အခန်း (၁၂၇၆-၁၂၇၈)
Vol. 86 Ch. 1276-1278
အခန်း(၁၂၇၆)
ကျန်းချန်က ဆိတ်ငြိမ်တောင်တန်း၏ အစွန်းရှိ ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ ရှိရာသို့ တန်းတန်းမတ်မတ် ဦးတည်သွားခဲ့သည်။
ထိုတောင်တန်းတွင် ရုန့်ရင်းသောသားရဲများ ပြည့်နှက်နေသော်လည်း ကျန်းချန်၏ အင်အားဖြင့်ဆိုလျှင် ထိုသားရဲများသည် မည်သည့် အနှောင့်အယှက်မှ မပေးနိုင်ပေ။
နေ့တစ်ဝက် အချိန်အတွင်းမှာပင် ကျန်းချန်သည် လျှို့ဝှက်ဆန်းကြယ်ပြီး ရှေးကျသော ချိုင့်ဝှမ်းတစ်ခု ဆီသို့ ရောက်ရှိလာခဲ့သည်။
ထိုချိုင့်ဝှမ်းသည် အလွန်ပင် ကြီးမားပြီး မိုင်ထောင်ချီကျယ်ဝန်း၏။
ကျန်းချန်သည် ချိုင့်ဝှမ်းအပေါ်ရှိ ကောင်းကင်ထက်တွင် အလွန်အမင်း အန္တရာယ်ရှိသော စွမ်းအင်လှိုင်းတစ်ခုကို ခံစားမိခဲ့သည်။
နတ်သန္ဓေအင်ပါယာပင် အလျင်စလို ဝင်ရောက်ခဲ့လျှင် ထိုစွမ်းအင်ဖြင့် ချက်ချင်းဆိုသလို သတ်ဖြတ်ခံရမည်ကို ကျန်းချန် သံသယမရှိခဲ့ပေ။
"ဒါက ရှေးဟောင်းအင်ပါယာရဲ့သန္ဓေပြောင်းသင်္ချိုင်းဂူ နေရာလား တကယ်ကို ထူးခြားတာပဲ"
ကျန်းချန်က တီးတိုးရေရွတ်လိုက်ပြီး သူ၏ပတ်ဝန်းကျင်ကို ချက်ချင်းပင် အကဲခတ်လိုက်သည်။
ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ ဝင်ပေါက်အနီးတွင် ရာနှင့်ချီသောာ ပုံရိပ်များ စုရုံးရှိနေသည်ကို သူတွေ့လိုက်ရသည်။
၎င်းတို့ထဲတွင် တချို့က အဖွဲ့လိုက်ဖြစ်ပြီး တချို့ကမူ တစ်ယောက်တည်း ဖြစ်နေကြ၏။
သူတို့အားလုံး၏ အကြည့်သည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ ဆီသို့ ရောက်ရှိနေခဲ့ကြပြီး တစ်စုံတစ်ရာကို တိတ်တဆိတ် စောင့်ဆိုင်းနေပုံရ၏။
ထိုကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအဆင့်သည် အားမနည်းလှပေ။
ကျန်းချန်က စစ်ဆေးကြည့်လိုက်ရာ အနည်းဆုံး သုံးပုံတစ်ပုံခန့်သည် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်သို့ ရောက်ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။
ထိုအထဲတွင် နတ်ဝိညာဥ်ဘုရင် နယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေသည့် ကျင့်ကြံသူတချို့ပင် ရှိ၏။
ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူတွင် ဆန်းကြယ်စွာ ပိတ်ပင်ထားသော အာကာပြင်အလွှာတစ်ခု ရှိ၍ မည်သူမှဝင်ချင်တိုင်း ဝင်ရောက်၍ မရပေ။
လပြည့်ညတွင်သာ ထိုအကာအရံက များစွာ အားနည်းသွားမည် ဖြစ်ပြီး အသက် ၁၀၀အောက် ကျင့်ကြံသူများသာ ဖြတ်သန်းခွင့်ရရှိမည် ဖြစ်သည်။
ရှင်းလင်းစွာဆိုရလျှင် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူကို ဝင်ရောက်ရန် တစ်လလျှင် တစ်ကြိမ်သာ အခွင့်အရေး ရှိသည်။
ထို့ကြောင့် ကျင့်ကြံသူများ ဤနေရာတွင် စုရုံးနေကြခြင်းသည် လပြည့်ညကို စောင့်ဆိုင်းနေသည်မှာ ထင်ရှားနေသည်။
ဤနေ့သည် လပြည့်ည ဖြစ်၏။
ကျန်းချန်က တိတ်ဆိတ်သည့်နေရာ တစ်ခုကို ရှာဖွေကာ တင်ပျဥ်ခွေ၍ ထိုင်ချလိုက်သော်လည်း စိတ်ထဲတွင်မူ ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူနှင့် ပတ်သက်၍ တွေးတောနေမိသည်။
ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ ဝင်ခွင့်စည်းမျဥ်းသည် သဘာဝကျပုံမရဘဲ နောက်ကွယ်ကနေ အရာအားလုံးကို ထိန်းချုပ်နိုင်သည့် မမြင်နိုင်သော လက်ကြီးတစ်စုံ ရှိနေသကဲ့သို့ ဖြစ်နေ၏။
စည်းမျဥ်းကို ကြည့်ရှုရုံဖြင့် ကျန်းချန်သည် နိဗ္ဗာန်မြို့သခင်၏ မှန်းဆချက်က မှန်ကန်နိုင်ကြောင်း ခံစားမိခဲ့သည်။
ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ အပြောင်းအလဲသည် အမှန်တကယ်ပင် တစ်စုံတစ်ယောက်၏ လက်ချက် ဖြစ်နေပါသလော။
ငြိမ်သက်တိတ်ဆိတ်စွာ စောင့်ဆိုင်းနေရင်း အချိန်များသည် တဖြည်းဖြည်းနှင့် ကုန်လွန်သွားခဲ့သည်။
မသိလိုက် မသိဘာသာဖြင့် ညအချိန်သို့ပင် ရောက်ရှိလာခဲ့ပြီး တောက်ပသော လပြည့်ဝန်းသည်ပင် ကောင်းကင်ထက်တွင် ထွက်ပေါ်လာခဲ့သည်။
ထို့နောက်တွင် မှိန်ဖျော့ဖျော့ ငွေရောင်အလင်းတန်းသည် ကောင်းကင်ပေါ်မှ ပြန့်ကျဲကာ ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ တားမြစ်ချက်သည် လ၏ စွမ်းအားအောက်တွင် လျှို့ဝှက်ဆန်းကြယ်စွာ အပြောင်းအလဲ ဖြစ်လာသည်ကို ကျန်းချန် ရှင်းလင်းစွာ ခံစားမိလိုက်သည်။
မကြာခင်မှာပင် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ တည်ရှိရာနေရာတွင် အာကာပြင်လှိုင်းတစ်ခုသည် ရုတ်တရက် ပျံ့နှံ့သွားသည်ကို အားလုံးက မြင်လိုက်ရသည်။
"အချိန်ကျပြီ.. ရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်းသင်္ချိုင်းဂူထဲကို ဝင်လို့ရပြီ"
"ဟားဟား ဒီတစ်ကြိမ်တော့ ရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်း သင်္ချိုင်းဂူထဲကို ဝင်ပြီး နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူ ဖြစ်လာစေရမယ်"
".........."
