← Chapters

အမှန်တရားပေါ်လာပြီ

Vol. 27 Ch. 441

အမှန်တရားပေါ်လာပြီ

Vol. 27 Ch. 441

ကြမ်းပြင်ပေါ်မှာ ပုံနှစ်ပုံရှိနေသည်။ ပုံထဲကတစ်ပုံက မှောက်ရက်ဖြစ်နေပြီး တစ်ပုံက အတည့်ဖြစ်သည်။ အတည့်တစ်ပုံက ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီတို့ရဲ့ဓာတ်ပုံ ဖြစ်သည်။

ချင်ယန်က ဒီပုံကိုမြင်တော့ သူမရဲ့သွေးတွေပူလာပြီး အရမ်းဖြူဖပ်သွားသည်။ သူမက ရေခဲကန်တစ်ခုထဲကို ပြုတ်ကျသွားသလိုမျိုးပဲဖြစ်သည်။ သူမရဲ့တစ်ကိုယ်လုံး ပြာနှမ်းနေသလို ခံစားလိုက်ရသည်။ ခနကြာပြီးတော့ သူမတောင့်တင်းလာပြီး ဆက်ပြီးမတ်တပ်မရပ်နိုင်တော့ပေ။ သူမက လဲကျတော့မတတ်ဖြစ်နေသည်။

‘ဒီပုံ…ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?’

ချင်ယန်ရဲ့စိတ်က အဲ့ဒီအချိန်မှာ လုံးဝဗလာနတတ္ထိဖြစ်သွားခဲ့သည်။

‘ကျန်းထောင်နဲ့ အဲ့ဒီမိန်းမရဲ့ပုံ ဖြစ်ရမှာလေ။ ဘယ်လိုလုပ် ကုန်းထျန်းဟောက်နဲ့ အဲ့ဒီမိန်းမရဲ့ပုံ ဖြစ်သွားတာလဲ?’

ကောင်းပြီလေ ၎င်းက မူလက ကုန်းထျန်းဟောက်နဲ့ ဒီမိန်းကလေးရဲ့ပုံဖြစ်သည်။ သူမက တစ်ယောက်ယောက်ကို ကုန်းထျန်းဟောက်ကို ကျန်းထောင်ဖြစ်အောင်‌ ပြောင်းခိုင်းလိုက်သည်။ ဘာကိုမှ ထိမထားပေ။

သခင်ကြီးကျန်းလိုမျိုး ဘဝင်ကိုင်တတ်တဲ့တစ်စုံတစ်ယောက်က သူမလိုမျိုးဂျူနီယာလေးက သူ့ကိုလှည့်စားရဲမှာမဟုတ်ဘူးဆိုတာကို ယုံကြည်နေလိမ့်မယ်မှန်း သူမသေချာခဲ့သည်။ ဒါကြောင့် သူမရဲ့ သက်သေကို မေးခွန်းထုတ်ဖို့ သူအချိန်ရှာခဲ့မှာမဟုတိပေ။

ပုံကိုသူ့ဆီကိုပေးဖို့ သူမသုံးခဲ့တဲ့နည်းလမ်းကိုတော့ သခင်ကြီးကျန်းက စိတ်မခုမယ်မှန်း သူမသိသည်။ လန်ဖေးယန် ရဲ့စုံစမ်းစစ်ဆေးမှုအရ ပုံထဲက မိန်းကလေးက တောသူမတစ်ယောက်သာပင်။ ကုန်းထျန်းဟောက်ရဲ့ကာကွယ်မှုနဲ့ဆိုရင်တောင် သခင်ကြီးကျန်းက သူမကို အလွယ်တကူကိုင်တွယ်နိုင်လိမ့်မည်။

ဒီတော့ ဘာတွေဖြစ်နေတာလဲ?

ကိစ္စတွေက ဘယ်နေရာမှာ မှားယွင်းသွားတာလဲ?

ဘာလို့ ကိစ္စတွေက သူမမျှော်လင့်ထားတာနဲ့ ကွာခြားနေရတာလဲ?

ဘာလို့ သခင်ကြီးကျန်းက ရုတ်တရက် ပုံတွေကိုစစ်ဆေးဖို့ ဆုံးဖြတ်လိုက်ရတာလဲ?

