အခန်း (၁၆၀)
Vol. 11 Ch. 160
သူတို့နှစ်ယောက် အိမ်ပြန်ရောက်တော့ ကျီလင်းချန်ရဲ့လက်ထဲက နှင်းဆီနီပန်းစည်းက သခင်ကြီး ကျီရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားသွားသည်။
သခင်ကြီး ကျီ ပြောလိုက်သည်။ “အင်း၊ မဆိုးဘူး။ ကျီလင်းချန်က ရှောင်နွမ်အတွက် နှင်းဆီပန်းဝယ်ဖို့ လုံလောက်တဲ့ စေတနာရှိသားပဲ။ အဲဒါက မထင်မှတ်ထားတဲ့ဟာပဲ”
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ဒါမမှန်ဘူး အဖေ။ သူ့ကို ဒီပန်းတွေ ပေးခဲ့တဲ့သူက ကျွန်မပဲ"
"အာ " သခင်ကြီး ကျီက ကျီလင်းချန်ကို အံ့အားသင့်စွာကြည့်ကာ ပြောလိုက်သည်။ "တကယ်ကြီး မင်းမိန်းမကို မင်းအတွက် နှင်းဆီပန်းဝယ်ခိုင်းခဲ့တာလား။ မရှက်ဘူးလား။ မင်းမှာ ဒါတွေကို သယ်ဖို့ မျက်နှာ ရှိတယ်ပေါ့။ မြန်မြန်သွားပြီး ရှောင်နွမ် အတွက် နှင်းဆီပန်းတစ်စည်း ဝယ်လာ"
ဖန့်ရှောင်နွမ် ခင်ပွန်းဖြစ်သူကို သူမရဲ့ လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး သူမရဲ့ဖိနပ်တွေကို ချွတ်လိုက်သည်။ “အာ၊အဖေ၊ နှင်းဆီတစ်စည်းက ယွမ် ၄၀၀ ပဲရှိတယ်။ ကျွန်မယောကျ်ားက ကျွန်မကိုကျွေးဖို့ အနောက်တိုင်း စားသောက်ဆိုင်ကို ခေါ်သွားပေးတယ်။ ယွမ် ၄၀၀၀ တောင်မှ ငွေရှင်းဖို့ မလုံလောက်ဘူး။ နောက်ဆုံး ကျွန်မက သူ့ကို အခွင့်အရေးယူနေတုန်းပဲ”
ကျီဝမ် ရုတ်တရက်ကြားဖြတ်ပြောခဲ့သည်။ "ဒါဆို မင်း ဒီနေ့ ရိုမန့်တစ်ဆန်တဲ့ ဒိတ်သွားလုပ်မယ်ဆိုတာက ငါ့ဦးလေးနဲ့သွားလုပ်မှာလို့ ပြောလိုက်တာလား"
ဖန့်ရှောင်နွမ် ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်လေ၊ ငါ နင့်ကို တမင်မပြောခဲ့တာ။ မဟုတ်ရင် ငါ့ယောက်ျားက နင့်ဆီ ဖုန်းဆက်ပြီး တိတ်တဆိတ် ခြိမ်းခြောက်လိုက်ရင် ငါ့ရဲ့ အစီအစဉ်တွေအားလုံးကို နင်ထုတ်ပြမိသွားမှာပေါ့ "
ကျီလင်းချန်က ဧည့်ခန်းထဲဝင်ပြီးကတည်းက စကားတစ်ခွန်းမှ မပြောခဲ့ပေ။ ဖန့်ရှောင်နွမ်ကသာ တစ်ချိန်လုံး စကားပြောနေတဲ့သူဖြစ်သည်။
သခင်ကြီး ကျီက သူ့သား တစ်ခုခုမှားနေတယ်လို့ ခံစားမိနေတုန်းပင်။ ကောင်မလေးက သူ့ကို ပန်းတွေ ပို့ပေးဖို့ ဘယ်လိုတောင် လွှတ်ထားနိုင်တာလဲ။
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “အိမ်ထောင်တစ်ခုမှာ လူနှစ်ယောက်ရှိတယ်။ အမျိုးသမီးတွေက ရိုမန့်တစ်ဆန်တာ၊ ပန်းတွေနဲ့ လက်ဆောင်လေးတွေ လိုအပ်တယ်။ ဒါပေမယ့် အမျိုးသားတွေလည်း လိုအပ်တာပဲလေ။ ဒီနေ့ခေတ်မှာ အမျိုးသားနဲ့ အမျိုးသမီးကြား တန်းတူညီမျှရေးကို လိုလားကြတယ်။ အမျိုးသားတွေသာ ပန်းတွေပေးရင် တန်းတူညီမျှမှုလို့ ဘယ်လိုလုပ်ခေါ်မှာလဲ။ ကျွန်မ ယောကျ်ားက ကျွန်မကို အချစ်တွေ အများကြီးပေးထားတာ၊ ဒါကြောင့် အခုကစပြီး သူ့ကို surprise သေးသေးလေးတွေ လုပ်ပေးတော့မှာ !”
