← Chapters

အခန်း (၁၂၇၉-၁၂၈၁)

Vol. 86 Ch. 1279-1281

အခန်း (၁၂၇၉-၁၂၈၁)

Vol. 86 Ch. 1279-1281

အခန်း(၁၂၇၉)

ကျန်းချန်၏ စကားကို ကြားပြီးနောက်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် သွာများကို အံကြိတ်လိုက်ကာ လျင်မြန်စွာဖြင့် ကျန်းချန်၏ အနောက်တွင် သွားရပ်လိုက်သည်။

လူလတ်ပိုင်းအရွယ် အမျိုးသားသည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ အတွင်း နေထိုင်ခဲ့သည်မှာ တစ်နှစ် ပြည့်ခဲ့ပြီ ဖြစ်သည်။

သူက ဤနေရာတွင် နေထိုင်ပြီး သိုင်းသခင်နယ်ပယ် အဆင့်ကနေ နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ကို ရောက်ရှိခဲ့သူဖြစ်သည်။

သူ့အထင် အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးသည် အစောပိုင်းကတည်းကပင် အရာအားလုံးကို ကြိုတင် သိရှိထားပုံရသည်။

ထို့ကြောင့် သူက အရင်ဦးဆုံး အညံ့ခံခဲ့ခြင်း ဖြစ်၏။

ထိုလူငယ်က စွမ်းအင်ခန္ဓာကိုယ်အုပ်စု ထပ်မံ ရှိနေသေးမှန်း အစောပိုင်းကတည်းက သိနေပုံထောက်လျှင် အလွန်ပင် ကြောက်စရာကောင်းလိမ့်မည် မဟုတ်ပါလော။

ထို့အပြင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ကျန်းချန် ထံမှ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိခြင်းကို ခံစားမိခဲ့သည်။

ဆိုရလျှင် ထိုလူငယ်သည် စွမ်းအင်ခန္ဓာကိုယ်များကို လုံးဝသောက်ဂရုမစိုက်သကဲ့သို့ပင်။

ဤကဲ့သို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားကောင်းခြင်းသည် သေချာပေါက် ဟန်ဆောင်နိုင်သောအရာမဟုတ်ချေ။

ထို့ကြောင့်ပင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ကျန်းချန်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်၏။

"ငါတို့ ဒီကိုမျှားခေါ်မယ်"

မာနကြီးသောလူငယ်က သူ့အဖော်များကို သတိပေးလိုက်ပြီးနောက်တွင် သူ၏ရှေ့ရှိ စွမ်းအင် ခန္ဓာကိုယ်များကို အနည်းငယ် တိုက်ခိုက်ကာ ကျန်းချန်တို့ ရှိသည့် နေရာသို့ ဆုတ်ခွာသွားခဲ့သည်။

သူ၏ရည်ရွယ်ချက်က ကျန်းချန်တို့ နှစ်ဦးကိုပါ တိုက်ပွဲတွင် ပါဝင်ပတ်သက်စေပြီး သူတို့နှင့်အတူ စွမ်းအင်ခန္ဓာကိုယ်များကို ရင်ဆိုင်စေရန် ဖြစ်၏။

ကျန်းချန်က တိုက်ပွဲဝင်စွမ်းရည်တွင် သူတို့ လေးယောက်ထက် သာလွန်နေမည်ဟု မာနကြီးပုံရသောလူငယ် မယုံကြည်ခဲ့ပေ။

ဤစွမ်းအင်ခန္ဓာကိုယ်များ၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် ကျန်းချန်၏ စွမ်းဆောင်ရည်ကို သူက မြင်တွေ့ချင်ခဲ့သည်။

"သခင်လေးကျောက်ရဲ့ လှုပ်ရှားမှုက ရည်ရွယ်ချက်ကောင်း ရှိမနေတာ ထင်ရှားတယ်.. သူက ကျွန်တော်တို့ကို တိုက်ပွဲထဲ ဆွဲသွင်းချင်နေတာပဲ"

မာနကြီးသောလူငယ်၏ လုပ်ရပ်ကိုမြင်လျှင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် မျက်နှာရှုံ့မဲ့သွားခဲ့သည်။

"အဆင်ပြေပါတယ်.. ငါဒီကို‌ ရောက်လာတာကလည်း စွမ်းအင်ခန္ဓာကိုယ်တွေကို အမဲလိုက်ဖို့ ရောက်လာခဲ့တာပဲလေ"

ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့်ပင် ပြန်ဖြေလိုက်သည်။

သူတို့စကား ပြောဆိုနေစဥ်မှာပင် စွမ်းအင်ခန္ဓာကိုယ် အုပ်စုသည် မာနကြီးပုံရသော လူငယ်၏ နောက်သို့လိုက်ရင်း သူတို့ဆီသို့ ရောက်လာခဲ့သည်။

တစ်ခဏအတွင်းမှာပင် ကျန်းချန် အပါအဝင် အားလုံးသည် စွမ်းအင်ခန္ဓာကိုယ် တစ်ဒါဇင်ကျော်၏ ဝိုင်းရံမှုထဲကို ကျရောက်သွားခဲ့ရသည်။

ထိုမြင်ကွင်းကိုမြင်လျှင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် မျက်စိပျက် မျက်နှာပျက် ဖြစ်နေခဲ့၏။

"မစိုးရိမ်ပါနဲ့ မင်းအသက်ကို ကယ်တင်မယ်လို့ ငါပြောပြီးပြီ ဆိုမှတော့ စွမ်းအင်ခန္ဓာကိုယ်တွေက မင်းကို မထိခိုက်စေရဘူး.. မင်းရဲ့တာဝန်က တစ်ခုပဲရှိတယ်.. အဲဒါက စွမ်းအင်အဆီအနှစ်ခရစ္စတယ်တွေကို ငါ့အတွက် ကူညီပြီး ကောက်ပေးဖို့ပဲ"

ကျန်းချန်က လူလတ်ပိုင်းအရွယ် အမျိုးသားကို ပေ့ါပါးစွာ ပြောလိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို သူ၏ လက်ဝါးကိုဆန့်ထုတ်ကာ ပထမဆုံး ပြေးဝင်လာသည့် စွမ်းအင်ခန္ဓာကိုယ်ကို ရိုက်ချလိုက်သည်။

"ဝုန်း.."

သိုင်းသခင်နယ်ပယ်အဆင့် စွမ်းအင်ခန္ဓာကိုယ်သည် ချက်ချင်းဆိုသလိုပင် ပေါက်ကွဲသွားခဲ့ပြီး စွမ်းအင်အဆီအနှစ်ခရစ္စတယ် အပိုင်းအစ တစ်ခုအဖြစ် ပြောင်းလဲကာ မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့သည်။

"ဝုန်း.. ဝုန်း.. ဝုန်း.."

