← Chapters

အခန်း (၁၂၈၂-၁၂၈၄)

Vol. 86 Ch. 1282-1284

အခန်း (၁၂၈၂-၁၂၈၄)

Vol. 86 Ch. 1282-1284

အခန်း(၁၂၈၂)

"မီးစိတ်ဆန္ဒက ပြီးပြည့်စုံတဲ့ မဟာအဆင့်ကို ရောက်ရှိသွားခဲ့ပြီ"

ယခုအခါတွင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်က နတ်သန္ဓေအင်ပါယာနယ်ပယ်ကို ထိုးဖောက်ပြီးပြီဖြစ်၍ မီးစိတ်ဆန္ဒကပြီးပြည့်စုံသော မဟာအဆင့်သို့ ရောက်ရှိသွားခြင်းသည် စစ်မှန်သော နယ်မြေပိုင်နက် တစ်ခု ထပ်မံ ရရှိလိုက်သည့် အဓိပ္ပါယ်ပင် ဖြစ်သည်။

ဤသည်က ကျန်းချန်၏ စတုတ္ထမြောက် နယ်မြေပိုင်နက်စွမ်းအားဆိုလည်း မမှားပေ။

ယခုအခါတွင် သူက နတ်သန္ဓေ အင်ပါယာနယ်ပယ် ဒုတိယအဆင့် ကျင့်ကြံသူဖြစ်လာပြီး နယ်မြေပိုင်နက် စွမ်းအား‌လေးခုကို ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်သည်။

နှစ်နာရီ၊ သုံးနာရီအတွင်းမှာပင် ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်သည် အဆပေါင်းများစွာ မြင့်တက်လာခဲ့သည်။

ယခုအခါ ရှောင်မိသားစုဘိုးဘေး ရှောင်ယန်ဝူနှင့် ရင်ဆိုင်ရမည်ဆိုလျှင် တိမ်တိုက်ဝါးမျို နည်းစနစ်နှင့် လူသားဧကရာဇ် စည်းတံဆိပ်တို့ကို အသုံးမပြုလျှင်ပင် ကျန်းချန်အနေဖြင့် အနိုင်ရရန် ယုံကြည်မှုရှိသည်။

"ကြည့်ရတာ နတ်သန္ဓေအင်ပါယာ တစ်ပိုင်း စွမ်းအင်ခန္ဓာကိုယ်တွေက ကိုယ်ခံပညာရဲ့ စစ်မှန်သောအဓိပ္ပါယ်ကို နားလည်ရာမှာ အကျိုးသက်ရောက်မှု ရှိနေတဲ့ပုံပဲ"

ကျန်းချန်က အံ့သြတုန်လှုပ်ရာကနေ ပြန်လည်သက်သာလာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။

ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူမှ စွမ်းအင်ခန္ဓာကိုယ်သည် သူ့ကို အလွန်အမင်း အံ့အားသင့်စေခဲ့သည်။

"ဒီလိုမျိုး နတ်သန္ဓေအင်ပါယာ တစ်ပိုင်းအဆင့် စွမ်းအင်ခန္ဓာကိုယ် မဟုတ်ဘဲ နတ်သန္ဓေအင်ပါယာနယ်ပယ်အဆင့်စွမ်းအင်ခန္ဓာကိုယ် အချို့ကို လိုက်ရှာပြီး သူတို့ရဲ့အဆီအနှစ်ကိုသာ မျိုချနိုင်ခဲ့မယ်ဆိုရင် နယ်မြေပိုင်နက် စွမ်းအားကို အဆင့်မြှင့်တင်လို့ ရနိုင်မလား မသိဘူး"

ကျန်းချန်က အလေးအနက်ပင် စဥ်းစားခန်းဝင်နေခဲ့သည်။

သိထားရမည်မှာ နတ်သန္ဓေအင်ပါယာ နယ်ပယ်၏ အစစ်အမှန် နယ်မြေပိုင်နက် စွမ်းအားကိုလည်း တိုးတက်အောင် ပြုလုပ်၍ ရခြင်းပင်။

အစစ်အမှန် နယ်မြေပိုင်နက်များကို သာမန်အဆင့်၊အလယ်အလတ်အဆင့်၊ အဆင့်မြင့်အဆင့်၊ ပြီးပြည့်စုံသောအဆင့် ဟူ၍ အဆင့်လေးဆင့် ခွဲခြားထားသည်။

နယ်မြေပိုင်နက်စွမ်းအား၏ အဆင့်ကို နယ်မြေပိုင်နက်အရွယ်အစားပေါ် မူတည်၍ ခွဲခြားကြသည်။

သာမန်အဆင့် နယ်မြေပိုင်နက်များသည် ပေတစ်ရာ ပတ်လည်အကျယ်အဝန်းကိုသာ လွှမ်းခြုံနိုင်ပြီး အလယ်အလတ်အဆင့်ကမူ ပေသုံးရာအထိ လွှမ်းခြုံနိုင်သည်။

အဆင့်မြင့်အဆင့်ကမူ ပေခြောက်ရာအထိ လွှမ်းခြုံနိုင်ပြီး ပြီးပြည့်စုံသောအဆင့်ဆိုလျှင် ၉၉၉ပေအထိပင် လွှမ်းခြုံနိုင်မည် ဖြစ်သည်။

ဤသည်က နတ်သန္ဓေအင်ပါယာ နယ်ပယ်၏အကန့်အသတ်လည်း ဖြစ်၏။

ဤအကန့်အသတ်ကို ချိုးဖောက်လိုလျှင် အင်ပါယာအဆင့်ကျင့်ကြံသူမှသာ လုပ်ဆောင်နိုင်လိမ့်မည် ဖြစ်သည်။

သို့သော် နယ်မြေပိုင်နက် စွမ်းအားကို အဆင့်မြှင့်တင်ခြင်းသည် ကိုယ်ခံပညာ၏ စစ်မှန်သောအဓိပ္ပါယ်ကို နားလည် သဘောပေါက်အောင်လုပ်ရန်ထက် အဆ၁၀၀ ပိုမိုခက်ခဲ၏။

နတ်သန္ဓေအင်ပါယာနယ်ပယ် အဆင့် ကျင့်ကြံသူ အများစုသည် သူတို့၏ ဘဝတစ်လျှောက်လုံးတွင် သာမန် နယ်မြေပိုင်နက်အဆင့်ကိုသာ ပိုင်ဆိုင်ခဲ့ကြသည်။

ရှင်းလင်းစွာ ဆိုရလျှင် ပြီးပြည့်စုံသောအဆင့် ဖြစ်သည့် ၉၉၉ပေ အကျယ်အဝန်းရှိသည့် နယ်မြေပိုင်နက် အဆင့်သို့ ရောက်ရှိရန် မဆိုထားနှင့်၊ အလယ်အလတ်အဆင့်ကိုပင် မြှင့်တင်ရန် ခက်ခဲသည်။

"ကြည့်ရတာ နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် စွမ်းအင်ခန္ဓာကိုယ်တွေကို လိုက်ရှာရတော့မယ် ထင်တယ်"

ထိုခဏတွင် ကျန်းချန်၏ မျက်လုံးများသည် အနည်းငယ်တောက်ပလာခဲ့သည်။

သူ၏ မျက်လုံးများတွင် လိုချင်တပ်မက်သော အရိပ်အယောင်များသည် ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့၏။

ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူထဲတွင် နတ်သန္ဓေ အင်ပါယာနယ်ပယ်အဆင့် စွမ်းအင်ခန္ဓာကိုယ် မည်မျှရှိနေမှန်း သူ မသိပေ။

