အကျိုးဆက်များ (၃)
Vol. 3 Ch. 156
ကျွန်မ ပြန်သတိရလာတော့ ပထမဆုံးမြင်လိုက်ရတာက စားပွဲပေါ်မှာတင်ထားတဲ့ သတ္တုမုန့်ဘူးကိုဖောက်ပြီးတော့ စားဖို့ကြံနေတဲ့ အိုလီရာနာကိုပါ။ ကျွန်မအကြည့်က အိုလီရာနာနဲ့မျက်လုံးနဲ့ ဆုံသွားပြီးတဲ့နောက်မှာတော့ အိုလီရာနာက မုန့်ပုံးကိုပစ်ချပြီးတော့ စားပွဲခုံအောက် ဝင်ပုန်းနေတော့တာပါပဲ။
“သခင်.... လုပ်ပါဦးလုပ်ပါဦး... ဒီမှာဆယ်ဗီနိုးလာပြီ။”
“.....” ကျွန်မလည်း သူ့ရဲ့ထူးခြားတဲ့ပုံစံကြောင့် ဘယ်လို တုံ့ပြန်ရမှန်းမသိဖြစ်သွားတယ်။ ဒါပေမဲ့ အိုလီရာနာအော်တဲ့ အသံက ကျယ်တဲ့အတွက်ကြောင့် မကြာခင်မှာပဲ အခန်း တံခါးကပွင့်လာပြီး နက်ဆန်ဝင်လာတယ်။ သူနဲ့အတူတူ မော်လီ၊ နာတာရှာနဲ့ မိုနီကာတို့လည်းပါလာပါတယ်။ သူက ကျွန်မ အခြေအနေကိုကြည့်ပြီးတဲ့နောက် သက်ပြင်းချလိုက်တယ်။
“ဆယ်ဗီ၊ မနေ့ညက ဘာတွေဖြစ်ခဲ့လဲ မှတ်မိသေးလား။”
နက်ဆန်က မေးလိုက်တဲ့အတွက် ကျွန်မပြန်စဥ်းစားကြည့်တဲ့ အခါမှာတော့ အစပိုင်းအဖြစ်အပျက်တွေက ထင်ရှားတယ် ဆိုပေမဲ့လို့ နောက်ပိုင်းရောက်လေလေ ဝေဝါးလာလေလေ လို့ပြောရမလား။
“မှတ်မိသလောက်ဆိုရင် ကျွန်မနဲ့ပါစီဗယ်က ရိုစယ်လီယာ ဆီကနေပြီး ထွက်ပြေးနေကြတာ။ နောက်တော့ မြို့ပြင်မှာ ဧရာမအကောင်ကြီးပေါ်လာပြီး ကျွန်မသတိမေ့သွားတယ် ထင်တာပဲ။”
တခြားသူတွေက ကျွန်မကို ထိတ်လန့်နေသလိုမျိုးကြည့်နေ ကြတယ်ဆိုပေမဲ့လို့ နက်ဆန်ကတော့ ခေါင်းညိတ်ပြတယ်။ “ဒီလောက်ဆို စိုးရိမ်စရာမရှိတော့ပါဘူး။ ကောင်းကောင်း အနားယူလိုက်ဦး။ ဆောင်းယဥ်စွန်းတန်းအချိန်ရောက်ဖို့ နည်းနည်းလိုသေးတယ်ဆိုတော့ အနားယူပြီးတဲ့အခါ နည်းနည်းပါးပါး လျှောက်လည်ကြတာပေါ့။”
