← Chapters

ဧရာမသွေးမျက်လုံးကြီးခုနစ်လုံး ( ၁ )

Vol. 5 Ch. 75

ဧရာမသွေးမျက်လုံးကြီးခုနစ်လုံး ( ၁ )

Vol. 5 Ch. 75

ရှစ်လပိုင်း၊ နွေရာသီ၊

အရှိန်တညီးညီးတောက်လောင်နေသော ကောင်းကင်ဝေဟင်ပြင်ရှိ နေမင်းကြီးသည် ၎င်း၏အပူရှိန်များကို လေထုကြီးထဲ ရောယှက်ကာ လေတိုက်အားကို အသုံးချ၍ လောကကြီးပေါ်သို့ အပူဓာတ်များ ဖြန့်ကျက်နေသည်။ သို့သော်လည်း ရာသီပြောင်းရာသီလွဲကြောင့် အပူဓာတ်က အဆုံးသတ်ကို မလွဲမသွေ ကျရောက်လာတော့မည် ဖြစ်သည်။

နောက်ဆုံးတွင် နေမင်းကြီးသည် ဝေဟင်ပြင်၌ ရပ်ကြည့်နေရုံသာ တတ်နိုင်ပြီး မြေပြင်ကို ကူကယ်ရာမဲ့စွာ ငေးကြည့်နေရင်း ပျံလွှား ပျံလာမည့်အချိန်ဖြစ်သော နှင်းဖွေးလေးများ ကျဆင်းလာမည့်အချိန်ကိုသာ စောင့်နေရသည်။

သို့သော်လည်း မြေပြင်ပေါ်ရှိ လူများနှင့် ယှဉ်လျှင် နေမင်းကြီး တည်ရှိရာနေရာသည် အဆုံးအစမဲ့ပင်လယ်ကြီး ဝန်းရံထားသည့် ထိုကျွန်းကြီးကို ပို၍ရှင်းလင်းစွာ မြင်ရပေသည်။

နန်းဟွမ်ဒေသကြီးတစ်ခုလုံးသည် အမှန်စင်စစ် ကျွန်းကြီးတစ်ကျွန်းသာ ဖြစ်သည်။

ယင်းဒေသကြီးသည် စောင်းထားသော ဘဲဥပုံစံအရာဝတ္ထုကြီးတစ်ခုနှင့် ဆင်တူပြီး အတွင်းပိုင်းကို နဂါးကြီးတစ်ကောင်အလား မြောက်မှ တောင်ဘက်နှင့် အနောက်ဘက်သို့ သွယ်တန်းရစ်ခွေနေသော တောင်တန်းကြီးတစ်ခုက လွှမ်းခြုံထားသည်။

ထိုတောင်တန်းကို အမှန်တရားတောင်တန်းဟူ၍ ခေါ်ကြသည်။

တောင်တန်း၏အနောက်ဘက်ပိုင်းက နန်းဟွမ်ဒေသကြီးတစ်ခုလုံး၏ ခုနစ်ဆယ်ရာခိုင်နှုန်းကို နေရာယူထားသည်။ ယင်းသည် နန်းဟွမ်ဒေသကြီး၌ အကျယ်ဆုံးတားမြစ်နယ်မြေဖြစ်ပြီး ဖီးနစ်တားမြစ်နယ်မြေဟူ၍လည်း သိကြသည်။

ထိုနယ်မြေထဲ၌ မည်းမှောင်နေသော တောအုပ်တစ်အုပ်ရှိပြီး ရှေးဟောင်းမြို့ပျက်များလည်း ရှိသည်။ တစ်နှစ်ပတ်လုံး မြူများ ရစ်သိုင်းနေပြီး သန္ဓေပြောင်းသားရဲအမြောက်အမြား ရှိသည်။ သိပ်သည်းထူထပ်သော ဓာတ်နှောများနှင့် မကောင်းဆိုးဝါးများလည်း မရေမတွက်နိုင်အောင် ရှိသည်။

