အပိုင်း (၅၅၃)
Vol. 37 Ch. 553
"တကယ်ကိုး"
မုန့်ရှင်းကျီ၏ မျက်လုံးများသည် လင်းလက်သွားခဲ့၏။ သူတွေးသမျှ အားလုံးသည် တကယ်ပင် ဖြစ်လို့နေခဲ့၏။ အရေးအကြောင်း အခြေအနေများမျိုး၌ တစ်စုံတစ်ယောက်သည် ရောရုဝပြည်ကို တိုက်ခိုက်ရန် ကြံစည်လျက် ရှိနေ၏။ သူ၏ လက်ရှိအားအင်အဆင့်နှင့် နက်နဲအလင်းလောကကြီးဆီသို့ အပြေးအလွှား ဆိုပါက တစ်လအတွင်း ရောက်ရန်ဆိုသည်မှာ ယုတ္တိတန်သည့် အရာမျိုး မဟုတ်ချေ။
"အင်း ခင်ဗျားအနေနဲ့ နက်နဲအလင်းလောကကြီးဆီတစ်လအတွင်း ရောက်အောင်သွားနိုင်မယ်ဆိုရင် အလုပ်ဖြစ်လိမ့်မယ်။ ဒါပေမဲ့ မရောက်ဘူးဆိုရင် ဒီသတင်းအချက်အလက်ကို သိရင်တောင်မှ အသုံးဝင်မှာ မဟုတ်တော့ဘူး။ " လီယွင်သည် မထူးခြားသလို ပြောလိုက်၏။
မုန့်ရှင်းကျီသည် မျက်မှောင်ကုတ်လိုက်မိ၏။ မြေအင်မော်တယ်လောကကြီးနှင့် ခရမ်းရောင် နက်နဲလောက တို့အား ဖြတ်သန်းကာ သွားရမည် ဖြစ်သောကြောင့် တစ်လအတွင်း ရောက်ရန်မှာ မဖြစ်နိုင်ချေ။
"စီနီယာ နက်နဲအလင်းလောကကို တစ်လအတွင်း ရောက်နိုင်မဲ့ နည်းလမ်းရှိလား။ "
မုန့်ရှင်းကျီက အလျင်စလိုဖြင့် မေးမြန်းလိုက်သည်။
"အင်ပါယာအဆင့် ပစ္စည်းသုံးခု ။ ကျိန်းသေပေါက် စျေးလျော့ပေးဖို့ မရှိဘူး" လီယွင်က လက်ထောင်ပြလိုက်၏။
"သုံး … သုံးခုဟုတ်လား" မုန့်ရှင်းကျီက အလွန်ပင် ခံစားမိသွား၏။ တည်နေရာကို ဖြတ်သန်းသွားဖို့ အင်ပါယာအဆင့် လက်နက်သုံးခုကို ပေးရမည်ဟု တောင်းဆိုနေသည်။ တရားမျှတမှုသည် မည်သည့်နေရာသို့ ရောက်သွားသနည်း။ ခရီးသွားလာမည် ဆိုပါက သူ့အနေဖြင့် တစ်နှစ်အတွင်း သွားလာနိုင်စွမ်း ရှိ၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ တစ်လအတွင်း သွားရန် လိုအပ်နေသည်။ ရောရုဝပြည်သည် ကြီးမားသော အန္တရာယ်ကို ရင်ဆိုင်ရတော့မည် ဖြစ်၏။ ထို့ကြောင့် သူ့အနေဖြင့် မြန်မြန်ဆန်ဆန် သွားရောက်ရန်လည်း လိုအပ်နေသည်။
"များလို့လား" လီယွင်က ရယ်မောလိုက်၏။