ကျန်းချန်၏ လက်ဝါးရိုက်ချက်သည် လေထဲတွင် ဆက်တိုက်ဆိုသလို ပေါ်လာခဲ့ပြီး လက်ဝါးရိုက်ချက်တစ်ချက် ထုတ်ဖော်တိုင်းတွင် စွမ်းအင်ခန္ဓာကိုယ် တစ်ခုသည် လေထဲ၌ ပေါက်ကွဲသွားခဲ့သည်။

သိုင်းသခင်နယ်ပယ် စွမ်းအင်ခန္ဓာကိုယ်ဖြစ်စေ၊ နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် စွမ်းအင်ခန္ဓာကိုယ်ဖြစ်စေ၊ အားလုံးနီးပါးသည် ကျန်းချန်၏ လက်ဝါးရိုက်ချက်ဖြင့် ကြေမွသွားခဲ့ရသည်။

အသက်ရှူချိန် အနည်းမျှသောအချိန်မှာပင် စွမ်းအင်ခန္ဓာကိုယ်တစ်ဒါဇင်ကျော်သည် ကျန်းချန်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။

ထိုအထဲတွင် နတ်ဝိညာဥ်ဘုရင် နယ်ပယ် ဆဋ္ဌမအဆင့်နှင့် ယှဥ်နိုင်သော အစွမ်းထက် စွမ်းအင် ခန္ဓာကိုယ်တစ်ခုလည်း ပါဝင်၏။

"ဒီလူက တကယ်ကို အစွမ်းထက်တာပဲ"

ကျန်းချန်က ဟင်းသီးဟင်းရွက်များကို စိတ်ကြိုက် လှီးဖြတ်နေသကဲ့သို့ စွမ်းအင်ခန္ဓာကိုယ် တစ်ဒါဇင်ကျော်ကို သတ်ဖြတ်လိုက်သည်အား မြင်လျှင် လူလတ်ပိုင်းအရွယ်အမျိုးသား၏ မျက်လုံးများတွင် ဝမ်းသာသော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူ၏ရှေ့မှလူငယ်သည် တုနှိုင်းမဲ့ ပါရမီရှင်တစ်ဦး ဖြစ်ပုံရ၏။

ဤတစ်ကြိမ်တွင် သူ၏ ရွေးချယ်မှုသည် မှန်ကန်ခဲ့ချေပြီ။

လူလတ်ပိုင်းအရွယ် အမျိုးသားသည် သူ၏ ပျော်ရွှင်မှုများကို ထိန်းချုပ်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျနေသော စွမ်းအင်အဆီအနှစ် ခရစ္စတယ်များကို ကျန်းချန် အတွက် အလျင်အမြန် ကောက်ယူလိုက်သည်။

ကျန်းချန်က စွမ်းအင်ခန္ဓာကိုယ် အုပ်စု၏ တစ်စိတ်တစ်ပိုင်းကို သတ်ဖြတ်လိုက်သည့်အခါ ကျန်ရှိသော စွမ်းအင်ခန္ဓာကိုယ်များကို ရင်ဆိုင်ရာတွင် မာနကြီးပုံရသော လူငယ်လေးဦးသည် သိသိသာသာပင် ခြိမ်းခြောက်ခံရခြင်း မရှိတော့ပေ။

ထို့ကြောင့်ပင် သူတို့လူစုက အားတက်သွားခဲ့ပြီး ကျန်ရှိသည့် စွမ်းအင်ခန္ဓာကိုယ်များကို အင်တိုက်အားတိုက် သတ်ဖြတ်ရန် စတင်ခဲ့ကြသည်။

သို့သော်လည်း ကောင်းမွန်သော အချိန်များသည် တာရှည်မခံခဲ့ပေ။

အကြောင်းအရင်းမှာ သိပ်မကြာခင်မှာပင် စွမ်းအင် ခန္ဓာကိုယ်အုပ်စုအသစ် တစ်စုသည် သူတို့ရှိရာသို့ ရောက်ရှိလာခဲ့သောကြောင့်ပင်။

ထိုအုပ်စုတွင် နတ်ဝိညာဥ်ဘုရင် နယ်ပယ် နဝမအဆင့် အထွတ်အထိပ်နှင့် ညီမျှသည့် စွမ်းအင်ခန္ဓာကိုယ် နှစ်ခုလည်း ပါဝင်သည်။

နတ်ဝိညာဥ်ဘုရင် နယ်ပယ် နဝမအဆင့်နှင့် ညီမျှသည့် စွမ်းအင်ခန္ဓာကိုယ် တစ်ခုသည် စွမ်းအင်ခန္ဓာကိုယ်များကို ဦးဆောင်ကာ မာနကြီးပုံရသော လူငယ်အဖွဲ့ကို ဝိုင်းရံ တိုက်ခိုက်ခဲ့သည်။

နောက်ထပ်ကျန်ရှိသည့် နတ်ဝိညာဥ်ဘုရင်နယ်ပယ် နဝမအဆင့် စွမ်းအင်ခန္ဓာကိုယ်ကလည်း စွမ်းအင်ခန္ဓာကိုယ်များနှင့်အတူ ကျန်းချန် ဆီသို့ တန်းတန်းမတ်မတ်ပင် ဝင်ရောက်လာခဲ့၏။

"ဘုရားသခင်.. နတ်ဝိညာဥ်ဘုရင်နယ်ပယ် နဝမအဆင့် စွမ်းအင်ခန္ဓာကိုယ်တွေပါလား"

ဤမြင်ကွင်းကိုမြင်လျှင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။

ယခုအခါတွင် သူ့အနေဖြင့် ကျန်းချန်က နတ်ဝိညာဥ်ဘုရင်နယ်ပယ် နဝမအဆင့် စွမ်းအင်ခန္ဓာကိုယ်ကို အနိုင်ယူနိုင်ဖို့ကိုသာ စိတ်ထဲတွင် ဆုတောင်းရုံသာ တတ်နိုင်တော့သည်။

ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့်ပင် လက်ဝါးရိုက်ချက်များကို ထုတ်ဖော်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော လက်ဝါးလှိုင်းများသည် လေထဲတွင် ဖြစ်ပေါ်လာခဲ့သည်။

"ဝုန်း.. ဝုန်း.. ဝုန်း.."

သူ့ကို တိုက်ခိုက်ရန် ရောက်လာကြသော စွမ်းအင်ခန္ဓာကိုယ်များသည် လေထဲတွင် မီးရှုးမီးပန်းများ ပေါက်ကွဲသကဲ့သို့ လျင်မြန်စွာ ပေါက်ကွဲသွားခဲ့ကြသည်။

စွမ်းအင်ခန္ဓာကိုယ်များသည် ကျန်းချန်၏ ခန္ဓာကိုယ်နှင့် သုံးပေအကွာသို့ပင် ချဥ်းကပ်နိုင်ခြင်း မရှိခဲ့ကြပေ။

သို့သော်လည်း တစ်ဖက်မှ မာနကြီးပုံရသော လူငယ်လေးဦးကမူ ကျန်းချန်ကဲ့သို့ အေးအေးဆေးဆေး ဖြစ်မနေကြပေ။

သူတို့‌လေးဦးသည် ယခုအခါတွင် စွမ်းအင် ခန္ဓာကိုယ်များ၏ ဖိအားအောက်သို့ ရောက်ရှိနေခဲ့သည်။

မာနကြီးပုံရသော လူငယ်နှင့် ကျောက်ဟူ အမည်ရှိ ခန္ဓာကိုယ်ထွားကျိုင်းသူ တို့သည် အားမနည်းကြသော်လည်း ကျန်နှစ်ယောက်ကမူ ၎င်းတို့လောက် သန်မာခြင်း မရှိကြပေ။

ထို့ကြောင့် စွမ်းအင်ခန္ဓာကိုယ် အုပ်စု၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် ထိုနှစ်ဦးသည် ချက်ချင်းဆိုသလို အန္တရာယ်ထဲ ကျရောက်သွားခဲ့သည်။

အထူးသဖြင့် နတ်ဝိညာဥ်ဘုရင်နယ်ပယ် အဌမအဆင့်နှင့် ညီမျှသည့် စွမ်းအင်ခန္ဓာကိုယ် တစ်ခု တိုက်ပွဲတွင် ပါဝင်လာပြီးနောက်တွင် သူတို့အနေဖြင့် အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ စွမ်းအင်ခန္ဓာကိုယ် အုပ်စု၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့သည်။

ထိုစွမ်းအင်ခန္ဓာကိုယ်များသည် ကျင့်ကြံသူနှစ်ဦးကို သတ်ဖြတ်ပြီးနောက်တွင် မာနကြီးပုံရသောလူငယ်နှင့် ကျောက်ဟူ တို့ကို ဝိုင်းရံကာ အသေအကြေ တိုက်ခိုက်လိုက်ကြသည်။