နက်ဆန်က ကျွန်မအရင်သိခဲ့တဲ့ အေးစက်ပြီးတော့ တိတ်ဆိတ်နေတတ်တဲ့ လူတစ်ယောက်မဟုတ်တော့ဘူး။ အခုတော့သူက ကျွန်မကို နွေးထွေးစွာနဲ့ နှစ်သိမ့်ပေးတတ်တဲ့ သူတစ်ယောက်ဖြစ်နေပြီ။ သူ့ရဲ့အခုလိုပုံစံကိုမြင်ရတိုင်း ဘာကြောင့်မှန်းမသိ ကျွန်မရင်ထဲမှာ နွေးထွေးသွားတယ်လို့ ခံစားရတယ်။
ဂွီ.... ဒါပေမဲ့ ထုံးစံအတိုင်းပဲ ကျွန်မဝမ်းဗိုက်က မြည်လာတဲ့ အတွက်ကြောင့်မလို့ အားလုံးရယ်မောလိုက်ကြတယ်။
“ဒါနဲ့ မနက်စာစားလို့ရမလား။”
“ဆယ်ဗီ၊ နင်စားရမှာ မနက်စာမဟုတ်ဘူး။ ညစာ၊ အပြင်လေး ဘာလေးလည်းကြည့်ပါဦး။”
နာတာရှာက ကျွန်မနဖူးကို လက်ညိုးနဲ့တောက်လိုက်ပြီး ပြတင်းပေါက်အပြင်ကို ညွန်ပြလိုက်တယ်။ အပြင်ဘက်က မှောင်မိုက်နေပြီးတော့ နှင်းတချို့ကျဆင်းစပြုနေတာကို မြင်ရတယ်။ ဆောင်းရာသီပြန်ရောက်လာပြန်ပြီ။ ကျွန်မနဲ့ နက်ဆန်စတွေ့ခဲ့တုန်းက ဆောင်းရာသီလွန်ကာစပဲရှိခဲ့ သေးတာပါ။ အခုတော့ နောက်တစ်ဖန်ဆောင်းရာသီ ပြန်ရောက်လာခဲ့ပြန်ပြီ။
“အယ်... ဒါဆိုကျွန်မအိပ်ပျော်နေတာ မကြာသေးဘူးပေါ့။”
ကျွန်မမှတ်မိသလောက် တိုက်ပွဲဖြစ်တာကလည်း ညဘက်လေ။ ဒါပေမဲ့ မော်လီက နက်ဆန်နောက်မှာ ရပ်နေရင်းကနေ ပြောလိုက်တယ်။
“သခင်မဆယ်ဗီအိပ်ပျော်နေတာ သုံးရက်တိတိရှိပါပြီ။ ခုညနဲ့ပါပေါင်းရင် လေးရက်ဖြစ်တော့မလို့ပဲ။ အခုတော့ ညစာစားဖို့အတွက် တစ်ခုခုပြင်ဆင်ပေးပါရစေ။ အိပ်ခန်းထဲမှာပဲ စောင့်ချင်စောင့်နေပေးပါ။”
ဘာကြောင့်မှန်းမသိဘဲ မော်လီရဲ့လေသံက ပုံမှန်ထက် ပိုပြီးတော့ လေးစားပြနေသလို ခံစားရတယ်။ ဒါပေမဲ့ ဗိုက်ဆာနေပြီဖြစ်တာကြောင့် တခြားဘာကိုမှမတွေးဖို့ ကျွန်မဆုံးဖြတ်လိုက်တယ်။
....