အကယ်၍သာ အများအပြားရှိခဲ့လျှင် သူ့အနေဖြင့် နတ်သန္ဓေအင်ပါယာနယ်ပယ်အဆင့် စွမ်းအင်ခန္ဓာကိုယ်များ၏ အဆီအနှစ်ကို အသုံးပြုကာ သူ၏ နယ်မြေပိုင်နက် စွမ်းအားကို ရူးသွပ်စွာ အဆင့်မြှင့်တင်နိုင်မည် မဟုတ်ပါလား။

သူ၏ နယ်မြေပိုင်နက် စွမ်းအားအလုံးစုံကိုသာ အလယ်အလတ်အဆင့် အထိ မြှင့်တင်နိုင်ခဲ့လျှင် အလွန်ပင် ကြောက်မက်စရာကောင်းသည့် စွမ်းရည်မျိုး ပိုင်ဆိုင်နိုင်မည်မှာ သေချာသလောက် ဖြစ်၏။

ထိုအချိန်သို့ရောက်လျှင် နတ်သန္ဓေ အင်ပါယာနယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူပင် သူ့ကို ရင်ဆိုင်နိုင်မည် မဟုတ်တော့ပေ။

နောက်တစ်နေ့ မနက်စောစောတွင် ချိန်ခန်း၏ ဦးဆောင်မှုဖြင့် ကျန်းချန်သည် ယွဲ့စစ်ချင် အဖမ်းခံခဲ့ရသော ချိုင့်ဝှမ်းဆီသို့ ဦးတည်သွားခဲ့သည်။

ထိုချိုင့်ဝှမ်းသည် ကျန်းချန်တို့ ရှိရာနှင့် သိပ်မဝေးပေ။

သုံးရက်အကြာတွင် နှစ်ဦးသားသည် မီးခိုးရောင်မြူများ ဖုံးလွှမ်းနေသော ချိုင့်ဝှမ်းတစ်ခုဆီသို့ ရောက်ရှိလာခဲ့ကြသည်။

"သခင်လေး ဒီနေရာပဲ.. ဒီချိုင့်ဝှမ်းထဲမှာ နတ်သန္ဓေအင်ပါယာနယ်ပယ်အဆင့် စွမ်းအင်ခန္ဓာကိုယ် တစ်ခုတည်းမဟုတ်ဘဲ သိုင်းသခင် နယ်ပယ်အဆင့်နဲ့ နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် စွမ်းရည်ခန္ဓာကိုယ်တွေလည်း အများကြီးရှိတယ်.. ဒီထဲက အင်အားတွေက ကြယ်သုံးပွင့် အင်အားစုနဲ့တောင် နှိုင်းယှဥ်နိုင်တယ်"

ချိန်ခန်းက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး သူ့နံဘေးမှ ကျန်းချန်ကို ကြည့်ကာ သတိပေးလိုက်သည်။

"ကျွန်တော်တို့ ဝင်ကြတော့မလား"

"သွားကြရအောင်"

ကျန်းချန်က ပေါ့ပါးစွာ ပြန်ဖြေလိုက်ပြီး ချိုင့်ဝှမ်းဆီသို့ တန်းတန်းမတ်မတ်ပင် လျှောက်လာခဲ့သည်။

သူက ယန်ဒီမြို့လို ကြယ်လေးပွင့် သူတော်စင်နယ်မြေကိုတောင် ဖိနှိပ်ခဲ့သူဖြစ်ရာ သူ့ရှေ့မှ ဤသေးငယ်သော ချိုင့်ဝှမ်းလေးကို မည်ကဲ့သို့ သောက်ဂရုစိုက်ပါမည်နည်း။

မကြာခင်မှာပင် ကျန်းချန်တို့နှစ်ယောက်သည် ချိုင့်ဝှမ်းနှင့် ပေတစ်ရာအတွင်းသို့ ရောက်ရှိလာခဲ့ကြသည်။

ထိုအချိန်မှာပင် ကျန်းချန်သည် တစ်စုံတစ်ရာကို အာရုံခံမိသွားခဲ့ပြီး သူ၏ခြေလှမ်းကို ရုတ်တရက် ရပ်တန့်လိုက်သည်။

ချက်ချင်းဆိုသလိုပင် သူက ချိုင့်ဝှမ်းရှိရာ ဘက်သို့ လှမ်းကြည့်လိုက်သည်။

သူ၏မျက်လုံးထဲတွင် အံ့အားသင့်သော အရိပ်အယောင် တစ်ခု ပေါ်လာခဲ့၏။

ကျန်းချန်၏ အမူအရာကြောင့် ချိန်ခန်းက စိုးရိမ်သွားခဲ့သည်။

"သခင်လေး ဘာဖြစ်လို့လဲ"

"ဘာမှမဟုတ်ပါဘူး"

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။

"ချိုင့်ဝှမ်းထဲမှာ ကျင့်ကြံသူတွေရဲ့ အရှိန်အဝါတွေ ရှိနေတယ်.. ကြည့်ရတာ အဖွဲ့တစ်ဖွဲ့က ငါတို့ထက်အရင် ဒီကိုရောက်နှင့်နေတာ ဖြစ်လိမ့်မယ်"

"သခင်လေး ပြောသလိုသာဆိုရင် ဒီကျင့်ကြံသူတွေက ချိုင့်ဝှမ်းထဲမှာ သေဆုံးသွားနိုင်တယ်လို့ ကျွန်တော်ထင်တယ်"

ချိန်ခန်းက ချိုင့်ဝှမ်းထဲကို ဝင်ရောက်သွားသော ကျင့်ကြံသူများအတွက် စိတ်ထဲတွင် တိတ်တဆိတ် ဝမ်းနည်းနေခဲ့သည်။

သူ၏ရှေ့မှ ချိုင့်ဝှမ်းထဲတွင် နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် စွမ်းအင်ခန္ဓာကိုယ် ရှိနေသည် မဟုတ်ပါလော။

သို့ဖြစ်ရာ ကျင့်ကြံသူများ ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်ခြင်းသည် ကျားပါးစပ်ထဲကို ဝင်လာခြင်းနှင့် အတူတူပင် ဖြစ်၏။

"ဟားဟား ချိုင့်ဝှမ်းထဲကို ဝင်လာတဲ့လူတွေက သာမန်လူတွေဟုတ်ပုံမရဘူး.. လွယ်လွယ်ကူကူတော့ မသေနိုင်ဘူးထင်တာပဲ"

ကျန်းချန်၏ နှုတ်ခမ်းထောင့်စွန်းက အနည်းငယ် ကွေးညွှတ်သွားခဲ့သည်။

သူ၏ နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် မြင်နိုင်စွမ်းအရ ချိုင့်ဝှမ်းအဝတွင် အစောင့်အဖြစ် ကျန်ရစ်ခဲ့သည့် ကျင့်ကြံသူနှစ်ဦးကို တွေ့ရှိခဲ့သည်။

ထိုကျင့်ကြံသူနှစ်ဦး၏ အရှိန်အဝါသည် နတ်ဝိညာဥ်ဘုရင်နယ်ပယ် သတ္တမအဆင့်သို့ပင် ရောက်ရှိနေခဲ့ကြပြီ ဖြစ်သည်။

ထိုနှစ်ဦးက ချိုင့်ဝှမ်းအဝတွင် မလှုပ်မယှက် ရပ်နေကြသည်မှာ အကြောင်းမသိလျှင် ချိုင့်ဝှမ်းကို စောင့်ကြပ်နေသော အစောင့်များကဲ့သို့ပင်။

နတ်ဝိညာဥ်ဘုရင် နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူနှစ်ယောက်ကို ချိုင့်ဝှမ်းအဝတွင် အစောင့်အဖြစ် ထားရှိစေနိုင်ပုံကို ထောက်လျှင် ချိုင့်ဝှမ်းထဲကို ဝင်ရောက်လာသောသူသည် သာမန်လူ မဟုတ်မှန်း ထင်ရှားနေ၏။

