← Chapters

အခန်း (၂၄၀၁-၂၄၀၃)

Vol. 97 Ch. 2401-2403

အခန်း (၂၄၀၁-၂၄၀၃)

Vol. 97 Ch. 2401-2403

အပိုင်း (၂၄၀၁)

ထိုစကားကိုကြားသော် လင်းယင်ချင်းတို့တစ်ဖွဲ့လုံး ဖြူဖတ်ဖြူလျော် ဖြစ်ကုန်ကြလေသည်။

ဟင်းလင်းပြင်လောကကြီးထဲရှိ အားအကောင်းဆုံးသော ပညာရှင်နှစ်ဦးသည် သူတို့ရှေ့တွင် တိုက်ခိုက်ရန် လုပ်နေကြလေသည်။ သူတို့မကြောက်ဘဲ ဘယ်နေပါမည်နည်း။ အင်မော်တယ်များ တိုက်ခိုက်ကြသည့်အခါ သေမျိုးတို့သည်သာ ဒုက္ခရောက်ကြရလေသည်။ ထိုနှစ်ဦးသာ တိုက်ခိုက်ကြမည်ဆိုပါက အကုန်လုံး ပြဿနာတွင်းထဲသို့ ဆွဲခေါ်ခံရပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါ ရေခဲနှလုံးသားစံအိမ်၏ စံအိမ်သခင်သည်လည်း သူတို့အား ဂရုစိုက်နိုင်တော့လိမ့်မည်မဟုတ်ချေ။

ချီရီ၏ ခြိမ်းခြောက်စကားကို ကြားသော် ပင်းယွင်က အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်လေသည်။ “ချီရီ… ဒီဘုရင်မ နင်နဲ့ ရန်သူမလုပ်ချင်ဘူးလို့ ပြောနေတာ နင့်ကို ကြောက်လို့မဟုတ်ဘူး… နင် ဆက်ပြီး တွန်းအားပေးနေဦးမယ်ဆိုရင်တော့ ငါလည်း နင့်လိုပဲ ပြန်ပြီး တုံ့ပြန်ရလိမ့်မယ်…”

ထိုစကားကိုကြားသော် ချီရီ မျက်လုံးမှေးစင်းသွားခဲ့လေသည်။ သူ့ရင်ထဲ ဒေါသတို့ အလိပ်လိုက်တက်လာခဲ့လေ၏။

သူ ပင်းယွင်ကိုသိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။ သို့သော်ငြား ယခုအကြိမ်သည်သာ ပင်းယွင်မှ ဤလေသံမျိုးဖြင့် သူ့အား ပြန်ပြောဖူးခြင်း ဖြစ်သည်။ ယခင်က ပင်းယွင်သည် သူ့အပေါ် စိတ်မရှည်လျှင်ပင် ယခုကဲ့သို့သော လေသံမျိုးဖြင့် ပြောလေ့မရှိချေ။ ပင်းယွင်သည် အမြဲလိုလို အေးစက်စက် မျက်နှာထားဖြင့် ရှိနေပြီး သူမ၏ ခံစားချက်များကို ထုတ်ဖော်ခဲလှသည်။ သို့သော်ငြား ယနေ့တွင်မူ သူမ၏ စကားလုံးတိုင်း စကားလုံးတိုင်းသည် ဓါးသွားတစ်ချောင်းကဲ့သို့ ထက်ရှနေသည်။ သူမကို ကြည့်ရသည်မှာ ချီရီကို လုံးဝ မကြောက်သည့်ပုံပင်။

ယခင်က ပင်းယွင်အပေါ် အမြဲလိုလို အထက်စီးမှ ပြောဆိုနိုင်ခဲ့သည့် အတွက်ကြောင့် ယခု ပင်းယွင်၏ ပြန်ပြောပုံကို ကြားသည့်အခါ ချီရီ ဒေါသထွက်သွားခဲ့ရလေသည်။ သူတို့၏ကျင့်ကြံခြင်းမှာ အတူတူသာ ဖြစ်သော်ငြား သူတို့ရရှိထားသည့် အရင်းအမြစ်များမှာ မတူညီတော့ချေ။ ထိုအကြောင်းကြောင့်ပင်လျှင် သူတို့ကြားရှိ ခွန်အားကွာခြားချက်မှာ အချိန်နှင့်အမျှ ကြီးမားလာနေခဲ့ရသည်။

အနှေးနှင့်အမြန်ဆိုသလို ပင်းယွင်အား အညံ့ခံလာအောင် လုပ်နိုင်လိမ့်မည်ဟု ချီရီ ယုံကြည်နေပေသည်။ သို့သော်ငြား မထင်မှတ်ထားစွာပင် ယနေ့၌ ထိုအမျိုးသမီးသည် သူ့အား ပြန်လည် ပုန်ကန်လာခဲ့လေသည်။ ချီရီ ဒေါသမထွက်ပဲ ဘယ်နေမည်နည်း။

“ကြည့်ရတာ ငါနင့်ကို ကျွန်းပေါ် ပြန်ဆွဲခေါ်သွားမှပဲ ရတော့မယ်နဲ့တူတယ်…” ချီရီမျက်နှာ မည်းမှောင်သွားခဲ့လေသည်။ တစ်ချိန်တည်းတွင်လည်း ပင်းယွင်အား ထိခိုက်သွားမည်ဆိုလျှင်ပင် ယနေ့တွင် ပင်းယွင်၏ မာနကို ရိုက်ချိုးရမည်ဟု ဆုံးဖြတ်လိုက်လေသည်။ သူနှင့် သူမကြားရှိ ခွန်အားကွာခြားချက် မည်မျှကြီးမားကြောင်းကို ပင်းယွင်သိသွားအောင် လုပ်ပြပေးရပေမည်။

“ရန်ကိုင်… အကုန်လုံးကိုခေါ်ပြီး အရင်ထွက်သွားလိုက်…” ပင်းယွင်သည် မည်သည့်အပိုစကားမှ ပြောမနေဘဲ ရန်ကိုင့်ကိုသာ တိုက်ရိုက်ပြောချလိုက်လေသည်။

ရန်ကိုင်သည် အသာအယာခေါင်းညိတ်၍ သူသန့်စင်ထားသော အဆင့်မြင့် ဧကရာဇ်ယွမ်ဆေးလုံးများကို ပင်းယွင်လက်ထဲသို့ ထည့်ပေးကာ တိုးတိုးလေးပြောလိုက်လေ၏။ “အဲ့လိုဆိုရင် ဂျူနီယာ အရင်သွားလိုက်ပါဦးမယ်… စီနီယာကို ဟိုမှာ စောင့်နေမယ်နော်…”

ပင်းယွင်သည် ရန်ကိုင်ပေးခဲ့သော အဆင့်မြင့် အရင်းအမြစ်ကျောက်များ၏ အကူအညီကြောင့် သူမ၏အထွဋ်အထိပ်သို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်သဖြင့် ရန်ကိုင်လည်း သူမ၏လုံခြုံရေးနှင့် ပတ်သက်၍ စိတ်ပူမနေခဲ့ချေ။ ထို့အပြင် သူမတွင် လိုအပ်လာလျှင် အားပြန်ဖြည့်နိုင်ရန်အတွက် အဆင့်မြင့် ဧကရာဇ်ယွမ်ဆေးလုံးများလည်း ရှိနေပေသေးသည်။ ချီရီအနေဖြင့် ပင်းယွင်အား မည်ကဲ့သို့များ အနိုင်ယူနိုင်ပါမည်နည်း။

ပင်းယွင်ရှုံးလိမ့်မည် မဟုတ်ချေ။

ရန်ကိုင်သည် လင်းယင်ချင်းနှင့် အခြားသူများကို မျက်စပစ်ပြလိုက်၏။ ထို့နောက် လက်ကွက်များကို ဖန်တီး၍ သင်္ဘောကို ဆက်လက်မောင်းနှင်တော့လေသည်။

ချီရီမှာမူ ရန်ကိုင်တို့ဘာလုပ်လုပ် ဂရုမစိုက်ချေ။ ရန်ကိုင်တို့အားလည်း သွားမတားခဲ့ချေ။ ပင်းယွင်ကိုသာ မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေသည်။ ပင်းယွင်ကိုတားနိုင်သရွေ့ အခြားသူများ သေသေရှင်ရှင် သူဂရုမစိုက်ပေ။

ဧကရာဇ်ဖိအားများ စတင် ပြန့်နှံ့လာတော့သည်။ ငြိမ်သက်နေသော ပင်လယ်ပြင်သည် ရုတ်ချည်းဆိုသလို လှိုင်းထန်လာခဲ့လေသည်။ ထိုဧကရာဇ်ဖိအားအောက်ဝယ် အနီးအနားဘေးပတ်ဝန်းကျင်တွင် ရှိနေသော လောကနိယာမများမှာလည်း စတင်၍ တွန့်လိမ်လာလေတော့သည်။

ချီရီနောက်တွင် ရှိနေသော ပန်းကွမ်မှာ ဖြာထွက်လာသည့် ဧကရာဇ်ဖိအားကြောင့် ဖြူဖတ်ဖြူလျော် ဖြစ်နေခဲ့လေသည်။

သူကိုယ်တိုင်သည်လည်း ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်သော်ငြား သူသည် ချီရီနှင့် ပင်းယွင်တို့ထက် အများကြီး ပိုအားနည်းပေသည်။ ဧကရာဇ်အဆင့် ပညာရှင်နှစ်ဦးမှာ စတင်မတိုက်ခိုက်ရသေးသော်ငြား သူတို့ဆီမှ ဖြာထွက်နေသည့် ဖိအားသက်သက်ဖြင့်ပင်လျှင် ပန်းကွမ်အား မသက်မသာဖြစ်အောင် လုပ်နေနိုင်ပေ၏။

သူတို့ကြားရှိ ခွန်အားကွာခြားချက်ကို သတိပြုမိလိုက်သော် ပန်းကွမ် အလွန်ကိုမှ ထိတ်လန့်သွားရတော့လေသည်။

ဤနေရာတွင် ဆက်နေ၍လည်း အသုံးဝင်လိမ့်မည် မဟုတ်မှန်း သိသည့်အတွက်ကြောင့် ရန်ကိုင်တို့ ထွက်သွားသည့်ဘက်သို့သာ ပြေးလိုက်သွားရန် လုပ်လိုက်လေသည်။

ချီရီနှင့် ပင်းယွင်တို့တိုက်ပွဲတွင် ဝင်မပါနိုင်မှဖြင့် ရန်ကိုင်တို့နောက်သို့ လိုက်၍သာ သူတို့ကြားရှိ ရန်ကြွေးကို ရှင်းရပေလိမ့်မည်။

သို့ရာတွင် သူမလှုပ်ရှားနိုင်သေးခင်မှာပင် ပင်းယွင်သည် သူ့အား လက်ညှိုးဖြင့် ထိုးလိုက်သည်။

သူမလက်ချောင်းမှတစ်ဆင့် ရေခဲနိယာမစွမ်းအားတို့ ဖြာထွက်လာခဲ့ပြီး ပန်းကွမ်တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့လေသည်။

ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသော သေခြင်းတရားကို သယ်ဆောင်လာသည့် လေအေးများ သူ့မျက်နှာအား လာရောက်ပွတ်သပ်သည်ကို ပန်းကွမ် ခံစားမိလိုက်လေသည်။ ထိုလေအေးများမှာ အလွန်ကိုမှ အေးစက်လွန်းလှလေရာ သူ့ဝိဉာဉ်သည်ပင်လျှင် အေးခဲမည့်အရိပ်အယောင်များ ပြလာခဲ့လေသည်။

အထွဋ်အထိပ်အခြေအနေသာ ရှိနေမည်ဆိုလျှင်တော့ ဤတိုက်ကွက်ကို ခုခံကောင်း ခုခံနိုင်လိမ့်မည် ဖြစ်သော်ငြား လက်ရှိအချိန်တွင် ပန်းကွမ်ရထားသည့် ဒဏ်ရာများမှာ အရှင်းပျောက်ကင်းသွားခြင်း မရှိသေးချေ။ ထို့အတွက်ကြောင့် ပင်းယွင်၏ တိုက်ကွက်မှ မည်သို့မှ မလွတ်မြောက်နိုင် ဖြစ်နေခဲ့လေသည်။

