← Chapters

အခန်း (၁၂၈၈-၁၂၉၀)

Vol. 86 Ch. 1288-1290

အခန်း (၁၂၈၈-၁၂၉၀)

Vol. 86 Ch. 1288-1290

အခန်း(၁၂၈၈)

"ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်"

ကျန်းချန်းက လက်နှစ်ကို ဝှေ့ယမ်းလိုက်သည်နှင့် ကြီးမားသော အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်သည် ကမ္ဘာကိုပင် တုန်လှုပ်စေမည့် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို သယ်ဆောင်ကာ ရှားယွမ်ဟောင် ဆီသို့ ရွေ့လျားသွားခဲ့သည်။

ကျန်းချန်က နတ်သန္ဓေအင်ပါယာနယ်ပယ် ဒုတိယအဆင့်ကို ထိုးဖောက်ခဲ့သောကြောင့် ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်၏ စွမ်းအားသည် ယခင်ကနှင့် မတူတော့ဘဲ ပိုမို၍ မြင့်မားလာခဲ့သည်။

"ဒါ.. ဒါက ဘယ်လိုစွမ်းအားမျိုးလဲဟ"

ရှားယွမ်ဟောင်က ထိုက်စန်းတောင်ကဲ့သို့ သူ့ကို ဖိနှိပ်နေသော အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်ကို စိုက်ကြည့်ကာ မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့သည်။

ထိုအနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်ထံမှ အန္တရာယ်ရှိသော အရှိန်အဝါကို ရှားယွမ်ဟောင်သည် သူ၏ ပင်ကိုသိစိတ်အရ ခံစားမိခဲ့သည်။

သူ၏ ဝိညာဥ်ကိုယ်ပွားက အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်ကို ထိမိသည်နှင့် ထိုအနက်ရောင်လေးထောင့်တုံးစည်းတံဆိပ်၏ အောက်မှာပင် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလိမ့်မည်ဟု သူခံစားခဲ့ရ၏။

"ဟောင်ထျန်း နတ်ဓားသိုင်း"

ရှားယွမ်ဟောင်က သူ၏စိတ်နှလုံးထဲမှ ကြောက်ရွံ့မှုကို ဖိနှိပ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် သူအားကိုးရသော ဟောင်ထျန်းနတ်ဓားသိုင်းကို အလျင်အမြန် ထုတ်ဖော်လိုက်သည်။

ပေထောင်ပေါင်းများစွာ အချင်းဝက်ရှိသော ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများသည် ရှားယွမ်ဟောင်၏ ဦးခေါင်းပေါ်တွင် ချက်ချင်းဆိုသလို စုစည်းသွားခဲ့ပြီး အဆုံးသတ်တွင် ကောင်းကင်ကိုပင် ပိုင်းဖြတ်နိုင်သော ရွှေရောင်ဓားအဖြစ်သို့ ပြောင်းလဲကာ အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်ကို တိုက်ရိုက်ပင် ခုတ်ပိုင်းချလိုက်သည်။

အရာအားလုံးကို ပိုင်းဖြတ်နိုင်သော စွမ်းအားများကို သယ်ဆောင်လာသည့် ရွှေရောင်ဓားကြီးသည် လေထုကို ထိုးခွဲ၍ ဖြတ်သန်းလာခဲ့သည်။

လေထုထဲတွင် နေရာလွတ် အက်ကြောင်းများ ဖြစ်ပေါ်လာခဲ့ပြီး ထိုနေရာလွတ် အက်ကြောင်းထဲကနေ ကြောက်မက်ဖွယ်ရာကောင်းသော နေရာလွတ် မုန်တိုင်းများလည်း တိုက်ခတ်လာခဲ့သည်။

ကြောက်မက်ဖွယ်ရာ ဓားအရှိန်အဝါက ကမ္ဘာပျက်မတတ် ကမ္ဘာကြီးကို ဖရိုဖရဲဖြစ်အောင် လုပ်ဆောင်နေသကဲ့သို့ ဖြစ်နေခဲ့သည်။

ဟောင်ထျန်း နတ်ဓားသိုင်းသည် ဟောင်ထျန်း သူတော်စင်နယ်မြေ၏ အစွမ်းထက်ဆုံး သိုင်းကျင့်စဥ် ဖြစ်သည်။

ယခုအခါတွင် အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်၏ ဖိအားကို ရင်ဆိုင်နေရသောကြောင့် ရှားယွမ်ဟောင်သည် ရွေးချယ်စရာ မရှိတော့ဘဲ ဟောင်ထျန်း နတ်ဓားသိုင်းကို အသုံးပြုခဲ့၏။

"ဝုန်း.."

အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်နှင့် ရွှေရောင်ဓားသည် ထိပ်တိုက် ဆုံမိသွားကြပြီး အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားနှစ်ခုသည် လေထဲတွင် ရောထွေးသွားကြသည်။

ဤအချိန်တွင် ကမ္ဘာကြီးက ဂျွမ်းထိုးမှောက်ခုံ ဖြစ်သွားသကဲ့သို့ပင် မီတာထောင်ပေါင်းများစွာ အချင်းဝက်ရှိ နေရာလွတ်တွင် ရေတွက်၍မရနိုင်သော အာကာပြင်အက်ကွဲကြောင်းများ ဖြစ်ပေါ်ကာ ပျက်စီးသွားခဲ့ပြီး အရာအားလုံးကို ဖျက်ဆီးနိုင်သော နေရာလွတ်မုန်တိုင်းသည် ကမ္ဘာတစ်ခွင်ကို တိုက်ခတ်သွားခဲ့သည်။

ထိုဖျက်ဆီးခြင်းနေရာလွတ် မုန်တိုင်း၏ သက်‌ရောက်မှုအောက်တွင် နတ်သန္ဓေအင်ပါယာတစ်ပါး ဖြစ်သည့် ရှားယွမ်ဖုန်းပင် အနောက်သို့ ဆုတ်လိုက်ရသည်။

"ဒီကောင်လေးရဲ့ခွန်အားက တကယ်ကို ကြောက်စရာပဲ"

နတ်သန္ဓေအင်ပါယာအဆင့် စွမ်းအင်ခန္ဓာကိုယ်က သူ့ရှေ့မှ အခြေအနေကြောင့် ယခင်ကထက်ပင် ပို၍ အမူအရာလေးနက်လာခဲ့သည်။

ရှားယွမ်ဖုန်းသည် သူ့အစ်ကို‌ ရှားယွမ်ဟောင်၏ ဝိညာဥ်ကိုယ်ပွားကို အသုံးပြုခဲ့သည်။

ထိုဝိညာဥ်ကိုယ်ပွားက နယ်မြေသုံးခု ပူးပေါင်းစွမ်းအားကိုပင် ရင်ဆိုင်နိုင်ပြီး ပြိုင်ဘက်ကင်း အစွမ်းထက်သော ကိုယ်ခံပညာကိုလည်း တတ်မြောက်ထားခဲ့၍ တိုက်ပွဲဝင်စွမ်းရည် အလွန်ပင် ကြီးမားသည်။

သို့ရာတွင် ထိုကဲ့သို့ အစွမ်းထက်သော ဝိညာဥ်ကိုယ်ပွားနှင့်ရင်ဆိုင်ရသည့်တိုင် ကျန်းချန်ထံတွင် မည်သည့်အားနည်းချက်မှ မရှိခဲ့ပေ။

ရှားယွမ်ဟောင်၏ ဝိညာဥ်ကိုယ်ပွားပင် ကျန်းချန်ကို မယှဥ်နိုင်လျှင် သူမနှင့် ရှားယွမ်ဖုန်း ပူးပေါင်းလျှင်လည်း ထိုကောင်‌လေး၏ ပြိုင်ဘက်မဟုတ်သည်မှာ သေချာသလောက်ပင် မဟုတ်ပါလော။

"ဒါ.. ဒါ လုံးဝမဖြစ်နိုင်ဘူး"

ရှားယွမ်ဖုန်း၏ မျက်နှာအမူအရာက မှုန်မှိုင်းနေခဲ့ပြီး မျက်ဝန်းထဲတွင် ထိတ်လန့်သော အရိပ်အယောင်များသည် ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။

သူ့အစ်ကို ရှားယွမ်ဟောင်၏ ဝိညာဥ်ကိုယ်ပွားသည် သူ့အတွက် အကြီးမားဆုံးဝှက်ဖဲ ဖြစ်သည်။

ဤအရာကပင် ကျန်းချန်ကို မဖြေရှင်းနိုင်လျှင် သူ့အနေဖြင့် ယနေ့တွင် အမှန်တကယ် အန္တရာယ်ရှိလာနိုင်ပေသည်။

"ဝုန်း.."

