← Chapters

ညနေစာ

Vol. 14 Ch. 136

ညနေစာ

Vol. 14 Ch. 136

အိမ်အပြန်လမ်းတွင် အားကျောက် စကားတခွန်းမှမပြောပဲ နှုတ်ဆိတ်နေ၏။ အိမ်ထဲရောက်သည်နှင့် သူမက ဖိနပ်ကိုချွတ်ကာ ဖိနပ်စင်ပေါ်တင်လိုက်၏။ ထို့နောက် ရေမချိုး ထမင်းမချက်ပဲ အိပ်ခန်းထဲ တန်းဝင်သွားကာ ကုတင်ပေါ်တွင် ငူငူကြီး ထိုင်နေလေသည်။

“ဟန်နီ ဘာ​ဖြစ်နေတာလဲ စောင့်ကြည့်ကင်မရာကိစ္စကို စိတ်ဆိုးနေတာလား"

ကျန်းကျင်းခိုင်က အိပ်ခန်းထဲလိုက်ဝင်လာရင်း မေးလိုက်၏။

“ဟွန့် ရှင်သိနေခဲ့တာပဲ"

အားကျောက် အော်ဟစ်လိုက်၏။ သူမ၏ အသံတွင် ရှိုက်သံများ ရောယှက်နေလေသည်။

"စောင့်ကြည့်ကင်မရာတွေ ရှိနေမယ်ဆိုတာ သိရဲ့သားနဲ့ ကျွန်မကို ကြိုမပြောဘူး”

“ကျုပ်က မင်းသိပြီးသားဖြစ်မယ်ထင်နေတာ”

"ဘယ်သိပါ့မလဲလို့ ပြီးတော့ ရှင်တို့က ကင်မရာမှတ်တမ်းတွေကို သိမ်းထားကြအုံးမယ် အခု ကျွန်မ အပြာကားရိုက်ရတော့မလ်ို ခံစားနေရတယ်ရှင့်”

"ဟဲ ဟဲ စိတ်မပူပါနဲ့ကွာ ကျုပ် နည်းပညာဌာနနဲ့ စကားပြောပြီးပါပြီ ကျုပ်တို့ သုံးမယ့် ကင်မရာတွေကို ဝါးထားတယ်လေ အသေးစိတ်မမြင်ရပါဘူးကွ”

ကျန်းကျင်းခိုင်က ပြုံးပြီး အားကျောက်ကို နှစ်သိမ့်လိုက်၏။ သူ့စိတ်ထဲတွင်လည်း နည်းပညာဌာနနှင့် သေချာပေါက်စကားပြောရမည်ဟု တွေးနေမိ၏။

“တကယ်လား”

အားကျောက်က မယုံနိုင်ဟန်ဖြင့် ကျန်းကျင်းခိုင်ကို ကြည့်နေသည်။

“ဟုတ်တာပေါ့"

ကျန်းကျင်းခိုင် မြန်မြန်ဆန်ဆန်ပင် ခေါင်းညိတ်လိုက်သည်။ သူ တုံ့ဆိုင်းနေလျင် အားကျောက် မယုံသင်္ကာဖြစ်သွားမည်မှန်း ကျန်းကျင်းခိုင် သဘောပေါက်ထားသည် မဟုတ်ပါလား။ ထိုအခါ အားကျောက် စိတ်ပြောင်းကောင်းပြောင်းသွားနိုင်၏။

ထို့နောက် ကျန်းကျင်းခိုင်က အားကျောက်ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ သူမ တက်ိုယ်လုံး အေးစက်နေမှန်း ကျန်းကျင်းခိုင် ခံစားလိုက်ရ၏။ အားကျောက် တုန်လှုပ်နေသည်မှာ မြင်သာလှပေသည်။

“ရှင် ကျွန်မကို အမြဲချစ်နေမှာလားဟင်”

ကျန်းကျင်းခိုင်၏ ရင်ဘတ်တွင် ခေါင်းမှီရင်း အား​ကျောက် တိုးတိုးလေး မေးလိုက်၏။ ကျန်းကျင်းခိုင်ကလည်း အားကျောက်ကို ပို၍တင်းကြပ်စွာ ဖက်ထားရင်း ဖြေလိုက်လေသည်။

“တသက်လုံး ချစ်နေမှာပါကွာ"

နောက်တစ်နေ့ မနက်တွင် ကျန်းကျင်းခိုင်တယောက် ထုံးစံအတိုင်း ရုံးတက်ရပြန်၏။ ဤတကြိမ်တွင်တော့ အားကျောက်က ကျန်းကျင်းခိုင်နှင့် အတူမလိုက်တော့ချေ။ ထိုအစား သူမက ကုန်စုံဆိုင်သို့သွားပြီး ဟင်းချက်စရာအများအပြား ဝယ်လာခဲ့၏။ ယနေ့ညနေစာသည် ကျန်းကျင်းခိုင်နှင့် သူမအတွက် နောက်ဆုံးညနေစာ ဖြစ်သွားနိုင်သည် မဟုတ်ပါလား။

