← Chapters

အိုင်ဒီယာသစ်

Vol. 14 Ch. 138

အိုင်ဒီယာသစ်

Vol. 14 Ch. 138

တစ်ပတ်တိုင်အောင် ကျန်းကျင်းခိုင်နှင့် အားကျောက်တို့သည် ပြဇာတ်တပုဒ်ကို ကြိမ်ဖန်တလဲလဲ ကပြနေခဲ့ရ၏။ သို့သော် မည်သည့်ထူးထူးခြားခြားဖြစ်ရပ်မှ ပေါ်ပေါက်လာခြင်းမရှိပဲ လမ်ကြားလေးသည် ငြိမ်းငြိမ်းချမ်းချမ်းပင် ရှိနေသည်။ အချိန်ကုန်လာသည်နှင့်မျှ ကျန်းကျင်းခိုင်နှင့် အားကျောက်တို့၏ စိတ်ထဲတွင် လမ်းကြားထဲရှိ အိမ်တလုံးအတွင်း ညတိုင်းချစ်တင်းနှောရခြင်းကို သာမာန်လုပ်ရိုးလုပ်စဥ်ဟုပင် ထင်လာကြတော့သည်။ ယခုဆိုလျင် လမ်းကြားအတွင်း တာဝန်ချထားသောရဲအများကိုပင် ရဲစခန်းသို့ ပြန်လည်ခေါ်ယူလိုက်ပြီ ဖြစ်သည်။ လူသတ်သမားသည် သားကောင်ကို ရည်ရွယ်ချက်ရှိရှိ ရွေးချယ်သတ်ဖြတ်နေသူ ဖြစ်လေရာ လူတိုင်းအတွက် စိတ်ပူနေစရာမလိုတော့ချေ။

ဤယနေ့တွင်တော့ ကျန်းကျင်းခိုင်တယောက် ယောက်ထန်းယု၏ ရုံးခန်းသို့ ရောက်ရှိနေ၏။ သူ နောက်ဆုံးအခြေအနေများကို တင်ပြရန် ရောက်ရှိနေခြင်းပင်။ ကျန်းကျင်းခိုင် တင်ပြသည်များကို နားထောင်ရင်း ယောက်ထန်းယု မျက်မှောင်ကုတ်သွား၏။ ဤလူသတ်မှုသည် တခြားအမှုတွေနှင့်မတူကြောင်း သူ ကောင်းကောင်းသိထားသည် မဟုတ်ပါလား။ နောက်ထပ်လူသတ်မှုများ ​ပေါ်ပေါက်လာခြင်းမရှိတော့လျင်ပင် အမှုပြီးဆုံးသွားပြီဟု ယတိပြတ်ဆို၍မရပေ။ လူသတ်သမားကို ဖမ်းမိသည့်အချိန်ထိ အမှုမှာ ဆက်လက်ဖြစ်ပွားနေဆဲဟု သူတို့ ယူဆထားရမည်သာ။ လူသတ်သမား ဘယ်အချိတ်တွင် ပြန်ပေါ်လာမည်ကို မည်သူမှ တိတိကျကျ မပြောနိုင်ချေ။

"ဒါနဲ့ မိန်းကလေးကျီးယွမ် အခြေအနေကောင်းရဲ့လား"

ယောက်ထန်းယုက မျက်နှာထားတည်တည်နှင့် မေးလိုက်သည်။

"သူ အဆင်ပြေပါတယ်ကော်မရှင်နာ ကျီယွမ် စိတ်ပိုင်းဆိုင်ရာလည်း ပိုကောင်းလာတယ် အရင်ကလို ကြောက်နေတာမျိုးတွေ သိပ်မရှိတော့ဘူး"

"အင်း"

ယောင်ထန်းယု ခေါင်းညိတ်လိုက်သည်။

"သတိကြီးကြီးထားပြီး သူ့ကို ကာကွယ်ပါ မင်းနဲ့အတူ သူပါရောပြီး ဒုက္ခရောက်သွားမှာ ကြောက်ရတယ် ပြီးတော့ စောင့်ကြည့်နေတဲ့လူတွေကို သတိပေးလိုက် အမှုပြီးသွားပြီလို့ မထင်ပါနဲ့လို့ လူသတ်သမား အချိန်မရွေး ပြန်ပေါ်လာနိုင်တယ် ပြီးတော့ ကျုပ်သိချင်တာက အားရှုနဲ့ ဆက်စပ်လို့မရတဲ့ အမှုနှစ်ခု ဒီအမှုတွေကရော ဘာထူးသေးလဲ"

"ဘာမှမထူးဘူးကော်မရှင်နာ"

