လောဘ
Vol. 27 Ch. 445
“ယွီအာ ဘာဖြစ်လို့လဲ?”
ကုန်းထျန်းဟောက်က ရှောင်လင်းယွီရဲ့ခန္ဓာကိုယ်ကို ကိုင်ထားလိုက်ပြီး သူမခန္ဓာကိုယ်တုန်ယင်နေတာကို ခံစားမိလိုက်တော့ စိုးရိမ်စွာမေးလိုက်သည်။
“ကျွန်မ အဆင်ပြေပါတယ်။ ကျွန်မ ရုတ်တရက် ချမ်းစိမ့်စိမ့်ဖြစ်လာလို့”
ကုန်းထျန်းဟောက်ရဲချောမောတဲ့မျက်နှာက နားမလည်နိုင်စွာပြောရင်း မျက်မှောင်ကြုတ်သွားကာ
“ချမ်းလို့တုန်တယ်? ဒါပေမယ့် အခုက ဆောင်းတွင်းတောင် မရောက်သေးဘူးလေ? မင်း အအေးမိနေတာလား?”
ရှောင်လင်းယွီက ကိုယ်ဝန်ရှိနေသည်။ သာမန်အဖျားတစ်ခုကတောင် သူမအတွက် အန္တရာယ်ဖြစ်နိုင်သည်။ သူမရဲ့အစားအသောက်ပုံစံကို ဂရုစိုက်ဖို့ လိုအပ်သည်။ သူမ ဘာဆေးမှမသောက်ရင် အကောင်းဆုံးပဲဖြစ်သည်။ ဒါကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတော်တော်များများက ရေနွေးများများသောက်ဖို့ ကြိုးစားကြသည်။
ရှောင်လင်းယွီရဲ့ ရုတ်တရက်တုန်ယင်လာမှုကို ကုန်းထျန်းဟောက် သတိပြုမိလိုက်တော့ သူမအအေးမိနေမှာမှန်း သူစိုးရိမ်သွားခဲ့သည်။
ရှောင်လင်းယွီက ခေါင်းခါကာ
“အအေးမိတာလို့ ကျွန်မမထင်ဘူး။ တစ်ယောက်ယောက်က ကျွန်မကို ကျိန်ဆဲနေတာဖြစ်မှာ”
သူမရဲ့ဟာသက ဘယ်လောက်စစ်မှန်နေမှန်း သူမမသိခဲ့ချေ။
ပြီးတဲ့နောက်မှာ ကုန်းထျန်းဟောက်က ၎င်းကို အရေးတယူပြုလိုက်သည်။ ရှောင်လင်းယွီက ထောင်ယွမ်ရွာက ရွာသားနှစ်ယောက်ကို ထောင်ထဲပို့ပြီးသွားပြီဖြစ်သည်။ လူတွေ သူမကို ကျိန်ဆဲတာက အံ့ဩစရာတော့မဟုတ်ပေ။
ရှောင်လင်းယွီက ရယ်မောကာ
“မစိုးရိမ်ပါနဲ့ အအေးမိတာမဟုတ်ပါဘူး။ တစ်ယောက်ယောက်က ကျွန်မနောက်ကွယ်မှာ ပြောဆိုနေတာလို့ တကယ်ထင်တယ်။ သွားကြစို့”
သူတို့က ထိုက်ပင်ကွင်းကို သွားခဲ့ကြသည်။ ရှောင်လင်းယွီက မြေပဲသုံးမူ၊ ပဲပိစပ်သုံးမူနဲ့ နဂါးမောက်သီးသုံးမူကို စိုက်ပျိုးခဲ့သည်။ နဂါးမောက်သီးပင်တွေက နောက်နှစ်ကျရင်တော့ အသီးသီးလောက်မည်။
ရှောင်လင်းယွီက ကန်စွန်းဥတွေနဲ့ အာလူးတွေစိုက်ဖို့ ကျန်နေတဲ့မြေတွေကို အသုံးပြုခဲ့သည်။ သဲမြေက ကန်စွန်းဥတွေနဲ့ အာလူးတွေစိုက်ဖို့အတွက် အရမ်းသင့်တော်သည်။
