အခန်း (၁၂၈၅-၁၂၈၇)
Vol. 86 Ch. 1285-1287
အခန်း(၁၂၈၅)
"ဟားဟား ငါ့ကို ဒီကမ္ဘာကနေ ပျောက်ကွယ်သွားစေမယ်ဟုတ်လား ကျန်းချန်.. မင်းကိုယ်မင်း ရှန်းဝူတိုက်မှာ အထူးချွန်ဆုံးပါရမီရှင်တစ်ယောက်လို့များ ထင်နေလား.. မင်းက ရေကန်အောက်က ဖားတစ်ကောင်သာသာပဲ.. ငါနဲ့ရွယ်တူတွေထဲမှာ ငါ့ကိုယှဥ်နိုင်တဲ့သူတွေက ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းထဲက ကျင့်ကြံသူတွေပဲ.. မင်းက ဘာမို့လို့လဲ"
ရှားယွမ်ဖုန်းက မထီမဲ့မြင်ပြုံးကာ လှောင်ရယ်လိုက်သည်။
ထို့နောက်တွင် သူက လက်ဟန်တစ်ခုကို ထုတ်ဖော်လိုက်ရာ ပတ်ဝန်းကျင်ပေတစ်ရာ အတွင်းရှိ နေရာလွတ်သည် စတင် လှုပ်ရှားလာခဲ့သည်။
ရှားယွမ်ဖုန်းက ကောင်းကင်မိုးကြိုးများကို ဆင့်ခေါ်ကာ မိုးကြိုးလျှပ်စီးများဖြင့် ကမ္ဘာမြေပြင်ကို ဖျက်ဆီးတော့မည့်ဟုပင် ထင်ရ၏။
သူက ဟောင်ထျန်း သူတော်စင်နယ်မြေ၏ ပါရမီရှင်တစ်ဦးဖြစ်ရာ နတ်ဝိညာဥ်ဘုရင် နယ်ပယ် အထွတ်အထိပ် အဆင့်ဖြင့်ပင် သာမန် နတ်သန္ဓေအင်ပါယာ တစ်ပါးကို အနိုင်ယူနိုင်သောစွမ်းရည် ရှိသည်။
ယခုအခါတွင် နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ရာ ဤကဲ့သို့ မလောက်လေးမလောက်စားကို အဘယ်ကဲ့သို့ ကြောက်ရပါမည်နည်း။
သူ့အနေဖြင့် ကျန်းချန်ကို အစောပိုင်းက ယဥ်ယဥ်ကျေးကျေးပြောဆိုခဲ့သည်မှာ သူ၏ ရှေ့မှ နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် စွမ်းအင်ခန္ဓာကိုယ်ကို ရှင်းပစ်ရန် ကျန်းချန်ကို အသုံးချချင်၍သာ ဖြစ်သည်။
သို့သော်လည်း ဤကောင်လေးက အကောင်းအဆိုးကို နားမလည်ဘဲ သူ၏ ရန်သူ ဖြစ်ရန် ရွေးချယ်ခဲ့သည်။
ထိုကောင်လေးကို ဖြေရှင်းပြီးသည်နှင့် သူက နတ်သန္ဓေ အင်ပါယာနယ်ပယ်အဆင့် စွမ်းအင်ခန္ဓာကိုယ်ကို ရှင်းလင်းရန် ယုံကြည်မှု ရှိနေသေး၏။
ထိုသို့ လုပ်ဆောင်ရန် သူက အနည်းငယ်ပို၍ ပေးဆပ်ရုံသာ ဖြစ်သည်။
"တိုက်ကြစမ်း.. နင်တို့နှစ်ယောက်လုံးတိုက်ပြီး အထိနာကြလေ ကောင်းလေပဲ.. ဒါမှပဲ ငါ့အနေနဲ့ ကြားထဲကနေ အကျိုးအမြတ်ကို ရယူနိုင်လိမ့်မယ်.. ဒီကောင်မလေးရဲ့ ခန္ဓာကိုယ်ကို အသုံးပြုပြီး ပြန်လည်မွေးဖွားဖို့ စီစဥ်ခဲ့ပေမဲ့ အချိန်နည်းနည်းတော့ ယူရဦးမယ်လို့ ထင်နေခဲ့တာ.. ဒါပေမဲ့ နင်တို့ နတ်သန္ဓေအင်ပါယာနှစ်ပါးရဲ့ သွေးကိုသာ ရရင်တော့ အချိန်မကုန်ဘဲ ပြန်လည် မွေးဖွားနိုင်တော့မယ်"
ကျန်းချန်တို့ နှစ်ဦးတိုက်ခိုက်ရန် ပြင်နေသည်ကို မြင်လျှင် နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် စွမ်းအင်ခန္ဓာကိုယ်၏ အေးစက်စက် မျက်လုံးများတွင် ပဟေဠိဆန်သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"မင်းက ငါ့ကိုနိုင်မယ်လို့ အပိုင်တွက်ထားပုံပဲ.. ငါ ကျန်းချန် စတင်ကျင့်ကြံစဥ်ကတည်းက အခုထိ တစ်ခါမှ မရှုံးနိမ့်ဖူးဘူး.. ဒါ့အပြင် ငါက တစ်ယောက်ယောက်ကို သတ်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ အဲဒီလူက ဘယ်တော့မှ အသက်မရှင်ခဲ့ဘူး.. မင်းက ဟောင်ထျန်း သူတော်စင်နယ်မြေရဲ့ ပါရမီရှင် ဖြစ်နေရင်တောင်မှ ငါမင်းကို အေးအေးဆေးဆေး သတ်နိုင်သေးတယ်"
ကျန်းချန်က အေးစက်စက်ပြုံးလိုက်သည်။
ထို့နောက်တွင် သူက လက်ကို ဆန့်ထုတ်ကာ လက်သီးဖြင့် ထိုးချလိုက်၏။
ချက်ချင်းဆိုသလိုပင် ကျန်းချန်၏ လက်သီးစွမ်းအင်သည် ပေတစ်ရာခန့် ရှည်လျားသော ရွှေနဂါး အဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်ကို ဖြတ်သန်းကာ ရှားယွမ်ဖုန်းဆီသို့ ပျံသန်းသွားခဲ့သည်။
ရှားယွမ်ဖုန်းကလည်း လက်ဝါးရိုက်ချက်ကို ထုတ်ဖော်လိုက်ရာ ကောင်းကင်ပေါ်ရှိ မိုးကြိုးလျှပ်စီး ထောင်ပေါင်းများစွာသည် ရွှေနဂါး ဆီသို့ ကျဆင်းလာခဲ့ပြီး အဆုံးသတ်တွင် ရွှေနဂါးကို ဖျက်ဆီးပစ်လိုက်သည်။
လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် ကျန်းချန်၏ လက်သီးစွမ်းအင်ကို ချိုးဖျက်ပြီးနောက်တွင် ရှားယွမ်ဖုန်းသည် နောက်ထပ် လက်ဝါးရိုက်ချက်ကို ထပ်မံ ထုတ်ဖော်လိုက်သည်။
"ကျန်းချန်.. ဒီနေ့ မင်းကို စစ်မှန်တဲ့ ပါရမီရှင်ရဲ့ အစွမ်း ပေးသိစေမယ်"
ရှားယွမ်ဖုန်း၏ လက်ဝါးရိုက်ချက် ထွက်ပေါ်လာသည်နှင့် အမျှ ပတ်ဝန်းကျင် ပေရာပေါင်းများစွာ နေရာလွတ်တွင် ရေတွက်၍ မရနိုင်သော အင်အားကြီးမားသည့် မိုးကြိုးစွမ်းအင်များ ဖြစ်တည်လာခဲ့ပြီး ကျန်းချန် ဆီသို့ လှိုင်းလုံးကြီးများသဖွယ် ရောက်ရှိလာခဲ့သည်။
