲ့ မွေးရပ်မြေ အန္တရာယ် ကျရောက်နေတဲ့ အချိန်မှာ ဘယ်လိုဖြစ်ပြီး ငြိမ်ငြိမ်သက်သက် ထိုင်နေမှာလဲ”

“ဟမ့်” လီယွင်သည် ရယ်မောကာဖြင့် ပြောဆိုလိုက်၏။ “ဒီလို ယုံကြည်ချက်မျိုး ရှိနေတယ်ဆိုမှတော့ ဘာဖြစ်လို့ မကြိုးစားကြည့်တာလဲ။ ပြီးတော့ ကျုပ်ရဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်က ခင်ဗျားကို အချိန်မရွေး ကြိုဆိုပါတယ်”

ဧည့်သည်ကို လေးလေးစားစား ဆက်ဆံရမည်ဆိုသော ဆိုရိုးစကား ရှိ၏။ တစ်ဖက်လူမှာ ရောရုဝပြည် သို့မဟုတ် တခြား မည်သည့်နေရာကဖြစ်ဖြစ် ပြောင်းလဲလိမ့်မည် မဟုတ်ချေ။ လုံလောက်သည့် အရင်းအမြစ်များကို ပေးအပ်နိုင်သည်ဆိုပါက သူသည် အားလုံးကို ကောင်းကောင်းမွန်မွန် ဆက်ဆံမှာ ဖြစ်၏။ တစ်ဖက်လူများအနေနှင့် ဘာတွေ ပြုလုပ်မည် ဆိုသည်မှာ လီယွင်နှင့် သက်ဆိုင်လှသည့်အရာ မဟုတ်ချေ။

“တခြားကိစ္စ မရှိဘူး ဆိုရင် သွားလို့ရပြီ” လီယွင်က ပြောဆိုလိုက်သည်။

“ဒါဆိုလည်း ကျုပ် သွားလိုက်ပါအုံးမယ်” ဟန်ကြွယ်သည် လေးလေးစားစားဖြင့် ဦးညွတ်လိုက်၏။ သူ ဤတည်နေရာကို ပြန်လာဖြစ်မလား၊ မလာဖြစ်ဘူးလား ဆိုသည်ကတော့ သူသာလျှင် သိပေလိမ့်မည်။

“ကောင်းပြီ”

လီယွင်သည် ခေါင်းညိတ်ကာ ပြောလိုက်၏။ “တကယ်လို့ အနာဂတ်မှာ သံသယတချို့ ရှိနေတယ်ဆိုရင် လွတ်လွတ်လပ်လပ် ပြန်လာနိုင်တယ်”

ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အပြင်ဘက်သို့ လှမ်းထွက်ရင်း ဟန်ကြွယ်သည် အရှေ့ဆီသို့ လှမ်းကြည့်လိုက်၏။ အပြင်ကို ထွက်ထွက်ချင်းမှာပဲ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ နောက်ထပ် လူတစ်ယောက် ဝင်သွားသည်ကို သတိပြုမိလိုက်သည်။

ဟန်ကြွယ်သည် ခဏလောက် စဉ်းစားပြီးသည့်နောက် ကျောက်စိမ်းပြားကို ထုတ်ယူလိုက်၏။ ပြီးနောက် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ပေးအပ်သည့် သတင်းအချက်အလက်များကို မြန်မြန်ဆန်ဆန်ပဲ တစ်ဖက်သို့ လွှဲပြောင်းပေးလိုက်၏။

သတင်းအချက်အလက်များကို ဖြန့်ဝေလျက် ရှိနေတုန်းမှာပဲ နက်နဲအလင်းလောကကြီးနှင့် မိုင်သန်းနှင့်ချီသည့် အကွာအဝေး နန်းတော်တစ်ခုအတွင်းမှာတော့ စုရှန်းလော်သည် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ သူ၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေ၏။ သူ၏ လက်ထဲတွင် ကျောက်စိမ်းပြားတစ်ခုက ပေါ်ပေါက် လာခဲ့သည်။ ပါဝင်သည့် အကြောင်းအရာများကို ကြည့်ရှုပြီးသည့်နောက် သူ၏ မျက်နှာထက်တွင် အပြုံးတစ်ခုက ပေါ်ပေါက်လာခဲ့သည်။