ရုံးရောက်သည်နှင့် ကျန်းကျင်းခိုင်က နည်းပညာဌာနကို ဖုန်းခေါ်လိုက်၏။ ထို့နောက် သူက သူတို့ ပုံရိပ်များကို အတတ်နိုင်ဆုံး ဝါးထားပေးရန် တောင်းဆိုလိုက်လေသည်။ သူသည် ရဲတဦးဖြစ်သော်လည်း ယောကျာ်းတဦးလည်း ဖြစ်နေ၏။ ဘယ်​ယောကျာ်းမှ သူတို့မိန်းကလေး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို တခြားယောကျာ်းများ ကြည့်ရှုခြင်းကို မကြိုက်ကြ​ချေ။ ထိုတောင်းဆိုချက်ကို နည်းပညာဌာနက လက်ခံလိုက်လေရာ ကျန်းကျန်းခိုင် အတော်လေး ဝမ်းသာသွားသည်မှာ အမှန်ပင်။

ရုံးဆင်းချိန်အရောက်တွင် အားကျောက် ဖုန်းခေါ်လာ၏။

"ဟန်နီ ရှင် ညစာစားဖို့ အိမ်ပြန်လာမှာမလား"

"အင်း ပြန်လာမယ်လေ"

ကျန်းကျင်းခိုင်က ချက်ချင်းပြန်​ဖြေလိုက်သည်။

"ဘာစားချင်လဲ ကျုပ် ဝယ်လာခဲ့မယ်လေ"

“ဘာမှဝယ်မလာနဲ့ ကျွန်မ ချက်ပြီးပြီ”

အားကျောက်၏ အသံမှာ ရွှင်ပြနေ၏။

“ကျွန်မ ဟင်းတွေအများကြီးချက်ထားတယ် ရှင် မြန်မြန်ပြန်လာခဲ့"

အားကျောက် ဖုန်းချသွားသည်နှင့် ကျန်းကျင်းခိုင်တယောက် အမှုတွဲတခုလုံးကို အသေးစိတ် ပြန်လည်သုံးသပ်ပြန်သည်။ ဘယ်အကြောင်းအရာမှ လွတ်မသွားကြောင်း သေချာသွားမှ သူ အိမ်ပြန်လာခဲ့လေသည်။

အိမ်ထဲဝင်လိုက်သည်နှင့် ဟင်းပွဲပေါင်းများစွာ စားပွဲပေါ်တွင် ခင်းကျင်းထားသည်ကို ကျန်းကျင်းခိုင် တွေ့လိုက်ရ၏။

"ဟာ ဟင်း​တွေ အများကြီးပါလား ဘာလဲ နှစ်သစ်ကူးပွဲကို စောစောစီးစီးကျင်းပမလို့လား"

“ဟုတ်ပတော် ဟုတ်ပ အကုန်ချက်ပြီးပြီ စားရုံပဲ ရှင် လက်ဆေးတော့လေ”

အားကျောက် ပြုံးပြရင်း ပြောလိုက်သည်။ ကျန်းကျင်းခိုင် ခေါင်းညိတ်ပြရင်း မီးဖိုချောင်ထဲဝင်ကာ လက်ဆေးလိုက်ပြန်၏။

“ဟန်နီ ကျွန်မတို့…”

သူမရှေ့က ဖန်ခွက်ကို မြှောက်ရင်း အားကျောက် ဘာပြောရမှန်းမသိ ဖြစ်နေ၏။ သူမ၏ အတွေးများကို ဖော်ပြရန် သင့်တော်သည့်နည်းလမ်းကို သူမ စဥ်းစားမရပဲ ဖြစ်နေလေသည်။ နောက်ဆုံးတွင် သူမက ဇွတ်မှိတ်ပြီး ပြောလိုက်၏။

"ဟန်နီ ရှင် ကျွန်မကို အမြဲချစ်နေတာကို ဂုဏ်ပြုတဲ့အနေနဲ့ သောက်ရအောင်"

ကျန်းကျင်းခိုင်ကလည်း အားကျောက်ကို ချစ်ခင်မြတ်နိုးစွာနှင့်ကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"ကျုပ်တို့ အတူတူ အိုမင်းရမှာ သေချာပါတယ်ကွာ"

ထို့နောက် သူတို့နှစ်ယောက် အတူတကွ ပျော်ရွှင်စွာ စားသောက်ပြီး တိုက်ခန်းမှ ထွက်လာခဲ့ကြ၏။

All Chapters