← Chapters

အခန်း (၂၄၀၄-၂၄၀၆)

Vol. 97 Ch. 2404-2406

အခန်း (၂၄၀၄-၂၄၀၆)

Vol. 97 Ch. 2404-2406

အပိုင်း (၂၄၀၄)

အရှိန်မြန်မြန်နှင့် ခုတ်မောင်းနေသော ပင်လယ်ကူးသင်္ဘောထက်တွင် လျို့ရှန်းယွင်နှင့် အခြားသူများသည် သင်္ဘောကုန်းပတ်ပေါ်တွင် ရပ်လျက် တစ်နေရာဆီသို့ စိုးရိမ်တကြီး အမူအယာများဖြင့် လှမ်းကြည့်နေကြလေသည်။

ရုတ်တရက် လင်းယင်ချင်းသည် တစ်ခုခုအား မြင်သွားပြီး ထိုအရပ်ဆီသို့ ညွှန်ပြရင်း ပြောလိုက်လေသည်။ “တစ်ယောက်ယောက်လာနေတယ်…”

ထိုစကားကိုကြားသော် လျို့ရှန်းယွင်၊ ဖန်ရှင်းနှင့် အခြားသူများသည် ချက်ချင်းပဲ လင်းယင်ချင်း ညွှန်ပြနေသည့် ဘက်ဆီသို့ လှမ်းကြည့်လိုက်လေသည်။ ဟုတ်ပေသည်။ ထိုအရပ်ဆီမှ အလင်းတန်းတစ်ခု သူတို့ဆီသို့ ပျံသန်းလာနေလေ၏။

“အချိန်မရွေး တိုက်ခိုက်ဖို့ ပြင်ဆင်ထားကြပေတော့…” လင်းယင်ချင်းက အော်ပြောလိုက်လေသည်။

သူမ၏အမိန့်အတိုင်း သင်္ဘောပေါ်တွင် ရှိနေသော လူများသည် အရင်းအမြစ်ချီကို လှည့်ပတ်လျက် အဆင်သင့် ပြင်ထားလိုက်ကြလေသည်။

သူတို့ဆီသို့ လာနေသည့်လူမှာ ရန်ကိုင်သာဆိုလျှင်တော့ ကောင်းပေလိမ့်မည်။ ရန်ကိုင်မဟုတ်ဘဲ ပန်းကွမ်သာဆိုလျှင်တော့ ရှိရှိသမျှ ဝှက်ဖဲ အကုန်အစင် ထုတ်သုံး၍ တိုက်ခိုက်ရပေလိမ့်မည်။

မကြာမီ အလင်းတန်းသည် သူတို့နှင့် နီးကပ်လာခဲ့လေသည်။ အလင်းတန်းထဲရှိ ပုံရိပ်ကို မြင်ပြီးသည့်နောက် လျို့ရှန်းယွင်က ပျော်ရွှင်စွာဖြင့် အော်ပြောလိုက်လေ၏။ “စီနီယာအစ်ကိုပဲ… စီနီယာအစ်ကိုရောက်လာတာ…”

အလင်းတန်းထဲတွင် ရှိနေသောလူသည် ရန်ကိုင်ဖြစ်နေမှန်း သိသွားသည့်အခါမှသာလျှင် လျို့ရှန်းယွင် စိတ်သက်သာရာ ရနိုင်တော့လေသည်။

ရန်ကိုင် သင်္ဘောကုန်းပတ်ပေါ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် အကုန်လုံး သူ့အား လာရောက်နှုတ်ဆက်ကြလေ၏။ လျို့ရှန်းယွင်သည် ရန်ကိုင် တစ်ခုခုများ ထိခိုက်သွားသေးသလား အထင်ဖြင့် ရန်ကိုင့်အား ခေါင်းအစ ခြေအဆုံး စစ်ဆေးကြည့်နေခဲ့လေသည်။

ရန်ကိုင် မည်သည့်ဒဏ်ရာမှ မရထားခဲ့ချေ။ လုံးဝကို အကောင်းပကတိအတိုင်း ရှိနေသေးသည့် အတွက်ကြောင့် အကုန်လုံးမှာ အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားခဲ့ကြလေသည်။

ရန်ကိုင်သည် ဧကရာဇ်အဆင့်သို့ ရောက်နေသော ပန်းကွမ်နှင့် တိုက်ခိုက်ရန် ကြံနေခဲ့ခြင်း ဖြစ်လေသည်။ ပန်းကွမ်လက်မှ အသက်ရှင်လျက် လွတ်မြောက်လာနိုင်သည်ဆိုလျှင်ပင် ဤမျှ အကောင်းပကတိအတိုင်းတော့ ရှိမနေသင့်ပေ။

“ပန်းကွမ်ရော…” လင်းယင်ချင်းက နားမလည်နိုင်ဟန်ဖြင့် မေးလိုက်လေသည်။ တစ်ချိန်တည်းတွင် ရန်ကိုင် ပျံသန်းလာသည့် ဘက်ဆီသို့ လှမ်းကြည့်လိုက်လေ၏။ ပန်းကွမ်များ ထိုဘက်ဆီမှ ပျံသန်းလာလေမလားဟု အထင်ဖြင့်။ သို့သော်ငြား ပန်းကွမ်ကို လုံးဝ မတွေ့ရချေ။

ရန်ကိုင်က ပြုံးဖြီးလျက် “စိတ်မပူနဲ့ သူသေသွားပြီ…”

“သေသွားပြီ…” လင်းယင်ချင်း မျက်လုံးအပြူးသား ဖြစ်သွားခဲ့လေသည်။ “ဘယ်လိုသေသွားတာလဲ…”

ထို့နောက် သူမ၏မေးခွန်းမှာ မည်မျှ ရူးကြောင်ကြောင်ဖြစ်နေမှန်း နားလည်သွားခဲ့လေသည်။ ရန်ကိုင်သည် ပန်းကွမ်နှင့် တိုက်ခိုက်ရန် ကျန်နေရစ်ခဲ့လေသည်။ ယခု ပန်းကွမ်သေသွားပြီ ဖြစ်သည့်အတွက်ကြောင့် ပန်းကွမ်အား သတ်လိုက်သည့်လူမှာ ရန်ကိုင်သာ ဖြစ်ပေလိမ့်မည်။

ထိုအချက်ကို စဉ်းစားမိလိုက်သော် သူမရင်ထဲ အလွန်ကိုမှ ထိတ်လန့်သွားခဲ့လေသည်။

ရန်ကိုင်မှ တာအိုသခင်အဆင့် ကျင့်ကြံသူများအား အလွယ်တကူ သတ်ဖြတ်ခဲ့သည်ကို သူမမြင်ခဲ့ဖူးသော်ငြား ဧကရာဇ်အဆင့်မှ ကျင့်ကြံသူတစ်ဦးကိုပင်လျှင် သတ်နိုင်လိမ့်ဦးမည်ဟု မထင်ထားခဲ့ချေ။ မည်ကဲ့သို့သော ထိတ်လန့်ဖွယ်ရာ ကျင့်စဉ်ကိုများ ရန်ကိုင် ကျင့်ကြံနေလေသနည်း။ မည်ကဲ့သို့သော မှော်ရတနာကို ပိုင်ဆိုင်ထား၍များ ရန်ကိုင် ဤကဲ့သို့ လုပ်နိုင်ရလေသနည်း။

ရန်ကိုင်က ရှင်းပြလိုက်လေသည်။ “အဲ့ကောင်က အစတည်းက ဆိုးဆိုးရွားရွား ဒဏ်ရာရထားတာ… အဲ့ဒါကို သူ့ကိုယ်သူ အထင်ကြီးပြီး ငါနဲ့လာတိုက်မှတော့ သေတာတောင် နည်းသေးတယ်…”

ရန်ကိုင့်၏စကားကိုကြားသော် လင်းယင်ချင်း သက်ပြင်းတစ်ချက် ချမိသွားလိုက်လေ၏။ ပန်းကွမ် ဒဏ်ရာရနေသည့် အတွက်ကြောင့်ပေကိုး။ သို့ဆိုလျှင် ရန်ကိုင် ပန်းကွမ်အား သတ်လိုက်နိုင်ခြင်းမှာ ယုတ္တိရှိသွားခဲ့လေပြီ။

သို့တိုင် ရန်ကိုင့်၏ခွန်အားကိုတော့ သူမစိတ်ထဲ အသိအမှတ်မပြုဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရလေသည်။ ဒဏ်ရာရနေသည့် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးသည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေဆဲ။ ဆင်ပိန် ကျွဲလောက်ရှိသည်ဟူသော ဆိုရိုးစကားပင် ရှိသေးသည် မဟုတ်ပေလော။ ရန်ကိုင်မှ ပန်းကွမ်အား သတ်ဖြတ်လိုက်နိုင်ခြင်းသည် ရန်ကိုင့်အား သူမမြင်ခဲ့ဖူးသော တာအိုသခင်အဆင့် ကျင့်ကြံသူများအနက် အကြီးအကျယ်ဆုံးသော ကျင့်ကြံသူတစ်ဦး ဖြစ်သွားစေခဲ့လေသည်။

“ဆေးပညာရှင်ရန်… ကျွန်မရဲ့ ဆရာရော…” ဖန်ရှင်းက စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။ “ဆရာဘာဖြစ်သွားလဲ… ဆေးပညာရှင်ရန်သိလား…”

ရန်ကိုင်သည် ဖန်ရှင်းကိုကြည့်၍ နှစ်သိမ့်ပေးရန် ကြိုးစားလိုက်လေ၏။ “စိတ်ပူမနေနဲ့… စီနီယာပင်းယွင် အဆင်ပြေလိမ့်မယ်… ငါတို့ဘာသာ ရှေ့ဆက်သွားကြရအောင်… သူ့ကိစ္စပြီးတာနဲ့ စီနီယာပင်းယွင် ငါတို့နောက်ကို လိုက်လာလိမ့်မယ်...”