ထို့အတွက်ကြောင့် လှမ်း၍သာ အော်ပြောရတော့လေသည်။ “မြို့သခင်… ကျုပ်ကို ကယ်ပါဦး…”

ချီရီမှာ ပန်းကွမ် သေသည်ရှင်သည်ကို ဂရုမစိုက်ချေ။ သို့သော်ငြား ပင်းယွင်လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် သူ့လက်ကိုဝှေ့ယမ်းလျက် ပင်းယွင်ထုတ်လွှတ်နေသည့် အရိုးကွဲမတတ် အအေးဓာတ်ကို ပယ်ဖျက်လိုက်လေသည်။

ထိုအခါမှသာလျှင် ပန်းကွမ်လည်း သူ့ကိုယ်ထဲရှိ စွမ်းအင်ကို စတင် လှည့်ပတ်နိုင်တော့လေ၏။ ထို့နောက် အမောတကော အသက်ရှူရင်း အကြောက်မပြေသေးသည့် အမူအယာဖြင့် ခပ်လှမ်းလှမ်းသို့ ဆုတ်သွားခဲ့လေသည်။

“ဒီဘုရင်က နင့်ရှေ့မှာ ရှိနေတာတောင် အခြားသူတွေကို အာရုံစိုက်နေဖို့ အချိန်ရှိသေးတယ်ပေါ့… နင် ငါ့ကို အထင်သေးနေတာလား…” ချီရီ အော်ပြောလိုက်လေသည်။

ထိုစကားကိုကြားသော် ပင်းယွင်၏မျက်နှာ မှုန်ကုပ်သွားခဲ့ပြီး အံ့ဩတကြီးဖြင့် ပြန်ပြောလိုက်လေ၏။ “ဒီတစ်လျှောက်လုံး နင့်ခွန်အားကို ဖုံးကွယ်ထားခဲ့တာပေါ့…”

ချီရီသည် သူ့လက်အား သာမန်ကာလျှံကာ ဝှေ့ယမ်းလိုက်သော်ငြား ပင်းယွင်ကမူ အကြောင်းစုံကို သဘောပေါက်သွားခဲ့လေသည်။ ချီရီ သူမနှင့် အားလာပြိုင်သည့် အချိန်တိုင်း သူ့ခွန်အားအကုန်အစင်ကို ထုတ်မသုံးခဲ့ပေ။ ယခုမှသာလျှင် သူ၏ တကယ့်အစစ်အမှန်ခွန်အားကို ထုတ်ပြလာခဲ့ခြင်း ဖြစ်ပေသည်။

တစ်ချိန်တည်းတွင် ရန်ကိုင်နှင့် တွေ့ခဲ့မိသည့်အပေါ်လည်း ဝမ်းသာမိသွားခဲ့လေသည်။ ရန်ကိုင်သည် သူမအား အဆင့်မြင့်အရင်းအမြစ်ကျောက်ဆယ်သန်း ပေးခဲ့ပေသည်။ ထိုအရင်းအမြစ်ကျောက်များ၏ အကူအညီကြောင့် သူမ၏ အထွဋ်အထိပ်ခွန်အားကို ပြန်လည် ရရှိနိုင်ခဲ့သည်။ ထို့ကြောင့်သာမဟုတ်ပါက သူတို့၏အကြံအစည် လုံးဝ အောင်မြင်နိုင်လိမ့်မည် မဟုတ်‌ချေ။

“နင်လည်း နင့်ခွန်အားကို ပြန်ရသွားပြီပေါ့…” ချီရီလည်း ပင်းယွင်ကဲ့သို့ပင် အံ့အားသင့်နေခဲ့လေသည်။ အစကမူ သူ၏ခွန်အားဖြင့် ပင်းယွင်အား ဖိနှိပ်ရန် ကြံစည်ထားခဲ့ပါသော်ငြား ယခုမူ နောက်ဆုံးအောင်နိုင်သူ မည်သူဖြစ်မလဲ ဆိုသည်ကို သူကိုယ်တိုင်ပင်လျှင် မပြောတတ်တော့‌‌ချေ။ ထိုအချက်ကို နားလည်ပြီးသည့်နောက် ချီရီ၏အမူအယာ ပို၍ အရုပ်ဆိုးသွားခဲ့လေသည်။

နှစ်ယောက်စလုံး အသီးသီး အံ့အားသင့်သွားခဲ့သော်ငြား သူတို့နှစ်ဦးစလုံးမှာ ဧကရာဇ်တတိယအဆင့် ပညာရှင်များ ဖြစ်နေကြပေသေးသည်။ သူတို့၏ စိတ်ဓာတ်နှင့် စိတ်စွမ်းအားမှာ သာမန်ကျင့်ကြံသူများနှင့် မတူချေ။ ထို့အတွက်ကြောင့် သူတို့၏အိန္ဒြေကို အမြန် ပြန်ထိန်းလိုက်လေ၏။

ပင်းယွင်သည် ချီရီကိုကျော်၍ သူ့နောက်ဘက်တွင် ရှိနေသော ဖြူဖတ်ဖြူလျော်ဖြစ်နေသည့် ပန်းကွမ်အား လှမ်းကြည့်လိုက်လေသည်။ သူမ၏ ကျောက်စိမ်းသဖွယ် ချောမွေ့လှသည့် လက်ကို ဟင်းလင်းပြင်ထဲသို့ ဆန့်ထုတ်လိုက်ရာ ချက်ချင်းဆိုသလို နှင်းဖြူရောင်ဓါးတစ်ချောင်း သူမလက်ထဲတွင် ပေါ်လာခဲ့လေသည်။ ထိုဓါးသည် သူမကဲ့သို့ပင် သန့်စင်ပြီး ပြစ်ချက်ကင်းစင်လှသည်။ ဓါးကိုယ်တိုင်သည် ဤလောကကြီးထဲရှိ အထူးခြားဆုံးသော အနုပညာရပ်တစ်ခုအလား။ မည်သည့်သတ်ဖြတ်လိုစိတ်တို့မှ ကိန်းအောင်းနေခြင်း မရှိဘဲ အလွန်ကိုမှ ပြစ်ချက်ကင်းရှင်းနေခဲ့လေသည်။

ထိုဓါး သူမလက်ထဲသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ပင်းယွင်ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမှာ ရုတ်ချည်းဆိုသလို မိုးထိမတတ် မြင့်တက်သွားခဲ့လေသည်။ ထို့နောက် ပန်းကွမ်တည့်တည့်အား ခုတ်ချလိုက်လေ၏။ “နှင်းခြွေတိုက်ကွက်…”

သူမ၏ဓါးချက် ထွက်ပေါ်လာချိန် ကောင်းကင်နှင့်မြေပြင် အထက်အောက်‌ ပြောင်းပြန် ဖြစ်သွားသည့်အလား ကောင်းကင်တစ်ခုလုံး မှိန်ကျသွားခဲ့လေသည်။

ရေခဲနိယာမစွမ်းအားတို့ ဖြာထွက်လာခဲ့ပြီး လှိုင်းထန်နေသော ပင်လယ်ပြင်ပင်လျှင် အလျင်အမြန် အေးခဲလာခဲ့လေသည်။

ထို့နောက် နှင်းစက်ကလေးများ စတင် ကြွေဆင်းလာတော့လေ၏။

ငှက်မွေးတောင်ကဲ့သို့‌သော နှင်းပွင့်လေးများ ကြွေဆင်းလာသည်နှင့်အမျှ ကမ္ဘာကြီးတစ်ခုလုံးမှာ နှင်းဖြူရောင် သန်းသွားတော့လေသည်။

ပင်းယွင်၏တိုက်ကွက်ကို ခံလိုက်ရသော ပန်းကွမ်မှာမူ အချိန်မီ မတုံ့ပြန်နိုင်ခဲ့ဘဲ ထိုနှင်းဖြူရောင် မြင်ကွင်းကြီးကိုသာ ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်နေမိလေသည်။ ပန်းကွမ်သည် ထိုမြင်ကွင်းထဲ လုံးဝကို နစ်မြောသွားသည့်အလား သူ့လက်ကို ဆန့်ထုတ်၍ပင် ကျဆင်းနေသော နှင်းပွင့်လေးများကို ကိုင်ရန် လုပ်လိုက်လေသည်။

ထိုကဲ့သို့ လုပ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့ခန္ဓာကိုယ်မှာ လျင်မြန်စွာ စတင် အေးခဲ့လာခဲ့လေ၏။

“ကောင်းကင်တစ်ခွင် ဖုံးလွှမ်းမဲ့ မဟာနေမင်း…” ချီရီ၏အော်ဟစ်သံနှင့်အတူ တလက်လက်တောက်ပနေသော နေအသေးစားလေးတစ်စင်း နှင်းဖြူရောင်လောကကြီးထဲတွင် ထွက်ပေါ်လာခဲ့လေသည်။ ထိုနေအသေးစားလေးဆီမှ ထွက်ပေါ်နေသည့် အပူဓာတ်ကြောင့် ကောင်းကင်ထက်မှ ကြွေဆင်းလာနေသော နှင်းပွင့်လေးများ စတင်၍ အရည်ပျော်ကုန်ကြလေ၏။ အေးခဲနေသော ပင်လယ်ပြင်သည်ပင်လျှင် အရည်ပျော်လာခဲ့လေသည်။

ဤသို့ဖြင့် ဓာတ်သဘာဝ မတူညီသည့် စွမ်းအားနှစ်ရပ်မှာ စတင်၍ ထိပ်တိုက်တွေ့ကြတော့လေ၏။

ထိုအခါမှသာပင်လျှင် ပန်းကွမ်လည်း အသိပြန်ဝင်လာခဲ့လေသည်။ အစောပိုင်းက နှင်းဖြူရောင်ရှုခင်းအား ပြန်စဉ်းစားမိလိုက်သော် သူ့နဖူးထက် ချွေးသီးချွေးပေါက်ကြီးများ ဝေ့သီလာတော့လေ၏။

သေမင်းဂိတ်ပေါက်ရှေ့တွင် သူရပ်နေခဲ့မိလိုက်သည်ဟူသော အချက်ကိုလည်း နားလည်သွားခဲ့လေသည်။ ချီရီကြောင့်သာမဟုတ်လျှင် ယခုအချိန်လောက်ဆိုလျှင် ပန်းကွမ်သည် ဘဝတစ်ပါးသို့ ကူးပြောင်းနေလောက်ပေပြီ။

ပင်းယွင်ကဲ့သို့သော ထိပ်တန်းအဆင့် ပညာရှင်တစ်ဦးက သူ့အား အလစ်ချောင်းတိုက်ခိုက်ခဲ့သည်ဟူသော အချက်ကို စဉ်းစားမိလိုက်သည့်နောက် ပန်းကွမ် ဒေါသထွက်လာခဲ့လေသည်။ သို့သော်ငြား သူမ ဘာကြောင့် ထိုကဲ့သို့ လုပ်သလဲ ဆိုသည်ကိုလည်း နားလည်သွားခဲ့သည်။ ပင်းယွင်သည် ပန်းကွမ်မှ ရန်ကိုင်တို့နောက်သို့ ပြေးလိုက်သွားမည်ဆိုကို စိုးရိမ်နေခြင်း ဖြစ်ပေသည်။ ထို့အတွက်ကြောင့် ချီရီအသိမဝင်သေးခင် ပထမဦးဆုံး စတင်၍ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ ကံကောင်းစွာဖြင့် ချီရီသည် သူမ မအောင်မြင်ခင် အချိန်မီ တားလိုက်နိုင်ခဲ့လေသည်။

ထိုအခြေအနေကို သတိပြုမိလိုက်သော် ပန်းကွမ်သည် ထိုနေရာတွင် ဆက်မနေတော့ဘဲ ရန်ကိုင်တို့နောက်သို့ အမြန်ပြေးလိုက်တော့လေ၏။ တိုက်ပွဲသည် သူဝင်ပါနိုင်သည့် တိုက်ပွဲမျိုးမဟုတ်။ ဤနေရာတွင် နေနေခြင်းသည် ကိုယ့်သေတွင်းကိုယ် တူးခြင်းနှင့် အတူတူပင်ဖြစ်လေသည်။ တိုက်ပွဲမှ ဖြာထွက်လာသည့် အားလှိုင်းတစ်ခုခုသာ သူ့အား လာရောက်ထိမှန်ပါက ပန်းကွမ် အသက်နှင့်ကိုယ် အိုးစားကွဲသွားရပေလိမ့်မည်။