ကျန်းချန်နှင့် ဝိညာဥ်ကိုယ်ပွားတို့ကြားရှိ ကြောက်မက်ဖွယ်ရာထိပ်တိုက် ရင်ဆိုင်မှုကြောင့် လူတိုင်းက အံ့အားသင့်နေသောအချိန်မှာပင် လေထုထဲတွင် ကျယ်လောင်သော အသံတစ်သံသည် ထပ်မံ ထွက်ပေါ်လာခဲ့သည်။

အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့သည့် ဧရာမရွှေရောင်ဓားကြီးသည် အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်ပေါ်ရှိ ဆန်းကြယ်သည့် စွမ်းအားကို မယှဥ်နိုင်တော့ဘဲ တစ်လက်မချင်းစီ ပျက်စီးသွားသည်ကို အားလုံးက တွေ့လိုက်ရသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ရှားယွမ်ဟောင်၏ဧရာမဓားကြီးသည် အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်၏ အောက်တွင် လုံးဝ ပျောက်ကွယ်သွားခဲ့၏။

အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်သည် ရွှေရောင်ဓားကြီးကို ဖျက်ဆီးပစ်ခဲ့သည့်တိုင် စွမ်းအားက မလျော့ပါးသေးပေ။

၎င်းက ရှားယွမ်ဟောင်၏ ဦးခေါင်းဆီသို့ ဥက္ကာခဲ တစ်ခုနှယ် သက်ဆင်းလာခဲ့သည်။

"ငါ့ကိုမသတ်နဲ့"

ရှားယွမ်ဟောင်၏ အထင်သေးသောမျက်ဝန်းထဲတွင် ကြောက်ရွံ့သော အရိပ်အယောင်သည် အဆုံးသတ်၌ ဖြစ်ပေါ်လာခဲ့သည်။

ထို့နောက်တွင် သူ၏ တစ်ကိုယ်လုံးသည် အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်ထဲတွင် လုံးဝကို နစ်မြုပ်သွားခဲ့သည်။

ခဏအကြာတွင် အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်၏ စွမ်းအင်သည် အဆုံးသတ်တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး လေထဲတွင်လည်း ရှားယွမ်ဟောင်ကို မမြင်ရတော့ပေ။

ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်တွင် ခန့်မှန်း၍မရသည့်စွမ်းအားများ ပါဝင်ပြီး ဖျက်ဆီးခြင်း စွမ်းအားကို ပိုင်ဆိုင်ရုံသာမက ဝိညာဥ်ကိုပင် တိုက်ရိုက် တိုက်ခိုက်နိုင်သော စွမ်းရည်ရှိသည်။

ရှားယွမ်ဟောင်က ဝိညာဥ်ကိုယ်ပွား အဖြစ် ထွက်ပေါ်လာခဲ့ရာ ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်သည် ၎င်း၏ အကြီးမားဆုံး သဘာဝရန်သူ ဖြစ်နေခဲ့၏။

ထို့ကြောင့်ပင် ကျန်းချန်၏ ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်အောက်တွင် ရှားယွမ်ဟောင်၏ ဝိညာဥ်ကိုယ်ပွားသည် မည်သို့မှ မခုခံနိုင်ခဲ့ဘဲ ကမ္ဘာကြီးကနေ လုံးဝပျောက်ကွယ်သွားခဲ့ခြင်းပင်။

ဤအချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံးသည် ငြိမ်သက် တိတ်ဆိတ်နေခဲ့သည်။

အထူးသဖြင့် ရှားယွမ်ဖုန်းနှင့် တခြားလူများသည် ထိတ်လန့်ခြောက်ခြားနေကြပြီး သူတို့၏ မျက်လုံးကိုပင် မယုံကြည်နိုင်ဖြစ်နေခဲ့ကြသည်။

ရှားယွမ်ဟောင် ဆိုသည်မှာ ဟောင်ထျန်းသူတော်စင်နယ်မြေ၏ နံပါတ်တစ်ပါရမီရှင် ဖြစ်သည် မဟုတ်ပါလော။

ဤသည်က ဝိညာဥ်ကိုယ်ပွား တစ်ခုသာ ဖြစ်သော်လည်း နတ်သန္ဓေအင်ပါယာနယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူများကို ဖိနှိပ်နိုင်သောစွမ်းရည် ရှိသည်။

သို့သော်လည်း ယခုအခါတွင် ကျန်းချန်၏ လက်ချက်ဖြင့် အစအနပင် မကျန်ရှိအောင် ပျောက်ကွယ်သွားခဲ့ချေပြီ။

"ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ရှန်းဝူတိုက်ကြီး၏ လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်နေရာတွင် တိမ်များဖုံးလွှမ်းနေသော တောင်ထွတ်တစ်ခု ရှိသည်။

ထိုတောင်ထိပ်ပေါ်တွင် အလွန် ခမ်းနားကြီးကျယ်သော နန်းတော်ကြီးတစ်ခု တည်ရှိပြီး တိမ်များနှင့် မြူခိုးကြားတွင် တည်ဆောက်ထား၍ ကောင်းကင်ထက်တွင် လွင့်မျောနေသော နန်းတော်သဖွယ် ဖြစ်တည်နေခဲ့သည်။

စင်စစ် ဤသည်မှာ ရှန်းဝူတိုက်ကြီးတွင် ရှိသည့် လျှို့ဝှက်နယ်မြေရှစ်ခုတွင် နံပါတ်တစ်ဖြစ်သည့် ဟောင်ထျန်းသူတော်စင်နယ်မြေ ဖြစ်၏။

ဤအချိန်တွင် ဟောင်ထျန်း သူတော်စင်နယ်မြေ၏ ခန်းမတစ်ခုထဲတွင် ရုပ်ရည်ချောမောသော အဖြူရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် တင်ပျဥ်ခွေထိုင်၍ ကျင့်ကြံနေခဲ့သည်။

ထိုအဖြူရောင် ဝတ်ဆင်ထားသော လူငယ်က တခြားသူမဟုတ်ပေ။

ဟောင်ထျန်း သူတော်စင်နယ်မြေ၏ နံပါတ်တစ် ပါရမီရှင် ရှားယွမ်ဟောင်ပင် ဖြစ်၏။

ကျန်းချန်က ရှားယွမ်ဟောင်၏ ဝိညာဥ်ကိုယ်ပွားကို သတ်ဖြတ်လိုက်သော အချိန်မှာပင် ဤနေရာ၌ ကျင့်ကြံနေသော ရှားယွမ်ဟောင်သည် ကျင့်ကြံရာကနေ သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။

