← Chapters

အကျိုးဆက်များ (၂)

Vol. 3 Ch. 155

အကျိုးဆက်များ (၂)

Vol. 3 Ch. 155

ကျဥ်းမြောင်းပြီး လူနှစ်ယောက်ရှောင်သာရုံသာရှိတဲ့ လျှောက်လမ်းတစ်ခု။ မွဲပြာပြာ ခဲရောင်ဆီဆေးနဲ့ ခြယ်သထားတဲ့ နံရံတွေက မျက်နှာကျက်မှာ တပ်ထားတဲ့ မီးချောင်းနှစ်ချောင်းတွဲရဲ့အလင်းရောင်ကို သေချာ အလင်းပြန်မပေးနိုင်တဲ့အတွက်ကြောင့် လျှောက်လမ်းက မှောင်မိုက်နေသလို ထင်ရပါတယ်။

လျှောက်လမ်းပေါ်မှာတော့ နက်ပြာရောင်ယူနီဖောင်းကို ဝတ်ဆင်ထားတဲ့ ရုပ်သေနဲ့အမျိုးသားနှစ်ယောက်က အယ်မာကို လက်ထိပ်ခတ်ပြီး ခေါ်လာကြပါတယ်။ ဒါလီယာကတော့ သူနဲ့အတူရှိမနေပါဘူး။

ခက်ခဲတဲ့ အခြေအနေမှာရှိနေပေမဲ့ အယ်မာရဲ့ပုံစံက စိုးရိမ် နေတဲ့ပုံမရဘဲ အစောင့်နှစ်ယောက်လိုပဲ တည်တည်ငြိမ်ငြိမ်နဲ့ ရှိနေပါတယ်။ လျှောက်လမ်းအတိုင်းသွားရင်း အလုပ်များပုံ ပေါ်တဲ့ရုံးခန်းတချို့ကို ဖြတ်လာခဲ့ပေမဲ့ ရုံးခန်းထဲမှာရှိနေတဲ့ သူတွေက အယ်မာလက်ထိပ်ခတ်ခံထားရတာကိုသိပ်ပြီး အထူးအဆန်းလုပ်မနေကြဘူး။ သူတို့တွေက ဒီဖြစ်စဥ်ကို သာမန်မြင်နေကျကိစ္စတစ်ခုလိုပဲ သဘောထားကြပါတယ်။

“အမှတ် (၂) စစ်စင်ရေးတပ်ဖွဲ့၊ အမှတ် (၁) စစ်ဆင်ရေး တပ်ဖွဲ့...” အယ်မာကတော့ သူဖြတ်လာတဲ့ရုံးခန်းတွေရှေ့က ဆိုင်းဘုတ်ပြားလေးတွေကို အသံထွက်ဖတ်နေရင်းနဲ့ တစ်ခုခုကို စောင့်ဆိုင်းနေပုံရတယ်။ ဒါပေမဲ့ သူတို့တွေရဲ့ ခြေလှမ်းတွေကတော့ ရပ်တန့်မသွားခဲ့ပါဘူး။

နောက်ဆုံးကျန်ရှိတဲ့ ရုံးခန်းတစ်ခုကိုဖြတ်လာပြီးတဲ့နောက် သန့်ရှင်းရေးအလုပ်သမားတွေအဖို့ထားတဲ့ စတိုခန်းရှေ့ကို ရောက်လာပြီး လျှောက်လမ်းက တီပုံစံလမ်းခွဲတစ်ခုအဖြစ် အဆုံးသတ်သွားတယ်။ ဘယ်ဖက်ကတော့ သုတေသနဌာနလို့ ရေးထားပြီးတော့ ညာဖက်ကတော့ အစည်းအဝေးခန်းလို့ ရေးထားတယ်။ သူတို့တွေက ညာစင်္ကြန်ကိုချိုးကွေ့ လိုက်ပါတယ်။