ကျန်းချန်က ချိုင့်ဝှမ်းထဲကို ဝင်ရောက်လာသူများသည် အလွန် ထူးခြားကြောင်း ခန့်မှန်းခဲ့သော်လည်း ဂရုစိုက်မနေဘဲ ချိုင့်ဝှမ်း ဆီသို့သာ ဆက်လက်၍ လျှောက်လာခဲ့သည်။

ဤသို့ဖြင့် ကျန်းချန်တို့နှစ်ဦးသည် ချိုင့်ဝှမ်းနှင့် ဆယ်ပေအကွာသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့၏။

"ဘယ်သူလဲ"

ထိုအချိန်မှာပင် တိတ်ဆိတ်ငြိမ်သက်နေသော လေထုထဲတွင် ရုတ်တရက် အော်‌ငေါက်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။

မကြာခင်မှာပင် ပုံရိပ်နှစ်ခုသည် မီးခိုးရောင်မြူခိုးများကို ဖြတ်သန်းကာ ကျန်းချန်တို့၏ ရှေ့တွင် ပေါ်လာခဲ့သည်။

ထိုပုံရိပ်နှစ်ခုသည် အသက်သုံးဆယ်အောက်ဟု ထင်ရသော လူငယ်နှစ်ဦး ဖြစ်သည်။

ထိုနှစ်ဦးစလုံးက မာနကြီးသော အမူအရာများ ရှိကြပြီး ရင်ဘတ်ပေါ်တွင် တိမ်တိုက်ပုံစံ သင်္ကေတ ပါဝင်သော အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားကြသည်။

ထိုဝတ်ရုံက အလွန်ပင် ခမ်းနားပြီး သိမ်မွေ့နူးညံ့သော ခံစားချက်များကို မြင်ရသူတိုင်းအား ပေးစွမ်းနေ၏။

"ဟောင်ထျန်းသူတော်စင်နယ်မြေရဲ့ ဝတ်စုံပါလား"

ချိန်းခန်းက သူ၏မြင်ကွင်းထဲတွင် ပေါ်လာသောလူနှစ်ယောက်ကိုမြင်လျှင် အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

"သခင်လေး ဒီနှစ်‌ယောက်က ဟောင်ထျန်း သူတော်စင်နယ်မြေကပဲ"

"ဟောင်ထျန်း သူတော်စင်နယ်မြေလား"

ကျန်းချန်က ထိုနာမည်ကို ကြားလျှင် စိတ်ထဲတွင် လေးစားသော ခံစားချက်ကို ခံစားမိခဲ့သည်။

ရှန်းဝူတိုက်ကြီးတွင် ဟောင်ထျန်းဆိုသော စာလုံးနှစ်လုံးသည် အမြင့်ဆုံး အဆင့်အတန်းကို ကိုယ်စားပြု၏။

တိုက်ကြီးတစ်ခုလုံးမှာပင် မည်သူကမှ ဟောင်ထျန်းဟူသောနာမည်ကို အလွယ်တကူ အသုံးပြုဝံ့ခြင်း မရှိပေ။

ချိန်ခန်း၏နှုတ်မှ ရေရွတ်လိုက်သော ဟောင်ထျန်း သူတော်စင်နယ်မြေသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ရှန်းဝူတိုက်ကြီးတွင် နာမည်ကျော်ကြားခဲ့သည့် မဟာအင်ပါယာဟောင်ထျန်း၏ အမွေအနှစ်နယ်မြေ ဖြစ်သည်မှာ သံသယဖြစ်ရာမရှိပေ။

ဟောင်ထျန်းသူတော်စင် နယ်မြေသည် လျှို့ဝှက်နယ်မြေ ရှစ်ခု၏ နံပါတ်(၁)ဖြစ်ပြီး ရှန်းဝူတိုက်ကြီးပေါ်ရှိ လူတိုင်းအသိအမှတ်ပြုထားသော နံပါတ်(၁) သူတော်စင်နယ်မြေလည်း ဖြစ်သည်။

သူတို့ရှေ့သို့ ရောက်လာသည့် လူနှစ်ယောက်တွင် ထိုကဲ့သို့ အံ့သြဖွယ်ကောင်းသည့် နောက်ခံ ရှိနေလိမ့်မည်ဟု ကျန်းချန် မထင်ထားခဲ့ပေ။

"ဒီနေရာကို ငါတို့သိမ်းပိုက်ထားတဲ့ အတွက် အပြင်လူတွေကို ဝင်ခွင့်မပြုဘူး.. မင်းတို့နှစ်ယောက် ခြေတစ်လှမ်း ထပ်တိုးမယ်ဆိုရင် ငါတို့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့"

ထိုနှစ်ဦးထဲမှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ကျန်းချန်တို့နှစ်ဦးကို အထက်စီးဆန်စွာ ပြောလိုက်သည်။

"ရှန်းဝူတိုက်ကြီးရဲ့ နံပါတ်(၁) သူတော်စင်နယ်မြေက တကယ်ကို အာဏာတွေ ဇွတ်ပြနေပါလား"

ကျန်းချန်က ထိုနှစ်ယောက်ကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"ဒါပေမဲ့ ဒီနေရာက မင်းတို့ရဲ့ ဟောင်ထျန်းနယ်မြေ မဟုတ်တဲ့အတွက် ချိုင့်ဝှမ်းထဲကိုဝင်ဖို့ မင်းတို့ရဲ့အဆုံးအဖြတ်ကို ခံယူစရာမလိုဘူးထင်တယ်"

"ငါတို့က ဟောင်ထျန်းသူတော်စင်နယ်မြေက ဆိုတာ သိနေတယ်ဆိုမှတော့ အမြန်ထွက်သွားကြစမ်း.. ဟောင်ထျန်း သူတော်စင်နယ်မြေကို ပြဿနာ ရှာရဲရအောင် မင်းတို့တွေ အသက်မရှည်ချင်တော့ဘူးလား"

အခြား လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကလည်း ပြင်းထန်စွာ အော်ငေါက်လိုက်သည်။

"ဟောင်ထျန်း သူတော်စင်နယ်မြေက ဘာမို့လို့လဲ"

ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်၏။

ထို့နောက်တွင် သူ၏မောက်မာသောအသံသည် ပတ်ဝန်းကျင်တစ်ခွင်လုံးကို ချက်ချင်းပင် ပဲ့တင်ထပ်သွားခဲ့သည်။

"ငါကျန်းချန် သွားချင်တဲ့နေရာကို ဘယ်သူမှ တားဆီးခွင့်မရှိဘူး.. မင်းတို့လို ပုရွက်ဆိတ်လေးတွေက ငါ့ကို တားဆီးနိုင်မယ်လို့များ ထင်နေတာလား"

အခန်း(၁၂၈၂)ပြီး၏။

အခန်း(၁၂၈၃)

မဟာအင်ပါယာ ဟောင်ထျန်းသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ရှန်းဝူတိုက်ကြီး၏ ခေါင်းဆောင် တစ်ယောက်ဖြစ်ပြီး သွေးဝိညာဥ်မျိုးနွယ်စုကို ဆန့်ကျင်တိုက်ခိုက်ခဲ့သော ရှန်းဝူတိုက်ကြီး၏ ခေါင်းဆောင်လည်း ဖြစ်သည်။

ထို့ကြောင့် ကျန်းချန်က မဟာအင်ပါယာ ဟောင်ထျန်း ချန်ထားရစ်ခဲ့သည့် ဟောင်ထျန်း သူတောင်စင်နယ်မြေကို အမြဲတစေ ရိုသေလေးစားမှုရှိခဲ့သည်။

သို့သော် ဤသည်က သူ့အနေဖြင့် ဟောင်ထျန်း သူတော်စင်နယ်မြေကို ခေါင်းငုံ့လိမ့်မည်ဟု မဆိုလိုပေ။