"ဒီကောင်က ငါ့ရဲ့ ဝိညာဥ်ကိုယ်ပွားကိုတောင် ဖျက်ဆီးရဲတယ်.. မင်းဘယ်သူပဲဖြစ်ဖြစ် ငါက မင်းရဲ့ ဆွေစဥ်မျိုးဆက် (၉)ဆက်စလုံးကို သေချာပေါက် အပြစ်ပေးမယ်"

ရှားယွမ်ဟောင်က သူ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။

သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် ချက်ချင်းဆိုသလို သတ်ဖြတ်လိုသောစိတ်များ ဖုံးလွှမ်းသွားခဲ့၏။

ချက်ချင်းဆိုသလိုပင် မူလက တိတ်ဆိတ်နေသော ဟောင်ထျန်း သူတော်စင်နယ်မြေထဲတွင် ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခုသည် ဟောင်ထျန်း သူတော်စင်နယ်မြေ တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

ရှားယွမ်ဟောင်သည် မွေးဖွားလာစဥ်ကတည်းကပင် တုနှိုင်းမဲ့ပါရမီရှင်တစ်ယောက် ဖြစ်ပြီး သက်တူရွယ်တူများကို အမြဲတစေ လွှမ်းမိုးနိုင်ခဲ့သည်။

လျှို့ဝှက်နယ်မြေ ရှစ်ခုထဲမှာပင် သူ၏ မျိုးဆက်ထဲ၌ မည်သူမှ သူ့ကို ယှဥ်ပြိုင်နိုင်သူ မရှိပေ။

ယခုတော့ မလောက်လေး မလောက်စား လူငယ်တစ်ယောက်ကြောင့် သူ၏ ဝိညာဥ်ကိုယ်ပွားသည် ပျက်စီးသွားခဲ့ရပြီ ဖြစ်၏။

ဆိုရလျှင် ရှားယွမ်ဟောင်သည် ဤနေ့ကဲ့သို့ ဆုံးရှုံးမှုမျိုးကို တစ်ခါမှ မကြုံဖူးခဲ့ပေ။

သို့ဖြစ်ရာ သူ့အနေဖြင့် ဒေါသမထွက်ဘဲ မည်ကဲ့သို့ နေနိုင်ပါမည်နည်း။

"ဒါက ရှားယွမ်ဟောင်ရဲ့ အရှိန်အဝါမဟုတ်လား.. ကြည့်ရတာ ရှားယွမ်ဟောင်က လုံးဝကို ဒေါသအိုး ပေါက်ကွဲနေတဲ့ပုံပဲ .. ဘယ်သူ့လက်ချက်လဲ မသိပေမဲ့ အဲဒီတစ်ယောက်ကတော့ အခြေအနေကောင်းနိုင်မှာ မဟုတ်ဘူး"

"............"

ဤကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါကို ခံစားမိလျှင် ဟောင်ထျန်း သူတော်စင်နယ်မြေမှ တပည့်များသည် အသက်ရှူရပ်မတတ်ပင် ဖြစ်သွားခဲ့ကြသည်။

ရှားယွမ်ဟောင်၏ စွမ်းရည်သည် ဟောင်ထျန်း သူတော်စင်နယ်မြေ၏ အရှင်သခင်ထက် အနည်းငယ်မျှသာ နိမ့်ကျသည်။

ထို့ကြောင့် ရှားယွမ်ဟောင် ဒေါသထွက်လျှင် ကြီးကျယ်သောကိစ္စတစ်ခုခု ဖြစ်ပေါ်လာတော့မည်မှာ သေချာသလောက်ပင်။

လူတိုင်းက အံ့အားသင့်နေစဥ်မှာပင် ဟောင်ထျန်း သူတော်စင်နယ်မြေ၏ နန်းတော်အတွင်းကနေ တောက်ပသောအလင်းတန်းများ ရုတ်တရက် ကောင်းကင်သို့ ထိုးတက်လာခဲ့ပြီး လေထုထဲတွင် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦး၏ ပုံရိပ်အဖြစ် စုစည်းသွားခဲ့သည်။

ထိုအနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ပုံရိပ်မှာ ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူထဲမှ ကျန်းချန်၏ ပုံရိပ်ပင်ဖြစ်၏။

ကျန်းချန်၏ ပုံရိပ်က လေထုထဲတွင် စုစည်းလာသည်နှင့်အမျှ အင်အားကြီးမားသော စွမ်းအားများ ပါဝင်သည့် အသံတစ်သံသည် ဟောင်ထျန်းသူတော်စင်နယ်မြေတွင် ပဲ့တင်ထပ်သွားခဲ့သည်။

"ဟောင်ထျန်း သူတော်စင်နယ်မြေက တပည့်တွေအားလုံးအမိန့်နာခံကြ.. ဒီလူရဲ့ ဇစ်မြစ်ကို ရှာဖွေဖို့ အစွမ်းကုန် ကြိုးစားပြီး ဒီလူနဲ့ ပတ်သက်တဲ့ ဘယ်သူ့ကိုမဆို သနားညှာတာခြင်း အလျဥ်းမရှိဘဲ သတ်ပစ်ရမယ်"

အခန်း(၁၂၈၈)ပြီး၏။

အခန်း(၁၂၈၉)

ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူတွင် တိတ်ဆိတ်ခြင်းက စိုးမိုးနေခဲ့သည်။

ဤကဲ့သို့ တိတ်ဆိတ်သော လေထုသည် မူလကပင် ချောက်ချားစရာဖြစ်နေသော ချိုင့်ဝှမ်းကို ပို၍ပင် ထိတ်လန့်စရာ ဖြစ်နေခဲ့သည်။

ဤတစ်ကြိမ်တွင် ရှားယွမ်ဖုန်းသည် ဝင့်ကြွားစွာ ရပ်နေသော ကျန်းချန်ကို ကြောက်လန့်သော အမူအရာဖြင့် ကြည့်နေခဲ့၏။

သူက ခေါင်းကနေ ခြေဖျားအထိ ရှင်းပြ၍ မရနိုင်သော အေးစက်သောခံစားချက်တစ်ခုကို ခံစားခဲ့ရသည်။

ရှားယွမ်ဖုန်းသည် သူ့အစ်ကို ရှားယွမ်ဟောင်၏ စွမ်းအားကို ကောင်းစွာသိ၏။

ယင်းက ဝိညာဥ်ကိုယ်ပွားမျှသာ ဖြစ်နေလျှင်ပင် နတ်သန္ဓေအင်ပါယာနယ်ပယ် စတုတ္ထအဆင့်အောက်ရှိ ကျင့်ကြံသူ တစ်ယောက်သည် လုံးဝ ခြိမ်းခြောက်နိုင်စွမ်း ရှိမည် မဟုတ်ပေ။

သို့သော်လည်း ကျန်းချန်သည် သူ့အစ်ကို ရှားယွမ်ဟောင်၏ ဝိညာဥ် ကိုယ်ပွားကိုပင် ဖျက်ဆီးပစ်ခဲ့သည်။

ထိုကဲ့သို့သော စွမ်းအားသည် ပါရမီရှင် နတ်သန္ဓေ အင်ပါယာ စာရင်းထဲမှ ထိပ်တန်း ဆယ်ဦးနှင့်ပင် နှိုင်းယှဥ်နိုင်နေပြီ ဖြစ်သည်။

ရှင်းလင်းစွာ ဆိုရလျှင် ကျန်းချန်၏ ရှေ့တွင် သူ၏ဖြစ်တည်မှုသည် ပုရွက်ဆိတ်တစ်ကောင်နှင့် ဘာမှမခြားနားပေ။

"ထွက်ပြေးရမယ်"