“အရမ်းကောင်းတာပဲ” စုရှန်းလော်က ထအော်လိုက်၏။ သူ၏ ပျော်ရွှင်မှုသည် ထိပ်ဆုံး အခြေအနေ ဆီသို့ ရောက်ရှိနေ၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ရှိတော့ကော ဘာဖြစ်သနည်း။ လက်ရှိ အခြေအနေမှာတော့ သူတို့၏ ရောရုဝပြည်ကို သွယ်ဝိုက်ကာဖြင့် ကူညီနေသလိုပင် ဖြစ်နေသည် မဟုတ်ပါလား။ သူတို့၏ အရှင်သည်သာ အင်မော်တယ်ဘုရင်အဆင့်ဆီသို့ ချိုးဖြတ်နိုင်သည့် အချိန်တွင် ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ် သန့်စင်ခြင်း နည်းလမ်းကို ရရှိသည်ဆိုပါက ကျိန်းသေပေါက် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် ပင်လျှင် သူတို့နှင့် ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။

“ဘာသတင်းအချက်အလက်လဲ”

လူနှစ်ယောက်တို့သည် ဟောခန်းထဲသို့ လျှောက်ဝင်လာခဲ့၏။ ဘယ်ဘက်ခြမ်းတွင် ရှိသည့် ချပ်ဝတ်နှင့်လူ၏ မျက်လုံးများသည် စူးရှတောက်ပလျက် ရှိနေ၏။ ၎င်း၏ မျက်လုံးများသည် စိမ်းပြာရောင် မီးတောက်များ တောက်ပနေ၏။ သူနှင့် အကြည့်ချင်း ဆုံအောင် ကြည့်ရှုနိုင်ဖို့ ဆိုသည်မှာ လွယ်ကူမည် မဟုတ်ချေ။ ထိုလူသည် လုချန်းဖန်မှလွဲလျှင် တခြားသူ မဟုတ်ချေ။ သူ၏ လက်ထဲတွင်တော့ ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးလုံးကို ကိုင်ဆောင်ထား၏။

သူ၏ ဘေးတစ်ဖက်တွင်တော့ အမဲရောင်မြူများ ရစ်သိုင်းလျက် ရှိနေသည့် လူတစ်ယောက် တည်ရှိလို့ နေခဲ့သည်။ ၎င်းသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အေးစက်မှုများကို ထုတ်ဖော်နေ၏။ အထဲသို့ ဝင်ဝင်လာချင်းမှာပဲ ဟောခန်းကြီး တစ်ခုလုံးသည် ရေခဲကဲ့သို့ အေးစက်သွားသည်။

အန္တိမ ကျင့်ကြံခြင်းအဆင့်သို့ မရောက်ရှိသေးသည့် လူများသည် ဟောခန်းထဲတွင် အချိန်ခဏလောက်ပင် နေထိုင်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။ ချက်ချင်း ရေခဲရုပ်ထုကြီးအဖြစ် ပြောင်းလဲသွားမှာ သေချာ၏။ ထိုနှစ်ယောက်တို့သည် ဝင်ရောက်လာပြီးသည့်နောက် စုချမ်းလော် ကို လှမ်းကာ ကြည့်ရှုလိုက်၏။ စုရှန်းလော် ဘာဆက်ပြောမည်ကို သူတို့က စောင့်မျှော်နေခြင်းပင်။

“မဆိုးပါဘူး”

စုရှန်းလော်သည် လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းပြားကို အသာခါယမ်းကာဖြင့် ဂုဏ်ယူ ဝံ့ကြွားစွာဖြင့် ပြောလိုက်၏။ “ကျုပ် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကို လူတစ်ယောက် လွှတ်လိုက်တယ်။ ကျုပ်တို့ လိုချင်တဲ့ သတင်းအချက်အလက်ကို ရရှိခဲ့တယ်”

“နိရယ အင်ပါယာ အကြောင်းလား” လုချန်းဖန်က မေးမြန်းလိုက်၏။

“ဟုတ်တယ်” စုရှန်းလော်က ခေါင်းညိတ်လိုက်သည်။

“ဒီနေရာမှာ တစ်ခုခု မရိုးမသား ကြံစည်ထားတာမျိုး ရှိနေနိုင်လား။ ပြီးတော့ ကောင်းကင်လျှို့ဝှက်နန်းဆောင်နဲ့ ကျုပ်တို့ ရောရုဝပြည်ရဲ့ ဆက်ဆံရေးက ကောင်းတာ မဟုတ်ဘူးလေ။ သူ ကျုပ်တို့ကို သတင်းအချက်အလက် အမှားတွေလည်း ပေးနိုင်ကောင်း ပေးနိုင်လိမ့်မယ်” လုချန်းဖန်သည် လေးလေးနက်နက်ဖြင့်‌ ပြောဆိုလိုက်၏။ သတင်းအချက်အလက် အမှားသာ ဖြစ်သည်ဆိုပါက ရောရုဝပြည်မှ မည်သည့်လူ သွားသွား ကျိန်းသေပေါက် ခံစားရမှာဖြစ်၏။