ကြောက်မက်ဖွယ်ရာကောင်းသော ပျက်စီးခြင်းမိုးကြိုးစွမ်းအင်များသည် လေထုကို ထိုးဖောက်လာခဲ့သည်မှာ ပတ်ဝန်းကျင် တစ်ခုလုံးကိုပင် အတောမတတ် တုန်ခါသွားစေခဲ့သည်။
"မင်းကိုယ်မင်း တုနှိုင်းမဲ့ပါရမီရှင်လို့များ ထင်နေလား ငါကအထွတ်အထိပ် နတ်သန္ဓေအင်ပါယာ စာရင်းထဲမှာရှိတဲ့ ကျင့်ကြံသူတွေကိုတောင် ဖိနှိပ်နိုင်တယ်.. မင်းလိုအမှိုက်လောက်ကတော့ စကားထဲတောင် ထည့်ပြောစရာမလိုဘူး"
ထို့နောက်တွင် ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ကျန်းချန်သည် သူ့ဆီသို့ လှိုင်းလုံးသဖွယ် ဝင်ရောက်လာသော မိုးကြိုးစွမ်းအင်များကို လက်သီးချက်ဖြင့် ချေမှုန်းပစ်လိုက်သည်။
"ကျန်းချန် သွားသေလိုက်စမ်း"
ရှားယွမ်ဖုန်းက ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး သူ၏ ပတ်ဝန်းကျင်ရှိ ပေရာပေါင်းများစွာ နေရာလွတ်ထဲမှ မိုးကြိုးစွမ်းအင်များကို မိုးကြိုးနယ်မြေ အဖြစ် ချက်ချင်းဆိုသလို စုစည်းကာ ကျန်းချန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံပစ်လိုက်သည်။
"မိုးကြိုးနတ်ဘုရားဆင်းသက်စေ"
ရှားယွမ်ဖုန်းက မိုးကြိုးနယ်မြေကို အစွမ်းကုန် လှုံ့ဆော်လိုက်ရာ ရေတွက်မရနိုင်သော မိုးကြိုးလျှပ်စီးစွမ်းအားများသည် လေထဲတွင် စုစည်းသွားခဲ့ပြီး အဆုံးသတ်တွင် ကြီးမားသော မိုးကြိုးပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုမိုးကြိုးပုံရိပ်သည် မိုးကြိုးနတ်ဘုရားကဲ့သို့ပင် ကြီးမားသော မိုးကြိုးတူကို ကိုင်ဆောင်ထားပြီး မိုးကြိုးသံချပ်ကာကို ဝတ်ဆင်ထားခဲ့၏။
၎င်းက အစစ်အမှန် မိုးကြိုးနတ်ဘုရား ဆင်းသက်လာသကဲ့သို့ အောက်ဘက်ရှိ မိုးကြိုးနယ်မြေဖြင့် လွှမ်းခြုံခံထားရသော ကျန်းချန်ထံ ပြေးထွက်သွားခဲ့သည်။
"သာမန် မိုးကြိုးနယ်မြေလေးနဲ့များ ငါ့ရှေ့မှာ ဟိတ်ဟန်ထုတ်ရဲတယ်"
ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်ပြီး မိုးကြိုးငရဲနယ်မြေကို ချက်ချင်းဆိုသလို ထုတ်ဖော်ကာ ရှားယွမ်ဖုန်း၏ မိုးကြိုးနယ်မြေနှင့် ထိပ်တိုက်ရင်ဆိုင်စေလိုက်သည်။
သိပ်မကြာခင်မှာပင် ဘုံကိုးပါး မိုးကြိုးသည် လေထုထဲကနေ ဆင်းသက်လာခဲ့ပြီး မိုးကြိုးနတ်ဘုရား ပုံရိပ်ကို ပစ်ခတ်လိုက်သည်။
ဆယ်ပေအမြင့်ရှိသော မိုးကြိုးနတ်ဘုရား ပုံရိပ်သည် ထိုဘုံကိုးပါး မိုးကြိုး၏ အောက်တွင် ဘုန်းခနဲ ပေါက်ကွဲသွားခဲ့ပြီး ချက်ချင်းဆိုသလို ဘာမှမကျန်ရှိတော့ပေ။
တစ်ချိန်တည်းမှာပင် ရှားယွမ်ဖုန်း၏ မိုးကြိုးနယ်မြေသည်လည်း ကျန်းချန်၏ မိုးကြိုးငရဲနယ်မြေစွမ်းအား သက်ရောက်မှုအောက်တွင် မှန်တစ်ချပ်ကဲ့သို့ အက်ကွဲလာခဲ့သည်။
"ဝုန်း.."
ထို့နောက်တွင် မိုးကြိုးနယ်မြေက ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့ပြီး ရှားယွမ်ဖုန်း၏ ခန္ဓာကိုယ်သည်လည်း တဆတ်ဆတ်တုန်ယင်ကာ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့သည်။
ရှားယွမ်ဖုန်းက သူ၏ ခန္ဓာကိုယ်မှ မတည်မငြိမ် ဖြစ်နေသော အသက်စွမ်းအင်များကို မထိန်းချုပ်နိုင်တော့ဘဲ သွေးတစ်ပွက်ကို အန်ထုတ်ကာ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားခဲ့သည်။
သူတို့ရှေ့မှ တုန်လှုပ်ဖွယ်ရာ မြင်ကွင်းကြောင့် ချိုင့်ဝှမ်းတစ်ခုလုံးသည် လုံးဝကို တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ချိန်ခန်းနှင့် ဟောင်ထျန်း သူတော်စင်နယ်မြေမှ တပည့်နှစ်ဦးစလုံးသည် ဤအချိန်တွင် ထိတ်လန့်တကြား ဖြစ်နေကြပြီး သူတို့၏မျက်လုံးများကိုပင် မယုံကြည်နိုင် ဖြစ်နေကြ၏။
နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် စွမ်းအင်ခန္ဓာကိုယ်၏ မျက်ဝန်းထဲမှာပင် ထိတ်လန့်သော အရိပ်အယောင်သည် ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။
မူလက သူမ ထင်ထားသည်မှာ နတ်သန္ဓေ အင်ပါယာနှစ်ပါးတိုက်ခိုက်ကြလျှင် နှစ်ဖက်စလုံးက အပြင်းအထန် ဒဏ်ရာရရှိလိမ့်မည်ဟူ၍ ဖြစ်သည်။
ထို့နောက်တွင် သူမက ဤအခွင့်အရေးကို အသုံးချကာ အကျိုးအမြတ်ကို ရယူနိုင်မည် ဖြစ်၏။
သူမ၏ စိတ်ကူးယဥ်မှုက လှပသော်လည်း လက်တွေ့ကမူ အလွန်ပင် ကြမ်းတမ်းနေခဲ့သည်။
ကျန်းချန်ဟု အမည်ရသည့် ဤကောင်လေးသည် အလွန်ပင် အစွမ်းထက်နေလိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ပေ။