တစ်ခဏအတွင်းမှာပင် မာနကြီးပုံရသော လူငယ်သည် နတ်ဝိညာဥ်ဘုရင် နယ်ပယ် နဝမအဆင့် စွမ်းအင်ခန္ဓာကိုယ်နှင့် ရင်ဆိုင်ရရုံသာမက နတ်ဝိညာဥ်ဘုရင်နယ်ပယ် အဌမအဆင့် သို့မဟုတ် သတ္တမ အဆင့် စွမ်းအင်ခန္ဓာကိုယ်များ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကိုပါ ရင်ဆိုင်ရကာ ခြေကုန်လက်ပမ်းပင် ကျလာခဲ့သည်။

ထိုနှစ်ယောက်နှင့် နှိုင်းယှဥ်လျှင် ကျန်းချန်သည် သံသယဝင်စရာမရှိလောက်အောင်ပင် စိတ်အေးလက်အေး ဖြစ်နေခဲ့သည်။

စွမ်းအင်ခန္ဓာကိုယ်များ၏ အင်အားက မည်မျှပင် ရှိစေကာမူ ကျန်းချန်သည် ယင်ကောင်တစ်ကောင်ကို ရိုက်နှက်သကဲ့သို့ပင် လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် ကြေမွသွားစေခဲ့၏။

နတ်ဝိညာဥ်ဘုရင် နယ်ပယ် နဝမအဆင့် အထွတ်အထိပ်သို့ရောက်ရှိနေသာ စွမ်းအင်ခန္ဓာကိုယ်ပင်လျှင် ကျန်းချန်၏ လက်ဝါးရိုက်ချင်ဖြင့် ရိုက်သတ်ခံရသည့် ကံကြမ္မာမှ မလွတ်မြောက်နိုင်ခဲ့ပေ။

တစ်ခဏအတွင်းမှာပင် သူတို့ဆီသို့ ရောက်လာသော စွမ်းအင်ခန္ဓာကိုယ် ဒါဇင်ပေါင်းများစွာကို ကျန်းချန်က ထပ်မံသတ်ဖြတ်ခဲ့သည်။

ဤအချိန်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် သူ့မျက်လုံးကိုပင် မယုံနိုင် ဖြစ်နေခဲ့သည်။

ထိုလူငယ်လေးက အလွန် အင်အားကြီးမားလိမ့်မည်ဟု ခန့်မှန်းခဲ့သော်လည်း ဤမျှလောက် အင်အားကြီးမည်ဟု သူ မထင်ထားခဲ့ပေ။

၎င်းက စွမ်းအင်ခန္ဓာကိုယ် ဒါဇင်ပေါင်းများစွာကို မျက်စိတစ်မှိတ်အတွင်း အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့ပြီး ထိုအထဲတွင် နတ်ဝိညာဥ်ဘုရင် နယ်ပယ် နဝမအဆင့် စွမ်းအင်ခန္ဓာကိုယ် တစ်ခုလည်း ပါဝင်နေ၏။

ပို၍ တုန်လှုပ်ဖွယ်ကောင်းသည်မှာ ဤကဲ့သို့ သတ်ဖြတ်ရာတွင် ကျန်းချန်သည် ပေါ့ပေါ့းပါးပါးသာ လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။

"အရမ်းကို သန်မာလွန်းတာပဲ"

ဤအချိန်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ကျန်းချန်၏ အင်အားက မည်သည့်အဆင့်သို့ ရောက်ရှိနေပြီလဲ ဆိုသည်ကို စိတ်ကူး၍ပင် မမှန်းဆနိုင်တော့ပေ။

နတ်ဝိညာဥ်ဘုရင် နယ်ပယ် နဝမအဆင့် အထွတ်အထိပ် စွမ်းအင်ခန္ဓာကိုယ်သည် နတ်ဝိညာဥ်ဘုရင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူထက် တိုက်ပွဲဝင်စွမ်းရည် အားနည်းသည်။

ထိုသို့ အားနည်းသည့်တိုင် ၎င်းသည် နတ်ဝိညာဥ်ဘုရင်နယ်ပယ် နဝမအဆင့် အထွတ်အထိပ် စွမ်းအားမျိုး ရှိနေဆဲဖြစ်သည်။

သို့သော်လည်း သူ့ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သော လူငယ်လေးသည် လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့်ပင် သတ်ဖြတ်ပစ်လိုက်၏။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းဆောင်ရည်ကို သာမန် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူပင် သေချာပေါက် လုပ်ဆောင်နိုင်မည် မဟုတ်လောက်ပေ။

သို့ဆိုလျှင် သူ့ရှေ့မှ ဤကောင်လေးသည် နတ်သန္ဓေအင်ပါယာတစ်ပါး ဖြစ်နိုင်ပါသလော။

အခန်း(၁၂၇၉)ပြီး၏။

အခန်း(၁၂၈၀)

ထိုသို့ တွေးမိလိုက်သည်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသား၏ နဖူးကနေ ချွေးစေးများ စီးကျလာခဲ့သည်။

သူက နတ်သန္ဓေအင်ပါယာ တစ်ပါးနှင့် ရင်ဆိုင်ရတော့မလို ဖြစ်ခဲ့သည်ဟု တွေးမိကာ ဇောချွေးများပင် ပြန်လာခဲ့၏။

ကံကောင်းစွာဖြင့် ကျန်းချန်သည် သူ့ကို အလေးအနက်မထားခဲ့ပေ။

သို့မဟုတ်လျှင် သူ့အနေဖြင့် မည်ကဲ့သို့သေဆုံးမှန်းပင် သိရှိလိုက်မည် မဟုတ်ချေ။

"ဒါ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. ဒီကောင်လေးက ဒီလောက်တောင် သန်မာတယ်လား"

တစ်ဖက်တွင်လည်း ရေကုန်ရေခမ်း တိုက်ပွဲဝင်နေသည့် မာနကြီးပုံရသော လူငယ်သည် ကျန်းချန်တို့၏ အခြေအနေကိုမြင်လျှင် အဆုံးသတ်၌ သူ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ယခု သူတို့ဆီကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့် စွမ်းအင်ခန္ဓာကိုယ် ဒါဇင်ပေါင်းများစွာ ထဲတွင် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် စွမ်းအင်ခန္ဓာကိုယ် ၇ခု၊ ၈ခုခန့်ရှိပြီး ထိုအထဲမှ တချို့သည် နတ်ဝိညာဥ်ဘုရင် နယ်ပယ် သတ္တမအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

အထူးသဖြင့် အင်အားအကြီးဆုံး စွမ်းအင်ခန္ဓာကိုယ်သည် နတ်ဝိညာဥ်ဘုရင် နယ်ပယ် နဝမအဆင့် အထွတ်အထိပ်သို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ဤမျှအင်အားကြီးမားသော စွမ်းအင်ခန္ဓာကိုယ်အုပ်စုကို ထိုလူငယ်လေးသည် တစ်ခဏအတွင်း လုံးဝကို ရှင်းလင်းပစ်ခဲ့သည်။

ယင်းကဲ့သို့ အင်အားမျိုးသည် အမှန်တကယ်ကို ကြောက်စရာကောင်းသည်ဟုသာ ဆိုရပေတော့မည်။

"ဒီက မိတ်ဆွေ.. ငါက ကြယ်သုံးပွင့်အင်အားစု ဖြစ်တဲ့ ကောင်းကင်မိစ္ဆာဂိုဏ်းရဲ့ သခင်လေးကျောက်လင်းပါ.. မိတ်ဆွေလေးက အကူအညီပေးမယ်ဆိုရင် ကောင်းကင်မိစ္ဆာဂိုဏ်းနဲ့ ကျောက်လင်းက မိတ်ဆွေလေးကို အမြဲကျေးဇူးတင်နေပါ့မယ်"