တောင်တန်း၏အရှေ့ဘက်ပိုင်းက နန်းဟွမ်ဒေသကြီး၏ သုံးဆယ်ရာခိုင်နှုန်းကို နေရာယူထားပြီး လူသားများနေထိုင်သည့်နေရာဖြစ်သည်။

နန်းဟွမ်ဒေသကြီး၌ အလွန်အထူးကောင်းမွန်သော နေရာတစ်ခုလည်း ရှိသေးသည်။ ၎င်းသည် အမှန်တရားတောင်တန်းကြီး၏ မြောက်ဘက်ပိုင်းတွင် တည်ရှိပြီး ပင်လယ်ရေနယ်နိမိတ်နှင့် စတင်ထိစပ်ရာနေရာလည်း ဖြစ်သည်။

ထိုနေရာသည် အနောက်ဘက်ရှိ ဖီးနစ်တားမြစ်နယ်မြေကြီး၊ အရှေ့ဘက်ရှိ လူသားမျိုးနွယ်နယ်နိမိတ်၊ မြောက်ဘက်ရှိ အဆုံးမဲ့ပင်လယ်နှင့် ဟိုးအစွန်းတစ်ဖက်ရှိ အမှန်တရားတောင်တန်းကြီး၏ တောင်ဘက်ပိုင်းတို့နှင့် ထိစပ်နေသောနေရာဖြစ်သည်။

မြေမျက်နှာသွင်ပြင်အနေအထားအရ ယင်းနေရာသည် နန်းဟွမ်ဒေသကြီးတစ်ခုလုံး၏ အကြီးမားဆုံး ဆိပ်ကမ်းကြီးတစ်ခု ဖြစ်သွားသည်။ ထိုနေရာတွင် နေ့စဉ် ကုန်တင်သင်္ဘောကြီးများ ဥဒဟို ဝင်ထွက်သွားလာနေသည်။ တချို့သင်္ဘောကြီးများက ဘေးပတ်ဝန်းကျင်ရှိ တခြားကျွန်းများမှ ရောက်လာကြခြင်းဖြစ်ပြီး တချို့သင်္ဘောကြီးများကတော့ ဝမ်ကူးဒေသကြီးမှ ရောက်လာခြင်း ဖြစ်သည်။

ထိုကဲ့သို့ ထူးခြားပြီး အလွန်အရေးပါသော အချက်အချာနေရာဖြစ်သည့်အတွက် သာမန်အင်အားစုလေးများက မထိန်းချုပ်နိုင်သည်မှာ သဘာဝပင်။ ယင်းနေရာသည် ချီရွှဲ့ထုံဂိုဏ်း တောင်တန်း တည်ရှိရာ နေရာဖြစ်ပေသည်။

အဝေးတစ်နေရာမှကြည့်လျှင် ဆိပ်ကမ်းတည်ရှိရာမြို့အား နယ်မြေကြီးခုနစ်ခု ပိုင်းခြားထားသည်ကို မြင်နိုင်ပေသည်။ ဆိပ်ကမ်းက ထိုနယ်မြေခုနစ်ခုအနက် တစ်ခုသာ ဖြစ်သည်။ ထိုဒေသကြီးခုနစ်ခု ခွဲခြားထားသော မြို့ကြီးသည် လွန်စွာ ကျယ်ပြန့်လှသည်ဖြစ်၍ ခံ့ညားထည်ဝါသောမြို့ကြီးတစ်မြို့အဖြစ် ယူဆနိုင်ပေသည်။

ထိုမြို့ကြီးသည် ချီရွှဲ့ထုံဂိုဏ်း၏ အဓိကမြို့ကြီးဖြစ်သည်။

ထို့အပြင် အမှန်တရားတောင်တန်းကြီး၏ မြောက်ဘက်အစွန်ဆုံး၌ တောင်ကြီးခုနစ်တောင် တည်ရှိသည်။ တောင်တစ်တောင်ချင်းစီ၌ ပေတစ်ထောင်ကျော်မြင့်မားသော ဧရာမမျက်လုံးကြီးတစ်လုံးစီ ရှိသည်။ အရောင်အဆင်းက မတူညီကြပါသော်လည်း ဧရာမမျက်လုံးကြီးတစ်လုံးစီက စူးရှတောက်ပသောလင်းရောင်ခြည်များ ထုတ်လွှတ်နေကြပေသည်။