"မဟုတ်ပါဘူး။ မဟုတ်ပါဘူး။" မုန့်ရှင်းကျီသည် လျင်လျင်မြန်မြန်ပဲ ဦးခေါင်းကို ခါယမ်းလိုက်၏။ သူသည် အင်ပါယာအဆင့် ပစ္စည်းသုံးခုကို ထုတ်ယူကာဖြင့် လီယွင်၏ရှေ့ဆီသို့ ထိုးပေးလိုက်၏။ သူနှင့် ဖန်းဟန်တို့သည် လွင့်မျောတိမ်တောင်၏ အမွေအနှစ် တည်နေရာဆီမှ အင်ပါယာအဆင့် ပစ္စည်းတော်တော်များများကို ယူဆောင်ခဲ့၏။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် သူသည် ထိုအရာများကို ကြီးကြီးမားမား တန်ဖိုးထားသည်တော့ မဟုတ်ချေ။
"စီနီယာအနေနဲ့ ဂျူနီယာကို ဘယ်အချိန်မှာ ပို့ပေးမှာလဲ" မုန့်ရှင်းကျီက ထပ်မံကာ မေးမြန်းလိုက်သည်။
"အချိန်မရွေး ပို့လို့ရတယ် ဒါပေမဲ့ ခင်ဗျားရဲ့ လက်ရှိအားအင်အဆင့်အရဆိုရင် အသက်ရှင်နိုင်ပါ့မလား။ " လီယွင်က နောက်လိုက်၏။
မုန့်ရှင်းကျီ၏ အမူအရာတစ်ခုလုံးသည် ပြောင်းလဲသွားခဲ့၏။ သူသည် ထိုမေးခွန်းကို စဉ်းစားလျက် ရှိနေ၏။ ထို့ပြင် သူသည် တော်ဝင်အင်ပါယာတစ်ယောက်သာလျှင် ဖြစ်၏။ နက်နဲအလင်း လောကကြီးတွင် သေဆုံးခြင်း သို့မဟုတ် ဒုက္ခရောက်ကောင်းရောက်နိုင်၏။ မည်သူမှ အာမမခံနိုင်ချေ။ ထို့ပြင် နက်နဲအလင်းလောကကြီးတွင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအားမြင့် ကျင့်ကြံသူများ တည်ရှိနေနိုင်၏။ အမှားတစ်ချက် မှားသည်နှင့် အရာအားလုံးကို ဆုံးရှုံးသွားနိုင်၏။ မုန့်ရှင်းကျီ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် စိတ်လှုပ်ရှားမှုများနှင့် သူသည် တုန်ယင်လျက် ရှိနေ၏။ သူသည် ဖန်းဟန်အကြောင်းကို စဉ်းစားနေမိ၏။ လူငယ်ပါရမီရှင် တစ်ယောက်သည် တော်ဝင်အင်ပါယာအဆင့်ကို တက်လှမ်းသွားခဲ့၏။ အဆင့်ပေါင်းများစွာ ကျော်ဖြတ်ကာ တိုက်ခိုက်ခြင်းကို ပြုလုပ်နိုင်၏။ ထို့ကြောင့် သူသည် အန္တိမအဆင့် ကျွမ်းကျင်သူ၏ အားအင်ကို ရရှိရင် အခွင့်အရေးများ ရှိနေနိုင်သည်လား။
"ဟုတ်တယ်… ရှိတာပေါ့"
လီယွင်သည် လက်ကို ဖြန့်လိုက်ပြီးနောက် မဲနက်နေသည့် ကျောက်စိမ်းပြား တစ်ခု ပေါ်ပေါက်လာခဲ့၏။ ထိုအရာသည် မုန့်ရှင်းကျီ၏ လက်ထဲသို့ ကျရောက်သွားခဲ့၏။
"ဒါကို အသက်သွင်းလိုက်မယ်ဆိုရင် ချက်ချင်းပဲ ခင်ဗျားက အန္တိမအဆင့် အစီအရင်တစ်ခုကို ဖန်တီးနိုင်လိမ့်မယ်။ အစီအရင်နဲ့ ပတ်သက်နဲ့ ခင်ဗျားနားလည်မှုနဲ့ဆိုရင် ဒါကို အသက်သွင်းနိုင်မှာပါ"
"ဒါ…."