ရှားယွမ်ဖုန်း၏ ရင်ထဲတွင် ထိတ်လန့်ခြင်းများက စိုးမိုးနေခဲ့ပြီး ဤနေရာတွင် တစ်မိနစ်မျှပင် မနေရဲတော့ပေ။

သူက သူ့နံဘေးရှိ ဟောင်ထျန်း သူတော်စင်နယ်မြေမှ လူနှစ်ဦးကိုပင် သတိမပေးတော့ဘဲ ချိုင့်ဝှမ်း အပြင်ဘက်သို့ လှစ်ခနဲ ထွက်ပြေးသွားခဲ့သည်။

သို့သော်လည်း ရှားယွမ်ဖုန်း ထွက်ပြေးလိုက်သည်နှင့် သူ၏ရှေ့တွင် အေးစက်သော မျက်နှာထားဖြင့် ကျန်းချန်က ရပ်နေသည်ကို အံ့အားသင့်စွာ တွေ့လိုက်ရ၏။

"ထွက်ပြေးချင်တယ်လား..ဟားဟား ဝမ်းနည်းစရာပဲ.. မင်း အဲဒီလို အခွင့်အရေးဘယ်တော့မှ ရမှာမဟုတ်ဘူး.. ဒီနေ့ မင်းကို ဒီကမ္ဘာကြီးကနေ ပျောက်ကွယ်သွားအောင် လုပ်မယ်လို့ ငါပြောခဲ့ပြီးသားပဲ"

ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်ပြီးနောက်တွင် ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို ထုတ်ဖော်ကာ ရှားယွမ်ဖုန်းကို တိုက်ခိုက်လိုက်သည်။

ကျန်းချန်က အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်ကို ထပ်မံ ထုတ်သုံးလိုက်သည်ကိုမြင်လျှင် ရှားယွမ်ဖုန်း၏ မျက်နှာအမူအရာသည် အပြင်းအထန်ပင် ပြောင်းလဲသွားခဲ့သည်။

သူက ခန္ဓာကိုယ်အတွင်းရှိ အသက်စွမ်းအင် အားလုံးကို အစွမ်းကုန် အသုံးပြုကာ သူ၏ ပတ်ပတ်လည်တွင် မိုးကြိုးအကာအရံ တစ်ဒါဇင်ကျော်ကို စုဖွဲ့လိုက်ပြီး အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်ကို ခုခံရန် ကြိုးစားခဲ့သည်။

သို့သော်လည်း အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်၏ စွမ်းအင်သည် နှိုင်းဆ၍ မရသောကြောင့် ရှားယွမ်ဖုန်း စုစည်းထားသော မိုးကြိုးအလင်း အကာအရံသည် ဖြိုခွင်းခံလိုက်ရသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် မိုးကြိုးအလင်း အကာအရံ တစ်ဒါဇင်ကျော်သည် အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်၏ စွမ်းအားအောက်တွင် လုံးဝကို ပျောက်ကွယ်သွားခဲ့၏။

"ငါ့ကို မသတ်ပါနဲ့"

တစ်ကိုယ်လုံးတွင် အကာအကွယ်မဲ့သွားပြီးနောက်တွင် ရှားယွမ်ဖုန်းသည် ကြောက်လန့်တကြား ဖြစ်ကာ မျှော်လင့်ချက် ကင်းမဲ့နေခဲ့သည်။

ဤကဲ့သို့ သေရေးရှင်ရေး အခြေအနေ‌တွင် ရှားယွမ်ဖုန်း၏ မျက်ဝန်းထဲ၌ ရုတ်တရက် ရူးသွပ်သော အရိပ်အယောင် တစ်ခု လင်းလက်လာခဲ့သည်။

သူက နတ်သန္ဓေကို တိုက်ရိုက်ဖောက်ခွဲကာ ကျန်းချန်ကို သေရွာသို့ အပါခေါ်ရန် ဆုံးဖြတ်ချက် ချလိုက်ခြင်းပင် ဖြစ်၏။

တစ်ခဏအတွင်းမှာပင် သူ၏ ခန္ဓာကိုယ်သည် လေထိုးထားသော မိုးပျံပူဖောင်းကဲ့သို့ ဖြစ်လာခဲ့ပြီး အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်ကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သည်။

"ဝုန်း.."

တုန်လှုပ်ဖွယ် ပေါက်ကွဲသံကြီးသည် ပတ်ဝန်းကျင်တစ်ခွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။

ရှားယွမ်ဖုန်း၏ နတ်သန္ဓေပေါက်ကွဲမှုကနေ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာ စွမ်းအားသည် အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်ကို တုန်လှုပ်စေခြင်းငှာ မစွမ်းသာခဲ့ပေ။

"အား.."

တစ်ချိန်တည်းမှာပင် လေထုထဲ၌ နာကျင်စွာ အော်ဟစ်လိုက်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ခန္ဓာကိုယ်ကို ဖောက်ခွဲကာ ဝိညာဥ်ကို ထွက်ပြေးရန် စဥ်းစားထားသော ရှားယွမ်ဖုန်းသည် အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်၏ နယ်နမိတ်ကနေ ထွက်ပြေးရန် အချိန်မမီလိုက်ဘဲ အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်၏ အောက်မှာပင် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဆိုရလျှင် ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်သည် ဝိညာဥ်၏ သဘာဝရန်သူ ဖြစ်သည်။

ရှားယွမ်ဟောင်၏ ဝိညာဥ်ကိုယ်ပွားပင် ဖျက်ဆီးခံရသည် ဖြစ်ရာ ရှားယွမ်ဖုန်း ဆိုလျှင် ပြောနေစရာပင် မလိုချေ။

ရှားယွမ်ဖုန်းကို ပေါ့ပေါ့ပါးပါး ရှင်းပစ်လိုက်ပြီးနောက်တွင် ကျန်းချန်၏ အေးစက်စက် အကြည့်သည် ကျန်ရှိသော ဟောင်ထျန်း သူတော်စင်နယ်မြေမှ လူနှစ်ဦး အပေါ်သို့ ကျရောက်သွားခဲ့သည်။

"နောက်တစ်လှည့်က မင်းတို့အလှည့်ပဲ"

"ကျန်းချန်.. မင်း..မင်း သခင်လေးဖုန်းကို သတ်လိုက်တယ်လား.. ဟောင်ထျန်း သူတော်စင်နယ်မြေက မင်းကို လုံးဝ အလွှတ်ပေးမှာမဟုတ်ဘူး"

ရှားရန်အမည်ရှိ လူလတ်ပိုင်းအရွယ် အမျိုးသားက ထိတ်လန့်တကြား ပြောဆိုလိုက်သည်။

"ငါကျန်းချန်က မြို့တော်ငါးခုရဲ့ရန်သူ ဖြစ်နေခဲ့ပြီးပြီ.. နောက်ထပ် ဟောင်ထျန်းသူတော်စင်နယ်မြေ တစ်ခု ထပ်တိုးတော့ရော ဘာကို သောက်ဂရုစိုက်ရမှာလဲ"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီးနောက်တွင် သူ၏ လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်သည်။

ထို့နောက်တွင် ဟောင်ထျန်း သူတော်စင်နယ်မြေမှ နတ်ဝိညာဥ်ဘုရင် နှစ်ပါးသည် မည်သည့်ခုခံမှုကိုမှ မပြုလုပ်နိုင်ခဲ့ဘဲ ကျန်းချန်၏ လက်ချက်ဖြင့် ဖျက်ဆီးခံလိုက်ရသည်။