ပါရမီရှင်နတ်သန္ဓေ အင်ပါယာတစ်ပါး ဖြစ်သည့် ရှားယွမ်ဖုန်းကိုပင် ထိုလူငယ်လေးသည် အပြင်းအထန် ထိခိုက်စေခဲ့သည်။
"ကြည့်ရတာ ရှားယွမ်ဖုန်းနဲ့ ပူးပေါင်းပြီး ဒီကောင်လေးကို အရင် ဖြေရှင်းရတော့မယ်ထင်တယ်"
နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် စွမ်းအင်ခန္ဓာကိုယ်၏ မျက်လုံးများသည် ထိုအချိန်တွင် ပေကလပ်ပေကလပ် ဖြစ်သွားခဲ့သည်။
ကျန်းချန် ဆိုသော လူငယ်လေး၏ ခွန်အားသည် အလွန်အမင်း သန်မာလွန်းပြီး သူမကိုပင် အတော်လေး စိုးရိမ်စေခဲ့သည်။
ရှားယွမ်ဖုန်းသာ ကျန်းချန်၏ လက်ထဲတွင် သေဆုံးသွားလျှင် သူမသည် ကျန်းချန်၏ ပြိုင်ဘက် မည်သို့မျှ မဖြစ်နိုင်တော့ပေ။
ထို့ကြောင့် ရှားယွမ်ဖုန်းနှင့် ပူးပေါင်းပြီး ကျန်းချန်ကို သတ်မှသာ ရှင်သန်ခွင့်ကို ရရှိနိုင်မည် မဟုတ်ပါလော။
"မင်း.. မင်းဘယ်သူလဲ"
ဤအချိန်တွင် ရှားယွမ်ဖုန်းသည် သူ၏တစ်ဖက်မှ ကျန်းချန်ကိုကြည့်ကာ ထိတ်လန့်တကြား မေးလိုက်သည်။
သူ၏ အရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ခွန်အားသည် အမှန်တကယ်ကိုပင် ကြောက်စရာကောင်းနေခဲ့သည်။
သူက နတ်သန္ဓေအင်ပါယာတစ်ပါး ဖြစ်သော်လည်း ထိုကောင်လေးကို လုံးဝ ရင်မဆိုင်နိုင်ခဲ့ပေ။
ထိုကဲ့သို့သော စွမ်းဆောင်ရည်သည် ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းမှ တုနှိုင်းမဲ့ ပါရမီရှင်များထက် လုံးဝမနိမ့်ကျချေ။
ကျန်းချန်က သက်ရှိသတ္တဝါ အားလုံးကို အထက်စီးကနေ ကြည့်နေသည့် နတ်ဘုရားတစ်ပါး ကဲ့သို့ အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။
"ငါက မင်းကို ဒီကမ္ဘာကနေ ပျောက်ကွယ်အောင်လုပ်မဲ့သူပဲ"
"ကျန်း.. ကျန်းချန်.. မင်းငါ့ကို သတ်လို့မဖြစ်ဘူး.. ငါက ဟောင်ထျန်း သူတော်စင်နယ်မြေရဲ့တပည့်ရင်း ဖြစ်တဲ့အပြင် ငါ့ရဲ့အစ်ကိုက ပါရမီရှင် နတ်သန္ဓေ အင်ပါယာစာရင်းရဲ့ နံပါတ်တစ်ပဲ.. မင်းငါ့ကို သတ်မယ်ဆိုရင် ငါ့အစ်ကိုနဲ့ ဟောင်ထျန်းသူတော်စင်နယ်မြေက မင်းကို လုံးဝ အလွှတ်ပေးမှာမဟုတ်ဘူး"
ရှားယွမ်ဖုန်းက ထိတ်လန့်တကြား အမူအရာဖြင့် ကျန်းချန်ကို ခြိမ်းခြောက်လိုက်သည်။
"ဟားဟား ဟောင်ထျန်း သူတော်စင်နယ်မြေက ဘာမို့လို့လဲ.. ပါရမီရှင်နတ်သန္ဓေအင်ပါယာ စာရင်းရဲ့ နံပါတ်တစ်အဆင့်ရှိတဲ့ ပါရမီရှင်ဖြစ်နေတော့ရော ဘာဖြစ်လဲ"
ကျန်းချန်က အထက်စီးဆန်စွာ ပြုံးလိုက်သည်။
သူ၏ အေးစက်စက် အသံသည် ပတ်ဝန်းကျင် တစ်ခုလုံးတွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။
"မင်းလိုကောင်လောက်ကို မပြောနဲ့.. မင်းရဲ့အစ်ကို ရှားယွမ်ဟောင်က ငါ့ကို စိန်ခေါ်ရဲရင်တောင် ငါသူ့ကို သတ်နိုင်သေးတယ်.. ဒီကမ္ဘာကြီးမှာ ငါကျန်းချန် မသတ်ရဲတဲ့သူ မရှိဘူး"
အခန်း(၁၂၈၅)ပြီး၏။
အခန်း(၁၂၈၆)
ကျန်းချန်က သူ့ကို အသေသတ်ရန် ဆုံးဖြတ်ထားသည်ကို မြင်သောအခါ ရှားယွမ်ဖုန်း၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့သောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ဤကဲ့သို့ သေရေးရှင်ခြင်း အခြေအနေတွင် ရှားယွမ်ဖုန်းသည် စဥ်းစားနေရန် အချိန်မရှိတော့ပေ။
သူက သူ့ခန္ဓာကိုယ်အတွင်းရှိ မဟာအင်ပါယာ သွေးစွမ်းအားကို အစွမ်းကုန် လှုံ့ဆော်လိုက်ရာ သူ၏ မျက်ဝန်းသူငယ်အိမ်များသည် ချက်ချင်းဆိုသလို ရွှေရောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး ဟောင်ထျန်းနတ်စွမ်းအား ပါဝင်သော ရွှေရောင်အလင်းတန်းများသည် သူ၏ မျက်လုံးထဲကနေ ထွက်ပေါ်လာခဲ့သည်။
"နောက်ဆုံးတော့ သခင်လေးဖုန်းက မဟာအင်ပါယာရဲ့သွေးစွမ်းအားနဲ့ သဘာဝလွန် သွေးမျိုးဆက်စွမ်းရည် ဖြစ်တဲ့ ဟောင်ထျန်းမျက်လုံး စွမ်းရည်ကို အသုံးပြုလိုက်ပြီ"
ဤအချိန်တွင် ဟောင်ထျန်း သူတော်စင်နယ်မြေမှ လူများသည် စိတ်လှုပ်ရှားနေကြသည်။
ဟောင်ထျန်း သူတော်စင်နယ်မြေမှ မဟာအင်ပါယာ၏ သဘာဝလွန် သွေးမျိုးဆက်စွမ်းရည် ဖြစ်သည့် ဟောင်ထျန်းမျက်လုံးစွမ်းရည်သည် မဟာအင်ပါယာ၏ သွေးစွမ်းအားအဆင့် ကြယ်ခုနစ်ပွင့် သို့မဟုတ် ထိုထက်ပိုသော ပါရမီရှင်များတွင်သာ နိုးကြားနိုင်ရန် အခွင့်အရေးရှိသော စွမ်းရည်ဖြစ်သည်။
ဆိုရလျှင် ဟောင်ထျန်း သူတော်စင်နယ်မြေ တစ်ခုလုံးမှာပင် သဘာဝလွန် သွေးမျိုးဆက် စွမ်းရည်ကို နိုးထနိုင်သူသည် လက်ချိုးရေတွက်၍ ရသည်အထိ အနည်းငယ်မျှသာ ရှိသည်။
