← Chapters

အတိတ်ဘဝ (၅)

Vol. 27 Ch. 451

အတိတ်ဘဝ (၅)

Vol. 27 Ch. 451

ရှောင်လင်းယဲ့တစ်ယောက် ယန်လုပ်ငန်းစု၏ ဥက္ကဌရုံးခန်းထဲရှိ ဆိုဖာပေါ်တွင် ထိုင်လို့နေသည်။

သူ့ရှေ့တွင်တော့ ချောမောလှပပြီး နူးညံ့သိမ်မွေ့တဲ့ ရုပ်ရည်ရှိပေမယ့် နွဲ့နှောင်းနေသည်လည်းမဟုတ်တဲ့ ယန်စစ်မင် ရှိနေသည်။

ရှောင်လင်းယဲ့က ယန်စစ်မင်ကို ပြုံးပြလိုက်ကာ။ "ဥက္ကဌယန်၊ ခင်ဗျားရဲ့အကူအညီအတွက် တကယ်ကိုကျေးဇူးတင်ပါတယ်။ ဘယ်လိုကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူး။ နောက်ဆိုရင် ဥက္ကဌယန် အကူအညီလိုတာရှိရင် ကျွန်တော့်ကိုသာ အချိန်မရွေးပြောပါ။"

ယန်စစ်မင်ကလည်း ပြန်ပြုံးပြကာ "ကိစ္စမရှိပါဘူး ဥက္ကဌရှောင်!"

စီးပွားရေးသမားတွေပီပီ သူတို့ကို အကျိုးအမြတ်အများဆုံးပေးနိုင်တဲ့သူတွေဘက်မှာ ရပ်တည်ကြသည်။ ဒါ့အပြင် ကျောက်ဟွေ့ချင်ရဲ့သမီးက သူ့ကို စော်ကားခဲ့တာကြောင့်လည်း ယန်စစ်မင်က ရှောင်လင်းယဲ့နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိခဲ့တာပင်။

ထိုအချိန်တွင် ယန်စစ်မင်ထံသို့ ဖုန်းတစ်ကောလ်ဝင်လာသည်။ ဖုန်းပြောပြီးနောက် ယန်စစ်မင်က ရှောင်လင်းယဲ့ကို "ဟွေ့ချင်လုပ်ငန်းစုရဲ့ အထွေထွေမန်နေဂျာက သူတို့ ဘယ်သူ့ကို သွားစော်ကားမိလဲဆိုတာ လိုက်စုံစမ်းနေတယ်။ ဒီကိစ္စတွေရဲ့နောက်ကွယ်မှာ ငါတို့ကုမ္ပဏီရှိနေတယ်လို့ သံသယဝင်နေပုံပဲ။ သူ အခုဒီကိုရောက်နေပြီ။ ခင်ဗျား သူ့ကိုတွေ့ချင်လား?"

ရှောင်လင်းယဲ့က သိပ်ဂရုမစိုက်ပေမယ့် နှာခေါင်းရှုံ့လိုက်သည်။ "ရတာပေါ့၊ ဘာလို့မတွေ့ရမှာလဲ?" သူ့ကိုတွေ့တဲ့အခါ အတ္တကြီးတဲ့ အဲ့ဒီလူမိုက်ရဲ့ မျက်နှာအမူအရာက ဘယ်လိုဖြစ်မလဲဆိုတာ သူမြင်ချင်နေသည်။

ချန်းယန် အပေါ်သို့တက်လာခဲ့သည်။

ရှောင်လင်းယွီက ဝိညာဉ်အခြေအနေဖြင့် ချန်းယန်နှင့် ကျောက်ဝမ်မန့်တို့ လက်ထပ်ပြီးနောက်ပိုင်း အခြေအနေများကို စောင့်ကြည့်နေရင်း စိတ်ထဲမှ လှောင်ရယ်လိုက်သည်။

'သူနဲ့ တကယ် တန်တာပဲ! အကြိမ်ကြိမ်သစ္စာဖောက်ခံရတာလည်း တန်တယ်။ ကျောက်မိသားစုရဲ့ ခွေးတစ်ကောင်ဖြစ်ရတာလည်း တန်တယ်။' ရှောင်လင်းယွီ၏ ယခင်ဘဝက နာကြည်းမှုများ ပျောက်ကွယ်သွားခဲ့သည်။

ချန်းယန် ရုံးခန်းထဲသို့ ဝင်လာသည်နှင့် စားပွဲတွင်ထိုင်နေသော ယန်စစ်မင်ကို မြင်ပြီး တန်းပြောလိုက်သည်၊ "ဥက္ကဌယန်၊ ကျွန်တော်..."

