ထူးဆန်းသောကျောက်စိမ်းဘုရားဆင်းတုရုပ်
Vol. 14 Ch. 133
ဦးလေးကိုင်၏ ခေါက်ဆွဲဆိုင်တွင် ညစာစားပြီးနောက် မိတ်ကပ်၏အစွမ်းကို စမ်းသပ်ရန် ကျန်းကျင်းခိုင်က အားကျောက်ကို လမ်းကြားထဲ ခေါ်လာခဲ့၏။ သူ လမ်းမေးဟန်ဆောင်ပြီး မိန်းကလေးတချို့နှင့် စကားစမြည်ပြောကြည့်လေသည်။ တချိန်တည်းမှာပင် အားကျောက်ကလည်း အသံပြောင်းပြီး တခြားမိန်းကလေးများနှင့် စကားပြောကြည့်ပြန်သည်။ မည်သူတဦးတယောက်မှ အားကျောက်ကို မှတ်မိဟန်မပေါ်၍ ကျန်းကျင်းခိုင် အတော်အသင့် စိတ်အေးသွား၏။
နောက်တစ်နေ့မနက်အရောက်တွင် ကျန်းကျင်းခိုင်တယောက် ယောက်ထန်းယုနှင့် သွားတွေ့ပြန်သည်။ သူက လူသတ်မှုနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များနှင့် သူ့အစီအစဥ်အကြမ်းဖျင်းကို ယောက်ထန်းယုအား တင်ပြလိုက်လေသည်။
နောက်ဆုံးတော့ ယောက်ထန်းယုတယောက် အတော်လေး စိတ်မသက်မသာဖြစ်နေသောအမူအရာနှင့် ကျန်းကျင်းခိုင်ကို ကြည့်ရင်း ပြောလိုက်သည်။
"ကျင်းခိုင် မင်းအနေနဲ့ ဒါကို သေသေချာချာစဉ်းစားပြီးပြီလား တစ်ခုခုမှားသွားရင် မင်းနဲ့ မိန်းကလေးကျီးယွမ်နှစ်ယောက်လုံး အသက်ဆုံးရှုံးသွားနိုင်တယ်နော်"
ကျန်းကျင်းခိုင်က ခေါင်းညိတ်ပြီး အာမခံလိုက်၏။
"မပူပါနဲ့ ကော်မရှင်နာ ကျီးယွမ်က ဒီကိစ္စမှာ သူ့ဆန္ဒအလျောက် ဝင်ပါတာမျိုးပါ ကျွန်တော် သူ့ကို တားပါသေးတယ် ဒါပေမဲ့ သူက အရမ်းခေါင်းမာတယ်"
"ဘာပဲဖြစ်ဖြစ် သတိထားတာ ပိုကောင်းတယ်ကွ တကယ်ပဲ တခြားနည်းလမ်းမရှိတော့ဘူးလား"
ယောက်ထန်းယု မအီမသာမျက်နှာပေးနှင့် မေးလိုက်သည်။
"အားရှုနဲ့ပတ်သက်တဲ့လူတွေ အားလုံးနီးပါး သေကုန်ကြပြီဆိုတော့ လူသတ်သမားက..."
