← Chapters

တချိန်တည်းတပြိုင်တည်းအတူသေရခြင်းသည် သိပ်မဆိုးလှ

Vol. 14 Ch. 131

တချိန်တည်းတပြိုင်တည်းအတူသေရခြင်းသည် သိပ်မဆိုးလှ

Vol. 14 Ch. 131

မွန်းတည့်ချိန်ရောက်ပေပြီ။ နေမင်း၏အလင်းရောင်သည် ရှည်လျားသော ပိတ်သားလိုက်ကာများကိုထိုးဖောက်ပြီး အခန်းတစ်ခုလုံးတိုင်အောင် ထိုးဖောက်ဝင်ရောက်နေ၏။ အားကျောက်နှင့် ကျန်းကျင်းခိုင်တို့နှစ်ယော​က်မှာကား ပြီးခဲ့သည့်ညက ပင်ပန်းနွမ်းနယ်ခဲ့ကြ၍ တစ်ဦးကိုတစ်ဦး ဖက်ကာ နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်ပျော်နေကြလေသည်။

နေ့မွန်းတည့်ပြီးအတော်လေးကြာမှသာ သူတို့နှစ်ဦး နိုးထလာကြ၏။ အချိန်အတော်လေးကြာအောင် အိပ်စက်ခဲ့သည့်တိုင် ကျန်းကျင်းခိုင်တယောက် စိတ်ဖိစီးမှုများကို လျော့ချရန် ခက်ခဲနေဆဲပင်။ အိပ်ယာမှ နိုးလာသည့်တိုင်အောင် သူ ခေါင်းကိုက်နေသေး၏။ သို့သော် အားကျောက်ကတော့ အိပ်ရေးဝအောင် အိပ်ခဲ့ပြီးပြီဖြစ်၍ လန်းဆန်းတက်ကြွနေခဲ့လေပြီ။ အိပ်ယာမှနိုးလာပြီးနောက် သူမ လသာဆောင်သို့ပြေးကာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်လိုက်သေး၏။ ပြီးမှ သူက အခန်းထဲပြန်ဝင်လာကာ ကျန်းကျင်းခိုင်ကို မေးလိုက်သည်။

"ဟန်နီ ဒီနေ့ နေ့လယ်စာ ဘာစားချင်လဲ"

"နေ့လယ်စာစားချိန်တောင်ရောက်သွားပြီလား"

ကျန်းကျင်းခိုင် အံ့သြသွား၏။

အားကျောက်က ထပ်ပြောလိုက်ပြန်သည်။

"ကျွန်မတို့ အိမ်ပြန်ရောက်တော့ မနက်ငါးနာရီနီးပါး ရှိနေပြီ မြန်မြန်ပြောလေ ဘာစားချင်လဲလို့ ကျွန်မ လုပ်ပေးမယ်"

"ဘာဖြစ်ဖြစ်ပါကွာ မင်းလုပ်တာဆိုရင် ကျုပ်က အကုန်ကြိုက်တာပဲ"

ကျန်းကျင်းခိုင်က ပြန်ပြောလိုက်၏။

"အားဖင်းအခြေအနေ ဘယ်လိုရှိသလဲ မနေ့ညက သူ ပြန်သွားတော့"

အားကျောက်၏ မျက်နှာတွင် စိတ်မကောင်းဖြစ်သွားဟန် ပေါ်လာသည်။

"အဆိုးကြီးတော့မဟုတ်ပါဘူး အတော်လေးတော့ ကြောက်သွားတာပေါ့ ဒါပေမဲ့ ပြန်ကောင်းလာပါလိမ့်မယ် သေချာတာကတာ့ အားဟွိုင် ဘယ်တော့မှ ပြန်ကောင်းလာတော့မှမဟုတ်ဘူး"

"စိတ်ချပါကွာ ကျုပ် ဒီအမှုကို သေချာပေါက်ဖော်ထုတ်မှာပါ"

ထို့နောက် သူက အားကျောက်ကို ဖက်ရင်း မေးလိုက်ပြန်၏။

"ပြီးခဲ့တဲ့ညက ဖြစ်ခဲ့တာတွေ အကုန်မြင်လိုက်တယ်မလား"

"အင်း"

အားကျောက်တယောက် ကျန်းကျင်းခိုင်၏ ရင်ဘတ်ပေါ် ခေါင်းမှီရင်း စဉ်းစားနေ၏။

"အားဟွိုင်ကို ဘယ်သူများ သတ်လိုက်တာလဲမသိဘူးနော်"

ကျန်းကျင်းခိုင် အသက်ကို အားရပါးရ ရှူသွင်းလိုက်၏။

"မသိဘူးကွ ဒီအမှုက အရမ်းထူးဆန်းနေတယ် ဒါနဲ့လေ ကျုပ်... မင်းနဲ့ ဆွေးနွေးချင်တာတစ်ခုရှိတယ်..."