ဟောင်ထျန်းမျက်လုံး စွမ်းရည်သည် နိုးထရန် အလွန်ခက်ခဲသလို စွမ်းအားကလည်း အလွန်အမင်း ကြီးမားပြီး မည်သည့်ဧကရာဇ်အဆင့် ကိုယ်ခံပညာထက်မဆို မနိမ့်ကျပေ။
တစ်ဖက်လူက မည်မျှပင်သန်မာပါစေ၊ သူ၏ ဟောင်ထျန်းမျက်လုံးကို မည်သည့်အခါမှ မတားဆီးနိုင်ခဲ့ချေ။
"ဟောင်ထျန်း သူတော်စင်နယ်မြေရဲ့ ပါရမီရှင်က တကယ်ကိုထူးခြားတာပဲ သူ့မှာ ဝှက်ဖဲတွေ ရှိသေးပုံရတယ်"
ရှားယွမ်ဖုန်းက အလွန် အစွမ်းထက်သည့် သဘာဝလွန်သွေးမျိုးဆက် စွမ်းရည်အား ထုတ်ဖော်လိုက်သည်ကို မြင်လျှင် နတ်သန္ဓေအင်ပါယာ နယ်ပယ် စွမ်းအင်ခန္ဓာကိုယ်၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
အစောပိုင်းက သူမ စဥ်းစားမိသည့် အစီအစဥ်သည်လည်း ရုတ်တရက် ရပ်တန့်သွားခဲ့၏။
ရှားယွမ်ဖုန်းတွင် ကျန်းချန်နှင့် တိုက်ခိုက်ရန် ဝှက်ဖဲများ ရှိနေသေးသောကြောင့် သူမသည် မည်သူနှင့်မျှ မပူးပေါင်းသေးဘဲ ထိုနှစ်ဦးလုံးကို ဆက်လက် ယှဥ်ပြိုင်စေလိုခဲ့သည်။
ထိုသို့ မဟုတ်လျှင် ကျန်းချန်ကို ရှင်းလင်းနိုင်သည့်တိုင် ရှားယွမ်ဖုန်းသည် သူမအတွက် ပြဿနာကြီး တစ်ခု ဖြစ်နေဦးမည် မဟုတ်ပါလော။
"ကျန်းချန်.. ငါရှားယွမ်ဖုန်းက မင်းသတ်ချင်တိုင်း သတ်လို့ရတဲ့သူ မဟုတ်ဘူး မင်းငါ့ကို အတင်းအကျပ် သတ်ဖြတ်မယ်ဆိုရင်တော့ ငါ မင်းကို သေမင်းဆီအရောက်ပို့ပေးမယ်"
ရှားယွမ်ဖုန်းက မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
သူ၏ မျက်လုံးတစ်စုံကနေ ပစ်လွှတ်လိုက်သော ရွှေရောင်အလင်းတန်း နှစ်ခုသည် ရွှေရောင်သက်တန့်ကဲ့သို့ လေထုကိုထိုးဖောက်သွားခဲ့သည်။
ထိုရွှေရောင်အလင်းတန်းများ ဖြတ်သန်းသွားသည့် နေရာတိုင်းရှိ ကျန်းချန်၏ မိုးကြိုးနယ်မြေမှ ထုတ်လွှတ်ထားသော မိုးကြိုးစွမ်းအားများသည် မျက်စိဖြင့် မြင်နိုင်သောအရှိန်အဟုန်ဖြင့် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ရွှေရောင်အလင်းတန်းသည် ပေတစ်ရာ အကွာအဝေးကို ထိုးဖောက်ကာ ကျန်းချန်၏ မိုးကြိုးငရဲနယ်မြေပေါ်သို့ ကျရောက်သွားခဲ့သည်။
"ဝုန်း..ဝုန်း.."
မြေပြင်ကိုပင် လှုပ်ခတ်သွားစေသော ပေါက်ကွဲသံ နှစ်သံသည် ကောင်းကင်ထက်တွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့သည်။
ရွှေရောင်အလင်းတန်း တစ်စုံသည် ဖျက်ဆီးခြင်းအလင်းရောင်ကဲ့သို့ လှိုင်းလုံးများသဖွယ် လှိမ့်ဝင်လာခဲ့သည်။
ထိုပျက်စီးခြင်း ရွှေရောင်အလင်းတန်း၏ သက်ရောက်မှုအောက်တွင် ကျန်းချန်၏ မိုးကြိုးငရဲနယ်မြေသည် အဆက်မပြတ် တုန်ခါသွားခဲ့ပြီး တွန့်လိမ်လာခဲ့သည်။
"ဟားဟား ကျန်းချန်.. မင်းအခု အရင်လို မောက်မာရဲသေးလား.. မင်းငါ့ရဲ့ သဘာဝလွန်သွေးမျိုးဆက် စွမ်းရည်ကို ဘယ်လို တားဆီးမလဲဆိုတာ ငါကြည့်ချင်သေးတယ်"
ရှားယွမ်ဖုန်းက အောင်ပွဲခံသော အမူအရာဖြင့် ရယ်မောလိုက်ပြီး သူ၏ မျက်လုံးကနေ ရွှေရောင်အလင်းတန်းများကို ထပ်မံပစ်လွှတ်ကာ ကျန်းချန်၏ မိုးကြိုးငရဲ နယ်မြေကို လုံးဝဖျက်ဆီးပစ်ရန် ကြိုးစားလိုက်သည်။
ထိုတိုက်ခိုက်မှုဖြင့် ကျန်းချန်၏ မိုးကြိုးငရဲနယ်မြေကို ဖျက်ဆီးနိုင်တော့မည်ဟု ရှားယွမ်ဖုန်း ထင်နေစဥ်မှာပင် မိုးကြိုးငရဲ နယ်မြေပေါ်၌ မီးလျှံများ တောက်လောင်နေသော နယ်မြေ တစ်ခုသည် ထပ်ဆင့် ပေါ်ပေါက်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးစွမ်းအားနှင့် မီးလျှံများ အရှိန်ပြင်းပြင်း တောက်လောင်နေသော စွမ်းအားများသည် ပေါင်းစပ်သွားခဲ့၏။
ထို့နောက်တွင်မူ ရှားယွမ်ဖုန်း၏ ဟောင်ထျန်းမျက်လုံးကနေ ပစ်လွှတ်လိုက်သော ရွှေရောင်အလင်းတန်းသည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
"မင်းတို့ ဟောင်ထျန်း နယ်မြေက မဟာအင်ပါယာရဲ့ သဘာဝလွန် သွေးမျိုးဆက်စွမ်းရည် ဆိုတာက ဒီလောက်ပဲလား"
ရှားယွမ်ဖုန်း၏ သဘာဝလွန် သွေးမျိုးဆက်စွမ်းရည်ကို ပေ့ါပါးစွာ ဖျက်ဆီးပစ်လိုက်ပြီးနောက်တွင် ကျန်းချန်သည် ရှားယွမ်ဖုန်းကို ခပ်ထေ့ထေ့ လှောင်ပြောင်လိုက်သည်။
"မီးနယ်မြေပါလား.. ဒါ ဒါက နယ်မြေထပ်ဆင့် စွမ်းအားပဲ"
ရှားယွမ်ဖုန်းက မျက်မှောင်ကြုတ်သွားပြီး မျက်ဝန်းများတွင် ကြောက်ရွံ့သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
"မင်း.. မင်းက နယ်မြေပိုင်နက် စွမ်းအားနှစ်မျိုးကို နားလည်ထားတာလား"
နယ်မြေပိုင်နက် စွမ်းအားနှစ်မျိုးကို နားလည်သဘောပေါက်ခြင်းသည် အဆင့်တူအတွင်း ပြိုင်ဘက်ကင်းသော ပါရမီရှင်နတ်သန္ဓေ အင်ပါယာအဆင့် ဖြစ်သည်။