ယောက်ထန်းယု တခုခုပြောဖို့ စဥ်းစားနေဟန်တူသည်။ သို့သော် ဘာအသံမှ ထွက်မလာတော့ပဲ သူ နှုတ်ဆိတ်သွား၏။
"မပူပါနဲ့ ကော်မရှင်နာ ကျွန်တော်တို့ အဆင်ပြေမှာပါ"
ကျန်းကျင်းခိုင်က ပြုံးပြရင်း ကော်မရှင်နာယောက်ကို ပြန်လည်နှစ်သိမ့်လိုက်သည်။
"ဒါဆို ကောင်းတာပေါ့ကွာ ဒီလိုလုပ်ပါလားကွ မနက်ဖြန်ညကျရင် မိန်းကလေးကျီးယွမ်ကို ကျုပ်အိမ်ကို ညစာစားဖို့ ခေါ်ခဲ့လိုက်ပါ ကျုပ်ဇနီးကလဲ မင်းကိုမေးနေတာ ကြာပြီ"
"ဒီတခါတော့... ကျွန်တော် ငြင်းပါရစေခင်ဗျာ"
ကျန်းကျင်းခိုင် ခေါင်းခါလိုက်၏။
"အမှုပြီးမှပဲ အောင်ပွဲခံရအောင်ပါ ကျွန်တော်တို့ အမှုဖြေရှင်းပြီးရင် ကော်မရှင်နာတို့အိမ်ကို သေချာပေါက် လာလည်ပါ့မယ်"
ယောက်ထန်းယု ခေါင်းညိတ်ပြလိုက်၏။
"အင်း ဟုတ်ပြီး မင်း အခု သွားလို့ရပြီ လုပ်စရာရှိတာ သွားလုပ် အစစအရာရာ သတိရှိပါစေ"
ကော်မရှင်နာယောက်ကို နှုတ်ဆက်ပြီး ကျန်းကျင်းခိုင် လှည့်ထွက်လာခဲ့၏။ ထို့နောက် သူက အိမ်တွင် အားကျောက်ကို ဝင်ခေါ်ပြီး လက်ထောက်ခရိုင်ရုံးသို့ ထွက်လာခဲ့သည်။ အားကျောက်အနေနှင့် အမှုအကြောင်းကို မည်မျှပင်သိရှိထားစေကာမူ သူမသည် ပြင်ပလူဖြစ်နေ၍ လိုအပ်သော လုပ်ထုံးလုပ်နည်းတချို့ကို ဖြတ်သန်းရအုံးမည်သာ။ သို့သော် ကျန်းကျင်းခိုင်ဘေးနားတွင် အချိန်ပြည့်ရှိနေရသည်ဖြစ်၍ အားကျောက်အဖို့ကတော့ အရာရာတိုင်းမှာ ပျော်စရာကောင်းနေ၏။
ဤရက်များအတွင်း ကျူအန်းနယ်မြေရဲစခန်းနှင့်လက်ထောက်ခရိုင်ရဲဌာနချုပ်မှာ ရဲများ အလွန်အလုပ်များနေ၏။ အကြောင်းမှာ ကျန်းကျင်းခိုင်ကိုယ်တိုင် ကွင်းဆင်းတော့မည် မဟုတ်ပါလား။ တစ်ခုခုမှားသွားခဲ့လျင်ဟူသောအတွေးမျိုးမှာ တွေးစရာပင် မဟုတ်ချေ။ ကျန်းကျင်းခိုင်နှင့် အားကျောက်တို့၏ အသက်ကို ဤစစ်ဆင်ရေးတွင် အလောင်းအစားလုပ်ထားရသည် မဟုတ်ပါလား။
ဤယနေ့တွင်လည်း ကျန်းကျင်းခိုင်သည် အားကျောက်နှင့်အတူ အမှု၏ အသေးစိတ်အချက်အလက်များကို ပြန်လည်သုံးသပ်နေကြာ၏။ တချီတွင် အားကျောက်က စိတ်ရှုပ်ထွေးဟန်ဖြင့် ကျန်းကျင်းခိုင်ကို မေးလိုက်သည်။