"ပြောလေ ဘာဆွေးနွေးချင်တာလဲ"

"လူသတ်သမားရဲ့ အဓိကရည်ရွယ်ချက်ဟာ အားရှုနဲ့ သက်ဆိုင်တယ်လို့ ကျုပ်ခံစားချက်က ပြောနေတယ် ကြည့်ရသလောက် အားရှုအတွက် သူ လက်စားချေနေတာမျိုး ဖြစ်နေနိုင်တယ် ခုပြန်တွေးကြည့်မယ်ဆိုရင် အားရှုရဲ့ လူသတ်မှုမှာ ပါဝင်ခဲ့တဲ့ လူခြောက်ယောက်ထဲက လေးယောက် သေဆုံးသွားပြီ တစ်ယောက်ကလဲ ရူးသွားပြီ ဒီတော့ အားယင်တယောက်ပဲ ​ကျန်တော့တယ် ဒါကြောင့်... ဒါကြောင့် ကျုပ် လုပ်ချင်တာက..."

"ဘာလဲ ရှင်က အားယင်ကို မြှူဆွယ်ပြီး လူသတ်သမားကို ဖမ်းချင်တဲ့သဘောလား"

အားကျောက် အထက်ပါအတိုင်းမေးပြီး ဝုန်းခနဲ ထရပ်လိုက်၏။

"ဒါဆို အားယင်ရဲ့ ပါတနာက ဘယ်သူဖြစ်မလဲ"

"ဒါက... ကျုပ်...​မရွေးချယ်ရသေးဘူး..."

အားကျောက်ကို အကြည့်လွှဲရင်း ကျန်းကျင်းခိုင်က ပြောလိုက်၏။ သူ့စိတ်ထဲတွင် အားကျောက်၏ မျက်လုံးများကို စိုက်ကြည့်ရန် ကြောက်ရွံ့နေလေသည်။

"မဖြစ်ဘူး ကျွန်မ သဘောမတူဘူး"

အားကျောက်က အိပ်ယာပေါ်မှခုန်ဆင်းကာ ခါးထောက်ရင်း ပြောလိုက်၏။

"ကျွန်မ လုံးဝ သဘောမတူဘူ ရှင် သွားလို့မရဘူး! ကျွန်မလုံးဝပေးမသွားဘူးနော်"

ကျန်းကျင်းခိုင် ကုတင်ပေါ်တွင် ငူငူကြီး ဖြစ်နေ၏။

"ဒါပေမဲ့ ကျုပ်...ကျုပ်ကလဲ သွားမယ်လို့ မပြောရသေးပါဘူးကွာ"

သို့သော် သူ အားကျောက်၏ အကြည့်နှင့် ဆုံမိသောအခါ ခေါင်းငုံ့သွားပြန်၏။ အားကျောက်ကို ဘယ်လိုရှင်းပြရမည်မှန်း သူ မသိတော့။

"ဟင်း ရှင် ကျွန်မကို လိမ်မနေနဲ့"

အားကျောက် ဒေါသတကြီးနှင့် ပြောလိုက်၏။

"ရှင် သွားရင် ကျွန်မ... ကျွန်မ..."

ကျန်းကျင်းခိုင်ကို ခြိမ်းခြောက်ရန် အားကျောက်စကားလုံး ရှာမရပဲဖြစ်နေ၏။ ခန္ဓာကိုယ်ကို ရောင်းစားခဲ့ဖူးသူတယောက်အနေနှင့် ချစ်သူကို သူမ မည်သို့ ခြိမ်းခြောက်နိုင်တော့မည်နည်း။

"ဟန်နီ မသွားပါနဲ့ရှင် ကျွန်မ တောင်းပန်ပါတယ်"

"ကျုပ် မသွားပါဘူး"

ကျန်းကျင်းခိုင်က အားကျောက်ကို ပြုံးပြရင်း နှစ်သိမ့်လိုက်၏။

"ကျုပ် စဉ်းစားနေတုန်းပါ ဌာနမှာ ရဲတွေ အများကြီးရှိတယ်ဆိုတော့ ကျုပ် လုပ်ဖို့လိုကောင်းမှလိုပါလိမ့်မယ် စိတ်မပူပါနဲ့ ကျုပ်ပဲသွားရမယ်ဆိုရင်တောင် အားယင်နဲ့ ဒါမျိုးမလုပ်ဘူးဆိုတာ သေချာပါတယ်ကွာ"