ယန်စစ်မင်က လက်ကာပြပြီး ပြုံးလျက်ပြောသည်၊ "မန်နေဂျာချန်း၊ လာပါ၊ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်နဲ့ မိတ်ဆက်ပေးပါရစေ။"

ချန်းယန် စိတ်ရှုပ်ထွေးသွားသည်။ ထို့နောက် ယန်စစ်မင်၏ စကားကို ကြားလိုက်ရသည်။ "ဒါကတော့ ဖလောရစ်ရှင်းအက်ပဲလ် (Flourishing Apple) ရဲ့ ဥက္ကဌရှောင်ပါ။ သူက တရုတ်နိုင်ငံမှာရှိတဲ့ ကုမ္ပဏီခွဲရဲ့ ကိုယ်စားလှယ်ပဲ။"

သို့သော် ချန်းယန်က ဥက္ကဌရှောင်ကို မြင်လိုက်သည်နှင့် သူ့မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အံ့အားသင့်စွာ အော်လိုက်သည်၊ "ရှောင်လင်းယဲ့!"

ရှောင်လင်းယဲ့က ခြေထောက်ချိတ်ထိုင်ရင်း သူ့မျက်နှာအမူအရာက အေးစက်နေပြီး ခပ်ရေးရေးအပြုံးနှင့်အတူ လှောင်ပြောင်သည့်ဟန်ဖြင့် ပြောလိုက်သည်၊ "အစ်ကိုရန်၊ မတွေ့ရတာကြာပြီနော်။"

ထို့နောက် ယန်စစ်မင်က အံ့ဩဟန်ဆောင်ပြီး မေးလိုက်သည်၊ "အိုး၊ ဒါဆို ခင်ဗျားတို့နှစ်ယောက်က သိနေကြတာပေါ့။"

ရှောင်လင်းယဲ့က ဖြူဖျော့နေသော ချန်းယန်ကို တစ်ချက်ကြည့်ပြီး ခနဲ့တဲ့တဲ့ရယ်ကာ ပြောသည်၊ "ကျွန်တော်က သူ့ကို ဘယ်လိုလုပ်မသိဘဲနေမလဲ? သူ့ကို ကျွန်တော့်ရဲ့ယောက်ဖလောင်းဖြစ်လာမယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ သူက တခြားတစ်ယောက်ရဲ့ သတို့သားဖြစ်သွားခဲ့တယ်။"

"ချန်းယန်၊ မင်းကြောင့် ငါ့မိသားစု လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ သိပ်ကိုကောင်းမွန်တဲ့ဘဝကို ပိုင်ဆိုင်ခဲ့ရတယ်။ ဒါကြောင့် မင်းကိုကျေးဇူးတင်ဖို့ ငါကိုယ်တိုင် ဒီကိုလာခဲ့တာ။"

ချန်းယန်၏မျက်နှာ ဖြူဖျော့သွားသည်။ ရှောင်လင်းယဲ့ကို မြင်လိုက်ရသည့်အခါ သူဝမ်းသာသွားခဲ့သည်။ ထို့နောက် သူ့နှလုံးသားထဲတွင် အပြစ်ရှိသလိုခံစားမှု၊ ကြောက်ရွံ့မှုနှင့် မလုံခြုံမှုတို့က လွှမ်းမိုးသွားသည်။

ယန်စစ်မင်၏ မိတ်ဆက်စကားကို သူပြန်သတိရသွားပြီး မျက်နှာပို၍ ဖြူဖျော့သွားသည်။ ဖလောရစ်ရှင်းအက်ပဲလ်သည် ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီ ၅၀ ထဲမှ တစ်ခုဖြစ်သည်။