မုန့်ရှင်းကျီသည် တကယ်ပင် စိတ်လှုပ်ရှားမိသွား၏။ သူသည် အစီအရင် ကျောက်စိမ်းပြားကို ဆွဲကာယူလိုက်သည်။ "ဒါနဲ့ စီနီယာ ဒီအစီအရင်ကျောက်စိမ်းပြားကို ငှားတာလား"
အခြေအနေကို သုံးသပ်ပြီးနောက် သူသည် နားလည်ပြီးဖြစ်၏။ စီနီယာသည် နေရင်းထိုင်ရင်း အစီအရင်ကျောက်စိမ်းပြား စေသနာ ဗရပွနှင့် ပေးအပ်လိမ့်မည် မဟုတ်ချေ။ သူက ထိုအရာကို ကောင်းကောင်း နားလည်၏။ အန္တိမအဆင့် သတ်ဖြတ်ခြင်းအစီအရင်ဆိုသည်မှာ အန္တိမအဆင့် ကျင့်ကြံခြင်းနှင့် ခြားနားသည် မဟုတ်ပါလား။ လူတစ်ယောက်အနေဖြင့် တစ်ယောက် သို့မဟုတ် နှစ်ယောက်ကိုသာ တိုက်ခိုက်နိုင်သည် မဟုတ်ပါလား။ ထိုသို့ဆိုလျှင်တောင်မှ အောင်မြင်မှုရန် သေချာလိမ့်မည် မဟုတ်ချေ။ ထို့အပြင် လူများသည် တစ်ယောက်ချင်းစီ တိုက်ခိုက်ရသည် မဟုတ်ပါလား။ လုံလောက်သည့် ညဏ်အလင်းကို မရရှိပါက ထိုကဲ့သို့ တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။
သို့ပေမဲ့ အစီအရင် ဆိုသည်မှာတော့ ခြားနားလို့နေ၏။ အစီအရင်တစ်ခု ရှိလျှင် အန္တိမအဆင့် ကျင့်ကြံသူများ တစ်ယောက်နှစ်ယောက် လာလျှင်တောင်မှ မုန့်ရှင်းကျီသည် ကြောက်ရွံ့လိမ့်မည် မဟုတ်ချေ။ အစီအရင်ကျောက်စိမ်းပြားသည် တစ်ခါသုံးမဟုတ်ချေ။ မည်သည့်တိုက်မှုမှ မရှိပါက ထပ်သုံးလို့ရနိုင်၏။ စီနီယာသည် ထိုကဲ့သို့ပစ္စည်းကို သူ့အား လိုလိုချင်ချင်နှင့် ပေးအပ်ချင်နေသည်လား။ သူသည် အတွေးများလို့နေ၏။ လီယွင်သည် ထိုကျောက်စိမ်းပြားကို လက်ညိုးညွှန်ကာ ပြောလိုက်၏။
"အန္တိမ အဆင့် ပစ္စည်းသုံးခု"
အန္တိမအဆင့် ပစ္စည်းသုံးခု ဟုတ်လား" မုန့်ရှင်းကျီသည် ကြောင်အသွားမိသည်။
"စျေးကြီးလို့လား"
လီယွင်က အသာပြောလိုက်၏။ "ဒါက အစီအရင်ကျောက်စိမ်းပြားလေးတစ်ခုပဲ ဆိုပေမဲ့ သတ်ဖြတ်ခြင်း အစီအရင် ပါဝင်တယ်။ ခင်ဗျားရဲ့ အားအင်အဆင့်က လုံလောက်တယ်ဆိုရင် ဒီထဲမှာရှိတဲ့ အစီအရင်ရဲ့ သဘောသဘာဝတွေကို ချက်ချင်း နားလည်သွားလိမ့်မယ်။ အစီအရင်ရဲ့ တန်ဖိုးကို ခင်ဗျားနားလည်သင့်ပြီ။ "
အစီအရင် ကျောက်စိမ်းပြား သည် စနစ်မှ ရယူထားခြင်း မဟုတ်ချေ။ လီယွင်ကိုယ်တိုင် အစီအရင်ကျမ်းများကို လေ့လာပြီး ကိုယ်တိုင်ပြုလုပ်ထားသည့် အရာဖြစ်၏။ မူလအားဖြင့် သူသည် ထိုအရာကို တော်ဝင်သဲကန္တာရမြို့ တွင် ထားရန် ရည်ရွယ်ချက်ရှိ၏။ သို့ပေမဲ့ လက်ရှိအခြေအနေတွင် လိုအပ်သည့်ပုံ မပေါ်ချေ။ ထို့ကြောင့် မုန့်ရှင်းကျီကို ရောင်းချခြင်းအားဖြင့် အပိုဝင်ငွေ ရှာနိုင်သည်။
"မကြီးပါဘူး "
