အပိုင်း (၅၅၁)
Vol. 37 Ch. 551
“ဘိုးဘေးကြီး.. ကျုပ်တို့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းက” ယန်ရှိုသည် တွေဝေငေးငိုင်သွားမိ၏။ သူတို့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းသည် ဒုတိယတန်းစားဂိုဏ်းတစ်ခု ဖြစ်နေသေးကြောင်း သူက ပြောဆိုချင်မိ၏။
ကောင်းကင်မူလလောကကြီးတွင် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းသည် ဂုဏ်သိက္ခာတရား တည်ရှိနေသည် ဆိုသော်လည်း တခြားသောလောကထဲတွင် ဒုတိယတန်းစား ဂိုဏ်းတစ်ခုနှင့် ဘာမှ မခြားနားလှချေ။ နက်နဲအလင်းလောကကြီးနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် တတိယတန်းစားဂိုဏ်းအဖြစ်ပင် ရှိလိမ့်မည် မဟုတ်ချေ။ တခြားသော လောကများသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ တွေ့ရာဂိုဏ်းတစ်ခုခုကို ဆွဲထုတ်လိုက်မည် ဆိုလျှင်တောင်မှ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း ယှဉ်ပြိုင်ရန် တတ်နိုင်သည့် ဂိုဏ်းမျိုး မဟုတ်ချေ။
“မင်း ဘာပြောချင်လဲဆိုတာ ငါသိတယ်” မုန့်ရှင်းကျီသည် ယန်ရှိုကို ကြည့်ကာဖြင့် စိတ်မရှည်သလို ပြောလိုက်၏။ စီနီယာတစ်ယောက် အနေနှင့် ဂျူနီယာတစ်ယောက် စိုးရိမ်ပူပန်နေသည့် အကြောင်းအရာများ ကို အဘယ်သို့ မမြင်ဘဲ နေမည်နည်း။
လက်ရှိအခြေအနေကို ကြည့်ရှုရမည်ဆိုလျှင် တစ်စုံတစ်ယောက်သည် သာမန်ထက်ပိုသည့် ပါရမီ တည်ရှိသည် ဆိုလျှင်တောင်မှ ၎င်း၏ အားအင် မြင့်တက်မှုသည် စီနီယာနန်းဆောင်သခင်၏ လောကအသီးသီးကို ပေါင်းစပ်မှု အမြန်နှုန်းလောက် အားကောင်းလိမ့်မည် မဟုတ်ချေ။
စီနီယာနန်းဆောင်သခင်သည် ကြောက်မက်ဖွယ်ရာကောင်းသည့် လောကကြီးများကို ထပ်မံယူဆောင်ကာ ပေါင်းစပ်နိုင်သေး၏။ အားလုံးသော သူတို့ကို စိတ်ပျက်လက်ပျက်ဖြစ်အောင် ပြုလုပ်နေသည်လားပင် ဝေခွဲ၍ မရနိုင်ချေ။
သို့ပေမဲ့ တစ်ချိန်တည်းမှာပဲ ထိုအရာသည်ကလည်း အခွင့်အရေး ဖြစ်နေသည် မဟုတ်ပါလား။ လောကကြီးက ပိုမိုကာ အားကောင်းလာပြီး အခွင့်အရေးများက ပိုမိုကာ များပြားလာမည်ဖြစ်၏။ ဤအရာသည် ထာဝရ မှန်ကန်သည့် အစစ်အမှန်တရားပင် ဖြစ်လည်။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းသည် အခွင့်အရေးများကို ရယူခဲ့သည်ဆိုပါက ကျိန်းသေပေါက် အနာဂတ်တွင် ကြီးမားသည့် တိုးတက်မှုကို ပိုင်ဆိုင်ပေလိမ့်မည်။
“အခု နက်နဲအလင်းလောကကြီးရဲ့ ရောရုဝပြည်က ရပ်တန့်လို့ မရဘူးဆိုပေမဲ့ မြေအင်မော်တယ်လောကကြီး တစ်ခုလုံးကို ပွင့်ပွင့်လင်းလင်း တိုက်ခိုက်နေတာ သူတို့အတွက် ကြီးမားတဲ့ အမှားပဲ။” မုန့်ရှင်းကျီက ပြောလိုက်၏။