ဒါပေ့ါ ရှောင်လင်းယွီမှာ ကိုယ်ပိုင်အစီအစဉ်တွေရှိတယ်လေ။ ကန်စွန်းဥတွေကို အစိမ်း၊ ပြုတ်ပြီး စားနိုင်ပြီး အဓိကအဖြစ်လည်း စားသုံးနိုင်သည်။ ဒါပေမယ့်လည်း ကန်စွန်းဥတွေမှာ နောက်ထပ်အသုံးချမှုတစ်ခု ရှိသည်။ သူတို့ကို ဂျုံထုတ်ဖို့ သုံးနိုင်သည်။
အာလူးတွေအတွက်လည်း အတူတူပဲဖြစ်သည်။ သူတို့ကိုလည်း ဂျုံနဲ့ခေါက်ဆွဲတွေ ပြုလုပ်နိုင်သည်။ ရှောင်လင်းယွီ စိုက်ပျိုးချင်တဲ့အရာတွေ အများကြီးရှိသည်။
သူမမှာ အရာအားလုံးအတွက် အစီအစဉ်တစ်ခုရှိသည်။ ဒါပေမယ့်လည်း သူမက ကိုယ်ဝန်ရှိနေတဲ့အတွက် လုပ်ချင်တာတွေကို သည်းခံထားရသည်။ အနာဂတ်အကျိုးအမြတ်နဲ့ ရောင်းချမှုတွေအတွက် သူမစိတ်မပူပေ။
ဒါ့ပြင် သူမရဲ့အမျိုးသားလောင်းကလည်း ကမ္ဘာပေါ်မှာ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး သူမမှာ အစွမ်းအစရှိတဲ့လက်ထောက်နှစ်ယောက်လည်း ရှိနေပြီဖြစ်သည်။ သူမရဲ့ ကျန့်ယောင်ကျူနဲ့ပူးပေါင်းမှုက စတော်ဘယ်ရီစီးပွားရေးပြီးကတည်းက ကြီးပွားတိုးတက်လာခဲ့သည်။ စတော်ဘယ်ရီတွေပြီးတော့ ရှောင်လင်းယွီက ဘာလက်လီရောင်းသမားမှ မလိုအပ်တော့ပေ။ သူမရဲ့ဆိုင်က အားလုံးကို ရောင်းချနိုင်သည်။ သူမရဲ့သီးနှံတွေကို ဒေသတွင်းမှာပဲ ရောင်းချပစ်နိုင်သည်။
ထောင်ယွမ်ရွာက ရွာသားတွေက ရှောင်လင်းယွီရဲ့ တောင်းဆိုနှုန်းအတိုင်း အသီးအနှံတွေ စိုက်ပျိုးခဲ့သည်။ ၎င်းတို့က သူမမိသားစုကသီးနှံတွေလောက်တော့ အရသာမကောင်းပေမယ့်လည်း စမ်းရေနဲ့ ကြီးပြင်းနေကြတုန်းဖြစ်သည်။ ၎င်းတို့က ဈေးမှာရောင်းနေတဲ့အသီးအနှံတွေထက်တော့ ပိုကောင်းသည်။ ဒါကြောင့် သူတို့ရဲ့ ရောင်းဈေးက ဈေးကရောင်းဈေးထက် အနည်းငယ်ပိုမြင့်သည်။ ဒါပေမယ့်လည်း ရှောင်လင်းယွီရဲ့ သီးနှံတွေထက်တော့ သက်သာဆဲဖြစ်သည်။
ရှင်းယင်ခရိုင်ထဲက တချို့တွေအတွက်တော့ ထောင်ယွမ်ရွာလတ်ဆတ်သောသစ်သီးနှင့် အသီးအရွက်များကို နေ့တိုင်းဝယ်ယူဖို့ မတတ်နိုင်ကြပေ။ ဒါပေမယ့်လည်း ထောင်ယွမ်ရွာက အသီးအနှံတွေက ပုံမှန်ဈေးထက်ကထက် ပိုကောင်းမွန်နေဆဲဖြစ်သည်။ ဆိုင်ပေါ်ကထက်လည်း ပိုသက်သာသည်။ ဒါကြောင့် ၎င်းတို့ကလည်း ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုပဲ ဖြစ်သည်။