“အဲလိုတော့ မဟုတ်လောက်ဘူး” လုချန်းဖန်၏ စကားကို ကြားရသည့် အချိန်မှာတော့ စုရှန်းလော် သည် အဆင် မပြေသလို ခံစားလိုက်မိ၏။ သတင်းအချက်အလက်များကို လွယ်လွယ်ကူကူ ရရှိခဲ့ခြင်းဖြစ်ကြောင်း သူကလည်း သတိပြန်ပြုမိခဲ့၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်သည်သာ အရာအားလုံးကို သိရှိသည်ဆိုပါက ဟန်ကြွယ် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ လာကာ သတင်းအချက်အလက် လိမ်လည် ဝယ်ယူခဲ့ကြောင်းကို အဘယ်သို့ မသိရှိဘဲ နေမည်နည်း။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ဟန်ကြွယ်နှင့် ပတ်သက်သည့် အချက်အလက်များကို ကံကြမ္မာဖတ်ခြင်း အတတ် မပြုလုပ်သည်လည်း ဖြစ်နိုင်၏။ ထို့ကြောင့် သတင်းအချက်အလက်များကို လွယ်လင့်တကူ ပေးအပ်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က လက်ရှိလောကအသီးသီးမှာ တကယ့်ကို ထူးခြားတဲ့ လူတစ်ယောက်အဖြစ် တည်ရှိနေတယ်လေ။ ဒီအပြင် ကျုပ်တို့ ရောရုဝပြည်ကြောင့် လူပေါင်းများစွာက ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ကို လာတွေ့နေကြတယ်လေ။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က သူ့ဆီလာတဲ့ လူပေါင်းများစွာတို့ရဲ့ ကံကြမ္မာကို တွက်ချက်ဖို့အတွက် အချိန်မရှိလောက်ဘူးလို့ ကျုပ်ထင်တယ်။ သူမောပြီးတောင် သေသွားနိုင်တယ် မဟုတ်လား။ လာသမျှလူတိုင်းကို လိုက်တွက်နေရတာ လွယ်ကူမှာ မဟုတ်ဘူးလေ” အမဲရောင်မြူများ ရစ်သိုင်းလျက် ရှိနေသည့် လူက ပြောဆိုလိုက်၏။

သူ့အနေနှင့် ကောင်းကင်ဘုံ၏ ကံကြမ္မာဖတ်ခြင်း အတတ်ပညာကို တစ်ခါမှ မမြင်ဖူးသည် ဆိုသော်လည်း ကြားတော့ ကြားဖူးခဲ့၏။ ဤနည်းလမ်းသည် တကယ့်ကို နက်ရှိုင်းလွန်းလှသည့် အတတ်ပညာ တစ်ခုသာလျှင် ဖြစ်၏။ သာမန်လူများအနေနှင့် တွက်ချက်၍ ရနိုင်သည့် အရာမျိုး မဟုတ်ချေ။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် မထင်မှတ်ထားသည့် အဆင့်တစ်ခုဆီသို့ ရောက်ရှိနေသည် ဆိုလျှင်တောင်မှ အရာအားလုံးကို တွက်ချက်ဖို့ဆိုလျှင် သင့်တော်သည့် စွမ်းအင်များတော့ ကုန်ဆုံးမှာ သေချာ၏။ အရာအားလုံးကို လိုက်လံကာ တွက်ချက်နေမည်ဆိုပါက အင်မော်တယ်ဘုရင် တစ်ယောက်ပင်လျှင် ထိုအရာကို တတ်နိုင်လိမ့်မည် မဟုတ်ချေ။

“ဒီလိုဆိုရင်”

စုရှန်းလော်သည် မူလ ယုံကြည်ချက်များ ပြန်လည် ရရှိလာခဲ့၏။ သူက ပြုံးကာ ပြောလိုက်၏။ “ကျုပ် ကိုယ်တိုင် လူတွေခေါ်ပြီး သွားရမယ်။ မထင်မှတ်ထားတဲ့ ကိစ္စတွေသာ ပေါ်မလာဘူးဆိုရင် ရက်အနည်းငယ်အတွင်း နိရယ အင်ပါယာကို ရောရုဝပြည်ကို ပြန်ခေါ်လာနိုင်လိမ့်မယ်။ ကျုပ်တို့ရဲ့အရှင် ထွက်လာတဲ့ အချိန်ကျရင် နိရယ အင်ပါယာက အရှင့်အတွက် ကြီးမားတဲ့ လက်ဆောင်တစ်ခု ဖြစ်လိမ့်မယ်”

All Chapters