နက်ဆန်က အခန်းတံခါးကိုပိတ်လိုက်ပြီး သက်ပြင်းချတယ်။ မော်လီကတော့ ထုံးစံအတိုင်းပဲ အနားမှာရှိနေပြီးတော့ မေးလိုက်ပါတယ်။
“သခင်၊ တကယ်ပဲ သူ့ကိုဘာမှမပြောဘဲ ထားတော့မလို့လား။”
နက်ဆန်က ခေါင်းညိတ်ပြတယ်။ “ဆယ်ဗီက အဲဒီညက အကြောင်းအရာတွေကို မမှတ်မိဘူးဆိုရင်လည်း မမှတ်မိတဲ့ အတိုင်းပဲ ထားလိုက်ရအောင်။ အင်နာနာလား... အဲဒါက လုံးဝကို မတူညီတဲ့ တခြားတစ်ယောက်ပဲ။”
နာတာရှာကတော့ ခေါင်းခါလိုက်တယ်။ “အဲဒါက မတူညီတဲ့ တည်ရှိမှုတစ်ခုကြောင့်လို့တော့ ပြောလို့မရဘူး၊ သခင်။ ဆယ်ဗီနဲ့အင်နာနာရဲ့တည်ရှိမှုက ဒင်္ဂါးပြားတစ်ပြားရဲ့ ခေါင်းနဲ့ပန်းလိုမျိုးပဲ တွဲဖက်ပြီးတော့တည်ရှိနေတာ။ ကျွန်မတို့ ဆယ်ဗီရဲ့တည်ရှိမှုကိုလက်ခံချင်တယ်ဆိုရင် အင်နာနာရဲ့တည်ရှိမှုကိုလည်း လက်ခံမှဖြစ်လိမ့်မယ်။”
နက်ဆန်လည်း စိတ်ရှုပ်နေပုံရပြီး သူ့အနေနဲ့တတ်နိုင်တာ ဘာမှမရှိဘူးဖြစ်နေတယ်။ “အန်တိုနီပြောခဲ့သလိုပဲ သေဆုံး ပြီးခဲ့ပြီဖြစ်တဲ့ နတ်ဘုရားတစ်ပါးက ဘာလို့လူ့ပြည်မှာ ပြန်ပြီးတော့ ပေါ်လာရတာလဲ။ ဒါက ကျောင်းခြောက်ခုရဲ့ နတ်ဘုရားတွေနဲ့ပတ်သက်ပြီးသိထားတဲ့ ဗဟုသုတတွေကနေ ကွဲထွက်နေတယ်။”
နာတာရှာကတော့ သူတို့နဲ့အတူရှိနေပေမဲ့ ဝင်မဆွေးနွေးပဲ နားထောင်ရုံသာနားထောင်နေတဲ့ အိုလီရာနာကိုကြည့်တယ်။ “ဒါကတော့ အမှန်ပဲ။ အသက်ဓာတ်နဲ့ပတ်သက်ရင် နားလည်မှုအမြင့်မားဆုံးဖြစ်တဲ့ သစ်သားကျောင်းတော် တောင်မှ သူတို့ရဲ့နတ်ဘုရားပန်ကို အသက်မသွင်းနိုင်ခဲ့ဘူး။”
အိုလီရာနာရဲ့ဖြစ်တည်မှုကိုက သေဆုံးသွားခဲ့တဲ့ သဘာဝ နတ်ဘုရားကြီးပန်ကို အသက်သွင်းဖို့ကြိုးစားရာကနေ ပေါ်ပေါက်လာခဲ့တာပါ။
“ဒါပေမဲ့ အဲဒီညက အန်တိုနီပြောခဲ့တဲ့စကားက ငါ့ကို တကယ်ပဲစိုးရိမ်စေတယ်။” နက်ဆန်က တွေးဆရင်းနဲ့ ပြောလိုက်တယ်။
သူ့စိတ်အစဥ်က တိုက်ပွဲပြီးခါစ အန်တိုနီနဲ့သူတို့တွေ ဆွေးနွေးနေကြတဲ့အချိန်ကို ပြန်ရောက်သွားခဲ့ပါတယ်။
“မင်းတို့ပြောတဲ့အတိုင်းဆိုရင် ဒီကလေးမရဲ့အခြေအနေက စရိုက်ကွဲရောဂါရှိတဲ့သူလိုမျိုး ဖြစ်နေတာပဲ။ အင်နာနာက သူ့ကိုယ်သူကာကွယ်ဖို့ သူ့ရဲ့နတ်ဘုရားဖြစ်တည်မှုကိုသူ ဖုံးကွယ်ဖို့ဆုံးဖြတ်လိုက်တာမျိုး ဖြစ်နိုင်တယ်။”
“ဒါပေမဲ့ အဲဒီဖြစ်နိုင်ခြေကသာ တကယ်ဆိုရင် ဖုံးကွယ်ထားတဲ့ဖြစ်စဥ်က တဖြည်းဖြည်းနဲ့ ပိုပြီးတော့ အားနည်းလာနေပြီ။ နတ်ဘုရားဖြစ်တည်မှုက ပိုပြီး ပေါ်ထွက်လာနဲ့ ဆယ်ဗီရဲ့တည်ရှိမှုက မှေးမှိန်လာပြီး အင်နာနာရဲ့တည်ရှိမှုက ပိုထင်ရှားလာလိမ့်မယ်။”
...