“ဒါပေမဲ့ အဖွဲ့အစည်း တစ်ခု၊ နှစ်ခုလောက်နဲ့ ရောရုဝပြည်ကြီးကို ဘက်ကန်ဖို့ လွယ်ကူမှာ မဟုတ်ဘူး။ ဒါပေမဲ့ မြေအင်မော်တယ်လောကကြီး တစ်ခုလုံး ဆိုရင်တော့ ....” မုန့်ရှင်းကျီက တွေးတောရင်း ပြောဆိုလိုက်မိသည်။
“အင်း... မြေအင်မော်တယ်လောကကြီး တစ်ခုလုံး ဆိုရင်တောင်မှ နက်နဲအလင်းလောကကြီးက ရောရုဝပြည်ရဲ့ ပြိုင်ဘက် မဟုတ်သေးဘူး” ယန်ရှိုသည် ခဏလောက် စဉ်းစားကာ တုံ့ပြန်လိုက်၏။
“အင်း”
မုန့်ရှင်းကျီ၏ မျက်နှာသွင်ပြင် တစ်ခုလုံးသည် အေးခဲသွား၏။ သူသည် ဒေါသထွက်ခွာဖြင့် ပြောလိုက်၏။ “ဒါပေမဲ့ မင်းမေ့နေတယ်လေ။ မြေအင်မော်တယ်လောကကြီးရဲ့ အနောက်မှာ စီနီယာနန်းဆောင်သခင် တည်ရှိနေတယ် မဟုတ်လား။ တကယ်လို့ စီနီယာနန်းဆောင်သခင်သာ ရှင်းလင်းတဲ့ လမ်းစဉ်တစ်ခုကို ပြသမယ်ဆိုရင် မြေအင်မော်တယ်လောကကြီးရဲ့ အခြေအနေကို ပြောင်းပြန်လှန်ဖို့ အခွင့်အရေးရလိမ့်မယ်”
“နက်နဲအလင်းလောကကြီးရဲ့ ရောရုဝပြည်က အနာဂတ်မှာ ကျိန်းသေပေါက် ရှုံးနိမ့်သွားလိမ့်မယ်လို့ ဘိုးဘေးက ထင်နေတာလား” ယန်ရှိုသည် တုန်လှုပ်သွားမိ၏။ သူသည် ကြားနေရသည့် စကားလုံးကိုပင် မယုံကြည်နိုင်သလို ဖြစ်နေမိသည်။
မကြာခင်သေးခင်က နက်နဲအလင်းလောကကြီး၏ ရောရုဝပြည်သည် မြေအင်မော်တယ်လောကကြီး၏ တစ်ဝက်လောက်ကို ကြောက်မက်ဖွယ်ရာ ကောင်းသည့် အမြန်နှုန်းဖြင့် သိမ်းပိုက်ခဲ့ပြီးပြီဖြစ်၏။ ဤဖြစ်စဉ်သည် ရက်အနည်းငယ်သာလျှင် ကြာမြင့်ခဲ့၏။ မြေအင်မော်တယ်လောကကြီး၏ ပြိုလဲမှု အမြန်နှုန်းသည် အားလုံးသော သူတို့ တွေးထင်ထားသည်ထက်ပင် မြန်ဆန်လို့ နေခဲ့၏။
တိုက်ပွဲပြီးသည့်နောက် မြေအင်မော်တယ်လောကကြီး၏ မည်သူမှသည် ခုခံရန် စိတ်ကူး မရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် လောကကြီးနှစ်ခုသည် တူညီသည့် အရည်အချင်းတွင် တည်ရှိနေသည် မဟုတ် သောကြောင့်ပင်။
နက်နဲအလင်းလောကကြီး၏ ရောရုဝပြည်သည် အန္တိမအဆင့် ကျင့်ကြံသူ သုံးယောက်ကို ဆုံးရှုံးခဲ့သည် ဆိုလျှင်တောင်မှ ၎င်းတို့၏ အသက်သွေးကြောကို ထိခိုက်စေမည် မဟုတ်ချေ။ ၎င်းတို့၌ မည်မျှ များပြားလှသည့် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားမြင့် ကျင့်ကြံသူများ တည်ရှိနေကြောင်း မည်သူမှ မသိရှိခဲ့ကြချေ။ ထိုသူများ ဝင်ရောက်လှုပ်ရှားခြင်း မရှိခဲ့သည်တောင်မှ မြေအင်မော်တယ်လောကကြီးသည် ခက်ခဲသည့် အခြေအနေတစ်ခုကို ကြုံခဲ့ရသည် မဟုတ်ပါလား။ ထိုသူများသာ ဝင်ရောက်လှုပ်ရှားခဲ့သည်ဆိုပါက ....။