မကြာခင်မှာပဲ EUOCရဲ့နာမည်ကြီးလိုဂိုဖြစ်တဲ့ ငါးထောင့် ကြယ်စက်ဝိုင်းထဲက ဥရောပသမဂ္ဂမြေပုံကို ရိုက်နှိပ်ထားတဲ့ သံမဏိတံခါးကြီးကို သူတို့မြင်ရတယ်။

“ကောင်မရှင်နာနဲ့ ကောင်စီဝင်လူကြီးမင်းတွေက မင်းကို အစည်းအဝေးခန်းမထဲမှာ စောင့်နေကြတယ်။”

အစောင့်နှစ်ယောက်က အတက်အကျမရှိတဲ့လေသံနဲ့ ပြောလိုက်ရင်းနဲ့ အယ်မာ့လက်က လက်ထိပ်ကိုဖြုတ်ပေး လိုက်ပါတယ်။ အယ်မာရဲ့လက်ကောက်ဝတ်မှာတော့ လက်ထိပ်ရာ ကျန်နေရစ်တယ်။ နောက်တော့ တံခါးကိုသူ့အတွက်ဖွင့်ပေးပေမဲ့ အယ်မာက မဝင်သေးဘဲ လက်ကိုဖြန့်လိုက်တယ်။

“ဘယ်မှာလဲ ငါ့မှော်နှင်တံက။”

“ကောင်စီဝင်တွေ ခင်ဗျားမှာအပြစ်ရှိမရှိ စစ်ဆေးပြီးမှ ပြန်ပေးမယ်။”

အစောင့်နှစ်ယောက်က မတုန်မလှုပ်ပြောလိုက်တဲ့အတွက် အယ်မာလည်း ပခုံးတွန့်လိုက်ပြီးတော့ အစည်းအဝေးခန်းထဲ ဝင်လိုက်ပါတယ်။ အစည်းအဝေးခန်းထဲမှာတော့ လူစုံနေပြီ။ စုစုပေါင်း ထိုင်ခုံနှစ်ဆယ့်ရှစ်ခုံရှိပြီး နှစ်ဆယ့်ခုနစ်ခုံက နိုင်ငံကိုယ်စားပြုကောင်စီဝင်တွေအတွက်ဖြစ်ကာ ထိပ်ဆုံးက တစ်ခုံကတော့ ကောင်မရှင်နာမင်းကြီးဖို့ဖြစ်ပါတယ်။

သူတို့တွေအားလုံးက မျက်နှာဖုံးတွေဝတ်ထားကြပြီး သူတို့ဘယ်သူဆိုတာကို သိနိုင်ဖို့အတွက် မဖြစ်နိုင်ကြပါဘူး။ သူတို့စားပွဲရှေ့မှာလည်း နိုင်ငံအလံတွေသာချထားပြီး နာမည်ကတ်ပြားတွေရှိမနေဘူး။ ဒါပေမဲ့ သူတို့တွေ အကုန်လုံးက သူတို့နည်းသူတို့ဟန်နဲ့အစွမ်းထက်တဲ့ သူတွေဆိုတာတော့ မြင်ရုံနဲ့တင် သိနိုင်ပါတယ်။

“အမှတ် (၆) စစ်ဆင်ရေးမှူး အယ်မာ မင်းကိုယ်မင်း ဘာလုပ်ခဲ့မိလို့ အခုလိုမျိုးဆင့်ခေါ်ခံရတယ်ဆိုတာ သိလား။”

ကောင်မရှင်နာဆီကနေပြီး အက်ကွဲနေပြီးခန့်မှန်းရခက်တဲ့ စကားသံထွက်ပေါ်လာတယ်။ သူ့လေသံက မူရင်းအသံကို လူတွေမခန့်ခန်းမိစေဖို့အတွက် တမင်သက်သက်အသံကို ဖျက်ပြီးပြောနေတဲ့ပုံစံမျိုး။

အယ်မာကတော့ မျက်လုံးကိုမှေးထားလိုက်တယ်။ သူ့ပုံစံက နည်းနည်းလေးမှ မကြောက်တဲ့ပုံစံမျိုးရှိတယ်။