ကျန်းချန်က သူ့အပေါ် ကောင်းမွန်စွာ ဆက်ဆံသလောက် တခြားသူအပေါ်တွင် ပြန်လည်ကောင်းမွန်စွာ ဆက်ဆံတတ်သောသူမျိုး ဖြစ်သည်။

ထို့ကြောင့် ထိုနှစ်ယောက်က ဟောင်ထျန်း သူတော်စင်နယ်မြေမှ ဖြစ်နေလျှင်ပင် သူ့အနေဖြင့် အနည်းငယ်မျှပင် ယဥ်ကျေးလိမ့်မည် မဟုတ်ပေ။

ကျန်းချန်၏ မောက်မာသော စကားကိုကြားလျှင် ဟောင်ထျန်း သူတော်စင်နယ်မြေမှ လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး၏ မျက်နှာများသည် သုန်မှုန်သွားခဲ့သည်။

ဟောင်ထျန်း သူတော်စင်နယ်မြေသည် ရှန်းဝူတိုက်ကြီး၏ နံပါတ်တစ် သူတော်စင်နယ်မြေ ဖြစ်၏။

ထို့ကြောင့် ဟောင်ထျန်း သူတော်စင်နယ်မြေမှ လူများအနေဖြင့် သူတို့သည် ရှန်းဝူတိုက်ကြီးရှိ မရေမတွက်နိုင်သောကျင့်ကြံသူများ၏ လေးစားခြင်းကို ခံခဲ့ရသည်။

အခြားသော သူတော်စင်နယ်မြေမှ တပည့်များပင် သူတို့၏ ရှေ့တွင် ယဥ်ကျေးစွာ ပြုမူရလိမ့်မည် ဖြစ်သည်။

သာမန် ကျင့်ကြံသူများသည် ဟောင်ထျန်း သူတော်စင်နယ်မြေ ဟူသော နာမည်ကိုကြားရုံဖြင့် ချက်ချင်း နောက်ဆုတ်သွားလိမ့်မည်သာ။

သို့သော်လည်း သူတို့ရှေ့မှ ဤမလောက်လေး မလောက်စား ကောင်လေးကမူ သူတို့ကိုပင် ခွန်းတုံ့ပြန် ပြောဆိုနေခဲ့သည်။

သို့ဖြစ်ရာ သူတို့အနေဖြင့် မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။

"ဟမ့် ငါတို့ကို ခွန်းတုံ့ပြန်ရဲတဲ့ ကောင်လေး.. မင်းဒီလောက်တောင် သေချင်နေမှတော့ မင်းဆန္ဒကို ငါဖြည့်ဆည်းပေးမယ်"

ဘယ်ဘက်ခြမ်းရှိ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ဒေါသတကြီး ကြုံးဝါးလိုက်သည်။

ထို့နောက်တွင် သူ့လက်ထဲမှ ဓားရှည်သည် လှုပ်ရှားသွားခဲ့ပြီး ထက်ရှသော ဓားအလင်းသည် ဓားထိပ်ကနေ အဆိပ်ရှိ မြွေတစ်ကောင်ကဲ့သို့ ထွက်ပေါ်လာခဲ့သည်။

နောက်ထပ် တစ်ခဏမှာပင် ဓားကိုင်စွဲထားသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် မြေပြင်ပေါ်သို့ ခြေတစ်ချက် ဆောင့်နင်းလိုက်ပြီး လူနှင့်ဓား တစ်သားတည်း ပေါင်းစည်းသွားကာ ကောင်းကင်ကို ထိုးဖောက်သွားသော သက်တန့်တစ်စင်းနှယ် ပြောင်းလဲသွားပြီး ကျန်းချန်ဆီသို့ မိုးကြိုးဓားအလင်းဖြင့် ပစ်ခတ်လိုက်၏။

မိုးကြိုးဓားအလင်း မရောက်မီကပင် ကြောက်မက်ဖွယ် လေပြင်းသည် ကျန်းချန်ဆီ တိုက်ခတ်လာခဲ့သည်။

သူ၏ မြင်ကွင်းထဲတွင် လျင်မြန်စွာ ကျယ်ပြန့်လာသော ဓားအလင်းကို ကြည့်ရင်း ကျန်းချန်၏ မျက်လုံးနက်များသည် အလွန်ပင် တည်ငြိမ်နေခဲ့၏။

သူက လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ ကျောက်ဆောင်ကြီး တစ်ခုလို မလှုပ်မယှက် ငြိမ်သက်စွာ ရပ်နေခဲ့သည်။

မိုးကြိုးဓားအလင်းက သူနှင့် သုံးပေအောက် အကွာသို့ ရောက်လာမှသာ ကျန်းချန်သည် လက်ကို ဆန့်ထုတ်လိုက်သည်။

"ဝုန်း.."

ကျန်းချန်၏ လက်ဝါးရိုက်ချက်က အင်အားကြီးမားသော မိုးကြိုးဓားအလင်းကို ပေါက်ကွဲသွားစေခဲ့၏။

ထို့နောက်တွင် မိုးကြိုးဓားအလင်းကနေ ကျိုးပဲ့သွားသော ဓားစွမ်းအင် အပိုင်းအစ များစွာသည် ချက်ချင်းဆိုသလိုပင် နောက်ပြန် လွင့်စင်သွားပြီး ဓားကိုင်ဆွဲထားသော ကျင့်ကြံသူ ဆီသို့ ဦးတည်သွားခဲ့သည်။

"ဒါ.. ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ဓားကိုကိုင်ဆွဲထားသော ကျင့်ကြံသူ၏ တည်ကြည်သော မျက်နှာထက်တွင် အဆုံးသတ်၌ ဒေါသရိပ်များ ဖြစ်ပေါ်လာခဲ့သည်။

သူ၏ နတ်ဝိညာဥ်ဘုရင် သတ္တမအဆင့် ခွန်အားကို အပြည့်အဝ အသုံးပြုထားသော မိုးကြိုးဓားအလင်းကို ကျန်းချန်က အလွယ်တကူ ချေဖျက်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ချက်ချင်းပင် သူက အသက်စွမ်းအင်များကို လှုံ့ဆော်ကာ အကာအရံအဖြစ် သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် စုစည်းလိုက်ပြီး သူ့ဆီသို့ လွင့်စင်လာသော ဓားစွမ်းအင် အပိုင်းအစများကို ခုခံလိုက်သည်။

တစ်ချိန်တည်းမှာပင် သူ၏ ခြေထောက်ကို လေထဲတွင် ဆောင့်နင်းလိုက်ပြီး ရှေ့ဆယ်မီတာကို ချက်ချင်းဆိုသလို ဖြတ်သန်းကာ သူ၏ ဓားထိပ်ဖြင့် ကျန်းချန်၏ နဖူးကို ထိုးဖောက်ရန် ဦးတည်လိုက်သည်။

"သွားသေစမ်း"

သူ၏ ဓားထိပ်က ကျန်းချန်၏ နဖူးနှင့် အလွန်တရာ နီးကပ်သောနေရာ အထိ ရောက်လာသည်ကို မြင်လျှင် ဓားကိုင်ထားသောလူ၏ မျက်နှာထက်တွင် ကြောက်မက်ဖွယ် ကောင်းသော အပြုံးတစ်ခု ပေါ်လာခဲ့၏။

သို့သော် မကြာမီမှာပင် ဓားကိုင်ဆွဲထားသူ၏ မျက်နှာပေါ်ရှိ အပြုံးသည် ထိတ်လန့်သော အမူအရာသို့ ပြောင်းလဲသွားခဲ့ပြီး မယုံနိုင်ကြည်စရာ အဖြစ်အပျက်များ ဖြစ်ပေါ်လာခဲ့သည်။

အကြောင်းအရင်းမှာ ကျန်းချန်က သူ၏ ဓားကို လက်ချောင်းနှစ်ချောင်းဖြင့် ဖက်ရွက်တစ်ရွက်ကို ညှပ်ထားသကဲ့သို့ ပေါ့ပါးစွာ ညှပ်ထားလိုက်ခြင်းကြောင့်ပင်။

ဓားထိပ်ကို လက်နှစ်ချောင်းဖြင့် ညှပ်ထားပြီးနောက်တွင် ကျန်းချန်သည် သူ၏ လက်ချောင်းများကို အသာအယာလှုပ်ရှားလိုက်ရာ အင်အားကြီးမားသောစွမ်းအင်သည် ဓားတစ်လျှောက် စီးဝင်ပျံ့နှံ့သွားခဲ့သည်။

"ဝေါ့.."