“တစ်နည်းအားဖြင့် ငါတို့သိထားတဲ့ဆယ်ဗီက တဖြည်းဖြည်း သေဆုံးလာနေတယ်။”
နက်ဆန်က အတော်လေးနက်နေတဲ့ပုံစံနဲ့ အိုလီရာနာကို ကြည့်လိုက်ပါတယ်။ သူ့ပုံစံက သူသိချင်နေတဲ့အဖြေဟာ အိုလီရာနာဆီမှာရှိနေတယ်လို့ မှန်းဆထားသလိုမျိုးပါပဲ။
“အရင်တစ်ခါ ဆယ်ဗီသေဘေးနဲ့ကြုံရတုန်းက ထူးဆန်းတဲ့ စွမ်းအားတွေထွက်ပေါ်လာတတ်တဲ့အကြောင်း မင်းပြောဖူး တယ်မဟုတ်လား။”
အိုလီရာနာက ခေါင်းခါလိုက်တယ်။ “ဆယ်ဗီက သေဘေးနဲ့ ကြုံခဲ့တာမဟုတ်ဘဲ တကယ်သေသွားခဲ့တာ။ အိုလီရာနာ အစအဆုံးမြင်ခဲ့တာ။”
နက်ဆန်ရဲ့အကြည့်တွေက ပိုပြီးတည်ကြည်လေးနက်လာ ခဲ့ပါပြီ။ အရင်ကလည့်းပဲ ဒီအချက်ကို သူသိပြီးသားဆိုပေမဲ့ လူအိုကြီးအန်တိုနီနဲ့ဆွေးနွေးပြီးတဲ့နောက်မှာတော့ စိုးရိမ်မှုတွေက နောက်တစ်ဆင့်အထိရောက်သွားတယ်။
....
“ဒဏ္ဍာရီတွေအရတော့ အင်နာနာက မရဏဘုံကိုဆင်းပြီး ညီမဖြစ်တဲ့မရဏနတ်ဘုရားမအန်ရှီကယ်ဆီသွားခဲ့တယ် ဆိုတယ်။”
“မူကွဲတွေကတော့ အများကြီးပဲ။ ကမ္ဘာ့ရှေးအကျဆုံး ဒဏ္ဍာရီဆိုတော့ ဘယ်ဟာကမူရင်းမှန်း ဘယ်သူမှ မသိကြတော့ဘူး။ တချို့ကတော့ သူ့ရဲ့အိမ်မွေးတိရစ္ဆာန် ကောင်းကင်နွားသိုးကြီးသေလို့သွားကြတာတဲ့၊ တချို့ကလည်း ချစ်ရတဲ့ သိုးထိန်းလူသားသေလို့ ဆင်းသွားတာတဲ့။”
အန်တိုနီက နက်ဆန်ကို အင်နာနာအကြောင်းရှင်းပြနေရင်း ရပ်လိုက်ပြီးတော့ ရေငတ်ပြေ ရှေ့မှာရှိနေတဲ့ လက်ဖက်ရည်ခွက်ကို မော့ချတယ်။
“ဒါပေမဲ့ သေချာတာတစ်ခုကတော့ အင်နာနာဟာ အဲဒီအချိန်ကနေစပြီး လူ့ပြည်ကိုပြန်တက်မလာနိုင်တော့ တာပဲ။”
...