"ကဲ အခုငါတို့ကို ဘယ်သူမှ အနှောင့်အယှက် မပေးနိုင်တော့ဘူး.. ငါတို့တွေ အေးအေးဆေးဆေး ဆွေးနွေးလို့ရပြီ ထင်တယ်"

ကျန်းချန်က ရှားယွမ်ဖုန်းတို့ လူစုကို ရှင်းလင်းပြီးနောက်တွင် တစ်ဖက်ရှိ နတ်သန္ဓေအင်ပါယာ နယ်ပယ် စွမ်းအင်ခန္ဓာကိုယ်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"မင်းက ငါနဲ့ ဘာကိစ္စကို ဆွေးနွေးချင်တာလဲ"

နတ်သန္ဓေ အင်ပါယာနယ်ပယ် စွမ်းအင်ခန္ဓာကိုယ်က ကျန်းချန်ကို သတိကြီးစွာ စိုက်ကြည့်နေခဲ့သည်။

သူမ၏ မျက်နှာအမူအရာက အလွန်တရာပင် လေးနက်နေခဲ့၏။

သူမအရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ စွမ်းအားသည် အမှန်တကယ်ကိုပင် ကြောက်မက်ဖွယ်ရာကောင်း၏။

အကယ်၍ ထိုလူငယ်သာ သူမကို တိုက်ခိုက်မည်ဆိုလျှင် သူမအနေဖြင့် ခုခံနိုင်စွမ်း လုံးဝရှိမည်မဟုတ်ပေ။

ကျန်းချန်က သူ့နံဘေးရှိ ယွဲ့စစ်ချင်းကို လက်ညှိုးထိုးပြကာ ပေါ့ပါးစွာ ပြောလိုက်သည်။

"ဒါက ငါ့ရဲ့သူငယ်ချင်းပဲ.. မင်းမသေချင်ဘူးဆိုရင် သူမ ကိုယ်ပေါ်မှာ ပြုလုပ်ထားတဲ့ ထိန်းချုပ်မှုတွေကို ဖယ်ရှားပေးပါ"

"သူမဆီက ထိန်းချုပ်မှုကို ငါဖယ်ရှားပေးနိုင်ပါတယ်.. ဒါပေမဲ့ နင်က ငါ့ကို မတိုက်ခိုက်ဘူးလို့ ဘယ်လို အာမခံပေးမှာလဲ"

နတ်သန္ဓေအင်ပါယာနယ်ပယ် စွမ်းအင်ခန္ဓာကိုယ်သည် အနည်းငယ် တုံ့ဆိုင်းနေခဲ့သည်။

အဆုံးသတ်တွင် သူမသည် ကျန်းချန်နှင့် သဘောတူလိုက်ရသည်။

ပြန်လည်မွေးဖွားရန်အတွက် သူမနှင့် သင့်တော်သော ယွဲ့စစ်ချင်းကဲ့သို့ ကျင့်ကြံသူ တစ်ဦးကို ရှာဖွေရန်မှာ အလွန်ပင် ခက်ခဲသည်။

ပုံမှန်အားဖြင့် သူမသည် အလွယ်တကူ လက်လျှော့ရန် ဆန္ဒမရှိပေ။

သို့သော်လည်း သူမထက် အဆမတန် အင်အားကြီးမားသူ၏ ရှေ့တွင် သူမအနေဖြင့်‌ ခေါင်းငုံ့ရမည် မဟုတ်ပါလား။

အကယ်၍ သူမသာ ဤအချိန်တွင် စကားမှားသွားခဲ့လျှင် ကျန်းချန်၏ လက်ထဲတွင် လုံးဝ ပျောက်ကွယ်သွားလိမ့်မည်ကို သူမ စိုးရိမ်နေမိသည်။

မှန်ပါသည်။ သူမက ကျေနပ်မှုမရှိသော်လည်း နောင်တအနည်းငယ် ရနေမိခဲ့သည်။

လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းရခက်သော အနက်ရောင်ဝတ်လူငယ်သည် ယွဲ့စစ်ချင်းနှင့်အတူ ပါလာသော လူလတ်ပိုင်းအရွယ် အမျိုးသားဆီကနေ သတင်းရရှိ၍ ဤနေရာသို့ ရောက်လာသည်မှာ ထင်ရှားနေ၏။

သူမသာ ဤကဲ့သို့ဖြစ်လာမည်မှန်း ကြိုသိခဲ့လျှင် ထိုလူကို အသက်ချမ်းသာပေးခဲ့မိမည် မဟုတ်ပေ။

ထိုလူလတ်ပိုင်းအရွယ် အမျိုးသားကို တစ်ခါတည်းသတ်ပစ်လိုက်လျှင် ကျန်းချန်ကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသော ကျင့်ကြံသူသည်လည်း သူမဆီသို့ ရောက်လာလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ဤကမ္ဘာတွင် နောင်တကို ကုစားနိုင်သောဆေးမရှိ၍ မည်မျှပင် နောင်တရနေသည် ဖြစ်ပါစေ၊ ဘာမှထူးခြားသွားမည် မဟုတ်ပေ။

ယခုအချိန်တွင် အသက်ရှင်ချင်လျှင် ကျန်းချန်၏‌ တောင်းဆိုမှုကို လိုက်လျောသည်ကသာ သူမအတွက် တစ်ခုတည်းသောရွေးချယ်မှု ဖြစ်၏။

"ငါကျန်းချန်က စကားတည်တဲ့ သူတစ်ယောက်ပဲ.. မင်းကို ငါ အကြံပေးလိုက်မယ်.. ငါ့ကို ခြိမ်းခြောက်ဖို့ မကြိုးစားတာ အကောင်းဆုံးပဲ.. မင်းသဘောမတူရင်တော့ မင်းကို ငါ လုံးဝဖျက်ဆီးပစ်လိုက်မယ်.. မင်းမှာ အခု ငါနဲ့ဆွေးနွေးညှိနှိုင်းဖို့ အခွင့်အရေးမရှိဘူး ဆိုတာ နားလည်လား"

ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်သည်။

ကျန်းချန်၏ စကားလုံးများကို ကြားလျှင် နတ်သန္ဓေ အင်ပါယာနယ်ပယ် စွမ်းအင်ခန္ဓာကိုယ်၏ မျက်ဝန်းများတွင် ထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

မူလတွင် သူမသည် ကျန်းချန်အတွက် ယွဲ့စစ်ချင်း၏အရေးပါမှုကို နားလည်၍ ယွဲ့စစ်ချင်းကို အသုံးပြုကာ ကျန်းချန်ကိုခြိမ်းခြောက်ရန် ရည်ရွယ်ထားခဲ့သည်။

သို့သော်လည်း ထိုလူငယ်သည် သူမ၏ ရည်ရွယ်ချက်ကို ကောင်းစွာ မြင်နိုင်ခဲ့၏။

ထို့အပြင် ထိုလူငယ်၏ စွမ်းအားသည် နက်နဲလွန်းပြီး သူမကို ချက်ချင်းပင် သုတ်သင်ပစ်နိုင်လောက်သည် အထိ စွမ်းရည်ရှိသည်။

"ဒီတစ်ကြိမ်တော့ လောင်းကြေးထပ်ရတော့မယ် ထင်တယ်"

ခဏမျှ စဥ်းစားပြီးနောက်တွင် နတ်သန္ဓေ အင်ပါယာနယ်ပယ် စွမ်းအင်ခန္ဓာကိုယ်သည် သူမ၏ စိတ်ထဲတွင် သက်ပြင်းချလိုက်ရုံသာ တတ်နိုင်ခဲ့သည်။

ယခုအခါတွင် သူမအနေဖြင့် ကျန်းချန်ကို ယုံကြည်ဖို့က လွဲပြီး တခြား ရွေးချယ်စရာမရှိပေ။