“ကျွန်မက ကျွန်မတို့အဖွဲ့အစည်းအတွက် လိုအပ်တယ် ထင်တဲ့အတိုင်း လှုပ်ရှားခဲ့ရုံပါ။”

ဒီစကားကြောင့် ကောင်စီဝင်တော်တော်များများ လှုပ်လှုပ် ရှားရှားဖြစ်ကုန်တယ်။ ဂရိအလံနောက်မှာထိုင်နေတဲ့ ဇီးကွက် မျက်နှာဖုံးဝတ် အမျိုးသမီးကောင်စီဝင်ဆိုရင် ဒေါသထွက် လွန်းအားကြီးတဲ့အတွက်ကြောင့် စားပွဲကိုလက်ဝါးနဲ့ရိုက်ကာ အယ်မာကို လက်ညိုးကောက်ကောက်ထိုးပြီးပြောတော့ တာပါပဲ။

“ဘာအဖွဲ့အစည်းအတွက် လိုအပ်လို့လုပ်တာလဲ။ နင်လုပ်တာ အဖွဲ့အစည်းဘယ်လောက်တောင် နာမည်ပျက်ရတယ်ဆိုတာ နားလည်ရဲ့လား။ သာမန်လူတွေ အပြည့်ရှိနေတဲ့ တည်းခိုခန်းတစ်ခုထဲကိုဝင်ပြီးတော့ ကျောင်းခြောက်ကျောင်းထဲက အမှောင်ကျောင်း ခေါင်းဆောင်ကိုဖမ်းဆီးဖို့လုပ်တယ်။ အဆိုးဆုံးက ဂရိပိုင်နက်နယ်ထဲကို အစုလိုက်အပြုံလိုက် ပျက်စီးမှုကို ဖြစ်ပေါ်စေနိုင်တဲ့ လက်နက်ကို ယူလာတာပဲ။”

ကျန်တဲ့ ကောင်စီဝင်တွေကလည်း ခေါင်းတညိတ်ညိတ်နဲ့ ထောက်ခံလိုက်ကြပါတယ်။ သူတို့တွေပြောတဲ့လက်နက်ကြီး ဆိုတာက ဒါလီယာကိုညွန်းဆိုနေကြတာဖြစ်မှန်း လူပိန်း မဟုတ်ရင် နားလည်နိုင်တယ်။ ဒါပေမဲ့ အယ်မာမှာတော့ သူ့ရဲ့လုပ်ရပ်တွေကို ခုခံဖို့အတွက် ဆင်ခြေတွေအများကြီး ရှိနေဆဲပါ။

“ညမင်းသားနက်ဆန်ဟာ သာမန်လူတွေပြည့်နေတဲ့ ဆေးရုံတစ်ရုံမှာ ရိုမြူလက်ဘုရားကျောင်းနဲ့ တိုက်ခိုက်ဖို့အတွက် ရွေးချယ်ခဲ့တဲ့သူဖြစ်တယ်။ ဒါ့ထက်ကို ရိုမြူလက်ဘုရားကျောင်းရှိတဲ့ ကွန်စတန်တီနိုပယ်မြို့ထဲ ကျူးကျော်ခဲ့တဲ့သူလည်းဖြစ်တယ်။ အဲဒီလုပ်ရပ်တွေအရ ဒီလူဟာ သာမန်လူတွေကို ဂရုမစိုက်ဘူးဆိုတာပေါ်လွင်နေတဲ့ ထင်ရှားတဲ့အချက်အလက်တွေဖြစ်တယ်။”

အယ်မာက သူကိုင်ထားတဲ့သက်သေတွေအားလုံးကို စားပွဲပေါ် ဖဲချပ်တစ်ခုလိုမျိုး ဖြန့်တင်လိုက်တယ်။ ပြီးတဲ့ အခါမှာတော့ နောက်ဆုံးဖဲချပ်ကို ဖြန့်ပြလိုက်ပါပြီ။

“အဆိုးဆုံးကတော့ ညမင်းသားဆီမှာ ဖုတ်သွင်းခံထားရတဲ့ အမှတ် (၃) စစ်ဆင်ရေးအဖွဲ့မှူး နာတာရှာရှိနေတာပါပဲ။”