အာကာပြင်လှိုင်း ပျံ့နှံ့သွားသည်နှင့်အမျှ ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ အပြင်ဘက်ရှိ လူတိုင်း၏ မျက်လုံးများသည် တောက်ပလာခဲ့သည်။
ထို့နောက်တွင် ၎င်းတို့သည် ကျိုင်းကောင်အုပ်စု ကဲ့သို့ ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ ရှိရာဆီ အလျင်စလို ပြေးဝင်သွားခဲ့ကြသည်။
"ဒါက ဘာဖြစ်တာလဲ"
ထိုအချိန်မှာပင် လေထဲတွင် ရုတ်တရက် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။
မုတ်ဆိတ်မွေးနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူထဲ ဝင်ရောက်သည့် အခိုက်တွင် ခန္ဓာကိုယ်တစ်ခုလုံး လျှို့ဝှက်ဆန်းကြယ်သည့် အင်အားတစ်ခုနှင့် ချုပ်နှောင်ခံလိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မုတ်ဆိတ်မွေးနှင့် လူလတ်ပိုင်းအမျိုးသားသည် ထိုလျှို့ဝှက်ဆန်းကြယ်သော အင်အားဖြင့် သတ်ဖြတ်ခံလိုက်ရ၏။
ထိုမြင်ကွင်းကိုမြင်လျှင် လူတိုင်း၏ မျက်လုံးထဲ၌ ကရုဏာသက်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူသည် အသက်၁၀၀ကျော်သော သူများကို ဝင်ရောက်ခွင့်မပြုပေ။
ဤသည်မှာ သံမဏိစည်းမျဥ်းတစ်ခု ဖြစ်ပြီး မည်သူမှ ချိုးဖောက်၍လည်းမရချေ။
မုတ်ဆိတ်မွေးနှင့် လူလတ်ပိုင်းက သိသိကြီးနှင့် စည်းမျဥ်းကိုချိုးဖောက်ရန် ကြိုးစားခဲ့သည်မှာ ကိုယ့်သေတွင်းကိုယ်တူးနေခြင်းပင် မဟုတ်ပါလော။
လူတိုင်းက ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူဆီသို့ အလျင်စလို ပြေးဝင်သွားကြသည်ကို မြင်လျှင် ကျန်းချန်သည်လည်း မတ်တပ်ထရပ်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်း ရှေးဟောင်းအင်ပါယာ၏သန္ဓေပြောင်း သင်္ချိုင်းဂူ တားမြစ်ချက်ကို ဖြတ်ကျော်ကာ လျှို့ဝှက်ဆန်းကြယ်သော ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်သွားခဲ့သည်။
လျှို့ဝှက်ဆန်းကြယ်သော ချိုင့်ဝှမ်းထဲရှိ ပတ်ဝန်းကျင် တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
တစ်ခါတစ်ရံတွင်လည်း အဝေးကနေ ဆန်းကြယ်သော အလင်းရောင်များ လင်းလက်နေသည်ကို တွေ့ရသည်။
ထိုအလင်းရောင်များသည် မြင်တွေ့ရသူကို အလွန် ထူးဆန်းသော ခံစားချက်မျိုး ဖြစ်ပေါ်စေ၏။
သိပ်မကြာခင်မှာပင် လေထုထဲ၌ ပြင်းထန်သော အာကာပြင်လှိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် အာကာပြင် အက်ကွဲကြောင်းထဲကနေ ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။
ထိုသူမှာ တခြားသူ မဟုတ်ပေ။
ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူထဲကို ဝင်ရောက်ခဲ့သော ကျန်းချန်ပင် ဖြစ်၏။
"ဒီနေရာက ကြယ်ငါးပွင့်အင်အားစု နယ်မြေဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. တကယ့်ကို သီးသန့်ကမ္ဘာတစ်ခုလိုပဲ"
ကျန်းချန်က သူ့ရှေ့မှ ပတ်ဝန်းကျင်ကို အကဲခတ်ကာ တအံ့တသြ ရေရွတ်လိုက်သည်။
ထိုအချိန်မှာပင် သူ၏ အနောက်ကနေ ထူးဆန်းသော စွမ်းအင်လှိုင်းတစ်ခုသည် သူ့ဆီသို့ ဝင်ရောက်လာခဲ့သည်။
ကျန်းချန်က ထိတ်လန့်သွားခဲ့ပြီး သူ၏ပုံရိပ်ကို ချက်ချင်းဆိုသလို ပေဆယ်ဂဏန်းကျော် အထိ ရွေ့လျားလိုက်သည်။
ထိုအချိန်တွင် ကျန်းချန်သည် သူယခင်က ရှိနေသောနေရာ၌ ကြည်လင်ပြတ်သားသော စွမ်းအင်ခန္ဓာကိုယ် တစ်ခုကို မြင်တွေ့လိုက်ရသည်။
"ဒါက နိဗ္ဗာန်မြို့သခင်ပြောတဲ့ သန္ဓေပြောင်းစွမ်းအင် ခန္ဓာကိုယ်လား"
ကျန်းချန်က သူ၏ရှေ့မှ စွမ်းအင်ခန္ဓာကိုယ်ကို အသေးစိတ်အကဲခတ်လိုက်သည်။
ဤသန္ဓေပြောင်းစွမ်းအင် ခန္ဓာကိုယ်သည် စင်စစ် မရိုးရှင်းပေ။
သူ၏ရှေ့မှ စွမ်းအင်ခန္ဓာကိုယ်ထဲရှိ စွမ်းအင်လှိုင်းများသည် သိုင်းသခင်နယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူများနှင့်ပင် နှိုင်းယှဥ်နိုင်၏။
ထိုစွမ်းအင်ခန္ဓာကိုယ်က သူသတိလက်လွတ် ဖြစ်နေသောအချိန်တွင် တိတ်တဆိတ် ချဥ်းကပ်ခဲ့ခြင်း ဖြစ်နိုင်သည်။
ဤအချိန်တွင် ကျန်းချန်သည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူထဲတွင် အသက်ရှင်နိုင်သည့်နှုန်းက ၃၀%သာ ရှိနေရသည့် အကြောင်းအရင်းကို အဆုံးသတ်တွင် နားလည်သွားခဲ့သည်။
အကြောင်းအရင်းမှာ ဤသန္ဓေပြောင်းစွမ်းအင် ခန္ဓာကိုယ်သည် လုံးဝ မရိုးရှင်းသောကြောင့်ပင်။
ကျန်းချန်က တွေဝေမနေဘဲ ချက်ချင်းပင် သူ၏လက်ဝါးဖြင့် စွမ်းအင်ခန္ဓာကိုယ်ကို ရိုက်ချလိုက်သည်။
"ဝုန်း.."