ဖန့်ရှောင်နွမ်ရဲ့စကားတွေက သည်နေရာမှာရှိနေတဲ့ လူတိုင်းကို အောင်အောင်မြင်မြင် ယုံကြည်စေခဲ့သည်။ အိမ်ထောင်ရေးအပေါ် သူမရဲ့အမြင်က အရမ်းသာယာတယ်လို့ အားလုံးက ခံစားခဲ့ကြရသည်။
တစ်ဖက်တွင် ကျီလင်းချန်က အဖိုးတန်ဇနီးတစ်ဦးနဲ့ လက်ထပ်ထားရတယ်လို့ ခံစားခဲ့ရသည်။ သူ စကားပြောနေတဲ့ ဇနီးသည်အား သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းကာ မေးလိုက်သည်။ “ဒါတွေကို ဘယ်သူသင်ပေးတာလဲ”
ဖန့်ရှောင်နွမ် ဂုဏ်ယူစွာ ပြောလိုက်သည်။ "ကျွန်မကို ဘယ်သူမှ မသင်ပေးထားပါဘူး။ ကျွန်မကိုယ်တိုင် တွေးကြည့်ထားတာ။ ကျွန်မက တော်တယ်မလား"
ထိုစကားကိုကြားတော့ ဖန်ချီက ဒီနှစ်တွေအတွင်း သူမခင်ပွန်းအတွက် လုပ်ပေးခဲ့သမျှကို ပြန်စဥ်းစားခဲ့သည်။ သူမ ရေရွတ်လိုက်သည်။ “ငါ မင်းအစ်ကိုကို နှင်းဆီပန်းပေးခဲ့ဖူးမယ်လို့ မထင်ဘူး”
အခြားတစ်ဖက်တွင်မူ တိတ်ဆိတ်ငြိမ်သက်နေတဲ့ မြို့တော်ဝန် ကျီက တရုတ်ချစ်သူများနေ့တိုင်း သူ့ဇနီးကို လက်ဆောင် သေးသေးလေးတွေနဲ့ ပန်းတွေ ဝယ်ပေးသည်။
ဖန်ချီ သူမဘေးနားက ခင်ပွန်းဖြစ်သူကို ကြည့်ပြီး အပြစ်ရှိသလို မခံစားဘဲ မနေနိုင်တော့ပေ။ သူမ မျက်လုံးထဲမှာ မျက်ရည်တွေ စီးကျလာသည်။
ဇနီးဖြစ်သူ စိတ်အခြေအနေ မကောင်းတာကိုမြင်တော့ မြို့တော်ဝန် ကျီက သူ့မိန်းမကို ပွေ့ဖက်ဖို့ အလျင်အမြန်သွားပြီး ပြောလိုက်သည်။ “ကိုယ် ပန်းတွေ မလိုချင်ပါဘူး။ နေ့တိုင်း အိမ်ပြန်ရောက်လာရင် မင်းတို့နှစ်ယောက် ပျော်ရွှင်နေတာကို မြင်နေရရင် အကြီးကျယ်ဆုံးသော ပျော်ရွှင်မှုကို ကိုယ်ခံစားရပြီ”
ဖန့်ရှောင်နွမ်က သူမစကားတွေက သူမယောက်မရဲ့စိတ်ကို ထိခိုက်သွားစေကြောင်း သဘောပေါက်သွားသည်။ သူမ ဆိုဖာပေါ်ရှိ ပျင်းရိနေတဲ့ ကျီဝမ်ကို အလျင်အမြန် လက်ညှိုးထိုးပြီး ပြောလိုက်သည်။ "ယောက်မ အစ်ကို့ကိုပန်းတွေမပေးဖူးပေမယ့် သူ့ကို အဖိုးအတန်ဆုံး လက်ဆောင်အဖြစ် ပေးထားတယ်မဟုတ်ဘူးလား"
မြို့တော်ဝန် ကျီနဲ့ ဖန်ချီရဲ့ အကြည့်တွေက ဆိုဖာပေါ်မှာ ထိုင်နေတဲ့ သူတို့၏သားပေါ်သို့ ကျရောက်သွားသည်။ သူ့ကိုလား?