မာနကြီးသောလူငယ်သည် သူ၏စိတ်ထဲမှ ထိတ်လန့်မှုကို ထိန်းချုပ်ကာ ကျန်းချန်ကို ယဥ်ကျေးစွာဖြင့် ခပ်သွက်သွက်ပင် အကူအညီပင် တောင်းခံလိုက်သည်။

ဤစွမ်းအင်ခန္ဓာကိုယ် အုပ်စု၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် သူနှင့်ကျောက်ဟူသည် အားအင်ကုန်ခန်းနေခဲ့ပြီ ဖြစ်၏။

ဤအတိုင်းသာ ဆက်သွားလျှင် သူတို့သည် မကြာမီအချိန်အတွင်း ပင်ပန်းကာ သေဆုံးသွားပေလိမ့်မည်။

သို့ဖြစ်ရာ သူ့အနေဖြင့် ကျန်းချန်ဆီကနေ အကူအညီတောင်းခံနိုင်မှသာ ဤအခက်အခဲကနေ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပါလော။

"ကောင်းကင်မိစ္ဆာဂိုဏ်းလား.. ဒါက တစ်ချိန်က ချိုးဟေးရှာတို့ကို လိုက်လံသတ်ဖြတ်ခဲ့တဲ့ဂိုဏ်း မဟုတ်လား"

အနည်းငယ် ရင်းနှီးသည့်နာမည်ကိုကြားလျှင် ကျန်းချန်သည် မရယ်ဘဲ မနေနိုင်ခဲ့ပေ။

ဤရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူထဲတွင် ကောင်းကင်မိစ္ဆာဂိုဏ်း၏ သခင်လေးနှင့် တွေ့ဆုံရလိမ့်မည်ဟု သူအမှန်တကယ် မထင်ထားခဲ့ချေ။

"ငါ့ကို ကယ်တင်စေချင်ရင် လူတစ်ဦးကို သတ္တမအဆင့်စွမ်းအင်အဆီအနှစ်(၁၀၀)စီ ပေးရမယ်.. ဒီလိုမှမဟုတ်ရင်တော့ ဘာမှဆွေးနွေးစရာ အကြောင်းမရှိဘူး"

ကျန်းချန်၏ နှုတ်ခမ်းထောင့်စွန်းတွင် ဆော့ကစားလိုသောအပြုံးတစ်ခုပေါ်လာခဲ့၏။

ယခုအခါတွင် ချိုးဟေးရှာသည် လူသားဧကရာဇ် နန်းတော်၏ အဖွဲ့ဝင် ဖြစ်နေခဲ့ပြီဖြစ်ရာ မိစ္ဆာနက်ဂိုဏ်း၏ ရန်သူဖြစ်သည့် ကောင်းကင်မိစ္ဆာဂိုဏ်းသည်လည်း သူ၏ရန်သူနီးပါး ဖြစ်နေသည် မဟုတ်ပါလော။

သို့ဖြစ်ရာ သူ့အနေဖြင့် ကျောက်လင်းကို မည်ကဲ့သို့ အလွယ်တကူ ကယ်တင်နိုင်ပါမည်နည်း။

မှန်ပါသည်။ အကယ်၍ ကျောက်လင်းက ပေးနိုင်ခဲ့လျှင်ပင် ကျန်းချန်က ကျောက်လင်းကို ကယ်တင်လိမ့်မည် မဟုတ်ပေ။

"မင်းရဲ့တောင်းဆိုချက်က အရမ်း မများလွန်းနေဘူးလား"

ကျန်းချန်၏ တောင်းဆိုချက်ကို ကြားလျှင် ကျောက်လင်း၏ မျက်နှာသည် ရှုံ့မဲ့သွားခဲ့သည်။

ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူတွင် စွမ်းအင် အဆီအနှစ်များကို လိုက်ရှာရန်မှာ မလွယ်ကူပေ။

အထူးသဖြင့် သတ္တမအဆင့် စွမ်းအင်အဆီအနှစ်ကို ရရှိရန် ပို၍ပင်ခက်ခဲသည်။

ကျောက်လင်းသည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူထဲသို့ နှစ်ဝက်ကြာ ဝင်ရောက်ခဲ့ပြီးနောက်တွင် ရရှိခဲ့သော သတ္တမအဆင့် စွမ်းအင်အဆီအနှစ် ပမာဏသည် ၁၀၀ခန့် မျှသာ ရှိသည်။

ထို့ပြင် ထိုအထဲမှ အများစုကို သူ၏ ကျင့်ကြံခြင်းအဆင့်အားမြှင့်တင်ရာတွင် သုံးစွဲခဲ့ပြီးပြီ ဖြစ်သည်။

ယခုအခါတွင် ကျောက်လင်း ထံ၌ ရှိသော သတ္တမအဆင့် စွမ်းအင် အဆီအနှစ်သည် ၁၀ခုပင် မပြည့်တော့ပေ။

သို့သော်လည်း ဤအချိန်တွင် ကျောက်လင်းတို့သည် ကျန်းချန်၏ အကူအညီကို မဖြစ်မနေ လိုအပ်နေသည့် အတွက် ကျောက်လင်းသည် ကျန်းချန်နှင့် ရန်ဖြစ်ရန် မဝံ့ရဲခဲ့ပေ။

"ဒီကမိတ်ဆွေ လက်ရှိအချိန်မှာ ငါတို့အနေနဲ့ သတ္တမအဆင့် စွမ်းအင်အဆီအနှစ်(၁၀၀)ကို မပေးနိုင်သေးဘူး.. ဒါပေမဲ့ မိတ်ဆွေသာ ကူညီဖို့ ဆန္ဒရှိမယ်ဆိုရင်တော့ ငါတို့ရထားတဲ့ ဝိညာဥ်အဆီအနှစ် စွမ်းအင်အားလုံးကို မိတ်ဆွေဆီပေးဖို့ ဆန္ဒရှိပါတယ်.. ဒါ့အပြင် ကောင်းကင်မိစ္ဆာဂိုဏ်းကို ကိုယ်စားပြုပြီး ဒီကမိတ်ဆွေရဲ့ဘယ်လို တောင်းဆိုချက်ကိုမဆို လုပ်ဆောင်ပေးဖို့ ကတိပေးနိုင်ပါတယ်"

ကျောက်လင်းက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး သူ၏ဒေါသများကို ဖိနှိပ်ကာ ကျန်းချန်ကို ထပ်မံ ညှိနှိုင်းလိုက်သည်။

ကောင်းကင်မိစ္ဆာဂိုဏ်းသည် ကျုံးကျိုးကုန်းမြေ၏ ထိပ်တန်း ကြယ်သုံးပွင့် အင်အားစု ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ပြီး ၎င်း၏ အင်အားသည် သာမန်ကြယ်လေးပွင့် သူတော်စင်နယ်မြေများထက်ပင် အားမနည်းပေ။

ကောင်းကင်မိစ္ဆာဂိုဏ်း၏ ကျေးဇူးတရားကို လက်ခံရရှိခြင်းသည် ထိုကောင်လေး‌ တောင်းဆိုမှုထက်ပင် လုံလောက်သည်ထက် ပိုသည်ဟု ကျောက်လင်း ယုံကြည်ခဲ့သည်။

ကျောက်လင်း၏ စကားကိုကြားလျှင် ကျန်းချန်သည် သူ၏နှုတ်ခမ်းကို ကွေးညွတ်ကာ မထီမဲ့မြင် ပြောလိုက်၏။

"ငါခုနက ပြောခဲ့တဲ့စကားအတိုင်းပဲ.. သတ္တမအဆင့် စွမ်းအင်အဆီအနှစ်(၁၀၀)ကို ရရှိရင် ငါမင်းရဲ့အသက်ကို ကယ်တင်ပေးမယ်.. မဟုတ်ရင်တော့ ဘာမှဆွေးနွေးစရာအကြောင်းမရှိဘူး"