စွမ်းအင်ခန္ဓာကိုယ်က ချက်ချင်းပင် ပေါက်ကွဲသွားခဲ့ပြီး လက်မအရွယ်အစားရှိ ကြည်လင်ပြတ်သားသော ခရစ္စတယ်တစ်ခုသည် လေထဲကနေ ပြုတ်ကျလာခဲ့သည်။
"ဒါက ယဲ့ချန်ကျွင်းပြောတဲ့ စွမ်းအင် အဆီအနှစ် ခရစ္စတယ်ပဲ ဖြစ်ရမယ်"
ကျန်းချန်က မျက်မှောင်ကြုတ်သွားခဲ့ပြီး ချက်ချင်းပင် ကြည်လင်ပြတ်သားသော ခရစ္စတယ်ကို တိုက်ရိုက်ဖမ်းယူကာ သူ၏ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။
စွမ်းအင် အဆီအနှစ် ခရစ္စတယ်က သူ၏ ပါးစပ်ထဲတွင် အရည်ပျော်သွားခဲ့ပြီး သန့်စင်သော စွမ်းအင်စီးကြောင်းအဖြစ် တိုက်ရိုက်ပြောင်းလဲကာ ခန္ဓာကိုယ်ထဲတွင် ပျံ့နှံ့သွားခဲ့သည်။
"ဒင်.. သင်က ဆဋ္ဌမအဆင့် ဒြပ်စင်ဝိညာဥ်ရဲ့ အဆီအနှစ်ကို မျိုချပြီး ကျင့်ကြံခြင်း အတွေ့အကြုံရမှတ် ၆၈၀၀ကို အဆ၁၀၀ ရရှိပါတယ်"
သူ၏ စိတ်ထဲမှ စနစ်၏ သတိပေးချက်ကို ကြားလျှင် ကျန်းချန်သည် အံ့သြတုန်လှုပ်သွားခဲ့သည်။
ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ ထဲရှိ စွမ်းအင်ခန္ဓာကိုယ်ကနေ ဖြစ်ပေါ်လာသော အဆီအနှစ် ခရစ်စတယ်သည် အစွမ်းထက် ဆေးဝါးများထက်ပင် ပို၍ အသုံးဝင်နေခဲ့သည်။
သိုင်းသခင်နယ်ပယ် အဆင့်ခန္ဓာကိုယ်ကနေ ဖြစ်တည်လာသည့် စွမ်းအင်အဆီအနှစ် ခရစ္စတယ်သည် မည်သည့် ဆဋ္ဌမအဆင့် ဆေးဝါးထက်မဆို မညံ့ပေ။
ဤအရာက အလွန်ပင် သန့်စင်ပြီး ဘေးထွက်ဆိုးကျိုး လုံးဝမရှိသည့်အပြင် သာမန်လူများပင် လျင်မြန်စွာ စုပ်ယူနိုင်သည်။
ဆဋ္ဌမအဆင့် စွမ်းအင်အဆီအနှစ် ခရစ္စတယ်ကပင် ဤကဲ့သို့သက်ရောက်မှုမျိုး ရှိနေခဲ့၏။
"နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ရဲ့ စွမ်းအင်ခန္ဓာကိုယ်ကနေ ဖွဲ့စည်းထားတဲ့ သတ္တမအဆင့် ဝိညာဥ်အဆီအနှစ်နဲ့ နတ်သန္ဓေအင်ပါယာအဆင့် စွမ်းအင်ခန္ဓာကိုယ်ကနေ ဖွဲ့စည်းထားတဲ့ အဌမအဆင့် အဆီအနှစ်သာ ဆိုရင် ဘယ်လောက်တောင် အာနိသင် ရှိမလဲ မသိဘူး"
ထိုသို့တွေးမိလျှင် ကျန်းချန်၏ မျက်လုံးထဲတွင် ဝမ်းသာသော အရိပ်အယောင် တစ်ခု ဖြစ်ပေါ်လာသည်။
ရှန်းဝူတိုက်မှ ကျင့်ကြံသူများသည် အသက်ကိုရင်း၍ ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ ထဲသို့ ဝင်ရောက်ရန် ဆန္ဒရှိနေသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
သူသာ ယခုထက်ပို၍ အရည်အသွေးမြင့်သည့် စွမ်းအင်အဆီအနှစ် ခရစ္စတယ်ကို ပိုမို ရရှိခဲ့လျှင် သူ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်မှုအရှိန်အဟုန်သည် နတ်ခရစ္စတယ်ဖြင့် ကျင့်ကြံစဥ်ကထက် ပို၍ မြန်ဆန်သွားနိုင်ပေသည်။
အခန်း(၁၂၇၆)ပြီး၏။
အခန်း(၁၂၇၇)
ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူထဲတွင် နေရာတစ်ခုလုံးသည် အပ်ကျသံပင် ကြားရလောက်သည်အထိ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
ကျန်းချန်က နတ်သန္ဓေအင်ပါယာ၏ အစွမ်းထက်သော အမြင်အာရုံကို ဖြန့်ကျက်ကာ ဖြည်းဖြည်းချင်း လှုပ်ရှားနေခဲ့သည်။
ရုတ်တရက် သူက လေထဲရှိ တစ်နေရာသို့ လျှပ်စီးကဲ့သို့ မြန်ဆန်သော လက်သီးတစ်လုံးကို ပစ်သွင်းလိုက်၏။
ကြည်လင်ပြတ်သားသော ပေါက်ကွဲသံက တိတ်ဆိတ်သောပတ်ဝန်းကျင်တွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့သည်။
ထို့နောက်တွင် သတ္တမအဆင့် စွမ်းအင်အဆီအနှစ် ခရစ်စတယ်သည် လေထဲကနေ တိုက်ရိုက် ပြုတ်ကျလာခဲ့သည်။
"နောက်ထပ် သတ္တမအဆင့် စွမ်းအင်အဆီအနှစ်(၁)ခုကို ရလိုက်ပြန်ပြီ"
ကျန်းချန်က လေထဲကနေ ပြုတ်ကျလာသော စွမ်းအင်အဆီအနှစ် ခရစ္စတယ်ကို လက်ဆန့်ထုတ်၍ဖမ်းကာ သိုလှောင်အိတ်ထဲ ထည့်လိုက်သည်။
သူ၏ မျက်နှာထက်တွင် ရှားရှားပါးပါး အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။
ဤရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူတွင် သူ့အနေဖြင့် လေထဲတွင် ပျံသန်း၍ မရရှိရုံသာမက သူ၏ အမြင်အာရုံသည်လည်း ၁၀ဆကျော် အားနည်းနေခဲ့သည်။
သူ့လို နတ်သန္ဓေအင်ပါယာအဆင့်၏ အစွမ်းထက်သော အမြင်အာရုံသည်ပင် သူ၏ ပတ်ဝန်းကျင် မီတာတစ်ရာပတ်လည်အတွင်းမှ အခြေအနေကိုသာ အာရုံခံနိုင်ခဲ့၏။
သာမန် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ဆိုလျှင် အမြင်အာရုံ အကွာအဝေးသည် အများဆုံး ၁၀ပေမှပေ၂၀ခန့် လောက်သာ ရှိနိုင်မည် ဖြစ်သည်။