နက်ဆန်က သူ့လက်ဖဝါးကနေ သွေးတွေစိမ့်ထွက်လာတဲ့ အထိလက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်တယ်။ နောက်တော့ တစ်လုံးချင်းပြောလိုက်တယ်။
“မရဏကမ္ဘာမှာ ဂိတ်တံခါးခုနစ်ခုရှိတယ်တဲ့။ ဆယ်ဗီ တစ်ခါသေသွားတော့ အင်နာနာရဲ့စွမ်းအင်တချို့ ပြန်ရလာတယ်။ အခုဆယ်ဗီ ဘယ်နှစ်ခါသေပြီးပြီလဲ ငါမသိပေမဲ့ ငါတို့ပြန်မတွေ့ခင် တစ်ခုခုဖြစ်ခဲ့တာတော့ သေချာတယ်။ အနည်းဆုံးတော့ မီးလျှံကျောင်းတော်က ဆီနိတ်တာကိုသတ်ဖို့လုပ်ရင်း တစ်ခုခုဖြစ်ခဲ့လောက်တယ်။”
နက်ဆန်က ဆယ်ဗီကိုယ်တိုင်ပြောမပြနိုင်ခဲ့တဲ့အရာကို ခန့်မှန်းကြည့်လိုက်တယ်။ နောက်တော့ “အဲဒီကနေပြီး တခြားနတ်ဘုရားတစ်ပါးပေါ်လာတဲ့အခါ အင်နာနာက ထွက်လာနိုင်တဲ့အဆင့်ထိရောက်လာတယ်။”
အကင်းပါးတဲ့နာတာရှာကတော့ နက်ဆန်ပြောချင်တဲ့ အချက်ကိုချက်ချင်းပဲ နားလည်သဘောပေါက်သွားတယ်။ “သခင်ဆိုလိုတာက ဆယ်ဗီတစ်ခါသေတိုင်းမှာ သေပြီးတဲ့ နတ်ဘုရားမအင်နာနာရဲ့အစိတ်အပိုင်းတချို့က ပြန်ပြီး အသက်ဝင်လာတယ်။ အပြည့်အဝပြန်နိုးထလာဖို့ဆိုရင် ခုနစ်ကြိမ်သေဖို့လိုတယ်လို့ ဆိုလိုတာလား။”
နက်ဆန်က သက်ပြင်းချလိုက်တယ်။ ဒါက သူပြောချင်နေတဲ့ကိစ္စအတိအကျပါပဲ။ နောက်တော့ သူက သူ့အရိပ်သူငုံကြည့်ရင်း...
“ငါ့အနေနဲ့ ဆယ်ဗီကိုပျောက်ကွယ်မသွားစေချင်ရင် ဒီထက်ပိုပြီး သူ့ကိုကာကွယ်ပေးဖို့လိုလိမ့်မယ်။ ဘယ်လို လုပ်ရလုပ်ရ၊ ဘာကိုပဲ ပေးဆပ်ရပေးဆပ်ရ ငါလုပ်ရမယ်။”
နာတာရှာနဲ့မော်လီက ခေါင်းညိတ်လိုက်ပြီး နက်ဆန်ကို ဦးညွှတ်လိုက်ပါတယ်။ “သခင့်အလိုတော်အတိုင်း ဖြစ်စေရပါမယ်။”
နောက်တော့ နက်ဆန်က မိုနီကာကိုကြည့်လိုက်ပါတယ်။ မိုနီကာရဲ့ဆံပင်တချို့က အရောင်ပြန်ရနေပြီ။ နက်ဆန်က သူ့ကိုစူးစိုက်ကြည့်နေတဲ့အတွက် မိုနီကာရဲ့ပါးပြင်တွေ နီရဲလာခဲ့တယ်။
“ဒါ... ဒါလင်... ကျွန်မကို အဲဒီလောက်ကြီး စိုက်ကြည့်မနေနဲ့လေ။ ကျွန်မလည်း ရှက်တာပေါ့။”
နက်ဆန်က မိုနီကာနားကို တိုးကပ်လိုက်တဲ့အတွက် မိုနီကာက ပိုပြီးလှုပ်လှုပ်ရွရွဖြစ်သွားတယ်။
“ကိုယ်မင်းကို တစ်ခုလောက်တောင်းဆိုလို့ရမလား။”