"ဒီလောက်လူတွေအများကြီးကို အစ်မရှုအတွက် လက်စားချေတဲ့အနေနဲ့ ပြန်သတ်ခဲ့တာ ဘယ်လိုလူစားမျိုးများ ဖြစ်မလဲမသိဘူးနော်"
ကျန်းကျင်းခိုင် မချိပြုံးပြုံးလိုက်သည်။
"ကျုပ်လဲ မသိဘူး သိရင်လဲ ဒီအမှုက ပြီးသွားပြီပေါ့ကွာ"
ထို့နောက် သူက ကုလားထိုင်မှာ မှီရင်း သက်ပြင်းချလိုက်၏။
"ပြီးတော့ လူသတ်သမားက လိမ္မာပါးနပ်လွန်းအားကြီးတယ် သာမာန်လူသတ်သမားနဲ့ မတူဘူး"
အားကျောက်က နှုတ်ခမ်းကိုင်ရင်း ကျန်းကျင်းခိုင်ကို ကြည့်လိုက်၏။
"ဒါပေမဲ့... အစ်မရှုအတွက် ဒီလိုလုပ်ပေးရလောက်အောင် သူ့မှာ ရင်းနှီးတဲ့လူ မရှိဘူးလို့ ခံစားရတယ် ပြီးတော့ လူသတ်သမားဟာ လမ်းကြားထဲက အခြေအနေတွေကို အရမ်းရင်းနှီးနေတယ်"
"လမ်းကြားထဲက အခြေအနေတွေကို အရမ်းရင်းနှီးနေတယ် ဟုတ်လား ဒါက ဘာကိုဆိုလိုတာလဲ"
ကျန်းကျင်းခိုင် အံ့သြသွား၏။
"ဟန်နီ စဉ်းစားကြည့်လေ အစ်မရှုကို သတ်ခဲ့တဲ့ ခြောက်ယောက်စလုံးက ပါးစပ်အရမ်းလုံတယ် ကျွန်မ လမ်းကြားထဲမှာ နှစ်နှစ်နေခဲ့ပေမဲ့ ဒီအကြောင်းတွေ လုံးဝမသိခဲ့ဘူးလေ ပြီးတော့ အားရှာနဲ့အားဆွေဟာ အရမ်းရင်းနှီးကြတယ်မလား အားရှာတောင် ဘာတခုမှ မသိထားဘူး ဒီလောက်အတွင်းရေးကျတဲ့အချက်အလက်တွေကို လူသတ်သမားက ဘယ်လိုလုပ်ပြီး သိနေတာလဲ"
အားကျောက်၏ သုံးသပ်ပုံမှာ မှန်ကန်လှ၏။
"ပြီးတော့ ရှင့်ရဲ့စစ်ကြောရေးမှတ်တမ်းတွေအရ ပထမဆုံးအသတ်ခံရတဲ့ ကျောက်ရန်းချူဟာ အားရှုနဲ့ တဦးချင်းပဲ ဆက်သွယ်ခဲ့တာဆို ဒါကို သိတဲ့လူ အရမ်းနည်းတယ် လူသတ်သမားက ဘယ်လိုလုပ်ပြီး သိနေတာလဲ"
ကျန်းကျင်းခိုင် ပြုံးလိုက်၏။
"ဟုတ်တယ် မင်းပြောတာ မှန်တယ် ဒီအမှုပြီးရင် ရဲတပ်ဖွဲ့မှာ ရာထူးတခုပေးဖို့ ကော်မရှင်နာကို ကျုပ်ပြောလိုက်မယ်"
အရွှန်းဖောက်လိုက်ပြီးမှ ကျန်းကျင်းခိုင်က ထပ်မေးလိုက်၏။
"အမှုနဲ့ပတ်သက်ပြီး တခြားထူးဆန်းတာ ဘာများရှိသေးလဲ"
အားကျောက်က မျက်စောင်းထိုးရင်း ဆက်ပြောလိုက်သည်။