သူမက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ဆန်းကြယ်သောလက်ဟန်များကို ပြုလုပ်ကာ ယွဲ့စစ်ချင်း၏ ခန္ဓာကိုယ်ပေါ်သို့ ရိုက်ချလိုက်သည်။

ထိုအခါ ယွဲ့စစ်ချင်း၏ နူးညံ့သော ခန္ဓာကိုယ်လေးသည် တုန်ယင်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

ကျန်းချန်၏ ယွဲ့စစ်ချင်း၏ နံဘေးသို့ လျှပ်တစ်ပြက် ရောက်ရှိသွားခဲ့ပြီး ခန္ဓာကိုယ်ကို ဂရုတစိုက် စစ်ဆေးကာ ပြဿနာမရှိကြောင်း အတည်ပြုပြီးမှသာ ယွဲ့စစ်ချင်းကို ချိန်ခန်းထံ လွှဲပေးလိုက်သည်။

"သူမဆီက ထိန်းချုပ်မှုကို ဖယ်ရှားပေးလိုက်ပြီ.. နောက်ထပ် နာရီအနည်းငယ် အတွင်း သူမ ပြန်လည် နိုးထလာပါလိမ့်မယ်.. အခု နင့်ရဲ့ကတိကိုလိုက်နာပြီး ဒီကနေ ထွက်သွားပေးပါ"

ထိုအချိန်တွင် နတ်သန္ဓေအင်ပါယာ နယ်ပယ်စွမ်းအင် ခန္ဓာကိုယ်၏ အသံသည် ကျန်းချန်၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။

"မစိုးရိမ်ပါနဲ့ ငါ မင်းကို မသတ်ဘူးလို့ ကတိပေးထားရင် ငါသေချာပေါက် သတ်မှာမဟုတ်ဘူး"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"နောက်ထပ် မေးခွန်းအနည်းငယ်လောက် ဖြေပေးရင် ငါဒီကနေ ချက်ချင်းထွက်သွားမယ်လို့ ကတိပေးပါတယ်"

အခန်း(၁၂၈၉)ပြီး၏။

အခန်း(၁၂၉၀)

"ဘာတွေသိချင်သေးလို့လဲ"

နတ်သန္ဓေအင်ပါယာ နယ်ပယ် စွမ်းအင်ခန္ဓာကိုယ်သည် ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။

ကျန်းချန်က ချက်ချင်းပင် မေးခွန်းထုတ်လိုက်သည်။

"မင်းဘယ်သူလဲ မင်းမှာမသေဆုံးခင်က မှတ်ဥာဏ်တွေရှိနေလား"

"ကျွန်မနာမည်က ဟုန်ကျင့်ယွင်ပါ.. ကြယ်ငါးပွင့် အင်အားစု ခွင်းရှဂိုဏ်းရဲ့ သာမန်တပည့်တစ်ဦးပါ.. ကျွန်မရဲ့မှတ်ဥာဏ်ထဲမှာ ပုံရိပ်တွေဝေဝါးနေတဲ့ အတွက် သိပ်တော့မမှတ်မိဘူး"

ဟုန်ကျင့်ယွင်က ခေါင်းခါရမ်း၍ ပြောလိုက်သည်။

သူမ၏ စကားကိုကြားလျှင် ကျန်းချန်သည် အံ့အားသင့်သွားခဲ့သည်။

"ဒါဆိုမင်းက ခွင်းရှဂိုဏ်းရဲ့ သာမန် တပည့်တစ်ဦးပေါ့"

ဟုန်ကျင့်ယွင်ပြောဆိုသော ခွင်းရှဂိုဏ်းသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ဤနေရာတွင် တည်ရှိခဲ့သည့် ကြယ်ငါးပွင့်အဆင့် အင်အားစု ဂိုဏ်းကြီး ဖြစ်သည်။

သို့သော်လည်း ကျန်းချန်သည် ဟုန်ကျင့်ယွင်က ခွင်းရှဂိုဏ်း၏ သာမန် တပည့်တစ်ဦးသာ ဖြစ်လိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ပေ။

သာမန်တပည့်တစ်ဦးပင် နတ်သန္ဓေအင်ပါယာနယ်ပယ် အဆင့်ဖြစ်ရာ ခွင်းရှဂိုဏ်း၏ အထွတ်အထိပ်ကာလတွင် မည်မျှ အစွမ်းထက်မည်မှာ စိတ်ကူးပင် မယဥ်နိုင်ချေ။

ထိုကဲ့သို့ အစွမ်းထက်သော ကြယ်ငါးပွင့်အင်အားစု ဂိုဏ်းကြီးကို မည်သည့်အရာက ဖျက်ဆီးခဲ့ပါသနည်း။

ထိုအချိန်တွင် ဟုန်ကျင့်ယွင်သည် ကျန်းချန်၏ အတွေးကို ရိပ်မိသွားခဲ့ပြီး ရှင်းပြလိုက်သည်။

"ကျွန်မတို့ရဲ့ စွမ်းအင်ခန္ဓာကိုယ်တွေက အရမ်းနှေးကွေးတဲ့အရှိန်အဟုန်နဲ့ အဆင့်တက်နိုင်ကြတယ်.. ကျွန်မကိုယ်တိုင်လည်း လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက နတ်သန္ဓေအင်ပါယာနယ်ပယ် စွမ်းအင်ခန္ဓာကိုယ်အဖြစ် အဆင့်တက်ခဲ့တာပဲ"

"အဲဒီလိုလား"

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီးနောက်တွင် ဆက်လက်မေးမြန်းလိုက်သည်။

"ဒါနဲ့ ရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်းသင်္ချိုင်းဂူ ဘယ်လိုဖြစ်ပေါ်လာလဲ ဆိုတာ မင်းသိလား"

"ကျွန်မ နတ်သန္ဓေအင်ပါယာနယ်ပယ် စွမ်းအင်ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားပြီးနောက်မှာ မှတ်ဥာဏ်အပိုင်းအစတချို့ကို ရရှိခဲ့တယ် ကျွန်မတို့ ခွင်းရှဂိုဏ်းရဲ့ ခေါင်းဆောင်က သိပ်ကြောက်ဖို့ကောင်းတဲ့ ရန်သူတစ်ဦးရဲ့ စိန်ခေါ်မှုကို ခံခဲ့ရပုံပဲ.. အဲဒီလူက သူ့ရဲ့ ကိုယ်ပိုင်စွမ်းအားနဲ့ ခွင်းရှဂိုဏ်းကို လုံးဝဖျက်ဆီးပစ်ခဲ့တယ်.. နောက်ပိုင်းမှာ ဘာတွေဆက်ဖြစ်လဲ မသိပေမဲ့ သေဆုံးခဲ့တဲ့သူတွေ အားလုံးက ဒီနယ်မြေထဲမှာ စွမ်းအင်ခန္ဓာကိုယ်တွေ အဖြစ်နဲ့ အသက်ရှင်သန်နေခဲ့ကြတယ်"

ဟုန်ကျင့်ယွင်က ခေါင်းခါရမ်းလိုက်ရင်း ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။

ဟုန်ကျင့်ယွင်၏ စကားကိုကြားလျှင် ကျန်းချန်သည် အသက်ရှူရပ်မတတ်ပင် ဖြစ်သွားခဲ့သည်။

ခွင်းရှဂိုဏ်း ပျက်စီးသွားခြင်းသည် ကြယ်ငါးပွင့် အင်အားစုဂိုဏ်းအချင်းချင်း တိုက်ခိုက်မှုကြောင့် ဖြစ်နိုင်သည်ဟု သူမူလက တွေးထင်ထားခဲ့သည်။