၎င်းက လုံးဝ သူနှင့်မတူပေ။

ချင်ယန် ပျာယာခတ်သွားသည်။ သူမက ဆောင့်ဆော့ထိုင်ချလိုက်ပြီး သူမရဲ့ဖြူဖျော့နေတဲ့လက်ဖျားထိပ်တွေနဲ့ ကြမ်းပြင်ပေါ်က ပုံကို ကောက်ယူလိုက်သည်။ သူမရဲ့လှပတဲ့မျက်လုံးတွေက သခင်ကြီးကျန်းကိုကြည့်ရင်း ကြောက်ရွံ့မှုတွေ မသက်မသာဖြစ်မှုတွေနဲ့ ပြည့်နေခဲ့သည်။

သူမက စိုးရိမ်တကြီးရှင်းပြကာ

“အဘိုး…အဘိုး။ မဟုတ်ဘူး…အဲ့လိုမဟုတ်ဘူး.. သမီး…သမီး ဘာတွေဖြစ်နေမှန်း လုံးဝမသိဘူး။ တစ်ယောက်ယောက်က သမီးကို လုပ်ကြံဖို့ ကြိုးစားနေတာ”

သခင်ကြီးကျန်းမပြောနဲ့ အိမ်တော်ထိန်းကျန်းတောင် မျက်မှောင်ကြုတ်လိုက်ကာ စိတ်ပျက်သွားပုံပေါ်သည်။ သက်သေက အရမ်းလုပ်ဆုပ်လက်ကိုင်ပြနိုင်နေတာတောင် မစ္စချင်က သူမရဲ့အမှားကို လက်မခံလိုသေးပေ။

သူမက သခင်ကြီးကျန်းကို အရူးလုပ်လို့ရမယ်များ ထင်နေတာလား?

ဒါ့ပြင် သခင်ကြီးကျန်းရဲ့ဂုဏ်အဆင့်အတန်းနဲ့ သူမလိုဂျူနီယာတစ်ယောက်ကို ကိုင်တွယ်ဖို့ ဘာလို့သက်သေအတု လုပ်ရမှာလဲ?

ဘာလို့ မစ္စချင်က အရမ်းခေါင်းမာရတာလဲ?

သခင်ကြီးကျန်းက လက်ဖက်ရည်ခွက်ကို စားပွဲပေါ်ကို ခပ်ကြမ်းကြမ်းဆောင့်ချလိုက်သည်။ ၎င်းက ဒေါင်ခနဲမြည်သွားသည်။ သူ့ရဲ့စူးရှပြီး လည်ဝယ်တဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့သည်။

သူက စိတ်မဝင်စားတဲ့လေသံ‌နဲ့မေးကာ

“မစ္စချင်၊ ဒီအဘိုးကြီးက မင်းကို လုပ်ကြံဖို့ ကြိုးစားနေတယ်လို့ ပြောတာလား?”

ချင်ယန်ရဲ့ အသက်ရှုမှုတွေ ရပ်တန့်သွားသည်။

‘မကောင်းတော့ဘူး! ငါပြောတာ မှားသွားပြီ။’

သူမသာ အမှားကို ဝန်ခံခဲ့ရင် သခင်ကြီးကျန်းက သူမကို ခွင့်လွှတ်ပေးနိုင်လောက်သေးသည်။ သခင်ကြီးကျန်း ကမ္ဘာပေါ်မှာ အမုန်းဆုံးအရာက လှည့်စားခံရပြီး အလိမ်ခံရတာဆိုတာကို သူမမေ့သွားခဲ့သည်။ ပြီးတော့ သူ့မှာ လက်ဆုပ်လက်ကိုင်ပြနေတဲ့ သက်သေမရှိရင် သူမဆီကို လာခဲ့မှာကို မဟုတ်ပေ။

သူမ အတွက်အချက်မှားသွားပြီ!

နောက်ဆုံးမှာ ချင်ယန်က အာရုံပြန်ဝင်လာခဲ့သည်။ သူမရဲ့အမှားကို ပြင်ဆင်ဖို့ အမြန်ကြိုးစားလိုက်သည်။

သူမက ချက်ချင်းပဲ

“အဘိုး သမီးမှားသွားပါတယ်”

သခင်ကြီးကျန်းက အေးစက်စွာ ထေ့ငေါ့လိုက်သည်။

သူ့ရဲ့လေသံက စက်ဆုပ်မှုတွေ ပျက်ရယ်ပြုမှုတွေနဲ့ပြည့်နေကာ စိတ်မဝင်စားစွာပြောရင်း

“ဟမ့်၊ မင်းဘယ်လိုလုပ်မှားနိုင်မှာလဲ? မစ္စချင်၊ တကယ်တမ်း မှားတဲ့သူရှိကြေးဆိုရင် မင်းကိုယုံမိတဲ့ ငါပဲပေါ့။ မင်းကြောင့်ပဲ ငါအများကြီးဆုံးရှုံးသွားရတာ။"

ဖြစ်ရပ်တစ်ခုလုံးက အိပ်မက်ဆန်နေတယ်လို့ ချင်ယန်ခံစားလိုက်ရသည်။ သူမ ပိုပြီးတော့တောင် စိုးရိမ်ထိတ်လန့်လာသည်။ ဒီဟာရဲ့ နောက်မှာ တစ်စုံတစ်ခုရှိနေမယ်မှန်း သူမသေချာနေသည်။