ကျန်းကျင်းခိုင် ခေါင်းခါလိုက်၏။

"အဲဒီအမှုနှစ်ခုကို သီးခြားစုံစမ်းခိုင်းထားတယ် ဒီအမှုနှစ်ခုဟာ တခြားအမှုတွေနဲ့ ပုံစံတူနေတာမှန်ပေမဲ့ အားရှုနဲ့ ဘယ်လိုမှဆက်စပ်လို့မရဘူးဖြစ်နေတယ်"

"လူသတ်သမားကို ရှာတွေ့ရင် ကျုပ်တို့သိရမှာပါကွာ"

"အော်! ဒါပေမဲ့… ကျွန်တော်စဥ်းစားမိတာတခုတော့ရှိတယ်"

ကျန်းကျင်းခိုင် တွန့်ဆုတ်ဆုတ်နှင့် ပြောလိုက်သည်။

"သိရသလောက် သေဆုံးသူတွေဟာ ပထမအမှုရဲ့ သားကောင် ရှောက်မေကို အနိုင်ကျင့်ခဲ့ကြတယ်လို့ သိရတယ်"

"ဒီတော့ မင်းပြောချင်တာက..."

ယောင်ထန်းယုက ကျန်းကျင်းခိုင်ကို စိုက်ကြည့်လိုက်သည်။

"လူသတ်သမားအနေနဲ့ ရှောက်မေကို သတ်မိတဲ့အတွက် အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်မျိုး ဖြစ်နေခဲ့သလားလို့ပါ ကော်မရှင်နာ ဒါပေမဲ့ ဒါက ယူဆချက်သက်သက်ပဲ ရှိနေပါသေးတယ်"

"ကိစ္စမရှိပါဘူး ဘာမှမရှိတာထက်စာရင်တော့ တော်သေးတာပေါ့"

ယောက်ထန်းယုက နှစ်သိမ့်လိုက်လေသည်။

"မင်း​အနေနဲ့ ဒီအမှုကို ဖြေရှင်းနိုင်မယ်လို့ ကျုပ်ယုံကြည်တယ် ဟုတ်ပြီလား ဆက်ကြိုးစားပါ"

"ဟုတ်ကဲ့ ကော်မရှင်နာ"

ထို့နောက် ကျန်းကျင်းခိုင် ထရပ်ပြီး အလေးပြုလိုက်၏။

အပြန်လမ်းတွင်ကား ကျန်းကျင်းခိုင် အတွေးနယ်ချဲ့လျက် ရှိနေ၏။ အားရှုနှင့် ဆက်စပ်မရသော လူသတ်မှုနှစ်ခုက ရှောက်မေနှင့် ဆက်စပ်နေသည်မှာ အမှန်ပင်။

လူသတ်သမားအနေနှင့် ရှောက်မေကို မတော်တဆ သတ်မိသွားခြင်းမျိုး ဖြစ်နေနိုင်၏။ ဤအတိုင်းဆိုလျင် ထိုအမှုနှစ်ခုမှာ အားရှုနှင့် ဘာဆက်စပ်မှုမှ မရှိသည်မှာ သေချာသွားလေပြီ။

ရုံးပြန်ရောက်သည်နှင့် ရုံးခန်းထဲသို့ လူရှောက်ချိန် ဝင်လာပြီး အောက်ပါအတိုင်း ပြောလိုက်၏။

"အင်စပက်တာ ခုနက ဆရာမရှိတုန်း မုမင်းယွမ် လာသွားပါတယ် သူ မနက်ဖြန် ခရီးတခုသွားစရာရှိပါတယ်တဲ့ခင်ဗျ"

"အေး ကောင်းပြီ"

ကျန်းကျင်းခိုင်က လူရှောက်ချိန် ထိုင်ခုံတွင်ဝင်ထိုင်ရန် လက်ဟန်ပြလိုက်၏။

"လာ ရှောက်ချိန် ထိုင်စမ်းပါအုံး မင်းကို မေးစရာလေးရှိလို့"

"ဟုတ်ကဲ့ အင်စပက်တာ မေးပါ"

အထက်ပါအတိုင်းပြောရင်း လူရှောက်ချိန် စားပွဲတ​ဖက်ခြမ်းရှိ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

"ကျုပ်မေးမှာက မင်းညီမလေးနဲ့ ပတ်သက်နေတယ်ကွ"

ကျန်းကျင်းခိုင်၏ စကားကြောင့် လူရှောက်ချိန် အံ့သြသွားဟန် ပေါ်နေသည်။

"အော် မေးပါအင်စပက်တာ ကျွန်တော် သိသမျှ အကုန်ဖြေပါ့မယ်"

ကျန်းကျင်းခိုင် စတင်မေးမြန်းလိုက်သည်။

"ရှောက်မေရဲ့ စာတွေထဲမှာ အားကျောက်မဟုတ်ပဲ တခြားလူတွေအကြောင်း ရေးထားတာမျိုး ရှိသေးလား"