သို့သော် ယခုအခါတွင် ဟုန်ကျင့်ယွင်သည် ခွင်းရှဂိုဏ်းပျက်စီးသွားသည်မှာ လူတစ်ဦးတည်း၏ လက်ချက်ဟု အခိုင်အမာ ပြောဆိုနေခဲ့သည်။

သိထားရမည်မှာ ထိုအချိန်က ခွင်းရှဂိုဏ်းသည် မဟာအင်ပါယာအဆင့် ကျင့်ကြံသူ ဦးစီးသော ကြယ်ငါးပွင့်အဆင့်အင်အားစု ဖြစ်သည်။

မဟာအင်ပါယာတစ်ပါး ဦးစီးသည့် ကြယ်ငါးပွင့်အင်အားစု ဂိုဏ်းတစ်ဂိုဏ်းကို ဖျက်ဆီးပစ်နိုင်သော ရန်သူသည် မည်သူနည်း။

ထိုလူ၏ ကျင့်ကြံခြင်းအဆင့်သည် အင်ပါယာအဆင့်ထက်ပင် ကျော်လွန်နေပါသလော။

ဤရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ ထွက်ပေါ်လာခြင်းသည် ထိုပုဂ္ဂိုလ်နှင့် သက်ဆိုင်နေပါသလော။

ကြည့်ရသည်မှာ ဤရှေးဟောင်း အင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူထဲတွင် လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားပုံရ၏။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။

ထို့နောက်တွင် သူက ဟုန်ကျင့်ယွင်၏ ယွဲ့စစ်ချင်းအပေါ် ထားရှိသော သဘောထားကို ရုတ်တရက် သတိရလိုက်ပြီး စူးစမ်းချင်စိတ်ဖြင့် မေးလိုက်သည်။

"ဒါနဲ့မင်းက ယွဲ့စစ်ချင်းကို ဘာလို့ ဖမ်းထားရတာလဲ"

"ပြန်လည်မွေးဖွားဖို့အတွက်ပါ.. နတ်သန္ဓေအင်ပါယာနယ်ပယ် စွမ်းအင်ခန္ဓာကိုယ် အဖြစ် ပြောင်းလဲပြီးတဲ့နောက်မှာ လျှို့ဝှက် နည်းစနစ်တစ်ခုက ကျွန်မရဲ့စိတ်ထဲမှာ ပေါ်လာခဲ့တယ်.. အဲဒီ လျှို့ဝှက်နည်းစနစ်ကို အသုံးပြုလိုက်ရင် သင့်တော်တဲ့ ခန္ဓာကိုယ်ကို ရှာဖွေတွေ့ရှိတာနဲ့ ပြန်လည် မွေးဖွားနိုင်တဲ့အပြင် ဒီနေရာရဲ့အချုပ်အနှောင်တွေကနေလည်း လွတ်မြောက်နိုင်ပုံရတယ်"

ဟုန်ကျင့်ယွင်က ကျန်းချန်ကို စိတ်ရင်းအတိုင်းပင် ပြောပြလိုက်သည်။

"ဘယ်လို.."

ထိုစကားကို ကြားလျှင် ကျန်းချန်သည် စိတ်နှလုံးထဲကပင် တုန်လှုပ်သွားခဲ့ပြီး မျက်လုံးထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူရှိ နတ်သန္ဓေအင်ပါယာနယ်ပယ် စွမ်းအင်ခန္ဓာကိုယ်တွင် ပြန်လည်မွေးဖွားသည့် လျှို့ဝှက်နည်းစနစ်ပင် ရှိနေခဲ့သည်။

ပို၍ တုန်လှုပ်စရာကောင်းသည်မှာ ပြန်လည်မွေးဖွားခြင်း လျှို့ဝှက်နည်းစနစ်သည် နတ်သန္ဓေအင်ပါယာနယ်ပယ် စွမ်းအင်ခန္ဓာကိုယ်တိုင်း၏ စိတ်ထဲတွင် အလိုအလျောက် ဖြစ်ပေါ်လာခြင်းပင်။

မမြင်ရသော လက်တစ်စုံသည် နောက်ကွယ်မှနေ၍ နတ်သန္ဓေ အင်ပါယာနယ်ပယ် စွမ်းအင်ခန္ဓာကိုယ်များကို ပြန်လည်ရှင်သန်စေလိုဟန် ရ၏။

ခွင်းရှဂိုဏ်းသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက နာမည်ကျော်ကြားသော ရှေးဟောင်းဂိုဏ်း တစ်ဂိုဏ်း ဖြစ်သည်။

ထိုဂိုဏ်းက အလွန်ပင် အစွမ်းထက်ပြီး နတ်သန္ဓေအင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူ အရေအတွက် (၁၀၀)မကကို ပိုင်ဆိုင်ခဲ့ဖူး၏။

ယခုအခါတွင် ဤရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူသည် နှစ်ထောင်ပေါင်းများစွာ တည်ရှိနေခဲ့ပြီ ဖြစ်ရာ ဟုန်ကျင့်ယွင် ကဲ့သို့ နတ်သန္ဓေအင်ပါယာနယ်ပယ် အဆင့်ထိ ပြောင်းလဲ အဆင့်တက်လာသော စွမ်းအင်ခန္ဓာကိုယ်များစွာ ရှိနေမည်မှာ သေချာသလောက်ပင်။

တစ်နည်းအားဖြင့် ဆိုရလျှင် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူတွင် ရှိနေသော နတ်သန္ဓေအင်ပါယာနယ်ပယ် စွမ်းအင်ခန္ဓာကိုယ် အရေအတွက်သည် ခွင်းရှဂိုဏ်း၏ နတ်သန္ဓေအင်ပါယာနယ်ပယ် ကျင့်ကြံသူ အရေအတွက်ထက် များစွာ သာလွန်မည်မှာ သေချာသလောက် ဖြစ်သည်။

ဤနတ်သန္ဓေအင်ပါယာနယ်ပယ် စွမ်းအင်ခန္ဓာကိုယ် အားလုံးသာ ပြန်လည်ရှင်သန်လာခဲ့လျှင် မည်မျှပင် ကြောက်မက်ဖွယ်ကောင်းသော အင်အားစု ဖြစ်လာနိုင်မည်မှာ တွေးကြည့်စရာပင် မလိုပေ။၏

ထိုအချိန်သို့ရောက်လျှင် ရှန်းဝူတိုက်ကြီးရှိ လျှို့ဝှက်နယ်မြေ(၈)ခုပင် ထိုအင်အားစုနှင့် ယှဥ်ပြိုင်နိုင်မည် မဟုတ်တော့ချေ။

ဤအချိန်တွင် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ လျှို့ဝှက်ချက်သည် သူစိတ်ကူးထားသည်ထက်ပင် လုံးဝ ကျော်လွန်နေမှန်း ကျန်းချန် သိလိုက်သည်။

ဤရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူကို ခွင်းရှဂိုဏ်းကို ဖျက်ဆီးခဲ့သည့် တရားခံက ဖန်တီးခဲ့ခြင်း ဖြစ်နိုင်သည်ဟု ကျန်းချန် မူလက ခန့်မှန်းခဲ့သည်။

သို့သော် ဟုန်ကျင့်ယွင်၏ စကားကိုကြားပြီးနောက်တွင် ဤကိစ္စက သူထင်သလောက် မရိုးရှင်းမှန်း ကျန်းချန် သိလာခဲ့သည်။