ကောင်စီဝင်တွေအားလုံး အတွေးနက်သွားကြပါတယ်။ အစောပိုင်းက အယ်မာကိုဖိပြောခဲ့တဲ့ ဂရိကောင်စီဝင်တောင် ဘာပြောရမှန်းမသိဖြစ်နေပြီး တိတ်ဆိတ်နေတယ်။ ဒါပေမဲ့ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တဲ့သူက ကောင်မရှင်နာမင်းကြီး ကိုယ်တိုင်ဖြစ်နေခဲ့တယ်။

“ဒါပေမဲ့ မင်းကို ငါတို့ဘုတ်အဖွဲ့က လှုပ်ရှားဖို့အတွက် အမိန့်ပေးခဲ့လို့လား။ မင်းကိုဘယ်သူက ညမင်းသားကို ဖမ်းဖို့အတွက် ဖမ်းဝရမ်းထုတ်ပေးလိုက်လို့လဲ။ မင်းလုပ်လိုက်တဲ့အပြုအမူက ကျောင်းခြောက်ကျောင်းနဲ့ ငါတို့ကောင်မရှင်အဖွဲဲ့ စစ်ဖြစ်စေနိုင်လောက်တဲ့ အပြုအမူပဲ။

အဲဒီလိုစစ်ပွဲမျိုးဖြစ်လာရင် EUOCက အနိုင်ရမယ်လို့ မင်းထင်လို့လား။”

အဖွဲ့အစည်းတစ်ခုရဲ့ခေါင်းဆောင်အနေနဲ့ ကိုယ့်အဖွဲ့ အားနည်းနေတဲ့အကြောင်းအရင်းမှန်ကို လူအများရှေ့မှာ ဝန်ခံဖို့ဆိုတာ အတော်ခဲယဥ်းတယ်။ အထူးသဖြင့် အခုလို နိုင်ငံတကာပေါင်းစည်းတည်ထောင်ထားတဲ့ အဖွဲ့တစ်ခုမှာ ဆိုရင်ပေါ့။ ဒါပေမဲ့ သူတို့ရဲ့ကောင်မရှင်နာကတော့ ဝန်ခံဖို့ ဝန်လေးပုံမရဘူး။

“ဒါပေမဲ့ အဲဒီလိုဆိုရင်တောင် ကျွန်မတို့ထဲကတစ်ယောက်ကို သတ်သွားခဲ့သူကို လွှတ်ပေးထားဖို့ ဖြစ်နိုင်ရဲ့လား။ ဥပဒေတွေ ပြောင်တင်းတင်းချိုးဖောက်နေတဲ့သူကို ဒီအတိုင်းလွှတ်ထားမလို့လား။ EUOCက အခုလိုမျိုး အားနည်းတဲ့ပုံစံမျိုးပြနေလို့ ရိုမြူလက်ဘုရားကျောင်းက တစ်နေ့ထက်တစ်နေ့ ပိုအတင့်ရဲလာနေတာ။

နောက်ဆိုရင် သူတို့က တခြားကုန်းမြေတိုက်တွေကနေ ကိုးကွယ်ယုံကြည်သူတွေရှာတဲ့အဆင့်ကနေ ဥရောပမှာ ပြောင်တင်းတင်းလှုပ်ရှားတဲ့အဆင့် ရောက်လာလိမ့်မယ်။”

အယ်မာရဲ့ခေါင်းမာပြီးအလျှော့မပေးတတ်တဲ့ပုံစံက ကောင်စီဝင်တချို့ကိုပိုပြီး ဒေါသထွက်စေပါတယ်။ ဒါပေမဲ့ တချို့ကတော့ တိုးပွားလာနေတဲ့ ရိုမြူလက်ချက်ကျောင်းရဲ့ လွှမ်းမိုးမှုကို သတိထားမိကြပြီး အားနည်းမှုပြတာက မကောင်းဘူးလို့ မြင်ကြတယ်။ ဒီလိုလူတွေကတော့ အယ်မာ့ စကားတွေကို အလေးအနက်ထားတွေးကြည့်တယ်။ အထူးသဖြင့် ရိုမြူလက်ချက်ကျောင်းနဲ့နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဘူဂေးရီးယားနဲ့ ရိုမေးနီးယားလိုမျိုး နိုင်ငံကိုယ်စားလှယ်တွေကပေါ့။