ရန်ကိုင်၏ ယုံကြည်ချက်ရှိသည့် အမူအယာကိုမြင်သော် ဖန်ရှင်းနှင့် ရေခဲနှလုံးသားစံအိမ်မှ တပည့်များ စိတ်တည်ငြိမ်သွားကြလေသည်။ ယခု သူမတို့၏ဆရာသည် ချီရီအား ပြဿနာများများစားစား မကြုံရဘဲ ရှင်းပစ်နိုင်လိမ့်မည်ဟု ခံစားလာကြရလေသည်။

အကုန်လုံးသည် သင်္ဘောဝမ်းတွင်းပိုင်းသို့ ပြန်ဝင်သွားကုန်ကြလေ၏။

နောက်ရက်အနည်းငယ်ထိ ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ကုန်ဆုံးသွားခဲ့လေသည်။ မည်သည့်ပြဿနာမှ မကြုံခဲ့ရချေ။ ပင်လယ်သားရဲအချို့နှင့် ကြုံတွေ့ခဲ့ရပါသော်ငြား ရန်ကိုင်၏အကူအညီကြောင့် ထိုသားရဲများကို အလွယ်တကူ ရှင်းပစ်နိုင်ခဲ့လေ၏။

လက်ရှိအချိန်တွင် သူတို့သည် ကောင်းကင်ကျွန်းမှ အလွန်ဝေးကွာသည့် နေရာသို့ ရောက်နေခဲ့လေပြီ။ သို့တိုင် ပင်းယွင်ကိုတော့ မည်သည့်နေရာတွင်မှ မတွေ့ရသေးပေ။

ထိုအချက်ကြောင့် ဖန်ရှင်းနှင့် အခြားသူများမှာ စတင်၍ စိတ်ပူစ ပြုလာကြလေ၏။

ရန်ကိုင်သည်လည်း ဇဝေဇဝါ ဖြစ်နေခဲ့လေသည်။ ပင်းယွင်သည် သူမ၏ အရင်ခွန်အားကို ပြန်လည်ရရှိပြီးသွားပြီဖြစ်သလို သူမတွင် အဆင့်မြင့် အသွင်တစ်ရာ ဧကရာဇ်ယွမ်ဆေးလုံးများစွာလည်း ရှိနေပေသေးသည်။ ထို့အတွက်ကြောင့် ချီရီအား ရှုံးဖို့ရာ မဖြစ်နိုင်ပေ။

ပင်းယွင်မှ ချီရီအား မြန်မြန်ဆန်ဆန် အနိုင်ယူပြီး သူတို့နှင့် ပြန်ဆုံနိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့ပါသော်ငြား လက်တွေ့မှာ ထင်ထားသလို ဖြစ်မလာခဲ့ပေ။

ချီရီသည် သူထင်ထားသည်ထက်ပင်လျှင် ပို၍ အားကောင်းနေသည့်ပုံပင်။

ပင်းယွင်ပြောပြထားသည့် အတွက်ကြောင့် ထွက်ပေါက်၏တည်နေရာကို ရန်ကိုင် သိထားပေသည်။ ထို့အတွက်ကြောင့် ပင်းယွင် ပြန်မလာသေးသည့်တိုင် အခြားသူများနှင့်အတူ ဤနေရာမှ ထွက်သွားနိုင်ပေသည်။ သို့သော်ငြား ပင်းယွင်သည် ရေခဲနှလုံးသားတောင်ကြား၏ တည်ထောင်သူဖြစ်သလို ရန်ကိုင်နှင့်သူမသည် ကြယ်စီရင်စုတစ်ခုတည်းမှ လာကြခြင်းဖြစ်ပေသည်။ ထို့အတွက်ကြောင့် ဖြစ်သာဖြစ်နိုင်လျှင် သူမအား ဤအတိုင်း မထားခဲ့ချင်ပေ။ ကြယ်တာရာအစုအဝေးထဲသို့ သူမနှင့်အတူ ပြန်သွားချင်မိသည်။

ဤရက်များအတွင်း ရန်ကိုင်သည် သင်္ဘောကုန်းပတ်ပေါ်တွင် ရပ်လျက် ပင်လယ်သားရဲများ၏ တိုက်ခိုက်မှုကို ခုခံရင်း ပင်းယွင်ပြန်လာမည်ကို စောင့်ဆိုင်းနေခဲ့လေသည်။

သို့သော် ငါးရက်ကြာသွားသည့်တိုင် ပင်းယွင်၏ အရိပ်အယောင်ကို မမြင်ရသေးချေ။

ငါးရက်မြောက်နေ့ရောက်ပြီး ညနေပိုင်းလောက်တွင် ရန်ကိုင်သည် သင်္ဘောကုန်းပတ်ပေါ်တွင် ရပ်နေလေ၏။ ထိုစဉ် ဖန်ရှင်းသည် သင်္ဘောဝမ်းတွင်းထဲမှ ပြေးထွက်လာပြီး အော်ခေါ်လိုက်လေ၏။ “ဆေးပညာရှင်ရန်….”

“ဘာဖြစ်လို့လဲ…” ဖန်ရှင်း၏ စိုးရိမ်တကြီး အမူအယာကိုမြင်သော် ရန်ကိုင်ကြောင်သွားခဲ့လေသည်။ ဘာတွေဖြစ်လို့ သူမ ဤမျှ ပျာယာခတ်နေမှန်းကို ရန်ကိုင် နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။

ဖန်ရှင်းက အလျင်စလို ပြောလိုက်လေ၏။ “ဆရာက သူပြဿနာတက်နေတယ်လို့ လှမ်းပြောလာတယ်…”

ထို့နောက်တွင် ဆက်သွယ်ရေးမှော်ရတနာကို ရန်ကိုင့်ဆီသို့ ပေးလိုက်လေ၏။

ဆက်သွယ်ရေးမှော်ရတနာအား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးသည့်နောက်တွင် ရန်ကိုင့်၏အမူအယာ ပြောင်းလဲသွားခဲ့လေသည်။ ထို့နောက် ချက်ချင်း ပျံသန်းထွက်သွားလေ၏။ “ငါသူ့ကို သွားတွေ့လိုက်မယ်…”

လေဟာနယ်နိယာမစွမ်းအားတို့ ဖြာထွက်လာခဲ့ပြီး ရန်ကိုင့်၏ခန္ဓာကိုယ်သည် သင်္ဘောကုန်းပတ်ပေါ်မှ တမုဟုတ်ချည်း ပျောက်ကွယ်သွားခဲ့လေသည်။

ဖန်ရှင်းမှ ရန်ကိုင်နှင့်အတူ လိုက်သွားချင်ပါသော်ငြား သူမ ပါးစပ်မဟရသေးခင်မှာပင် ရန်ကိုင်မှာ ပျောက်ကွယ်သွားခဲ့လေပြီ။

သင်္ဘောမှ မိုင်သုံးထောင်အကွာခန့်တွင် မှိန်ဖျဖျ အလင်းတန်းတစ်ခုသည် ပင်လယ်ပြင်ထက် ပျံသန်းနေခဲ့လေသည်။ ထိုအလင်းတန်းမှာ အချိန်မရွေး ပျောက်ကွယ်သွားတော့မည့်အလား မှိတ်တုတ်မှိတ်တုတ် ဖြစ်နေခဲ့လေ၏။ အလင်းတန်းထဲတွင်တော့ အမျိုးသမီးတစ်ဦး ရှိနေခဲ့လေသည်။ ထိုအမျိုးသမီးမှာ ပင်းယွင်မှလွဲ၍ အခြားမဟုတ်ချေ။

လက်ရှိအချိန်တွင် ပင်ယွင်း၏ပုံစံမှာ အတော်လေးကိုမှ သနားစဖွယ်ကောင်းနေခဲ့သည်။ သူမ၏ နှင်းဖြူရောင် အဝတ်အစားများမှာ သွေးများဖြင့် နီရဲနေသလို သူမ၏မျက်နှာမှာလည်း စက္ကူဖြူတစ်ရွက်နှယ် ဖြူဆွတ်နေခဲ့လေသည်။ သူမကိုယ်ထဲရှိ ချီစွမ်းအင်များသည်ပင်လျှင် ကသောင်းကနင်းဖြစ်နေလေ၏။ ပင်းယွင်သည် မီးစာကုန်တော့မည့် မီးအိမ်တစ်လုံးနှင့် မခြားတော့ချေ။

သူမကဲ့သို့သော ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးသည် ဤကဲ့သို့သော အန္တရာယ်များသည့် အခြေအနေမျိုးနှင့် ကြုံခဲလှပေသည်။ တကယ့်တကယ်ဆိုလျှင် ဧကရာဇ်အဆင့်သို့ ရောက်လာပြီးသည့်နောက် သူမတစ်သက် ဤမျှ ဆိုးဆိုးရွားရွား ဒဏ်ရာ တစ်ခါမှ မရခဲ့ဖူးချေ။ ပင်လယ်ပြင်ထက်တွင် ပျံသန်းနေရသည့် အတွက်ကြောင့် အနားယူပြီး ဒဏ်ရာများကို ပြန်ကုစားနိုင်သည့် နေရာလည်း ရှိမနေခဲ့ချေ။ ပင်လယ်သားရဲများမှာ သွေးနံ့ကို ရပြီး ပင်းယွင်နောက်သို့ အဆက်မပြတ် လိုက်လာနေခဲ့လေသည်။

အချိန်ကြာလာသည်နှင့်အမျှ ပို၍ပို၍ များပြားသော ပင်လယ်သားရဲများ စုဝေးလာကြလေ၏။

ပင်းယွင်မှာ အားတင်း၍ ရှေ့ဆက်သွားရန် ကြိုးစားလိုက်ပါသော်ငြား အနှေးနှင့်အမြန်ဆိုသလို သူမဆက်သွားနိုင်တော့မည် မဟုတ်မှန်း သိလိုက်သော် သူမတပည့်များကို လှမ်း၍ သတင်းပေးပို့လိုက်လေ၏။

