အပိုင်း (၅၅၀)
Vol. 37 Ch. 550
“နိရယ အင်ပါယာရဲ့ အရေးကိစ္စက ရောရုဝပြည်ရဲ့ အနာဂတ်နဲ့ ပတ်သက်နေတယ်။ ကျုပ်တို့ သေသေချာချာ သတိပြုပြီးတော့ ဆောင်ရွက်မှ ဖြစ်လိမ့်မယ်”
အမဲရောင်မြူများ ရစ်သိုင်းလျက် ရှိနေသည့်လူသည် စုရှန်းလော်ဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် လေးလေးနက်နက်ဖြင့် ပြောဆိုလိုက်သည်။ “ကျုပ် ခင်ဗျားနဲ့အတူ သွားမယ်”
“ဒါက”
စုရှန်းလော်၏ မျက်နှာပေါ်တွင် နှောင့်နှေးသည့် အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။ သူသည် အမဲရောင် မြူများ ရစ်သိုင်းလျက် ရှိနေသည့် လူကို လှမ်းကြည့်၏။
တစ်ဖက်လူသည် ကျိန်းသေပေါက် ကြားဝင်ကာ နာမည်ယူရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သူက သိရှိ၏။ နိရယ အင်ပါယာကိုသာ ဖမ်းဆီးနိုင်သည် ဆိုပါက အရှင်၏ မျက်နှာသာပေးမှုကို ရမှာသေချာ၏။ လူနှစ်ယောက် ပြုလုပ်သည်ဆိုပါက အကျိုးအမြတ်ကို မျှဝေရပေလိမ့်မည်။ သူတစ်ယောက်တည်းသာ ပြည့်စုံအောင် ပြုလုပ်နိုင်သည် ဆိုပါက အကျိုးအမြတ်သည် မတူညီစွာပင် ပိုမိုများပြားမှာ သေချာသည်။
“အဆင်ပြေရဲ့လား” အမဲရောင်မြူများ ရစ်သိုင်းလျက် ရှိနေသည့်လူသည် မျက်မှောင်ကို ကုတ်ကာဖြင့် လေးလေးနက်နက် မေးမြန်းလိုက်၏။
“မဟုတ်ပါဘူး။ မဟုတ်ပါဘူး”
စုရှန်းလော်သည် လက်ကို ယမ်းခါကာ ပြောလိုက်သည်။ “တာအိုရောင်းရင်းသာ ပူးပေါင်းပါဝင်မယ်ဆိုရင် ကျုပ်က လိုအပ်တာထက်တောင် ပျော်သေးတာပေါ့။ ဒါပေမဲ့ ကျုပ်တို့ နှစ်ယောက်သာ သွားမယ်ဆိုရင် ရောရုဝပြည်ကကော ...။ ပြီးတော့ နိရယ အင်ပါယာလို လူလေးတစ်ယောက်က ကျုပ်တို့ အန္တိမကျင့်ကြံသူတွေ အများကြီးသွားဖို့ လိုအပ်တဲ့လူ မဟုတ်ပါဘူး။ နိရယအင်ပါယာက ကောင်းမွန်တဲ့ ပါရမီကို ပိုင်ဆိုင်တယ် ဆိုရင်တောင်မှ ကျုပ်က သူမရဲ့ နောက်ခံတွေ အကုန်လုံးကို သိရှိပြီးသွားပြီလေ။ အများဆုံး အစစ်အမှန် အင်မော်တယ်အဆင့်ကို ဝင်ကာစ ကျင့်ကြံသူ တစ်ယောက်ပဲ ။ သူမရဲ့ အားအင်အဆင့် ထပ်မံ တိုးတက်လာမယ် ဆိုရင်တောင်မှ အခြေအနေ တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်နိုင်မှာ မဟုတ်ဘူး။ ဒီတော့ စိတ်ပူစရာ မလိုဘူး”