လက်ရှိအချိန်တွင် သူလုပ်နိုင်သည့်အရာဆို၍ ရန်ကိုင်နှင့် အခြားသူများနောက်သို့ ပြေးလိုက်ကာ ပင်းယွင် တိုက်ပွဲအပေါ် အာရုံမစိုက်နိုင်အောင် လုပ်ခြင်းသာ ရှိတော့ပေသည်။

သူသည် ပင်းယွင်၏ ပြိုင်ဘက် မဖြစ်နိုင်သော်ငြား ရန်ကိုင်တို့အဖွဲ့သားများကိုတော့ ကောင်းကောင်း ယှဉ်ပြိုင်နိုင်ပေသည်။ သူသာ ရန်ကိုင်တို့အား ဖမ်းဆီးလိုက်နိုင်မည်ဆိုပါက ရန်ကိုင်တို့ကို ဓါးစာခံအဖြစ်သုံး၍ ပင်းယွင်ကို ခြိမ်းခြောက်နိုင်ပေလိမ့်မည်။

ချီရီကိုသာ ပျော်ရွှင်အောင် လုပ်ပေးနိုင်မည်ဆိုလျှင် သူ့ဘဝကြီးမှာ ပိုမို၍ ကောင်းမွန်လာပေလိမ့်မည်။

“ထွက်ပြေးနိုင်မယ်လို့ နင်ထင်နေတာလား…” ပန်းကွမ် ရန်ကိုင်တို့နောက်သို့ ပြေးလိုက်ရန် ကြိုးစားနေသည်ကို မြင်သော် ပင်းယွင်သည် အံကိုကြိတ်၍ ဟင်းလင်းပြင်ထဲသို့ သူမဓါးအား ထိုးချလိုက်လေ၏။

ဖြူဖွေးသန့်စင်လှသော ရေခဲပန်းတစ်ပွင့်သည် သူမ၏ဓါးဖျားထိပ်ဆီမှ ပန်းကွမ်ဆီသို့ တိုးဝင်သွားခဲ့လေသည်။ ထို့နောက်တွင် ထိုရေခဲပန်းပွင့်သည် ပန်းကွမ်အား လွှမ်းခြုံသွားမည့်ပုံစံမျိုးဖြင့် လမ်းတစ်ဝက်အရောက်တွင် စတင် ပွင့်လာခဲ့လေ၏။

ချီရီ၏ပုံရိပ်သည် ပင်းယွင်ရှေ့မှ ရုတ်ခနဲ ပျောက်ကွယ်သွားပြီး ရေခဲပန်းပွင့်ရှေ့တွင် ပြန်ပေါ်လာခဲ့လေသည်။ ထို့နောက် လက်သီးဖြင့် ရေခဲပန်းပွင့်အား တစ်စစီဖြစ်အောင် ထိုးချလိုက်လေသည်။

“ဒီဘုရင် ဒီမှာရှိနေတာတောင် အခြားသူကို တိုက်ခိုက်နိုင်သေးတာ နင်ငါ့ကို အထင်သေးနေတာလား…” ချီရီက လှောင်ပြုံးပြုံးလိုက်လေသည်။

ပင်းယွင်သည် မျက်မှောင်ကြုတ်လျက် ပျောက်ကွယ်သွားသော ပန်းကွမ်၏ပုံရိပ်ကို ကူကယ်ရာမဲ့စွာဖြင့်သာ လှမ်းကြည့်လိုက်နိုင်လေသည်။ ချီရီနှင့် တိုက်ခိုက်ရာတွင် သေချာအာရုံစိုက်ထားရန် လိုအပ်ပေသည်။ သူမတွင် ပန်းကွမ်အပေါ် အာရုံစိုက်နေရန် အချိန်မရှိချေ။

ထို့ကြောင့် ကယောက်ကယက်ဖြစ်နေသော သူမစိတ်ကို ငြိမ်သက်သွားအောင် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်လေ၏။ ချက်ချင်းဆိုသလို ပင်းယွင်၏စိတ်သည် ယခင်ကကဲ့သို့ ယောက်ယက်ခတ်နေခြင်း မရှိတော့ဘဲ အကြွင်းမဲ့ တည်ငြိမ်သွားခဲ့လေသည်။

ပန်းကွမ်နောက်သို့သာ ပြေးလိုက်သွားချင်သည်ဆိုပါက ချီရီအား အရင်ရှင်းထုတ်ရမည်မှန်း ပင်းယွင်သိထားသည်။ ချီရီကို ရှင်းမထုတ်နိုင်သေးသရွေ့ ဘာမျှ လုပ်လို့ရလိမ့်မည် မဟုတ်ချေ။ ထို့အပြင် ချီရီနှင့် တိုက်ခိုက်ရာတွင်လည်း တစ်စက်ကလေးမှပင် အာရုံပြန့်လွင့်သွား၍ မဖြစ်ချေ။

ပင်းယွင်၏ပြောင်းလဲမှုကိုမြင်သော် ချီရီ အံ့အားသင့်သွားခဲ့လေသည်။ သို့သော်ငြား ထိတ်လန့်သွားဟန်မပြဘဲ ဆက်၍သာ ပြောလိုက်လေ၏။ “ပင်းယွင်… အခု နင့်ကြောင့် အဲ့သင်္ဘောပေါ်မှာ ရှိနေတဲ့ လူတွေအကုန်လုံး သေရတော့မယ်… နင်သာ လိမ်လိမ်မာမာနဲ့ အညံ့ခံလိုက်မယ်ဆိုရင် ဒီဘုရင် နင့်ကို ကောင်းကောင်းဆက်ဆံမယ်လို့ ကတိပေးတယ်…”

ချီရီသည် ရန်ကိုင်နှင့် အခြားသူများအကြောင်းကို ထည့်ပြောလိုက်ရခြင်းမှာ ပင်းယွင် အာရုံမစိုက်နိုင်အောင် လုပ်ရန် ဖြစ်ပေသည်။ သို့သော်ငြား ပင်းယွင်ကမူ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေခဲ့လေသည်။ သူမ၏ဓါးသွားကို မြှောက်လိုက်ရာ အနီးဘေးနားတစ်ဝိုက်တွင် ရှိနေသော ရေခဲနိယာမ စွမ်းအားအားလုံး ချီရီဆီသို့ ပြေးဝင်သွားလေ၏။

ချီရီသည်လည်း မာန်သွင်း၍ အော်ဟစ်လိုက်လေသည်။ သူ့စိတ်ထဲ အလွန်ကိုမှ ဒေါသထွက်နေသည့်တိုင် ပင်းယွင်အား အထင်မသေးရဲခဲ့ပေ။ ထို့အတွက်ကြောင့် သူ့ခွန်အားအကုန်အစင်ကို ထုတ်သုံးတော့လေ၏။

ပုံရိပ်နှစ်ခုသည် ပင်လယ်ပြင်ထက် ဟိုမှသည်သို့ လျင်မြန်စွာ ရွေ့လျားနေခဲ့လေသည်။ နိယာမစွမ်းအားတို့သည်လည်း အချင်းချင်း ထိပ်တိုက်တွေ့နေကြလေ၏။ ထိုစွမ်းအားအောက်တွင် ကောင်းကင်နှင့် မြေပြင်သည်ပင်လျှင် အဆက်မပြတ် တုန်ခါနေပြီး လှိုင်းလုံးများမှာလည်း တဝုန်းဝုန်းနှင့် ရိုက်ခတ်နေခဲ့လေသည်။ ထိုတိုက်ပွဲကြောင့် မိုင်တစ်သောင်းအတွင်း ရှိနေသော မိုးမြေစွမ်းအင်အားလုံး ကသောင်းကနင်း ဖြစ်လာလေတော့သည်။

ကြယ်တာရာအစုအဝေးထဲတွင်ပင်လျှင် ဧကရာဇ်တတိယအဆင့် ကျင့်ကြံသူနှစ်ဦး၏ တိုက်ပွဲကို မြင်တွေ့ရရန် အလွန်ကိုမှ ခဲယဉ်းလှပေသည်။ လက်ရည်တူညီပြီး ဓါတ်သဘာဝအချင်းချင်း ဆန့်ကျင်ဘက်ဖြစ်နေသည့် ဧကရာဇ်တတိယအဆင့် ပညာရှင်နှစ်ဦး၏ တိုက်ပွဲမှာတော့ ပို၍ပင် ရှားပါးပေသေးသည်။ ဤကဲ့သို့သော တိုက်ပွဲမျိုးသည် အလွန်ကိုမှ ရင်သပ်ရှုမောဖွယ်ရာ ကောင်းလှပေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၄၀၂)

ခပ်လှမ်းလှမ်းတွင် ရှိနေသော ရန်ကိုင်တို့အဖွဲ့သည်ပင်လျှင် တိုက်ပွဲမှ ဖြာထွက်လာနေသည့် ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားများကို ခံစားမိနေကြလေသည်။

စွမ်းအားလှိုင်းများကို ခံစားမိလိုက်သည့်အခိုက် အကုန်လုံး ထိတ်လန့်တုန်လှုပ်သွားကုန်ကြလေ၏။ ဖန်ရှင်းနှင့် ရေခဲနှလုံးသားစံအိမ်၏ အခြားသောတပည့်များမှာမူ သူတို့၏ဆရာအတွက် အလွန်ကိုမှ စိတ်ပူနေကြလေသည်။

ရေခဲနှလုံးသားစံအိမ်မှ တပည့်များ သိထားသည်မှာ ပင်းယွင်သည် ချီရီအား လန့်နေခဲ့ဖူးသည်ဟူသော အချက်ပင်။ သို့သော်ငြား ပင်းယွင် သူမ၏ ယခင်ခွန်အားအား ပြန်လည်ရရှိသွားသည်ဆိုသော အချက်ကိုတော့ သိမထားကြပေ။ ယခု သူတို့နှစ်ယောက် စတင် တိုက်ခိုက်ကြရပြီ ဖြစ်လေရာ မည်သူအသက်ရှင်လျက် ထွက်သွားနိုင်မလဲ ဆိုသည်ကို မည်သူမှ မသိကြတော့ချေ။

“တစ်ယောက်ယောက်လာနေတယ်…” လျို့ရှန်းယွင်သည် တစ်ခုသောဘက်ဆီသို့ ညွှန်ပြရင်း အော်ပြောလိုက်လေ၏။

ရန်ကိုင်က မျက်လုံးမှေးစင်းလျက် မျက်မှောင်ကျုံ့ကာ ပြောလိုက်လေသည်။ “အဲ့ကောင်ကို မတားလိုက်နိုင်ဘူးလား…”

သူမ၏လက်ရှိခွန်အားအရ ပင်းယွင်သည် ပန်းကွမ်အား အသာလေး သတ်ပစ်နိုင်ပေသည်။ တကယ်တော့ ပန်းကွမ်သည် ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သလို ဆိုးဆိုးရွားရွားလည်း ဒဏ်ရာရထားသည် မဟုတ်ပေလော။ ထိုသို့ဖြစ်လေရာ ပန်းကွမ်သည် ပင်းယွင်၏ တိုက်ခိုက်မှုအောက်မှ မည်ကဲ့သို့များ လွတ်မြောက်လာနိုင်လေသနည်း။

ပင်းယွင်ဘက်တွင် ဘာတွေဖြစ်လို့ ဖြစ်နေမှန်း ရန်ကိုင်မသိချေ။ သို့သော်ငြား ပန်းကွမ် ပင်းယွင်လက်မှ လွတ်လာသည်ဆိုသောအချက်မှာ အမှန်တရားဖြစ်ပေသည်။

ကြည့်ရသလောက် သူတို့အဖွဲ့ အေးအေးချမ်းချမ်းနှင့် ထွက်သွားနိုင်တော့မည့်ပုံမပေါ်။ သူတို့သာ ဤနေရာမှ ထွက်သွားချင်သည်ဆိုလျှင် ပန်းကွမ်အား အရင်ဦးစွာ ရင်ဆိုင်ရပေလိမ့်မည်။