သူမကိုယ်ထဲရှိ နောက်ဆုံးလက်ကျန်စွမ်းအင် ကုန်ဆုံးသွားချိန် ပင်းယွင်သည် အထီးကျန်ဆန်သော အမူအယာမျိုးဖြင့် အဝေးတစ်နေရာဆီသို့ လှမ်းမျှော်၍ ကြည့်လိုက်သည်။

ဟုန်းလော့ကြယ်စီရင်စုကြီးထဲမှ ထွက်လာပြီး ကြယ်တာရာအစုအဝေးသို့ ရောက်လာပြီးသည့်နောက်တွင် ပင်းယွင်သည် ကျားကုတ်ကျားခဲ ကြိုးစားကျင့်ကြံခဲ့လေသည်။ ထို့အတွက်ကြောင့်ပင်လျှင် အဆုံး၌ ဧကရာဇ်တတိယအဆင့်သို့ ရောက်လာနိုင်ခဲ့လေ၏။ သို့သော်ငြား ယခုမူ သူမ၏ဘဝမှာ ပင်လယ်သားရဲများ၏အစာ ဖြစ်ရတော့ပေမည်။ ဤကဲ့သို့သော နည်းလမ်းဖြင့် သေသွားရခြင်းမှာ တကယ်ကို ခြောက်ခြားဖွယ် ကောင်းလှသည်။

သို့သော်ငြား ဤကဲ့သို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်နေရသည့်တိုင် ပင်းယွင်မှာ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေသေးသည်။

သူမကိုယ်တစ်ဝိုက်တွင် ရှိနေသော မှိတ်တုတ် မှိတ်တုတ် အလင်းတန်းမှာ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့၏။ ပင်းယွင်မှာ ရှေ့ဆက်၍ မသွားနိုင်တော့ဘဲ သူမ၏ခန္ဓာကိုယ်သည် ယိမ်းထိုး၍ ပင်လယ်ပြင်ထဲသို့ ပြုတ်ကျသွားခဲ့လေသည်။

ပင်းယွင်နောက်မှ တကောက်ကောက်လိုက်လာနေသော ပင်လယ်သားရဲများမှာ သူတို့၏သားကောင် အောက်သို့ ပြုတ်ကျနေသည်ကို မြင်သော် ၎င်းတို့၏ ပါးစပ်ကျယ်ကြီးများကို အဆင်သင့် ဟ ထားလိုက်ကြလေသည်။

ပင်းယွင် ပင်လယ်သားရဲတစ်ကောင်၏ ပါးစပ်ထဲသို့ ရောက်ခါနီးမှာပင်လျှင် ပုံရိပ်တစ်ခု သူမဘေး၌ ပေါ်လာပြီး သူမကို အဝေးတစ်နေရာဆီသို့ ခေါ်ထွက်သွားလေ၏။

ကြည့်လိုက်ရုံဖြင့်ပင်လျှင် ပင်းယွင်၏ အခြေအနေ အတော်လေးကိုမှ ဆိုးရွားနေကြောင်း ရန်ကိုင် သတိပြုမိလိုက်လေသည်။ သူမခန္ဓာကိုယ်၏ အစိတ်အပိုင်းအားလုံးသည် ရေခဲတမျှ အေးစက်နေပြီး တစ်ကိုယ်လုံးမှာလည်း သွေးချင်းနီနေခဲ့လေသည်။

ရန်ကိုင်က မျက်မှောင်ကြုတ်လျက် “ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားရတာလဲ…”

ချီရီနှင့် တိုက်ခိုက်ပြီးသည့်နောက်တွင် ပင်းယွင် ဤမျှ ဆိုးဆိုးရွားရွား ထိခိုက်သွားရလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။ ချီရီ သေသည်ရှင်သည်ကို မသိရသေးသော်ငြား ပင်းယွင်ကမူ ဤကဲ့သို့ ဖြစ်နေခဲ့လေသည်။ ထို့အတွက်ကြောင့် ချီရီသည်လည်း အခြေအနေကောင်းလိမ့်မည်ပုံ မပေါ်။ ချီရီ အသက်ရှင်ဦးမည်ဆိုလျှင်ပင် သူတို့နောက်သို့ ဆက်လိုက်နိုင်တော့လိမ့်မည် မဟုတ်ပေ။

ရန်ကိုင့်၏ လက်မောင်းထဲ ရှိနေစဉ် ပင်းယွင်သည် ခက်ခက်ခဲခဲဖြင့် မျက်လုံးဖွင့်လျက် ရန်ကိုင့်အား ကြည့်လိုက်လေသည်။ ရန်ကိုင် သူမအား ကယ်သွားသည်ကို နားလည်လိုက်သည့်နောက်တွင် ရန်ကိုင့်အား ကျေးဇူးတင်တကြီးဖြင့် ကြည့်လျက် အားနည်းဖျော့တော့စွာ ပြောလိုက်လေ၏။ “ငါ့ဒဏ်ရာတွေကို ပြန်ကုသချင်သေးတယ်… ငါ့ကို အရင်ခေါ်သွားပေးဦး…”

သူမ၏အသံမှာ အလွန်ကိုမှ အားနည်းနေခဲ့လေသည်။

“စီနီယာစိတ်မပူနဲ့… ဒဏ်ရာတွေကိုသာ ပြန်ကုနေလိုက်…” ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ ထို့နောက်တွင် ပင်းယွင်၏ မျက်လုံးလေးများ ပိတ်သွားပြီး သတိလစ်သွားသည်ကို တွေ့ရှိလိုက်ရလေသည်။

ရန်ကိုင်လည်း မျက်မှောင်ကြုတ်လျက် ပင်းယွင်ကိုသယ်ရင်း သင်္ဘောဆီသို့ ပြန်လာခဲ့လေသည်။

ဖန်ရှင်းနှင့် အခြားသူများမှာ သင်္ဘောကုန်းပတ်ပေါ်တွင် စိုးရိမ်တကြီးဖြင့် စောင့်ဆိုင်းနေကြလေသည်။ ရန်ကိုင် သတိလစ်နေသော ပင်းယွင်အား ပြန်သယ်လာသည်ကိုမြင်သော် အကုန်လုံး ထိတ်လန့်ကုန်ကြလေ၏။

ရန်ကိုင်က အလျင်စလို ပြောလိုက်လေသည်။ “စီနီယာ အသက်အန္တရာယ်မရှိသေးဘူး… အရမ်းအားနည်းနေရုံပဲ… သူ့ဒဏ်ရာတွေကို ပြန်ကုလို့ရအောင် ကျုပ် သူ့ကို ဆေးနည်းနည်းတိုက်ထားတယ်… ဂျူနီယာညီမဖန် စီနီယာကို သင်္ဘောဝမ်းတွင်းထဲ ခေါ်သွားလိုက်ပါလား…”

“ဟုတ်ကဲ့…” ဖန်ရှင်းသည် မည်သည့်အပိုစကားမှ ပြောမနေသလို မည်သည့်မေးခွန်းမှလည်း မေးမနေခဲ့ချေ။ ချက်ချင်းပဲ ရန်ကိုင်ပြောသည့်အတိုင်း ပင်းယွင်ကိုခေါ်ကာ သင်္ဘောဝမ်းတွင်းထဲသို့ အမြန်ပြေးထွက်သွားလေ၏။ ရေခဲနှလုံးသားစံအိမ်၏ အခြားသောတပည့်များသည်လည်း သူမနောက်မှ ပြေးလိုက်သွားကြလေသည်။

ထိုလူများ ထွက်သွားပြီးသည့်အခါ လင်းယင်ချင်းသည် ရှေ့သို့တက်၍ မေးလိုက်လေ၏။ “ချီရီကော… သူဘာဖြစ်သွားလဲ…”

ရန်ကိုင်က ခေါင်းခါလျက် “ငါ သူ့ကို မတွေ့ဘူး… ဒါပေမဲ့ စီနီယာပင်းယွင်တောင် အခုလို ဖြစ်သွားတာဆိုတော့ ချီရီလည်း အခြေအနေကောင်းမှာမဟုတ်ဘူး… စိတ်မပူနဲ့ သူ ငါတို့နောက်ကို လိုက်လာနိုင်မှာမဟုတ်ဘူး…”

ထိုစကားကိုကြားသည့်အခါမှသာ လင်းယင်ချင်း သက်ပြင်းချလိုက်နိုင်ပေသည်။

ချီရီသာ သူတို့နောက်သို့ လိုက်လာမည်ဆိုပါက သင်္ဘောပေါ်တွင် ရှိနေသည့် မည်သူမှ သူ့အား တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။ ရန်ကိုင်သည် ပန်းကွမ်အား သတ်နိုင်သည်ဆိုလျှင်ပင် ချီရီနှင့်အတွေ့တွင် မည်သို့မှ ခုခံနိုင်လိမ့်မည်မဟုတ်။ တကယ်တော့ ချီရီသည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးပင် မဟုတ်လေလော။

သင်္ဘောမှာ ဆက်၍ ခုတ်မောင်းသွားလာနေခဲ့လေသည်။ ပင်းယွင် ဆိုးဆိုးရွားရွား ဒဏ်ရာရထားသည့် အတွက်ကြောင့် သင်္ဘောပေါ်ရှိ လူများမှာ ယခင်ကကဲ့သို့ တက်ကြွနေခြင်း မရှိတော့ချေ။ ရေခဲနှလုံးသားစံအိမ်၏ တပည့်များမှာ ပင်းယွင်အား ဂရုစိုက်ပေးရင်း အလုပ်ရှုပ်နေသည့်အတွက်ကြောင့် သင်္ဘောကုန်းပတ်ပေါ်သို့ပင် တက်မလာနိုင်ကြတော့ချေ။