ဤကဲ့သို့သော အချက်အလက်များသည် စုရှန်းလော်ကို ပိုမိုကာ ယုံကြည်ချက် ရှိစေခဲ့၏။
အမဲရောင်မြူများ ရစ်သိုင်းလျက် ရှိနေသည့်လူသည် စုရှန်းလော်ကို အသာလှမ်းကြည့်ကာ ပြောလိုက်သည်။ “တာအိုရောင်းရင်းလု ဒီမှာ ရှိနေတယ်ဆိုတော့ ရောရုဝပြည်က ကျိန်းသေပေါက် လုံခြုံနေမှာပဲလေ။ ပြီးတော့ မြေအင်မော်တယ်လောကမှာ ရှိနေတဲ့ ကျင့်ကြံသူတွေက ကျုပ်တို့အတွက် အသေးအမွှားပါ”
“မြေအင်မော်တယ်လောကမှာ ရှိနေတဲ့ စွမ်းအားမြင့် ကျင့်ကြံသူတွေဆိုတာ ကျုပ်တို့အတွက် ကြက်တွေ၊ ခွေးတွေလိုပဲလေ။ တစ်ချက် ရိုက်နှက်လိုက်ရုံနဲ့ သေဆုံးသွားနိုင်တယ်။ သူတို့ကိုသာ လိုက်ပြီး ဂရုစိုက်နေမယ်ဆိုရင် ရောရုဝပြည်ရဲ့ အဆင့်အတန်းကို ကျုပ်တို့ ဆွဲချနေသလို ဖြစ်နေမယ် မဟုတ်လား”
“ကျုပ်တို့ရဲ့ ရည်ရွယ်ချက်က အသင်္ချေ များပြားတဲ့ လောကအသီးသီးပဲ။ မြေအင်မော်တယ်လောကလေး တစ်ခုမဟုတ်ဘူး။ ဒီတော့ ကျုပ်တို့ ရောရုဝပြည်မှာ ရှိနေတဲ့ အန္တိမကျင့်ကြံသူ အကုန်လုံး အပြင်ဘက်ကို ထွက်သွားမယ် ဆိုရင်တောင်မှ ရောရုဝပြည်ထဲကို ဘယ်သူက ခြေလာလှမ်းရဲမှာလဲ”
“ကျိန်းသေပေါက် အဲလို လုပ်ရဲတဲ့လူ မရှိဘူး။ လွတ်လွတ်လပ်လပ်သာ သွားပါ။ ကျုပ် ရောရုဝပြည်ကို ဂရုစိုက် ထားလိုက်မယ်။ ဘာကိစ္စမှ မဖြစ်စေရဘူး” လုချန်းဖန်က ထပ်ပြောလိုက်သည်။
စုရှန်းလော်သည် ဆက်လက်ငြင်းပယ်သည် ဆိုပါက ကျိန်းသေပေါက် သဘောမတွေ့စရာ ဖြစ်လာတော့မည်ကို ကောင်းကောင်း နားလည်၏။ “တာအိုရောင်းရင်းရဲ့ အကူအညီ တည်ရှိနေပြီဆိုမှတော့ နိရယ အင်ပါယာလို လူတစ်ယောက်ကို ဖမ်းဆီးဖို့ဆိုတာ ပန်းခြံထဲ လမ်းလျှောက်သလို ဖြစ်နေတော့မှာပဲ”
စုရှန်းလော်က ရယ်မောလိုက်၏။ ပြီးနောက် ဆက်လက်ကာ ပြောဆိုလိုက်သည်။ “နိရယ အင်ပါယာ ဘယ်မှာရှိတယ် ဆိုတာ ကျုပ်တို့ အတည်ပြုပြီးပြီဆိုတော့ အားလုံး အတူစုပေါင်းပြီးတော့ သွားကြရအောင်”
“သဘောတူတယ်” အမဲရောင်မြူများ ရစ်သိုင်းလျက် ရှိနေသည့်လူက ခေါင်းညိတ်လိုက်၏။ အသံ ထွက်ပေါ်လာချင်းမှာပဲ နှစ်ယောက်သားသည် ရှေ့ဆီသို့ လှမ်းတက်ပြီး ရောရုဝပြည်မှ ပျောက်ကွယ်သွားခဲ့၏။