တရုတ်နိုင်ငံရှိ ကုမ္ပဏီခွဲတစ်ခုပင် ဟွေ့ချင်လုပ်ငန်းစုထက် အင်အားကြီးမားသည်။ အခုတော့ သူအရာအားလုံးကို နားလည်သွားပြီ။ ဟွေ့ချင်လုပ်ငန်းစုကို တိုက်ခိုက်နေသူမှာ ရှောင်လင်းယဲ့ပင်ဖြစ်သည်။ သူက ကလဲ့စားချေရန် ပြန်လာခဲ့ခြင်းပင်။

သူက ရှောင်လင်းယဲ့ကို မယုံနိုင်စွာ လက်ညှိုးထိုးပြီး၊ "မင်းပဲ၊ ရှောင်လင်းယဲ့။ ဟွေ့ချင်လုပ်ငန်းစုကို တိုက်ခိုက်နေတဲ့ နောက်ကွယ်ကလူက မင်းပဲဟုတ်လား?"

ရှောင်လင်းယဲ့က ဝန်လည်းမခံ၊ ငြင်းလည်းမငြင်းဘဲ အေးဆေးတည်ငြိမ်သောအမူအရာဖြင့် ပြောသည်၊ "ဟားဟား... အဲ့ဒါလား..." ထို့နောက် သူ့မျက်နှာအမူအရာပြောင်းသွားပြီး မျက်လုံးထဲတွင် ကြောက်မက်ဖွယ်အလင်းရောင်တစ်ချက် လက်သွားသည်။ သူ့မျက်နှာပေါ်မှ ကြမ်းကြုတ်ရက်စက်မှုမှာ သိသာထင်ရှားလှသည်။

ချန်းယန် ထိုအဖြစ်ကိုမြင်ပြီး ထိတ်လန့်သွားသည်။ သူ့နှလုံးသားထဲတွင် ရုတ်တရက် အလွန်မလုံမခြုံဖြစ်လာပြီး ခြေလှမ်းနှစ်လှမ်းခန့် ယိုင်နဲ့ကာ နောက်ဆုတ်သွားသည်။

သူ အလွန်တုန်လှုပ်သွားသည်။ ရှောင်လင်းယဲ့က ဒီလောက်အထိ မြင့်မားတဲ့အောင်မြင်မှုမျိုးကို ရောက်ရှိလိမ့်မယ်လို့ သူတကယ်မထင်ထားခဲ့ပေ။ သူက ခြေကျိုးတစ်ယောက်လေ။ ဖလောရစ်ရှင်းအက်ပဲလ်က မသန်စွမ်းဖြစ်နေတဲ့လူတစ်ယောက်ကို တရုတ်ကုမ္ပဏီခွဲရဲ့ ဥက္ကဌအဖြစ် ခန့်အပ်လိမ့်မယ်လို့ ချန်းယန် မထင်ခဲ့ပေ။

"ဟုတ်တယ်၊ နောက်ကွယ်ကလူက ငါပဲ။" ရှောင်လင်းယဲ့က အသက်မဲ့စွာ ရယ်မောလိုက်ပြီး "လွန်ခဲ့တဲ့ခုနစ်နှစ်က မင်းနဲ့ ကျောက်ဝမ်မန့် ကျောက်မိသားစုရဲ့အာဏာကိုသုံးပြီး ငါ့အစ်မကို ထောင်ချောက်ဆင်ခဲ့တယ်။ ပြီးတော့ ငါ့မိသားစုရဲ့နာမည်ကို ဖျက်လုပ်ခဲ့တယ်။ ဒါနဲ့မရပ်သွားဘဲ မင်းက လူတွေလွှတ်ပြီး ငါ့အဖေကို ဒဏ်ရာရအောင်လုပ်၊ ငါ့ခြေထောက်တွေကို ချိုးပစ်ခဲ့တယ်။ အခုထိတောင် ငါ လမ်းလျှောက်ရင် ထော့နဲ့ထော့နဲ့ဖြစ်နေတုန်းပဲ။ ဒီနှစ်တွေမှာ ငါ့မိသားစုက ငရဲကျနေသလို နေခဲ့ရတယ်။ ချန်းယန်၊ ဒီအကြွေးကို ငါတို့ ဘယ်လိုရှင်းကြမယ်လို့ထင်လဲ?"