ရန်ကိုင်ကလည်း သူတို့အား သွားမနှောင့်ယှက်ခဲ့။ လက်ရှိတွင် ပင်းယွင်ပြန်ကောင်းရန်မှာ အရေးအကြီးဆုံးဖြစ်ပေသည်။ ပင်းယွင်သည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူမတွင် ဒဏ်ရာများကို လျင်လျင်မြန်မြန် ပြန်လည်ကုစားနိုင်သည့် ပညာရပ်တစ်မျိုးမျိုးတော့ ရှိနေရပေလိမ့်မည်။ ထို့အတွက်ကြောင့် အရမ်းကြီးတော့ စိတ်ပူစရာမလိုခဲ့ချေ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၄၀၅)

သုံးရက်ကြာပြီးသည့်နောက်တွင် ပင်းယွင် ပြန်သတိရလာခဲ့သည်။ သူမ သတိရရခြင်း ပထမဦးဆုံး လုပ်သည့်အရာမှာ ဖန်ရှင်းအား ရန်ကိုင့်ကို လှမ်းခေါ်ခိုင်းခြင်းပင်။

ရန်ကိုင်သည် အခန်းတံခါးကို ခေါက်၍ အခန်းထဲသို့ ဝင်လာခဲ့လေသည်။ ပင်းယွင်သည် ဖြူဖတ်ဖြူလျော်မျက်နှာြဖင့် ကုတင်ပေါ်တွင် တင်ပလင်ခွေ ထိုင်နေခဲ့လေ၏။ ပင်းယွင်သည် သုံးရက်လုံးလုံး သူမ၏ဒဏ်ရာများကို ကုစားနေသည့် အတွက်ကြောင့် ယခုဆိုလျှင် သူမ၏အခြေအနေမှာ ယခင်ထက် အများကြီး ပိုမိုကောင်းမွန် နေခဲ့လေပြီ။ သို့သော်ငြား အပြည့်အဝ ပြန်ကောင်းရန်အတွက်မူ အချိန်လိုအပ်ပေသေးသည်။

ရန်ကိုင် ဝင်လာသည်ကိုမြင်သော် ပင်းယွင်က ပြုံးလျက် လက်ယက်ခေါ်လိုက်လေ၏။ “ဒီကိုလာခဲ့…”

ရန်ကိုင်သည် ကုတင်ဘေးနားသို့ လျှောက်သွားပြီး စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။ “စီနီယာဘယ်လိုနေလဲ…”

“ငါအဆင်ပြေတယ်… ဒါပေမဲ့ ကံကောင်းဖို့တော့ အချိန်နည်းနည်းလိုဦးမယ်… ဒီတစ်ကြိမ်တော့ ငါ နင့်ကို တကယ် ကျေးဇူးတင်တယ် သိလား….”

ရန်ကိုင် အချိန်မီ ရောက်လာသည့်အတွက်ကြောင့်သာ မဟုတ်လျှင် ပင်းယွင်သည် ပင်လယ်သားရဲများ၏အစာ ဖြစ်သွားရပေတော့မည်။ သူမစိတ်ထဲ သေရမည်ဆိုလျှင်ပင် ထိုနည်းလမ်းဖြင့်တော့ မသေချင်ပေ။

ရန်ကိုင်က ခေါင်းခါလျက် ပြန်ပြောလိုက်လေ၏။ “စီနီယာ ကိုယ့်ခွန်အားကိုယ်သုံးပြီးတော့ ပြန်လာနိုင်ခဲ့တာလေ… ဂျူနီယာက ဘာမှ ဒီလောက် လုပ်ပေးလိုက်ရတာမှ မဟုတ်တာ…”

ထို့နောက် စိုးရိမ်တကြီးဖြင့် ထပ်မေးလိုက်လေ၏။ “ချီရီ အသက်ရှင်နေသေးလား…”

ပင်းယွင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေသည်။ “သူသေသွားပြီ…”

ချီရီလည်း အခြေအနေဟန်လိမ့်မည် မဟုတ်မှန်း သိထားသည့်တိုင် ချီရီသေသွားပြီဆိုသည့်အကြောင်းကို ပင်းယွင်မှ အတည်ပြုပေးလိုက်သည့်အခါမှသာ ရန်ကိုင် စိတ်အေးသွားနိုင်ခဲ့သည်။ ချီရီ သေသွားပြီ ဖြစ်သည့်အတွက်ကြောင့် သူတို့အား မည်သူမျှ တားဆီးနိုင်တော့လိမ့်မည် မဟုတ်ချေ။ သူတို့ကြုံရမည့် အတားအဆီးများဆို၍ ပင်လယ်ထဲရှိ အန္တရာယ်များသာ ရှိတော့လေသည်။ သူတို့သာ ထိုအတားအဆီးများကို ဖြတ်ကျော်သွားနိုင်မည်ဆိုပါက ထွက်ပေါက်ဆီသို့ ရောက်နိုင်ပေလိမ့်မည်။

“နင် ဖော်စပ်ပေးထားတဲ့ အသွင်တစ်ရာ ဧကရာဇ်ယွမ်ဆေးလုံးတွေကြောင့် ငါ အဲ့တိုက်ပွဲကို နိုင်သွားခဲ့တာ…” ပင်းယွင်က ရန်ကိုင့်အား ကျေးဇူးတင်တကြီးဖြင့် ကြည့်လျက် “တကယ်တော့ ချီရီရဲ့ ခွန်အားက ငါ့အရင်ခွန်အားနဲ့အတူတူပဲ… သူကျင့်ကြံခြင်းက ဘာမှလျော့ကျသွားတာမဟုတ်ဘူး… နင်ပေးလိုက်တဲ့ ဆေးလုံးတွေကြောင့်သာ မဟုတ်ရင် ငါ သူ့ကို အနိုင်ယူနိုင်ခဲ့မှာမဟုတ်ဘူး… ကျေးဇူးပဲ…”

ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ အသွင်တစ်ရာ ဧကရာဇ်ယွမ်ဆေးလုံးများသည် တိုက်ပွဲရလဒ်ကို အဆုံးအဖြတ်ပေးမည့်အရာများ ဖြစ်နေမည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထိုစဉ်က ထိုဆေးလုံးများကို လိုရမယ်ရ ဖော်စပ်ထားခဲ့ခြင်းသာ ဖြစ်လေသည်။ သို့သော်ငြား ထိုလုပ်ရပ်သည် အမှန်တကယ်ကို မှန်ကန်သွားသည့်ပုံပင်။ ထိုဆေးလုံးများသာ မရှိလျှင် ပင်းယွင်လည်း ပြန်လာနိုင်လိမ့်မည် မဟုတ်ချေ။ သူမအနေဖြင့် ချီရီအား သတ်နိုင်ခဲ့မည်ဆိုလျှင်ပင် သူမကိုယ်တိုင်သည်လည်း ချီရီနှင့်အတူ တစ်ပါတည်း ပျောက်ကွယ်သွားရပေလိမ့်မည်။

“နောက်ရက်နည်းနည်းလောက်အထိတော့ ငါ့ခွန်အားကို ငါမသုံးချင်သေးဘူး… ငါ့ကိုယ်တွင်းဒဏ်ရာတွေက သိပ်ပြီး‌တော့ ပျောက်သေးတာမဟုတ်ဘူး… ဒီတော့ နင် နည်းနည်းလေး ဂရုစိုက်သွား… လုံးဝမလိုအပ်လာဘူးဆိုရင် ငါလုံးဝ လှုပ်ရှားမှာမဟုတ်ဘူး…” ပင်းယွင်က ပြောလိုက်လေသည်။

ရန်ကိုင်က ခေါင်းညိတ်လျက် “စီနီယာစိတ်ပူမနေနဲ့… ဒဏ်ရာတွေကိုသာ ဂရုစိုက်… ကျန်တဲ့ကိစ္စတွေကို ကျုပ် တာဝန်ယူလိုက်မယ်…”

ပင်းယွင်က ပြုံးလျက် “နင်က တကယ်ကို အားကိုးရတာပဲ… အဲ့ဒါဆို ငါနင့်ဆီက သတင်းကောင်းကို စောင့်နေမယ်နော်…”

ပင်းယွင်မှာ သူမ၏ဒဏ်ရာများကို ကုသရဦးမည်ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်လည်း အခန်းထဲတွင် အကြာကြီးမနေခဲ့ဘဲ ခဏမျှ စကားပြောပြီးသည့်နောက် ပြန်ထွက်လာခဲ့လိုက်လေသည်။

နှစ်ရက်ခန့်ကြာပြီးသည့်နောက်တွင် ပင်လယ်ပြင်ထက် ရေပန်းများ စတင် ထွက်ပေါ်လာလေ၏။ ရန်ကိုင်သည် ပင်လယ်ဘုရင်လွန်းပျံကို ထုတ်၍ အကုန်လုံးအား ထိုထဲသို့ ထည့်လိုက်လေသည်။

သူတို့သာ ဤဟင်းလင်းပြင်ကမ္ဘာကြီးထဲမှ ထွက်သွားချင်သည်ဆိုပါက ပင်လယ်ဘုရင်လွန်းပျံသည် အခရာဖြစ်လာပေလိမ့်မည်။ ထိုအရာမရှိဘဲနှင့် ထွက်ပေါက်ဆီသို့ ရောက်နိုင်လိမ့်မည် မဟုတ်ချေ။

ရန်ကိုင်သည် ပင်လယ်ဘုရင်လွန်းပျံအား သန့်စင်ထားပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ပင်လယ်ဘုရင်လွန်းပျံအား ကောင်းကောင်း ထိန်းချုပ်နိုင်ပေသည်။ သူတို့စီးလာခဲ့သည့် သင်္ဘောနှင့်မတူသည်မှာ ပင်လယ်ဘုရင်လွန်းပျံသည် ရေအောက်ထဲတွင် သွားလာနိုင်ခြင်းပင်။ ထို့အတွက်ကြောင့် ရေပေါ်တွေရှိနေသော အားကောင်းသည့် ရေပန်းများကို ရှောင်ရှားနိုင်ခဲ့လေသည်။

