တမင်လုပ်တာလား မတော်တဆလား
Vol. 14 Ch. 139
လူရှောက်ချိန် ထွက်သွားပြီးနောက် ကျန်းကျင်းခိုင်က အားကျောက်ကို ဖုန်းဆက်ကာ ယနေ့ စောစောလာရန် ပြောလိုက်၏။ ထို့နောက် သူ အမှုကို ပြန်လည်သုံးသပ်မိပြန်သည်။
လက်ရှိတွင် သူတို့အခြေအနေအရ အမှုကို လက်လျော့ရတော့မလို ဖြစ်နေ၏။ ထို့ကြောင့် ကျန်းကျင်းခိုင်အနေနှင့် နည်းသစ်တခု ရှာဖွေရန် အပူတပြင်း လိုအပ်နေပြီ ဖြစ်သည်။ သူသည် နောက်ထပ်အမှုတခု ပေါ်ပေါက်လာသည်အထိ ထိုင်စောင့်နေ၍ မရချေ။
"ဟန်နီရေ ကျွန်မရောက်ပါပြီရှင်"
ထိုအချိန်မှာပင် အားကျောက်က ကျန်းကျန့်ခိုင်၏ ရုံးခန်းထဲသို့ မြူးထူးပျော်ရွှင်စွာ ဝင်လာ၏။ သူမကား ယခင်အတိုင်းပင်။ ကြည့်ရသည်မှာ ကျန်းကျင်းခိုင်နှင့်အတူရှိနေသ၍ သူမ ပျော်ရွှင်နေမည့်ပုံ ပေါက်နေ၏။
"ဟော ရောက်လာပြီလား"
ကျန်းကျင်းခိုင်က အားကျောက်ကို ပြုံးပြရင်း ပြောလိုက်သည်။
"ထိုင်လေ ခုနက မင်းယွမ် ဖုန်းဆက်တယ် သူက မနက်ဖြန်ခရီးထွက်စရာရှိလို့ ပြင်ဆင်စရာလေးတွေ ကြိုပြင်ထားချင်တယ်တဲ့ ဒါကြောင့် ဒီနေ့ မိတ်ကပ်စောစောပြင်ရအောင်တဲ့ အဲဒီအတွက် မင်းကို အစောကြီးခေါ်လိုက်တာ ခနဆို သူလည်း ရောက်လာလိမ့်မယ်"
"ကောင်းပါပြီရှင်"
အားကျောက် ခေါင်းညိတ်ရင်း ထိုင်ခုံတွင် ဝင်ထ်ိုင်လိုက်လေသည်။
"အော် ဒါနဲ့လေ ဟန်နီ မင်းပြောခဲ့ဖူးတယ်မလား အားလီက ရှောက်မေကို မကြာခန အနိုင်ကျင့်တတ်တယ်ဆို ဟုတ်လား"
ကျန်းကျင်းခိုင်က မေးခွန်းထုတ်လိုက်၏။
"ဒီတော့ ရှောက်မေသာ အသက်ရှင်နေသေးရင် အားလီကို သူ သတ်ပစ်နိုင်လောက်သလား"
"ရှောက်မေက တစ်ယောက်ယောက်ကို သတ်မယ်ဟုတ်လား"
အားကျောက်ပုံစံမှာ ရယ်စရာဟာသတခုကို ကြားလိုက်ရသည့်နှယ် ဖြစ်သွား၏။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာတဲ့လဲ ရှောက်မေက သက်သလွတ်သမား ပြီးတော့ ဘုရားတရားအရမ်းကိုင်းရှိုင်းတဲ့သူ သူက အရမ်းကြောက်တတ်တယ် ဆုံးဖြတ်ချက် မချတတ်ဘူး ဒီလိုလူမျိုးက လူတယောက်ကို ဘယ်လိုလုပ်သတ်ပစ်နိုင်ပါ့မလဲ"