မိုနီကာက နက်ဆန်ရဲ့လေးနက်နေပုံကိုမြင်တယ်ဆိုပေမဲ့ အခုလိုမျိုး ကျိုးကျိုးနွံနွံနဲ့တောင်းဆိုလာတာကို မြင်ရချိန်မှာ အလိုလိုပဲ အရည်ပျော်ကျသွားတယ်။
“ဒါလင်သာအလိုရှိတယ်ဆိုရင် ကောင်းကင်ဘုံကို တက်ပြီးသိမ်းပိုက်ရမယ်ဆိုရင်တောင် လုပ်ရဲပါတယ်။”
နက်ဆန်ကတော့ မိုနီကာရဲ့အပိုစကားတွေကို လစ်လျူရှုထားပြီး သူလိုချင်တာကိုပဲပြောလိုက်တယ်။ “ကိုယ်တို့လူသားဘုံမှာရှိတဲ့ မရဏဘုံအကြောင်းမှတ်တမ်း အများစုက မပြည့်စုံဘူးဆိုပေမဲ့ လင်ဘိုဘုံကတော့ အဲဒီလိုမဟုတ်ဘူး။ ပထမဆုံးမြို့ပြနိုင်ငံတွေခေတ်တည်းက အသက်ရှင်ခဲ့တဲ့သူတွေရှိတဲ့နေရာဆိုတော့ အင်နာနာနဲ့မရဏဘုံအကြောင်း သတင်းစုဆောင်းပေးနိုင်မလား။”
“အဲဒီလိုလုပ်ဖို့က ဖြစ်နိုင်တယ်ဆိုပေမဲ့ အခုပုံစံနဲ့ ကျွန်မလင်ဘိုဘုံကိုပြန်ရင် အမေက ရှင့်ကိုသတ်လိမ့်မယ်နော်။”
မိုနီကာက ဖြူဖွေးနေဆဲဆံပင်တွေကို လက်နဲ့ကိုင်ရင်းနဲ့ ပြောလိုက်တယ်။ ဒါပေမဲ့နက်ဆန်ကတော့ အိုလီရာနာကို ချိုင်းကနေမြှောက်လိုက်ပြီး “အိုလီရာနာက မင်းအစား အသက်စွမ်းအင်တွေ သန့်စင်ပေးလိမ့်မယ်။ ဒီလိုဆိုရင် ပြန်ကောင်းအောင်လုပ်ဖို့ ဖြစ်နိုင်တယ်မဟုတ်လား။”
နက်ဆန်က ဆယ်ဗီကိုကူညီဖို့အတွက်တက်ကြွနေတာ တွေ့ရတဲ့အတွက် မနာလိုဖြစ်မိပေမဲ့ မိုနီကာအနေနဲ့ သက်ပြင်းချရုံသာတတ်နိုင်တယ်။ နောက်တော့ နက်ဆန့်ရဲ့အင်္ကျီလည်ကုတ်ကို ဆောင့်ဆွဲလိုက်ပြီး နက်ဆန့်မျက်နှာနဲ့သူ့မျက်နှာ နီးကပ်သွားအောင်လို့ ပြုမူလိုက်ပါတယ်။
“ရတယ်လေ... ဒါပေမဲ့ ဒါလင်အနေနဲ့ ကျွန်မကိုအနမ်းလေးဖြစ်ဖြစ် ဆုချသင့်တယ်လို့ မထင်ဘူးလား။”
“ကောင်းပြီလေ။” နက်ဆန်က သူ့မျက်လုံးကိုမှိတ်ပြီး မိုနီကာကိုနမ်းဖို့ပြင်လိုက်ပေမဲ့ မိုနီကာက မျက်နှာပျက်သွားပြီး နက်ဆန်ကိုတွန်းဖယ်လိုက်တယ်။ နောက်မှ ပြုံးထားရင်းကနေပြောလိုက်ပါတယ်။
“ဒီတစ်ခါတော့ ကျွန်မအကြွေးမှတ်ထားလိုက်မယ်။ ပြန်လာမှ ကျွန်မကိုပိုပြီးဆုချပါ။”
နောက်တော့ မိုနီကာက အိုလီရာနာကိုခေါ်ပြီးတော့ အိမ်အပြင်ထွက်သွားတယ်။ ရည်ရွယ်ချက်ကတော့ အိုလီရာနာကိုသုံးပြီး သက်ရှိတွေဆီကမဟုတ်ဘဲ သဘာဝတရားကြီးဆီကနေ အသက်ဓာတ်ကိုထုတ်ယူဖို့ပါ။ သူ့ပုံစံကတက်ကြွနေပုံ ပေါ်တယ်ဆိုပေမဲ့ တစ်ပြိုင်နက်တည်းမှာ စိတ်မကောင်း ဖြစ်နေပုံပေါ်တယ်။