ဓားကိုင်ဆွဲထားသောသူက ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြီး ခန္ဓာကိုယ်ကလည်း ကြိုးပြတ်သွားသောစွန်တစ်ကောင်နှယ် ဆယ်ပေကျော်ခန့် အထိ လွင့်စင်သွားခဲ့သည်။

ထို့နောက်တွင် ဓားကိုင်ဆွဲထားသောသူ၏ ခန္ဓာကိုယ်သည် လုံးဝကို ငြိမ်သက်သွားခဲ့သည်။

သူ၏ အဖော်ကို ကျန်းချန်က အလွယ်တကူပင် သတ်ဖြတ်ပစ်လိုက်သည်ကို မြင်လျှင် မျက်ခုံးမွေးထူထူ ရှိသော အခြားကျင့်ကြံသူ တစ်ဦးသည် မျက်လုံးထဲတွင် မယုံကြည်နိုင်သောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

သိထားရမည်မှာ သူကဲ့သို့ပင် ဓားကိုင်ဆွဲထားသူသည် နတ်ဝိညာဥ်ဘုရင် နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။

ထို့အပြင် သူတို့သည် ဟောင်ထျန်း သူတော်စင်နယ်မြေမှ ကျင့်ကြံသူများ ဖြစ်ကြ၍ သူတို့၏ခွန်အားသည် သာမန် နတ်ဝိညာဥ်ဘုရင် သတ္တမအဆင့်ထက် များစွာ ပို၍ သန်မာကြ၏။

သူတို့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို မည်ကဲ့သို့ ပိုင်ဆိုင်ထားပါသနည်း။

"မင်း.. မင်းဘယ်သူလဲ"

မျက်ခုံးမွေးထူထူရှိသော အမျိုးသားက ကျန်းချန်ကို ထိတ်လန့်သော အကြည့်ဖြင့် ကြည့်ကာ အော်ဟစ်လိုက်သည်။

"မင်းက ငါ့ကိုသတ်ပြီး ဟောင်ထျန်း သူတော်စင်နယ်မြေနဲ့ ရန်သူလုပ်မလို့လား"

"ငါက မင်းတို့ မယှဥ်နိုင်တဲ့သူပဲ"

ကျန်းချန်က မျက်ခုံးမွေးထူထူ ရှိသော အမျိုးသားကို မထီတရီဟန်ဖြင့် ကြည့်လိုက်သည်။

"ငါ့ကို ဟောင်ထျန်း သူတော်စင်နယ်မြေနဲ့ လာခြိမ်းခြောက်မနေနဲ့.. မင်းလည်း မင်းအဖော်လို မဖြစ်ချင်ဘူးဆိုရင် ငါနဲ့ခပ်ဝေးဝေးကို ထွက်သွားစမ်း"

"မင်းငါ့ကို စောင့်နေ.. ငါတို့ ဟောင်ထျန်း သူတော်စင်နယ်မြေက မင်းကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး"

မျက်ခုံးမွေးထူထူရှိသော ကျင့်ကြံသူက အေးစက်စက် ကြုံးဝါးလိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို လှည့်ကာ ချိုင့်ဝှမ်းထဲသို့ ပြေးဝင်သွားခဲ့သည်။

သူက ဓားကိုင်ထားသောလူနှင့် ခွန်အားချင်း တူညီ၏။

ဤကောင်လေးက ဓားကိုင်ထားသောသူကို တစ်ချက်တည်းနှင့် သတ်ဖြတ်နိုင်သဖြင့် သူ့ကိုလည်း တစ်ချက်တည်းဖြင့်ပင် သတ်ဖြတ်နိုင်ပေသည်။

ထို့ကြောင့် သူက ဤနေရာတွင် ဆက်နေလျှင် ကိုယ့်သေတွင်းကို တူးသည်နှင့် ဘာမှ ကွာခြားမည်မဟုတ်ပေ။

ကျန်းချန်က တုံ့ဆိုင်းမနေဘဲ မျက်ခုံးထူထူရှိသော အမျိုးသား ဝင်ရောက်သွားသည့် ချိုင့်ဝှမ်းထဲသို့ လျှောက်ဝင်သွားခဲ့သည်။

မကြာခင်မှာပင် ကျန်းချန်သည် မြက်ခင်းများနှင့် စိမ်းလန်းစိုပြေသော နေရာတစ်ခုသို့ ရောက်လာခဲ့သည်။

သူရောက်ရှိနေသောနေရာနှင့် မလှမ်းမကမ်းတွင် ပြင်းထန်သောတိုက်ပွဲ ဖြစ်နေသည်ကို လှမ်းမြင်လိုက်ရသည်။

ထိုတိုက်ပွဲကနေ ဖြစ်ပေါ်လာသည့် ပဲ့တင်သံများနှင့် မြေပြင်ကိုပင် လှုပ်ခါစေသည့် စွမ်းအင် ပေါက်ကွဲမှုများသည် ချိုင့်ဝှမ်းထဲတွင် အဆုံးမရှိ ဖြစ်ပေါ်နေခဲ့သည်။

ထိုနေရာတွင် ကြီးကျယ်သော တိုက်ပွဲနှစ်ပွဲ ဖြစ်ပွားနေခဲ့သည်။

ပထမတိုက်ပွဲမှာ ဟောင်ထျန်း သူတော်စင်နယ်မြေ၏ ဝတ်စုံကို ဝတ်ဆင်ထားသော ရုပ်ရည်ချောမောသော‌ လူငယ်တစ်ဦးသည် အပြာရောင်ဝတ်စုံဝတ် ကျင့်ကြံသူတစ်ဦးနှင့် ပြင်းထန်သော တိုက်ပွဲ ဖြစ်သည်။

ဟောင်ထျန်း သူတော်စင်နယ်မြေမှ လူငယ်သည် မိုးကြိုးလျှပ်စီးများ ဝန်းရံလျက်ရှိသော ဓားရှည်ကို ကိုင်ဆွဲကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းဆောင်ရည်များကို ထုတ်လွှတ်နေခဲ့သည်။

တစ်ဖက်ရှိ အပြာရောင်ဝတ်စုံဝတ် ကျင့်ကြံသူသည်လည်း ကြောက်မက်ဖွယ်ကောင်းသော ရေခဲစွမ်းအင်များကို ထုတ်လွှတ်ကာ အစွမ်းကုန် တိုက်ပွဲဝင်နေခဲ့သည်။

ထိုနှစ်ဦး၏ အင်အားကြီးမားသော အရှိန်အဝါအရ နတ်သန္ဓေအင်ပါယာအဆင့်သို့ ရောက်ရှိနေသည်မှာ ထင်ရှားနေ၏။

တခြားသောတိုက်ပွဲမှ ကျင့်ကြံသူနှစ်ယောက်တွင် တစ်ယောက်မှာ ဟောင်ထျန်း သူတော်စင်နယ်မြေမှ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။