သိုင်းသခင် နယ်ပယ်အဆင့် ကျင့်ကြံသူ၏ အမြင်အာရုံ အကွာအဝေးဆိုလျှင် ၃ပေကနေ ၅ပေလောက်သာ ရှိနိုင်မည်ဖြစ်၏။
ထို့အပြင် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူပတ်ဝန်းကျင်သည် ထိုနေရာကို ဝင်ရောက်လာသည့် ကျင့်ကြံသူများအတွက် ရင်းနှီးသောနေရာတစ်ခု မဟုတ်ပေ။
အထူးသဖြင့် သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူများသည် အမြင်အာရုံ နည်းပါးမှုကြောင့် အလွန်ပင် အန္တရာယ်များ၏။
ဆိုရလျှင် သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူ တစ်ယောက်အတွက် ဤနေရာသည် မျက်မမြင် တစ်ယောက်က ချောက်ကမ်းပါး အစွန်းနားတွင် လမ်းလျှောက်နေသည်နှင့် ဆင်တူ၏။
အနည်းငယ် သတိလက်လွတ် ဖြစ်သည်နှင့် အချိန်မရွေး သေဆုံးသွားနိုင်ပေသည်။
ကျန်းချန်ကမူ သူ၏ အမြင်အာရုံ ၁၀ဆ အားနည်းသွားသည့်တိုင် လုံးဝ ကြောက်ရွံ့ခြင်းမရှိခဲ့ပေ။
ဆိတ်ငြိမ်နယ်မြေသည် နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူများ ဝင်ရောက်ခွင့်ကို အမြဲတစေ ပိတ်ပင်ထားသည်ဖြစ်၍ နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူများသည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူထဲတွင် ထွက်ပေါ်လာရန် အကြမ်းဖျင်းအားဖြင့် မဖြစ်နိုင်ပေ။
အကယ်၍ ရှိခဲ့လျှင်ပင် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူထဲကို ဝင်ရောက်ပြီးမှသာ နတ်သန္ဓေ အင်ပါယာအဆင့်ကို တက်လှမ်းခဲ့သည့် ကျင့်ကြံသူများသာ ဖြစ်နိုင်၏။
ထိုအတွက်ကြောင့် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူတွင် နတ်သန္ဓေအင်ပါယာများကို တွေ့ခဲ့လျှင်ပင် သူ့အတွက် မည်သည့်အန္တရာယ်မှ ရှိနိုင်မည်မဟုတ်ပေ။
ကျန်းချန်၏ လက်ရှိ အင်အားဖြင့်ဆိုလျှင် နတ်သန္ဓေအင်ပါယာနယ်ပယ် သတ္တမအဆင့် သို့မဟုတ် ထိုထက် ပိုမြင့်သည့်အဆင့် ကျင့်ကြံသူနှင့် မတွေ့မချင်း ပြဿနာမရှိပေ။
ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူထဲမှ စွမ်းအင်ခန္ဓာကိုယ်များနှင့် ပတ်သက်၍မူ ကျန်းချန်သည် လုံးဝ မစိုးရိမ်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် စွမ်းအင်ခန္ဓာကိုယ်များ၏ တိုက်ခိုက်ရေးစွမ်းအင်သည် အဆင့်တူအတွင်းမှ ကျင့်ကြံသူတစ်ယောက်ထက် ၃၀% အားနည်းသောကြောင့်ပင်။
ထို့ကြောင့် နတ်သန္ဓေအင်ပါယာနယ်ပယ် သတ္တမအဆင့်စွမ်းအင်ခန္ဓာကိုယ်နှင့် ရင်ဆိုင်ရလျှင်ပင် ကျန်းချန်သည် အနိုင်ယူနိုင်မည်ဟု ယုံကြည်မှုအပြည့်အဝ ရှိ၏။
ကျန်းချန်က သူ၏အမြင်အာရုံ အားနည်းသွားသည်နှင့် ပတ်သက်၍ သူ့အတွက် အန္တရာယ်များ ရှိလာမည်ကို မစိုးရိမ်သော်လည်း စွမ်းအင်အဆီအနှစ် ခရစ္စတယ်များကို ရှာဖွေရာတွင်မူ သူ၏ စွမ်းဆောင်ရည်ကို အနည်းငယ် ထိခိုက်စေခဲ့သည်။
ပုံမှန်အားဖြင့် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်ဖြင့် ဆိုလျှင် ပေထောင်ချီအတွင်းရှိ အရာအားလုံးကိုပင် အလွယ်တကူ မြင်နိုင်၏။
ယခုအခါတွင်မူ ဆယ်ဆခန့် အားနည်းနေခဲ့ပြီ ဖြစ်၍ ကျန်းချန်အနေဖြင့် အင်အားကြီးမားနေလျှင်ပင် ဤနေရာ၌ စွမ်းအင်ခန္ဓာကိုယ်ကို လိုက်ရှာရန်မှာ လွယ်ကူမည်တော့ မဟုတ်ပေ။
နေ့တစ်ဝက်အတွင်း ကျန်းချန်သည် စွမ်းအင်အဆီအနှစ် ခရစ္စတယ်(၅၀)အောက်သာ ရရှိခဲ့ပြီး အများစုမှာ ဆဋ္ဌမအဆင့် ဖြစ်ကာ သတ္တမအဆင့်ကို လက်တစ်ဆုပ်စာ နီးပါးသာ ရရှိခဲ့သည်။
ဤသို့ဖြင့် ကျန်းချန်သည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ နယ်မြေ ထဲသို့ ဖြည်းဖြည်းချင်း လျှောက်ဝင်လာခဲ့၏။
ကျန်းချန်က လမ်းခရီးတွင် တွေ့သည့် စွမ်းအင်ခန္ဓာကိုယ်များကို လက်ဝါးရိုက်ချက်ဖြင့် ဖြိုခွင်းကာ ၎င်းတို့ထံမှ ဖြစ်ပေါ်လာသည့် စွမ်းအင်အဆီအနှစ် ခရစ္စတယ်များကို သိုလှောင်အိတ်ထဲသို့ သိမ်းဆည်းခဲ့သည်။
တစ်နေ့တာ ကုန်ဆုံးသွားပြီးနောက်တွင် ကျန်းချန်သည် စွမ်းအင်အဆီအနှစ် ခရစ္စတယ်(၁၀၀)ကျော်ခန့် အထိ စုဆောင်းနိုင်ခဲ့၏။
တကယ်တမ်းတွင် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူသည် အလွန်တရာ ကြီးမားသည်တော့ မဟုတ်ပေ။
၎င်းက မြောက်ပိုင်းတောရိုင်းဒေသ၏ အကျယ်အဝန်းလောက်သာ ရှိနိုင်၏။
ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူထဲတွင် တစ်နေ့တာ လမ်းလျှောက်ပြီးနောက်တွင် ကျန်းချန်သည် ထိုနေရာ၏ ကျယ်ပြန့်မှုကို နက်ရှိုင်းစွာ ခံစားခဲ့ရသည်။
ဤနေရာက တစ်လတွင်မှ တစ်ကြိမ်သာ ဖွင့်လှစ်ပြီး တစ်ကြိမ်လျှင် တစ်ကြိမ်ဆိုသလောက် ကျင့်ကြံသူ ရာနှင့်ချီ၍ ဝင်ရောက်ခဲ့ကြသည်။
ထိုအထဲမှ အများစုသည် ဝင်ရောက်လာပြီးလျှင် နှစ်ဝက်ခန့်အနည်းဆုံး နေထိုင်ခဲ့ကြ၏။
ထို့ကြောင့် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူမှ သေဆုံးနှုန်းသည် အလွန်မြင့်မားနေသည် ဆိုလျှင်ပင် ဤနေရာတွင် နေထိုင်သော ကျင့်ကြံသူများသည် အများအပြားရှိသင့်သည် မဟုတ်ပါလော။
သို့သော်လည်း ကျန်းချန်သည် တစ်နေ့တာလုံး ခရီးဆက်ပြီးသည့်နောက်မှာပင် လူရိပ်လူယောင် မတွေ့ခဲ့ရပေ။
ဤကဲ့သို့ ကျယ်ပြန့်သည့်နေရာတွင် သူ့အနေဖြင့် လေထဲတွင် ပျံသန်း၍ မရရုံသာမက အမြင်အာရုံလည်း ဆယ်ဆခန့် အားနည်းနေခဲ့၍ ဤနေရာတွင် သူ့ဆရာ ရှောင်တုလီကို ရှာဖွေရန်မှာ သူ့အတွက် ခေါင်းခဲစရာ ဖြစ်နေခဲ့သည်။
ကျန်းချန်က သက်ပြင်းချလိုက်ပြီး ဖြည်းဖြည်းချင်းသာ ခရီးဆက်ခဲ့သည်။
သူက စွမ်းအင်အဆီအနှစ် ခရစ္စတယ်များကို ရှာဖွေကာ သူ၏ ခွန်အားကို တိုးမြှင့်ရန် စဥ်းစားထားခဲ့၏။
ထိုအချိန်မှာပင် ပုံမှန်မဟုတ်သော စွမ်းအင်လှိုင်းတစ်ခုသည် သူ၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့သည်။
ကျန်းချန်က ခြေလှမ်းကို ရပ်တန့်လိုက်ပြီး ထိုစွမ်းအင်လှိုင်း လှုပ်ခတ်သည့် နေရာဆီသို့ ကြည့်လိုက်မိသည်။
ထိုအခါ သူ၏ရှေ့ ပေ၁၀၀ခန့်တွင် စွမ်းအင်ခန္ဓာကိုယ် ဒါဇင်ပေါင်း များစွာကို တွေ့ရှိလိုက်ရ၏။
ထိုအထဲတွင် သတ္တမအဆင့် စွမ်းအင်ခန္ဓာကိုယ် ၇ခု ၈ခုခန့်ပင် ရှိနေခဲ့သည်။
သတ္တမအဆင့် စွမ်းအင်ခန္ဓာကိုယ်တွင် အလွန် သိပ်သည်းသော အဆီအနှစ်များ ပါဝင်ပြီး နတ်ဝိညာဥ်ဘုရင် နယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူနှင့်ပင် နှိုင်းယှဥ်နိုင်၏။
ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူကို တစ်နေ့တာလုံး လှည့်ပတ်ပြီးနောက်တွင် အဆုံးသတ်၌ အစွမ်းထက်သော စွမ်းအင်ခန္ဓာကိုယ်အုပ်စုကို သူ့အနေဖြင့် တွေ့လိုက်ရပြီဖြစ်၏။
ကျန်းချန်က ဝမ်းသာသွားခဲ့ပြီး ချက်ချင်းဆိုသလို ထိုစွမ်းအင်ခန္ဓာကိုယ်များ ရှိသည့်နေရာသို့ အလျင်စလို သွားရောက်ခဲ့သည်။
သူ၏ရှေ့မှ စွမ်းအင်ခန္ဓာကိုယ်များထံမှ စွမ်းအင်အဆီအနှစ် ခရစ္စတယ်များကိုသာ ရရှိခဲ့လျှင် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူတွင် တစ်နေ့တာလုံး ပင်ပန်းခဲ့သမျှသည် ထိုက်တန်သွားမည်မှာ သေချာ၏။
တဖြည်းဖြည်း ချဥ်းကပ်လာသည်နှင့်အမျှ သူအစောပိုင်းက အာရုံခံခဲ့သော စွမ်းအင်လှိုင်းများသည် တစ်စိတ်တစ်ဒေသသာ ရှိသေးမှန်း အံ့သြစွာ တွေ့လိုက်ရသည်။
ဆိုရလျှင် ထိုစွမ်းအင်ခန္ဓာကိုယ်များနှင့် အတော်အသင့် ကွာဝေးသော နေရာ၌ စွမ်းအင်လှိုင်း အစုအဝေးကြီးတစ်ခု ရှိနေသေးခြင်းပင်။
"ဒီစွမ်းအင်ခန္ဓာကိုယ်တွေ အားလုံးကို သန့်စင်လိုက်မယ်ဆိုရင် နတ်သန္ဓေ အင်ပါယာနယ်ပယ်ရဲ့ ဒုတိယအဆင့်ကို တက်လှမ်းနိုင်မယ်ထင်တယ်"
ကျန်းချန်က စိတ်ထဲကနေ တွေးလိုက်မိသည်။
သူက အလျင်စလို ပြေးထွက်ပြီး စွမ်းအင်ခန္ဓာကိုယ်များကို အမဲလိုက်တော့မည့် အချိန်မှာပင် နတ်ဝိညာဥ်ဘုရင်နယ်ပယ်အဆင့် အရှိန်အဝါတချို့သည် သူ၏ ဘယ်ဘက်ခြမ်းကနေ ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က ခေါင်းငဲ့၍ ကြည့်လိုက်ရာ ပုံရိပ်ငါးခုသည် လျင်မြန်စွာဖြင့် သူ၏ ၁၀အောက် အကွာအဝေးတွင် ပေါ်လာသည်ကို တွေ့လိုက်ရသည်။
"သခင်လေးကျောက်.. ရှေ့မှာ စွမ်းအင်ခန္ဓာကိုယ်တွေ စုဝေးနေတဲ့နေရာရှိတယ်"
လမ်းပြဖြစ်ပုံရသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက သူ၏အနောက်မှ မာနကြီးသော အသွင်အပြင်ရှိသည့် လူငယ်တစ်ဦးကို ပြောလိုက်သည်။
စကားအဆုံးမှာပင် လူလတ်ပိုင်း အရွယ်အမျိုးသားက ပတ်ဝန်းကျင်၌ တစ်စုံတစ်ယောက် ရှိနေသည်ကို သိရှိလိုက်ပြီး ကျန်းချန် ရှိရာဘက်သို့ ကြည့်လိုက်သည်။
ထို့နောက်တွင် လူလတ်ပိုင်းအရွယ်အမျိုးသားသည် ခါးခါးသီးသီးအမူအရာဖြင့် ကျန်းချန်ကို အော်ငေါက်လိုက်သည်။
"ဒါကို ငါတို့အရင်တွေ့တာပဲ.. မင်းဘာလို့ ထွက်မသွားသေးတာလဲ"
