မိတ်ကပ်အစမ်းလိမ်းကြည့်ခြင်း
Vol. 14 Ch. 132
နေ့လည်စာစားပြီးသည်နှင့် သူတို့နှစ်ယောက် ရုံးသို့ချီတက်လာခဲ့ကြ၏။ ရုံးခန်းထဲရောက်သည်နှင့် ကျန်းကျင်းခိုင်က ချက်ချင်းပင် လူရှောက်ချိန်ကို ခေါ်လိုက်၏။
ထို့နောက် သူက လူရှောက်ချိန်က်ို မေးလိုက်လေသည်။
“အားဖင်းအခြေအနေ ဘယ်လိုရှိသလဲ"
လူရှောက်ချိန်က ပြန်ဖြေလိုက်၏။
"အခြေအနေကောင်းပါတယ် အင်စပက်တာ မနေ့က ရုံးခန်းထဲမှာ ရဲမေတယောက်နဲ့ သူ့ကို သိပ်လိုက်တယ် တဖြည်းဖြည်းနဲ့တော့ ပိုတိုးတက်လာပုံပါပဲ"
ကျန်းကျင်းခိုင်က ဆက်မေးလိုက်ပြန်၏။
“မနေ့ညက ခေါ်လာတဲ့ စုံတွဲကိုရော မေးပြီးပြီလား"
“မေးပြီးပါပြီ ဘာပြသနာမှမရှိပါဘူး အင်စပက်တာ သူတို့ဟာ…”
လူရှောက်ချိန် ဆက်လက်အစီရင်ခံရန် ဟန်ပြင်လိုက်စဥ် ကျန်းကျင်းခိုင်က လက်ကာရင်း ဟန့်တားလိုက်သည်။
"ရပြီ ဘာပြသနာမှမရှိဘူးဆိုရင် ဒဏ်ငွေဆောင်ပြီးသူတို့ကို ပြန်လွှတ်ဖို့ ကျန်းနန်ကို ပြောလိုက်"
ထို့နောက် သူ လူရှောက်ချိန်ကို တချက်လှမ်းကြည့်လိုက်၏။ ပြီးမှ သူက ဆက်အမိန့်ပေးလိုက်သည်။
"ရှောက်ချိန် မင်းက လမ်းကြားထဲကို ပြန်သွားလိုက် ပြီးရင် ကျုပ်တို့ လျှို့ဝှက်စောင့်ကြည့်လို့ရပြီး လုံလုံခြုံခြုံရှိမဲ့ အခန်းတခန်းကို ရှာထားပါ ကျုပ်တို့ မကြာခင် အဲဒါကို သုံးရလိမ့်မယ်"
“ဟုတ်ကဲ့ အင်စပက်တာ"
လူရှောက်ချိန် ခေါင်းညိတ်ပြလိုက်၏။
“ကောင်းပြီ ဒီညတော့ လမ်းကြားကို သွားစရာမလိုတော့ဘူး လူသတ်သမားပေါ်လာလိမ့်မယ်လို့ ကျုပ် မထင်ဘူး”
ကျန်းကျင်းခိုင်က လူရှောက်ချိန်ကို ပြုံးပြရင်း အခြေအနေကို ရှင်းပြနေလေသည်။
“နောက်ရက်အနည်းငယ်အတွင်းမှာ ကျုပ်တို့ဆက်တိုက်ဆိုသလို အလုပ်များလာဖို့ရှိတယ် အဲဒီအတွက် ပြင်ဆင်ထားပါ"
“ဟုတ်ကဲ့ အင်စပက်တာ”
ထို့နောက် လူရှောက်ချိန် ထွက်ခွာသွား၏။ ထိုအခါ ကျန်းကျင်းခိုင်က ယောက်ထန်းယု၏ လက်ထောက်ဖုန်းနံပါတ်ကို ထပ်ခေါ်လိုက်ပြန်သည်။
"ဟဲလို ကျွန်တော် ကျန်းကျင်းခိုင်ပါ အခု ဘယ်သူနဲ့ စကားပြောနေတာလဲခင်ဗျာ"
တဖက်မှ စွေ့နင်း၏ အသံ ထွက်ပေါ်လာ၏။
"အင်စပက်တာကျန်း ကျွန်မပါရှင့်”
ကျန်းကျင်းခိုင်က ထပ်မေးလိုက်၏။
"အော် ဒါနဲ့ ကော်မရှင်နာယောက် လာမယ့်ရက်တွေမှာ ခရီးစဥ်ရှိသေးလားလို့"
“မရှိပါဘူး အင်စပက်တာ သူ ဒီမှာပဲ ရှိပါလိမ့်မယ်”
စွေ့နင်းက ပြန်ဖြေလိုက်၏။
“သူ့ကို ရှာနေတာလား သူ မနက်ဖြန်မနက်လောက်မှ… အားလောက်မယ်ထင်တယ် အင်စပက်တာ"
"အော် ဟုတ်ပြီ ကျေးဇူးတင်ပါတယ်စွေ့နင်းရေ"
ကျန်းကျင်းခိုင် ကျေးဇူးတင်စကားပြောပြီး ဖုန်းချလိုက်၏။ တဖန် သူက ဘေးနားမှ အားကျောက်ကို လှည့်ပြောလိုက်သည်။
