← Chapters

ရုတ်တရက်ကျမိသောမျက်ရည်များ

Vol. 27 Ch. 446

ရုတ်တရက်ကျမိသောမျက်ရည်များ

Vol. 27 Ch. 446

ကုန်းထျန်း‌ဟောက်နဲ့ ရှောင်လင်းယွီက ထိုက်ပင်အခင်းကိုလာခဲ့ပြီး ကောင်းမွန်စွာကြီးထွားနေတဲ့အပင်တွေကို ကြည့်ရှုခဲ့ကြသည်။

ကုန်းထျန်းဟောက်ရဲ့မျက်လုံးတွေ လင်းလက်သွားကာ

“ယွီအာ ဒီဟာတွေက တကယ်ကောင်းကောင်းမွန်မွန်ကြီးထွားနေတာပဲ”

“ဟုတ်တယ်!”

“ဒါ…ဒါကန်စွန်းဥနွယ်တွေလား?”

“မဟုတ်ဘူး ဒါကအာလူး”

ကုန်းထျန်းဟောက်ရဲ့နားရွက်တွေ နီရဲလာသည်။ သူက စိုက်ပျိုးရေးနဲ့ပက်သက်လာရင် တကယ့်ကို ထုံပေသည်။ သူက အကြည့်တစ်ချက်နဲ့တင် အကုန်လုံးကို မှတ်မိနိုင်တဲ့သူဖြစ်ကာ ပညာရပ်ဆိုင်ရာဗဟုသုတမျိုးစုံမှာ မာစတာပင်။ ဒါပေမယ့်လည်း စိုက်ပျိုးရေးနဲ့ဆက်စပ်နေတဲ့အရာတွေလာရင်တော့ အသိပညာတွေက သူ့ခေါင်းထဲမှာ မနေနိုင်တော့ပေ။

သူက မှားယွင်းမှုမရှိဘဲ အသီးအနှံပင်တွေကို မှတ်မိခဲသည်။ သူက မြေပဲကို ပဲပိစပ်တွေနဲ့၊ အာလူးကို ကန်စွန်းဥတွေအနေနဲ့ အထင်မှားလေ့ရှိတာကြောင့် ရှောင်မိသားစုကြားထဲမှာ ရယ်စရာကောင်းနေခဲ့သည်။

“ဒါကိုယ့်အမှားမဟုတ်ဘူးလေ။ သူတို့က အရမ်းဆင်တူတာကိုး”

ကုန်းထျန်းဟောက်က အနည်းငယ်ရှက်ရှက်နဲ့ပြောလိုက်သည်။

“…”

ရှောင်လင်းယွီက ဆွံ့အစွာ မျက်လုံးလှည့်လိုက်ပြီး

“ဆင်လို့လား? လုံးဝမဆင်ပါဘူး”

ကန်စွန်းဥတွေနဲ့ အာလူးတွေရဲ့ တစ်ခုတည်းသောဆင်တူချက်က မြေကြီးပေါ်မှာ ပေါက်ကြတာပဲဖြစ်သည်။ မြေပဲတွေနဲ့ ပဲပိစပ်တွေအတွက်ကတော့ သူတို့က ဘယ်လိုဆင်တူတယ်လို့ ကုန်းထျန်းဟောက်ထင်နေမှန်း ဘုရားပဲသိလိမ့်မည်။

ကုန်းထျန်းဟောက်က နှုတ်ခမ်းစူကာ

“ဒါပေမယ့် သူတို့က တကယ် ကိုယ့်အတွက်ဆင်တူတယ်။ ခွဲပြီးတော့တောင် မပြောနိုင်ဘူး”

“…”

ရှောင်လင်းယွီက သူမနဖူးကို ပွတ်လိုက်ပြီး

“ထားလိုက်တော့။ ကျွန်မတို့ ဒီမေးခွန်းကို အကြိမ်တစ်ရာကျော်ကျော်လောက် ငြင်းခုံပြီးပြီ”

စိုက်ပျိုးရေးနဲ့ပက်သက်လာရင် ဒီစီးပွားရေးဉာဏ်ကြီးရှင်က ဒီလိုပြဿနာမျိုးရင်ဆိုင်ရလိမ့်မယ်လို့ သူမထင်မထားခဲ့ပေ။ ဒါပေမယ့် ၎င်းက သူ့ကို နည်းတစ်မျိုးနဲ့တော့ လူသားဆန်စေသည်။ ၎င်းက သူသည်လည်း မပြည့်စုံဘူးလို့ ဆိုလိုနေခြင်းဖြစ်သည်။

အစပိုင်းကတည်းက ကုန်းထျန်းဟောက်က အရာရာစွမ်းဆောင်နိုင်တယ်ဆိုတဲ့ ခံစားချက်မျိုး သူမကိုပေးခဲ့သည်။ သူက အလွန်အမင်းကိုထက်မြက်ပြီး ချောမောခန့်ညားသည်။