“အဲ့ဒါ ဟိုဧကရာဇ်အဆင့် ပညာရှင်ပဲ…” ပန်းကွမ်ကိုမြင်သော် လင်းယင်ချင်း၏မျက်နှာ ဖြူလျော်သွားခဲ့လေသည်။

ဧကရာဇ်အဆင့်နှင့် တာအိုသခင်အဆင့် ပညာရှင်များသည် လုံးဝမတူညီသည့် လောကနှစ်ခုတွင် နေထိုင်ကြသူများ ဖြစ်ကြပေသည်။ ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦးသည် သူတို့သင်္ဘောတစ်ခုလုံးကို အသာလေး ဖျက်ဆီးပစ်နိုင်ပေ၏။

ပန်းကွမ်ရောက်လာသည်ကိုမြင်သော် အကုန်လုံး ရန်ကိုင့်အား လှမ်းကြည့်လိုက်ကြလေသည်။ ရန်ကိုင် မည်ကဲ့သို့ လုပ်မလဲ ဆိုသည်ကို သူတို့သိချင်နေကြသည်။

သို့သော်ငြား ရန်ကိုင့်ပုံစံကို မြင်လိုက်ပြီးသည့်နောက် လင်းယင်ချင်းတို့အဖွဲ့တစ်ခုလုံး အံ့အားသင့်သွားကြလေသည်။ ရန်ကိုင်သည် အနည်းငယ်လေးပင်လျှင် စိုးရိမ်နေသည့်ပုံမပေါ်။ သင်္ဘောပေါ်တွင်သာ တည်တည်ငြိမ်ငြိမ်ဖြင့် ရပ်နေခဲ့လေသည်။ ထိုမျှသာလျှင် မဟုတ်သေးဘဲ ခနဲ့ပြုံးပင် ပြုံးနေလိုက်သေး၏။ ရန်ကိုင်သည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးကို ရင်ဆိုင်နေရသော်ငြား လုံးဝကို စိတ်ပူနေခြင်း မရှိချေ။

“နင်တို့ အရင်ထွက်သွားလိုက်… ငါပြီးရင် လိုက်လာခဲ့မယ်…” ရန်ကိုင်သည် လင်းယင်ချင်းအား ထိုကဲ့သို့ ပြောလိုက်ပြီးသည့်နောက် ပန်းကွမ်ဆီသို့ ပျံသန်းသွားလေ၏။

“စီနီယာအစ်ကို…” လျို့ရှန်းယွင် စိုးရိမ်လာခဲ့လေသည်။ ရန်ကိုင့်နောက်သို့ လိုက်သွားချင်မိပါသော်ငြား သူမသည် ရန်ကိုင့်အား မည်သည့်အကူအညီမှ မဖြစ်စေပဲ ဝန်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်စေနိုင်ကြောင်း တွေးလျက် စိုးရိမ်သွားခဲ့လေ၏။

“စီနီယာအစ်ကိုရန်… ကျွန်မ ရှင့်ကို ကူညီပေးမယ်…” လင်းယင်ချင်းက သင်္ဘောပေါ်မှ ခုန်ထွက်လာပြီး ပြောလိုက်လေသည်။ သူမသည် တာအိုသခင်တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူသေကိုယ်သေ တိုက်ခိုက်မည်ဆိုပါက ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦးနှင့် အချိန်အနည်းငယ်ခန့် တိုက်ခိုက်နိုင်ပေသည်။ နောက်ဆုံးရလဒ် မည်ကဲ့သို့ဖြစ်မလဲ ဆိုသည်ကို မသိရသေးသော်ငြား လက်ရှိအခြေအနေတွင် ရန်ကိုင့်အား ကူညီနိုင်သည့်လူဆို၍ သူမတစ်ဦးတည်းသာ ရှိပေသည်။

“မလိုဘူး… သူ့ကို ကျုပ်တစ်ယောက်တည်း ရင်ဆိုင်လို့ရတယ်… ဘာမဟုတ်တဲ့ ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ယောက်လောက်ကို ကျုပ် ဂရုစိုက်မနေဘူး…” ရန်ကိုင်က ပြန်ပြုံးပြလိုက်လေ၏။

လင်းယင်ချင်းနှင့် အခြားသူအားလုံး မင်သက်သွားခဲ့ကြလေသည်။

“စိတ်မပူနဲ့… ကျုပ် မကြာခင် ခင်ဗျားတို့နောက်ကို လိုက်လာခဲ့မယ်…” လင်းယင်ချင်းနှင့် အခြားသူများ ထွက်မသွားသေးသည်ကိုမြင်သော် ရန်ကိုင်က ပြုံးဖြီးလျက် ပြောလိုက်လေသည်။ ထို့နောက် သင်္ဘောဆီမှခွာကာ ပန်းကွမ်အား တားဆီးရန်အတွက် ပျံထွက်သွားလေ၏။

လင်းယင်ချင်းသည် ထိုမြင်ကွင်းအား ငေးကြောင်ကြောင်ဖြင့် ရပ်ကြည့်နေမိလေသည်။ သို့သော်ငြား ခဏအကြာ၌ အံကြိတ်၍ အော်ပြောလိုက်လေ၏။ “သွားကြရအောင်…”

“ဒါပေမဲ့ စီနီယာအစ်ကို…” လျို့ရှန်းယွင်မှာတော့ ထွက်သွားရန် တွေဝေမိနေပေသေးသည်။

လင်းယင်ချင်းက ပြောလိုက်လေ၏။ “ငါတို့သာ ဒီမှာဆက်နေလို့ရှိရင် သူ တိုက်ပွဲအပေါ် အာရုံစိုက်နိုင်မှာမဟုတ်ဘူး… နင့်ရဲ့ စီနီယာအစ်ကိုက သာမန်တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးထက် အများကြီး ပိုအားကောင်းတယ်…. သူ ဒီလောက် ယုံကြည်ချက် ရှိနေမှတော့ သူအဆင်ပြေမယ်လို့ ငါယုံကြည်တယ်….”

ထိုစကားကိုကြားသော် လျို့ရှန်းယွင်သည် တစ်ခုခုအား ပြန်အမှတ်ရသွားခဲ့လေသည်။ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ရန်ကိုင့်အား လိုက်ဖမ်းစဉ်က ရန်ကိုင်သည် ထိုပညာရှင်လက်မှ သူမကိုသယ်ရင်း အသက်ရှင်လျက် ထွက်ပြေးနိုင်ခဲ့ပေသည်။

ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးသည်ပင်လျှင် ရန်ကိုင့်အား ဒုက္ခရောက်အောင် မလုပ်နိုင်လေရာ ဧကရာဇ်ပထမအဆင့်သာ ရှိသေးသော ပန်းကွမ်သည် ရန်ကိုင့်အား မည်ကဲ့သို့များ ထိခိုက်အောင် လုပ်နိုင်ပါမည်နည်း။

ထိုအချက်ကို စဉ်းစားမိလိုက်သည့်အခါမှသာ လျို့ရှန်းယွင် စိတ်သက်သာရာ ရသွားခဲ့လေသည်။ ထို့နောက် ရန်ကိုင်ထွက်သွားသည့်ဘက်သို့ ကြည့်ရင်း ရန်ကိုင်အဆင်ပြေပါစေဟု ဆုတောင်းပေးပြီးသည့်နောက် အခြားသူများနှင့်အတူ ထွက်ခွာသွားလေ၏။

ပင်လယ်ပြင်ထက်တွင် ရှိနေသော ပန်းကွမ်သည် ရုတ်တရက် ရပ်လိုက်လေသည်။ သူနှင့် ရန်ကိုင်ကြားရှိ အကွာအဝေးမှာ မီတာအနည်းငယ်ခန့်သာ ရှိတော့သည်။ ပန်းကွမ်သည် ရန်ကိုင့်အား ဒေါသတကြီး စိုက်ကြည့်နေလိုက်လေ၏။ ရန်ကိုင့်မျက်နှာထက်ရှိ အပြုံးကိုမြင်သော် သူ့ရင်ထဲ ပို၍ပင် ဒေါသထွက်လာခဲ့ရလေသည်။

နောက်ဆုံး သည်းမခံနိုင်တော့သည့် အဆုံး၌ ပန်းကွမ်က အော်ဟစ်လိုက်လေ၏။ “ကောင်စုတ်လေး… မင်း ဒီဘုရင်ကို တစ်ယောက်တည်း လာရင်ဆိုင်ရဲလောက်အောင် သတ္တိရှိနေတယ်ပေါ့ ဟုတ်လား…”

ရန်ကိုင်က ပြုံးဖြီးလျက် “မြို့သခင်ပန်းက ကိုယ့်သေတွင်းကိုယ် တူးချင်နေမှတော့ ကျုပ်ကလည်း ဘာလို့ မကူညီပေးရမှာလဲ…”

ထိုစကားကိုကြားသော် ပန်းကွမ်သည် အရူးတစ်ယောက်နှယ် အော်ရယ်မောလျက် “ကောင်လေး… မင်းစိတ်လွတ်သွားတာလား… ဒီဘုရင်က ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးကွ… မင်းကို ပုရွတ်ဆိတ်တစ်ကောင်လို အသာလေး ချေမွပစ်လိုက်လို့ရတယ်…”

“ဧကရာဇ်အဆင့် ဖြစ်ရတာ ဘယ်လောက်များ ကြီးကျယ်နေလို့လဲ…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ဧကရာဇ်အဆင့်တွေက မသေနိုင်တာကြနေတာပဲ… ခင်ဗျားသာ ခေါင်းနဲ့ကိုယ် အိုးစားကွဲသွားရင် ဧကရာဇ်အဆင့်ကြီးပဲ ဖြစ်နေနေ သေမှာပဲ မဟုတ်ဘူးလား...”

ပန်းကွမ် မင်သက်သွားခဲ့လေသည်။ ရန်ကိုင့်အား သေသေချာချာ စူးစိုက်၍ ကြည့်လိုက်ပြီးသည့်နောက် ခေါင်းညိတ်လျက် ပြောလိုက်လေ၏။ “မင်းသတ္တိကတော့ တကယ်ကို မသေးပါလား… မင်းလေသံအတိုင်းပဲ…”

“အပိုတွေပြောမနေတော့နဲ့…” ရန်ကိုင်က စိတ်မရှည်ဟန်ဖြင့် ပြောလိုက်လေသည်။ “ဒီသခင်လေး အလျင်လိုနေတယ်… ခင်ဗျားနဲ့ လေကုန်ခံနေဖို့ အချိန် မရှိဘူး….”

ထို့နောက် အနန္တဓါးကို ထုတ်၍ ပန်းကွမ်အား ဓါးဖြင့် ချိန်ရွယ်ရင်း ပြောလိုက်လေသည်။ “ခင်ဗျား ကျုပ်ဆီလာပြီး အသေခံမှာလား… ဒါမှမဟုတ် ကျုပ် ခင်ဗျားကို လာသတ်ရမလား… ခင်ဗျား ကြိုက်တာရွေး…”

“ယား…” ပန်းကွမ် ထအော်တော့လေ၏။ ဤမျှ မောက်မာဝံ့ကြွားလှသည့် တာအိုသခင်အဆင့် ကျင့်ကြံသူမျိုးကို သူတစ်ခါမျှ မမြင်ခဲ့ဖူးချေ။ သူအသက်ရှင်လာသည့် သက်တမ်းတစ်လျှောက် သူမြင်တွေ့ခဲ့ရသည့် တာအိုသခင်အဆင့် ကျင့်ကြံသူတိုင်းသည် သူ့အပေါ် အလွန်ကိုမှ လေးစားကြပေသည်။ သူ့ရှေ့တွင် မည်သူမျှ အသက်ရဲရဲပင် မရှူရဲကြချေ။ ပန်းကွမ်ကသာ တာအိုသခင်အဆင့် ပညာရှင်များကို အထင်သေးခဲ့ပေသည်။ မည်သည့်တာအိုသခင်အဆင့် ကျင့်ကြံသူကမှ သူ့အား အထင်မသေးရဲကြပေ။ သို့သော်ငြား ယနေ့တွင်မူ ကောင်စုတ်လေးတစ်ကောင်သည် သူ့အား အထင်အမြင်တသေးဖြင့် ဆက်ဆံလာနေခဲ့လေသည်။

ပန်းကွမ် ဒေါသူပုန်ထသွားလေ၏။ “ဒီနေ့ မင်းအရေခွံကို မခွာနိုင်ရင် ငါ့မျိုးရိုးနာမည် ပန်းမဟုတ်တော့ဘူးကွ…” ထိုသို့ပြောပြီးသည့်နောက်တွင် ပန်းကွမ်သည် ရပ်တန့်၍မရသော အရှိန်အဟုန်ဖြင့် ရန်ကိုင့်ဆီသို့ ပြေးဝင်သွားလေသည်။

ထိုသို့ပြေးဝင်သွားနေစဉ်အတွင်း ပန်းကွမ်သည် ရန်ကိုင့်ဆီသို့ လက်သီးတစ်လုံး ပစ်ထည့်လိုက်လေ၏။ လက်သီးအရိပ်ကြီးသည် ကောင်းကင်တစ်ခုလုံးကို တမုဟုတ်ချည်း ဖုံးလွှမ်းသွားခဲ့ပြီး ရန်ကိုင့်ဆီသို့ တိုးဝင်သွားခဲ့လေသည်။

“ရွှင်….”