ထို့ကြောင့် သူ့ရှေ့မှကောင်လေးသည် ပါရမီရှင် နတ်သန္ဓေစာရင်းဝင်ရန် လုံလောက်နေသည်မှာ သေချာနေ၏။
"ဘယ်လိုလဲ မင်းမထင်ထားဘူး မဟုတ်လား"
ကျန်းချန်က အေးစက်စက်ပြုံးကာ ရှားယွမ်ဖုန်းကို စူးစိုက်ကြည့်လိုက်သည်။
"မဟာအင်ပါယာရဲ့ သဘာဝလွန်သွေးမျိုးဆက် စွမ်းရည်က မင်းရဲ့နောက်ဆုံးဝှက်ဖဲ ဆိုရင်တော့ မင်းသွားသေလိုက်လို့ရပြီ"
ဟောင်ထျန်း သူတော်စင်နယ်မြေ၏ မဟာအင်ပါယာ ဟောင်ထျန်းသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ရှန်းဝူတိုက်ကြီး၏ နံပါတ်တစ် ကျင့်ကြံသူ ဖြစ်သည်။
လွန်ခဲ့သောနှစ်ပေါင်း(၁၀၀၀၀)ခန့်က ကပ်ဘေးတွင် ရှန်းဝူတိုက်ကြီး၌ အင်ပါယာများ ပျောက်ကွယ်သွားခဲ့ရာ ကမ္ဘာပေါ်တွင် ကြယ်ငါးပွင့်အဆင့် အင်အားစုများ မရှိတော့ပေ။
ဟောင်ထျန်း သူတော်စင်နယ်မြေသည် ထိုတိုက်ပွဲတွင် အကြီးအကျယ် ထိခိုက်ခဲ့သော်လည်း ၎င်းတို့၏ အမွေအနှစ်များကို စနစ်တကျ လက်ဆင့်ကမ်းနိုင်ခဲ့သည်။
ယနေ့ခေတ်တွင်လည်း ဟောင်ထျန်း သူတော်စင်နယ်မြေသည် လျှို့ဝှက်နယ်မြေရှစ်ခုတွင် နံပါတ်တစ်နေရာ၌ ရှိနေဆဲ ဖြစ်ပြီး ၎င်း၏ စွမ်းအားသည် နားမလည်နိုင်လောက်ပင် နက်ရှိုင်း၏။
ဆိုရလျှင် ရှန်းဝူတိုက်ကြီးတွင် ဟောင်ထျန်း သူတော်စင်နယ်မြေ၏ လက်ရှိ အခြေအနေသည် လွန်ခဲ့သော နှစ်(၁၀၀၀၀)ခန့်ကနှင့် သိပ်မကွာခြားပေ။
၎င်းတို့က ရှန်းဝူတိုက်ကြီး၏ အရှင်သခင် ဖြစ်နေဆဲ ဖြစ်ပြီး ရှန်းဝူတိုက်ကြီး၏ နံပါတ်တစ် အင်အားစုအဖြစ် ညွှန်းဆိုလျှင်ပင် ချဲ့ကား ပြောဆိုသည်ဟု သတ်မှတ်၍ မရပေ။
ယခုအခါတွင် ကျန်းချန်သည် မြို့တော်ငါးခုနှင့် ပြဿနာများ မပြီးပြတ်သေးပေ။
ထို့ကြောင့် ကျန်းချန်သည် မြို့တော်ငါးခုထက် ပို၍အစွမ်းထက်သော ဟောင်ထျန်း သူတော်စင်နယ်မြေနှင့် ထိပ်တိုက် မတွေ့ဆုံလိုသေးချေ။
ထို့အပြင် သူ့ရှေ့မှ ရှားယွမ်ဖုန်းသည် ဟောင်ထျန်း သူတော်စင်နယ်မြေတွင် အဆင့်အတန်း မနိမ့်ကျသော သူတစ်ယောက် ဖြစ်သည်။
ရှားယွမ်ဖုန်းကို လွှတ်ပေးလိုက်သည်နှင့် ရှားယွမ်ဖုန်းသည် ဟောင်ထျန်း သူတော်စင်နယ်မြေကို သူနှင့် လူသားဧကရာဇ်နန်းတော်အား အမှန်တကယ် တိုက်ခိုက်ရန် လှုံ့ဆော်လိမ့်မည်ဖြစ်၏။
ထို့ကြောင့် ကျန်းချန်အတွက် ယခုအခါတွင် အကောင်းဆုံးနည်းလမ်းမှာ ဤရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူမှာပင် ရှားယွမ်ဖုန်းကို အပြတ်ရှင်းပစ်ရန် ဖြစ်၏။
"ကျန်းချန် ငါတို့ရဲ့တိုက်ပွဲကို ဒီမှာပဲ ရပ်လိုက်ကြစို့.. ဒီနတ်သန္ဓေ အင်ပါယာနယ်ပယ်ရဲ့ စွမ်းအင်ခန္ဓာကိုယ်ကို ငါ မင်းဆီပေးလိုက်မယ်.. မင်းရဲ့ခွန်အားက အရမ်းသန်မာလွန်ပြီး ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းထဲက ထိပ်တန်းအဆင့်ကျင့်ကြံသူတွေထက်တောင် လုံးဝ မနိမ့်ကျဘူး.. ဒါပေမဲ့ မင်းငါ့ကို တကယ်ပဲ သတ်လိုက်ရင် ရှန်းဝူတိုက်ကြီး တစ်ခုလုံးမှာ မင်းအတွက် နေစရာနေရာ မရှိစေရဘူးလို့ ငါအာမခံတယ်"
ရှားယွမ်ဖုန်းက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ကာ ကျန်းချန်ကို ပြောဆိုလိုက်သည်။
လူကြီးလူကောင်း တစ်ယောက်၏ လက်စားချေခြင်းသည် ဆယ်နှစ်ကြာလျှင်ပင် နောက်မကျ ဟူသော စကားပုံအတိုင်းပင် သူ့ထက် ခွန်အားများစွာ သာလွန်သော ကျန်းချန်နှင့် ရင်ဆိုင်ရသောအခါတွင် ရှားယွမ်ဖုန်းသည် အောက်လေဖြင့် ပြောဆိုခဲ့သည်။
သူ၏ခွန်အားသည် ကျန်းချန်၏ ပြိုင်ဘက် လုံးဝမဟုတ်ပေ။
ယခုအခါတွင် သူ့အတွက် အရေးကြီးဆုံးမှာ သူ့အသက်ကို ကယ်တင်ရန်အတွက် ဤနေရာကနေ အမြန်ဆုံး ထွက်သွားခွင့်ရရန် ဖြစ်သည်။
"မင်းက တိုက်ပွဲကို ရပ်ချင်နေတယ်ဆိုတာနဲ့ပဲ ငါက ရပ်ပေးရမှာလား"
ကျန်းချန်က ထီမထင်ဟန်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ငါ့ရဲ့ လူသားဧကရာဇ်နန်းတော်ကို ဖျက်ဆီးဖို့ ခြိမ်းခြောက်တဲ့အချိန်ကစပြီး ငါမျက်လုံးထဲမှာ မင်းက လူသေတစ်ယောက်နဲ့ ဘာမှမခြားတော့ဘူး"
သူ၏ အေးစက်စက်စကားသံ အဆုံးသတ်သည်နှင့် ကျန်းချန်သည် နယ်မြေပိုင်နက် နှစ်ခု ဖြစ်သည့် မိုးကြိုးနယ်မြေနှင့်မီးလျှံနယ်မြေကို တိုက်ရိုက် ထိန်းချုပ်ကာ ရှားယွမ်ဖုန်းကို ဖိနှိပ်ရန် ရွေ့လျားစေခဲ့သည်။
ကျန်းချန်က သူ့ကို အလွှတ်ပေးရန် ရည်ရွယ်ချက် မရှိသည်ကိုမြင်လျှင် ရှားယွမ်ဖုန်း၏ မျက်နှာအမူအရာတွင် ကြောက်ရွံ့သော အရိပ်အယောင်များ ချက်ချင်းဆိုသလို ဖြစ်ပေါ်လာခဲ့သည်။
