ပြင်ဆင်ထားတဲ့တိုက်ခန်း
Vol. 14 Ch. 135
အားကျောက်က အခန်းကို ထပ်မံပြင်ဆင်ရန်တောင်းဆိုသဖြင့် သူတို့၏အစီအစဥ်မှာ အချိန်တပတ်ခန့် နောက်ဆုတ်သွားပြန်သည်။ တစ်ပတ်တာကာလသည် မြန်မြန်ဆန်ဆန်ပင် ကုန်ဆုံးသွားခဲ့၏။ ဤကာလဝယ် ဘာအမှုအခင်းမှ ဖြစ်ပွားသည်မရှိပဲ အရာအားလုံး အေးအေးချမ်းချမ်း ရှိနေလေသည်။
ဤအတောအတွင်း ကျန်းကျင်းခိုင်သည် ချိုတောက်ကန်းနှင့် သွားတွေ့လိုက်သေး၏။ ကံမကောင်းအကြောင်းမလှစွာပင် ချိုတောက်ကန်းသည် စွေ့ဂိုဏ်းသားသုံးဦးသေဆုံးခြင်းနှင့်ပတ်သက်၍ မည်သည့်သဲလွန်စမှ ထပ်ပေးနိုင်ခြင်းမရှိတော့ချေ ။ တစ်ချိန်တည်းမှာပင် စိတ်တည်ငြိမ်စပြုလာသော အားဖင်းတယောက် ပြည်တော်ပြန်သွား၏။ သူမ၏ အပြန်ခရီးကို လူရှောက်ချိန်ကပင် လိုက်ပို့ခဲ့လေသည်။ အားလျန်သည်လည်း စိတ်ဖောက်မြဲဖောက်နေဆဲပင်။
-------------------------------
"အင်စပက်တာ ဆာဂျင်ကျန်းဖုန်းခေါ်နေတယ်"
လူရှောက်ချိန်တယောက် ကျန်းကျင်းခိုင်၏ ရုံးခန်းထဲဝင်လာပြီး ပြောလိုက်၏။
"လမ်းကြားထဲက အခန်း အဆင်သင့်ဖြစ်နေပါပြီ အင်စပက်တာ ဒီနေ့အားမယ်ဆိုရင် အစ်မကျီးယွမ်နဲ့အတူ အခန်းကို သွားစစ်လို့ရပြီလို့ ပြောနေပါတယ်"
"ကောင်းပြီ"
ကျန်းကျင်းခိုင် ပြုံးပြရင်း သဘောတူလိုက်၏။
"နောက်ဆုံးတော့ ပြီးသွားပြီပေါ့ ဆာဂျင်ကျန်းကိုပြောလိုက် ကျုပ်တို့ နေ့လည်ပိုင်းလာခဲ့မယ်လို့ ဒီမတက်တော့ သူ သူငယ်ချင်းနဲ့ အပြင်ခနသွားနေတယ် ကျုပ်တို့ကို ဒုက္ခပေးမဲ့ စိတ်ကူးစိတ်သန်းတွေ သူ့စိတ်ထဲမှာ ထပ်ပေါ်မလာပါစေနဲ့လို့ ဆုတောင်းရတော့မှာပဲ"
"ဟဲဟဲ စိတ်မပူပါနဲ့ အင်စပက်တာ"
လူရှောက်ချိန်က ရယ်မောရင်း ပြောလိုက်၏။
"ဆာဂျင်ကျန်းက ပြောတယ် အစ်မကျီးယွမ် ဒီတစ်ခါတော့ သေချာပေါက် ကျေနပ်သွားလိမ့်မယ်တဲ့"