တစ်ချိန်တည်းမှာပဲ ရောရုဝပြည်၏ အတွင်းမှာတော့ ဖျက်ဆီး၍မရနိုင်သည့် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင်လှိုင်းများသည် လေဟာနယ်တစ်ခုလုံးသို့ ပြည့်နှက်လျက် ရှိနေ၏။ ရေတွက်လို့ မရအောင် များပြားလှသည့် ရောရုဝပြည်မှ လက်ရွေးစင် စစ်သည်များသည် အချိန်မြစ်ကြီးထဲတွင် ပေါ်ပေါက်လာခဲ့၏။ ရောရုဝပြည်သည် ထပ်မံ တိုက်ခိုက်ရန် စီစဉ်နေလေသည်လား။
ဤကဲ့သို့သော လှုပ်ရှားမှုသည် အပြင်ဘက်တွင် ရှိနေသည့် လူပေါင်းများစွာတို့အား အလန့်တကြား ဖြစ်စေခဲ့၏။ ရောရုဝပြည်သာ ထပ်မံလှုပ်ရှားတိုက်ခိုက်မည် ဆိုပါက ခုခံနိုင်ရန်ဆိုသည်မှာ မဖြစ်နိုင်ချေ။ လူပေါင်းများစွာတို့သည် တကယ်ပင် စိုးရိမ်ပူပန်မှုကို ခံစားနေမိကြ၏။ ရောရုဝပြည်မှ လက်ရွေးစင် စစ်သည်များသည် အဆင်ခြင်မဲ့စွာဖြင့် ၎င်းတို့၏ စွမ်းအင်များကို ထုတ်ဖော်ကာ ထွက်ပေါ်လာခဲ့ကြသည်။ သို့ပေမဲ့ သူတို့ကို တိုက်ခိုက်ရန် မဟုတ်ဘဲ နိရယ အင်ပါယာကို ရှာဖွေရန်ဖြစ်ကြောင်း သိရှိလိုက်ချိန်မှာတော့ အားလုံးတို့သည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။
ကောင်းကင်မူလလောကကြီး၊ တော်ဝင်သဲကန္တာရမြို့
ယန်ရှိုသည် အဆောက်အဦတစ်ခုအတွင်းဆီသို့ အလျင်အမြန်ပဲ ဝင်လာခဲ့၏။ သူသည် လေးလေးနက်နက်ဖြင့် ဦးညွတ်လိုက်သည်။ “တပည့် ယန်ရှို ဘိုးဘေးကို ဂါရဝပြုပါတယ်”
“ဝင်ခဲ့”
အဆောက်အဦ၏ အတွင်းမှာတော့ မုန့်ရှင်းကျီသည် မတ်မတ်ရပ်လျက် ရှိ၏။ သူ၏ဆံနွယ်များသည် အနောက်သို့ ပျံ့ကျဲလျက် ရှိနေပြီး မျက်လုံးများသည်လည်း တောက်ပလျက် ရှိနေ၏။ သူသည် ယန်ရှိုကို ကြည့်ရှုကာဖြင့် ဖြည်းညှင်းစွာ ပြောလိုက်၏။ “ဘယ်လိုလဲ။ စီနီယာနန်းဆောင်သခင်နဲ့ တွေ့ခဲ့လား”
“တပည့်က သေချာလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲကို ဝင်ခွင့်မရခဲ့ဘူး” ယန်ရှိုသည် ရှက်ရွံသလို အမူအရာမျိုးဖြင့် ပြောဆိုလိုက်သည်။