ဓါးချက်သံများ ထွက်ပေါ်လာခဲ့လေသည်။ အိပ်စက်နေသည့် နဂါးတစ်ကောင် နိုးထလာသည့်အလား ဓါးချက်သံများနှင့်အတူ အလွန်ကိုမှ ပြင်းထန်လှသည့် စွမ်းအားတစ်ရပ် ဖြာထွက်လာခဲ့လေ၏။ ထိုစွမ်းအားကို ခံစားမိလိုက်သည့်အခိုက် ပန်းကွမ်တစ်ကိုယ်လုံး တုန်ရီသွားခဲ့လေသည်။

“ဘုန်း ဘုန်း ဘုန်း…”

ပေါက်ကွဲသံများနှင့်အတူ ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားသော ဧရာမလက်သီးအရိပ်ကြီး တစ်စစီ ပျက်စီးသွားခဲ့လေ၏။ ထို့နောက်တွင် ဓါးချက်တစ်ချက်သည် ပန်းကွမ်ဆီသို့ တိုးဝင်သွားခဲ့လေသည်။

“ဟူး…” ပန်းကွမ် သက်ပြင်းရှိုက်မိလိုက်လေသည်။ သူ့အမူအယာမှာလည်း လျင်မြန်စွာ ပြောင်းလဲနေခဲ့လေ၏။ ဓါးချက်အား ထိပ်တိုင်မရင်ဆိုင်ရဲသည့် အတွက်ကြောင့် ဘေးဘက်သို့ လှည့်လျက် ဓါးချက်ကို ရှောင်လိုက်လေသည်။ သို့တိုင် ဓါးချီမှာတော့ ပန်းကွမ်အား ရှပ်ထိသွားခဲ့သေးသည်။

(သူ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အားကောင်းရတာလဲ)

လက်ရှိအဖြစ်အပျက်အပေါ် ပန်းကွမ် မယုံကြည်နိုင် ဖြစ်နေခဲ့လေသည်။ သူသည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးဖြစ်သည်။ သူ့ဘက်မှ လက်ဦးမှုရယူ၍ တိုက်ခိုက်လိုက်သည့်တိုင် သူ့တိုက်ခိုက်မှု ပျက်စီးသွားရုံမက တစ်ဖက်လူ၏ တန်ပြန်တိုက်ကွက်ကြောင့်ပင်လျှင် ဒဏ်ရာရသွားခဲ့ရသေးသည်။ ဤသည်မှာ တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦး၏ ခွန်အားပေလော။

ပန်းကွမ်မှာ သူ့မျက်လုံးကိုချွတ်၍ ရန်ကိုင့်အပေါ်သို့ တပ်ကာ ရန်ကိုင်သည် တာအိုသခင်အဆင့် အယောင်ဆောင်ထားသည့် ဧကရာဇ်အဆင့်ကျင့်ကြံသူတစ်ဦးများ ဖြစ်နေလေမလားဟုပင် ကြည့်လိုက်ချင်မိတော့သည်။

သူအတွေးထဲ နစ်မျောနေစဉ် ရန်ကိုင်သည် မိစ္ဆာဆန်ဆန် ပြုံးလျက် ပန်းကွမ်ရှေ့တွင် ပေါ်လာခဲ့လေသည်။ ထို့နောက် သူ့လက်သီးဖြင့် ထိုးချလိုက်လေ၏။

လက်သီးချက်မှ ဖြာထွက်လာသည့် ထူးဆန်းသည့် နိယာမစွမ်းအားကြောင့် ပန်းကွမ်တစ်ကိုယ်လုံး ဖိအားအောက်သို့ ရောက်သွားခဲ့ရသည်။ အနည်းငယ်လေးမှပင်လျှင် သတိလက်လွတ်မနေရဲသည့် အတွက်ကြောင့် ချက်ချင်းပဲ လက်သီးတစ်ချက် ပြန်ထိုးလိုက်လေသည်။

“ဘုန်း…”

လက်သီးနှစ်ချက် ထိပ်တိုက်တွေ့ဆုံသွားချိန် ပန်းကွမ်တစ်ကိုယ်လုံး ကတုန်ကယင် ဖြစ်သွားခဲ့ရလေသည်။ အလွန်ကိုမှ ပြင်းထန်သည့် စွမ်းအားတစ်ရပ် သူ့လက်တစ်လျှောက် စီးဝင်လာသည်ကို ပန်းကွမ် ခံစားမိလိုက်သည်။ ထိုစွမ်းအားကြောင့် သူ့သွေးများ ဆူပွက်လာခဲ့ရပြီး ရင်တစ်ခုမှာလည်း ဗလောင်ဆူသွားခဲ့ရသည်။ ခြေခိုင်ခိုင်ပင် မရပ်နိုင်တော့ဘဲ ဟန်ချက်ပျက်ကာ နောက်သို့ ဒယိမ်းဒယိုင် ဆုတ်သွားရလေ၏။ မီတာတစ်ထောင်အကွာသို့ ဆုတ်သွားပြီးသည့်အခါမှသာ ဟန်ချက် ထိန်းလိုက်နိုင်ပေသည်။

ရန်ကိုင်သည်လည်း ကြိုးပျက်သွားသည့် စွန်တစ်စင်းနှယ် နောက်သို့ လွင့်စင် ထွက်သွားခဲ့လေသည်။ သူ့ကျင့်ကြံခြင်းမှာ ပန်းကွမ်ထက် သိသိသာသာကို နိမ့်ကျနေပေသည်။ ထို့အတွက်ကြောင့် ဤလက်သီးချင်း ထိပ်တိုက်ထိုးရာတွင် ရန်ကိုင် အသာမရခဲ့သည်မှာ အထူးအဆန်းတော့မဟုတ်ချေ။

သို့ရာတွင် ဤတိုက်ပွဲဖြစ်ပြီးသည့်နောက် နှစ်ဦးစလုံးမှာ အခြေအနေမှာ ပြောင်းလဲသွားကြတော့သည်။ ရန်ကိုင်မှာ ယခင်ကကဲ့သို့ တက်ကြွမြဲ တက်ကြွနေဆဲသာ ဖြစ်သော်ငြား ပန်းကွမ်မှာမူ အစောပိုင်းကကဲ့သို့ တည်ငြိမ်မနေနိုင်တော့‌ချေ။ ရန်ကိုင်၏ခွန်အားကို သတိပြုမိလိုက်သည့်နောက် ပန်းကွမ်စိတ်ထဲ စတင်၍ တုန်လှုပ်လာမိတော့လေသည်။ ရန်ကိုင့်အား သတ်ဖြတ်ရန်အတွက် သူထင်ထားသလို လွယ်ကူတော့မည်မဟုတ်မှန်း သဘောပေါက်လိုက်လေသည်။

ရန်ကိုင်ငှားထားခဲ့သည့်အိမ်တွင် တိုက်ခိုက်ခဲ့စဉ်က ဤကဲ့သို့ မဖြစ်ခဲ့ပေ။ ရန်ကိုင်သည် သာမန်တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးမဟုတ်မှန်း ပန်းကွမ်သိထားပြီး ဖြစ်သော်ငြား ရန်ကိုင် ဤမျှလောက် အားကောင်းလိမ့်မည်ဟုတော့ မထင်ထားခဲ့ချေ။ ရက်အနည်းငယ်အတွင်း ရန်ကိုင့်၏ခွန်အားသည် သိသိသာသာကို တိုးတက်လာခဲ့လေသည်။

(ဒါက မဟာကောင်းကင်ဝိဉာဉ်ကြာပန်းကြောင့်များ ဖြစ်နေမလား…) ထိုသို့သောအတွေးတစ်ခု ပန်းကွမ်စိတ်ထဲ ဖြတ်ပြေးသွားခဲ့လေသည်။

သူ့အပိုင်ဖြစ်သင့်သော မဟာကောင်းကင်ဝိဉာဉ်ကြာပန်းအကြောင်း ပြန်စဉ်းစားမိလိုက်သည့်အခိုက် ပန်းကွမ်မှာ ပို၍ပင် ဒေါသထွက်လာခဲ့လေသည်။ သူသာ ထိုကြာပန်းကို ရလိုက်မည်ဆိုပါက သူ့ဒဏ်ရာအားလုံး ပျောက်ကင်းသွားနိုင်မည်ဖြစ်သလို သူ့ကျင့်ကြံခြင်းအဆင့်မှာလည်း မြင့်တက်လာရပေလိမ့်မည်။ ကံမကောင်းစွာဖြင့် ထိုကောင်လေးသည် သူ့ရှေ့တည့်တည့်တွင်ပင် ထိုကြာပန်းအား ဝါးစားပစ်ခဲ့လေသည်။

“ကျုပ် ခင်ဗျားကို လျှို့ဝှက်ချက်တစ်ခု ပြောလိုက်မယ်…” ရန်ကိုင့်၏အသံ ပန်းကွမ်နားထဲသို့ ပျံ့လွင့်လာခဲ့လေသည်။

ပန်းကွမ် ကြောင်သွားခဲ့လေသည်။ အစောပိုင်းက ရန်ကိုင်သည် သူနှင့် မီတာတစ်ထောင်ခန့်အကွာတွင် ရှိနေသော်ငြား လက်ရှိတွင်မူ ရန်ကိုင်သည် သူ့ရှေ့တည့်တည့်၌ ရှိနေခဲ့လေ၏။ ရန်ကိုင် သူ့ရှေ့တည့်တည့်သို့ မည်ကဲ့သို့ ရောက်လာသလဲဆိုသည်ကို ပန်းကွမ် လုံးဝ သတိမပြုမိလိုက်ချေ။

(ဒီကောင် ဘယ်လောက်တောင်မြန်တာလဲ…)

ရန်ကိုင့်၏အသံကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် ပန်းကွမ်သည် ကြေးနီမောင်းပုံစံနှင့် ဆင်တူသော ဧကရာဇ်အဆင့် မှော်ရတနာတစ်ခုကို ထုတ်ယူလိုက်လေသည်။ ထိုမောင်းထဲသို့ ဧကရာဇ်ချီကို ထည့်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် ထူးဆန်းသည့် မောင်းသံတို့ ထွက်ပေါ်လာခဲ့လေသည်။

ထို့နောက်တွင် မဲနက်နေသော အနက်ရောင်အလင်းတန်းတစ်ခု ကြေးနီမောင်းဆီမှ ထွက်ပေါ်လာပြီး ရန်ကိုင့်၏လက်ကောက်ဝတ်ဆီသို့ တိုးဝင်သွားခဲ့လေသည်။ ထိုအလင်းတန်း ထွက်ပေါ်လာသည့်နှုန်းမှာ အလွန်တရာကိုမှ မြန်ဆန်လွန်းလှသဖြင့် သေချာသာ မပြင်ဆင်ထားပါက မည်သို့မျှ ရှောင်တိမ်းနိုင်လိမ့်မည် မဟုတ်ချေ။