ကျန်းချန်၏ အမြင်တွင် ကျောက်လင်း၏ ညှိနှိုင်းမှုသည် လုံးဝကို ရယ်စရာ ဖြစ်နေခဲ့သည်။

သူ့အနေဖြင့် ဤနေရာရှိ စွမ်းအင်အဆီအနှစ် အားလုံးကို အလိုရှိလျှင် ကျောက်လင်းပင် မလိုအပ်ပေ။

ထို့အပြင် ကောင်းကင်မိစ္ဆာဂိုဏ်း၏ ကျေးဇူးတရားကိုလည်း လုံးဝ ဂရုမစိုက်ခဲ့ပေ။

သူက ကြယ်လေးပွင့်အင်အားစုကိုပင် ဖိနှိပ်နိုင်ခဲ့သူဖြစ်ရာ သာမန် ကောင်းကင်မိစ္ဆာဂိုဏ်း၏ ကျေးဇူးတရားကို သူက မည်ကဲ့သို့ သောက်ဖက်လုပ်နိုင်ပါမည်နည်း။

ကျန်းချန်၏ စကားကိုကြားလျှင် ကျောက်လင်းသည် ချက်ချင်းဆိုသလို ထိတ်လန့်သွားခဲ့သည်။

"ငါ့ကို တကယ်ပဲ မကူညီတော့ဘူးလား"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"မင်းနဲ့ငါနဲ့က ရင်းနှီးတဲ့သူတွေမှ မဟုတ်တာ.. ငါက ဘာလို့ မင်းကိုကယ်တင်ရမှာလဲ"

"သခင်လေး သူနဲ့ဆက်မပြောနဲ့တော့.. ဒီစွမ်းအင်ခန္ဓာကိုယ်တွေကို ကျွန်တော်တစ်ယောက်တည်း တားဆီးထားမယ် သခင်လေး ထွက်ပြေးတော့"

ကျောက်ဟူအမည်ရှိ ခန္ဓာကိုယ် ထွားကျိုင်းသောသူသည် သူ၏ အရှေ့ရှိ နတ်ဝိညာဥ်ဘုရင်နယ်ပယ် နဝမအဆင့် အထွတ်အထိပ် စွမ်းအင်ခန္ဓာကိုယ်ကို တိုက်ခိုက်ရင်း ပြောလိုက်သည်။

ဤအချိန်တွင် ကျောက်ဟူသည်လည်း အတော်လေး ပင်ပန်းနေခဲ့ပြီဖြစ်၏။

ကျောက်ဟူ၏စကားကိုကြားလျှင် ကျောက်လင်း၏ မျက်လုံးများသည် အနည်းငယ် လင်းလက်သွားခဲ့သည်။

ကျောက်ဟူသာ သူ့ကို စွမ်းအင်ခန္ဓာကိုယ်များအား တားဆီးပေးထားနိုင်သည် ဆိုလျှင် သူ့အနေဖြင့် အမှန်တကယ်လွတ်မြောက်ရန် အခွင့်အရေးယူနိုင်မည် ဖြစ်၏။

ထို့အပြင် ဤနေရာတွင် အနက်ရောင်ဝတ်စုံဝတ် လူငယ်လည်း ရှိနေ၍ စွမ်းအင်ခန္ဓာကိုယ်များ၏ ပစ်မှတ်သည် ထိုလူငယ်ထံသို့ ပြောင်းရွှေ့သွားကြလိမ့်မည် မဟုတ်ပါလား။

ထို့ကြောင့် သူ့အနေဖြင့် ဤနေရာကနေ အစွမ်းကုန်ထွက်ပြေးနိုင်သရွေ့ အသက်ရှင်နိုင်ရန် အခွင့်အရေး ရရှိနိုင်ပေသည်။

သို့သော် ကျောက်လင်း၏ စိတ်ထဲတွင် ထိုကဲ့သို့ အတွေးများ ဖြစ်ပေါ်လာစဥ်မှာပင် ကျောက်ဟူ၏ လက်သီးချက်ဖြင့် ထိုးလွှတ်ခံရသော စွမ်းအင်ခန္ဓာကိုယ်သည် ရုတ်တရက် တောက်ပသော အနီရောင်အလင်းကို ထုတ်လွှတ်လိုက်ပြီး ၎င်း၏ ပါးစပ်ကနေ ကောင်းကင်ကိုပင် လှုပ်ခါစေသော အော်ဟစ်သံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုအော်ဟစ်သံ ထွက်ပေါ်လာသည်နှင့်အမျှ လျှို့ဝှက်ဆန်းကြယ်သော သွေးနီရောင် မီးလျှံများသည် ထိုစွမ်းအင်ခန္ဓာကိုယ်၏ ပတ်ပတ်လည် မီတာ၁၀၀အတွင်းရှိ လေထုထဲတွင် ချက်ချင်းဆိုသလို စုစည်းသွားသည်ကို မြင်လိုက်ရသည်။

ထို့နောက်တွင် ထိုသွေးနီရောင်မီးလျှံများ၏ အောက်တွင် ပတ်ဝန်းကျင်ရှိ အခြားသော စွမ်းအင် ခန္ဓာကိုယ်များသည် ပေါက်ကွဲသွားကုန်ကြသည်။

စွမ်းအင်အဆီအနှစ် ခရစ္စတယ် ဒါဇင်ပေါင်းများစွာသည် လေထဲကနေ မိုးသီးမိုးပေါက်ပမာ ပြန့်ကျဲ၍ ကျဆင်းလာခဲ့၏။

ကျောက်လင်းနှင့် ကျောက်ဟူတို့ပင် ထိုသွေးနီရောင် မီးလျှံများဖြင့် တိုက်ရိုက် လောင်ကျွမ်းခံရကာ ဘာမှမကျန်ရှိတော့သည့် အဖြစ်သို့ ရောက်ရှိသွားခဲ့သည်။

"ဒါက ဘယ်လိုအခြေအနေလဲဟ"

သူ့ရှေ့မှမြင်ကွင်းကိုမြင်လျှင် ကျန်းချန်သည် အလွန်အမင်း တုန်လှုပ်သွားခဲ့ပြီး မျက်လုံးများပင် ပြူးကျယ်သွားခဲ့သည်။

"ပြီးပြည့်စုံတဲ့ မဟာအဆင့်စိတ်ဆန္ဒပါလား"

သူ၏ခန့်မှန်းချက်သာ မမှားလျှင် ဤစွမ်းအင်ခန္ဓာကိုယ် အစောပိုင်းက ဖော်ထုတ်လိုက်သည့် စွမ်းအားသည် ပြီးပြည့်စုံသော မဟာအဆင့်စိတ်ဆန္ဒ၏ စွမ်းအား ဖြစ်သည်။

သူ၏ရှေ့မှ စွမ်းအင်ခန္ဓာကိုယ်က ပြီးပြည့်စုံသော မဟာအဆင့်စိတ်ဆန္ဒကို ထုတ်ဖော်နိုင်လိမ့်မည် ကျန်းချန်အမှန်တကယ် မမျှော်လင်ခဲ့ပေ။

ထိုမြင်ကွင်းကိုမြင်ကာ လူလတ်ပိုင်းအရွယ် အမျိုးသားပင် အသက်ရှူကျပ်မတတ် ဖြစ်သွားခဲ့သည်။

"ဒီစွမ်းအင်ခန္ဓာကိုယ်ရဲ့ အင်အားက နတ်သန္ဓေအင်ပါယာနယ်ပယ်အဆင့်နဲ့ အကန့်အသတ်မရှိ နီးစပ်နေပြီ.. သူက သိပ်မကြာခင် မှတ်ဥာဏ်ပြန်ရလာတော့မယ် ထင်တယ်"