ရှောင်လင်းယဲ့က ဤစကားများကို ပြောနေရင်း တစ်လှမ်းချင်း ချဉ်းကပ်လာသည်။ သူ့မျက်လုံးများက စူးရှနေပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက သတ်ဖြတ်လိုသောစိတ်များဖြင့် ပြည့်နှက်နေသည်။ သူက ချန်းယန်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်နေသည်။

ချန်းယန် ကြောက်လွန်း၍ မျက်နှာတစ်ခုလုံး ဖြူဖျော့နေသည်။

သူက ခေါင်းခါရင်း ငြင်းဆိုသည်၊ "မဟုတ်ဘူး... ငါမဟုတ်ဘူး။ ငါ... ငါလည်း အဲ့လိုမဖြစ်ချင်ခဲ့ပါဘူး။ ငါမဟုတ်ဘူး..."

ရှောင်လင်းယဲ့သည် တစ်ချိန်က ဤလူကို လေးစားခဲ့ဖူးသည်။ သို့သော် ယခုမူ သူက အားနည်းသော သူရဲဘောကြောင်သူတစ်ယောက် ဖြစ်နေသည်။ ရှောင်လင်းယဲ့၏ မျက်နှာပေါ်တွင် လှောင်ပြောင်မှုနှင့် ရွံရှာစက်ဆုပ်မှုတို့ဖြင့် ပြည့်နှက်နေသည်။

သူ စက်ဆုပ်မိသည်။

သူ့အစ်မက ဒီလူကို ကြိုက်ခဲ့ဖူးပြီး သူကိုယ်တိုင်လည်း တစ်ချိန်က လေးစားခဲ့ဖူးသည်။ သူတို့ တကယ်ပဲ မျက်စိကန်းခဲ့ကြတာပဲ။ အဲ့လိုမျက်စိကန်းခဲ့၍လည်း ရှောင်မိသားစုသည် နှစ်ပေါင်းများစွာ ငရဲလိုဘဝမျိုးတွင် နေထိုင်ခဲ့ရသည်။

ရှောင်လင်းယဲ့က ခနဲ့တဲ့တဲ့ရယ်လိုက်ပြီး "မင်းနောက်ကွယ်မှာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ငါဂရုမစိုက်ဘူး။ မင်းတို့အားလုံးကို ငါနဲ့အတူ ငရဲအထိ ဆွဲခေါ်သွားမယ်။"

"အရင်တုန်းက မင်း ငါ့အစ်မကို သစ္စာဖောက်ရတဲ့အကြောင်းရင်းဖြစ်တဲ့ ဟွေ့ချင်လုပ်ငန်းစုကို ငါအခု ချေမှုန်းပစ်မယ်။ မင်းမှာ ဘာတစ်ခုမှမကျန်အောင် ငါလုပ်ပစ်မယ်။ ချန်းယန်၊ မင်းစောင့်နေလိုက်စမ်းပါ။"

မြင်ကွင်းပြောင်းသွားသည်။ ရှောင်လင်းယွီသည် သူမကိုယ်သူမ ကုန်းထျန်းဟောက်၏ ရုံးခန်းထဲတွင် ရောက်နေပြန်သည်ကို တွေ့လိုက်ရသည်။ သူ့ရုံးခန်းက အလွန်ကျယ်ဝန်းသည်။ စတုရန်းမီတာ ၅၀ မှ ၆၀ ခန့်ရှိမည်။ ရုံးခန်းအတွင်းပိုင်း အပြင်အဆင်များက ရိုးရှင်းပြီး ခန့်ညားလှသည်။

ရုံးခန်းထဲတွင် အနက်ရောင်သားရေကုလားထိုင်နှစ်လုံးနှင့် အနက်ရောင်စားပွဲတစ်လုံးရှိသည်။ စားပွဲနောက်တွင် စာအုပ်စင်တစ်ခုရှိသည်။ တံခါးဝတွင် စိမ်းလန်းသော အပင်အိုးတစ်လုံးကို ချထားသည်။