"ဒါဆို မင်းကို နောက်တခုထပ်မေးအုံးမယ် ရှောက်မေမှာ မင်းအပြင် တခြားသူငယ်ချင်းရှိသလား သူ့မှာ ယောကျာ်းလေးသူငယ်ချင်းတွေဘာတွေ မရှိဘူးလား"
ကျန်းကျင်းခိုင်က ထပ်မေးလိုက်ပြန်သည်။
"ရိုးရိုးသားသားပြောရရင် ကျွန်မအပြင် ရှောက်မေမှာ တခြားဘယ်သူငယ်ချင်းမှ ရှိတယ်မထင်ဘူး"
အားကျောက် ခေါင်းခါရင်း ပြန်ဖြေလိုက်၏။
"ယောက်ျားတွေထဲမှာလဲ ကျွန်မ သိတာဆိုလို့ ကျူးယုပင်တယောက်ပဲ ရှိတယ်"
"ကျုပ်က အခု နောက်ထပ်ဖြစ်နိုင်ချေတခုကို စဥ်းစားနေတာလေ"
ကျန်းကျင်းခိုင်က သက်ပြင်းချရင်း ရှင်းပြလိုက်သည်။
"ရှောက်မေက လူသတ်သမားကို သိနေရင်ရော ဒါမှမဟုတ် လူသတ်သမားက သူ့ကို မတော်တဆ သတ်မိသွားတာလား ဒါကြောင့် လူသတ်သမားဟာ အပြစ်ရှိတဲ့စိတ်နဲ့ ရှောက်မေအတွက် ပြန်လက်စားချေတာမျိုးများ ဖြစ်နေမလားလို့"
"ရှောက်မေ မတော်တဆ အသတ်ခံရတယ် ဟုတ်လား"
အားကျောက် အံ့သြသွား၏။
"ဟုတ်တယ်လေ"
အားကျောက် တွေဝေသွား၏။ အတန်ကြာမှ သူက ကျန်းကျင်းခိုင်ကို စိုက်ကြည့်ရင်း ပြောလိုက်လေသည်။
"ဟန်နီ ကျွန်မ မပြောရသေးတဲ့ ကိစ္စတစ်ခုရှိတယ် ရှင် စိတ်မဆိုးနဲ့နော်"
"ပြောလေ ကျုပ်က ဘာလို့စိတ်ဆိုးရမှာလဲ"
ကျန်းကျင်းခိုင်က ဘာခံစားချက်မှ မရှိသောအမူအရာနှင့် ပြောလိုက်၏။
"ရှောက်မေ မတော်တဆအသတ်ခံရတယ်ဆိုတဲ့ အတွေးက ဖြစ်နိုင်ချေရှိတယ်လို့ကျွန်မထင်တယ် အဲ့ဒီညက ဖောက်သည် ပထမဆုံးစိတ်ဝင်စားခဲ့တာ ကျွန်မကိုလေ ဒါပေမဲ့ ရှောက်မေက ဖောက်သည်ကို သူ ယူချင်တယ်ပြောလို့ ကျွန်မ ခွင့်ပြုလိုက်တယ် နောက်ပိုင်း လူသတ်မှုဖြစ်သွားတော့ အမှုပတ်မှာကြောက်လို့ ကျွန်မလဲ ဒီအတိုင်းပဲ ထားလိုက်တော့တယ်"
"အင်း ဟုတ်ပြီ"
ကျန်းကျင်းခိုင် ခေါင်းတဆတ်ဆတ်ညိတ်ရင်း စဥ်းစားနေ၏။ အားကျောက်ပြောပုံအရဆိုလျင် ရှောက်မေ၏ သေဆုံးမှုသည် တကယ်ပင် မတော်တဆ ဖြစ်နေနိုင်၏။ ထိုတောင်းဆိုမှုကြောင့် အားကျောက်နှင့် ရှောက်မေ၏ ကံကြမ္မာက ပြောင်းလဲသွားသည် မဟုတ်ပါလား။
အတန်ကြာသော် အားကျောက်က မေးလိုက်ပြန်သည်။