ထိုစကားကိုကြားလျှင် ကျန်းချန်သည် ရုတ်တရက် အံ့အားသင့်စွာမေးလိုက်သည်။

"စွမ်းအင်ခန္ဓာကိုယ်တွေက မှတ်ဉာဏ်ပြန်ရနိုင်တယ်လား"

"ရနိုင်တယ် ဒါပေမဲ့ ယေဘုယျအားဖြင့်တော့ နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့်နဲ့ အကန့်အသတ်မရှိ နီးစပ်တဲ့ ဒီလိုမျိုးစွမ်းအင်ခန္ဓာကိုယ်တွေကပဲ မှတ်ဉာဏ်ပြန်ရဖို့ အခွင့်အရေးရှိနိုင်တယ်.. အင်အားကြီးမားတဲ့ နတ်သန္ဓေအင်ပါယာအဆင့် စွမ်းအင်ခန္ဓာကိုယ်တွေ ဆိုရင် သူတို့ မသေဆုံးခင်က မှတ်ဉာဏ်တွေကိုပါ မှတ်မိနိုင်ကြတယ်"

လူလတ်ပိုင်းအရွယ် အမျိုးသားက လေးနက်စွာ ရှင်းပြလိုက်သည်။

ထိုစကားများကို ကြားလျှင် ကျန်းချန်၏ စိတ်နှလုံးသည် တုန်လှုပ်သွားခဲ့၏။

ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူက တဖြည်းဖြည်းပို၍ လျှို့ဝှက်နက်နဲလာသည်ဟု ကျန်းချန် ခံစားမိခဲ့သည်။

ဤရှေးဟောင်း အင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူကို မည်သူ ဖန်တီးခဲ့ပါသနည်း။

ဤကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သည့် နေရာကို ဤနေရာတွင် ဖန်တီးရခြင်း၏ ရည်ရွယ်ချက်က အဘယ်နည်း။

နတ်သန္ဓေအင်ပါယာ အဆင့်စွမ်းအင် ခန္ဓာကိုယ်သည် မသေဆုံးမီက မှတ်ဉာဏ်ကိုပင် ပြန်လည် ရရှိနိုင်သည်ဟု ဆိုကြ၏။

ထို့ကြောင့် သူက ဤနတ်သန္ဓေအင်ပါယာအဆင့်စွမ်းအင်ခန္ဓာကိုယ်ထံနေ ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ လျှို့ဝှက်ချက်များကို လေ့လာနိုင်မည်ဟု တွေးမိခဲ့သည်။

အခန်း(၁၂၈၀)ပြီး၏။

အခန်း(၁၂၈၁)

ကျန်းချန်က အတွေးနက်နေစဥ်မှာပင် သူတို့ပတ်ဝန်းကျင်မှ အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့သည့် စွမ်းအင်ခန္ဓာကိုယ်သည် သူတို့ရှိရာဘက်သို့ တန်းတန်းမတ်မတ် ဦးတည်လာသည်ကို တွေ့လိုက်ရသည်။

ထိုစွမ်းအင်ခန္ဓာကိုယ်သည် ၎င်း၏ ကိုယ်ခံပညာကို ပြန်လည်ရရှိသော်ခဲ့လည်း မှတ်ဥာဏ်များကမူ အတော်လေး ရှုပ်ထွေးနေပုံရသည်။

သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်သာ ပြည့်နှက်နေခဲ့ပြီး ပတ်ဝန်းကျင်မှ သက်ရှိမှန်သမျှကို သတ်ဖြတ်ပစ်တော့မလို ဖြစ်နေခဲ့သည်။

ကျန်းချန်က တည်ငြိမ်စွာဖြင့် သူ၏ လက်တစ်ဖက်ကို လှုပ်ရှားကာ မိုးကြိုးငရဲနယ်မြေကို ချက်ချင်းပင် ထုတ်ဖော်၍ သူ့ထံသို့ ဦးတည်လာသော စွမ်းအင်ခန္ဓာကိုယ်ကို လွှမ်းခြုံလိုက်သည်။

ချက်ချင်းဆိုသလိုပင် မိုးကြိုးငရဲနယ်မြေထဲမှ ကြောက်မက်ဖွယ် မိုးကြိုးစွမ်းအားသည် စွမ်းအင်ခန္ဓာကိုယ်အား မျက်စိတစ်မှိတ် အတွင်းမှာပင် အပိုင်းပိုင်း ပြတ်တောက်သွားစေခဲ့သည်။

"အစစ်အမှန် နယ်မြေပိုင်နက် စွမ်းအားပါလား.. ဒီလူက တကယ်ကို နတ်သန္ဓေအင်ပါယာတစ်ပါး ဖြစ်နေတာပဲ"

လူလတ်ပိုင်းအရွယ် အမျိုးသားသည် အလွန်ပင် အံ့အားသင့်သွားခဲ့သည်။

ကျန်းချန်အပေါ်တွင်လည်း ယခင်ကထက်ပင် ပို၍ လေးစားလာခဲ့၏။

သူက ကျန်းချန်အတွက် စွမ်းအင်အဆီအနှစ်များကို ကောက်ယူရန် အပြေးအလွှား သွားရောက်ခဲ့သည်။

တစ်ခဏအတွင်းမှာပင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် သူကောက်ယူရရှိခဲ့သော စွမ်းအင်အဆီအနှစ် ခရစ္စတယ် ရာကျော်ကို ကျန်းချန်ထံ လွှဲပြောင်းပေးလိုက်သည်။

ကျန်းချန်က စွမ်းအင်အဆီအနှစ်များကို လက်ခံရရှိပြီးနောက်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားကို လက်ကိုဝှေ့ယမ်း၍ ပြောလိုက်သည်။

"ကောင်းပြီ ဒီမှာ ဘာကိစ္စမှမရှိတော့ဘူး.. မင်းသွားချင်တဲ့နေရာကို သွားလို့ရပြီ"

ယခုအခါတွင် ကျန်းချန်ထံ၌ ဝိညာဥ်အဆီအနှစ် ခရစ္စတယ် အများအပြား ရှိနေခဲ့ပြီ ဖြစ်သည်။

ဤသည်က သူ၏ ကျင့်ကြံခြင်းအဆင့်ကို နတ်သန္ဓေအင်ပါယာနယ်ပယ် ဒုတိယအဆင့်သို့ ထိုးဖောက်ရန် လုံလောက်၏။

ကျန်းချန်က နတ်သန္ဓေအင်ပါယာနယ်ပယ် ဒုတိယအဆင့်သို့ ထိုးဖောက်ပြီးမှသာ နတ်သန္ဓေအင်ပါယာနယ်ပယ် အဆင့် စွမ်းအင်ခန္ဓာကိုယ်ကို ရှာဖွေရန် စီစဥ်ထားခဲ့၏။

သို့မှသာ ထိုနတ်သန္ဓေအင်ပါယာ နယ်ပယ် စွမ်းအင်ခန္ဓာကိုယ်ကနေ သူ့ဆရာ ရှောင်တုလီ ရှိနေသည့်နေရာကို မေးမြန်းနိုင်ရုံသာမက ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ လျှို့ဝှက်ချက်များကိုပါ သိရှိနိုင်လိမ့်မည် မဟုတ်ပါလား။

"သခင်လေး.. ချိန်ခန်းက သခင်လေးရဲ့နောက်ကို လိုက်ပါဖို့ဆန္ဒရှိပါတယ်.. သခင်လေး ချိန်ခန်းကို လက်ခံပေးဖို့ တောင်းဆိုပါတယ်"

လူလတ်ပိုင်းအရွယ် အမျိုးသားက ကျန်းချန်ကို အလျင်အမြန်ပင် တောင်းဆိုလိုက်၏။

"ကျွန်တော်က ဒီနေရာမှာရှိတာ တစ်နှစ်ကျော်ခဲ့ပါပြီ.. သခင်လေးကို အများကြီး အကူအညီဖြစ်စေမှာပါ"