ထို့ကြောင့် မြေအင်မော်တယ်လောက တစ်ခုလုံး၏ အနာဂတ် အခြေအနေသည် ကောင်းမွန်လှသည်တော့ မဟုတ်ချေ။ အချိန်မရွေး ဖျက်ဆီးခံရမည့် အခြေအနေမျိုးသို့ ရောက်ရှိနေ၏။ သို့ပေမဲ့ ယနေ့ အခြေအနေ၌ သူတို့၏ ဘိုးဘေးကြီးသည် နက်နဲအလင်းလောက၏ ရောရုဝပြည်အား ပျက်စီးသွားနိုင်သည့် အရာမျိုးအဖြစ် ပြောဆိုလျက် ရှိနေသည်ကို မယုံကြည်နိုင်ဖွယ်ရာ ကြားနေရသည်။
“အနာဂတ်မှာ မဟုတ်ဘူး။ တကယ့်ကို နီးနီးနားနား အနာဂတ်မှာ ဖြစ်လိမ့်မယ်” မုန့်ရှင်းကျီသည် ယုံကြည်ချက် ရှိရှိနှင့် ပြန်လည်ကာ ပြောဆိုလိုက်၏။
“ဘိုးဘေး ဘယ်လိုသိတာလဲ”
ယန်ရှိုက ဇဝေဇဝါ ဖြစ်သွားမိ၏။ သူသိသလောက်ဆိုလျှင် သူ၏ဘိုးဘေးသည် ကောင်းကင်မူလလောကကြီး၌ ကြီးမားသည့် ပြောင်းလဲမှုများ ဖြစ်တည်ခဲ့ပြီးသည့်နောက် တော်ဝင်သဲကန္တာရမြို့ထဲတွင်သာ နေထိုင်ခဲ့၏။ ဤအတောအတွင်း မည်သည့်နေရာကိုမှ မသွားခဲ့ချေ။ အဘယ်ကြောင့် အခြေအနေ တစ်ခုလုံးကို ရှင်းရှင်းလင်းလင်း သိရှိနေရသနည်း။
“မင်းကို ကြည့်ရတာ တကယ့်ကို အမြင်ကျဉ်းလွန်းတယ်”
မုန့်ရှင်းကျီသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ဒီရက်ပိုင်းအတွင်း နက်နဲအလင်းလောကကြီးရဲ့ ရောရုဝပြည်က မြေအင်မော်တယ်လောကရဲ့ တစ်ဝက်လောက်ကို လွှမ်းမိုးထားခဲ့တယ်။ သူတို့ရဲ့ အားအင်အဆင့်အရ ဆိုရင် မြေအင်မော်တယ်လောကတစ်ခုလုံးကို အားအင်စိုက်ထုတ်မှု ကင်းကင်းနဲ့ လွှမ်းမိုးနိုင်မှာ မဟုတ်လား။ ဒါပေမဲ့ သူတို့ ရုတ်တရက် ရပ်တန့်လိုက်တယ်။ ဘာကြောင့်လဲ မင်းသိလား”
“ဘာလို့လဲဆိုတော့ စီနီယာနန်းဆောင်သခင်ကြောင့်ပေါ့” ယန်ရှိုသည် ခွန်းတုံ့ပြန်လိုက်မိသည်။
ဤသတင်းသည် လျှို့ဝှက်ချက် မဟုတ်ချေ။ ကောင်းကင်မူလလောကကြီးထဲတွင် ရှိနေသည့် လူပေါင်း များစွာတို့ သိရှိပြီးသောအရာဖြစ်၏။ ထို့အပြင် အန္တိမအဆင့် ကျင့်ကြံသူသုံးယောက်တို့ သေဆုံးသွားခဲ့ခြင်း ဆိုသည်မှာ ကိစ္စသေးသေးလေး မဟုတ်ချေ။ ရောရုဝပြည်ကိုသာမက ကောင်းကင်မူလလောကကြီးထဲတွင် ရှိနေသည့် သက်ရှိ သတ္တဝါပေါင်း များစွာတို့ကိုလည်း အံ့အားသင့်စေခဲ့၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ရိုက်ချက် တစ်ခုတည်းကို ထုတ်ဖော်ပြီး အန္တိမအဆင့် ကျင့်ကြံသူသုံးယောက်ကို သတ်ဖြတ်ခဲ့၏။ ထိုအရာသည် အားလုံးသောသူတို့ ခန့်မှန်းထားသည့်အရာမျိုး မဟုတ်ချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အခြေအနေမျိုးကို ရောက်ရှိနေပြီး သူတို့အနေနှင့် စိတ်ကူးနှင့် တွက်ချက်၍ မရနိုင်ကြောင်း သိရှိနားလည်ခဲ့ကြသည်။
ပြောရမည်ဆိုလျှင် အားလုံးသောသူတို့သည် ရောရုဝပြည် အနေနှင့် လက်ရှိ ၎င်းတို့၏ ရည်မှန်းချက် အားလုံးကို ပြန်လည်ကာ သိမ်းဆည်းသွားခဲ့ခြင်းမှာ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်ကြောင့် ဖြစ်ကြောင်း သိရှိခဲ့ပြီးပြီ ဖြစ်ကြ၏။