လီယွမ်ဟန်က ကုန်းထျန်းဟောက်ကို အစီရင်ခံနေသည်၊ "ထျန်းဟောက်၊ ဟွေ့ချင်လုပ်ငန်းစုက ရန်ပုံငွေမရှာနိုင်ရင် နောက်နှစ်ရက်အတွင်း ဒေဝါလီခံကြောင်း ကြေညာရတော့မယ်။"

ကုန်းထျန်းဟောက်က ခေါင်းညိတ်ပြီး ညွှန်ကြားလိုက်သည်၊ "သူတို့တွေ ထွက်မပြေးအောင် လူတွေလွှတ်ပြီး စောင့်ကြည့်ထားလိုက်။"

"ကောင်းပြီ!"

လီယွမ်ဟန်က ခဏစဉ်းစားပြီးနောက် ပြောသည်၊ "ထျန်းဟောက်၊ ရှောင်လင်းယဲ့ကို ငါတို့ကုမ္ပဏီကို ဆွဲခေါ်ဖို့ လုပ်သင့်လား?"

ရှောင်လင်းယဲ့သည် ဖလောရစ်ရှင်းအက်ပဲလ်နှင့် စာချုပ်ချုပ်ပြီး တက္ကသိုလ်နောက်ဆုံးနှစ်တွင် တရုတ်နိုင်ငံရှိ ကုမ္ပဏီခွဲ၏ ဥက္ကဌဖြစ်လာခဲ့သည်။ သူက အသက် ၂၅ နှစ်သာရှိသေးသည်။ သူ ဥက္ကဌဖြစ်နေသည်မှာ သုံးနှစ်ရှိပြီဖြစ်သည်။ သို့သော် ဤသုံးနှစ်အတွင်း သူက တရုတ်ရှိ ကုမ္ပဏီခွဲ၏ဝင်ငွေကို သုံးဆတိုးအောင် လုပ်ပေးနိုင်ခဲ့တာကြောင့် ဒဏ္ဍာရီတစ်ပုဒ်ဖြစ်လာခဲ့သည်။ ထို့ကြောင့် ရှောင်လင်းယဲ့ကို ဖလောရစ်ရှင်းအက်ပဲလ်၏ ရုံးချုပ်က အလွန်တန်ဖိုးထားသည်။

ရှောင်လင်းယဲ့က အလွန်အရည်အချင်းရှိသည်။ သူ့ကို ဆွဲခေါ်ချင်လျှင်တော့ အားစိုက်ထုတ်မှုများစွာ လိုအပ်မည်မှာ သေချာသည်။

အောင်မြင်မလားဆိုတာကတော့ ပြောရခက်သည်။ ဖလောရစ်ရှင်းအက်ပဲလ်က သူ့ကို အလွယ်တကူ လက်လွှတ်မည်မဟုတ်ပေ။ သူတို့က ရှောင်လင်းယဲ့၏ အရည်အချင်းကို မြင်သောကြောင့် တက္ကသိုလ်နောက်ဆုံးနှစ်ကတည်းက သူ့ကို ငှားရမ်းခဲ့ခြင်းဖြစ်သည်။

ချက်ချင်းဆိုသလို ရှောင်လင်းယဲ့သည် အောက်ခြေမှ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။

ယနေ့ထက်ထိတိုင် အင်ပါယာတက္ကသိုလ်တွင် သူ့အကြောင်း ဒဏ္ဍာရီဆန်သော ဇာတ်လမ်းများ ပျံ့နှံ့နေဆဲဖြစ်သည်။

ရှောင်လင်းယဲ့အတွက် ဖလောရစ်ရှင်းအက်ပဲလ်သည် သူ့ရဲ့ကျေးဇူးရှင်ကြီးလည်းဖြစ်သည်။ ဒီကုမ္ပဏီကြောင့်သာ သူက သူ့မိသားစုအတွက် ကလဲ့စားချေနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူ့ကို ဖလောရစ်ရှင်းအက်ပဲလ်မှ ဆွဲထုတ်ရန် ခက်ခဲလိမ့်မည်။

