← Chapters

ထူးဆန်းသောအသံများ

Vol. 14 Ch. 134

ထူးဆန်းသောအသံများ

Vol. 14 Ch. 134

ညနေစောင်းအရောက်တွင် ကျန်းကျင်းခိုင်က အားကျောက်ကို ထပ်မံအလှပြင်ခိုင်းပြန်၏။ ထို့နောက် သူတို့နှစ်ဦး လမ်းကြားထဲရှိ ထိန်းချုပ်ခန်းသို့သွားရန် ဟန်ပြင်လိုက်ကြသည်။ သို့သော် ၎င်းတို့မထွက်ခွာမီလေးမှာပင် လျူနင်းတယောက် အစီရင်ခံစာနှင့် စီဒီတစ်ချပ်ကို ကိုင်ဆောင်၍ ရုံးခန်းထဲသို့ ဝင်လာ၏။

အခန်းထဲရောက်သည်နှင့် လျူနင်းက ပြောလိုက်သည်။

“အင်စပက်တာကျန်း အားဟွိုင် သေသွားတဲ့ညမှာ အခန်းထဲက ဆူညံသံတွေကို ခွဲခြမ်းစိတ်ဖြားထားတဲ့ အစီရင်ခံစာ ရလာပါပြီ"

“တကယ်လား ဒီတစ်ခါ ဗဟိုဗျူရိုက အလုပ်လုပ်သားပဲ"

ထို့နောက် ကျန်းကျင်းခိုင်က လျူနင်း၏ကွန်ပျူတာကို လက်ညှိုးထိုးပြရင်း ပြောလိုက်၏။

"ဖွင့်ပြစမ်းပါ ကျုပ်တို့ နားထောင်ရအောင်”

လျူနင်းက ကျန်းကျင်းခိုင်လက်ထဲ​မှ စီဒီကို ပြန်ယူကာ သူမ၏ကွန်ပျူတာထဲသို့ ထည့်လိုက်သည်။

“ဆီလား… အာအို… အာအယ်…”

သိပ်မကြာမီ လျူနင်း၏ကွန်ပျူတာမှ ထူးဆန်းသောအသံများ ဆက်တိုက်ထွက်ပေါ်လာ၏။

“အင်စပက်တာကျန်း ဒီအသံတွေက အဲဒီညက မူရင်းအသံတွေဖြစ်ပါတယ်"

“ဟုတ်ပြီ သူတို့ ဒီဂျစ်တယ်နည်းနဲ့ ပြုပြင်ထားတဲ့အသံတွေကို ဖွင့်ပြစမ်း”

“အားဟွိုင်...ငါ့အသက်ကို ပြန်ပေး အားဟွိုင် ငါ့အသက်ကို ပြန်ပေး"

အမျိုးသမီးတစ်ဦး၏ အက်ကွဲကွဲအသံသည် ရုံးခန်းတစ်ခန်းလုံးသို့ ပျံ့နှံ့သွားပြီး ကြားလိုက်ရသူတိုင်းကို ကြက်သီးမွေးညင်းထသွားစေ၏။

“အစ်မ… အစ်မရှု…”

ထိုအသံကိုကြားသည်နှင့် အားကျောက်သည် လျူနင်း၏ကွန်ပျူတာကို ကြောက်ရွံ့တုန်လှုပ်စွာ စိုက်ကြည့်နေသည်။ ကျန်းကျင်းခိုင်က အားကျောက်၏ ပုခုံးကို လှမ်းဖက်ရင်း မေးလိုက်သည်။

“ကျီးယွမ် စိတ်အေးအေးထား စိတ်အေးအေးထား! ဘယ်သူလဲ အားရှုလား”

အားကျောက် ခေါင်းညိတ်အတည်ပြုလိုက်၏။

"ဟုတ်တယ် သူပဲ သူပဲဖြစ်ရမယ် ဒါသူ့အသံပဲ”

အားကျောက် အတော်လေးစိတ်လှုပ်ရှားနေမှန်း သဘောပေါက်သော ကျန်းကျင်းခိုင်က လျူနင်းကို အမိန့်ပေးလိုက်၏။

"ရပြီ ပိတ်လိုက်တော့"