မုန့်ရှင်းကျီသည် နှုတ်ခမ်းကို သပ်လိုက်၏။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် သူသည် ထိုကျောက်စိမ်းပြားကို တကယ်ပင် လိုချင်မိ၏။ သို့ပေမဲ့ တန်ဖိုးကြီးသည့် အရာများကို ထုတ်ဖော်ကာ မပေးနိုင်ခဲ့ချေ။ အန္တိမအဆင့် ပစ္စည်းသုံးခုကို မဆိုနှင့် တစ်ခုပင်လျှင် ကြီးမားသည့် တန်ဖိုး ဖြစ်လို့နေ၏။ သူ့၌ တစ်ခုရှိလျှင် သူသည် ချက်ချင်း ထိုအရာကို ထုတ်ပေးလိုက်မှာ ဖြစ်၏။ စီနီယာသည် သူ့အား သုံးခုတိတိ တောင်းဆိုနေခဲ့သည်။ မဖြစ်နိုင်ဖွယ်ရာပင်။
"စီနီယာ ညှိနှိုင်းလို့ရသေးလား" မုန့်ရှင်းကျီက တီးတိုးမေးမြန်းလိုက်၏။
"အင်း … ရတာပေါ့"
လီယွင်က အသာပြောလိုက်သည်။ "ကျုပ် ခင်ဗျားကို ငှားလိုက်မယ်။ တစ်ကြိမ်သုံးဖို့က အစစ်အမှန် အင်မော်တယ်အဆင့် ပစ္စည်းငါးခုပဲ"
လီယွင်သည် လက်ငါးချောင်းကို ထောင်ပြီး မုန့်ရှင်းကျီ၏ ရှေ့၌ ခါယမ်းပြလိုက်၏။
"ငါး …. ငါးခု ဟုတ်လား"
မုန့်ရှင်းကျီသည် တံတွေးကို မျိုချလိုက်မိ၏။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် အစစ်အမှန် အင်မော်တယ်အဆင့် ပစ္စည်းငါးခုသည် အန္တိမအဆင့် ပစ္စည်းတစ်ခုနှင့် နှိုင်းယှဉ်၍ မရချေ။ သို့ပေမဲ့ သူ့တန်ဖိုးနှင့် သူကတော့ ကြီးမားလို့နေခဲ့၏။ ကြီးမားသည့် အရင်းအမြစ်များကို အသုံးပြုခဲ့ရသည်ဆိုသော်လည်း တစ်ကြိမ်သာလျှင် အသုံးပြုရန် အခွင့်အရေးကို ရရှိ၏။ မည်သို့ပင်ကြည့်ကြည့် ဆုံးရှုံးမှုပင် ဖြစ်၏။
အစီအရင်ကျောက်စိမ်းပြားသာ မရှိပါက သူ့အနေဖြင့် နက်နဲအလင်းလောကကြီးတွင် ကြုံဆုံရမည့် အန္တရာယ်များ ဆီမှ လွတ်မြောက်ရန် မသေချာချေ။ သေဆုံးကောင်း ၊ သေဆုံးသွားနိုင်၏။ သို့ပေမဲ့ အစီအရင်ကျောက်စိမ်းပြား လက်ထဲတွင် ရှိနေသည် ဆိုပါက ကျိန်းသေပေါက် အသက်ရှင်နိုင်ပေလိမ့်မည်။
အကျိုးသင့်၊အကြောင်းသင့်ကို စဉ်းစားပြီးနောက် မုန့်ရှင်းကျီသည် မြန်မြန်ဆန်ဆန်ပဲ သူ၏စိတ်ကို ပြင်ဆင်လိုက်၏။ သူသည် လက်ကို ယမ်းခါပြီးသည့်နောက် သိုင်းနည်းစနစ်နှစ်ခုနှင့် ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။ သိုင်းနည်းစနစ် နှစ်ခုသည် လွင့်မျောတိမ်တောင်ဆီမှ ရရှိခဲ့ခြင်း ဖြစ်ပြီး လွင့်မျောတိမ်တောင်ကို ဖျက်ဆီးပြီးနောက် ထိုအရာများကို သိမ်းဆည်းလာခဲ့ခြင်းပင်။
"စီနီယာ အစစ်အမှန် ပစ္စည်းငါးခုကိုတော့ မထုတ်နိုင်တော့ပါဘူး။ ဒါပေမဲ့ ဒီပစ္စည်းတွေက ဈေးနှုန်းနဲ့ ကိုက်ညီပါရဲ့လား”
"အင်း ဒါကိုလက်ခံတယ်"
လီယွင်က ခေါင်းညိတ်လိုက်၏။ အစီအရင်ကျောက်စိမ်းပြားသည် ဖြေးညင်းစွာဖြင့် မုန့်ရှင်းကျီ၏ လက်ထဲသို့ ရောက်ရှိသွားခဲ့သည်။