ထောင်ယွမ်ရွာက ကြီးမားသည်။ ပြီးတော့ အိမ်ထောင်စုတိုင်းက အသီးအနှံတွေ စိုက်ကြသည်။ ရှောင်လင်းယွီရဲ့ဆိုင်က ၎င်းတို့ကို ထပ်တောင် မဆံ့တော့ပေ။
ရှောင်လင်းယွီက ၎င်းကို ထည့်သွင်းစဉ်းစားပြီး သုံးထပ်အဆောက်အုံတစ်ခု ဝယ်လိုက်သည်။ တစ်ထပ်စီက မီတာ၅၀၀ ၆၀၀ ပတ်လည်ရှိသည်။ ဒါကြောင့် အဆောက်အအုံတစ်ခုလုံးက မီတာ၁၀၀၀ကျော်သည်။ သူမက ၎င်းကို အသီးအနှံစူပါမားကတ်အနေနဲ့ အသုံးပြုသည်။ ဒါပေမယ့်လည်း ဒုတိယထပ်နဲ့ တတိယထပ်ကတော့ ယာယီလွတ်နေသည်။ သူမက ထောင်ယွမ်ရွာကစိုက်ပျိုးထားတဲ့ အသီးအနှံတွေကိုရောင်းချဖို့ ပထမထပ်တစ်ခုတည်းကိုပဲ အသုံးပြုသည်။
ရှောင်လင်းယွီက သူမချုပ်ဆိုထားတဲ့ စာချုပ်အပေါ်အခြေခံပြီး အသီးအနှံတွေအားလုံးဝယ်ယူလိုက်သည်။ သူမက ဆုံးရှုံးမှုရော အကျိုးအမြတ်တွေအားလုံးကိုပါ ကြုံတွေ့ခံစားခဲ့ရသည်။ သူမက ရွာသားတွေကို သင့်တင့်တဲ့ဈေးနှုန်းတစ်ခု ပေးခဲ့သည်။ သူမက ၎င်းတို့ကို ဒိုင်ဈေးနဲ့မဝယ်ယူခဲ့ဘဲ မားကတ်ဈေးနဲ့ ဝယ်ယူခဲ့သည်။
ဥပမာဆိုရရင် ဂေါ်ဖီထုပ်အတွက်မားကတ်ဈေးက တစ်ကျင်ကို ၈၀ဆင့်ဖြစ်သည်။ ဒါကြောင့် ရှောင်လင်းယွီက ၎င်းတို့ကို ရွာသားတွေဆီကနေ ၆၀ဆင့်နဲ့ဝယ်ယူခဲ့သည်။ ဒါပေမယ့် သူမရဲ့စူပါမားကတ်မှာတော့ တစ်ကျင်ကို ၁.၂ယွမ်နဲ့ရောင်းချသည်။ ပြီးတော့ သူမက ကုန်ကျစရိတ်၊ ဆိုင်ခ၊ အလုပ်သမားစရိတ်၊ သယ်ယူပို့ဆောင်ရေးစရိတ်နဲ့ တခြားအသုံးစရိတ်တွေကို စာရင်းပြုစုရသေးသည်။
ရွာထဲကလူတွေက တစ်ချက်လောက်ကြည့်ရှုလေ့လာဖို့ ရှောင်လင်းယွီရဲ့စူပါမားကတ်ကို သွားခဲ့ကြသည်။ ရှောင်လင်းယွီက သူတို့ဆီကနေ ဈေးသက်သက်သာသာနဲ့ အသီးအနှံတွေကို ဝယ်ခဲ့မှန်း သိသွားကြတော့ စိတ်မကောင်းဖြစ်သွားကြသည်။ ရှောင်လင်းယွီက အနည်းငယ်မရိုးမဖြောင့်ဘူးလို့တောင် တချို့တွေ ခံစားမိခဲ့ကြသည်။
သူမရဲ့တစ်ရွာတည်းသားတွေကို ဘယ်လိုလုပ် လိမ်လည်ပရိယာယ်ဆင်နိုင်ရတာလဲ?