"ရှိသေးတယ်ရှင့် ရာဇဝတ်မှုကျူးလွန်တဲ့အချိန်က အရမ်းကိုတိုတောင်းလွန်းနေတယ်"
အားကျောက် စကားကို ခေတ္တရပ်ပြီး စဥ်းစားနေ၏။
"ဥပမာ ရှောက်မေအသတ်ခံရတဲ့ ပထမဆုံးအမှုဆိုပါတော့...ရှောက်မေနဲ့ ကျောက်ရန်းချူ အိပ်ခန်းထဲဝင်သွားပြီး သိပ်မကြာဘူး ကျွန်မ ရှောက်မေရဲ့ အော်သံကြားလို့ သူတို့အခန်းထဲ လိုက်ဝင်သွားတယ် ဒီကြားကာလက သေချာပေါက် မိနစ်နှစ်ဆယ်ထက် နည်းတယ် ဒီလောက်ထ်ိ တိုတောင်းတဲ့အချိန်လေးမှာပဲ သူတို့ အရိုးစုတွေ ဖြစ်ကုန်ကြတယ်လေ နောက်ဆုံးအမှုကိုပဲ ကြည့် ကျွန်မတို့ အခန်းထဲရောက်တဲ့အချိန်မှာ အားဟွိုင် လှုပ်ရှားနေုတုန်းပဲလေ"
"မှန်တယ်"
ကျန်းကျင်းခိုင်က ခေါင်းညိတ်လိုက်သည်။
"ဒါ ကျုပ် အမြဲတမ်း နားလည်ဖို့ ကြိုးစားနေတဲ့ အရာပဲ လူသတ်သမားရဲ့ လုပ်ရပ်တွေက အရမ်းမြန်လွန်းနေတယ်"
"ကျွန်မစိတ်ထဲ လူသတ်သမားက အစ်မရှုလိုပဲ ဒါပေမဲ့ သူ့အင်အားနဲ့ ဒီလိုမျိုး ဘယ်လိုလုပ်နိုင်မှာတဲ့လဲ"
ထို့နောက် အားကျောက်က အမှုဖိုင်တွဲကို ဘေးတွင်ချထားရင်း ပြောလိုက်၏။
"ဟန်နီ ရှင် သရဲကိုယုံလား သရဲတကောင်က လူတွေကို သတ်နိုင်ပါ့မလား"
ကျန်းကျင်းခိုင် ခေါင်းခါလိုက်၏။
"မယုံဘူး မဖြစ်နိုင်ဘူး လူသတ်သမားဟာ လူတစ်ယောက်ပဲ ဖြစ်ရမယ် လူသတ်သမားက သရဲတကောင်လို့ ကျုပ်ပြောလိုက်ရင် အထက်လူကြီးတွေက ကျုပ်ကို အရူးထောင်ပို့လိုက်လိမ့်မယ်"
"အို ဘာပဲဖြစ်ဖြစ် ကျွန်မ ဒါလေး ရှင့်ကို ပေးထားမယ်"
ပြောပြောဆိုဆို အားကျောက်က သူမ၏ လည်ပင်းမှ သေးငယ်သော ဘုရားဆင်းတုတစ်ဆူကို ဖြုတ်ပြီး ကျန်းကျင်းခိုင်၏ လည်ပင်းတွင် ဆွဲပေးလိုက်၏။
"ရှင် ဒါကို ဆွဲထားရမယ် ဘယ်တော့မှ မဖြုတ်ရဘူး"
"ဒါ ဘာလဲ"
ကျန်းကျင်းခိုင် ဆွဲကြိုးကို ငုံ့ကြည့်ရင်း မေးလိုက်၏။ အားကျောက်က ဤဆွဲကြိုးကို အမြဲတမ်း ဆွဲထားမှန်း သူသိသော်ငြား သူအဖို့ အမှတ်တမဲ့သာ။
"မပြောဘူး ဘာပဲဖြစ်ဖြစ် ရှင် ဆွဲထားရမယ် ပျောက်လို့ မရဘူး ဖြုတ်လို့ မရဘူး"
"ကောင်းပါပြီကွာ"
ကျန်းကျင်းခိုင် ဘာမှထွေထွေထူးထူး ပြောမနေတော့ပဲ ခေါင်းညိတ်လိုက်၏။