သူက ချက်ချင်းပင် လျှို့ဝှက်ဆန်းကြယ်သော ကျောက်စိမ်းတံဆိပ်ပြားတစ်ခုကို ခပ်သွက်သွက် ထုတ်ကာ ချိုးပစ်လိုက်သည်။
ထိုအခါ ကျောက်စိမ်းတံဆိပ်ပြားထဲကနေ တောက်ပသောအဖြူရောင်အလင်းတစ်ခုသည် ထွက်ပေါ်လာခဲ့၏။
ထိုအဖြူရောင်အလင်းသည် လေထုတစ်ခုလုံးကိုပင် လင်းထိန်သွားစေခဲ့သည်။
တစ်ခဏအတွင်းမှာပင် ထိုတောက်ပသော အဖြူရောင်အလင်းသည် အဖြူရောင်ပုံရိပ်တစ်ခု အဖြစ် စုစည်းသွားခဲ့သည်။
"အစ်ကို ကျွန်တော့်ကို ကူညီပါဦး"
ရှားယွမ်ဖုန်းက သူ၏ဦးခေါင်းအထက်မှ အဖြူရောင်ပုံရိပ်ကိုမြင်သည်နှင့် ထိတ်လန့်တကြား အော်ဟစ် အကူအညီတောင်းလိုက်သည်။
ဤအချိန်တွင် အဖြူရောင်ပုံရိပ်သည် ရှားယွမ်ဖုန်းကို လျစ်လျူရှုထားခဲ့၏။
သူက ကျန်းချန်၏ နယ်မြေထပ်ဆင့် စွမ်းအားကို ကြည့်ကာ မဲ့ပြုံးပြုံးလိုက်ပြီး သူ၏ လက်ဝါးရိုက်ချက်ကို ထုတ်ဖော်လိုက်သည်။
ထိုအခါ လေထဲတွင် ရွှေရောင်လက်ဝါးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်၏ ထပ်ဆင့် နယ်မြေစွမ်းအားတိုက်ခိုက်မှုကို ပေါ့ပေါ့းပါးပါးပင် တားဆီးလိုက်သည်။
"ဟမ့်.. ငါတို့ဟောင်ထျန်း သူတော်စင်နယ်မြေက လူတွေကိုတောင် သတ်ဝံ့တယ်ဆိုတော့ အတင့်ရဲလှချည်လား.. ငါရှားယွမ်ဟောင်ရဲ့ ညီကို မင်းသတ်ချင်တိုင်း သတ်လို့ရမယ်များ ထင်နေလား"
အခန်း(၁၂၈၆)ပြီး၏။
အခန်း(၁၂၈၇)
"ဝိညာဥ်ကိုယ်ပွားပါလား"
ရှားယွမ်ဖုန်း၏ ဦးခေါင်းထက်တွင် ဝင့်ကြွားစွာ ရပ်နေသည့် အဖြူရောင်ပုံရိပ်ကို မြင်လျှင် ကျန်းချန်၏မျက်လုံးသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
ထိုအဖြူရောင်ပုံရိပ်သည် အလွန်ချောမောသော လူငယ်တစ်ယောက်ဖြစ်သည်။
ထိုလူငယ်က အရပ် သိပ်မရှည်သော်လည်း ခန္ဓာကိုယ်ပေါ်ရှိအရှိန်အဝါသည် အလွန်အမင်း အစွမ်းထက်သည်။
လေထုထဲတွင် တည်ငြိမ်စွာ ရပ်နေသည်မှာ ခမ်းနားထည်ဝါသော တောင်တစ်တောင်ကဲ့သို့ပင်။
ဤသည်က ဝိညာဥ်ကိုယ်ပွား တစ်ခုသာ ဖြစ်သော်လည်း နတ်သန္ဓေအင်ပါယာနယ်ပယ် တတိယအဆင့် ခွန်အားကို အနည်းဆုံး ပိုင်ဆိုင်ထား၏။
တိုက်ပွဲဝင်စွမ်းရည်အရ ဆိုလျှင် ဤလူသည် ရှောင်မိသားစုဘိုးဘေး ရှောင်ယန်ဝူထက် မနိမ့်ကျဟု ကျန်းချန် ခံစားခဲ့ရသည်။
ရှားယွမ်ဟောင်သည် ဟောင်ထျန်း သူတော်စင်နယ်မြေ၏ နံပါတ်တစ် ပါရမီရှင် ဖြစ်သည်။
၎င်းက အလွန်ပါရမီ ထူးချွန်ပြီး မွန်းစတားဆန်လွန်းသည်ဟုလည်း ဆိုကြသည်။
အသက်(၂၅)နှစ် မပြည့်မီမှာပင် နတ်သန္ဓေအင်ပါယာ အဆင့်ကို ထိုးဖောက်ခဲ့၏။
ထို့အပြင် ရှားယွမ်ဟောင်သည် ပါရမီရှင် နတ်သန္ဓေအင်ပါယာများ စာရင်း၏ ထိပ်ဆုံးကို ရောက်ရန် ဆယ်နှစ်ပင် မလိုအပ်ခဲ့ပေ။
တစ်ချိန်တည်းမှာပင် သူက အထွတ်အထိပ် နတ်သန္ဓေအင်ပါယာ စာရင်းတွင်လည်း ပါဝင်လာခဲ့သည်။
ဤသည်က ရှန်းဝူတိုက်ကြီးတွင် ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းနှင့် အထွတ်အထိပ် အင်ပါယာစာရင်း၌ တစ်ချိန်တည်း ပါဝင်နိုင်သည့် ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်အနည်းငယ်ထဲမှ တစ်ဦး ဖြစ်သည်။
သုံးနှစ်အကြာတွင် ရှားယွမ်ဟောင်သည် (၈၂)ယောက်မြောက် အထွတ်အထိပ် နတ်သန္ဓေအင်ပါယာကို သတ်ဖြတ်ခဲ့ပြီး ယခုအခါတွင် အထွတ်အထိပ် နတ်သန္ဓေအင်ပါယာ စာရင်း၌ (၇၉)ယောက်မြောက် အဖြစ် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
နိဗ္ဗာန်မြို့တော်သခင် ယဲ့ချန်ကျွင်းနှင့် ယှဥ်လျှင်ပင် (၂)နေရာ ပိုမြင့်၏။
ဆိုရလျှင် သူ၏ရှေ့မှ ရှားယွမ်ဟောင်သည် နှစ်တစ်ရာ အတွင်း ရှန်းဝူတိုက်ကြီးတွင် တုနှိုင်းမဲ့ ပါရမီရှင်တစ်ဦး ဖြစ်ပြီး ရှန်းဝူ တစ်တိုက်လုံးတွင် သူ့ကိုယှဥ်နိုင်သည့်သူ မရှိပေ။
ကျန်းချန်က အဖြူရောင်ဝတ်စုံဝတ် လူငယ်ကို ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။
"မင်းက မင်းရဲ့ညီလေး ကိုယ်ပေါ်မှာ ဝိညာဥ်ကိုယ်ပွား တစ်ခုချန်ထားခဲ့တာ ဆိုတော့ မင်းရဲ့ညီကို အတော်လေး ချစ်ပုံရတယ်"
"စကားမများနဲ့ ငါတို့ ဟောင်ထျန်း သူတော်စင်နယ်မြေကို စော်ကားရင် ရွေးချယ်စရာ နှစ်လမ်းပဲရှိတယ်.. ငါတို့ ဟောင်ထျန်း သူတော်စင်နယ်မြေကို ကျွန်ခံမလား ဒါမှမဟုတ် အသေခံမလား"
ရှားယွမ်ဟောင်က ကျန်းချန်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
သူ၏ပုံစံက ကျန်းချန်၏ သေခြင်းရှင်ခြင်းကို စိတ်ကြိုက်ဆုံးဖြတ်နိုင်သကဲ့သို့ပင်။