“ဒါက တကယ်ပဲ မျှတတယ်လို့ထင်ရဲ့လားသခင်။ ဒီကလေးမက သခင့်ကိုတကယ်ချစ်တာ။ ဒါပေမဲ့ သခင်ကတော့ သူ့ကိုတခြားမိန်းမတစ်ယောက်အတွက်နဲ့ ကိရိယာတစ်ခုလိုမျိုး အသုံးချနေတာပဲ။”
မော်လီက နက်ဆန်ရဲ့ဘေးမှာရပ်နေရင်း ပြောလိုက်တယ်။ နက်ဆန်ကတော့ အဲဒီမေးခွန်းအတွက် အဖြေမပြေးဘဲ တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့ပါတယ်။
“ဒါဆိုရင်လည်း ညစာချက်ဖို့အတွက် ခွင့်ပြုပါဦး။”
မော်လီကတော့ ဒီထက်ပိုပြီး ဝင်မပါသင့်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပုံရပြီး နက်ဆန်ကိုဦးညွှတ်ကာ မီးခိုချောင်ဆီ ထွက်သွားလိုက်တယ်။
နောက်ဆုံးတော့ နာတာရှာနဲ့နက်ဆန်မှာ မူလစင်္ကြံလမ်းပေါ် ကျန်နေရစ်ခဲ့တယ်။
“ အမှောင်ကျောင်းတော်ရဲ့အယ်ဒါဖြစ်လာဖို့က ငါ့အဖို့ အရေးအပါဆုံးကိစ္စတစ်ခုဖြစ်လိမ့်မယ်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ ဆယ်ဗီကိုကာကွယ်ပေးဖို့က ငါ့အတွက် အရေးအပါဆုံး ကိစ္စဖြစ်လာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။”
နာတာရှာကလည်း သက်ပြင်းချလိုက်ပါတယ်။ “ကိုယ့်အတွက် အရေးပါတဲ့သူတွေကို ကာကွယ်ပေးဖို့ ကြိုးစားတာက အပြစ်တစ်ခုမဟုတ်ပါဘူးသခင်။ တစ်ချိန်က ကျွန်မလည်းဒီလိုလုပ်ဖို့ ရွေးချယ်ခဲ့တာပဲလေ။”
“ဒါပေမဲ့ ဆယ်ဗီကို ကာကွယ်ပေးဖို့အတွက် ကျွန်မတို့ရင်ဆိုင်ရမယ့်အရာက ဆယ်ဗီရဲ့တခြားတစ်ဖက်ဖြစ်တဲ့ အင်နာနာဖြစ်နေတာပဲ။ မဖြစ်မနေနိုးထလာတော့မယ့် နတ်ဘုရားမကို အိပ်မက်လှလှလေးတွေ ဆက်မက်နေစေဖို့အတွက် ကျွန်မတို့လုပ်နိုင်ပါ့မလား။”
နက်ဆန်ရောနာတာရှာရော အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဖြေစရာအဖြေမရှိဘူး။ ဒါပေမဲ့ မဖြစ်မနေလုပ်ရမယ့် အရာတစ်ခုလို့ နက်ဆန်က သတ်မှတ်ထားခဲ့ပြီးသားပါ။
“လောလောဆယ်တော့ ဒီကိစ္စကိုခဏထားပြီးတော့ EUOCက ကောင်မရှင်နာနဲ့တွေ့ရမယ့်ကိစ္စကိုပဲ အာရုံထားရအောင်။”
နာတာရှာက အကြံပေးလိုက်တယ်။