သို့တိုင်ပင်လျှင် ရန်ကိုင်ကမူ ထိုအလင်းတန်းအား ရှောင်ပြသွားခဲ့လေသည်။ လေဟာနယ်နိယာမစွမ်းအားတို့ ဖြာထွက်လာခဲ့ပြီးသည့်နောက် သူ့ရှေ့တွင် ရပ်နေသော ရန်ကိုင်သည် ရုတ်တရက်ဆိုသလို ပျောက်ကွယ်သွားကြောင်းကို ပန်းကွမ် တွေ့ရှိလိုက်ရသည်။ ထို့နောက်တွင် ရန်ကိုင်၏အသံသည် အခြားတစ်ဖက်ဆီမှ ပြန်လည်ထွက်ပေါ်လာခဲ့လေသည်။ “ယောင်ချန်ကျွင်း သေသွားပြီ…”

ယောင်ချန်ကျွင်းဟူသော နာမည်ကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် ပန်းကွမ်၏အမူအယာ ပြောင်းလဲသွားခဲ့လေသည်။ ထိုနာမည်ကို ကြားကြားချင်း ယောင်ချန်ကျွင်း အနီးအနားတွင် ရှိသည်ဟု အထင်ရောက်၍ ရန်ကိုင်ဆက်ပြောသော စကားကိုပင်လျှင် သေသေချာချာ မကြားနိုင်တော့ချေ။

ခဏအကြာမှသာ အသိပြန်ဝင်လာခဲ့ပြီး ပြန်၍မေးလိုက်လေသည်။ “သူဘယ်လိုသေသွားတာလဲ…”

“ဘယ်လိုသေရမလဲ… ကျုပ် သူ့ကို သတ်လိုက်တာပေါ့…” ရန်ကိုင်က အရူးတစ်ယောက်နှယ် အော်ရယ်မောလိုက်လေသည်။

“မဟုတ်တရုတ်တွေ…” ပန်းကွမ် ထအော်လေသည်။ ရန်ကိုင် သူ့အား လာနောက်နေခြင်းသာ ဖြစ်လိမ့်မည်ဟု ထင်နေခဲ့သည်။ ရန်ကိုင်မှ ယောင်ချန်ကျွင်းအား သတ်လိုက်သည်ဟူသော စကားကို သူမယုံ။ ကောင်းကင်နှင့် မြေပြင်တစ်ခုလုံး အထက်အောက် ပြောင်းပြန် လန်သွားပြီဟု သူ့အား လာပြောလျှင်ပင် ယုံချင်ယုံပေဦးမည်။ ရန်ကိုင်မှ ယောင်ချန်ကျွင်းအား သတ်လိုက်သည်ဟူသော စကားကိုတော့ လုံးဝ ယုံလိမ့်မည် မဟုတ်ချေ။

တကယ်‌တော့ ယောင်ချန်ကျွင်းသည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးပင် မဟုတ်လေလော။ ပန်းကွမ်ပင်လျှင် ထိုကဲ့သို့သော ပညာရှင်တစ်ဦးရှေ့တွင် ရိုရိုကျိုးကျိုး နေရလေသည်။ ရန်ကိုင်ကဲ့သို့သော တာအိုသခင်တတိယအဆင့်သာ ရှိသေးသည့် ပညာရှင်တစ်ဦးမှ ယောင်ချန်ကျွင်းအား သတ်နိုင်သည်မှာ လုံးဝကို မဖြစ်နိုင်ချေ။

“ခင်ဗျား ကျုပ်ပြောတာကို မယုံဘူးပေါ့… ဒါဆိုရင်လည်း ဒါကို တစ်ချက် ကြည့်ကြည့်လိုက်လေ…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် မီတာအနည်းငယ်ခန့်သို့ ပြန်ဆုတ်သွားလျက် ငါးရောင်ခြယ်လှံတစ်ချောင်းကို ထုတ်ယူပြလိုက်လေသည်။

ထိုလှံကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ပန်းကွမ် မျက်လုံးပြူးမျက်ဆံပြူး ဖြစ်သွားခဲ့လေသည်။ ထို့နောက် သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်တုန်ရီရီ ဖြစ်လာတော့လေသည်။

သူ့အနေဖြင့် ဤငါးရောင်ခြယ်လှံကို တစ်ခါမှ မမြင်ဖူးသော်ငြား လှံ၏အရှိန်အဝါကိုတော့ ခံစားမိနေခဲ့လေသည်။

ထိုကဲ့သို့သော အရှိန်အဝါကို ထုတ်လွှတ်နိုင်ရလေအောင် ဤလှံသည် ဧကရာဇ်အဆင့်မြင့် မှော်ရတနာတစ်ခုသာ ဖြစ်ရပေလိမ့်မည်။ သူ၏ ကြေးနီမောင်းသည်ပင်လျှင် ထိုလှံနှင့် မယှဉ်နိုင်ချေ။ ထိုကဲ့သို့သောလှံအား ပိုင်ဆိုင်ထားသည့်လူသည် ဧကရာဇ်တတိယအဆင့် ကျင့်ကြံသူတစ်ဦး ကျိန်းသေဖြစ်ရပေလိမ့်မည်။ သို့သော်ငြား တကယ့် အရေးကြီးဆုံးသောအချက်သည် ထိုလှံဆီမှ ယောင်ချန်ကျွင်း၏ အရှိန်အဝါကို ခံစားမိနေရခြင်းပင်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၄၀၃)

ငါးရောင်ခြယ်လှံသည် ယောင်ချန်ကျွင်း၏ မှော်ရတနာဖြစ်သည်မှာ လုံးဝ သေချာပေသည်။

ဧကရာဇ်အဆင့် မှော်ရတနာများသည် အလွန်ကိုမှ ရှားပါးလှသည်။ ဧကရာဇ်အဆင့် ကျင့်ကြံသူတိုင်း၌ ဧကရာဇ်အဆင့် မှော်ရတနာတစ်ခု မရှိနိုင်။ ထို့‌ကြောင့် မည်သည့်ပညာရှင်မဆို ဧကရာဇ်အဆင့် မှော်ရတနာများကို အလွန်ကိုမှ မြတ်နိုးတန်ဖိုးထားကြပေသည်။ မှော်ရတနာပိုင်ရှင်သည် သူတို့၏ မှော်ရတနာကို အလွယ်တကူ စွန့်ပစ်လိမ့်မည် မဟုတ်ချေ။ ယောင်ချန်ကျွင်း၏ ဧကရာဇ်အဆင့် မှော်ရတနာသည် ရန်ကိုင့်လက်ထဲတွင် ပေါ်လာသည့် အတွက်ကြောင့် ယောင်ချန်ကျွင်း သေသွားရခြင်းသာ ဖြစ်ရပေလိမ့်မည်။

ပန်းကွမ် ဟင်းလင်းပြင်ကမ္ဘာထဲတွင် ယောင်ချန်ကျွင်းအား မတွေ့ရသည်မှာ အထူးအဆန်းမဟုတ်တော့ချေ။ ပန်းကွမ်သည် ရန်ကိုင့်ကို တွေ့ခဲ့သော်ငြား ယောင်ချန်ကျွင်းကို မတွေ့ခဲ့ရချေ။ အကြောင်းပြချက်မှာ ရှင်းပေသည်။ ယောင်ချန်ကျွင်း အပုန်းကောင်းသည့် အတွက်ကြောင့်မဟုတ်။ ဤလောကကြီးတွင် ရှိမနေတော့သည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။

သို့သော်ငြား ရန်ကိုင်သည် တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်လေသည်။ ထိုကျင့်ကြံခြင်းလေးဖြင့် ယောင်ချန်ကျွင်းအား မည်ကဲ့သို့များ သတ်ပစ်နိုင်ခဲ့လေသနည်း။ ရန်ကိုင်မှ ယောင်ချန်ကျွင်းအား မသတ်လိုက်ပါကလည်း ယောင်ချန်ကျွင်း၏ ငါးရောင်ခြယ်လှံသည် ဘာကြောင့်များ ရန်ကိုင့်လက်ထဲသို့ ရောက်နေရသနည်း။

ပန်းကွမ်သည် ရန်ကိုင့်လက်ထဲရှိ ငါးရောင်ခြယ်လှံကို ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်နေမိလေသည်။ ရန်ကိုင် အမှန်ကိုပြောနေခြင်း ဟုတ်မဟုတ်ဆိုသည်ကိုတော့ သူလည်း မပြောနိုင်ပေ။

ပန်းကွမ်အတွေးထဲနစ်မျောနေစဉ်မှာပင် သူ့နောက်ဘက်ဆီမှ ခြောက်ခြားဖွယ်ရာ အန္တရာယ်အငွေ့အသက်ကို ရလိုက်လေသည်။ အန္တရာယ်အငွေ့အသက်မှာ ဗြုန်းစားကြီး ထွက်ပေါ်လာခြင်း ဖြစ်သည့်အတွက်ကြောင့် ပန်းကွမ်သတိပြုမိလိုက်ချိန်တွင် ထိုအရာကိုရှောင်ရန် နောက်ကျလွန်းသွားခဲ့လေပြီ။

ကျားဟိန်းသံနှင့်အတူ အလင်းတန်းတစ်ချက် ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက် သူ့ကျောပြင်တစ်ခုလုံး စူးအောင့်သွားသလို ပန်းကွမ်ခံစားလိုက်ရသည်။ တစ်ချိန်တည်းတွင် အလွန်ပြင်းထန်သည့် အားတစ်ရပ်မှ သူ့ကျောပြင်အား လာရောက်ဆောင့်တိုက်သည့်အတွက်ကြောင့် ပန်းကွမ်မှာ ဟန်ချက်ပျက်ကာ ရှေ့သို့ယိမ်းထိုး၍ သွေးတစ်ပွက် ထိုးအန်လိုက်ရလေသည်။

သူ့ကိုယ်သူ ဟန်ချက် ပြန်မထိန်းနိုင်သေးခင်မှာပင် ရန်ကိုင်သည် သူ့ရှေ့သို့ ရောက်နေခဲ့လေပြီ။ ရန်ကိုင်သည် သူ့လက်ကိုမြှောက်၍ ပန်းကွမ်အား လေဟာနယ်နိယာမစွမ်းအားတို့ လွှမ်းခြုံနေသည့် လက်သီးဖြင့် ထိုးချလိုက်လေသည်။ ရန်ကိုင့်၏လက်သီး ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော ဟင်းလင်းပြင်တစ်ခုလုံး ပြိုကျသွားသည့်အလား အနက်ရောင်အက်ကွဲကြောင်းလေးများသည် သူ့လက်သီးဖြတ်သွားသည့်လမ်းကြောင်းတစ်လျှောက်တွင် ထွက်ပေါ်လာခဲ့လေသည်။

ပန်းကွမ်သည် အမောတကော အသက်ရှူရင်း ကြေးနီမောင်းထဲသို့ ဧကရာဇ်ချီကို အရူးအမူး ထည့်သွင်းလျက် သူ့ကိုယ်သူကာကွယ်ရန် ကြိုးစားလိုက်လေသည်။

“ဘုန်း…”

ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ ကြေးနီမောင်းဆီမှ ထွက်ပေါ်နေသည့် အလင်းရောင် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားခဲ့လေသည်။ ထိုအခြေအနေကို ကြည့်ရသလောက် ဧကရာဇ်အဆင့် မှော်ရတနာ ထိခိုက်သွားသည့်ပုံပင်။

သို့သော်ငြား လက်ရှိအချိန်သည် ထိုကိစ္စကို စိတ်ပူနေရမည့် အချိန်မဟုတ်ချေ။ ပန်းကွမ်သည် ရန်ကိုင့်၏လက်သီးချက်ထဲတွင် ပါဝင်နေသည့် စွမ်းအားကို အသုံးချ၍ ရန်ကိုင့်ဆီမှ ခပ်လှမ်းလှမ်းသို့ ဆုတ်သွားလေ၏။

“ဂျိန်း…”

မိုးချုန်းသံတစ်သံနှင့်အတူ အန္တရာယ်များသည့် အရှိန်အဝါတစ်ရပ် ပေါက်ကွဲထွက်လာခဲ့လေသည်။ ထို့နောက် လျှပ်စီးတန်းတစ်ခုသည် ဘယ်ကမှန်းမသိ ပန်းကွမ်အား တည့်တည့်ထိမှန်သွားလေ၏။