ဤအရာသည် သူ၏ အပြစ်တစ်ခုတော့ မဟုတ်ချေ။ လက်ရှိ အခြေအနေတွင် ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲသို့ ဝင်ရောက်ရန် ကြိုးစားနေသူများသည် တကယ့်ကို များပြားလွန်းလှ၏။ အင်ပါယာတစ်ယောက် မဟုတ်သည် ဆိုပါက ကျိန်းသေပေါက် အခွင့်အရေးကောင်းကို ရရှိလိမ့်မည် မဟုတ်ချေ။ သူ့ကဲ့သို့ သူတော်စင်တစ်ယောက် အနေနှင့် အရှေ့ဆီသို့ မဝင်ရောက်နိုင်ခြင်းမှာ အပြစ်ဟု ပြောဆို၍ မရနိုင်ချေ။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက် ဆိုလျှင်တောင်မှ သူသည် လက်ရှိ အခြေအနေတွင် အကူအညီ ကင်းမဲ့လို့ နေခဲ့၏။ တခြားသောသူများသည် သူ့ကို တစ်ချက်ကလေးမှ မျက်နှာသာ မပေးခဲ့ကြချေ။
“မင်း ဝင်လို့ မရဘူးလား” မုန့်ရှင်းကျီ၏ မျက်လုံးများသည် ကျဉ်းမြောင်းသွား၏။ သူသည် ယန်ရှိုကို စူးစိုက်ကာ ကြည့်ရှုနေ၏။ သူသည် ဆူရန်ပြင်ဆင်လိုက်၏။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ လှမ်းကာ ကြည့်ရှု ပြီးသည့်နောက် သူ၏ ဒေါသတရားများကို ပြန်လည်ကာ မျိုသိပ်လိုက်ရ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ရှေ့ တွင် ရှိနေသည့် အခြေအနေကို သူက သတိပြုမိလိုက်၏။ ထို့ကြောင့် ယန်ရှို၏ အပြစ်မဟုတ်ကြောင်း သူ နားလည်သွားမိ၏။
“ထားလိုက်တော့။ ဒီကိစ္စကို ငါကိုယ်တိုင် လှုပ်ရှားတော့မယ်” မုန့်ရှင်းကျီက တီးတိုး ပြောလိုက်၏။ လူပေါင်းများစွာတို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်ရောက်ခွင့်ရရန် ကြိုးစားလျက်ရှိနေ၏။ ကောင်းကင်မူလလောကကြီးနှင့် မြေအင်မော်တယ်လောကတွင် ဖြစ်တည်နေသည့် အခြေအနေများကို သုံးသပ်ရမည် ဆိုလျှင် ကြီးမားသည့် တစ်စုံတစ်ခု ဖြစ်တော့မည်ဖြစ်ကြောင်း သူ၏ အလိုလိုသိစိတ်က ညွှန်းဆို ပြသနေသကဲ့သို့ပင်။
ကျင့်ကြံသူတစ်ယောက်အနေနှင့် အခွင့်အရေးတိုင်းကို အရယူနိုင်ရန် ကြိုးစားရပေလိမ့်မည်။ အခွင့်အရေးတစ်ခု လစ်ဟင်းသွားခြင်း ဆိုသည်မှာ ကောင်းမွန်သည့် အနာဂတ်တစ်ခု လစ်ဟင်းသွားခြင်းနှင့် ဆင်တူ၏။ သူသည် အင်ပါယာ ဖြစ်လာပြီးနောက် အင်ပါယာ အလယ်အလတ် အဆင့်ဆီသို့ မြန်မြန်ဆန်ဆန် ရောက်ရှိလာခဲ့၏။ ထိုအရာသည် သူ၏ အလိုလိုသိစိတ်နှင့် အသိတရားကို အခြေခံကာ စွန့်စားမှုများကို ပြုလုပ်ခဲ့သောကြောင့်ဖြစ်သည်။