“အဘိုး၊ ကျေးဇူးပြုပြီး အဲ့လိုမပြောပါနဲ့”

ချင်ယန်က အရမ်းကြောက်ရွံ့ပြီး စတင်ငိုလိုက်သည်။

“သမီး…သမီးရဲ့အမှားကို ဝန်ခံဖို့ အရမ်းကြောက်နေခဲ့လို့ပါ။ အဘိုးက သမီးကိုအပြစ်တင်ပြီး ထပ်သဘောမကျတော့မှာ ကြောက်ခဲ့လို့ပါ”

ဒီတစ်ကြိမ်မှာတော့ ချင်ယန်က သရုပ်ဆောင်နေတာ မဟုတ်တော့ပေ။ သူမအရမ်း ‌ကြောက်ရွံ့နေသည်။ သူမရဲ့အသံတောင် တုန်ယင်နေသည်။

“အဘိုး”

သခင်ကြီးကျန်းက သူ့ရဲ့နှုတ်ခမ်းတွေကို စေ့ထားပြီး သူမကိုအေးစက်စက်ကြည့်နေတာကိုပဲ ချင်ယန်မြင်လိုက်သည်။ ချင်ယန်က ကြောက်စိတ်မွှန်သွားခဲ့သည်။ သူမဘယ်လောက်ပဲ ထက်မြက်ပြီး လျှို့ဝှက်ကြံစည်တတ်ပါစေ အခုအချိန်မှာတော့ သူမ ဘာလုပ်ရမယ်မှန်းမသိချေ။

သူမ ဒီအခြေအနေကို ဘယ်လိုကယ်တင်နိုင်မှာလဲ?

သူမရဲ့စေ့စပ်မှုသာ ဖျက်သိမ်းခံလိုက်ရရင် သူမအရှက်ရသွားမှာဖြစ်ပြီး ချင်မိသားစုကလည်း ကြီးမားတဲ့ထိုးနှက်မှုတစ်ခုနဲ့ ရင်ဆိုင်ရလိမ့်မည်။ ပြီးတော့ ချင်မိသားစုက ပိုပြီးအင်အားကြီးလာဖို့ ဒီလက်ထပ်ပွဲကို လိုအပ်သည်။ ပိုများပြားတဲ့အကျိုးရလဒ်တွေကိုရရှိဖို့ မိသားစုနှစ်ခုလုံးက မဟာမိတ်ဖွဲ့ကြလိမ့်မည်။

“အဘိုး”

ချင်ယန်က ရုတ်တရက်ဒူးထောက်လိုက်ပြီး ကျယ်လောင်စွာငိုကြွေးကာ

“အဘိုး သမီးအရမ်းကြောက်နေလို့ပါ။ အဲ့ဒါကြောင့် သမီးအမှားကို ဝန်မခံရဲခဲ့တာ။ သမီးရဲ့ မသိနားမလည်မှုနဲ့ အမှားကို ခွင့်လွှတ်ပေးဖို့ အဘိုးကိုတောင်းပန်ပါတယ်၊ နော်? သမီး နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး”

ချင်ယန်ရဲ့အသနားခံမှုက ကျောက်တုံးတစ်တုံးကိုတောင် လှုပ်ရှားစေလိမ့်မည်။ ပြီးတော့ သူမက မြို့တော်မှာ နံပါတ်တစ်အလှလေးလေ။ သူမက အရမ်းနူးနူးညံ့ညံ့နဲ့ သနားဖွယ် ငိုကြွေးနေသည်။ လူတွေမပြောနဲ့ သူမကြောင့် ကျောက်တုံးတွေတောင် လှုပ်ရှားခံစားနိုင်လိမ့်မည်။

ဒါပေမယ့်လည်း သူမက ကျောက်တုံးထက်ပိုမာကျောတဲ့တစ်စုံတစ်ယောက်ကို ရင်ဆိုင်နေရတာဖြစ်သည်။ သူ့မျက်လုံးထဲမှာတော့ အကျိုးအမြတ်ကို ထည့်သွင်းစဉ်းစားမှုကလွဲရင် ဘာမှမရှိပေ။ သူက သူမကို အေးစက်စွာ ကြည့်လိုက်သည်။ သူမကို ခွင့်လွှတ်မယ် မလွှတ်ဘူးဆိုတာကို သူမပြောခဲ့ပေ။ အဲ့ဒီအစား သူက တင်းတင်းမာမာမေးကာ

“ချင်ယန် ငါ့ကိုပြော၊ ပုံထဲက မိန်းကလေးကိုဖယ်ရှားဖို့ မင်းဘာလို့ ငါ့လက်ကို အသုံးပြုချင်ရတာလဲ? ကုန်းထျန်းဟောက်ကြောင့်လား?”

***

All Chapters