သူ၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဝိညာဥ်ဘုရင်နယ်ပယ်နဝမအဆင့် အထွတ်အထိပ်သို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်၏။

သူ၏ ဆန့်ကျင်ဘက်တွင်မူ လျှို့ဝှက်ဆန်းကြယ်သော အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦး ရှိနေခဲ့သည်။

ထိုအမျိုးသမီး၏ မျက်နှာသည် နှင်းကဲ့သို့ အေးစက်စက် ဖြစ်နေခဲ့သည်။

သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အဖြူရောင် အလင်းများဖြင့် တောက်ပနေခဲ့ပြီး အလွန်ပင် လျှို့ဝှက်ဆန်းကြယ်ကာ ထူးဆန်းနေ၏။

သူမ၏ ပတ်ပတ်လည်တွင်လည်း စွမ်းအင်ခန္ဓာကိုယ် ရာပေါင်းများစွာရှိပြီး သူမကို အခိုင်အမာ ထောက်ပံ့နေခဲ့သည်။

စွမ်းအင်ခန္ဓာကိုယ်များ ခြံရံထားသော လျှို့ဝှက်ဆန်းကြယ် အမျိုးသမီးသည် တစ်ဖက်မှ အဖြူရောင် ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားကို စူးစိုက်၍ ကြည့်နေခဲ့၏။

ယွဲ့စစ်ယွင်နှင့် အနည်းငယ်ဆင်တူသော လျှို့ဝှက်ဆန်းကြယ် အမျိုးသမီးကို မြင်သည်နှင့် ကျန်းချန်သည် စဥ်းစားနေစရာပင် မလိုအပ်ဘဲ ထိုအမျိုးသမီးက ယွဲ့စစ်ယွင်၏ အမ ယွဲ့စစ်ချင်း ဆိုသည်ကို တန်းသိလိုက်သည်။

"သခင်လေး.. အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးက ယွဲ့စစ်ချင်းပဲ"

ကျန်းချန်က တိုက်ပွဲ အခြေအနေကို အကဲခတ်နေစဥ်မှာပင် ချိန်ခန်း၏ အသံသည် ကျန်းချန်၏ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။

"အင်း ငါလည်း ခန့်မှန်းမိတယ်"

ကျန်းချန်က ယွဲ့စစ်ချင်းကို စူးစိုက်၍ ကြည့်နေရင်း မျက်မှောင်ကြုတ်သွားခဲ့သည်။

ဤအမျိုးသမီး၏ အခြေအနေသည် အနည်းငယ် ထူးဆန်းနေပုံရ၏။

အခန်း(၁၂၈၃)ပြီး၏။

အခန်း(၁၂၈၄)

ကျန်းချန်၏ အမြင်ဖြင့်ဆိုလျှင် ယွဲ့စစ်ချင်း၏ လက်ရှိအခြေအနေမှာ တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သိရှိရန် မခက်ခဲပေ။

သူမ၏ မူမမှန်သော မျက်ဝန်းများသည် အနည်းငယ် ရီဝေနေပုံရပြီး သတိတရားကို လုံးဝ ဆုံးရှုံးသွားသကဲ့သို့ပင်။

ထို့အပြင် ပတ်ဝန်းကျင်ရှိ စွမ်းအင်ခန္ဓာကိုယ်များကလည်း သူမ ဘက်ကနေ တိုက်ခိုက်ပေးခဲ့ကြ၏။

ဤသည်ကို ကြည့်လျှင် ယွဲ့စစ်ချင်းသည် နတ်သန္ဓေ အင်ပါယာနယ်ပယ် စွမ်းအင်ခန္ဓာကိုယ်၏ တစ်စုံတစ်ရာသော နည်းလမ်းဖြင့် ထိန်းချုပ်ခံထားရသည်မှာ ထင်ရှားနေ၏။

"ရှားရန် မင်းကို ချိုင့်ဝှမ်းဝင်ပေါက်မှာ စောင့်ခိုင်းထားတယ် မဟုတ်လား.. ဘာလို့ ဒီကို ရောက်လာရတာလဲ"

ထိုအချိန်တွင် တိုက်ပွဲဝင်နေသည့် ရုပ်ရည်ချောမောသောလူငယ်သည် မျက်ခုံးထူထူနှင့်လူ ရောက်ရှိလာသည်ကို ချက်ချင်းဆိုသလို သတိထားမိလိုက်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

ရှားရန်က အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။

"သခင်လေးဖုန်း တစ်ယောက်ယောက်က ချိုင့်ဝှမ်းထဲကို အတင်းအကျပ် ထိုးဖောက်ဝင်ရောက်သွားခဲ့တယ်.. အဲဒီလူက ရှားဟုန်ကိုတောင် သတ်ပစ်လိုက်ပြီ"

ထိုစကားကို ကြားလျှင် ရုပ်ရည်ချောမောသော လူငယ်၏ မျက်နှာ အမူအရာသည် အေးစက်သွားခဲ့သည်။

သူက ချက်ချင်းပင် တစ်စုံတစ်ရာကို အာရုံခံမိကာ ကျန်းချန်ဘက်သို့ ရုတ်တရက် လှမ်းကြည့်လိုက်၏။

ကျန်းချန်၏ ခန္ဓာကိုယ်မှ နက်ရှိုင်းသော အရှိန်အဝါကို ခံစားမိလျှင် သူ တုန်လှုပ်သွားခဲ့သည်။

"ဒီလူရဲ့ အရှိန်အဝါက အရမ်းကို နက်နဲတာပဲ.. ဒီလူက နတ်သန္ဓေအင်ပါယာများ ဖြစ်နေမလား"

နတ်သန္ဓေအင်ပါယာနယ်ပယ် အဆင့် စွမ်းအင်ခန္ဓာကိုယ်နှင့် တိုက်ခိုက်နေသည့် ရုပ်ရည်ချောမောသော လူငယ်သည် ဆက်လက် တိုက်ခိုက်ခြင်း မပြုတော့ဘဲ တိုက်ပွဲကို ရပ်တန့်လိုက်သည်။

နတ်သန္ဓေအင်ပါယာနယ်ပယ် စွမ်းအင်ခန္ဓာကိုယ်သည်လည်း ကျန်းချန်ကို အကဲခတ်နေခဲ့၏။

ယခုရောက်လာသော အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ရုပ်ရည်ချောမောသောလူငယ်ထက် များစွာပို၍ သန်မာပုံရ၏။

ထို့အပြင် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသောလူငယ်က အလွန်အမင်း အန္တရာယ်ရှိသည် ဟူသော ခံစားချက်ကို ပင်ကိုသိစိတ်ဖြင့် ခံစားမိခဲ့သည်။

--------------

"ဒီကမိတ်ဆွေ ငါက ဟောင်ထျန်း သူတော်စင်နယ်မြေက ရှားယွမ်ဖုန်းပါ.. မိတ်ဆွေရဲ့နာမည်ကို သိခွင့်ရှိမလား"

ရှားယွမ်ဖုန်းက ကျန်းချန်ကို လက်သီးဆုပ်၍ ဂါဝရပြုကာ ပြောလိုက်သည်။

ရုတ်တရက် ရောက်ရှိလာသော အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် နတ်သန္ဓေအင်ပါယာ တစ်ပါး ဖြစ်နိုင်ခြေ အရမ်းများ၍ ရှားယွမ်ဖုန်းသည် နောက်ထပ် ရန်သူတစ်ယောက် မတိုးစေလိုခဲ့ပေ။

သူက နတ်သန္ဓေအင်ပါယာ နယ်ပယ် စွမ်းအင်ခန္ဓာကိုယ်နှင့် ရင်ဆိုင်နေရချိန်တွင် ထိုကောင်လေး၏ အခွင့်ကောင်းယူခြင်းကို မလိုချင်ခဲ့ချေ။