သူ၏ရှေ့မှ လူငယ်သည် နတ်သန္ဓေအင်ပါယာ တစ်ပါး ဖြစ်၍ ဤရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူတွင် အထူထဲဆုံး ပေါင်ပင် ဖြစ်သည်။

ကျန်းချန်နှင့်အတူ ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူထဲတွင် ခရီးသွားခြင်းသည် သူ့အတွက် အန္တရာယ် ကင်းစေလိမ့်မည် ဖြစ်ရာ သူ့အနေဖြင့် ထူထဲလှသော ကျန်းချန်၏ပေါင်ကို လွှတ်ရန်ဆန္ဒမရှိခဲ့ပေ။

ထိုအခွင့်အရေးကို သူက အဘယ်ကဲ့သို့ လက်လွှတ်ခံနိုင်ပါမည်နည်း။

"မင်းက ရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်း သင်္ချိုင်းဂူထဲမှာ နေထိုင်တာကြာပြီဆိုတော့ ယွဲ့စစ်ချင်နဲ့ ရှောင်တုလီ ဆိုတဲ့ နာမည်တွေကို ကြားဖူးလား.. ဒါ့အပြင် နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် စွမ်းအင်ခန္ဓာကိုယ်တွေ ရှိတဲ့နေရာကို သိလား.. ငါကျေနပ်လောက်တဲ့ အဖြေပေးနိုင်သရွေ့ မင်းကို ငါနဲ့အတူ လိုက်လာဖို့ အခွင့်အရေးပေးမယ်"

ကျန်းချန်က ပေါ့ပါးစွာပင် ပြောလိုက်သည်။

သူက ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ အကြောင်းကို အနည်းငယ်မျှသာ သိ၏။

ချိန်ခန်းသာ သူ့ကို အသုံးဝင်သော သတင်းအချက်အလက်အချို့ အမှန်တကယ် ပေးနိုင်ခဲ့လျှင် ချိန်ခန်းကို ချန်ထားစရာ အကြောင်း မရှိချေ။

"သခင်လေး ကျွန်တော် ရှောင်တုလီဆိုတဲ့ နာမည်ကိုတော့ မကြားဖူးဘူး.. ဒါပေမဲ့ ယွဲ့စစ်ချင်ဆိုတဲ့ နာမည်ကိုတော့ အရမ်းရင်းနှီးပါတယ်"

ချိန်ခန်းက စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်သည်။

"သခင်လေး ပြောတဲ့ ယွဲ့စစ်ချင်က စန်းယွဲ့သူတော်စင်နယ်မြေက တပည့်တစ်ဦး မဟုတ်လား"

ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်လုံးများသည် ရုတ်တရက် အနည်းငယ် တောက်ပလာခဲ့သည်။

"ဟုတ်တယ် ယွဲ့စစ်ချင်က စန်းယွဲ့သူတော်စင်နယ်မြေရဲ့ တပည့်တစ်ယောက်ပဲ.. မင်းဒီထဲမှာ သူမကို မြင်ဖူးလို့လား"

သူက ပေါ့ပေါ့ပါးပါး မေးလိုက်သော်လည်း ချိန်ခန်းက သိရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ချိန်ခန်းက ယွဲ့စစ်ချင်၏ သတင်းကို အမှန်တကယ် သိနေပုံရ၏။

"ကျွန်တော် မြင်ဖူးရုံတင်မဟုတ်ဘူး.. လွန်ခဲ့တဲ့ တစ်နှစ်က ရှေးဟောင်းအင်ပါယာရဲ့သန္ဓေပြောင်းသင်္ချိုင်းဂူထဲကို ကျွန်တော်ဝင်ရောက်ခဲ့တယ်.. အဲဒီတုန်းက ယွဲ့စစ်ချင်က ကျွန်တော့်ရဲ့ အဖွဲ့ဝင်တစ်ဦးပဲ.. ကျွန်တော်တို့ ငါးယောက်အဖွဲ့က ရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်းသင်္ချိုင်းဂူ အတွင်းမှာ နှစ်ဝက်လောက် အတူတူရှိခဲ့ကြတယ်.. နောက်တော့ အဖွဲ့ဝင်တွေက တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားခဲ့ပြီး ကျွန်တော်နဲ့ယွဲ့စစ်ချင်ပဲ ကျန်ရှိခဲ့တယ်.. တစ်ရက်မှာ ကျွန်တော်တို့တွေ လျှို့ဝှက်ဆန်းကြယ်တဲ့ ချိုင့်ဝှမ်းတစ်ခုထဲကို ဝင်ရောက်ခဲ့ကြတယ်.. ရလဒ်အနေနဲ့ ယွဲ့စစ်ချင်က အဲဒီထဲမှာ ဖမ်းမိသွားခဲ့ပြီး ပြန်ထွက်မလာနိုင်တော့ဘူး"

ချိန်ခန်းက ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် ကျန်းချန်က မျက်မှောင်ကြုတ်လိုက်၏။

"ဖမ်းမိသွားတယ် ဆိုတာက ဘာအဓိပ္ပါယ်လဲ.. ယွဲ့စစ်ချင်က အခုအချိန်အထိ အသက်ရှင်နေသေးတယ်လို့ ဆိုလိုချင်တာလား"

"သူမ အသက်ရှင်နေဦးမယ်လို့ ကျွန်တော်ထင်တယ်.. အဲဒီတုန်းက ချိုင့်ဝှမ်းထဲမှာ ကျွန်တော်တို့နှစ်ယောက် နတ်သန္ဓေအင်ပါယာအဆင့် စွမ်းရည်ခန္ဓာကိုယ် တစ်ခုနဲ့ ထိပ်တိုက်ဆုံမိခဲ့တယ်.. အဲဒီခန္ဓာကိုယ်က ယွဲ့စစ်ချင်ကို အရမ်း စိတ်ဝင်စားနေပုံရပြီး တစ်ခါတည်း ဖမ်းခေါ်သွားခဲ့တယ်.. ယွဲ့စစ်ချင်ကြောင့် အဲဒီ နတ်သန္ဓေအင်ပါယာ စွမ်းအင်ခန္ဓာကိုယ်က ကျွန်တော့်ကို မသတ်ဘဲ အသက်ရှင်ခွင့် ပေးခဲ့တယ်"

ချိန်ခန်းက ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။

"ကောင်းပြီ အဲဒါဆိုရင် ငါတို့ ဒီမှာတစ်ညနားမယ်.. မနက်ဖြန်ကျရင် မင်းငါ့ကို အဲဒီချိုင့်ဝှမ်းဆီ ခေါ်သွားပေးပါ"

ကျန်းချန်က လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

သူက ယွဲ့စစ်ယွင်ကို ယွဲ့စစ်ချင်းအား ရှာဖွေပေးမည်ဟု သဘောတူထားခဲ့သည်။

ယခုအခါတွင် ယွဲ့စစ်ချင်၏ သတင်းကို ရရှိခဲ့ပြီး အသက်ရှင်နေရန် အလားအလာ အလွန်များနေသဖြင့် သူ့အနေဖြင့် လက်ပိုက်ကြည့်နေရန် အကြောင်းပြချက်မရှိပေ။

ယင်းအပြင် ထိုနေရာတွင် ယွဲ့စစ်ချင်ကို ဖမ်းခေါ်ထားသည့် နတ်သန္ဓေအင်ပါယာ နယ်ပယ်စွမ်းအင် ခန္ဓာကိုယ်လည်း ရှိနေသဖြင့် ပြောနေစရာ မလိုလောက်အောင်ပင် ဤသည်က သူ့အတွက် ခဲတစ်လုံးတည်းဖြင့် ငှက်နှစ်ကောင်ကိုပစ်ခတ်သကဲ့သို့ ဖြစ်နေခဲ့သည်။