ထိုလူက ခွင်းရှဂိုဏ်းကို ဖျက်ဆီးလိုက်သည် ဆိုကတည်းကပင် ခွင်းရှဂိုဏ်း ပြန်လည်ရှင်သန်လာရန် အတွက် ဤကဲ့သို့အခြေအနေမျိုးကို ဖန်တီးပေးနိုင်စရာ အကြောင်း လုံးဝမရှိပေ။

သို့ဆိုလျှင် တကယ့် တရားခံအစစ်သည် ခွင်းရှဂိုဏ်း၏ ခေါင်းဆောင် ဖြစ်နိုင်ပါသလော။

ခွင်းရှဂိုဏ်း၏ခေါင်းဆောင်က ခွင်းရှဂိုဏ်း၏ ဘေးအန္တရာယ်ကျရောက်မည့် အရေးကို ကြိုတင် ခန့်မှန်းထားခဲ့ပြီး ခွင်းရှဂိုဏ်းကို ကမ္ဘာပေါ်တွင် ပြန်လည်ပေါ်ထွန်းလာစေရန် အတွက် ဤလျို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူကို ဖန်တီးရန် ကြိုတင်စီစဥ်ခဲ့ခြင်း ဖြစ်နိုင်ပါသလော။

"ဒီရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်းသင်္ချိုင်းဂူ လျှို့ဝှက်ချက်က ပိုပြီးတော့ ခန်းမှန်းရခက်လာခဲ့ပြီ"

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ဆက်လက် မတွေးတောတော့ပေ။

ဤရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူကို မည်သူက နောက်ကွယ်ကနေ စီစဥ်နေသည်ဖြစ်စေ၊ ထိုလျှို့ဝှက်ချက်များသည် သူ့အနေဖြင့် လက်ရှိအချိန်တွင် စူးစမ်းနိုင်သောအရာများ မဟုတ်ပေ။

သူ့အတွက် လက်ရှိအချိန်တွင် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ၌ လုပ်ဆောင်စရာကိစ္စ နှစ်ခုသာရှိသည်။

ယင်းမှာ သူ၏ခွန်အားကို မြှင့်တင်ရန် စွမ်းအင်အဆီအနှစ် ခရစ္စတယ်များ ရှာဖွေရန်နှင့် သူ့ဆရာ ရှောင်တုလီကို ရှာဖွေရန် ဖြစ်၏။

ထိုသို့ တွေးမိသည်နှင့် ကျန်းချန်သည် ဟုန်ကျင့်ယွင်ကို မေးခွန်းထုတ်လိုက်သည်။

"နောက်ဆုံးမေးခွန်းတစ်ခု ငါမေးချင်တယ်.. မကြာသေးခင်ကပဲ ရှောင်တုလီလို့ခေါ်တဲ့ နတ်သန္ဓေအင်ပါယာနယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူတစ်ယောက်က ဒီထဲကို ဝင်လာခဲ့တယ်.. မင်းသူ့အကြောင်းကို ကြားမိသေးလား"

"နတ်သန္ဓေအင်ပါယာနယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူ တစ်ယောက်ကတော့ ဒီနေရာကို တကယ်ပဲ ဝင်ရောက်ခဲ့တယ်.. မကြာသေးခင်ကပဲ တခြားသော နတ်သန္ဓေအင်ပါယာ နယ်ပယ် စွမ်းအင်ခန္ဓာကိုယ်တွေက နတ်သန္ဓေအင်ပါယာ နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူကို ပူးပေါင်း တိုက်ခိုက်ဖို့ အတွက် ကျွန်မဆီကို ကမ်းလှမ်းခဲ့တယ်.. ဒါပေမဲ့ ကျွန်မ သဘောမတူခဲ့ဘူး.. အဲဒီလူက ရှင်ပြောတဲ့ နတ်သန္ဓေအင်ပါယာ နယ်ပယ်စတုတ္ထအဆင့် ကျင့်ကြံသူ ရှောင်တုလီ ဟုတ်မဟုတ်တော့ ကျွန်မ သေချာ မသိဘူး"

ဟုန်ကျင့်ယွင်က ခဏမျှ စဥ်းစားဟန်ပြုပြီးမှ ပြောလိုက်သည်။

သူမ၏ စကားကိုကြားလျှင် ကျန်းချန်က ဝမ်းသားအားရ ဖြစ်သွားခဲ့ပြီး မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

"အဲဒီ နတ်သန္ဓေအင်ပါယာနယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူ ဘယ်နေရာမှာရှိနေလဲ ဆိုတာ မင်းသိလား"

နှစ်ထောင်ပေါင်းများစွာ တိုင်အောင် ဆိတ်ငြိမ်နယ်မြေသည် နိဗ္ဗာန်မြို့တော်၏ စိုးမိုးမှုအောက်တွင်သာ ရှိခဲ့သည်။

နိဗ္ဗာန်မြို့တော်က ချမှတ်ထားသော စည်းမျဥ်းများကို ချိုးဖောက်ကာ နတ်သန္ဓေအင်ပါယာ တစ်ပါးသည် ဆိတ်ငြိမ်နယ်မြေထဲကို ဝင်ရောက်လာနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ဟုန်ကျင့်ယွင်ပြောသည့် နတ်သန္ဓေအင်ပါယာနယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူသည် သူ၏ဆရာ ရှောင်တုလီ ဖြစ်နိုင်ခြေများသည်ဟု ကျန်းချန် ထင်ခဲ့သည်။

"အဲဒီ နတ်သန္ဓေအင်ပါယာနယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူရဲ့ သတင်းကို သိချင်ရင် ဒီနေရာကနေ အနောက်မြောက်ဘက် မိုင်၁၀၀၀အကွာက တောင်တန်းတစ်ခုကိုသွားပါ.. အဲဒီနေရာမှာ လော်ကျွင်းဆိုတဲ့ နတ်သန္ဓေအင်ပါယာ နယ်ပယ်စွမ်းအင် ခန္ဓာကိုယ် တစ်ခုရှိတယ်.. နတ်သန္ဓေအင်ပါယာ နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူကို ပူးပေါင်းတိုက်ခိုက်ဖို့ ကျွန်မဆီကမ်းလှမ်းခဲ့တာ သူပဲ"

ဟုန်ကျင့်ယွင်က ကျန်းချန်အတွက် အလွန်အသုံးဝင်သော သတင်း အချက်အလက်များကို ပေးခဲ့သည်။

"မင်းကို ကျေးဇူးအများကြီးတင်ပါတယ်"

ယခုအခါတွင် သူ့ဆရာ၏ သတင်းကို ရရှိပြီဖြစ်ရာ ကျန်းချန်သည် ဤနေရာတွင် ဆက်လက်နေရန် ရည်ရွယ်ချက်မရှိတော့ပေ။

သူက ဟုန်ကျင့်ယွင်ကို ကျေးဇူးတင်စကား ဆိုပြီးနောက်တွင် ချိန်ခန်းနှင့် ယွဲ့စစ်ချင်း တို့ကို ခေါ်ကာ ချိုင့်ဝှမ်း အပြင်ဘက်သို့ ထွက်ခွာလာခဲ့သည်။

အခန်း(၁၂၉၀)ပြီး၏။

ပရိသတ်တွေ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး နားရှုပ်နေတယ်ဆိုလို့ရှင်းပြပါရစေ။

မပျက်စီးနိုင်သော ရုပ်ပိုင်းဆိုင်ရာကျင့်ကြံခြင်းနည်းစနစ်ဆိုတာက ကျင့်စဥ်ပါ။

ဥပမာ- ကျင့်စဥ်မှာ ပဥ္စအဆင့်ဆို ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်း အဆင့်က ဆဋ္ဌမအဆင့်နဲ့ညီပါတယ်။ အဲဒီသဘောပါ။

All Chapters