"ဟန်နီ ဒီအတိုင်းဆိုရင် ကျွန်မကပဲ လူသတ်သမားရဲ့ မူလပစ်မှတ် ဖြစ်နေမလားမသိဘူးနော် ဒါပေမဲ့ သူက ဘာလို့ ကျွန်မကို သတ်ချင်တာလဲ ကျွန်မက အစ်မရှုကို သိနေလို့လား"
"ဖြစ်နိုင်တယ်"
ကျန်းကျင်းခိုင် မရေရာဟန်ဖြင့် ပြန်ဖြေလိုက်၏။
"ဒါမှမဟုတ် လူသတ်သမားက ကျောက်ရန်းချူကို ပစ်မှတ်ထားတာလည်း ဖြစ်နိုင်တယ် မင်းဖြစ်ဖြစ် ရှောက်မေဖြစ်ဖြစ် မင်းတို့နှစ်ယောက်စလုံးက ပေးဆပ်ရမယ့် သားကောင်လို့ ယူဆလို့ရတယ်လေ"
"ဒါပေမဲ့ ကျွန်မက အစ်မရှုနဲ့ ရင်းနှီးတယ်လေ ရင်းနှီးတာမှ တော်တော်ကြီးကို ရင်းနှီးတာ ဒါကြောင့် သူ နဂိုကတည်းက ကျွန်မကို ပစ်မှတ်ထားခဲ့တာပဲ ဖြစ်ရမယ် သူ့ရဲ့ ရည်ရွယ်ချက်က ကျွန်မနဲ့ ကျောက်ရန်းချူကို သတ်ဖို့ပဲ ဖြစ်ရမယ် ရှောက်မေဟုတ်နိုင်ဘူး ဒါပေမဲ့ သူက ဘာလို့ ကျွန်မကို သတ်ချင်တာလဲ"
အားကျောက် စဥ်းစားရင်း ခေါင်းရှုပ်လာဟန်ဖြင့် ခေါင်းကိုတဗြင်းဗြင်းကုတ်လိုက်သည်။
"အစ်ကိုတောက်ကို ကျွန်မ ကယ်ခဲ့လို့များ ဖြစ်နေမလား"
"အားတောက်ကို ကယ်ခဲ့တယ်"
ကျန်းကျင်းခိုင် အထက်ပါအတိုင်းရေရွတ်ရင်း တစုံတခုကို တွေးမိသွား၏။ ပထမဆုံး လူသတ်မှုက အားကျောက်ကို ရည်ရွယ်ခဲ့သည်ဆိုလျင် လူသတ်သမား အားရှုအတွက် လက်စားချေနေသည်ဟူသော ယူဆချက်ကို ပို၍ ခိုင်လုံသွားစေ၏။ အားရှု၏သေဆုံးမှုမှာ အားတောက်နှင့် ပတ်သက်နေသည် မဟုတ်ပါလား။အားတောက်သာ စွေ့တီကွမ်းကို မသတ်ခဲ့လျင် အားရှုသည်လည်း သူ ဝယ်ယူထားသည့် ဘိန်းဖြူများကို လက်ခံရရှ်ိပေလိမ့်မည်။ ထို့ကြောင့် အားကျောက်က အားတောက်ကို ကယ်တင်ခဲ့ခြင်းသည် အားရှု၏ ရန်သူကို ကယ်တင်ခဲ့သည်နှင့် အတူတူသာ။ ထို့ကြောင့် အားရှုအတွက် လက်စားချေနေသော လူသတ်သမားသည် အားကျောက်ကိုသတ်ရန် အကြောင်းပြချက် ခိုင်လုံနေ၏။
ထိုအချိန်မှာပင် မုမင်းယွမ်ရောက်လာပြီး အားကျောက်ကို မိတ်ကပ်ပြင်ပေးပြီးနောက် ဓာတ်ပုံရိုက်ယူသွားလေသည်။ သူ ခရီးထွက်နေသည့်ကာလတလျှောက် အားကျောက်ကို မိတ်ကပ်ပြင်ပေးရာတွင် အခြားတယောက်ကို လွှဲပေးထားကြောင်း သူက ပြောသွားသေး၏။