ထိုလျှပ်စီးတန်း၏ ထိမှန်ခြင်း ခံလိုက်ရပြီးသည့်နောက်တွင် ဧကရာဇ်ပထမအဆင့် ပညာရှင်ဖြစ်သော ပန်းကွမ် အကြောဆွဲသည့်နှယ် တဆတ်ဆတ် တုန်ရီသွားခဲ့လေသည်။ သူ၏ခေါင်းမွေးများ ထောင်တက်သွားခဲ့ပြီး အသား မီးကျွမ်းနံ့တို့မှာလည်း လေထဲ ပြန့်နှံ့လာခဲ့လေ၏။

ထို့နောက်တွင် ပန်းကွမ်သည် ခက်ခက်ခဲခဲဖြင့် လှည့်ကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မျက်လုံးပြူးသွားခဲ့ရလေ၏။

လက်ရှိတွင် အသက်ရှစ်နှစ် အရွယ်လောက်သာ ရှိမည်ထင်ရသော ကောင်မလေးတစ်ဦးသည် အပြာရောင်ဓာတ်လုံးတစ်လုံးကို ကိုင်ရင်း ကျားဖြူတစ်ကောင်ပေါ်တွင် ထိုင်လျက် သူ့အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်နေခဲ့လေသည်။

ထိုမိန်းကလေးဖြစ်စေ ကျားဖြူဖြစ်စေ သူတို့ ဤနေရာတွင် မည်ကဲ့သို့ ပေါ်လာလို့ ပေါ်လာမှန်းကို ပန်းကွမ် လုံးဝမသိလိုက်ချေ။ ရှိနေကြောင်းကိုလည်း ပန်းကွမ် အာရုံမခံမိလိုက်။ သို့သော်ငြား အစောပိုင်းက အလစ်ချောင်းတိုက်ခိုက်မှုနှစ်ခုသည် သူတို့နှစ်ဦးဆီမှ လာခြင်း ဖြစ်ပေသည်။

ပန်းကွမ် ပို၍ အံ့အားသင့်သွားရသည့် အချက်မှာ ကောင်မလေးလက်ထဲတွင် ကိုင်ထားသည့် အပြာရောင်ဓာတ်လုံးသည် မိုးကြိုးဓာတ်အမျိုးအစား ဧကရာဇ်အဆင့် မှော်ရတနာတစ်ခု ဖြစ်နေခြင်းပင်။ သူမ၏ကျင့်ကြံခြင်းမှာ လုံလောက်အောင် မြင့်မားခြင်းမရှိသေးသည့် အတွက်ကြောင့်လားမသိ ထိုဓာတ်လုံးကို အသုံးပြုပြီးသည့်နောက် ကောင်မလေး၏မျက်နှာမှာ ဖြူလျော်နေခဲ့လေသည်။

(ဘာတွေဖြစ်နေတာလဲ…) ပန်းကွမ်မှာ ဘာတွေဖြစ်လို့ဖြစ်နေမှန်း မသိတော့ချေ။ ယခု သူ့ရှေ့တွင် ဖြစ်ပျက်နေသည့် အရာအားလုံးသည် လုံးဝကို မယုံကြည်နိုင်စရာကောင်းလှပေသည်။

ထိုစဉ် ရန်ကိုင်က အော်ပြောလိုက်လေ၏။ “ပန်းကွမ်… ဒီနေရာက ခင်ဗျားရဲ့သင်္ချိုင်းပဲ… မြန်မြန်သေလိုက်ပေတော့…”

ပန်းကွမ် ထိတ်လန့်တုန်လှုပ်သွားခဲ့လေသည်။ ရန်ကိုင့်အား ယခင်ကကဲ့သို့ အထင်မသေးရဲတော့ချေ။ ရန်ကိုင့်အား လက်စားချေနိုင်ရန်အတွက် ဤနေရာသို့ လာခဲ့ပါသော်ငြား သူ့ရန်သူအား မထိနိုင်သေးခင်မှာပင်လျှင် ဒုက္ခလှလှနှင့် တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ထို့ပြင် ကောင်မလေးစီးထားသည့် ကျားဖြူဆီမှ အဆင့်ဆယ့်နှစ် မွန်းစတားသားရဲတစ်ကောင်၏ အရှိန်အဝါကို ခံစားနေခဲ့ရလေသည်။ တစ်နည်းဆိုရသော် ထိုကျားဖြူသည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးနှင့် ယှဉ်ပြိုင်နိုင်သည့် မွန်းစတားသားရဲတစ်ကောင် ဖြစ်ပေသည်။ ထိုအရာမျိုးသည် သူလက်ရှိ သွားရင်ဆိုင်နိုင်သည့် အရာမျိုးမဟုတ်ချေ။ လက်ရှိ သူ့အနား၌ ကျားဖြူသာလျှင်မဟုတ် ရန်ကိုင်လည်း ရှိနေခဲ့သည်။ လက်ရှိ အခြေအနေကိုကြည့်ရင်း ပန်းကွမ်မှာ လုံးဝကို ကူကယ်ရာမဲ့နေရတော့လေသည်။

ယခုကဲ့သို့ ဖြစ်မည်မှန်းသာ ကြိုသိခဲ့လျှင် ဤနေရာသို့ လုံးဝ မလာခဲ့ပါချေ။ ချီရီနားတွင် နေ၍သာ တိုက်ပွဲအား စောင့်ကြည့်နေခဲ့ပေသည်။

ထို့ကြောင့် ပန်းကွမ်မှာ နောင်တတရားကို လက်ဝယ်ပိုက်ရင်း ထွက်ပြေးရန် ကြိုးစားတော့လေသည်။

“အေးခဲလိုက်စမ်း…” ပန်းကွမ်ဘာလုပ်ချင်နေသလဲ ဆိုသည်ကို သိလိုက်သော် ရန်ကိုင်က အော်ပြောလိုက်လေ၏။ လေဟာနယ်နိယာမစွမ်းအားတို့ စုဆုံလာခဲ့ပြီး အနီးအနား ဟင်းလင်းပြင်တစ်ခုလုံး အေးခဲသွားခဲ့လေသည်။ ထို့အတွက်ကြောင့် ပန်းကွမ်မှာ လှုပ်ရရှားရ ခက်သွားခဲ့၏။

ထိုအနည်းငယ်သော တုံ့နှေးမှုသည် ပန်းကွမ်၏ ကံတရားကို ဆုံးဖြတ်သွားနိုင်ပေသည်။

ကျားဖြူသည် လျို့ယန်၏ အမိန့်ပေးမှုအောက်တွင် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလျက် ပန်းကွမ်ဘေးတွင်‌ ပေါ်လာလေသည်။ ထို့နောက် ၎င်း၏ပါးစပ်ကြီးကို ဟလျက် ပန်းကွမ်၏လည်ပင်းကို ကိုက်ချလိုက်လေ၏။

ထိုမြင်ကွင်းကိုမြင်သော် ပန်းကွမ်မှာ သွေးပျက်မတတ် ကြောက်ရွံ့သွားခဲ့လေသည်။ ဧကရာဇ်ချီကို အရူးအမူးလှည့်ပတ်လျက် သူ့လည်ပင်း ပြတ်ထွက်မသွားစေရန် လည်ပင်းအား ကာကွယ်ထားလိုက်လေသည်။ တစ်ချိန်တည်းတွင် ကျားဖြူ၏ ကိုက်ခဲခြင်း မခံရစေရန်အတွက် အသည်းအသန် ရုန်းတော့လေ၏။

“အထဲကို ဝင်လိုက်ပေတော့…” ရန်ကိုင်သည် အေးစက်စက်အမူအယာဖြင့် ပြုံးလျက် ပန်းကွမ်အား ကမ္ဘာငယ်လေးထဲသို့ ပစ်ထည့်လိုက်လေသည်။

ထိုသို့ဖြင့် ပန်းကွမ်၊ ကျားဖြူနှင့် လျို့ယန်တို့ သုံးဦးလုံးမှာ ကမ္ဘာငယ်လေးထဲသို့ ရောက်သွားလေ၏။ ထို့နောက်တွင် ရန်ကိုင်လည်း ကမ္ဘာငယ်လေးထဲသို့ ဝင်သွားလိုက်လေသည်။

ကမ္ဘာငယ်လေးထဲရှိ နေရာတစ်ခု၌ ပန်းကွမ်သည် သူ့ခွန်အားအကုန်အစင်နှင့်တကွ သွေးအဆီအနှစ်ကိုပါသုံး၍ ကျားဖြူအား ဖယ်ထုတ်နိုင်ရန် ကြိုးစားနေခဲ့သည်။ သို့သော်ငြား ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည့်အခိုက် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဆွံ့အသွားခဲ့လေသည်။

အစောပိုင်းက သူ့ရှေ့တွင် ရှိနေခဲ့သည့် ပင်လယ်ပြင်ကြီးမှာ ပျောက်ချင်းမလှ ပျောက်ကွယ်နေခဲ့သည်။ သူမြင်နေရသည့် အရာဆို၍ စိမ်းစိုနေသော သစ်ပင်ပန်းမန်များ၊ တေးသီးချင်းများ သီကျူးနေသော ငှက်ကလေးများနှင့် နူးညံ့သည့် မွှေးရနံ့တို့ကို ထုတ်လွှတ်ပေးနေသော ပန်းပွင့်များသာ ဖြစ်လေသည်။ ထို့အပြင် ဤနေရာရှိ မိုးမြေစွမ်းအင်သည် သိသိသာသာကို သိပ်သည်းလွန်းလှသည်။

(ငါ သေသွားတာလား… ငါ အခု တမလွန်ဘဝကို ရောက်နေတာများလား…) ပန်းကွမ်၏နဖူးထက် ချွေးသီးချွေးပေါက်တို့ ဝေ့သီလာခဲ့လေသည်။

သို့သော်ငြား ရန်ကိုင့်အား မြင်လိုက်သည့်အခိုက် ကယောက်ကယက် ဖြစ်နေသော ပန်းကွမ်၏ စိတ်အစုံ တည်ငြိမ်သွားခဲ့လေသည်။

အစောပိုင်းက သူကြုံတွေ့ခဲ့ရသည့် အကြောင်းအရာအားလုံးနှင့်တကွ သူရထားသည့် ဒဏ်ရာများကြောင့် ပန်းကွမ်မှာ အတော်လေးကိုမှ ပုံပျက်ပန်းပျက် ဖြစ်နေတော့လေသည်။ လက်ရှိ သူ့ပုံစံသည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး၏ ပုံစံနှင့်ပင် မတူတော့ချေ။

ရန်ကိုင်သည် သေလူတစ်ယောက်ကို ကြည့်နေသည့် အကြည့်မျိုးဖြင့် လှောင်ပြုံးပြုံးလျက် ပန်းကွမ်အား စိုက်ကြည့်နေခဲ့လေသည်။

ပန်းကွမ်သည် ဘေးပတ်ဝန်းကျင်အား ကျီးကန်းတောင်းမှောက် လှည့်ပတ်ကြည့်ရင်းမှ ကတုန်ကယင်လေသံဖြင့် ပြောလိုက်လေသည်။ “ဒါ ဘာနေရာကြီးလဲ…”

ရန်ကိုင်က ပြုံးဖြီးလျက် “ဘယ်နေရာဖြစ်ရမှာလဲ… ခင်ဗျားရဲ့ သင်္ချိုင်းပေါ့… ဘယ်လိုလဲ ကျုပ်ကောင်းပေးတာကိုမြင်ပြီး ခင်ဗျား စိတ်လှုပ်ရှားသွားပြီမလား… ခင်ဗျားသေလို့ရအောင် ဆိုပြီးတော့ နေရာကောင်းတစ်ခုကို ကျုပ် သေသေချာချာ ရွေးပေးထားတာနော်… အခြားသူတွေဆိုရင် ဒါမျိုးနေရာရဖို့ စိတ်ကူးရုံပဲ တတ်နိုင်မှာ… မြို့သခင်ပန်း အခုလိုမျိုး နေရာကောင်းကောင်းနဲ့ သေရတဲ့အပေါ် ခင်ဗျားရဲ့ ဘိုးဘေးတွေကို ကျေးဇူးတင်သင့်တယ်…”