လျူနင်း ကွန်ပျူတာကို ပိတ်လိုက်၏။

“အင်စပက်တာကျန်း အဲဒီအသံက အဲဒီနောက်ပိုင်းမှာလည်း အဲဒီစကားစုကိုပဲ ဆက်တိုက်ရွတ်နေခဲ့တာရှင့်”

“ရပြီ ကျုပ်သိပြီ”

ကျန်းကျင်းခိုင် ခေါင်းညိတ်ပြရင်း အားကျောက်ကို လှည့်မေးလိုက်ပြန်သည်။

“မင်း အဆင်ပြေရဲ့လား"

“ဟုတ်ကဲ့ ပြေပါတယ်"

အားကျောက်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမခေါင်းကို မော့ကာ ကျန်းကျင်းခိုင်ကို ပြောလိုက်၏။

“ဟန်နီ... သူ… သူ အသက်ရှင်နေသေးတာများလား ဒါပေမဲ့… ဒါပေမဲ့ သူ့အသံက အရမ်းကြောက်စရာကောင်းတယ်”

“မင်း ကြားတာ သေချာရဲ့လား”

ကျန်းကျင်းခိုင်က မယုံနိုင်ဟန်ဖြင့် မေးလိုက်၏။

“အားရှုရဲ့အသံဆိုတာတော့ ကျွန်မသေချာတယ်”

အားကျောက် စိတ်ငြိမ်သွားပြီဖြစ်၍ လေသံမှန်မှန်နှင့် အတည်ပြုလိုက်သည်။

“ဒါဆို သူ အသက်ရှင်နေသေးတယ်လို့ ကျုပ်တို့ ယူဆရမှာလား”

ကျန်းကျင်းခိုင် အစီရင်ခံစာကို ဖတ်ကြည့်ရင်း တွေ​​ဝေနေ၏။

“ဒါပေမဲ့ အသံက တကယ်ထူးဆန်းတယ် ပုံမှန်အသံရဲ့ ကြိမ်နှုန်းနဲ့ မတူဘူးဖြစ်နေတယ် ဒစ်ဂျစ်တယ်နည်းပညာနဲ့ပြုပြင်လိုက်မှ ကျုပ်တို့ ဒီအသံကို ကြားရတာ တစ်နည်းအားဖြင့် ပြောရရင် ဒါက အင်ဖရာဆောနစ်လှိုင်းဖြစ်နေတယ် ပုံမှန်အားဖြင့် ကျုပ်တို့ ဒါကို ကြားနိုင်စွမ်းမရှိဘူးလေ"

အထက်ပါအတိုင်းပြောပြီး ကျန်းကျင်းခိုင်က အစီရင်ခံစာကို လျူနင်းထံ ပြန်ကမ်းပေးရင်း ပြောလိုက်၏။

“ကောင်းပြီ လျူနင်းက အစီရင်ခံစာကို သိမ်းထားလိုက် မနက်ဖြန်မနက်ကျမှ ကျုပ် ထပ်ကြည့်မယ် ခုတော့ မူလအစီအစဉ်အတိုင်း လမ်းကြားကို သွားကြစို့”

ထို့နောက် ကျန်းကျင်းခိုင်သည် အားကျောက်လက်က်ုဆွဲပြီး အခန်းထဲမှ ထွက်လာခဲ့ကြ၏။ ကားစက်နှိုးရင်းနှင့် ကျန်းကျင်းခိုင်က ပြောလိုက်ပြန်သည်။

"ဒါနဲ့ ခုနက မင်းပြောတာ အဓိပ္ပာယ်ရှိတဲ့ပုံပဲ ကျုပ်တို့ အသံကို မကြားနိုင်ဘူး ဒါပေမဲ့ အားဟွိုင်နဲ့တခြားလူတွေ ဘယ်လိုလုပ်ပြီး ဒီအသံက်ို ကြားနိုင်တာလဲ"

အားကျောက်က ခေါင်းခါပြလိုက်၏။

"ကျွန်မလဲ မပြောတတ်တော့ဘူး ပြီးတော့ တကယ်လို့ အစ်မရှုက အသက်ရှင်နေသေးတယ်ဆိုရင် အဲဒီအခန်းထဲက အသံက ဘာလို့ အင်ဖရာဆောနစ်အသံလှိုင်း ဖြစ်နေရတာလဲ”