ပင်လယ်ဘုရင်လွန်းပျံသွားသည့်နှုန်းမှာ မနှေးလှပေ။ သူတို့စီးလာသည့် သင်္ဘောထက်ပင်လျှင် အနည်းငယ် ပိုမြန်သေး၏။ ဆန်းတဲ့၏ဆရာသည် ပင်လယ်ဘုရင်လွန်းပျံကို ဖန်တီးရာ၌ အလွန်ကိုမှ အားစိုက်ထုတ်ခဲ့လေသည်။ ပင်လယ်ဘုရင်လွန်းပျံပေါ်တွင် မရေမတွက်နိုင်သော အစီအရင်များကို ခင်းကျင်းထားခဲ့၏။ ထို့အတွက်ကြောင့် ရေအောက်ထဲတွင် သွားနေရသည့်တိုင် အလွယ်တကူ ရှေ့ဆက်သွားနိုင်ခဲ့လေသည်။ လွန်းပျံထဲရှိလူများမှာတော့ ရေနက်ရှူခင်းများကို ခံစားကြည့်ရှုနေနိုင်ခဲ့လေသည်။ သို့သော်ငြား ပင်လယ်ရေအောက်မှာ အတော်လေးကိုမှ မှောင်နေသည့်အတွက်ကြောင့် ခပ်ဝေးဝေးသို့ မမြင်နိုင်ခဲ့ပေ။

အရောင်မျိုးစုံ အရွယ်အစားမျိုးစုံရှိသော ငါးများနှင့် ပင်လယ်သားရဲများကို ကြည့်ရင်း လွန်းပျံပေါ်ရှိလူများ အံ့အားသင့်နေကြလေသည်။ လင်းယင်ချင်းနှင့် သူမတို့အဖွဲ့သားများမှာ ပင်လယ်ထဲသို့ ခေါက်တုံ့ခေါက်ပြန် သွားလာခဲ့ဖူးကြသော်ငြား ယခုမှသာလျှင် ရေအောက်ရှုခင်းကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည့်အတွက်ကြောင့် အကုန်လုံးမှာ အတော်လေးကိုမှ စိတ်ဝင်စားနေကြလေသည်။

လမ်းတစ်လျှောက်တွင် မည်သည့်အန္တရာယ်နှင့်မှ သူတို့ မကြုံတွေ့ခဲ့ရပေ။ ရံဖန်ရံခါ ပြဿနာလာရှာကြသည့် ပင်လယ်သားရဲများနှင့် ကြုံခဲ့ရပါသော်ငြား ထိုပင်လယ်သားရဲများကို ပင်လယ်ဘုရင်လွန်းပျံတွင် တပ်ဆင်ထားသော သလင်းအမြှောက်ဖြင့် ရှင်းပစ်နိုင်ခဲ့လေသည်။ သလင်းအမြှောက်၏စွမ်းအားမှာ အတော်လေးကိုမှ မြင့်မားလှပါသော်ငြား ၎င်း၏ စွမ်းအင်သုံးစွဲနှုန်းမှာလည်း အတော်လေးကိုမှ မြင့်မားပေသည်။ သလင်းအမြှောက်အား တစ်ကြိမ်ပစ်ရန်အတွက် အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက်တစ်သောင်း ကုန်ကျပေသည်။ ကံကောင်းစွာဖြင့် ရန်ကိုင့်တွင် အရင်းအမြစ်ကျောက်များ ပေါပေါသောသော‌ ရှိနေခဲ့လေသည်။ ထို့အတွက်ကြောင့် သလင်းအမြှောက်အား ထိန်းချုပ်နေသော ကျောင်းရီမှာ သူစိတ်ရှိတိုင်း အမြှောက်ဆံများကို တစ်လုံးပြီးတစ်လုံး ပစ်လွှတ်နေနိုင်ခဲ့လေသည်။ သင်္ဘောနားသို့ ကပ်လာသည့် ပင်လယ်သားရဲအားလုံးမှာ ထိုသလင်းအမြှောက်စာ မိသွားကြကုန်လေသည်။ အားနည်းသည့် ပင်လယ်သားရဲများဆိုလျှင်တော့ တစ်ခါတည်း တစ်စစီ ဖြစ်ကုန်ကြလေ၏။ အရိုးအသားပင် မကျန်ခဲ့ပေ။ အားကောင်းသည့် ပင်လယ်သားရဲများပင်လျှင် အမြီးကုပ်ကာ ထွက်ပြေးကြရသည်။ ထို့အတွက်ကြောင့် သူတို့၏လမ်းစဉ်မှာ အတော်လေးကိုမှ ဖြောင့်ဖြူးနေတော့လေသည်။

ပင်လယ်ရေအောက်ထဲ တစ်လခန့် ကြာအောင် သွားလာနေပြီးသည့်နောက်တွင်ပင်လျှင် ထွက်ပေါက်ဆီသို့ မရောက်သေးသည့် အတွက်ကြောင့် သင်္ဘောပေါ်ရှိလူများမှာ စတင်၍ စိုးရိမ်လာကြတော့လေသည်။

တစ်နေ့ ပင်လယ်ရေအောက်ထဲ သွားလာနေစဉ်အတောအတွင်း ရန်ကိုင် အက်သံတစ်သံကို ကြားလိုက်ရလေသည်။ ထို့အတွက်ကြောင့် ထိတ်လန့်သွားပြီး ကောင်းကင်စိတ်အာရုံကို ကမန်းကတန်း ဖြန့်ကျက်လိုက်လေ၏။

လင်းယင်ချင်း၏ အမူအယာမှာလည်း ပြောင်းလဲသွားခဲ့ပြီး အလျင်စလို မေးလိုက်လေသည်။ “စီနီယာအစ်ကိုရန်… ပင်လယ်ဘုရင်လွန်းပျံ အက်သွားတာလား…”

ရန်ကိုင့်၏အမူအယာ မှောင်ကုပ်သွားခဲ့လေ၏။ “သင်္ဘောကိုယ်ထည်ပေါ်မှာ အက်ရာတစ်ခုရှိနေတယ်…”

လင်းယင်ချင်း ကြောင်သွားခဲ့လေသည်။ “ကျွန်မတို့ ဘာလုပ်ကြမလဲ… ပင်လယ်ဘုရင်လွန်းပျံသာ ပျက်စီးသွားရင် ကျွန်မတို့ ဘယ်ကိုမှ ထွက်ပြေးလို့ရမှာမဟုတ်ဘူး…”

သူတို့သည် ပင်လယ်ရေအောက်ထဲတွင် ရှိနေခြင်းဖြစ်ပေသည်။ ပင်လယ်ဘုရင်လွန်းပျံသာ ပျက်စီးသွားမည်ဆိုပါက ရေမျက်နှာပြင်ပေါ်သို့ ရောက်ဖို့ရာကို မေ့ထားလိုက်ရတော့ပေမည်။ ကံကောင်းထောက်မ၍ ရေမျက်နှာပြင်ပေါ်သို့ ရောက်နိုင်ခဲ့မည်ဆိုလျှင်ပင် ရေမျက်နှာပြင်ပေါ်၌ ရှိနေသော မရေမတွက်နိုင်အောင် များပြားလှသည့် ရေပန်းများသည် သူတို့အား တစ်စစီ ဆုတ်ဖြဲပစ်သွားပေလိမ့်မည်။ ဧကရာဇ်တတိယအဆင့် ကျင့်ကြံသူတစ်ဦးသည်ပင်လျှင် ထိုရေပန်းများကို မဖြတ်ကျော်နိုင်လေရာ တာအိုသခင်အဆင့်သာ ရှိသေးသော သူတို့ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။

“စိတ်မပူနဲ့… လွန်းပျံက ထိန်းထားလို့ရသေးတယ်…” ရန်ကိုင်ကသည် လင်းယင်ချင်းကို နှစ်သိမ့်ပေးလိုက်လေ၏။ သို့သော်ငြား သူ့စိတ်ထဲတွင်တော့ အတော်လေးကို စိတ်ပူနေမိလေသည်။ ပင်လယ်ဘုရင်လွန်းပျံကို ဆောက်သည့်လူမှာ သူမဟုတ်သည့်အတွက်ကြောင့် ဤလွန်းပျံမည်မျှ ခံနိုင်မလဲဆိုသည်ကို ရန်ကိုင် မပြောတတ်ချေ။

“ထွက်ပေါက်ရောက်ဖို့ ဘယ်လောက်လိုသေးလဲ..” လင်းယင်ချင်းက မေးလိုက်လေသည်။

“သိပ်တော့မသေချာပေမဲ့ နီးတော့နီးနေပြီ…” ရန်ကိုင်သည် အစီအရင်ပေါ်ရှိ ပုံရိပ်များကို ညွှန်ပြရင်းမှ ပြောလိုက်လေ၏။ “မနေ့ကစပြီး ငါတို့တွေ့ရတဲ့ ပင်လယ်သားရဲအရေအတွက်က တဖြည်းဖြည်းနဲ့ နည်းနည်းသွားတယ်… အရင်နှစ်နာရီတုန်းကဆို ငါ ပင်လယ်သားရဲတစ်ကောင်ကိုတောင်မှ မတွေ့ရတော့ဘူး… ပြီးတော့ ငါတို့ခံစားနေရတဲ့ ဖိအားကလည်း ပိုပိုပြီးတော့ အားကောင်းလာတယ်… ငါတွေးရသလောက်တော့ ဒီနားမှာ ပုံမှန်မဟုတ်တဲ့ ရေစီးကြောင်းတစ်ခု ရှိနေတဲ့ပုံပဲ… ငါတို့သာ အဲ့ရေစီးကြောင်းအတိုင်း လိုက်သွားလို့ရှိရင် ထွက်ပေါက်ဆီကို ရောက်လောက်တယ်…”