ကျီဝမ်လည်း သူ့မိဘတွေကို ကြည့်လိုက်ပြီး ဖန့်ရှောင်နွမ်လည်း အပြစ်နည်းနည်းကင်းသွားသလို ခံစားစေသည်။
ဖန့်ရှောင်နွမ် အခိုင်အမာပြောလိုက်သည်။ “ယောက်မ၊ သူ့ကို ဆယ်လလောက် ကြိုးကြိုးစားစားလွယ်ထားပြီး မွေးထားပေးတာပဲလေ။ သူက အဖိုးတန်ဆုံးလက်ဆောင် မဟုတ်ဘူးလား။ အကယ်၍ ကျွန်မဗိုက်ထဲမှာ ကလေးရှိခဲ့ရင် ပန်းဝယ်ဖို့ ယွမ် ၄၀၀ကို သုံးနေမှာ မဟုတ်ဘူး။”
"ဒါဆို အဖိုးတန်ဆုံးလက်ဆောင်ကို မင်း ဘယ်တော့မွေးပေးမှာလဲ" ကျီဝမ် မေးလိုက်သည်။
ကျီလင်းချန်ကလည်း သူ့ဇနီးလေးကို စူးစူးစိုက်စိုက်ကြည့်ကာ သူမ အဖြေကို စောင့်မျှော်နေသည်။
ကျီဝမ် ထပ်ပြောလိုက်သည်။ “မင်းမွေးပေးချင်ရင် မြန်မြန်မွေး။ မဟုတ်ရင် ငါလက်ထပ်ပြီးလို့ မင်းထက်အရင် ကလေးမွေးလာတဲ့အခါကျမှ အကြီးတွေဘာတွေ ရှုပ်ကုန်လိမ့်မယ်။"
ဖန့်ရှောင်နွမ် အရှက်မဲ့စွာပြောလိုက်သည်။ "ငါမွေးချင်ရင် မြန်မြန်မွေးပစ်လိုက်မှာ။ အဲဒီအချိန်ရောက်ရင် နင့်သားက ငါ့သားကို ဦးငယ်လေးလို့ခေါ်ရမှာ "
သခင်ကြီး ကျီလည်း စကားဝိုင်းထဲဝင် join ပြီးပြောခဲ့သည်။ “ ရှောင်နွမ် မင်း ငယ်တုန်း ကလေးမွေးသင့်တယ်။ ကျောင်းပျက်မှာကြောက်ရင် ရတယ်နော်။ ငါက ကျန်းမာရေး ကောင်းနေသေးတာမို့ အိမ်မှာနေရင်း ကလေးကို ပြုစုစောင့်ရှောက်ပေးနိုင်တယ်”
ဖန်ချီကလည်း ကြားဝင်ပြောခဲ့သည်။ "ဟုတ်တယ်၊ မင်းက ကလေးပဲရှိသေးတယ်။ မင်း ကလေးမွေးပြီးရင် ကလေးနဲ့ သူငယ်ချင်းလုပ်လို့ရတယ်။ ဒါက ဘယ်လောက်ကြီးကျယ်လိုက်လဲ"
မြို့တော်ဝန် ကျီက ပြောခဲ့သည်။ “ဟုတ်တယ်၊ အခု ကလေးယူလိုက်ကြတော့။ မင်းရဲ့ယောက်မလည်း အားနေတာပဲ ဒါကြောင့် သူမ မင်းအတွက် ကလေးကို စောင့်ရှောက်ပေးနိုင်တယ်။ ဘွဲ့ရပြီး အလုပ်ရတဲ့အချိန်ထိ စောင့်နေရင် မင်း အားတော့မှာ မဟုတ်ဘူး။ ကိုယ်ဝန်ရှိနေချိန်မှာတောင် ကောင်းကောင်းအနားယူနိုင်မှာမဟုတ်ဘူး။ နောက်ပြီး ကျီဝမ် အိမ်ထောင်ပြုပြီး သားသမီးရလာရင် မင်းရဲ့ယောက်မက မင်းရဲ့ သားသမီးတွေကို ထိန်းပေးနိုင်မှာ မဟုတ်ဘူး”
အိမ်တော်ထိန်းကတောင် ဝင်ပြောလာသည်။ "သခင်မလေး၊ အခုမွေးရင် ကလေးကို ကျွန်မလည်း ထိန်းပေးနိုင်တယ်"
အေးစက်တဲ့ အမူအရာမျိုး ရှိလေ့ရှိတဲ့ ကျီလင်းချန်က ယခုအခါတွင် ပါးစပ်မပိတ်နိုင်လောက်အောင် ပြုံးနေလေသည်။ ပထမဆုံးအနေနဲ့ သူ့မိသားစုက အရမ်းအံ့သြစရာကောင်းတယ်လို့ ခံစားရသည်။ သူတို့က သူ့ကို အဖိုးတန် ဇနီးလေးတစ်ယောက် ရှာပေးထားရုံသာမက ကလေးယူဖို့လည်း ကူညီပေးနေကြသည်။
ဖန့်ရှောင်နွမ် ထိတ်လန့်သွားသည်။ သူမ ကျီလင်းချန်ရဲ့ အင်္ကျီလက်ကို ဆွဲကိုင်လိုက်ပြီး ချွဲကာပြောလိုက်သည်။ "ယောကျ်ား၊ ကျွန်မတို့ အခန်းထဲပြန်ကြရအောင်။ ဒီနေရာက လူသားတွေ ရှင်သန်ဖို့အတွက် မသင့်တော်ဘူး…”
ကျီလင်းချန် သူ့မိန်းမ၏ ဗိုက်ပြားချပ်ချပ်ကို ကြည့်လိုက်ကာ မေးလိုက်သည်။ "ဒါဆို ရှောင်နွမ်၊ မင်း ကိုယ်ဝန်ရှိချင်လား"