နေ့လည်ရောက်သည်နှင့် အားကျောက်တယောက် လက်ထောက်ခရိုင်ရဲဌာနချုပ်သို့ ရောက်ရှိလာ၏။ သိပ်မကြာမီ မုမင်းယွမ်ပါ ထပ်မံရောက်ရှိလာပြီး အားကျောက်ကို ထပ်မံအလှပြင်ပေးပြန်သည်။အားကျောက်သည် ယခင်က လမ်းကြားတွင် အလုပ်လုပ်ခဲ့ဖူးသူဖြစ်လေရာ မိတ်ကပ်လိမ်းကာ ရုပ်ပြောင်းထားခြင်းအားဖြင့် သူမ၏ လုပ်ဖော်ကိုင်ဖက်များ သူမကို မှတ်မိခြင်းမှ ကာကွယ်ပေးပြီး မလိုအပ်သော ပြဿနာများ ပေါ်ပေါက်လာခြင်းကို တားဆီးပေးနိုင်ပေလိမ့်မည်။ တခြားရှုထောင့်မှကြည့်လျှင် ကျန်းကျင်းခိုင်အနေနှင့် ကျီးယွမ်ကို အားကျောက်မှန်း သူမသိခဲ့ကြောင်း ခပ်တည်တည်နှင့် ဗြောင်လိမ်နိုင်မည် ဖြစ်သည်။
ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ပြီးသည်နှင့် ကျန်းကျင်းခိုင်နှင့် လူရှောက်ချိန်တို့က လမ်းကြားထဲရှိ အခန်းသို့ ခေါ်သွား၏။ နံရံများကို ပြင်ဆင်မွန်းမံထားသော်ငြား တခန်းလုံးမှာ သန့်ရှင်းသပ်ရပ်နေပေသည်။ ရဲများဟူသည် နေ့စဉ် ရာဇဝတ်ကောင်များကို ကိုင်တွယ်နေရ၏။ ထို့ကြောင့် ဟန်ဆောင်ဖုံးကွယ်သည့်နေရာတွင် သူတို့သည် ရာဇဝတ်ကောင်များထက် မညံ့ချေ။
"မိန်းကလေးကျီးယွမ် ဘယ်လိုသဘောရသလဲ"
ကျန်းနန်က ကျန်းကျင်းခိုင်ကို လှမ်းကြည့်လိုက်ပြီးမှ အားကျောက်ကို မေးလိုက်၏။
"ကျွန်တော်တို့ အခန်းကို ထပ်ပြီး သန့်ရှင်းရေးလုပ်ထားတယ် အနည်းဆုံးတော့ အခန်းပုံစံက အရင်အတိုင်းပဲမလား"
"ဟုတ်ပရှင်"
အားကျောက်က ခေါင်းညိတ်ထောက်ခံလိုက်၏။ သို့သော် နံရံ၏ အထိအတွေမှာ ပုံမှန်မဟုတ်ပဲ အေးစက်စက်ဖြစ်နေသကဲ့သို့ သူမ ခံစားလိုက်ရသည်။
"နံရံထဲမှာ သတ္တုဇကာတွေ တပ်ထားတယ်"
အားကျောက်၏ အမူအရာကိုကြည့်ရင်း ကျန်းနန်က ပြုံးပြီး ရှင်းပြလိုက်သည်။
"ကျွန်တော် နံရံတွေ၊ မျက်နှာကျက်နဲ့ ကြမ်းပြင်တွေကို နည်းနည်းပြင်ထားလိုက်တယ်လေ အပြင်ပန်းကြည့်ရင်တော့ ဘာမှမဟုတ်သလိုနဲ့ အတွင်းထဲမှာ သတ္တုဇကာတွေ တပ်ထားတယ် လူသတ်သမားခေါင်းက ဒီလောက်ထိတော့ မမာလောက်ဘူးထင်တာပဲ ပြီးတော့ တံခါးကလည်း သံမဏိတံခါးဗျာ ပြတင်းပေါက်မှန်တွေကိုလည်း ကျည်ကာမှန်ပြောင်းလိုက်တယ်လေ ဟဲ ဟဲ"
"ဟာ ဆာဂျင်ကျန်း"
ကျန်းကျင်းခိုင် အားရပါးရ ရယ်မောလိုက်၏။