"ခနလေးနော် ကျုပ် မုမင်းယွမ်ဆီ ဖုန်းဆက်လိုက်အုံးမယ်” ဒီ
ထိုသို့ပြောပြီး ကျန်းကျင်းခိုင်က မုမင်းယွမ်၏ ဖုန်းကို လှမ်းခေါ်လိုက်၏။
"ဟေ့ မင်းယွမ် မင်းရောက်နေပြီလား"
“ဟုတ်ကဲ့ ကျွန်တော် အရှင်လတ်လတ်ကြီး ရှိနေပါတယ်ဗျာ”
ဖုန်းတဖက်ခြမ်းမှ မုမင်းယွမ်၏ ပျင်းရိလေးတွဲ့နေသောအသံ ထွက်ပေါ်လာသည်။
“ဘာဖြစ်လို့လဲ အင်စပက်တာ ကျွန်တော် ဒီနေ့ နေ့လယ်အထိ မနားတမ်းအလုပ်လုပ်ခဲ့ရတာနော် ဒီည ခင်ဗျားဆီလာဖို့တော့ ထပ်မပြောတော့ဘူးမလား”
ကျန်းကျင်းခိုင်က ရယ်မောရင်း ပြန်ဖြေလိုက်၏။
“မလိုပါဘူး မလိုပါဘူးကွာ ကျုပ် သိချင်တာရှိလို့ ဒီလိုလေ မိတ်ကပ်လိမ်းရာမှာ ကျွမ်းကျင်သူတွေများ မင်းဆီမှာ ရှိသလားလို့"
“မိတ်ကပ်လိမ်းဖို့ ဟုတ်လား အသက်ရှင်တဲ့သူတွေအတွက်လား ဒါမှမဟုတ် လူသေတွေအတွက်လား”
မုမင်းယွမ်က ပြန်မေးလိုက်သည်။
“အသက်ရှင်နေတဲ့လူတွေအတွက် တိတိကျကျပြောရရင် အရမ်းလှတဲ့ မိန်းကလေးတယောက်အတွက်"
ကျန်းကျင်းခိုင် စကားပြောရင်း အားကျောက်ကို လှမ်းကြည့်လိုက်၏။ အားကျောက်ကား သူ့စကားကို လုံးဝမကြားသည်နှင့် အမှုမှတ်တမ်းများကို သဲကြီးမဲကြီး ဖတ်ရှုနေ၏။
“ဒါမျိုးဆို ကျွန်တော် လုပ်ပေးနိုင်တယ်လေ”
မူမင်းယွမ်၏ အသံက ပိုမိုမြူးကြွလာ၏။
“ဘယ်မှာလိမ်းပေးရမှာလဲ ဘယ်လို မိတ်ကပ်မျိုးလဲ ပြီးတော့ ကျင်းခိုင် သူ့မှာ ချစ်သူတွေဘာတွေ ရှိသလား"
“သူ့မှာ ချစ်သူမရှိဘူး ဘာလဲမင်းက သူ့ကို စိတ်ဝင်စားလို့လား တော်တော်တော့ပင်ပန်းမယ်နော် မင်း သူ့နောက်ကို နေ့တိုင်းလိုက်နေရမှာ"
"အာ အေးဆေးပါ ကျွန်တော် ဒီလောက်တော့ ပင်ပန်းခံနိုင်ပါတယ် ဟဲ ဟဲ"
မုမင်းယွမ်က စိတ်အားထက်သန်စွာ ပြန်ဖြေလိုက်၏။
“ကောင်းပြီလေ မင်း အိမ်မှာရှိတယ်မလား ဆယ်မ်ိနစ်အတွင်း ဒီကိုရောက်အောင်လာခဲ့တော့”
ထို့နောက် ကျန်းကျင်းခိုင်က မုမင်းယွမ် ပြန်ပြောသည်ကို နားမထောင်တော့ပဲ ဖုန်းချလိုက်လေသည်။ သူ့ကို ဘေးနားမှ အားကျောက်က မျက်စောင်းထိုးကြည့်နေ၏။
ဆယ်မိနစ်မပြည့်ခင်မှာပင် မုမင်းယွမ်တယောက် ကျန်းကျင်းခိုင်၏ ရုံးခန်းသို့ အပြေးအလွှား ရောက်ချလာ၏။
" ဘယ်လိုလဲ ကျွန်တော် နောက်မကျဘူးမလား"
အထက်ပါအတိုင်းပြောရင်း သူ ကျန်းကျင်းခိုင်၏ ရုံးခန်းကို ဝေ့ကြည့်လိုက်ရာ အားကျောက်ကို မြင်သွားလေသည်။
"ဟာ အစ်မယင်ပါ ဒီကို ရောက်နေတာလား"
“ကဲ အားလုံးရောက်ပြီဆိုတော့ စကြရအောင်”
ကျန်းကျင်းခိုင်က မုမင်းယွမ်ကိုကြည့်ပြီး ပြုံးစေ့စေ့နှင့် ပြောလိုက်၏။
"ဟာ”
မုမင်းယွမ် ပါးစပ်ပြဲသွားလေသည်။