ကျန်းကျင်းခိုင် ပခုံးတွန့်လိုက်၏။

"မင်းလိုပဲ ကျုပ်လည်း မသိဘူး မနက်ဖြန်ကျမှ သက်သေခံပစ္စည်းရှာဖွေရေးဌာနက လူတစ်ယောက် ဒါကို ရှင်းပြနိုင်မလားဆိုတာ မုမင်းယွမ်ကို မေးကြည့်ရအောင်”

လမ်းကြားတွင် လူရှောက်ချိန်နှင့် ကျန်းနန်တို့သည် နေရာတစ်ခုကို ရွေးချယ်ထားပြီးဖြစ်သည်။ ၎င်းသည် အခြားအဆောက်အအုံများနှင့် အတော်လေး ဝေးကွာသော အိပ်ခန်းနှစ်ခန်းပါ တိုက်ခန်းတစ်ခန်းဖြစ်သည်။ တိုက်ခန်းရှိ အခန်းနှစ်ခန်းအနက် တစ်ခန်းသည် တောင်ဘက်တွင်ရှိပြီး ကျန်တစ်ခန်းသည် မြောက်ဘက်တွင်ရှိ၏။ အလယ်ရှိစင်္ကြံသည် အိပ်ခန်းများ၊ မီးဖိုချောင်နှင့် ရေချိုးခန်းတို့ကို ချိတ်ဆက်ထားလေသည်။

“ကောင်းတယ် နေရာက မဆိုးဘူး”

ကျန်းကျင်းခိုင် တိုက်ခန်းအတွင်းအပြင်ကို စစ်ဆေးပြီးနောက် ကျေနပ်စွာ ပြောလိုက်၏။

"စစ်ဆင်ရေးအတွက် အရမ်းသင့်လျော်ပြီး စောင့်ကြည့်ကင်မရာတွေ တပ်ဆင်ဖို့လည်း လွယ်ကူတယ်”

ထို့နောက် သူ ကျန်းနန်ကို မေးလိုက်သည်။

"ဆာဂျင်ကျန်း မင်း စောင့်ကြည့်ကင်မရာတွေ အားလုံး တပ်ဆင်ပြီးပြီလား"

“ပြီးခါနီးပြီ” ကျန်းနန်က ပြန်ဖြေလိုက်သည်။

"အခန်းတွေထဲမှာတော့ အကုန်ပြီးသွားပြီ အပြင်ဘက်ကို ဒီည အပြီးတပ်မယ်"

“ဆာဂျင်ကျန်း တကယ်လို့ အချိန်ကျရင် ကျွန်မတို့ ဘယ်အခန်းကို သုံးကြမှာလဲ"

ကျန်းနန်ရှေ့တွင် အမြဲတစေ စိတ်မသက်မသာဖြစ်နေတတ်သော အားကျောက်က မေးလိုက်၏။ အားကျောက်၏ စိတ်ထဲတွင် တနေ့နေ့ သူမကို ကျန်းနန် မှတ်မိသွားမည်ကို အမြဲစိတ်ပူနေတတ်သည်မှာ အမှန်ပင်။

ကျန်းနန်က တောင်ဘက်အခန်းကို လက်ညှိုးထိုးပြလိုက်၏။

“တောင်ဘက်အခန်းကို သုံးရမှာလေ အဲဒီက ​ပိုအဆင်ပြေမယ် ကျန်တဲ့အခန်းကို စောင့်ကြည့်ခန်းအဖြစ် သုံးမယ် အရာရှိနှစ်ယောက် သုံးယောက်လောက်ကလဲ ကင်းစောင့်နေလိမ့်မယ်”

“အိပ်ခန်းရဲ့ကြမ်းပြင်နဲ့ နံရံတွေကို ပြုပြင်လို့ ရမလားလို့ ကျွန်မစဉ်းစားနေတာရှင့်”

အားကျောက်က ကျန်းနန်ကို တစ်ချက်ကြည့်ပြီး ကျန်းကျင်းခိုင်ကို ထပ်ကြည့်လိုက်သည်။

"လူသတ်သမားက အခန်းထဲကနေ လွတ်မြောက်သွားနိုင်မယ် ထင်သလား"