လင်းယင်ချင်းက ရန်ကိုင့်ကိုကြည့်၍ ပြောလိုက်လေသည်။ “ဘယ်လောက်သေချာလဲ…”

“ခုနှစ်ဆယ်ရာခိုင်နှုန်းလောက်သေချာတယ်….” ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြောလိုက်လေသည်။

လင်းယင်ချင်းသည် ခေါင်းညိတ်ပြလိုက်ပြီး မည်သည့်မေးခွန်းမှ ထပ်မေးမနေတော့ချေ။ သွားမေးနေလည်း အပိုသာ ဖြစ်လိမ့်မည်မှန်း သူမသိထားသည်။ သူမလုပ်နိုင်သည့် အရာဆို၍ ထွက်ပေါက်သို့ မရောက်ခင်အထိ ပင်လယ်ဘုရင်လွန်းပျံ တောင့်ခံနိုင်ပါစေဟု ဆုတောင်းရုံသာ ရှိတော့လေသည်။

သူတို့ပြောနေသည်ကို နားထောင်ရင်းမှ သူတို့၏လက်ရှိအခြေအနေကို အခြားသူများလည်း နားလည်သွားခဲ့ကြလေသည်။ ချက်ချင်းဆိုသလို လွန်းပျံထဲရှိ အခြေအနေမှာ တမုဟုတ်ချည်း ပြောင်းလဲသွားတော့လေသည်။ မူလက ဝမ်းသာအားရ ဖြစ်နေကြသော ကျင့်ကြံသူများမှာ စတင်၍ စိုးရိမ်လာကြတော့လေသည်။

ရန်ကိုင်သည် ပင်လယ်ဘုရင်လွန်းပျံကို ထိန်းကြောင်းရင်း ရေစီးကြောင်းအတိုင်း လိုက်ပါမောင်းနှင်သွားလေသည်။

နေ့တစ်ဝက်ခန့် ကြာပြီးသည့်နောက် လွန်းပျံထက် နောက်ထပ် အက်ရာတစ်ခု ထပ်မံထွက်ပေါ်လာခဲ့လေ၏။ ထို့အတွက်ကြောင့် အကုန်လုံးမှာ ပို၍ပင် ထိတ်လန့်လာကုန်ကြလေသည်။

ပင်လယ်ဘုရင်လွန်းပျံ ရှေ့ဆက်သွားနေစဉ်အတောအတွင်း ရေစီးကြောင်းများမှာ ပိုပို၍ ကြမ်းတမ်းလာခဲ့လေသည်။ သူတို့အပေါ်သို့ ဖိချနေသည့် ရေဖိအားမှာလည်း ပိုပို၍ မြင့်မားလာ၏။ ထို့အတွက်ကြောင့် သင်္ဘောမှာ အဆက်မပြတ် အသံတကျွီကျွီ ထွက်နေတော့လေသည်။

ရန်ကိုင့်၏စိတ်သည် ပင်လယ်ဘုရင်လွန်းပျံနှင့် ဆက်နေသည့် အတွက်ကြောင့် လွန်းပျံ၏အခြေအနေကို အခြားသူများထက် သူပိုသိပေသည်။ ဤနှုန်းအတိုင်းသာ ဆက်သွားမည်ဆိုပါက လွန်းပျံသည် နောက်ထပ် နေ့တစ်ဝက်လောက်သာ ခံပေတော့မည်။ နေ့တစ်ဝက်ကြာပြီးသည်နှင့် လွန်းပျံ ပျက်စီးသွားရပေလိမ့်မည်။ သူ့စိတ်ထဲတွင်လည်း ဆန်းတဲ့၏ဆရာကို ကြိတ်၍ အော်ဆဲနေမိလေသည်။ ထိုသက်ကြားအိုကြီးသည် လွန်းပျံကို တည်ဆောက်ရာတွင် အစွမ်းကုန် အားမထုတ်ခဲ့ချေ။ ထို့အတွက်ကြောင့် ချို့ယွင်းနေသည့် ပစ္စည်းတစ်ခုသာ ထွက်လာခဲ့ရလေသည်။ ယခုမူ ထိုပစ္စည်းကို သုံးရင်း သူတို့ ငါးပါးမှောက်ကြရပေတော့မည်။

သို့ရာတွင် ယခုအချိန်မှ ပြန်လှည့်ချင်သည်ဆိုပါက လှည့်လို့ရတော့လိမ့်မည် မဟုတ်ချေ။ ထို့အတွက်ကြောင့် ရန်ကိုင်သည် ပင်လယ်ဘုရင်လွန်းပျံအား အရှိန်ကုန်တင်၍ မောင်းနှင်ရေးတွင်သာ အာရုံစိုက်ထားလိုက်လေ၏။

နေ့တစ်ဝက်ခန့် ကြာပြီးသည့်နောက် လွန်းပျံဘေးတစ်လျှောက် စီးဆင်းနေသော ရေစီးကြောင်းများကို သေချာစိုက်ကြည့်နေရင်း ရန်ကိုင့်၏ခန္ဓာကိုယ် တုန်တက်သွားခဲ့လေသည်။ ထို့နောက်တွင် အစီအရင်ပေါ်၌ ပေါ်လာသည့် ပုံရိပ်ကို ကြည့်ရင်းမှ အော်ပြောလိုက်လေ၏။ “ငါတို့ရောက်ပြီ…”

ရန်ကိုင့်၏စကားကိုကြားသော် အကုန်လုံး အစီအရင်ပေါ်တွင် ရှိနေသော ပုံရိပ်ဆီသို့ လှမ်းကြည့်လိုက်ကြလေသည်။ ထိုနေရာတွင် တဝဲဝဲလည်လည် လည်ပတ်နေသော ဧရာမဝဲကတော့ကြီးတစ်ခု ရှိနေခဲ့လေသည်။ ထိုဝဲကတော့ကြီးသည် ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးကို ဝါးမျိုပစ်နိုင်သည့်အလား ဝဲကတော့အား ကြည့်နေရုံဖြင့်ပင်လျှင် အကုန်လုံးမှာ အသက်ရှူကြပ်လာခဲ့လေသည်။ သူတို့သာ ထိုဝဲကတော့ထဲသို့ ပြေးဝင်သွားမည်ဆိုပါက အရိုးတစ်ခြား အသားတစ်ခြား ဖြစ်သွားလောက်ပေသည်။

“စီနီယာအစ်ကိုရန်… အဲ့ဒါ တကယ်ကြီးထွက်ပေါက်လား…” လင်းယင်ချင်း၏ မျက်နှာ ဖြူလျော်သွားခဲ့လေသည်။

ရန်ကိုင်သည် ဘာမျှပြန်မပြောဘဲ ပင်းယွင်ကိုသာ လှမ်းကြည့်လိုက်လေသည်။

ပင်းယွင်သည် ထွက်ပေါက်ဆီသို့ ရောက်ပြီဟု ကြားကတည်းက အပြင်သို့ ထွက်လာခဲ့ခြင်း ဖြစ်လေသည်။

ပင်းယွင်က ခေါင်းညိတ်လိုက်လေ၏။ “ဟုတ်တယ်… ထွက်ပေါက်ပဲ… ငါတို့သာ အဲ့ထဲဝင်သွားတာနဲ့ ဒီဟင်းလင်းပြင်ကမ္ဘာထဲကနေ ထွက်သွားလို့ရပြီ…”

ပင်းယွင်၏ ယုံကြည်ချက်ရှိနေသည့် အမူအယာကို မြင်သည့်အခါမှသာ အကုန်လုံး စိတ်သက်သာရာ ရသွားကုန်ကြလေသည်။ ပင်းယွင် ထိုအကြောင်းကို မည်သည့်နေရာမှ သိလာသလဲဆိုသည်ကို သူတို့မသိကြသော်ငြား သူမသည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူတို့အား လိမ်လိမ့်မည်မဟုတ်ချေ။

“အဲ့ဝဲကတော့ထဲကနေ ဟင်းလင်းပြင်စွမ်းအားတွေ ဖြာထွက်နေတာကို ကျုပ်ခံစားမိတယ်…” ရန်ကိုင်က ထပ်ပြောလိုက်လေသည်။

ရန်ကိုင်သည် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည့် အတွက်ကြောင့် အခြားသူများနှင့်စာလျှင် ဟင်းလင်းပြင်နိယာမစွမ်းအားကို ပို၍ အာရုံခံနိုင်ပေသည်။ ဝဲကတော့ကြီး၏ အတွင်းပိုင်းသည် အခြားသော ဟင်းလင်းပြင်တစ်ခုနှင့် ဆက်သွယ်နေခဲ့လေသည်။ ထို့အတွက်ကြောင့်ပင်လျှင် သူ့ကောင်းကင်စိတ်အာရုံဖြင့် ဝဲကတော့အတွင်းပိုင်းထဲရှိ အခြေအနေကို မစစ်ဆေးနိုင်ခြင်းပင်။

“မကြာခင် ငါတို့ အခြားတစ်ဖက်ဆီကို ရောက်သွားလိမ့်မယ်… ဘယ်နေရာရောက်မလဲတော့ ငါမပြောတတ်ဘူး… အန္တရာယ်များတဲ့ နေရာလည်း ဖြစ်နိုင်သလို ဘာအန္တရာယ်မှ မရှိတဲ့ နေရာလည်း ဖြစ်နိုင်တယ်… ဒီတော့ ပြင်ဆင်ထားတာအကောင်းဆုံးပဲ…” ပင်းယွင်က သတိပေးလိုက်လေသည်။

“ဟုတ်ကဲ့…” လျို့ရှန်းယွင်နှင့် အခြားသူအားလုံး ခေါင်းညိတ်လိုက်ကြလေ၏။

“ခရက်…”