ရှောင်လင်းယွီက ဒါကိုကြားတော့ အေးစက်စွာနဲ့
“အရင်က ရှင်တို့ဂေါ်ဖီထုပ်တွေကို ဘယ်လောက်နဲ့ရောင်းခဲ့တာလဲ? တစ်ကျင်ကို ၂ဆင့် ၃ဆင့်နဲ့လေ ဟုတ်တယ်မလား? ကျွန်မအခု သူတို့တွေကို ဘယ်လောက်နဲ့ဝယ်လိုက်တာလဲ?”
ဒီလူတွေက လောဘကြီးကြသည်!
သူမက သူတို့ကို အရမ်းကြင်နာငဲ့ညှာနေပေမယ့် တချို့လူတွေက ဘယ်တော့မှ အလိုမကျကြပေ။
ရှောင်လင်းယွီက အေးစက်စွာနဲ့
“ကျွန်မက စီးပွားရေးသမားတစ်ယောက်ပဲ။ နောက်ဆုံးကျရင် ကျွန်မ အမြတ်ဆီ လှည့်ရမှာပဲ။ ကျွန်မဆိုင်မှာ အသီးအနှံတွေ ဘယ်လောက်ဈေးကြီးနေတယ်ဆိုတာပဲ ရှင်တို့မြင်ပြီးတော့ ကျွန်မ ဆိုင်အတွက် လစဉ်ပေးရတဲ့ ငှားရမ်းခကို ထည့်စဉ်းစားဖူးရဲ့လား? ကျွန်မရဲ့ အလုပ်သမားခတွေကကော? ပြီးတော့ သယ်ယူပို့ဆောင်ခတွေရော။ မရောင်းလိုက်ရတဲ့ အသီးအနှံတွေ အအတွက်ကရော?”
ပြီးနောက်မှာ ရှောင်လင်းယွီက မျက်မှောင်ကျုံ့ကာ
“ကျွန်မကတကယ် ဉာဏ်ဆင်တဲ့သူလို့ ရှင်တို့ထင်ရင် ရှင်တို့အရောင်းပစ္စည်းတွေကို ကျွန်မကိုရောင်းဖို့မလိုဘူး။ ဒါပေမယ့်လည်း ရှင်တို့က ကျွန်မနဲ့ စာချုပ်တစ်ခုချုပ်ထားတယ်။ ရှင်တို့စာချုပ်ကိုဖျက်လိုက်ရင် အရင်ဆုံး ဒဏ်ကြေးပေးရလိမ့်မယ်”
အမှန်အတိုင်းဆိုရင် ရှောင်လင်းယွီမှာ ပိုက်ဆံမရှိတာ မဟုတ်ပေမယ့် သူမက ဒီလူတွေကို အမြတ်ထုတ်မခံနိုင်ပေ။ သူမက လူတိုင်း တက်နင်းသွားလို့ရတဲ့ ခြေသုတ်ဝတ်တစ်ခုမဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် သူမက ဒီလူတွေကိုရော ဘာလို့အလုပ်အကျွေးပြုနေရမှာလဲ?
***