သို့သော် ရှောင်လင်းယဲ့သည် အမှန်တကယ် အရည်အချင်းရှိသူဖြစ်ပြီး Imperial Palaceအတွက် အဖိုးတန်သော အင်အားတစ်ခုဖြစ်လာမည်ဖြစ်သည်။

ကုန်းထျန်းဟောက်က ခဏစဉ်းစားပြီးနောက် ပြောသည်၊ "အခုလောလောဆယ်တော့ မလိုအပ်သေးဘူး။"

အနာဂတ်မှာတော့ ပြောရခက်သည်။

ကုန်းထျန်းဟောက်က အခုအချိန်တွင် ရှောင်လင်းယဲ့ကို ဖလောရစ်ရှင်းအက်ပဲလ်ကို စွန့်ခွာရန် ဆွဲဆောင်နိုင်မည်မဟုတ်ကြောင်း သိသည်။

လီယွမ်ဟန်က ခေါင်းညိတ်ပြီး ဆက်လက်အစီရင်ခံသည်၊ "ထျန်းဟောက်၊ ကျောက်ဟွေ့ချင်နဲ့ ချန်းယန်တို့တွေ နောက်ကွယ်ကလူက ရှောင်လင်းယဲ့ဆိုတာကို သိသွားကြပြီ။ သူတို့ ရှောင်မိသားစုကို ပြဿနာမရှာနိုင်အောင် ငါ လျှို့ဝှက်အစောင့်အရှောက်တွေ လွှတ်ထားပြီးပြီ။ ရှောင်လင်းယဲ့ကလည်း ဒီလိုလုပ်ထားမှာပါပဲ၊ ဒါပေမဲ့ သတိထားတာက ပိုကောင်းတာပေါ့။"

ကုန်းထျန်းဟောက်က ခေါင်းညိတ်ပြီး "ကောင်းတယ်" ဟုပြောပြီးနောက် သူအမိန့်ပေးလိုက်သည်၊ "၊ ငါ အဲ့ဒီသားအမိရဲ့ ဂူကို သွားတွေ့ချင်တယ် စီစဉ်လိုက်။"

လီယွမ်ဟန်က ခေါင်းညိတ်လိုက်ပြီး၊ "ကောင်းပါပြီ၊ ငါ အခုပဲ စီစဉ်လိုက်မယ်။"

ရှောင်လင်းယွီနှင့် သူမ၏သားလေး ရှိနေကြောင်း သိရှိခဲ့သည့်အချိန်မှစ၍ ကုန်းထျန်းဟောက်သည် သူတို့ကို သွားတွေ့ရန် ကြောက်ရွံ့နေသည်ကို လီယွမ်ဟန် ခံစားမိသည်။ အပြစ်ရှိသလိုခံစားမှုနှင့် မိမိကိုယ်ကို အပြစ်တင်မှုတို့ကြောင့်ပင်။ အကယ်၍ ကုန်းထျန်းဟောက်သာ သူတို့ကို စောစောစီးစီး ရှာတွေ့ခဲ့လျှင် သူ သူတို့ကို ကာကွယ်ပေးနိုင်ခဲ့ပေလိမ့်မည်။

လီယွမ်ဟန် ထွက်သွားပြီးနောက် ရှောင်လင်းယွီသည် ရုံးစားပွဲဆီသို့ လျှောက်သွားသည်။ သူမက ကုန်းထျန်းဟောက်ကို လေးနက်ပြီး ကျေးဇူးတင်သော အမူအရာဖြင့် ကြည့်လိုက်သည်။ သူမ လက်လှမ်းပြီး ကုန်းထျန်းဟောက်၏ အနည်းငယ်ပင်ပန်းနွမ်းနယ်နေသော မျက်နှာကို တို့ထိလိုက်သည်။

သူမနှင့် ရှောင်ထုန်ကို တစ်ခါမှမတွေ့ဖူးသော်လည်း ကုန်းထျန်းဟောက်က သူတို့အတွက် ဒီလောက်များများ လုပ်ပေးခဲ့သည့်အတွက် သူမ စိတ်လှုပ်ရှားမိသည်။

***

All Chapters