"ဟုတ်ကဲ့ပါ သခင်လေး"

ချိန်ခန်းက အလျင်အမြန် ပြန်ဖြေလိုက်သည်။

သူ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။

ဤတစ်ကြိမ်တွင် တိုက်ဆိုင်စွာဖြင့် ယွဲ့စစ်ချင်နှင့် ပတ်သက်နေသည့် နတ်သန္ဓေအင်ပါယာ တစ်ပါးဖြစ်သော ကျန်းချန်ကို မထင်မှတ်ဘဲ ဆုံတွေ့ရလိမ့်မည်ဟု ချိန်ခန်း မမျှော်လင့်ထားခဲ့ပေ။

သူနှင့် ယွဲ့စစ်ချင်သည် နှစ်ဝက်ကြာ တစ်ဖွဲ့တည်း ဖြစ်ခဲ့ကြပြီး ယွဲ့စစ်ချင်က သူ့ကို အသက်ကယ်ခဲ့သော ကျေးဇူးလည်းရှိခဲ့သည်။

ထို့ကြောင့် သူက စိတ်ရင်းထဲကနေ ကျန်းချန်ကို ထိုနေရာသို့ ခေါ်သွားချင်ခဲ့ပြီး ယွဲ့စစ်ချင်ကို ကယ်ဆယ်ချင်ခဲ့သည်။

ကျန်းချန်က ချိန်ခန်းကို လျစ်လျူရှုလိုက်ပြီး နေရာတစ်ခုကိုရှာဖွေကာ တင်ပျဥ်ခွေထိုင်လိုက်သည်။

တစ်ညနားပြီးမှ စတင်လှုပ်ရှားရန် ရွေးချယ်ရသည့် အကြောင်းအရင်းမှာ သူ၏ အင်အားကို တိုးမြှင့်ရန် အတွက် ဝိညာဥ်အဆီအနှစ်များကို မျိုချရန်ဖြစ်သည်။

ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူသည် ထူးဆန်းပြီး ခန့်မှန်းရခက်ခဲသောနေရာလည်း ဖြစ်၏။

အထူးသဖြင့် နတ်သန္ဓေအင်ပါယာနယ်ပယ်၏ စွမ်းအင်ခန္ဓာကိုယ်သည် ကိုယ်ခံပညာများကို ထုတ်သုံးနိုင်ပြီး ၎င်း၏ အင်အားသည် အဆင့်တူအတွင်းရှိ ကျင့်ကြံသူတစ်ယောက်ထက် မနိမ့်ကျ‌ပေ။

မှတ်ဉာဏ်များကို ပြန်လည်ရရှိခဲ့သော နတ်သန္ဓေအင်ပါယာအဆင့် စွမ်းအင်ခန္ဓာကိုယ်များသည် အလွန်ပင်အစွမ်းထက်သည်မှာ သေချာသလောက် ဖြစ်၏။

ထိုကဲ့သို့သော အစွမ်းထက်သည့် စွမ်းအင်ခန္ဓာကိုယ်ကို ရင်ဆိုင်ရာတွင် ကျန်းချန်အနေဖြင့် သတိထားနိုင်မှ တော်ကာကျပေမည်။

ယခု သူ့တွင် လုံလောက်သည့် စွမ်းအင်အဆီအနှစ်ရှိနေခဲ့ပြီဖြစ်ရာ ကျန်းချန်သည် နတ်သန္ဓေအင်ပါယာနယ်ပယ်ဒုတိယအဆင့်ကို တိုက်ရိုက် ထိုးဖောက်ရန် အဆင်သင့်ဖြစ်နေခဲ့သည်။

ထို့နောက်တွင် ကျန်းချန်သည် စွမ်းအင်အဆီအနှစ် ခရစ္စတယ်များကို ထုတ်ယူလိုက်ပြီး ဆက်တိုက်ဆိုသလို မျိုချလိုက်တော့သည်။

"ဒင်.. သင်က ဆဋ္ဌမအဆင့် အဆင့်မြင့် စွမ်းအင် အဆီအနှစ်ကို မျိုချလိုက်ပြီး ကျင့်ကြံခြင်း အတွေ့အကြုံရမှတ် ၇၀၀၀ကို အဆ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က သတ္တမအဆင့် အခြေခံ စွမ်းအင် အဆီအနှစ်ကို မျိုချလိုက်ပြီး ကျင့်ကြံခြင်း အတွေ့အကြုံရမှတ် ၇၀၀၀၀ကို အဆ၁၀၀ ရရှိပါတယ်"

"ဒင်..သင်က သတ္တမအဆင့် အလယ်အလတ် စွမ်းအင်အဆီအနှစ်ကို မျိုချပြီး ကျင့်ကြံခြင်း အတွေ့အကြုံရမှတ် ၁၄၀၀၀၀ကို အဆ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က သတ္တမအဆင့် အဆင့်မြင့် စွမ်းအင်အဆီအနှစ်ကို မျိုချပြီး ကျင့်ကြံခြင်း အတွေ့အကြုံရမှတ် ၂၁၀၀၀၀ကို အဆ ၁၀၀ ရရှိပါတယ်"

"............."

ကျန်းချန်က စွမ်းအင်အဆီအနှစ် ခရစ္စတယ်များကို ရူးသွပ်စွာမျိုချလိုက်ပြီး သူ၏ကျင့်ကြံခြင်း အတွေ့အကြုံရမှတ်များကို တိုးတက်စေခဲ့သည်။

စွမ်းအင်အဆီအနှစ် ခရစ္စတယ်များကို မျိုချပြီးနောက်တွင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် အဆုံးသတ်၌ နတ်သန္ဓေအင်ပါယာ နယ်ပယ်ပထမအဆင့်၏ နှောင်းပိုင်းသို့ပင် ထိုးဖောက် ဝင်ရောက်လာခဲ့သည်။

ဤသို့ဖြင့် ၂နာရီဆက်တိုက် ကြာမြင့်သွားခဲ့ပြီး ကျန်းချန်၏ လက်ထဲရှိ စွမ်းအင်အဆီအနှစ် ၃၀၀ ဝန်းကျင်ခန့်သည်လည်း လုံးဝနီးပါး ကုန်ဆုံးသွားခဲ့သည်။

ကျန်းချန်က သူနောက်ဆုံး သတ်ဖြတ်ခဲ့သည့် နတ်သန္ဓေအင်ပါယာတစ်ပိုင်း စွမ်းအင် ခန္ဓာကိုယ်၏ အဆီအနှစ် ခရစ္စတယ်ကို မျိုချပြီးနောက်တွင် သာယာသော သတိပေးချက်များသည် သူ၏ စိတ်ထဲတွင် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။

"ဒင်.. သင်က သတ္တမအဆင့် အထွတ်အထိပ် မီးဒြပ်စင်အဆီအနှစ်ကို မျိုချပြီး မီးစိတ်ဆန္ဒ အတွေ့အကြုံရမှတ် ၂၂၀၀၀၀ ကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်.. သင့်ရဲ့ မီးစိတ်ဆန္ဒက ပြီးပြည့်စုံသော မဟာအဆင့်ကို ရောက်ရှိသွားပါပြီ"

"ဒင်.. သင်က သတ္တမအဆင့် အထွတ်အထိပ် မီးဒြပ်စင်အဆီအနှစ်ကို မျိုချပြီး ကျင့်ကြံခြင်း အတွေ့အကြုံရမှတ် ၂၂၀၀၀၀ကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်..သင်က နတ်သန္ဓေအင်ပါယာနယ်ပယ်ရဲ့ ဒုတိယအဆင့်ကို အောင်မြင်စွာ ထိုးဖောက်သွားခဲ့ပါပြီ"

အခန်း(၁၂၈၁)ပြီး၏။

All Chapters