နေ့အခါတွင်ဖြစ်စေ၊ ညအခါတွင်ဖြစ်စေ ထိုစူးရှတောက်ပသောအလင်းတန်းများက ပျောက်ကွယ်သွားခြင်းမရှိဘဲ ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံထားသည့် မန္တန်အစီအရင်ကြီးတစ်ခုအသွင် ဖြစ်နေလေသည်။

ထိုဧရာမမျက်လုံးကြီးခုနစ်လုံးသည် သားရဲကြီးတစ်ကောင်၏ မျက်လုံးကြီးများအလား ငုံ့ကြည့်နေသည်။ ယင်းအကြည့်များသည် သွေးအေးသောအကြည့်များ ဖြစ်ကြပေရာ ကြည့်မိသူတိုင်းကို စိတ်နှလုံး တုန်လှုပ်ချောက်ချားသွားစေသည်။

ယင်းသည် ချီရွှဲ့ထုံဂိုဏ်းဟူ၍ အမည်တွင်ခဲ့ရသည့် အကြောင်းရင်း ဖြစ်ပေသည်။

( ချီရွှဲ့ထုံ ဆိုသည်မှာ သွေးမျက်လုံးခုနစ်လုံး ဟု အဓိပ္ပာယ်ရကြောင်း ရှေ့အခန်းတွင် ဖော်ပြထားခဲ့ပါသည် )

တောင်ထိပ်ခုနစ်လုံးနှင့်အတူ ဆိပ်ကမ်းတည်ရှိရာ အဓိကမြို့ကြီးသည် ချီရွှဲ့ထုံဂိုဏ်းတောင်တန်းပိုင်နက်ဖြစ်သည်။

ယင်းအနက် အဓိကမြို့ကြီးနှင့် ကပ်လျက်တွင် တည်ရှိသော သတ္တမမြောက်တောင်ထိပ်နှင့် အဝေးဆုံးတွင်ရှိနေသော ပထမမြောက်တောင်ထိပ်သည် အမြင့်မားဆုံးဖြစ်ပြီး ဧရာမလူ့ဘီလူးကြီးနှစ်ကောင် စောင့်ကြပ်နေသည့်အလား နန်းဟွမ်ဒေသတစ်ခွင်ရှိ လူဆိုးများ၊ သူခိုးများကို ကြောက်လန့်တုန်ရီသွားစေသည်။

နန်းဟွမ်ဒေသကြီးတစ်ခုလုံး၌ သုံးဆယ်ရာခိုင်နှုန်းသာရှိသော လူသားမျိုးနွယ်ပိုင်နက်မှာလည်း အန္တရာယ်များနှင့် ပြည့်နှက်နေပေသည်။

မြေရိုင်းဒေသထဲတွင်လည်း ဓာတ်နှောများဖြင့် ပြည့်နှက်နေပြီး သန္ဓေပြောင်းသားရဲများနှင့် လူဆိုးများသည်လည်း လှည့်ပတ်သွားလာနေကြသည်။

သန္ဓေပြောင်းသားရဲများက တားမြစ်နယ်မြေထဲရှိ သန္ဓေပြောင်းသားရဲများကဲ့သို့ ရက်စက်ကြမ်းကြုတ်ခြင်း မရှိပါသော်လည်း လူသားအများစုအတွက် မြို့ထဲမှ ထွက်ခွာသွားပြီးနောက် ၎င်းတို့နှင့် ထိပ်တိုက်ရင်ဆိုင်ရခြင်းသည် သေရေးရှင်ရေးအန္တရာယ်ကို ကြုံတွေ့လိုက်ရသည်နှင့် မခြားဘဲ ရှိနေပေသည်။ အထူးသဖြင့် အသက်ရှင်သန်ရန် ထွက်ပြေးနေရသည့်လူများအတွက် ဖရိုဖရဲဖြစ်နေသော မြေရိုင်းဒေသထဲတွင် သေသည်ထက် ဆိုးဝါးသောအဖြစ်အပျက်နှင့်သာ ကြုံတွေ့သွားရနိုင်သည်။