"ဘာလဲ ခုနကပြောတာ အစ်မယင်လား ကဲ ကဲ ဟုတ်ပါပြီဗျာ ကျွန်တော အရှုံးပေးပါတယ်"
အထက်ပါအတိုင်းပြောရင်း မုမင်းယွမ် အားရပါးရ ရယ်မောလိုက်လေသည်။ အားကျောက်နှင့် ကျန်းကျင်းခိုင်ကလည်း ရယ်မောလိုက်ကြ၏။ ထို့နောက် ကျန်းကျင်းခိုင်က ထပ်မံဆော်သြလိုက်ပြန်သည်။
"ကဲ အလုပ်စရအောင်"
မုမင်းယွမ် ခေါင်းညိတ်ပြလိုက်၏။ မုမင်းယွမ်ကား သူ့အလုပ်တွင် တကယ်ထူးချွန်သူ ဖြစ်သည်။ မိနစ်ပိုင်းအတွင်းမှာပင် သူ့အကူအညီနှင့် အားကျောက်သည် တခြားလူတယောက်ပုံစံ ပြောင်းလဲသွားတော့၏။ မှန်ရှေ့တွင်ရပ်နေရင်း အားကျောက် ကိုယ့်ကိုယ်ကိုပင် ပြန်အံ့သြသွားသည်။ မှန်ထဲမှ ဆွဲဆောင်မှုရှိသည့် အမျိုးသမီးသည် တကယ်ကြီး သူမတဲ့လား။
ထိုအခါ မုမင်းယွမ်က ကျန်းကျင်းခိုင်ကို မေးငေါ့ရင်း မေးလိုက်သည်။
“ဘယ်လိုလဲ သဘောကျရဲ့လား"
“မဆိုးဘူး ငါ့ညီတော်တယ်”
ကျန်းကျင်းခိုင်က လက်မထောင်ပြရင်း ပြောလိုက်၏။
“ဒါပေမဲ့ ဒီနေ့ကစပြီး မင်းကို ခနတဖြုတ်လောက်တော့ ဒုက္ခပေးရမယ်ထင်တယ် သူ့က်ို နေ့တိုင်းမိတ်ကပ်လိမ်းပေးလို့ အဆင်ပြေမယ်မလား"
မုမင်းယွမ် အံ့သြသွား၏။
"ဘာတွေလုပ်နေတာလဲ အင်စပက်တာ အစ်မယင်ကိုပါ ဒီအစီအစဥ်ထဲ ထည့်ဖို့ကြိုးစားနေတာလား”
“ကျုပ်က ထည့်တာမဟုတ်ဘူး သူက တောင်းဆိုခဲ့တာကွ"
ကျန်းကျင်းခိုင်က အားကျောက်ကို လှမ်းကြည့်ပြီး စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်သည်။
မုမင်းယွမ် ပုခုံးတွန့်ရင်း ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ ဒါဆိုရင်လဲ ကျွန်တော့်ဖက်က အဆင်ပြေပါတယ် နေ့တိုင်းမိတ်ကပ်လိမ်းပေးရတာ ဘာပြသနာမှမရှိပါဘူး"
ထိုအခါ ကျန်းကျင်းခိုင်က တစုံတခုကို သတိရလာဟန်ဖြင့် မေးလိုက်ပြန်၏။
"ဒါနဲ့ အလောင်းစစ်ဆေးတာက ဘာတွေများ ထူးခြားသေးလဲ"
မုမင်းယွမ် ခေါင်းခါလိုက်၏။
“ဘာထူးခြားချက်မှမတွေ့ပါဘူးဗျာ ဓာတုပစ္စည်းတွေ ဒါမှမဟုတ် မူးယစ်ဆေးဝါးတွေ ဘာဆိုဘာမှမတွေ့ဘူး သားကောင်တွေဟာ ဘယ်ကနေဘယ်လိုဖြစ်မှန်းမသ်ိပဲ အသွေးအသားတွေ စုတ်ထုတ်ခံလိုက်ရသလိုပဲ”
အထက်ပါအတိုင်းပြောပြီး သူက ဆက်ပြောလိုက်ပြန်သည်။
"ကျင်းခိုင်...အင်စပက်တာကျန်း ခင်ဗျား ပြန်စဥ်းစားသင့်တယ်နော် အခုထိ သားကောင်တွေဟာ ပြည့်တန်ဆာတွေ ဒါမှမဟုတ် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတဲ့လူတွေ သူတို့က လူကောင်းတွေမှမဟုတ်တာပဲ ကျွန်တော့အထင်တော့ ဒါမတန်ဘူးထင်တယ် ခင်ဗျားရဲ့အသက်ကို ဂရုမစိုက်ရင်တော့ သူ့အတွက်တော့ ထည့်တွက်သင့်တယ်မလား"
ကျန်းကျင်းခိုင် ဘာမှမပြောပဲ ပုခုံးတွန့်ပြလိုက်၏။