"မရှိဘူး အင်စပက်တာ"

လူရှောက်ချိန် ခေါင်းခါလိုက်သည်။

"ကျွန်တော့်ညီမလေးရဲ့ စာတွေက ပုံမှန်အားဖြင့် ရိုးရှင်းပါတယ် သူ့အလုပ်ဘယ်လောက်ကောင်းကြောင်း၊ သူ့လုပ်ဖော်ကိုင်ဖက်တွေက သူ့ကို ဘယ်လိုကောင်းမွန်စွာ ဆက်ဆံကြောင်း၊ သူကျန်းမာကြောင်း ဒါတွေပဲ များပါတယ် သူ့စာထဲမှာ အစ်မကျီးယွမ်ဓာတ်ပုံပါလာတော့ ကျွန်တော်တို့ အတော်လေး အံ့သြသွားခဲ့သေးတယ် အရင်တုန်းက သူ့အလုပ်ထဲက ဘယ်သူ့အကြောင်းမှ သူ မပြောခဲ့ဖူးဘူးလေ"

"အားကျောက်အကြောင်းကိုရော သူ ဘာတွေပြောထားသေးလဲ"

ကျန်းကျင်းခိုင် ဆက်မေးလိုက်ပြန်သည်။

"သူ့မှာ အရမ်းကောင်းတဲ့သူငယ်ချင်းတယောက် ရှိတယ်တဲ့ သူ့နာမည် အားကျောက်လို့ ခေါ်တယ်တဲ့ ဒီလောက်ပါပဲ အင်စပက်တာ ဓာတ်ပုံထဲမှာ သူအရမ်းပျော်နေတာ ကျွန်တော်တို့ မြင်ခဲ့ရတယ်"

"ရှောက်မေမှာ ရည်းစား ဒါမှမဟုတ် ယောကျာ်းလေးမိတ်ဆွေရှိခဲ့ဖူးသလား"

"မရှိဘူးထင်ပါတယ်"

လူရှောက်ချိန်က ပခုံးတွန့်ပြလိုက်၏။

"ဒါမှမဟုတ် ကျွန်တော်တို့ပဲ မသိတာလားမသိဘူး ဒါပေမဲ့ အစ်မကျီးယွမ်တော့ သိနိုင်လောက်မလားပဲ"

"ကောင်းပြီ မင်း သွားလို့ရပါပြီ"

လူရှောက်ချိန် ထရပ်ရန် ဟန်ပြင်လိုက်၏။ ပြီးမှ သူက မေးလိုက်သည်။

"ဒါနဲ့ အင်စပက်တာ ဒီနေ့မှ ဘယ်လိုစိတ်ကူးတွေများရလို့ ဒါတွေ မေးရတာလဲ"

ကျန်းကျင်းခိုင် တွေခနဲ ဖြစ်သွား၏။

"ဒီလိုကွာ အမှုနှစ်ခုဟာ အားရှုနဲ့ ဘာမှမဆိုင်ပဲ ရှောက်မေနဲ့တော့ ဆက်စပ်မှုတချို့တော့ ရှိနေတယ်ကွ လူသတ်သမားဟာ ရှောက်မေကို မတော်တဆသတ်မိတဲ့အတွက် နောင်တရပြီး သူ့အပေါ် အနိုင်ကျင့်ခဲ့တဲ့လူတွေကို လက်တုံ့ပြန်ပေးခဲ့တာများလားလို့ အတွေးသက်သက်ပါပဲကွာ ရှောက်ချိန် မင်းရော ဒါကို ဘယ်လိုသဘောရသလဲ"

"အင်စပက်တာကျန်း ကျွန်တော်..."

လူရှောက်ချိန် စိတ်ရှုပ်ထွေးသွား၏။ အတန်ကြာမှ သူက ပြောလိုက်လေသည်။

"ဒါ ဖြစ်နိုင်ချေရှိပါတယ် အင်စပက်တာ"

"ကောင်းပြီ မင်းသွားနိုင်ပြီ ဪ ဒါနဲ့ စကားမစပ် လျူကွန်းကို သွားရှာလိုက် သူ့ဆီမှာ ရှောက်မေနဲ့ ပတ်သက်တဲ့ အချက်အလက်တချို့ ရှိတယ် မင်း သွားကြည့်လိုက် ထပ်ပြီး စုံစမ်းဖို့ လိုအပ်ရင် မင်းကိုပဲ ဒီတာဝန် ပေးချင်တယ် ရမလား"

"ကျေးဇူးတင်ပါတယ် အင်စပက်တာ"

ကျန်းကျင်းခိုင်ကို ကျေးဇူးတင်ဟန်ဖြင့်ကြည့်ပြီး လူရှောက်ချိန် ထွက်ခွာသွား၏။

All Chapters