‘ကောင်စီက စိတ်ဝမ်းကွဲနေပြီ။ ဒီလိုဆိုရင် ငါလုံခြုံပြီ။' အယ်မာက တိတ်တခိုးလေးပြုံးလိုက်တယ်။ စစ်ဆင်ရေး အဖွဲ့မှာရှိနေတာကြာပြီဖြစ်တဲ့ တပ်မှူးတစ်ယောက်အနေနဲ့ အယ်မာက ကောင်စီဝင်တွေရဲ့စိတ်ကိုဘယ်လိုလှည့်စားရ မလဲဆိုတာနဲ့ပတ်သက်ပြီး ကျွမ်းကျင်ပါတယ်။

EUOCမှာ ကောင်မရှင်နာတစ်ယောက်က ဩဇာအာဏာ ကြီးမားပေမဲ့ အရေးကြီးဆုံးဖြတ်ချက်တွေအားလုံးကို ကောင်စီဝင်တွေက မဲခွဲပြီးတော့ ဆုံးဖြတ်ကြတာပါ။ ဒါကြောင့် သူတို့ထဲကတစ်ဝက်လောက်ကို သူ့ဘက်ပါအောင် စကားစစ်ထိုးနိုင်တာနဲ့တင် သူဘာပြဿနာလုပ်ထားလုပ်ထား ကြေအေးလိုက်လို့ရတယ်။

ဒါကြောင့်လည်း အစပိုင်းမှာသူက နက်ဆန်နောက်ကို ဝရမ်းမပါဘဲလိုက်ဖို့အတွက် ဆုံးဖြတ်ခဲ့တာပါ။ တစ်ဖက်မှာတော့ ကောင်မရှင်နာမင်းကြီးက လည်ချောင်းကို ရှင်းလိုက်ပြီး ဆူညံပွတ်လောရိုက်နေတဲ့ ကောင်စီဝင်တွေကို တိတ်ခိုင်းလိုက်တယ်။

အဲဒီနောက်တော့ သူက အယ်မာရဲ့မျက်လုံးတွေကို တည့်တည့်ကြည့်လိုက်တယ်။ ထူးခြားစွာနဲ့ ကောင်မရှင်နာရဲ့ မျက်လုံးတွေက ခရမ်းရောင်ဖြစ်နေခဲ့ပြီး အယ်မာ့စိတ်ကို ထွင်းဖောက်မြင်နိုင်သလိုမျိုး ခံစားရတယ်။

“အဲဒီလိုဆိုပေမဲ့လည်း သေချာစုံစမ်းကြည့်တဲ့အခါမှာ ညမင်းသားက ရိုမြူလက်ချက်ကျောင်းကို စစ်ကြေညာ ပြီးတဲ့နောက်မှ တိုက်ခိုက်တာဖြစ်သလို သာမန်လူတွေ ထိခိုက်မှုလည်းမရှိခဲ့ဘူး။ ဂရိကဆေးရုံတိုက်ပွဲမှာ ဆိုရင်လည်းပဲ သူ့ဘက်က သာမန်လူတွေရွှေ့ပြောင်း နိုင်ရေးအတွက် စနစ်တကျအကောင်အထည်ဖော်ခဲ့တာ တွေ့ရတယ်။ ဒါကြောင့် EUOCရဲ့အင်စပတ်တာတွေက အမှောင်ကျောင်းတော်ကို ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဖိအားဆက်မပေးဖို့အတွက် အကြံပေးထားတယ်။”

ကောင်မရှင်နာမင်းကြီးရဲ့စကားကြောင့် အယ်မာက လည်ချောင်းတွေခြောက်ကပ်သွားသလိုမျိုး ခံစားရတယ်။ နောက်တော့ သူ့မျက်လုံးတွေကိုမှေးလိုက်ပြီး ကောင်မရှင်နာ မင်းကြီးကိုမေးလိုက်ပါတယ်။