"ကောင်းပြီလေ.. မင်းတို့အရင်တွေ့တယ် ဆိုမှတော့ မင်းတို့ကို ဦးစားပေးလိုက်မယ်"
ကျန်းချန်က ထိုလူငါးဦးကို လှမ်းကြည့်လိုက်ကာ ၁၀ပေခန့်အထိ နောက်ဆုတ်သွားခဲ့သည်။
သူ၏ နှုတ်ခမ်းထောင့်စွန်းတွင် ပဟေဠိဆန်သော အပြုံးတစ်ခု ဖြစ်ပေါ်နေခဲ့သည်။
"ငါက မင်းကို ဒီနေရာကနေ လုံးဝထွက်သွားခိုင်းတာ မင်းက ဘာလို့ အဲဒီနေရာမှာရပ်ပြီး စောင့်ကြည့်နေရတာလဲ"
ကျန်းချန်က ၁၀ပေခန့်လောက်သာ နောက်ဆုတ်သွားသည်ကို မြင်လျှင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် အေးစက်စက်ကြုံးဝါးလိုက်သည်။
"ငါက ဒီနေရာမှ အလကားမတ်တပ်ရပ်နေတာ မဟုတ်ဘူး"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။
"ငါက ဒီနေရာမှာ မင်းတို့ ငါ့ကို လာတောင်းပန်မှာကို စောင့်နေတာပဲ"
အခန်း(၁၂၇၇)ပြီး၏။
အခန်း(၁၂၇၈)
"ငါက မင်းတို့ ငါ့ကို လာတောင်းပန်မှာကို စောင့်နေတာ"
ကျန်းချန်၏ စကားက တစ်ဖက်မှ လူငါးဦးကို ရုတ်တရက် မှင်တက်သွားစေခဲ့သည်။
မကြာခင်မှာပင် သူတို့အားလုံးသည် ကျန်းချန်ကို အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လိုက်ကြ၏။
"ဟားဟား မင်းက တကယ်ကို လေလုံးထွားတာပဲ.. လျှာမခေါက်အောင် သတိထားဦး"
လူလတ်ပိုင်းအရွယ် အမျိုးသားက ကမ္ဘာပေါ်တွင် အရယ်ရဆုံးဟာသကို ကြားလိုက်ရသကဲ့သို့ အားပါးတရ လှောင်ရယ်လိုက်သည်။
သူတို့ငါးဦးစလုံးသည် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
ထို့အပြင် သူတို့ထဲမှ နှစ်ယောက်သည် နတ်ဝိညာဥ်ဘုရင်နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေခဲ့ကြပြီ ဖြစ်သည်။
သူတို့၏ခွန်အားဖြင့် ဆိုလျှင် သူတို့၏ အရှေ့ရှိ စွမ်းအင်ခန္ဓာကိုယ်အုပ်စုကို ရှင်းလင်းရန်မှာ မည်သည့် ပြဿနာမှ မရှိနိုင်ပေ။
ရှင်းလင်းစွာဆိုရလျှင် သူတို့ငါးဦးသာ ပူးပေါင်းလိုက်လျှင် နတ်သန္ဓေအင်ပါယာအဆင့်နှင့်ပင် နှိုင်းယှဥ်နိုင်သော အဌမအဆင့် စွမ်းအင်ခန္ဓာကိုယ်ကို မတွေ့မချင်း မည်သည့်အရာကမှ သူတို့ကို ခြိမ်းခြောက်နိုင်မည် မဟုတ်ချေ။
သူတို့ငါးဦး ပူးပေါင်းလုပ်ဆောင်ရာတွင် အခက်အခဲရှိခဲ့လျှင်ပင် သူတို့ရှေ့မှ လူငယ်လေးသည် မည်ကဲ့သို့ ဖြေရှင်းနိုင်ပါမည်နည်း။
"ငါလေလုံးထွားမထွား မကြာခင် သိရပါလိမ့်မယ်.. ကောင်းပြီ.. ငါက အရင်တွေ့တဲ့သူ အရင်ရတယ်ဆိုတဲ့ စည်းမျဥ်းကို အမြဲတစေ လိုက်နာခဲ့တယ်.. မင်းတို့က ငါ့ထက် အရင်တွေ့တယ်ဆိုမှတော့ မင်းတို့ကို အရင်ဦးစားပေးမယ်.. မစိုးရိမ်ပါနဲ့ မင်းတို့ စွမ်းအင်ခန္ဓာကိုယ်တွေနဲ့ တိုက်ခိုက်နေတုန်း ငါမင်းတို့ကို အလစ် ဝင်မတိုက်ဘူးလို့ ကတိပေးတယ်"
ကျန်းချန်က ပျင်းတိပျင်းတွဲ လေသံဖြင့် ပြောလိုက်သည်။
သူက ထိုငါးဦး၏ ခွန်အားကို တစ်ချက်ကြည့်ရုံဖြင့်ပင် ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။
၎င်းတို့ထဲမှ မာနကြီးပုံရသော လူငယ်သည် အလွန်ပင် သန်မာပြီး နတ်ဝိညာဥ်ဘုရင်နယ်ပယ် သတ္တမအဆင့်ကို ရောက်ရှိနေခဲ့ပြီဖြစ်သည်။
ထိုလူငယ်၏ နံဘေးတွင် နတ်ဝိညာဥ်ဘုရင်နယ်ပယ် အဌမအဆင့်ရှိ ခန္ဓာကိုယ် ထွားကျိုင်းသော ကျင့်ကြံသူတစ်ဦးလည်း ရှိ၏။
ထိုနှစ်ဦးမှ လွဲ၍ ကျန်နှစ်ဦးနှင့် လမ်းပြ တာဝန်ယူထားသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် အလွန်ပင်အားနည်းပြီး သိုင်းသခင်နယ်ပယ် ဒုတိယအဆင့်နှင့် တတိယအဆင့်ကျင့်ကြံသူများသာ ဖြစ်ကြသည်။
၎င်းတို့ငါးဦး၏ အင်အားသည် ၎င်းတို့ရှေ့ရှိ စွမ်းအင်ခန္ဓာကိုယ်အုပ်စုကို ရှင်းလင်းရန် အမှန်တကယ် လုံလောက်သည်။
သို့သော်လည်း နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်၏ အမြင်အာရုံသည် ဤနေရာတွင် အကန့်အသတ် ရှိ၏။
၎င်းတို့နှင့် ပေဆယ်ဂဏန်းကျော် အကွာတွင် ပို၍ အင်အားကြီးမားသော စွမ်းအင်ခန္ဓာကိုယ် အုပ်စုရှိနေမှန်း မသိကြပေ။
ဤလူငါးဦးက သူတို့ရှေ့ရှိ စွမ်းအင်ခန္ဓာကိုယ်များနှင့် တိုက်ပွဲစတင်လိုက်သည်နှင့် ၎င်းတို့နှင့် မလှမ်းမကမ်းရှိ စွမ်းအင်ခန္ဓာကိုယ် အုပ်စုကို သတိပေးလိုက်သလို ဖြစ်သွားမည်မှာ သေချာသလောက်ပင် ဖြစ်၏။
ထိုအချိန်သို့ ရောက်လျှင် ဤလူငါးဦးသည် အသက်လု၍ပင် ထွက်ပြေးရနိုင်သည်။
"သူ့ကို လွှတ်ထားလိုက်.. ငါတို့ စွမ်းအင်ခန္ဓာကိုယ်တွေကို အမြန်ဆုံးရှင်းပစ်လိုက်ရအောင်"