ထို့ကြောင့် ထိုလူငယ်နှင့် ပြေလည်သော ဆက်ဆံရေးကို ဖော်ဆောင်ထားရမည် မဟုတ်ပါလား။

"ငါက လူသားဧကရာဇ်နန်းတော်က ကျန်းချန်ပါ"

ကျန်းချန်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။

"လူသားဧကရာဇ်နန်းတော်လား"

ကျန်းချန်၏အဖြေကို ကြားလျှင် ရှားယွမ်ဖုန်းသည် မှင်တက်သွားခဲ့ပြီး အချိန်အတော်ကြာမှ သတိပြန်ဝင်လာခဲ့သည်။

ရှန်းဝူတိုက်ရှိ ကျော်ကြားသော အင်အားစုများစွာကို စဥ်းစားခဲ့သော်လည်း လူသားဧကရာဇ်နန်းတော် ဟူသော အမည်ကို စဥ်းစား၍ မရခဲ့‌ပေ။

သူ့ရှေ့မှ ကောင်လေးသည် အသက် နှစ်ဆယ်ကျော်လေးဖြင့် နတ်သန္ဓေအင်ပါယာ တစ်ပါး ဖြစ်လာသူ ဖြစ်သည်။

ဤကဲ့သို့ ပါရမီရှင်တစ်ယောက်သည် လျှို့ဝှက်နယ်မြေ ရှစ်ခုမှာပင် ထိပ်တန်း ပါရမီရှင်တစ်ယောက် ဖြစ်နိုင်လောက်၏။

နာမည်မထင်ရှားသည့် လူသားဧကရာဇ်နန်းတော် ဟူသော အင်အားစုက ဤကဲ့သို့ နတ်သန္ဓေအင်ပါယာ တစ်ပါးကို မွေးထုတ်ပေးနိုင်လိမ့်မည်ဟု ရှားယွမ်ဖုန်း အမှန်တကယ် မမျှော်လင့်ထားခဲ့ပေ။

"ညီနောင်ကျန်းချန်.. မင်းဒီချိုင့်ဝှမ်းကို ရောက်လာတာ နတ်သန္ဓေအင်ပါယာနယ်ပယ် စွမ်းအင်ခန္ဓာကိုယ် အတွက် ဖြစ်မယ်ထင်တယ်.. ဒါဆို မင်းနဲ့ငါပူးပေါင်းလိုက်တာ အကောင်းဆုံးပဲ.. အရင်ဆုံး ငါ့ရှေ့က စွမ်းအင်ကိုယ်ကို အရင် ဖြေရှင်းလိုက်ရအောင်.. သူ့ဆီက စွမ်းအင်အဆီအနှစ် ခရစ္စတယ် ရတာနဲ့ မင်းအတွက် နတ်သန္ဓေအင်ပါယာနယ်ပယ် စွမ်းအင်ခန္ဓာကိုယ်တစ်ခု သတ်ဖြတ်ဖို့ ကူညီပေးမယ်လို့ ငါကတိပေးတယ် ဘယ်လိုသဘောရလဲ"

ရှားယွမ်ဖုန်းက ကျန်းချန်ကို ပြုံး၍ပြောလိုက်သည်။

သူက ကျန်းချန်ကို သိပ်မစိုးရိမ်ခဲ့ပေ။

ဟောင်ထျန်း သူတော်စင်နယ်မြေ၏ နာမည်ကျော်ကြားသောကျင့်ကြံခြင်းပါရမီရှင် တစ်ယောက်အနေဖြင့် ရှားယွမ်ဖုန်းသည် အစောပိုင်းတွင် နတ်ဝိညာဥ်ဘုရင်နယ်ပယ် နဝမအဆင့် အထွတ်အထိပ်သို့ ကျင့်ကြံသူ ဖြစ်၏။

သူက ကိုယ်ခံပညာ၏ စစ်မှန်သောအဓိပ္ပါယ်ကို နားလည်သဘောပေါက်ထားရုံသာမက တစ်မျိုးချင်စီသည် မဟာအဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ပြီးပြည့်စုံသော မဟာအဆင့်ကိုမူ မရောက်ရှိသေးပေ။

ထို့ကြောင့်ပင် ရှားယွမ်ဖုန်းသည် သူ၏ လူများနှင့်အတူ ဆိတ်ငြိမ်နယ်မြေထဲရှိ ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူထဲသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။

ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူတွင် လပေါင်းများစွာ ကြာပြီးနောက်၌ ရှားယွမ်ဖုန်းသည် နတ်ဝိညာဥ်ဘုရင်နယ်ပယ် နဝမအဆင့် အထွတ်အထိပ်၏ မိုးကြိုးဒြပ်စင်စွမ်းအင် အဆီအနှစ် ခရစ္စတယ်ကို အဆုံးသတ်တွင် အောင်မြင်စွာ ရှာဖွေနိုင်ခဲ့ပြီး မိုးကြိုးစိတ်ဆန္ဒကို ပြီးပြည့်စုံသော မဟာစိတ်ဆန္ဒအဖြစ် မြှင့်တင်နိုင်ခဲ့သည်။

ထို့ကြောင့် ရှားယွမ်ဖုန်းသည် နတ်သန္ဓေအင်ပါယာနယ်ပယ်အဆင့်ကို တစ်ကြိမ်တည်းဖြင့် ထိုးဖောက်နိုင်ခဲ့၏။

နတ်သန္ဓေအင်ပါယာနယ်ပယ် အဆင့်ကို ထိုးဖောက်ပြီးနောက်တွင် ရှားယွမ်ဖုန်းသည် အလျင်စလို မထွက်သွားသေးဘဲ ဒုတိယနှင့် တတိယမြောက် နယ်မြေပိုင်နက် စွမ်းအားကို ရရှိရန် အတွက် တခြားသော ဒြပ်စင်အဆီအနှစ်အချို့ကို လိုက်လံရှာဖွေခဲ့သည်။

အကယ်၍ ရရှိခဲ့လျှင် ဟောင်ထျန်း သူတော်စင်နယ်မြေကို ပြန်ရောက်သည်နှင့် အဆင့်တက်ရန် ဆုံးဖြတ်ထားခဲ့သည်။

သို့သော်လည်း ရှားယွမ်ဖုန်းသည် နောက်ထပ် တစ်လကြာအောင် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူထဲတွင် နေထိုင်ကာ ရှာဖွေခဲ့သော်လည်း သင့်လျော်သော ပစ်မှတ်ကို မတွေ့ရှိခဲ့ပေ။

အဆုံသတ်တွင် သူသည် ချိုင့်ဝှမ်းထဲတွင် အေးခဲခြင်းဂုဏ်သတ္တိရှိသည့် စွမ်းအင်ခန္ဓာကိုယ်ကို တွေ့ရှိခဲ့သည်။

သူက တုံ့ဆိုင်းမနေဘဲ သတ်ဖြတ်ရန် ရွေးချယ်ခဲ့သည်။

သူ့အနေဖြင့် ထိုစွမ်းအင်ခန္ဓာကိုယ်ကို မရှင်းလင်းနိုင်ခင်မှာပင် ကျန်းချန်က ပေါ်ပေါက်လာခြင်း ဖြစ်၏။

ယခုအခါတွင် သူက ပူးပေါင်းဆောင်ရွက်သည့် နည်းလမ်းကို အဆိုပြုကာ ကျန်းချန်ကို အသုံးချ၍ နတ်သန္ဓေအင်ပါယာနယ်ပယ် စွမ်းအင်ခန္ဓာကိုယ်ကို ရှင်းလင်းချင်ခဲ့သည်။