(မင်းညီမကြီးကို ကျေးဇူးတင်…) ပန်းကွမ် စိတ်ထဲ ကြိတ်၍ ကျိန်ဆဲလိုက်လေသည်။ သူ့ခမျာ ဒေါသထွက်လွန်းသဖြင့် မျက်နှာတစ်ပြင်လုံး ရှုံ့မဲ့လာခဲ့သည်။ သို့သော်လည်း အသံထွက်ပြီး အော်မဆဲရဲခဲ့ပေ။

သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ရင်း ပြန်၍ပြောလိုက်လေ၏။ “မင်းငါ့ကို သတ်ချင်ရင် သတ်နိုင်တဲ့ အရည်အချင်းရှိဖို့ လိုလိမ့်မယ်…”

ထို့နောက် အနည်းငယ်စိုးရိမ်နေသည့် အမူအယာဖြင့် ကျားဖြူအား လှမ်းကြည့်လိုက်လေသည်။

ရန်ကိုင့်ကို သူမကြောက်ချေ။ ပန်းကွမ်‌စိတ်ပူနေသည်မှာ ကျားဖြူသာ ဖြစ်လေသည်။ ထိုကျားဖြူဆီမှ အဆင့်ဆယ့်နှစ် မွန်းစတားသားရဲတစ်ကောင်၏ အရှိန်အဝါကို ခံစားနေရသည်။ သို့သော်ငြား ကျားဖြူသည် ဘာဖြစ်လို့ဖြစ်မှန်းကို မသေချာသေးချေ။ ကျားဖြူသည် မွန်းစတားသားရဲတစ်ကောင်နှင့် ဆင်တူသော်ငြား ၎င်းဆီမှ မည်သည့်အသက်ဓာတ်စွမ်းအင်ကိုမှ မခံစားရချေ။

ရန်ကိုင်က အော်ရယ်မောလျက် “အခု ခင်ဗျားက ဒီကို ရောက်လာပြီဆိုတော့ ခင်ဗျားရဲ့သေခြင်းရှင်ခြင်းက ဒီသခင်လေးရဲ့ လက်ထဲရောက်သွားပြီ… ကျုပ်ရှင်စေချင်ရင် ခင်ဗျားရှင်ရမယ်… ကျုပ်သေစေချင်ရင် ခင်ဗျား သေရမယ်… ခင်ဗျားမှာ ရွေးချယ်ခွင့် မရှိတော့ဘူး…”

“ဘာလဲ… မင်းကိုယ်မင်း ဒီလောကကြီးရဲ့ အရှင်သခင်လို့ မှတ်နေတာလား… ကောင်လေး သိပ်ပြီးတော့ လေလုံးမထွားနဲ့ကွ…” ပန်းကွမ်က အထင်အမြင်တသေးဖြင့် ပြန်ပြောလိုက်လေသည်။

ရန်ကိုင်က နှာခေါင်းကရှုံ့လျက် “ခင်ဗျားပြောတာမှန်တယ်… ဒီနေရာမှာ ကျုပ်က အကြွင်းမဲ့အရှင်သခင်ပဲ…”

ထို့နောက် သူ့လက်ကိုဆန့်ထုတ်၍ အဝေးတွင်ရှိနေသော ပန်းကွမ်ဆီသို့ ရိုက်ချလိုက်လေသည်။

ရန်ကိုင် မည်သည့်ပညာရပ် မည်သည့်စွမ်းအင်ကိုမှ ထုတ်သုံးသွားသည်ကို ပန်းကွမ်မမြင်လိုက်ရချေ။ သို့သော်ငြား ရန်ကိုင့်၏လက် အောက်ကိုကျလာချိန် အလွန်ကြီးမားသောဖိအားကို ပန်းကွမ် ခံစားလိုက်ရလေသည်။ ဖိအားအောက်ဝယ် သူ့ကိုယ်ထဲရှိ အရိုးများသည်ပင်လျှင် တကျွိကျွိ မြည်လာခဲ့လေ၏။

ပန်းကွမ် အလန့်တကြားထအော်လေသည်။ “မင်း လောကစွမ်းအားကို တကယ်ကြီး သုံးနိုင်တာလား… လုံးဝမဖြစ်နိုင်ဘူး…”

မဟာဧကရာဇ်ဆယ်ပါးသည်ပင်လျှင် လောကစွမ်းအားကို အလွယ်တကူ မသုံးနိုင်လေရာ ရန်ကိုင်ကဲ့သို့ လူတစ်ဦးသည် ဘာကြောင့်များ လောကစွမ်းအားကို အသုံးပြုနိုင်ရမည်နည်း။ သို့သော်ငြား ရန်ကိုင်ကမူ တကယ်ကြီး သုံးပြနေခဲ့လေသည်။ လောကစွမ်းအား သူ့ခန္ဓာကိုယ်အား လာရောက်ရိုက်ခတ်ချိန် ပန်းကွမ်မှာ လက်ချောင်းတစ်ချောင်းကိုပင်လျှင် မမြှောက်နိုင်တော့အောင် ဖြစ်သွားခဲ့ရလေသည်။

ပန်းကွမ်၏မျက်လုံးများ တုန်ယင်လာပြီး သူ့စိတ်ထဲ အလွန်ကိုမှ ကြောက်ရွံ့သွားမိတော့လေသည်။ ထိုဖိအားအောက်တွင် သူ့ခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းကိုမှ မလှုပ်ရှားနိုင်တော့ချေ။ အနှေးနှင့်အမြန်ဆိုသလို သူ့ခန္ဓာကိုယ်တစ်ခုလုံး ထိုဖိအားအောက်ဝယ် တစ်စစီ စိစိညက်ညက်ကြေသွားတော့မည်ဟု ခံစားနေရသည်။ သူ့စိတ်ထဲ ခုခံချင်ပါသော်ငြား မည်သို့မှ မခုခံနိုင်ခဲ့ပေ။

“သူ့ကို မသတ်နဲ့ဦး… အဲ့ကောင်ကို ငါလိုချင်တယ်…” မိုးခြိမ်းသံတမျှ ကျယ်လောင်သည့် အသံတစ်သံ ပန်းကွမ်၏နားထဲ ထွက်ပေါ်လာခဲ့လေသည်။

ကြောင်တောင်တောင်ဖြင့် အသံကြားရာဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ရင်တဒုန်းဒုန်း ခုန်သွားခဲ့လေသည်။

လူသားပုံစံ ဧရာမကျောက်ဘီလူးကြီးတစ်ကောင်သည် သူနှင့် မလှမ်းမကမ်းတွင် တင်ပလင်ခွေ ထိုင်နေခဲ့လေသည်။ အိမ်တစ်လုံးထက်ပင်လျှင် ပို၍ ကြီးမားလှသော ထိုကျောက်ဘီးလူး၏မျက်လုံးများသည် သူ့အား စိတ်ဝင်တစားဖြင့် စိုက်ကြည့်နေလေ၏။

အစောပိုင်းက အသံသည် ထိုကျောက်ဘီလူးကြီးဆီမှ ထွက်လာခြင်း ဖြစ်ပေသည်။

ကျောက်ဘီလူးကြီးကို မြင်လိုက်သည့်အခိုက် ပန်းကွမ်၏တစ်ကိုယ်လုံး ကြက်သီးမွေးညှင်း ထသွားခဲ့လေ၏။ အစောပိုင်းက ထိုအရာကို တောင်တစ်လုံးဖြစ်သည်ဟု ထင်နေခြင်း ဖြစ်လေသည်။ ယခုမှသာလျှင် သူ့အထင်မှားနေမှန်း နားလည်သွားခဲ့ရလေသည်။

ထို့အပြင် ဆာလောင်နေသည့် မြေခွေးတစ်ကောင်နှယ် စိုက်ကြည့်နေသော ကျောက်ဘီလူးကြီး၏အကြည့်သည် ပန်းကွမ်၏ ရင်ထဲအသည်းထဲကိုပင်လျှင် ကြောက်ရွံ့သွားစေခဲ့လေသည်။

ရန်ကိုင်သည် မျက်ခုံးပင့်၍ ကျောက်တုံးကိုယ်ပွားကိုကြည့်ရင်း ပြောလိုက်လေ၏။ “မင်း အဲ့ဒါကို လုပ်ချင်နေတာလား… နည်းနည်း မရက်စက်နေဘူးလား…”

ကျောက်တုံးကိုယ်ပွားက ပြုံးဖြီးလျက် “တစ်ခါတစ်လေလောက် လုပ်တာပဲဟာကို… မင်း ဧကရာဇ်အဆင့် ပညာရှင်အများကြီးကို သတ်ပြီးသွားပြီ… ဒါပေမဲ့ ဒီထဲကို တစ်ယောက်မှ ပို့မပေးဘူး… အခု ကံကောင်းလို့ တစ်ယောက်လောက် လာတွေ့တာ… ဒီတစ်ယောက်ကိုတော့ ငါလွှတ်မပေးနိုင်ဘူး…”

ရန်ကိုင်က ခဏမျှ စဉ်းစားပြီးသည့်နောက် ခေါင်းညိတ်လိုက်လေ၏။ “ကောင်းပြီလေ… ဒါဆိုရင် မင်းပဲ ယူထားလိုက်ပေါ့…”

ထို့နောက်ပန်းကွမ်အား ကရုဏာသက်စွာ တစ်ချက်ကြည့်လိုက်ပြီးသည့်နောက် ကမ္ဘာငယ်လေးထဲမှ ပြန်ထွက်သွားခဲ့လေသည်။

“မင်းဘယ်ကို သွားနေတာလဲ… မင်း ခုနတုန်းက ဘာတွေပြောနေတာလဲ…” ပန်းကွမ်က ထအော်လေသည်။ ဘာကြောင့်မှန်းမသိ သူ့စိတ်ထဲ အလွန်ကိုမှ မသက်မသာ ခံစားနေရလေသည်။ သေခြင်းတရားထက်ပင်လျှင် ပို၍ဆိုးသည့် အရာတစ်ခုခု ဖြစ်တော့မည်ဟု သူ့စိတ်ထဲ ခံစားနေခဲ့ရလေသည်။

ကျောက်ဘီလူးကြီး ဘာလုပ်ချင်နေသလဲ ဆိုသည်ကို သူမသိသော်ငြား ရန်ကိုင့်၏စကားလုံးများနှင့်တကွ ရန်ကိုင် သူ့အား နောက်ဆုံးကြည့်သွားသည့်အကြည့်ကို ချင့်ချိန်ရသလောက် ကောင်းမွန်သည့် အရာတစ်ခု မဟုတ်သည်မှာတော့ သေချာပေသည်။

သူ့စိတ်ထဲ ထိတ်လန့်နေစဉ်မှာပင် သူ့မြင်ကွင်းတစ်ခုလုံး မှောင်မည်းသွားသည်ကို သတိထားမိလိုက်လေသည်။ လှည့်ကြည့်လိုက်ရာ ကျောက်ဘီလူးကြီး၏ ဧရာမလက်ဝါးကြီးမှာ သူ့ဆီသို့ လာနေကြောင်းကို တွေ့ရှိလိုက်ရလေသည်။ ပန်းကွမ်က ထအော်လေ၏။ “ရပ်လိုက်… ငါ့ဆီကိုမလာနဲ့…”

ကျောက်တုံးရုပ်သေးရုပ်မှာတော့ ပန်းကွမ်၏အော်သံကို လုံးဝ လျစ်လျူရှုထားခဲ့လေသည်။ မြေပြင်ပေါ်တွင် လဲနေသော ပန်းကွမ်ကို လက်တစ်ဖက်ဖြင့် ကောက်ယူလိုက်ပြီးသည့်နောက် ကျန်လက်တစ်ဖက်ထဲသို့ ထည့်လျက် လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ “မင်းမျက်လုံးတွေကို ပိတ်ထားလိုက်…. ကလေးတွေ မကြည့်သင့်ဘူး… မဟုတ်ရင် စိတ်ဒဏ်ရာရသွားလိမ့်မယ်…”

ပန်းကွမ် ဆွံ့အသွားလေသည်။

ကျောက်တုံးရုပ်သေးရုပ်က လေသံတိုးတိုးဖြင့် ဆက်ပြောလိုက်သည်။ “ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသ…”

All Chapters