မာနကြီးပုံရသော လူငယ်က ကျန်းချန်ကို လျစ်လျူရှုလိုက်ပြီး ချက်ချင်းပင် သူ၏ အဖွဲ့ကို ဦးဆောင်ကာ သူတို့၏ အရှေ့ရှိ စွမ်းအင်ခန္ဓာကိုယ် အုပ်စုဆီသို့ အလျင်စလို ပြေးဝင်သွားခဲ့သည်။
သူတို့ကို လေလုံးထွားနေသော ကောင်လေးသည် အသက်၂၀ကျော် အရွယ် လူငယ်လေးမျှသာ ဖြစ်သည်။
ထိုလူငယ်လေးက ပါရမီရှင် ဖြစ်နေလျှင်ပင် အလွန်ဆုံး နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူသာ ဖြစ်နိုင်လောက်၏။
သို့ဖြစ်ရာ သူတို့ကို အလစ်တိုက်ခိုက်နေလျှင်ပင် သူတို့အနေဖြင့် ဂရုစိုက်မည်မဟုတ်ပေ။
သူတို့ငါးယောက် စွမ်းအင်ခန္ဓာကိုယ်များ ဆီသို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် စွမ်းအင်ခန္ဓာကိုယ်များသည် သူတို့ငါးဦးကို အလယ်တွင် ဝိုင်းရံထားလိုက်သည်။
"ကျောက်ဟူ.. မင်းက နတ်ဝိညာဥ်ဘုရင် နယ်ပယ် နဝမအဆင့် စွမ်းအင်ခန္ဓာကိုယ်ကို ထိန်းထားလိုက်.. ကျန်တဲ့စွမ်းအင်ခန္ဓာကိုယ်တွေကို ရှင်းပစ်ပြီးတာနဲ့ ငါတို့မင်းကို လာကူမယ်"
မာနကြီးပုံရသော လူငယ်သည် အလွန်တရာ အားကောင်းသော စွမ်းအင်ခန္ဓာကိုယ်ကို စိုက်ကြည့်ပြီးနောက်တွင် နတ်ဝိညာဥ်ဘုရင် နယ်ပယ် အဌမအဆင့် ကျင့်ကြံသူ ဖြစ်သည့် ခန္ဓာကိုယ်ထွားကျိုင်းသူကို အမိန့်ပေးလိုက်သည်။
"ကျွန်တော့် တာဝန်ထားလိုက်ပါ"
ခန္ဓာကိုယ်ထွားကျိုင်းသော ကျင့်ကြံသူက ခေါင်းညိတ်လိုက်ပြီး နတ်ဝိညာဥ်ဘုရင် နယ်ပယ် နဝမအဆင့် စွမ်းအင်ခန္ဓာကိုယ်ဆီသို့ တိုက်ရိုက်ပင် ပြေးဝင်သွားခဲ့သည်။
မာနကြီးပုံရသော လူငယ်ကလည်း သူ၏ အဖော်များနှင့်အတူ ကျန်ရှိသည့် စွမ်းအင်ခန္ဓာကိုယ်များကို စတင် တိုက်ခိုက်လိုက်သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် သူတို့လူစုသည် စွမ်းအင်ခန္ဓာကိုယ် ဒါဇင်ကျော်ကို ရှင်းလင်းပစ်နိုင်ခဲ့သည်။
ထိုသို့ သူတို့လူစု အင်တိုက်အားတိုက် သတ်ဖြတ်နေသောအချိန်မှာပင် သူတို့ရှေ့ကနေ ပြင်းထန်သော စွမ်းအင်လှိုင်းများသည် တိုက်ခတ်လာခဲ့သည်။
ကျောက်ဟူက ဤမြင်ကွင်းကို ဦးစွာ သတိပြုမိသွားပြီး မျက်နှာအမူအရာ သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။
"မကောင်းတော့ဘူး.. ငါတို့ရဲ့ တိုက်ပွဲက ငါတို့ရဲ့ရှေ့မလှမ်းမကမ်းမှာရှိတဲ့ အင်အားကြီးမားတဲ့ စွမ်းအင်ခန္ဓာကိုယ်အုပ်စု တစ်စုကို ဆွဲဆောင်သလို ဖြစ်သွားခဲ့ပြီ"
ကျောက်ဟူ၏ စကားသံကို ကြားလျှင် ကျန်ရှိသော လူငယ်များသည် တစ်ခဏမျှ အံ့အားသင့်သွားခဲ့ကြသည်။
ထိုခဏမှာပင် သူတို့အားလုံးသည် သူတို့ဆီသို့ လျင်မြန်စွာ ပြေးလာနေသည့် စွမ်းအင်ခန္ဓာကိုယ်များကို အာရုံခံမိခဲ့ကြ၏။
မာနကြီးပုံရသောလူငယ် အကြောက်ရွံ့ဆုံး အရာမှာ သူတို့ဆီသို့ ပြေးဝင်လာသော စွမ်းအင်ခန္ဓာကိုယ်အုပ်စုထဲရှိ စွမ်းအင်ခန္ဓာကိုယ်နှစ်ခုမှ ထုတ်လွှတ်နေသော စွမ်းအင်လှိုင်းများသည် ကျောက်ဟူ ထိန်းချုပ်ထားသည့် စွမ်းအင်ခန္ဓာကိုယ်ထက် လုံးဝ မနိမ့်ကျသော အချက် ဖြစ်သည်။
တစ်နည်းအားဖြင့် သူတို့၏ တိုက်ပွဲကနေ ဆွဲဆောင်ခံရပြီး ဤနေရာသို့ ပြေးဝင်လာကြသည့် စွမ်းအင်ခန္ဓာကိုယ် အုပ်စုထဲတွင် နတ်ဝိညာဥ်ဘုရင်နယ်ပယ် နဝမအဆင့် အထွတ်အထိပ်နှင့် ညီမျှသည့် စွမ်းအင်ခန္ဓာကိုယ်နှစ်ခု ပါရှိနေခြင်းပင်။
"သခင်လေးကျောက်.. နောက်ထပ် ရောက်လာမဲ့အုပ်စုမှာ နတ်ဝိညာဥ်ဘုရင် နယ်ပယ် နဝမအဆင့်နဲ့ ညီမျှတဲ့ စွမ်းအင်ခန္ဓာကိုယ်နှစ်ခုတောင် ပါလာတယ်.. ကျွန်.. ကျွန်တော်တို့ အခု ဘာဆက်လုပ်ရမလဲ"
လမ်းပြဖြစ်သည့် လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့သွားခဲ့သည်။
ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူရှိ စွမ်းအင်ခန္ဓာကိုယ်များသည် အလွန်ပင် လျင်မြန်ပြီး ၎င်းတို့နှင့်ထိပ်တိုက် ဆုံမိသည်နှင့် လွတ်မြောက်နိုင်ခြေ လုံးဝမရှိပေ။
ယခုအခါတွင် သူတို့ဆီသို့ ဦးတည်၍ လာနေကြသည့် စွမ်းအင် ခန္ဓာကိုယ်များသည် ရာပေါင်းများစွာ အထိပင် ရှိနေခဲ့သည်။
ထိုအထဲတွင် နတ်ဝိညာဥ်ဘုရင် နယ်ပယ် နှောင်းပိုင်းအဆင့်နှင့် ညီမျှသည့် စွမ်းအင်ခန္ဓာကိုယ် နှစ်ဆယ်ကျော် ပါဝင်သည့်အပြင် နတ်ဝိညာဥ်ဘုရင်နယ်ပယ် နဝမအဆင့် အထွတ်အထိပ်နှင့် ညီမျှသည့် စွမ်းအင်ခန္ဓာကိုယ် နှစ်ခုလည်း ပါဝင်၏။