“ဪ.... လူကြီးမင်းရှင့်၊ အဲဒီအင်စပတ်တာတွေက မာတင်နဲ့ မူလာတို့မှဟုတ်ရဲ့လား။ တပ်မှူးနာတာရှာရဲ့ မိတ်ဆွေဟောင်းကြီးတွေလေ။”

“ချာတာ (၁၄) မူဘောင်အရ ဘယ်အမှုကို အင်စတပတ်တာ ဘယ်သူစုံစမ်းတယ်ဆိုတာ ကောင်မရှင်နာတွေကိုယ်တိုင် သိခွင့်မရတဲ့အတွက် မင်းခန့်မှန်းတာမှန်မမှန် ကျုပ်မပြောနိုင်ဘူး။”

ကောင်မရှင်နာမင်းကြီးက ဘက်မလိုက်ပြတ်သားတဲ့ လေသံနဲ့ပြောလိုက်တယ်။ ဒါပေမဲ့ အယ်မာကတော့ စိတ်ပျက်စွာနဲ့ပဲ ရယ်မောလိုက်တယ်။

“ဒီတော့ အဲဒီသေသွားတဲ့ တပ်မှူးကိစ္စကိုရော ရှင်တို့ဘာလုပ်ဖို့ စဥ်းစားထားလဲ။ လူသတ်မှုဖြစ်နိုင်ခြေရှိတဲ့ကိစ္စတစ်ခုကို တစ်ဖက်လူက အမှောင်ကျောင်းခေါင်းဆောင်ဖြစ်နေလို့ ဆိုပြီးတော့ နှုတ်ဆိတ်နေမလို့လား။

ကောင်မရှင်နာမင်းကြီးရှင့်၊ ညမင်းသားက အမှောင်ကျောင်းရဲ့တရားဝင်ခေါင်းဆောင် မဖြစ်သေးပါဘူး။ ဒီဖရက်တိုခေါင်းဆောင်ပဲ ရှိပါသေးတယ်။ ဒီအဆင့်မှာတောင် ရှင်တို့ဒီလောက်ကြောက်နေရင် အနာဂတ်မှာ ဘယ်လိုလုပ်ကြမလဲ။”

ကောင်မရှင်နာမင်းကြီးက သူ့လက်ကိုမြှောက်လိုက်တယ်။ ခရမ်းရောင်မျက်လုံးတွေက အလင်းရောင်ကတောက်ပ လာခဲ့ပြီးတော့ ဘေးပတ်ဝန်းကျင်မှာရှိနေသမျှ မီးတွေ အားလုံးမှိန်ကျသွားတယ်။ နောက်တော့ အယ်မာဟာ ကြီးမားတဲ့ဖိအားကြီးတစ်ခု သူ့ကိုယ်ပေါ်ကျဆင်းလာတာ ခံစားလိုက်ရပြီး ဒူးထောက်ကျသွားတယ်။

“အမှတ် (၆) တပ်ဖွဲ့ခေါင်းဆောင်အယ်မာ၊ ကျုပ်စကားကို တိုတိုနဲ့လိုရင်းပဲပြောမယ်။ နာတာရှာရဲ့ကိစ္စနဲ့ပတ်သက်ပြီး နာတာရှာနဲ့ညမင်းသားကိုယ်တိုင် ကျုပ်တို့ဆီမှာလာရှင်းပြဖို့ သဘောတူပြီးပြီ။”

“ရုပ်သေးရုပ်တစ်ရုပ်ဖြစ်သွားတဲ့ လူတစ်ယောက်ဆီကနေ အမှန်သိရမယ်လို့ ရှင်ထင်နေတာလား။”