"ဟားဟား ရှားယွမ်ဟောင်.. မင်းက ကိုယ့်ကိုယ်ကိုယ် အရမ်း အထင်ကြီးလွန်းနေပြီ"
ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်သည်။
"ဒီနေရာမှာ ရှိနေတာ မင်းရဲ့ မူလခန္ဓာကိုယ် ဆိုရင်တော့ ငါအခက်တွေ့ကောင်း တွေ့ရလိမ့်မယ်.. ဒါပေမဲ့ မင်းရဲ့ ဝိညာဥ်ကိုယ်ပွားလောက်နဲ့တော့ ငါ့ရှေ့မှာ မာနကြီးဖို့ အရည်အချင်းမရှိဘူး"
"ရိုင်းပြလှချည်လား"
ရှားယွမ်ဟောင်က အေးစက်စက် ရေရွတ်လိုက်သည်။
ထို့နောက်တွင် ထက်ရှသော ကောင်းကင်ဓားကဲ့သို့ သူ၏မျက်ဝန်းမှ နတ်အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
သူ၏ရှေ့မှ လေထုပင် သူ၏ အကြည့်ကြောင့် နေရာလွတ်အက်ကြောင်းများ ဖြစ်ပေါ်လာခဲ့၏။
"ရွှယ်တူတွေထဲမှာ ငါ့ကို ဒီလိုမျိုးပြောဆိုရဲတာ မင်းပထမဆုံးပဲ.. မင်းရဲ့သတ္တိကို လေးစားလို့ မင်းကို ခန္ဓာကိုယ်အပြည့်အစုံနဲ့သေခွင့်ပေးမယ်"
ရှားယွမ်ဟောင်က အေးစက်စက် ပြောလိုက်သည်။
သူ၏ဆံပင်ရှည်များက လေထဲတွင် တလူလူ လွင့်နေခဲ့ပြီး မျက်လုံးထဲမှ ဓားအလင်းများသည် ပို၍ပင် တောက်ပလာခဲ့၏။
ယင်းနောက်တွင် ကောင်းကင်ဓားကဲ့သို့ ထက်ရှသော နတ်ဓားအလင်းသည် ကောင်းကင်ပေါ်သို့ ထိုးတက်လာခဲ့ပြီး လေထုထဲတွင် အချင်း(၃၀၀)မီတာကို လွှမ်းခြုံသည့် ဓားနယ်မြေအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ထိုဓားနယ်မြေ အတွင်း၌ အရာအားလုံးကို ဖျက်ဆီးနိုင်သော ကြောက်မက်ဖွယ်ရာကောင်းသည့်စွမ်းအားများသည် လှိုင်းထန်စွာ ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်၏ နယ်ပယ်နှစ်ခု ထပ်ဆင့် စွမ်းအားသည်ပင် ယှဥ်နိုင်ရန် ခက်ခဲပုံရ၏။
"ဒီလူက ဓားနယ်မြေကို အလယ်အလတ် နယ်မြေအဆင့်ထိ ကျင့်ကြံနိုင်ခဲ့တဲ့ပုံပဲ"
ကျန်းချန်က ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့ပြီး ချက်ချင်းဆိုသလို တတိယမြောက် နယ်မြေပိုင်နက် စွမ်းအားဖြစ်သည့် ကောင်းကင်လောင်ကျွမ်း ဓားနယ်မြေကို ထုတ်ဖော်လိုက်သည်။
ထိုဓားနယ်မြေက နယ်ပယ်နှစ်ခု ထပ်ဆင့် စွမ်းအားနှင့် ပူးပေါင်းသွားခဲ့ပြီး ရှားယွမ်ဟောင်၏ ဓားနယ်မြေနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
"ဝုန်း.."
အစစ်အမှန် နယ်မြေပိုင်နက် စွမ်းအားများက လေထဲတွင် ထိပ်တိုက် ဆုံတွေ့သွားခဲ့ပြီး ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။
ထိုပေါက်ကွဲမှုမှ ဖြစ်ပေါ်လာသော ပျက်စီးခြင်းစွမ်းအင် မုန်တိုင်းသည် ပေ၁၀၀ အချင်းဝက်ရှိ နေရာလွတ် တစ်ခုလုံးကို လုံးဝပင် ရှင်းလင်းပစ်ခဲ့သည်။
အောက်ဘက်ရှိ ကြည့်ရှုနေကြသော သူများသည်ပင် ပေတော်တော်များများ အထိ နောက်ဆုတ်လိုက်ရ၏။
အထူးသဖြင့် ဟောင်ထျန်း သူတော်စင်နယ်မြေမှ ရှားယွမ်ဖုန်းတို့ လူစု ဖြစ်သည်။
သူတို့၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
ရှားယွမ်ဟောင်သည် ဟောင်ထျန်း သူတော်စင်နယ်မြေတွင် ဒဏ္ဍာရီကဲ့သို့ တည်ရှိမှုမျိုး ဖြစ်သည်။
၎င်းက ဟောင်ထျန်း သူတော်စင်နယ်မြေ၏ ထိပ်တန်း ကျင့်ကြံသူများထဲမှ တစ်ဦး ဖြစ်ပြီး အသက်(၃၀)ကျော်ရုံသာ ရှိသေးသည်။
ဤသည်က ဝိညာဥ်ကိုယ်ပွားတစ်ခု ဖြစ်နေလျှင်ပင် နတ်သန္ဓေအင်ပါယာအဆင့် အစောပိုင်းတွင်ရှိသည့် မည်သည့် နတ်သန္ဓေအင်ပါယာမှ ခုခံနိုင်မည် မဟုတ်ပေ။
သို့သော်လည်း သူတို့ရှေ့မှ ကောင်လေးသည် ရှားယွမ်ဟောင်ကို ရှုံးနိမ့်ခြင်းမရှိဘဲ ရင်ဆိုင်နိုင်ခဲ့သည်။
ဤကဲ့သို့သော စွမ်းဆောင်ရည်ကို လျှို့ဝှက်နယ်မြေ ရှစ်ခုထဲမှာပင် ကျင့်ကြံသူ အနည်းငယ်မျှသာ လုပ်ဆောင်နိုင်လိမ့်မည် ဖြစ်သည်။
"အလယ်အလတ်အဆင့် ဓားနယ်မြေစွမ်းအားပါလား.. ရှန်းဝူတိုက်ကြီးရဲ့ နံပါတ်တစ်ပါရမီရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်"
ကျန်းချန်က ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရ၏။
သူက လေထဲရှိ ရှားယွမ်ဟောင်ကို ကြည့်ကာ မျက်လုံးထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ဤကာလအတွင်း ကျန်းချန်သည် နတ်သန္ဓေအင်ပါယာ များစွာကို တွေ့ခဲ့ရသည်။
၎င်းတို့ထဲတွင် ရှောင်မိသားစုဘိုးဘေးနှင့် နိဗ္ဗာန်မြို့တော်သခင်ကဲ့သို့ အထွတ်အထိပ် နတ်သန္ဓေအင်ပါယာ စာရင်းထဲမှ သူများပင် ပါဝင်၏။
သို့သော်လည်း ရှားယွမ်ဟောင်ကမူ သူကြုံတွေ့ခဲ့ဖူးသည့် လူများထဲတွင် အလယ်အလတ်အဆင့် နယ်မြေပိုင်နက် စွမ်းအားကို နားလည် သဘောပေါက်သည့် ပထမဆုံးလူ ဖြစ်၏။