အားကျောက်​က ကျန်းကျင်းခိုင်၏ ရင်ဘတ်တွင် မျက်နှာအပ်ကာ တိုးတိုးလေး ညည်းတွားလိုက်သည်။

"ကျွန်မ ကြောက်တယ် ရှင်သာသေရင် ကျွန်မ ကိုယ့်ကိုယ်ကို သတ်သေပစ်မှာ သိလား"

"အရူးမလေး အဲလိုဖြစ်စရာလား"

ကျန်းကျင်းခိုင်က အားကျောက်ကို ဆက်လက် နှစ်သိမ့်နေ၏။ တဖက်တွင်လည်း အားကျောက် စိတ်ဆိုးခြင်းသည် သူ တခြားမိန်းကလေးတယောက်နှင့် အိပ်စက်သည့်အတွက်မဟုတ်ပဲ တခြားမိန်းကလေးတယောက်နှင့် အိပ်စက်ပြီး ဘယ်တော့မှ ပြန်နိုးမလာတော့မည်ကို စိတ်ပူ၍မှန်းသိရ၍ သူ စိတ်သက်သာမိနေသေးပေသည်။

"ဖြစ်စရာပေါ့ရှင့်"

အားကျောက် နှုတ်ခမ်းစူရင်း ပြောလိုက်ပြန်သည်။

"ဒီအမှုမှာ ပါတဲ့ ယောက်ျားတွေ အကုန်လုံး သေကုန်ကြတာပဲမလား"

"အင်း"

ကျန်းကျင်းခိုင် ခေါင်းညိတ်ပြလိုက်၏ ပြီးမှ သူက ဆက်ပြောလိုက်ပြန်သည်။

"အဲဒါက တိုက်ဆိုင်တာပါကွာ ပြီးတော့ အနီးအနားမှာ ကာကွယ်ပေးမယ့်ရဲတွေ မရှိလို့လည်း ဖြစ်နိုင်တယ်"

"တော်ပါတော့ ဘာပဲပြောပြော ရှင် သွားတာကို ကျွန်မ လုံးဝခွင့်မပြုဘူး ရှင် သွားရဲရင် သွားကြည့်ကျွန်မ အခုချက်ချင်း ကိုယ့်ကိုယ်ကို သတ်သေပစ်လိုက်မယ်"

ကျန်းကျင်းခိုင် စပ်ဖြီးဖြီးဖြစ်သွားသည်။

"အာ ကျုပ် မလုပ်ရဲပါဘူးကွာ စိတ်ချစမ်းပါ တကယ်လို့လုပ်မယ်ဆိုရင်လဲ မင်းနဲ့ပဲ လုပ်မှာ"

ထိုအခါကျမှ အားကျောက် စိတ်လျှော့သွား၏။ ထို့နောက် သူမက စိတ်ကူးတခုရလာဟန်ဖြင့် ပြောလိုက်ပြန်သည်။

"ဒါနဲ့ ဟန်နီ ကျွန်မလည်း အစ်မရှုကို သ်ိတာပဲလေ ဒါဆို လူသတ်သမားက ကျွန်မကိုလည်း သတ်ချင်နေမလားမသိဘူးနော်"

"မင်းကိုသတ်ချင်နေမယ် ဟုတ်လား ဘာလို့ဒီလိုထင်ရတာလဲ"

"ဘာလို့လဲဆိုတော့ ကျွန်မလည်း အစ်မရှုကို သိခဲ့တာကိုး လူသတ်သမားအနေနဲ့ ဘယ်သူက အစ်မရှုကို သတ်ခဲ့မှန်း အတိအကျ မသိတာလည်း ဖြစ်နိုင်တာပဲလေ ကြည့်လေ အားလီနဲ့ရှောက်မေလည်း သေသွားပြီ မဟုတ်လား သူတို့မှာ ဘာအပြစ်မှမရှိဘူးလေ"

ကျန်းကျင်းခိုင် တွေဝေသွားပြန်၏။

"အားလီနဲ့ရှောက်မေ ဟုတ်သားပဲ သူတို့ အားရှုသေဆုံးမှုနဲ့ ဘာမှမဆိုင်ဘူးလို့ ထင်ရတယ်"

အားကျောက် ထောက်ပြသည်မှာ မှန်ကန်ပေသည်။ ရှောက်မေနှင့်အတူ သေဆုံးခဲ့သည့် ကျောက်ရန်းချူသည် အားရှုနှင့် ဆက်ဆံရေး ရှိခဲ့ဖူးသည်မှာ မှန်သည်။ သို့သော် အားလီနှင့် လျူနန်ချွန်းတို့မှာ အားရှုနှင့် ဘာဆက်စပ်မှုမှမရှိချေ။

"ဘာလဲ ရှင့်မှာ ဘာမှပြောစရာမရှိဘူးလား?"