ကောင်မရှင်နာက လက်ကိုအနေအထားပြောင်းလိုက်ပြီး အယ်မာရဲ့လည်ပင်းကို ညှစ်သလိုပြုမူလိုက်ပါတယ်။ အယ်မာ့ခန္ဓာကိုယ်က ငှက်မွှေးတစ်ခုလိုမြောက်တက် သွားခဲ့ပြီးတော့ နံရံမှာသွားကပ်နေတယ်။ သူ့လည်ပင်းမှာ လက်ရာမည်းမည်းတွေပေါ်လာပြီး အသက်ရှုဖို့အတွက် မနည်းရုန်းကန်နေခဲ့ရပါပြီ။

“ နောက်မေးခွန်းတစ်ခုကို ထပ်ဖြေရမယ်ဆိုရင်တော့ EUOCမှာ ကျောင်းခြောက်ကျောင်းနဲ့ရိုမြူလက် ဘုရားကျောင်းကိုကြောက်တဲ့ အဖွဲ့ဝင်တစ်ယောက်မှ မွေးမလာဖူးသေးဘူး။”

ကောင်မရှင်နာက သူ့လက်ကို ပြန်ရုပ်လိုက်တယ်။ အယ်မာက မြေပေါ်ပြန်ပြုတ်ကျတယ်။ နံရံကတော့ အက်ကွဲနေနှင့်ပြီ ဖြစ်ပြီးတော့ အယ်မာက ခုထိပြန်မထလာနိုင်သေးပါဘူး။

“တပ်မှူးအယ်မာ၊ မင်းဝင်မလာခင်ကတည်းက ဌာနချုပ်ကိုဆန့်ကျင်ပြီး ပြုလုပ်ခဲ့တဲ့ ကိစ္စတွေအတွက် မင်းကိုရာထူးကနေ ခဏနားဖို့အတွက် ကောင်စီက တညီတညွတ်တည်း ဆုံးဖြတ်ထားပြီးပြီ။ ဒါ့အပြင် နတ်တစ်ပိုင်းပရောဂျက်ရဲ့အသီးအပွင့်ဖြစ်တဲ့ ဒါလီယာကို ဌာနဆီပြန်ပေးရမယ်။”

ဒါလီယာကို ပြန်ယူသွားမယ်ဆိုတာကြားရတဲ့အခါမှာတော့ အယ်မာမျက်နှာပျက်သွားတယ်။ အရာအားလုံးကို ဆုံးရှုံး ရတော့မယ်လို့ ထင်တဲ့အချိန်မှာပဲ အပြင်ဘက်ကနေပြီး တံခါးခေါက်သံထွက်လာတယ်။

“ဝင်လာခဲ့....” ကောင်မရှင်နာက အေးစက်စက်နဲ့ပဲ ပြောလိုက်ပါတယ်။

မကြာခင်မှာပဲ တံခါးပွင့်သွားပြီး ကျစ်ဆံမြီးကျစ်ထားတဲ့ ဆံပင်ကို မြင်းမြီးလိုစုချည်ထားတဲ့ ပိန်ပိန်ပါးပါးနဲ့ အသား နက်နက်လူငယ်တစ်ယောက် ဝင်လာတယ်။ အဲဒီလူက ဒေါက်တာကုတ်ကို တီရှပ်အင်္ကျီခဲရောင်ပေါ်မှာ ထပ်ဝတ်ထားပြီး စည်းစနစ်မရှိတဲ့ သိပ္ပွံပညာရှင် တစ်ယောက်လိုမျိုး ထင်ရတယ်။

“ ဂျော်ဒန်၊ ဘာကိစ္စလဲကွ။”

ဂျော်ဒန်ဆိုတဲ့လူငယ်က ကြမ်းပြင်မှာ ဒူးထောက်ကျနေတဲ့ အယ်မာကို ပြုံးပြလိုက်ပြီးတော့ သူ့လက်ထဲက ထွင်းဖောက် မြင်နေရတဲ့ တက်ပလက်ကိုထောင်ပြတယ်။

“ နတ်တစ်ပိုင်းပရောဂျက်ရဲ့စမ်းသပ်ခံ ဒါလီယာက တိုက်ပွဲပြီးတဲ့နောက် အဆင့်ကြီးနှစ်ဆင့် တိုးတက်သွားတဲ့ အကြောင်းလာတင်ပြတာပါ။”