"ခင်ဗျား လုပ်ထားတာတွေကြောင့် လူသတ်သမား ဝင်လို့မရမှာ မကြောက်ဘူးလား"
"ဝင်လို့မရလေ ပိုကောင်းလေပဲ"
ကျန်းနန် သက်ပြင်းချလိုက်၏။
"လူသတ်သမားကို ဖမ်းမိတာ မမိတာထက် အင်စပက်တာတို့ရဲ့ အသက်အန္တရာယ်က ပိုအရေးကြီးတယ် ဒီတော့ လူသတ်သမား ဝင်လို့မရလေ ပိုကောင်းလေပဲ"
ထို့နောက် ကျန်းနန်က တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့် ပြောလိုက်ပြန်သည်။
"အိပ်ရာပေါ် တက်တဲ့အခါတော့ သတိထားကြပေါ့ ကြမ်းပြင်၊ နံရံနဲ့ မျက်နှာကျက်က သတ္တုဝါယာကြိုးတွေ အားလုံးကို လျှပ်စစ်ဓာတ်အားနဲ့ ချိတ်ဆက်ထားတဲ့အတွက် အင်စပက်တာတို့ အိပ်ရာပေါ် တက်လိုက်တာနဲ့ အချက်ပြစနစ်တွေ ပွင့်လာလိမ့်မယ်"
"ဒါဆို… ကျွန်မတို့ ဟိုဒင်း… အရာရှိတွေ…"
ထိုစကားကို ပြောလိုက်သည့်အချိန်တွင် အားကျောက်၏ မျက်နှာ နီရဲသွား၏။
"သူတို့…ကျွန်မတို့ လုပ်သမျှ မြင်နေရမှာပေါ့နော်"
"အိုး အဲဒီကိစ္စကို ဒီလောက်ကြီး စိတ်ပူနေစရာမလိုပါဘူး အဟဲ"
ကျန်းနန်က ရှက်တက်တက်အမူအရာနှင့် ရယ်မောလိုက်သည်။
"ထိန်းချုပ်ခန်းထဲက အရာရှိတွေကို အသက်ကြီးပိုင်းတွေပဲ တာဝန်ပေးထားတယ် ပြီးတော့ ကျွန်တော် ကိုယ်တိုင် အဖွဲ့ကို ဦးဆောင်မှာပါ မိန်းကလေးကျီးယွမ်တို့ရဲ့ ကိုယ်ရေးကိုယ်တာတွေ လုံးဝမပေါက်ကြားစေရဘူး ဒီတချက်ကိုတော့ စိတ်ချပါ"
တကယ်တမ်းတမ်းတွင် ၎င်းမှာ ကျန်းနန်အတွက် အတော်လေးခေါင်းခဲစရာကိစ္စတခု ဖြစ်နေခဲ့သည်မှာ အမှန်ပင်။
အားကျောက် ဘာမှပြန်မပြောတော့ပဲ ခေါင်းငုံ့သွား၏။ ထိုအခါ ကျန်းကျင်းခိုင်က သူမ၏ လက်ကိုလှမ်းကိုင်ရင်း နှစ်သိမ့်လိုက်လေသည်။
"တော်တော်လေးကို ပြင်ဆင်ထားတာပဲ ကဲ ကျီးယွမ် မင်းမှာ နောက်ထပ်တောင်းဆိုစရာတွေ ကျန်သေးလား"
အားကျောက်ကား ထိုအချိန်ထိ ခေါင်းငုံ့နေဆဲပင်။ နောက်ဆုံးမှ သူမက ခေါင်းညိတ်ပြလိုက်သည်။
"မရှိတော့ပါဘူး တော်တော်ကောင်းနေပါပြီ"
အားကျောက်၏ ထိုစကားကို ကြားလိုက်ရမှ ကျန်းနန်ခမျာ သက်မောကျသွားတော့သည်။