ထိုစဉ် အက်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ထိုအသံကိုကြားသော် အကုန်လုံး၏မျက်နှာ ဖြူလျော်သွားခဲ့လေ၏။

ရန်ကိုင်က အလျင်စလို အော်ပြောလိုက်လေ၏။ “မကောင်းတော့ဘူး… ပင်လယ်ဘုရင်လွန်းပျံ ပျက်စီးတော့မယ်…”

ထိုအချိန်အတောအတွင်း ရန်ကိုင်သည် ပင်လယ်ဘုရင်လွန်းပျံအား အတတ်နိုင်ဆုံး ထိန်းချုပ်၍ ဝဲကတော့ထဲသို့ မောင်းနှင်လိုက်လေသည်။

ဝဲကတော့အနီးသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ပင်လယ်ဘုရင်လွန်းပျံမှာ စတင်၍ လျင်မြန်စွာ လည်ပတ်လာတော့လေသည်။ ဆန်းတဲ့၏ဆရာ သူ့တစ်ဘဝလုံး အချိန်ကုန်ခံ၍ ဖန်တီးခဲ့သော မှော်ရတနာသည် တစ်ခဏအတွင်းမှာပင်လျှင် တစ်စစီ ဖြစ်သွားခဲ့လေ၏။ ရန်ကိုင်နှင့် ပင်လယ်ဘုရင်လွန်းပျံကြားရှိ စိတ်ချင်းဆက်သွယ်ချက်မှာလည်း ပျောက်ကွယ်သွားခဲ့လေသည်။

ဖန်ရှင်းနှင့် အခြားသူများ၏ ကြောက်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာခဲ့လေသည်။ ထိုအခိုက်အတန့်မှာပင်လျှင် အားကောင်းသော စွမ်းအင်လှိုင်းများ ဖြာထွက်လာခဲ့ပြီး အကုန်လုံးအား ကြမ်းတမ်းလှသည့် ရေစီးကြောင်းများမှ ကာကွယ်ပေးသွားခဲ့လေသည်။ လှမ်းကြည့်လိုက်ရာ ပင်းယွင်သည် သူမ၏ ဧကရာဇ်ချီကို သုံး၍ အကုန်လုံး ကာကွယ်ပေးရင်းမှ ဝဲကတော့ထဲသို့ ဆင်းသွားနေကြောင်းကို ရန်ကိုင် တွေ့ရှိလိုက်ရ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၄၀၆)

ကြယ်တာရာအစုအဝေးထဲရှိ တစ်ခုသောနေရာတွင် ဧရာမဝဲကတော့ကြီးတစ်ခုသည် ပင်လယ်ပြင်ထက်ပေါ်လာခဲ့လေ၏။

ထိုဝဲကတော့ကြီးသည် ဗြုန်းစားကြီး ပေါ်လာခဲ့ခြင်း ဖြစ်လေသည်။ ဝဲကတော့ကြီး ပေါ်လာသည်နှင့် တစ်ပြိုင်နက် မိုင်တစ်ရာအတွင်းတွင် ရှိနေသော ရေအားလုံး ဝဲကတော့ထဲသို့ စီးဝင်ကုန်ကြလေ၏။ ထိုဝဲကတော့ကြီးကြောင့် အနီးအနားတစ်ဝိုက်တွင် ရှိနေသော ပင်လယ်သားရဲအားလုံးမှာ ကြောက်လန့်တကြားဖြင့် အဘက်ဘက်သို့ ထွက်ပြေးသွားကုန်ကြလေသည်။

ချက်ချင်းဆိုသလို ဝဲကတော့ထဲမှ တစ်စုံတစ်ခု ပျံထွက်လာခဲ့ပြီး အဘက်ဘက်သို့ လွင့်စင်ထွက်သွားလေ၏။ ထိုအရာမှာ အခြားမဟုတ် ကျင့်ကြံသူတစ်အုပ်သာ ဖြစ်လေသည်။ အကုန်လုံးမှာ ကပ်ဘေးတစ်ခုခုကို ကျော်လွှားလာရသည့်အလား သူတို့၏မျက်နှာများမှာ သွေးမရှိတော့သည့်နှယ် ဖြူလျော်နေကြသည်။

ဝဲကတော့ထဲမှ ထွက်လာပြီးသည့်နောက်တွင် အကုန်လုံးသည် နားမလည်နိုင်ဟန်ဖြင့် ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်ကြလေသည်။

ထိုအဖွဲ့မှာ ဟင်းလင်းပြင်ကမ္ဘာထဲမှ ယခုလေးတင် ထွက်လာခဲ့ကြသည့် ရန်ကိုင်တို့အဖွဲ့မှလွဲ၍ အခြားမဟုတ်ကြပေ။ ပင်လယ်ဘုရင်လွန်းပျံ ပျက်စီးသွားသည့်နောက်တွင် ပင်းယွင်သည် သူမ၏ ဧကရာဇ်ချီကိုသုံး၍ အကုန်လုံးအား ပင်လယ်ရေစီးကြောင်းမှ ကာကွယ်ပေးခဲ့လေသည်။ သူမကြောင့်သာမဟုတ်လျှင် သူတို့တစ်ဖွဲ့လုံးနီးပါး သေသွားရနိုင်၏။

“အဟွတ်…” ပင်းယွင်သည် ရုတ်တရက် သွေးတစ်ပွက် ထိုးအန်လိုက်ရလေသည်။ ဧကရာဇ်ချီကို အတင်းအကြပ် အသုံးပြုလိုက်သည့်အတွက်ကြောင့် သူမ ယခင်ရထားသည့် ဒဏ်ရာများ ပို၍ အခြေအနေဆိုးရွားသွားခဲ့ရသည်။

ထိုအချင်းအရာကိုမြင်သော် ဖန်ရှင်းနှင့် အခြားသူများ၏မျက်နှာ ဖြူလျော်သွားခဲ့ပြီး ပင်းယွင်အား အလျင်စလို လာစစ်ဆေးကြလေ၏။

ရန်ကိုင်သည်လည်း ပင်းယွင်ဆီသို့ အမြန်ပြေးလာလျက် စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။ “စီနီယာ အခြေအနေဘယ်လိုလဲ…”

ပင်းယွင်သည် မည်သည့်စကားမှ ပြန်မပြောဘဲ သူမလက်ကိုသာ ဝှေ့ယမ်းပြလိုက်လေသည်။ ထို့နောက်လေထဲတွင်ပင် တင်ပလင်ခွေထိုင်ချလျက် လက်ကွက်များကို စတင် ဖန်တီးတော့လေသည်။

ပင်းယွင် သူမ၏ ဒဏ်ရာများအား ပြန်ကုနေသည်ကိုမြင်သော် ရန်ကိုင်က ပြောလိုက်လေ၏။ “နင်တို့အားလုံး ဒီဘေးပတ်ဝန်းကျင်ကို တစ်ချက်စောင့်ကြည့်ထားလိုက်… ဘယ်သူမှ စီနီယာကို လာမနှောင့်ယှက်စေနဲ့…”

ထိုစကားကိုကြားသော် အကုန်လုံး ပင်းယွင်ဘေးနားမှ အလျှိုလျှို ထွက်သွားကြလေသည်။

“စီနီယာအစ်ကို… ကျွန်မတို့ တကယ်ကြီး လွတ်လာတာလား…” လျို့ရှန်းယွင်က မသေချာ မရေရာသည့် အမူအယာဖြင့် မေးလိုက်လေသည်။ သူမတို့ ဘေးပတ်လည်တွင် ပင်လယ်ပြင်ကြီးသာ ရှိနေသဖြင့် ဤနေရာသည် ကြယ်တာရာအစုအဝေးလော ဟင်းလင်းပြင်ကမ္ဘာလော မပြောတတ်နိုင်အောင် ဖြစ်နေခဲ့လေသည်။ သူတို့သာ မလွတ်မြောက်ခဲ့ပါက သူတို့လက်ကျန်တစ်ဘဝလုံးအား ဟင်းလင်းပြင်လောကကြီးထဲတွင်သာ ကုန်ဆုံးရပေတော့မည်။

ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ သူသည်လည်း ထိုကိစ္စနှင့် ပတ်သက်၍ သိပ်မသေချာဖြစ်နေခဲ့သည်။ လက်ရှိ ရှိနေသည့် နေရာသည် ဟင်းလင်းပြင်ကမ္ဘာလော ထိုသို့မဟုတ်ဘဲ ကြယ်တာရာအစုအဝေးလော။ သို့သော်ငြား မကြာခင် သူ့ကိုယ်ထဲရှိ အရင်းအမြစ်ချီကို လှည့်ပတ်၍ မိုးမြေစွမ်းအင်ကို စုပ်ယူကြည့်လိုက်လေသည်။ မိုးမြေစွမ်းအင်အား အောင်မြင်စွာ စုပ်ယူလိုက်နိုင်သည်ကို တွေ့ရှိလိုက်ရသော် ဝမ်းသာအားရဖြင့် ပြောလိုက်လေ၏။ “ဒါ ကြယ်တာရာအစုအဝေးပဲ… ဟင်းလင်းပြင်လောကကြီးမဟုတ်ဘူး…”

ထိုစကားကိုကြားသော် လျို့ရှန်းယွင်၏မျက်လုံးလေးများ တဖျတ်ဖျတ် တောက်ပသွားခဲ့လေသည်။

ရန်ကိုင်က ပြုံးလျက် ပြောလိုက်လေ၏။ “ဒီနေရာက မိုးမြေစွမ်းအင်က ဟင်းလင်းပြင်လောကထဲက မိုးမြေစွမ်းအင်လောက် မသိပ်သည်းဘူး… ဒါပေမဲ့ မိုးမြေစွမ်းအင်ထဲမှာ ဘာအဖျက်စွမ်းအားမှမရှိဘူး…”