သို့သော်လည်း နတ်သန္ဓေအင်ပါယာနယ်ပယ် စွမ်းအင်ခန္ဓာကိုယ်တစ်ခုကို ကူညီ၍ ရှင်းလင်းပေးမည် ဟူသောာကတိကိုမူ တည်မည်တော့ မဟုတ်ပေ။

ရှားယွမ်ဖုန်း၏ စကားကိုကြားလျှင် ကျန်းချန်သည် မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။

"ငါက မင်းတို့ ဟောင်ထျန်း သူတော်စင်နယ်မြေက လူကိုသတ်ထားတာတောင် မင်းက ငါနဲ့ ပူးပေါင်းချင်သေးတယ်လား"

"နတ်သန္ဓေအင်ပါယာဆိုတာ စော်ကားရမဲ့အရာမဟုတ်ဘူး.. ဒီကောင်က နတ်သန္ဓေအင်ပါယာကို စော်ကားရဲမှာတော့ သေဖို့ထိုက်တန်ပါတယ်"

ရှားယွမ်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

သူ၏ မျက်နှာအမူအရာက တစ်စက်ကလေးမှပင် ပြောင်းလဲမသွားခဲ့ပေ။

သတ်ဖြတ်ခံရသော ဟောင်ထျန်းသူတော်စင်နယ်မြေမှ ကျင့်ကြံသူသည် သူနှင့် လုံးဝ မသက်ဆိုင်သကဲ့သို့ပင်။

ထိုစကားကို ကြားလျှင် ကျန်းချန်သည် ရှားယွမ်ဖုန်း၏ စိတ်ရင်းကို နားလည်သွားခဲ့သည်။

"မင်း သူနဲ့ပူးပေါင်းလို့မဖြစ်ဘူး.. မင်းသူနဲ့ ပူးပေါင်းပြီး ငါ့ကို သတ်ပြီးတာနဲ့ သူက မင်းကို ကူညီမှာမဟုတ်ဘူး.. မင်းကိုပါရှင်းပစ်လိမ့်မယ်.. မင်းသာငါနဲ့ပူးပေါင်းပြီး သူ့ကို သတ်လိုက်မယ်ဆိုရင်တော့ မင်းအတွက် အကျိုးအမြတ် ကြီးကြီးမားမား ရနိုင်လိမ့်မယ်လို့ ကတိပေးတယ်"

ရှားယွမ်ဖုန်းနှင့် ကျန်းချန်တို့ နတ်သန္ဓေအင်ပါယာ နှစ်ပါးက သူ့ကို တိုက်ခိုက်ရန် ပူးပေါင်းဖို့ ပြင်ဆင်နေသည်ကိုမြင်လျှင် နတ်သန္ဓေအင်ပါယာ နယ်ပယ် စွမ်းအင်ခန္ဓာကိုယ်၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး သူ့ထံကနေ အေးစက်စက် စကားသံ ထွက်ပေါ်လာခဲ့သည်။

"ကျန်းချန်.. ဟောင်ထျန်းသူတော်စင်နယ်မြေရဲ့ တပည့်တစ်ယောက် အနေနဲ့ ငါအာမခံတယ်.. သူပြောတဲ့ အခြေအနေမျိုး ဘယ်တော့မှ မဖြစ်စေရဘူး"

ရှားယွမ်ဖုန်းက အလျင်အမြန်ပင် ပြောလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့အားလုံးက ရှန်းဝူတိုက်ကြီးက ကျင့်ကြံသူတွေပဲ.. ဒီရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်း သင်္ချိုင်းဂူထဲက နတ်သန္ဓေအင်ပါယာနယ်ပယ် စွမ်းအင်ခန္ဓာကိုယ်က ငါတို့အချင်းချင်းထက် ဘယ်လိုလုပ်ပြီး ယုံကြည်စိတ်ချလို့ ရမှာလဲ"

"စိတ်မကောင်းပါဘူး.. မင်းရဲ့စကားကို ငါမယုံဘူး မင်းအနေနဲ့ မင်းနဲ့ တိုက်ခိုက်တဲ့ နတ်သန္ဓေ အင်ပါယာနယ်ပယ် စွမ်းအင်ခန္ဓာကိုယ်ကို သတ်ဖြတ်ခွင့်မရှိဘူး"

ကျန်းချန်က ရှားယွမ်ဖုန်းကို စူးရှစွာစိုက်ကြည့်၍ ပြောလိုက်သည်။

"ကျန်းချန် မင်းစကားက ဘာကိုဆိုလိုတာလဲ"

ကျန်းချန်၏စကားကို ကြားလျှင် ရှားယွမ်ဖုန်း၏မျက်နှာအမူအရာသည် ရုတ်တရက်သုန်မှုန်သွားခဲ့သည်။

ဤကောင်လေးတွင် နတ်သန္ဓေ အင်ပါယာနယ်ပယ် စွမ်းအင်ခန္ဓာကိုယ်နှင့် ပူးပေါင်းကာ သူ့ကိုတိုက်ခိုက်ရန် အစီအစဥ်ရှိနေပါသလော။

"ငါပြောတာရှင်းနေတာပဲ မင်းနားမလည်ဘူးလား"

ကျန်းချန်က ထီမထင်သောအမူအရာဖြင့် ပြောလိုက်သည်။

"ကျန်းချန် မင်းအခုအချိန် ပြန်ပြင်ရန် မီနိုင်သေးတယ်.. ငါမင်းကို နောက်ဆုံးအခွင့်အရေး ထပ်ပေးမယ်...ဒီနတ်သန္ဓေအင်ပါယာ နယ်ပယ် စွမ်းအင်ခန္ဓာကိုယ်ကို ရှင်းလင်းဖို့ ငါ့ကိုအကူအညီပေးပါ.. ဒီလိုမှမဟုတ်ရင်တော့ မင်းရော မင်းရဲ့လူသားဧကရာဇ်နန်းတော်ရော ရှန်းဝူတိုက်ကြီးကနေ လုံးဝ ပျောက်ကွယ်သွားစေရမယ်လို့ ငါအာမခံတယ်"

ထိုအချိန်တွင် ရှားယွမ်ဖုန်း၏ မျက်နှာသည် ခက်ထန်နေခဲ့သည်။

သူ၏မျက်လုံးများတွင် အေးစက်သော အလင်း‌ရောင်များဖြင့် လင်းလက်လာခဲ့သည်။

ဟောင်ထျန်း သူတော်စင်နယ်မြေ၏ ပါရမီရှင် တပည့်တစ်ဦးအနေဖြင့် ကျန်းချန်ကို ထိုမျှလောက် ပြေပြေလည်လည် ကမ်းလှမ်းခြင်းသည် အတော်လေးကို မျက်နှာသာပေးထားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ထိုလူငယ်က အကောင်းအဆိုးကို နားမလည်သည်ဖြစ်ရာ ရှောင်ယွမ်ဖုန်း အနေဖြင့် မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။

"ရှားယွမ်ဖုန်း မင်းက ဘာမို့လို့ ငါ့ကို ခြိမ်းခြောက်ရဲတာလဲ"

ရှားယွမ်ဖုန်း၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်လုံးများတွင် လူသတ်ငွေ့များ ပြည့်နှက်လာခဲ့သည်။

သူ၏ အေးစက်စက်ကြုံးဝါးသံသည် ပတ်ဝန်းကျင် တစ်ခွင်လုံးတွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။

"မင်းက ငါ့ရဲ့ လူသားဧကရာဇ်နန်းတော်ကို ပျောက်ကွယ်သွားအောင် လုပ်ပစ်မယ် ဟုတ်လား.. ကောင်းပြီလေ ဒါဆို ငါမင်းကို ဒီကမ္ဘာကြီးကနေ အရင် ပျောက်ကွယ်သွားအောင် လုပ်ပစ်မယ်"

အခန်း(၁၂၈၄)ပြီး၏။

All Chapters