ဒါပေမယ့်လည်း သီးနှံတွေနဲ့ပက်သက်လာရင် သူက ပန်းဂေါ်ဖီနဲ့ ဟင်းရွက်ထုပ်ကြားထဲက ကွာခြားချက်ကိုတောင် မပြေနိုင်ပေ။ သူက လယ်သမားတစ်ယောက်ဖြစ်ဖို့ မွေးဖွားလာတာမဟုတ်ပေ။

ရှောင်လင်းယွီက သီးနှံတန်းတွေကြားထဲ လမ်းလျှောက်ခဲ့ပြီး ၎င်းတို့ကို ‌လေ့လာခဲ့သည်။ သူတို့ကို ခူးဆွတ်ဖို့အဆင်သင့်ဖြစ်တဲ့အခါဆိုရင် သူမ မီးဖွားတော့မယ့် အချိန်ပတ်ဝန်းကျင်ဖြစ်လောက်သည်။ ၎င်းက နောက်ထပ်တစ်လဝန်းကျင်မှာဖြစ်သည်။

ကုန်းထျန်းဟောက်က သီးနှံတွေကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။

“ကိုယ်တို့သားလေးက တကယ်ကံကောင်းတာပဲ။ သူမွေးလာတဲ့အခါ နွေဦးကောက်ရိတ်ရာသီထဲ ဖြစ်မှာ။ ဒါက သူ့တစ်ဘဝလုံး အစားအစာအတွက် စိုးရိမ်စရာမလိုဘူးလို့ ဆိုလိုတယ်လို့ ရွာသားတွေပြောတယ်မလား?”

ရှောင်လင်းယွီက ပြုံးကာ

“ရှင်က အယူသီးလိမ့်မယ်လို့ ကျွန်မထင်မထားဘူး”

ကုန်းထျန်းဟောက်က လေးလေးနက်နက်နဲ့

“ကိုယ်က အယူသီးနေလို့လား? ကိုယ်တို့ကလေးက ကောင်းချီးပေးခံရတာလို့ တကယ်ယုံတယ်”

“ကောင်းချီးပေးခံရတယ်?”

ရှောင်လင်းယွီက အနည်းငယ်မူးနောက်သွားသည်။ သူမရဲ့အရင်ဘဝမှာ ရှောင်ထုန်က တူညီတဲ့အချိန်ပတ်ဝန်းကျင်မှာပဲ မွေးလာခဲ့သည်။ သူမွေးလာတော့ သူ့မိသားစုက ပျက်ဆီးနေပြီဖြစ်သည်။ သူမွေးလာပြီးတဲ့အခါ ရွာသားတွေရဲ့ ပျက်ရယ်ပြုခြင်းကို ခံခဲ့ရသည်။ သူက စက်ဆုပ်ခံ၊ အထင်အမြင်သေးခံခဲ့ရပြီး မကောင်းတဲ့ကလေးလို့ အခေါ်ခံခဲ့ရသည်။ သူ့ရဲ့အမေအရင်းက သူ့ကို လျစ်လျူရှုပြီး မုန်းတီးခဲ့သည်။

ရှောင်လင်းယွီက ကိုယ်ဝန်ရှိနေတုန်းက မကြာခနမူးဝေခဲ့သည်။ သူမက အများကြီး မစားပေ။ ရလဒ်အနေနဲ့ ရှောင်ထုန်က မွေးလာပြီးတဲ့နောက်မှာ အားနည်းပြီး ဖျားနာခဲ့သည်။ ရက်အနည်းငယ်တိုင်း သူက ဆေးထိုးသွင်းဖို့ ဆေးရုံကို သွားခဲ့ရသည်။ အမေတစ်ယောက်အနေနဲ့ သူမက ရှောင်ထုန်ကို ဘယ်တုန်းကမှ မပွေ့ဖက်ခဲ့ပေ။

ရှောင်ထုန်က ကောင်းချီပေးခံရတာလား?

မဟုတ်ပေ သူက သနားစရာကောင်းပြီး သောကရောက်ဖို့ကောင်းသည်။ ၎င်းက သူ့မှာ တာဝန်မယူတတ်တဲ့ အမေတစ်ယောက်ရှိနေလို့ဖြစ်သည်။

အဲ့ဒီအချိန်မှာ ရှောင်လင်းယွီတစ်ယောက် အလိုလိုနေရင်း မျက်ရည်များကျလာတော့သည်။ သူမရဲ့အရင်ဘဝမှာ လုပ်ခဲ့တာတွေကို နောင်တရခဲ့သည်။ သူမ ၎င်းထက်ပိုပြီး အရှက်မရှိသလို မမိုက်မဲနိုင်တော့ပေ။

သူမက ဘာလို့ ဘာမှမသိတဲ့ ကလေးတစ်ယောက်အ‌ပေါ်ကို အပြစ်တင်နိုင်ရတာလဲ?