“အမှန်ပဲ”
မုန့်ရှင်းကျီက ခေါင်းညိတ်လိုက်၏။ သူသည် နက်နဲအလင်းလောကကြီး တည်ရှိရာဘက်ဆီသို့ လှမ်းကြည့်ကာ တီးတိုးပြောလိုက်သည်။ “ငါ့ရဲ့ ခန့်မှန်းချက်တွေက မှန်မယ်ဆိုရင် လက်ရှိ ရောရုဝပြည်က ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်နဲ့ နှိုင်းယှဉ်လို့ရတဲ့လူတွေ မဟုတ်ဘူးလို့ ခံစားမိတယ်။ ဒါကြောင့်လည်း သူတို့ တွန့်ခနဲ ဖြစ်နေတာပေါ့။ သူတို့မှာသာ ယုံကြည်ချက် ရှိတယ်ဆိုရင် ကျိန်းသေပေါက် သံသယရှိစရာ မလိုဘဲ တိုက်ခိုက်ရလိမ့်မယ်။ မြေအင်မော်တယ်လောကကြီးရဲ့ အဆုံးသတ်ရောက်အောင် သူတို့ ကျိန်းသေပေါက် ပြုလုပ်ရမယ်။ ရောရုဝပြည်ရဲ့လူတွေက တစ်စုံတစ်ခုကို သိရှိနေတာ ဖြစ်လိမ့်မယ်”
မုန့်ရှင်းကျီက ဆက်လက်ကာ ပြောဆိုလိုက်၏။ “အားလုံး နားလည်နေတဲ့အတိုင်းပဲ၊ မြေအင်မော်တယ် လောကကြီးအနေနဲ့ ဒီတလောအတွင်းမှာ ဘာလုပ်လို့ ရနိုင်မယ်ထင်လဲ။ မြေအင်မော်တယ်လောကကြီးက လက်ရှိ အခြေအနေကနေ ခုန်ထွက်ပြီး အကောင်းမွန်ဆုံးသော အခြေအနေဆီ ရောက်အောင် ပြုလုပ်နိုင်မယ် ထင်လား”
“ဒါပေမဲ့”
ယန်ရှိုသည် သူ၏နှုတ်ခမ်းပါးများကို တင်းတင်းစေ့လိုက်၏။ သူသည် သံသယများ ရှိလို့နေခဲ့၏။ “ဘိုးဘေး... မြေအင်မော်တယ်လောကကြီးကို အရမ်းကြီး အကောင်းမြင်နေတယ်လို့ မထင်ဘူးလား။ မြေအင်မော်တယ် လောကကြီးမှာ အန္တိမကျင့်ကြံသူ တစ်ယောက်တောင်ရှိတာ မဟုတ်ဘူး။ ကောင်းကင် လျှို့ဝှက်နန်းဆောင်က သိသာရှင်းလင်းလွန်းတဲ့ လမ်းစဉ်တစ်ခုကို ညွှန်ပြပေးမယ် ဆိုရင်တောင် ဘာများ ကွာခြားသွားမှာမို့လို့လဲ”
များပြားလှသည့်လူများ၏ မျက်လုံးထဲတွင် မဟာဗျူဟာများ ရေးဆွဲခြင်းနှင့် ထိုအတိုင်း ပြုလုပ် လိုက်နာခြင်းသည် တကယ့်ကို ကောင်းမွန်လှသည့်အရာဖြစ်ကြောင်း သိရှိပြီးဖြစ်၏။ သို့ပေမဲ့ အလုံးစုံသော အားအင်အဆင့်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် ထိုအရာအားလုံးသည် အသုံးမဝင်ချေ။ တစ်ဖက်သော သူများအနေနှင့် မည်ကဲ့သို့ ကောင်းမွန်လှသည့် အခြေအနေမျိုးကို တွက်ချက်ကာ ပြုလုပ်သည်ဆိုဆို အဆုံးစွန်သော အားအင်သည် အရာအားလုံးကို သုတ်သင်ရှင်းလင်းပစ်နိုင်စွမ်း ရှိ၏။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က မင်းတွေးထားသလို ရိုးရှင်းတာ မဟုတ်ဘူး” မုန့်ရှင်းကျီက ပြုံးလိုက်၏။
လက်ရှိအချိန်၌ သူ၏စိတ်ထဲတွင် ဖန်းဟန်၏ ပုံရိပ်က ပေါ်ပေါက်လာခဲ့၏။ ဤလူသည် လူငယ် ပါရမီရှင်လေးတစ်ယောက်သာ ဖြစ်သည်ဆိုသော်လည်း တော်ဝင်အင်ပါယာအဆင့် အားအင်ကို ထုတ်ဖော်နိုင်၏။ ထိုအရာအားလုံးသည် နောက်ကွယ်၌ ကူညီပံ့ပိုးနေသည့် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်၏ လမ်းညွှန်မှုကြောင့် မဟုတ်ပါလား။