ကျန်းကျင်းခိုင် တွေဝေနေသည်ကိုကြည့်ရင်း အားကျောက် အောက်ပါအတိုင်း ကြေငြာလိုက်၏။

"ဘာပဲဖြစ်ဖြစ် ရှင် လမ်းကြားကိုသွားပြီး မိန်းမတွေနဲ့ ပတ်သက်ဖို့ မကြိုးစားနဲ့ သွားချင်ရင် ကျွန်မလည်း လိုက်ခဲ့မယ် ကျွန်မ ဆုံးဖြတ်ပြီးပြီ လူသတ်သမားကို ဖမ်းဖို့ ရှင်နဲ့အတူ လမ်းကြားကို ကျွန်မ လိုက်ခဲ့မယ် ရှင် တစ်ယောက်တည်း သွားရင် ကျွန်မ ရှင့်ရှေ့မှာပဲ ကိုယ့်ကိုယ်ကို သတ်သေပစ်မှာ"

အထက်ပါအတိုင်းပြောဆိုပြီး မီးဖိုချောင်ထဲသို့ ဝင်သွားသော အား​ကျောက်ကို ကျန်းကျင်းခိုင် စိတ်ပျက်လက်ပျက် ငေးကြည့်နေ၏။ သူ့အနေနှင့် အားကျောက်ကို တည်ကြက်အဖြစ် အသုံးပြုရန်ကိစ္စကို သူ ကြိုတင်စဥ်းစားထားပြီး ဖြစ်သည်။ သို့သော် သူချစ်သော အမျိုးသမီးကို ထိခိုက်အောင် သူ့ စွန့်စားလိုစိတ်မရှိ။ သို့သော် သုံးသပ်ကြည့်ရသလောက် သူ့တွင် တခြားရွေးချယ်စရာ မရှိတော့သလို ဖြစ်နေ၏။ အားယင် သို့မဟုတ် အားကျောက် နှစ်ဦးအနက်မှ တဦးဦးကို သူ ပါတနာအဖြစ် ရွေးချယ်ရပေလိမ့်မည်။

သူ၏ အမြင်အရ အားယင်သည် သူနှင့် အသင့်တော်ဆုံး ပါတနာ ဖြစ်မည်မှာ သံသယဖြစ်စရာမလိုချေ။ သို့သော် ၎င်းကို အားကျောက်က ပြင်းပြင်းထန်ထန် ကန့်ကွက်နေပြန်၏။ ကျန်းကျင်းခိုင် အချိန်အတော်ကြာအောင်ထိုင်၍ စဥ်းစားနေ၏။ သို့သော် ဘာအဖြေမှ ထွက်မလာချေ။

ထိုအခိုက်မှာပင် အားကျောက်က မီးဖ်ိုထဲမှ လှမိးအော်လိုက်၏။

"ဟန်နီ ဒီကိုလာကူအုံးလေ ဘာဖြစ်သွားတာလဲ ကျောက်ရုပ်ဖြစ်သွားပြီလား"

အားကျောက်၏ ခေါ်သံကိုကြားသည်နှင့် ကျန်းကျင်းခိုင် ခါးသီးစွာ ပြုံးရင်း မတ်တပ်ရပ်လိုက်၏။

"ထားလိုက်တော့ကွာ ကံကြမ္မာဖန်လာတဲ့အတိုင်း လက်ခံရတော့မှာပဲ"

အထက်ပါအတိုင်း ရေရွတ်ရင်း သူ မီးဖိုချောင်သို့ လျှောက်သွားလိုက်၏။

သူတို့သည် တစ်ရက်တည်း၊ တစ်လတည်း၊ တစ်နှစ်တည်း မွေးဖွားခဲ့ကြမည် မဟုတ်သော်လည်း တစ်ရက်တည်း၊ တစ်လတည်း၊ တစ်နှစ်တည်း သေဆုံးခွင့်ရခဲ့သည်ဆိုလျင်လည်း ၎င်းမှာ သိပ်မဆိုးလှဟုသာ ဆိုရပေတော့မည်တည်း။

All Chapters