“ယွီအာ ယွီအာ”

ကုန်းထျန်းဟောက်က ရှောင်လင်းယွီရဲ့ နီရဲနေတဲ့မျက်လုံးတွေကိုမြင်တော့ ထိတ်လန့်သွားသည်။

“ယွီအာ”

ကုန်းထျန်းဟောက်က တတိယအကြိမ်ခေါ်လိုက်သည်။ သူက ရှောင်လင်းယွီရဲ့ ပခုံးကို ဆွဲလိုက်ပြီး နောက်ဆုံးမှာ သူမကို အသိဝင်စေလိုက်သည်။

ရှောင်လင်းယွီက အသိပြန်ဝင်လာပြီး ကုန်းထျန်းဟောက်ရဲ့ စိုးရိမ်နေတဲ့မျက်လုံးတွေကို ကြည့်လိုက်သည်။ သူမက နားမလည်နိုင်တဲ့ အမူအယာနဲ့

“ဘာဖြစ်လို့လဲ?”

ကုန်းထျန်းဟောက်က စိုးရိမ်ပုံပေါ်နေပြီး စိတ်ပူစွာ မေးလိုက်ကာ

“ကိုယ်ကမှ အဲ့လိုမေးသင့်တာ။ မင်းဘာလို့ ရုတ်တရက်ကြီး ငိုနေရတာလဲ?”

ရှောင်လင်းယွီက နားမလည်နိုင်စွာနဲ့

“ကျွန်မငိုနေတာလား?”

ပြီးတဲ့နောက်မှာ သူမမျက်လုံးတွေကို လက်နဲ့သုတ်လိုက်သည်။ သူမလက်ချောင်းတွေပေါ်က စိုစွတ်မှုကို ခံစားမိလိုက်သည်။ သူမက ရေရွတ်ကာ

“ကျွန်မ တကယ်ငိုနေတာပဲ”

သူမက ရှောင်ထုန်အကြောင်း တွေးတဲ့အခါတိုင်း ငိုသည်။ ရှောင်ထုန်မှာ တကယ့်ကို ကြမ်းတမ်းတဲ့ဘဝတစ်ခုရှိခဲ့သည်။

ကုန်းထျန်းဟောက် “…”

ယွီအာက သူငိုနေတာကိုတောင် မသိဘူးလား?

သူ့အမူအယာက ပိုပိုပြီး စိုးရိမ်လာသည်။

ဘာလို့ ယွီအာ ငိုနေရတာလဲ?

သူအရင်က ဝမ်းနည်းဖို့ကောင်းတဲ့တစ်ခုခုအကြောင်း တွေးနေတာလား?

အဲ့ဒါ ငါပြောလိုက်တဲ့ တစ်ခုခုလား?

ကုန်းထျန်းဟောက်က စိုးရိမ်တကြီးနဲ့ စိတ်ပူစွာ မေးကာ

“ယွီအာ ဘာဖြစ်တာလဲ? ကိုယ့်ကိုပြောပြပါ နော်? မင်းက ကိုယ့်ကို စိုးရိမ်အောင် လုပ်နေတာပဲ”

ဒါမျိုး အရင်ကတည်း အကြိမ်ရေအနည်းငယ်ဖြစ်ဖူးသည်။ သူတို့က စကားပြောနေရင်းနဲ့ကို ရှောင်လင်းယွီက သတိပေးချက်မရှိဘဲ မျက်ရည်တွေကျလာတတ်သည်။ ကုန်းထျန်းဟောက်က အဲ့ဒီအခေါက်တွေကို တွေးမိသွားပြီး ၎င်းတို့အားလုံးက သူတို့ကလေးအကြောင်း ပြောနေတဲ့အခါမှာ ဖြစ်ပျက်ခဲ့မှန်း သဘောပေါက်သွားသည်။

ကုန်းထျန်းဟောက်က မျက်လုံးကျုံ့လိုက်ပြီး ရှောင်လင်းယွီကို စိုက်ကြည့်လိုက်သည်။ ပြီးနောက်မှာ သူ

“ယွီအာ မင်းဘာလို့ငိုနေတာလဲ? ဆိုးရွားတာတစ်ခုခုကို မှတ်မိသွားလို့လား? ကိုယ်တို့ကလေးအကြောင်းပြောတဲ့အခါတိုင်း မင်းဘာလို့ အမြဲငိုနေရတာလဲ?”

ကုန်းထျန်းဟောက်က ရှောင်လင်းယွီရဲ့လက်တွေကို သူ့ရင်ဘတ်ပေါ်မှာ တင်းတင်းဆုပ်ထားလိုက်သည်။ သူ့မျက်လုံးထဲမှာ အသနားခံတဲ့အကြည့်နဲ့

“ယွီအာ မင်းကိုယ့်ကို ပြောပြနိုင်လား? ကိုယ်တို့တွေ ကလေးအကြောင်းပြောတဲ့အခါတိုင်း မင်းငိုတာကို ကိုယ်သတိထားမိတယ်”

ရှောင်လင်းယွီက အံ့ဩသွားသည်။ သူမ ခေါင်းကိုမော့လိုက်ပြီး ကုန်းထျန်းဟောက်ရဲ့ လေးနက်တဲ့မျက်လုံးတွေကို ကြည့်မိလိုက်ကာ သူမမျက်လုံးအိမ်တွေ တင်းကျပ်သွားခဲ့သည်။

***

All Chapters