မြေအင်မော်တယ်လောကကြီးသည် လက်ရှိအခြေအနေတွင် မျက်နှာပြင်၌ အန္တိမကျင့်ကြံသူအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများ လိုအပ်လျက် ရှိနေသည်ဆိုသော်လည်း တစ်စုံတစ်ယောက်အနေနှင့် အန္တိမ ကျင့်ကြံခြင်းအဆင့်အားအင်ကို မပိုင်ဆိုင်ဘူးဟု မည်သူက အာမခံနိုင်မည်နည်း။
မြေအင်မော်တယ်လောကထဲတွင် ရှိနေသည့် သက်ရှိသတ္တဝါပေါင်း များစွာတို့သည်သာ အခြေအနေ တစ်ခုလုံးကို ပြောင်းပြန်လှည့်ပစ်ချင်သည်ဆိုသော စိတ်ဆန္ဒကို ကိုင်စွဲကာဖြင့် အရင်းအမြစ်များနှင့် လဲလှယ်သည်ဆိုပါက ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် သာမန်ထက်ပိုသည့် သတင်းအချက် အလက်များကို ပေးအပ်မှာ သေချာ၏။ ထိုသို့ဆိုလျှင် အန္တိမကျင့်ကြံသူ အဖွဲ့လိုက်ကြီးပင် ပေါ်ပေါက် လာနိုင်၏။ ထိုသို့ဖြစ်လာမည်ဆိုလျှင် သူအံ့အားသင့်လိမ့်မည် မဟုတ်ချေ။ နက်နဲအလင်းလောကကြီးသည် အဆုံးသတ်သို့ ရောက်ရှိသွားလိမ့်မည်ဟု သူက ယုံကြည်မိသည်။
“အင်း... ဒါက မျက်လုံးနဲ့ပြေးပြီး ကြည့်တာထက်တောင် ပိုသေချာနေတာမျိုးလား” ယန်ရှို၏ မျက်လုံးများက လင်းလက်သွားခဲ့သည်။ သူတို့ ဘိုးဘေးသည် မသေချာသည့် အကြောင်းအရင်းများကို ဘယ်တော့မှ မပြုလုပ်တတ်ချေ။ သေချာသည်ဆိုပါက ကျိန်းသေပေါက် အရာအားလုံးကို စွန့်စားကာဖြင့် ပြုလုပ်တတ်၏။ ထို့ကြောင့် ယန်ရှိုသည် သူ၏ဘိုးဘေးကို သံသယ မရှိတော့ချေ။
“ကိစ္စတွေ အများကြီးရှိတယ်။ ငါတို့ မြင်နေရတဲ့အရာအားလုံးက အပေါ်ယံသာသာပဲ” မုန့်ရှင်းကျီက ရယ်မောလိုက်၏။ သူသည် မနီးမဝေးတွင်ရှိနေသည့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ လှမ်းကာကြည့်ရှု လိုက်၏။ လက်ရှိအခြေအနေမှာတော့ တစ်စုံတစ်ယောက်သည် အပြင်ဘက်သို့ လျှောက်ထွက်လာခဲ့၏။
ထိုမြင်ကွင်းကို မြင်သည့်အချိန်မှာတော့ မုန့်ရှင်းကျီသည် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် ပြောလိုက်သည်။ “ငါ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ခဏသွားအုံးမယ်။ ငါမရှိတုန်း တောင်ရဲ့ ဂိတ်တံခါးကို သေသေချာချာ စောင့်ကြပ်ထားဖို့ မှာထား။ ဘယ်သူ့ကိုမှ အခွင့်အရေး မရစေနဲ့”
“တပည့် ကျိန်းသေပေါက် မှတ်ထားပါ့မယ်” ယန်ရှိုက အလျှင်အမြန်နှင့် ဦးညွတ်လိုက်၏။ ခေါင်းကို မော့လိုက်သည့် အချိန်မှာတော့ မုန့်ရှင်းကျီသည် အခန်းထဲမှ ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။