ဒီတစ်ခါတော့ ကောင်စီဝင်တွေအားလုံးရဲ့အကြည့်တွေက အယ်မာဆီကနေ ဂျော်ဒန်ဆီကိုရောက်သွားတယ်။ “သုတေသနဌာနမှူး၊ မင်းပြောတော့ နောက်ဆယ်နှစ် နေရင်တောင်မှ ဒီထက်ပိုပြီးတော့ တိုးတက်လာဖို့ မဖြစ်နိုင်သေးဘူးဆို။”

အီတလီအလံနောက်က မျက်နှာဖုံးနဲ့အဖိုးကြီးကမေးတော့ ဂျော်ဒန်က မျက်မှန်ကိုပင့်တင်လိုက်ရင်း...

“ပုံမှန်ဆိုရင်ပေါ့ဗျာ။ ဒါပေမဲ့ ဒါလီယာ့ကိုယ်ထဲက နတ်ဘုရား အစိတ်အပိုင်းက တိုက်ပွဲတွေတိုက်ပြီးတဲ့အခါတိုင်း ပိုပြီး ခန္ဓာကိုယ်နဲ့အသားကျလာပုံပဲ။ နောင်အနာဂတ်ကျရင် ဒါလီယာက ဖန်တီးခံနတ်တစ်ပိုင်းတင်မကဘဲ ဖန်တီးခံ နတ်ဘုရားတစ်ပါးပါ ဖြစ်ခါနိုင်တယ်ထင်လို့ထင်တယ်။”

“ ဂျော်ဒန်၊ ဒီလိုကိစ္စမျိုးက အခြေအမြစ်မရှိဘဲ ကြွေးကြော်လို့ ကောင်းတဲ့အရာမဟုတ်ဘူး။ နတ်တစ်ပိုင်းကို ဖန်တီးတာနဲ့တင် ငါတို့က ဖန်ဆင်းရှင်ကိုဆန့်ကျင်ပြီးသား ဖြစ်နေပြီ။”

“ကောင်မရှင်နာကြီးပြောချင်တာက ကျုပ်ကိုဆက်ပြီး မဖန်တီးစေချင်တာလား... ဖန်တီးစေချင်တာလား။”

ဂျော်ဒန်ရဲ့စျေးကိုင်မယ့်အပြုအမူကြောင့် ကောင်မရှင်နာ မင်းကြီးမျက်နှာက အေးစက်သွားတယ်။ ဒါပေမဲ့သူက ချက်ချင်းပဲပြောလိုက်တယ်။

“ငါက မင်းကိုမြန်မြန် ရလဒ်ထွက်စေချင်တာ။ လိုအပ်တာ ရှိရင်ပြော။”

ဂျော်ဒန်က ပြုံးလိုက်တယ်။ အဲဒီနောက်တော့ အယ်မာကို ကြည့်လိုက်ပြီး “အချိန်တိုအတွင်း ဒါလီယာတိုးတက်လာတာ သူ့ရဲ့ပိုင်းလော့ဖြစ်တဲ့ အယ်မာကြောင့်ပဲ။ တခြားသူကိုသာ ဒါလီယာကိုပေးလိုက်ရင် ဘာဖြစ်လာမလဲ ကျုပ်မသိဘူး။”

ကောင်မရှင်နာမင်းကြီးက တစ်ခဏတာတိတ်ဆိတ်သွားပြီး ဂျော်ဒန်နဲ့ဒါလီယာကို အကြိမ်ကြိမ်အပြန်အလှန်ကြည့်တယ်။ နောက်ဆုံးတော့ အရှုံးပေးလိုက်ပုံရပြီး ခပ်ရှရှလေသံနဲ့ ပြောလိုက်တယ်။

“ငါခွင့်ပြုတယ်၊ ဒါပေမဲ့ အခုသူက တပ်မှူးမဟုတ်တော့ဘူး။ ဒါလီယာရဲ့ပိုင်းလော့သီးသန့်ပဲ။”

All Chapters