သူသာလျှင် ရောင်စဉ်အလင်းနတ်နယ်မြေကို ဖျက်ဆီးခြင်း၊ အစစ်အမှန် အင်မော်တယ် အမွေအနှစ် အပြင်ဘက်တွင် အစီအရင်တစ်ခုကို ဖန်တီးကာ တိုက်ခိုက်ခြင်း၊ ထို့အပြင် လွင့်မျောတိမ်တောင်ကို တိုက်ခိုက်ခြင်း စသည့် အရာများကို မပြုလုပ်ရဲခဲ့ပါက ကျိန်းသေပေါက် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းသည် လူပေါင်းများစွာတို့၏ မျက်လုံးအောက်မှ ပျောက်ကွယ်သွားမှာ သေချာ၏။ လက်ရှိအခြေအနေကဲ့သို့ ထွန်းတောက် နေလိမ့်မည် မဟုတ်ချေ။
“ဘိုးဘေး”
ယန်ရှိုသည် တီးတိုးရေရွတ်လိုက်၏။ “ကျုပ်တို့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းရဲ့ ရန်သူတွေက တကယ့်ကို အရေအတွက် များနေတာပဲ”
လက်ရှိအခြေအနေတွင် မုန့်ရှင်းကျီသည် များပြားသည့် အကျိုးအမြတ်များကို ရရှိခဲ့သည် ဆိုသော်လည်း များပြားသည့် ရန်သူများကိုလည်း ဖန်တီးခဲ့၏။ အပြင်ထွက်၍ လမ်းလျှောက်သွားမည် ဆိုပါက တော်ဝင်အင်ပါယာ တစ်ယောက် ပေါ်ပေါက်လာပြီး တိုက်ခိုက်ဖို့ ရာခိုင်နှုန်းများသည်။
ထို့အပြင် မုန့်ရှင်းကျီ ရန်ပြုခဲ့သည့် အင်အားစုများသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ တော်ဝင် အင်ပါယာ အောက်တွင် ရှိနေသည့် ကျင့်ကြံသူများကို မဆိုနှင့် ထိုထက်မြင့်မားသည့် ကျင့်ကြံသူများပင် ပါဝင်လျက် ရှိနေ၏။
တစ်စုံတစ်ခုကို ပြဿနာရှာခဲ့ပြီးပြီ ဆိုမှတော့ သူ့အနေနှင့် ထိုအရာများကို ဖြေရှင်းရန် ကြိုးစားရပေလိမ့်မည်။ ဘိုးဘေးအနေနှင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်ရောက်ပြီးသည့်နောက် အဆင်ခြင်မဲ့စွာဖြင့် တချို့သော ကိစ္စရပ်များတွင် ထပ်မံ ပါဝင်ပတ်သက်မိမည်ကိုလည်း သူက စိုးရွံ့နေမိသည်။
“မင်း ဘာသိလဲ။ ငါ လက်ရှိအခြေအနေထိ ရောက်ရှိတာ ငါ့ရဲ့ ကောင်းမွန်တဲ့ အမြင်အာရုံကြောင့်ပဲ။ ငါ ရှေ့ကို ကြိုပြီး တွေးနိုင်တယ်”
မုန့်ရှင်းကျီသည် သဘောမတွေ့သလို ပြောဆိုလိုက်၏။ “အင်း... မကြာခင် ကြီးမားတဲ့ ကိစ္စတစ်ခု ဖြစ်တော့မယ်ဆိုတာ ငါခံစားမိနေတယ်။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းက ဒီအခြေအနေမှာ မပါဝင်ဘူးဆိုရင် ဝေစုရမှာ မဟုတ်ဘူး။ ဒါဆိုရင် ငါတို့ရဲ့ အနာဂတ်ကလည်း ဒုတိယတန်းစား အင်အားစုအဖြစ် အဆုံးသတ်သွားလိမ့်မယ်”