ရှင်းလင်းစွာဆိုရလျှင် အလယ်အလတ်အဆင့် နယ်မြေပိုင်နက်စွမ်းအားသည် သာမန် နယ်မြေပိုင်နက် စွမ်းအားထက် များစွာ ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းသည်။
နယ်မြေပိုင်နက်စွမ်းအားသုံးခု ပူးပေါင်းထားသော စွမ်းအားသည်ပင် ရှားယွမ်ဟောင်၏ အလယ်အလတ်အဆင့် ဓားနယ်မြေကို ယှဥ်နိုင်ရုံသာ ရှိခဲ့သည်။
"မင်းလည်း မဆိုးပါဘူး.. နတ်သန္ဓေအင်ပါယာနယ်ပယ် ဒုတိယအဆင့်နဲ့ နယ်မြေပိုင်နက် စွမ်းအားသုံးခုကို ပိုင်ဆိုင်ထားတယ်.. ပါရမီရှင် နတ်သန္ဓေအင်ပါယာ စာရင်းရဲ့ အပြင်ဘက်မှာ မင်းလို ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်တစ်ယောက် ရှိနေမယ်လို့ တကယ် ထင်မထားမိဘူး"
ရှားယွမ်ဟောင်က ကျန်းချန်ကို အံ့အားသင့်သော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
"မင်းလို ပါရမီရှင်တစ်ယောက် ဒီနေရာမှာ ကျဆုံးသွားရင် ဝမ်းနည်းစရာကောင်းလိမ့်မယ်.. ဟောင်ထျန်း သူတော်စင်နယ်မြေရဲ့ လက်အောက်ထဲဝင်ဖို့ မင်းကို နောက်ထပ် အခွင့်အရေးပေးမယ်.. မင်းသာ ဟောင်ထျန်း သူတော်စင်နယ်မြေထဲ ဝင်မယ်ဆိုရင် ငါမင်းကို မသတ်ဘဲ လွှတ်ပေးလိုက်မယ်"
"မင်းလို ပါရမီရှင်တစ်ယောက်က ဘာလို့ အမှိုက်ကောင်ရဲ့ ကိုယ်ပေါ်မှာ ဝိညာဥ်ကိုယ်ပွားကို ချန်ထားခဲ့ရတာလဲ"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ခနဲ့လိုက်သည်။
"ကောင်းပြီလေ မင်းကိုလည်း ငါအခွင့်အရေးပေးမယ်.. အခုချက်ချင်း ငါ့ရှေ့ကနေ ပျောက်ကွယ်သွားရင် မင်းအချိန်မီနိုင်သေးတယ်.. ဒီလိုမှမဟုတ်ဘဲ ငါမင်းရဲ့ ဝိညာဥ်ကိုယ်ပွားကို ဖျက်ဆီးလိုက်တဲ့အခါကျရင် မင်းရဲ့ မူလခန္ဓာကိုယ်က ပြင်းထန်တဲ့ ထိခိုက်မှုကို ခံစားရလိမ့်မယ်"
"ငါ့ကို စော်ကားရဲတယ် သွားသေလိုက်စမ်း"
ရှားယွမ်ဟောင်၏ မျက်နှာအမူအရာက အေးစက်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် လက်ဟန်များကို ထုတ်ဖော်လိုက်သည်။
"ဝုန်း.."
ဆယ်မိုင် ပတ်လည်အတွင်းရှိ အသက်စွမ်းအင်များသည် ရှားယွမ်ဟောင်ကို ဗဟိုပြုကာ ရူးသွပ်စွာ လှိုင်းထန်သွားခဲ့၏။
လေထုထဲတွင် ဆယ်ပေခန့် ရှည်လျားသည် ဓားစွမ်းအင်များသည် ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးတော့မည့်နှယ် စုစည်းသွားခဲ့ပြီး အရပ်ဆယ်မျက်နှာကို လွှမ်းခြုံထားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ချိုင့်ဝှမ်းတစ်ခုလုံး၏ ကောင်းကင်ယံတစ်ခုလုံးတွင် ဟောင်ထျန်း ဓားအရှိန်အဝါများဖြင့် လွှမ်းခြုံသွားခဲ့ပြီး အရပ်ပေါင်းစုံကနေ ကျန်းချန်ကို ဖိနှိပ်ရန် ရောက်ရှိလာခဲ့သည်။
ဟောင်ထျန်းဓားသိုင်း။
မဟာအင်ပါယာ ဟောင်ထျန်း တီထွင်ခဲ့သော ဧကရာဇ်အဆင့်သိုင်းပညာကို ရှားယွမ်ဟောင်သည် ယခုအခါတွင် ထုတ်သုံးလိုက်ပြီ ဖြစ်သည်။
ထိုဓားသိုင်း၏ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားသည် ကမ္ဘာကြီး၏ အရောင်ကိုပင် ပြောင်းလဲသွားစေခဲ့သည်။
ရှားယွမ်ဟောင်၏ ကြောက်မက်ဖွယ်ရာကောင်းသော ဓားသိုင်းနှင့် ရင်ဆိုင်ရသော်လည်း ကျန်းချန်သည် အနည်းငယ်မျှပင် ထိတ်လန့်ခြင်း မရှိခဲ့ပေ။
သူက ဓားနယ်မြေ၊ မီးလျှံနယ်မြေ၊ လေနယ်မြေနှင့် မိုးကြိုးနယ်မြေ စသည့် နယ်မြေပိုင်နက်စွမ်းအား လေးမျိုးကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်သည်။
ထို့နောက်တွင် သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်၌ အရောင်စုံတောက်ပနေသော အလင်းရောင်များကို ထုတ်လွှတ်နေသည့် နယ်မြေ အကာအကွယ်တစ်ခုကို ချက်ချင်းဆိုသလို ဖန်တီးကာ အရပ်မျက်နှာအားလုံးကနေ သူ့ဆီသို့ သက်ရောက်လာသော ဓားအရှိန်အဝါများကို ခုခံလိုက်သည်။
"ရှားယွမ်ဟောင် မင်းရဲ့ဝိညာဥ်ကိုယ်ပွားလောက်နဲ့ ငါ့ရှေ့မှာ လာမကြွယ်နဲ့လို့ မင်းကို ငါအစောကတည်းက ပြောပြီးပြီ .. ကိုယ်ပွားအဆင့်လောက်နဲ့ ငါ့ရှေ့မှာ ဟိတ်ဟန် လာမထုတ်သင့်ဘူး.. ငါ့ရှေ့ကနေ ပျောက်ကွယ်သွားဖို့ မင်းကို အခွင့်အရေးပေးခဲ့ပေမဲ့ မင်းတန်ဖိုးမထားခဲ့ဘူး.. မင်းရဲ့ ဝိညာဥ်ကိုယ်ပွား ဒီနေ့မုချ သေစေရမယ်"
ကျန်းချန်က အေးစက်စက်ကြုံးဝါးလိုက်ပြီး ချက်ချင်းဆိုသလိုပင် လက်ဟန်များပြုလုပ်လိုက်ရာ ထူးဆန်းသော အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်တစ်ခုသည် သူ၏လက်ထဲတွင် ချက်ချင်းဆိုသလို စုစည်းသွားခဲ့သည်။
အခန်း(၁၂၈၇)ပြီး၏။