အားကျောက်၏ မေးခွန်းကြောင့် ကျန်းကျင်းခိုင်၊ ကျန်းနန်နှင့် လူရှောက်ချိန်တို့ သုံးဦး တယောက်မျက်နှာကိုတ​ယောက်ကြည့်ပြီး နှုတ်ဆိတ်နေကြသည်။ လူသတ်သမားသည် တံခါးများ သို့မဟုတ် ပြတင်းပေါက်များမှတစ်ဆင့် ထွက်ပြေးခြင်းမရှိခဲ့ကြောင်း သူတို့အားလုံး သိထားပြီးသားပင် မဟုတ်ပါလား။ သို့သော် အားကျောက်၏ကြမ်းပြင်နှင့် နံရံများကို ပြုပြင်ရန် အကြံပြုချက်သည် လက်ရှိအခြေအနေအရ ယုတ္တိရှိနေပုံရသည်။

နောက်ဆုံးတော့ ကျန်းနန်က စကားစပြောလိုက်၏။

"မိန်းကလေးကျီးယွမ်ရဲ့ အကြံက အတော်လေးကောင်းတယ် ဒီလိုဆိုရင် ဘယ့်နှယ့်လဲ နောက်နှစ်ရက်လောက် အချိန်ပိုယူလိုက်ရအောင် ကြမ်းပြင်နဲ့ နံရံတွေကို ထပ်ပြီးစစ်ဆေးမယ်။ ပြီးရင် နံရံနောက်မှာ သတ္တုကာကွယ်ရေးကွန် တပ်ထားမယ် ဒီနည်းနဲ့ အခန်းတစ်ခုလုံးကို ကျွန်တော်တို့ စောင့်ကြည့်နိုင်လိမ့်မယ်”

ကျန်းကျင်းခိုင် ရယ်မောပြောလိုက်၏။

"ဟား ဟား ဒီနည်းလမ်းက အတော်လေးကောင်းတယ် ကျုပ်တို့တော့ လှောင်ချိုင့်ထဲရောက်နေသလိုကို ဖြစ်နေတော့မှာပဲ"

အားကျောက်က ကျေနပ်သွားဟန်​ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“ကျေးဇူးပါ ဆာဂျင်ကျန်း”

သူမ၏အကြံပြုချက်နှင့် ပတ်သက်၍ ကျန်းကျင်းခိုင် ဘာထင်သည်ကို သူမဂရုမစိုက်။ သူမအနေနှင့် ဤအခန်းကို ၁၀၀% လုံခြုံစေလိုသည်။ ကျန်းကျင်းခိုင်ကို ဘယ်နည်းနှင့်မှ အားကျောက် သေခွင့်မပြုနိုင်ပါ။

“ကောင်းပြီ တခြားဘာမှမရှိဘူးဆိုရင် အပြင်ထွက်ပြီး တစ်ခုခုစားကြမလား”

ကျန်းနန်သည် အခန်းထဲရှိ ကျန်သုံးဦးကို ကြည့်ရင်း အဖော်စပ်လိုက်သည်။

"ပြီးတော့ မိန်းကလေးကျီးယွမ်လည်း ဒီမှာရှိတယ် ဒီတော့ အင်စပက်တာကျန်း ဒီတခါ ဆင်ခြေလက်ခြေတွေ ပေးလို့မရတော့ဘူးနော်"

ထိုစကားကြောင့် ကျန်းကျင်းခိုင်က အားကျောက်ကို လှမ်းကြည့်လိုက်သည်။ အားကျောက် ဘာမှပြန်မပြောပဲ သူ့ကို ပြုံးပြီး ပြန်ကြည့်နေ၏။

အခြေအနေက်ို အကဲခတ်ရင်း ကျန်းနန်က ဆော်သြလိုက်လေသည်။

“ကဲ သွားကြစို့ ကားကို စခန်းမှာ ရပ်ပြီး တက္ကစီနဲ့သွားကြမယ် ဒီည သောက်မယ် ဘယ်သူမှ နောက်မဆုတ်ရဘူး"

All Chapters