ဤစွမ်းအင် ခန္ဓာကိုယ်များ၏ တိုက်ပွဲဝင်စွမ်းရည်သည် အဆင့်တူအတွင်းရှိ ကျင့်ကြံသူများထက် အနည်းငယ် နိမ့်ကျသော်လည်း ပိန်လှီသော ကုလားအုတ်က မြင်းထက်ပို၍ ကြီးမားသည်ဟူသော စကားပုံအတိုင်းပင်။
သူတို့က မည်မျှပင် အစွမ်းထက်သည် ဖြစ်စေ၊ ယခု သူတို့ဆီဦးတည်လာသည့် စွမ်းအင် ခန္ဓာကိုယ်များကို လုံးဝ ကိုင်တွယ်နိုင်မည် မဟုတ်ပေ။
"ဒီက မိတ်ဆွေ အခြေအနေတွေက ပြောင်းလဲသွားပြီ.. မင်းက ဒီလိုပဲ ဆက်ကြည့်နေဦးမှာလား.. မင်းက ငါတို့နဲ့ သိပ်မဝေးတော့ မင်းကိုယ်တိုင်လည်း လုံခြုံမှာမဟုတ်ဘူး.. ငါတို့အခြေအနေမကောင်းရင် မင်းလည်း အသက်ရှင်နိုင်မှာမဟုတ်ဘူး.. ငါတို့နဲ့ ပူးပေါင်းပြီး ဒီစွမ်းအင်ခန္ဓာကိုယ်တွေကိုတိုက်ခိုက်တာက ပိုပြီးကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုပဲ. ပြီးရင်ရရှိလာမဲ့ စွမ်းအင်အဆီအနှစ် ခရစ္စတယ်တွေကို အညီအမျှ ခွဲဝေကြမယ်.. ဘယ်လိုသဘောရလဲ"
ထိုအချိန်တွင် မာနကြီးပုံရသော လူငယ်သည် ကျန်းချန်ကို လှမ်းကြည့်လိုက်ပြီး သူတို့အဖွဲ့နဲ့ပူးပေါင်းရန် ဖိတ်ခေါ်လိုက်သည်။
ယခုအခါတွင် သူတို့၏ ပေါ့ဆမှုကြောင့် အင်အားကြီးမားသော စွမ်းအင်ခန္ဓာကိုယ်များကို ဆွဲဆောင်မိသလို ဖြစ်သွားခဲ့ပြီး သေရေးရှင်ရေး အခြေအနေ ဖြစ်လာခဲ့သည်။
မာနကြီးပုံရသော လူငယ်အတွက် လက်ရှိအချိန်တွင် တစ်ခုတည်းသော ရွေးချယ်မှုမှာ ရနိုင်သမျှ အင်အားများကို စုပေါင်း၍ အစွမ်းကုန် တိုက်ခိုက်ခြင်းပင် ဖြစ်သည်။
ဤကောင်လေးက ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူထဲကို တစ်ယောက်တည်း လျှောက်ဝင်လာခဲ့သည် ဖြစ်ရာ အတိုင်းအတာတစ်ခု အထိ စွမ်းရည်ရှိမည်မှာ သေချာသလောက် ဖြစ်၏။
ယခုအခါတွင် အရေးအကြီးဆုံးအရာသည် နတ်ဝိညာဥ်ဘုရင်နယ်ပယ် နဝမအဆင့် အထွတ်အထိပ် စွမ်းအင်ခန္ဓာကိုယ် သုံးခုကို ဖြေရှင်းရန် ဖြစ်သည်။
လက်ရှိတွင် ကျောက်ဟူက အင်အားကြီးမားသော စွမ်းအင်ခန္ဓာကိုယ်သုံးခုထဲမှ တစ်ခုကို ထိန်းချုပ်ထားခဲ့သည်။
ထို့အပြင် သူသည်လည်း အစွမ်းကုန် တိုက်ခိုက်မည်ဆိုလျှင် အင်အားကြီးမားသော စွမ်းအင်ခန္ဓာကိုယ် တစ်ခုကို ရှင်းပစ်ရန် နည်းလမ်းအား ရှာဖွေနိုင်လိမ့်မည် ဖြစ်၏။
ထိုကြောင့် ကျန်းချန်နှင့် ကျန်ရှိသည့် သူများသာ နတ်ဝိညာဥ်ဘုရင်နယ်ပယ် အထွတ်အထိပ် အဆင့်နှင့် ညီမျှသည့် စွမ်းအင် ခန္ဓာကိုယ် တစ်ခုကို ထိန်းချုပ်ထားနိုင်လျှင် သူတို့ဘက်တွင် အခွင့်အရေး ရှိနိုင်သေးသည်။
"မင်းတို့ ငါ့ကို သေချာပေါက် တောင်းပန်ရလိမ့်မယ်လို့ ငါအစောကတည်းက ပြောခဲ့သားပဲ"
ကျန်းချန်က နှုတ်ခမ်းထောင့်စွန်းက အနည်းငယ် ကွေးညွတ်သွားခဲ့သည်။
"ကဲ မင်းတို့ငါ အခွင့်အရေးပေးမယ်.. ဒူးထောက်ပြီး ငါ့ကိုတောင်းပန်လိုက်.. ပြီးရင် ဒီက စွမ်းအင်အဆီအနှစ် ခရစ္စတယ်တွေ အားလုံး ငါ့ကို ပေးရမယ်.. အဲဒါဆိုရင်တော့ ငါ မင်းတို့မသေအောင် ကာကွယ်ပေးမယ်"
"မင်းအရမ်းလွန်မလာနဲ့"
ကျန်းချန်၏ စကားကိုကြားလျှင် မာနကြီးပုံရသော လူငယ်သည် ဒေါသထွက်သွားခဲ့သည်။
"ငါတို့က မင်းတောင်းဆိုတာကို သဘောမတူရင်ရော မင်းဘာလုပ်ချင်လဲ"
"မင်းတို့သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ငါ့အတွက် ဘာမှအရေးမကြီးဘူး"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။
"မင်းတို့အားလုံး သေသွားတာနဲ့ ဒီစွမ်းအင်အဆီအနှစ် ခရစ္စတယ်တွေက ငါ့လက်ထဲကို သေချာပေါက် ရောက်လာမှာပဲ"
"ဒီက ဆရာ.. ကျွန်တော် ဆရာ့ကို တောင်းပန်ဖို့ ဆန္ဒရှိပါတယ်.. ကျေးဇူးပြုပြီး ကျွန်တော့်ကို ကယ်တင်ပေးပါ"
ထိုအချိန်တွင် လမ်းပြဖြစ်သည့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ကျန်းချန်ကို ဒူးထောက်ကာ ပြောလိုက်သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားသည် သခင်လေးကျောက်အနေဖြင့် ဤစွမ်းအင်ခန္ဓာကိုယ်များကို တားဆီးရန် မဖြစ်နိုင်မှန်း ကောင်းစွာသိသည်။
ယခုအခါတွင် သူသည် အနက်ရောင်ဝတ်စုံဝတ် လူငယ်အပေါ်တွင်သာ မျှော်လင့်ချက် ထားရှိနိုင်တော့သည်။
ကျန်းချန်က လူလတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်ကာ ပေါ့ပါးစွာ ပြောလိုက်၏။
"မင်းက ငါ့ကို တောင်းပန်မှတော့ ငါ့ရဲ့နောက်မှာ လာရပ်နေပါ.. ငါမင်းအသက်ကို ကယ်တင်ပေးမယ်"
အခန်း(၁၂၇၈)ပြီး၏။