သို့ဖြစ်ပေရာ လူသားအများစုအတွက် မြို့ထဲ၌ နေထိုင်ခွင့်ရရေးသည် သူတို့၏အိပ်မက်သာ ဖြစ်ပေသည်။

ချီရွှဲ့ထုံဂိုဏ်း၏မြို့တော်သည် နန်းဟွမ်ဒေသတစ်ခွင် ထင်ရှားကျော်ကြားသည်။ ယင်းမှာ ဖွံ့ဖြိုးတိုးတက်နေသော မြို့ကြီးတစ်မြို့ဖြစ်နေသည့်အတွက်ကြောင့်သာမက ချီရွှဲ့ထုံဂိုဏ်း၏ မန္တန်အစီအရင်ကြီးက ဓာတ်နှောများကို တားဆီးပေးထားသည်ဖြစ်၍ အပြင်လောကထက် မြို့နေလူများကို အသက်ရှည်အောင် ကူညီပေးနိုင်သည့်အတွက်ကြောင့်လည်း ဖြစ်ပေသည်။

ထို့ကြောင့် ချီရွှဲ့ထုံဂိုဏ်းကို ဝင်ခွင့်ရရေးသည် လူအမြောက်အမြား၏ အိပ်မက်ဖြစ်ပေသည်။

လူမရေမတွက်နိုင်လောက်အောင် မြို့ကြီးထဲကို ဝင်ရောက်လာကြပြီး အထဲကို ရောက်သည်နှင့် ထိုလူများက ပြန်မထွက်ချင်ကြတော့ပေ။ ထိုမြို့ကြီးထဲတွင် သူတို့အိပ်မက်များနောက်သို့ လိုက်ပါစီးမျောခွင့် ရှိနိုင်သည့်အလားပင်။ သို့သော်လည်း ချီရွှဲ့ထုံဂိုဏ်း၏မြို့တော်မှ ထုတ်ပြန်ထားသော စည်းမျဉ်းများက အလွန်တရာ ရက်စက်ကြမ်းတမ်းလှသည်။

ရောက်ရှိလာကြသော လူအားလုံးကို မမြင်နိုင်သော ကျာပွတ်တစ်ချောင်းဖြင့် ရိုက်နှက်လိုက်သကဲ့သို့ ရှိပေသည်။

ထိုကျာပွတ်၏နာမည်ကား ‘ အနာခံမှ အသာစံရမည် ’ ဖြစ်ပေသည်။

ထိုစဉ် ချီရွှဲ့ထုံဆိပ်ကမ်းရှိ အဓိကမြို့ကြီး၏ အလယ်ဗဟိုတွင် ဧရာမတည်နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်ကြီးသုံးခုသည် တလက်လက်ဝင်းလက်တောက်ပနေ၏။

ထိုအစီအရင်ကြီးသုံးခုကို တြွိဂံပုံစံ စီစဉ်ထားပြီး လူများတသောသော ဝင်လာကြသည်။

တတိယမြောက်တည်နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်၌ အလင်းတန်းများ ပြိုးပြိုးပြက်ပြက်ဝင်းလက်သွားပြီး လူငယ်တစ်ယောက်၏ပုံရိပ် ပေါ်လွင်လာသည်။

ထိုလူငယ်လေး၏ ခန္ဓာကိုယ်အပေါ်ပိုင်းတွင် မည်းနက်နေသော သားရေအနွေးထည်ကြီးတစ်ထည်ရှိနေပြီး ခန္ဓာကိုယ်အောက်ပိုင်းတွင် ခပ်ပွပွဘောင်းဘီရှည်ကို ဝတ်ထားသည်။ သူ့ဘောင်းဘီရှည်၏အနားသတ်များကို ကောက်ရိုးမျှင်များဖြင့် ချည်နှောင်ထားပြီး ခြောက်သွေ့နေသော သွေးများ ရှိနေပေသည်။ သူ၏ဆံပင်များက ရှုပ်ပွနေပြီး သူ့မျက်နှာက ညစ်ပတ်ပေရေနေသည်။

သို့သော်လည်း သူ၏မျက်လုံးများသည် သောက်ရှူးကြယ်များအလား ဝင်းလက်တောက်ပနေလေ၏။

သူသည် ထွက်ပေါ်လာသည်နှင့် ဆူဆူညံညံအသံများကို ကြားလိုက်ရသည်။ လေပူများကလည်း သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို တဟူးဟူး တိုက်ခတ်လာပြီး သူ ပူလောင်အိုက်စပ်သွားရသည်။

ထိုအခြင်းအရာများသည် လူငယ်လေး၏ခန္ဓာကိုယ်နှင့် အသိစိတ်ထဲတွင် မရင်းနှီးသောခံစားချက်တစ်ခုအသွင် ပြောင်းလဲသွားသည်။

ထိုလူငယ်လေးသည် လုကျောက်မြို့မှ တည်နေရာ ရွှေ့ပြောင်းလာခဲ့သော ရွှီချင်းမှလွဲ၍ တခြားလူ မဟုတ်ချေ။

“ ငါ ရောက်ပြီပေါ့ …”

ရွှီချင်းက တည်နေရာရွှေ့ပြောင်းလာပြီးနောက် ခေါင်းထဲ တဆစ်ဆစ် နာကျင်နေရသည်။ သူက မျက်ခုံးမွေးနှစ်ခုကြားကို လက်ဖြင့် ဖိညှစ်လိုက်ပြီး မန္တန်အစီအရင်အနားတွင် ကြာကြာ မနေတော့ဘဲ အပြင်ဘက်သို့ ခပ်သွက်သွက်ထွက်လာကာ ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ရှုလိုက်သည်။

ဤနေရာရှိ အရာအားလုံးက စနစ်တကျရှိနေပေသည်။

အနက်ရောင်သံချပ်ကာဝတ် အစောင့်အကြပ်များစွာ ကင်းလှည့်နေကြပြီး စောင့်ကြပ်နေသည်။ တည်နေရာရွှေ့ပြောင်းခြင်းမန္တန်အစီအရင် အပြင်ဘက်တွင် ရှည်လျားသောနဂါးကြီးတစ်ကောင်နှင့် အသွင်တူသော လူတစ်စုရှိနေသည်။ ထိုလူအုပ်ထဲတွင် ယောက်ျားများနှင့် အမျိုးသမီးများ အပါအဝင် လူမျိုးစုံ အတူတကွ ရှိနေသည်။ မြင်းလှည်းများလည်း ရှိနေ၏။

ထိုလူများအားလုံး တည်နေရာရွှေ့ပြောင်းပြီး ရောက်ရှိလာခဲ့ကြသူများဖြစ်ကြသည်။ သူတို့တစ်ယောက်ချင်းစီ၏မျက်နှာများပေါ်တွင် ဤမြို့ထဲ၌ နေထိုင်ချင်သည့်စိတ်ဆန္ဒများ အထင်းသား ပေါ်လွင်နေသည်။ တည်နေရာရွှေ့ပြောင်းခွင့်အဖိုးအခက ပေါ့သေးသေးမဟုတ်သည်ဖြစ်၍ သူတို့ပုံစံများက ပို၍ပင် ခိုင်မာပြတ်သားသည့်အသွင် ဖြစ်နေသည်။

ဘေးပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်ပြီးနောက် ရွှီချင်းသည် အကြည့်လွှဲကာ အပြင်ဘက်ရှိ လူအုပ်ကြီးနောက်သို့ လိုက်သွားသည်။

ဤနေရာရှိ တည်နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်က လုကျောက်မြို့နှင့် မတူညီပေ။ လူတစ်ယောက်က မထွက်သွားခင် စစ်ဆေးရေးကို ကျော်ဖြတ်သွားရသည်။

ရွှီချင်းသည် အစစ်ဆေးခံနေစဉ် ခေါင်းမော့ကာ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး အတန်ငယ်ဝေးသောနေရာရှိ မည်းနက်နေသော ပင်လယ်ကြီးကို သူ မြင်လိုက်ရသည်။

All Chapters