ဟင်းလင်းပြင်လောကထဲတွင်သာဆိုပါက မည်သည့်နေရာသို့ သွားစေကာမူ သူတို့စုပ်ယူလိုက်သည့် မိုးမြေစွမ်းအင်တိုင်းတွင် အဖျက်စွမ်းအားများ ပါဝင်နေပေလိမ့်မည်။ သို့သော်ငြား ရန်ကိုင်သည် လက်ရှိ သူ့ပတ်ဝန်းကျင်၌ ရှိနေသော မိုးမြေစွမ်းအင်များကို အလွယ်တကူ စုပ်ယူနိုင်ပေသည်။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် သူတို့အားလုံး ဟင်းလင်းပြင်လောကကြီးထဲမှ ထွက်လာနိုင်ပြီမှန်း ရန်ကိုင်သိလိုက်လေသည်။

“ကျွန်မတို့ တကယ်ကြီး လွတ်လာတာလား…” လျို့ရှန်းယွင် ပျော်သွားခဲ့လေသည်။

ရန်ကိုင်တို့ပြောနေသည်ကို ကြားလိုက်သည့်အခါ လင်းယင်ချင်းနှင့် သူမတို့အဖွဲ့သားများမှာလည်း မင်သက်သွားခဲ့ကြလေသည်။

ဟင်းလင်းပြင်လောကကြီးထဲတွင် အချိန်အလွန်ကြာအောင် နေလာခဲ့ရပြီးသည့်နောက် ကြယ်တာရာအစုအဝေးသို့ ပြန်လာနိုင်မည့် သူမတို့၏မျှော်လင့်ချက်မှာ ပျောက်ဆုံးသွားခဲ့ရလေသည်။ သို့သော်ငြား ယခုမူ ထိုမဖြစ်နိုင်သည့် အိပ်မက်တစ်ခုမှာ အမှန်တကယ် အသက်ဝင်လာခဲ့လေပြီ။

ထို့အတွက်ကြောင့် သူတို့အားလုံးမှာ အလွန်ကိုမှ စိတ်လှုပ်ရှားသွားကြလေရာ ခန္ဓာကိုယ်များပင်လျှင် တုန်ရီလာခဲ့ရလေသည်။

“ဒါက ဟင်းလင်းပြင်ကမ္ဘာမဟုတ်ဘူးဆိုရင် ဘယ်နေရာကြီးလဲ…” လျို့ရှန်းယွင်က မေးလိုက်ပြန်လေသည်။

ရန်ကိုင်က စဉ်းစဉ်းစားစားဖြင့် ပြန်ပြောလိုက်လေ၏။ “ကြယ်တာရာအစုအဝေးရဲ့ နယ်မြေကြီးလေးခုထဲမှာ အနောက်ဘက်နယ်မြေကလွဲလို့ ကျန်တဲ့နယ်မြေတိုင်းမှာ ပင်လယ်ကြီးတွေရှိတယ်… ဒါပေမဲ့ ငါခန့်မှန်းရမယ်ဆိုရင်တော့ ငါတို့ အခု ရောက်နေတာ မြောက်ဘက်နယ်မြေနဲ့တူတယ်…”

“စီနီယာအစ်ကို ဘာလို့ အဲ့လိုပြောတာလဲ…” လျို့ရှန်းယွင်သည် ရန်ကိုင့်အား နားမလည်နိုင်ဟန်ဖြင့် ကြည့်လျက် မေးလိုက်လေသည်။

ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ဒီနေရာက ထူးထူးခြားခြားကြီးကို အေးစက်နေတာကို နင်သတိမထားမိဘူးလား… အရှေ့ဘက်နဲ့ တောင်ဘက်နယ်မြေတွေမှာ အခုလိုမျိုး အေးလွန်းတဲ့နေရာဆိုလို့ နည်းနည်းလေးပဲ ရှိတယ်… မြောက်ဘက်နယ်မြေတစ်ခုပဲ တစ်နှစ်ပတ်လုံး နှင်းတွေဖုံးလွှမ်းနေတာ… အဲ့တာကြောင့်ပဲ ဒီလိုရာသီဥတုမျိုးက မြောက်ဘက်နယ်မြေမှာပဲ ရှိတယ်လို့ ပြောလို့ရတယ်…”

ထိုအရာမှာ ရန်ကိုင့်၏ ခန့်မှန်းချက်သက်သက်သာ ဖြစ်သော်ငြား သူ့ခန့်မှန်းချက် မှန်ကန်နေလိမ့်မည်ဟု ရန်ကိုင် ယုံကြည်ပေသည်။

ရွက်တစ်ထောင်ဂိုဏ်းမှ ထွက်လာပြီးသည့်နောက်တွင် ယင်လဲ့ရှန်းကိုရှာ၍ ရှောင်ရှောင်အကြောင်းမေးရန်အတွက် အရှေ့ဘက်နယ်မြေထဲရှိ မရဏဂိုဏ်းဆီသို့ ထွက်လာခဲ့လေသည်။ သို့သော်ငြား မရဏဂိုဏ်းဆီသို့ မရောက်ခဲ့ဘဲ မြောက်ဘက်နယ်မြေဆီသို့သာ ရောက်လာခဲ့ရလေ၏။ အနာဂတ်ကား ခန့်မှန်းရ အလွန်ခက်ခဲလှပေသည်။

“စီနီယာအစ်ကိုရန်… ဒါက မြောက်ဘက်နယ်မြေလို့ ပြောလိုက်တာလား…” ဖန်ရှင်းသည် ရန်ကိုင့်အား စိတ်လှုပ်ရှားနေသည့် အသံဖြင့် မေးလိုက်လေသည်။

“ဟုတ်တယ်… ဒါပေမဲ့ အဲ့ဒါက ငါ့ခန့်မှန်းချက်သက်သက်ပဲနော်…” ရန်ကိုင်က ပြုံးကာ ပြန်ပြောလိုက်လေသည်။

“ဆရာရဲ့ဂိုဏ်းက မြောက်ဘက်နယ်မြေမှာရှိတာ…” ဖန်ရှင်းနှင့် သူမ၏ ဂျူနီယာညီမ စီနီယာညီမတို့သည် အချင်းချင်း တစ်ဦးကိုတစ်ဦး ဝမ်းသာအားရဖြင့် ကြည့်လိုက်ကြလေသည်။

ပင်းယွင်သည် ဟင်းလင်းပြင်ကမ္ဘာထဲတွင် ရှိစဉ်က သူတို့အား တပည့်အဖြစ် လက်ခံခဲ့ပေသည်။ အပြင်လူများအမြင်တွင် သူတို့သည် ရေခဲနှလုံးသားစံအိမ်၏ တပည့်များသာ ဖြစ်သော်ငြား ဖန်ရှင်းနှင့် သူမတို့ညီအစ်မများကမူ သူတို့မည်သူလဲဆိုသည်ကို သိထားကြပေသည်။ သူတို့၏ ဆရာသည် ကြယ်တာရာအစုအဝေး၏ မြောက်ဘက်နယ်မြေတွင် ရှိနေသော ရေခဲနှလုံးသားတောင်ကြား၏ တည်ထောင်သူမှန်း အကုန်လုံး သိထားကြသည်။

ဖန်ရှင်းနှင့် အခြားသူများမှာ သူတို့ဆရာတည်ထောင်ထားသည့် ဂိုဏ်းဆီသို့ သွားလည်ချင်မိသော်ငြား ကံမကောင်းစွာဖြင့် ဟင်းလင်းပြင်လောကကြီးထဲ၌ ပိတ်မိနေခဲ့ရလေသည်။ ထို့အတွက်ကြောင့် သူတို့၏ ဆန္ဒများမှာ ဖြစ်မြောက်မလာခဲ့ပေ။

ယခု ဟင်းလင်းပြင်လောကကြီးထဲမှ လွတ်မြောက်လာပြီ ဖြစ်သည့်အတွက်ကြောင့် အကုန်လုံးမှာ သူတို့၏ဆရာပြောသည့် ဂိုဏ်းဆီသို့ သွားလည်ချင်မိကြပေသည်။ ကံကောင်းထောက်မစွာဖြင့် ဝဲကတော့ကြီးထဲမှ ထွက်လာပြီးသည့်နောက်တွင် မြောက်ဘက်နယ်မြေဆီသို့ တန်းတန်းမတ်မတ်နှင့် ကျလာခဲ့လေ၏။

“တစ်ယောက်ယောက်လာနေတယ်… မြောက်ဘက်နယ်မြေဟုတ်မဟုတ် ငါသူ့ဆီက သွားမေးလိုက်ကြည့်လိုက်ဦးမယ်…” ရန်ကိုင်က ရုတ်တရက် တစ်ခုသောဘက်ဆီသို့ ကြည့်၍ ပြောလိုက်လေသည်။

မကြာမီတွင် ကျန်လူများသည်လည်း သူတို့ဆီသို့ တစ်စုံတစ်ဦး လျင်မြန်စွာ လာနေကြောင်းကို တွေ့လိုက်ရလေသည်။

တစ်ဖက်အဖွဲ့ နီးလာသည့်အခါမှသာလျှင် သူတို့ဆီသို့ လာနေသည့်လူများသည် လူအိုကြီးတစ်ဦးမှ ဦးဆောင်သည့် ဆယ်ယောက်မကသော အဖွဲ့တစ်ဖွဲ့ ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။

လူအိုကြီးမှာ တစ်ခေါင်းလုံး မီးခိုးရောင်သန်းနေပြီး သူ့အမူအယာမှာလည်း မှုန်ကုပ်နေခဲ့လေသည်။ ရန်ကိုင်တို့အဖွဲ့ကို မြင်သော် လူအိုကြီး၏မျက်လုံးထဲ ရန်လိုသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့၏။ သူနှင့်အတူ ပါလာသော အမျိုးသားအမျိုးသမီးများမှာလည်း ရန်ကိုင်တို့အား ခက်ထန်သည့် အမူအယာများဖြင့် ကြည့်လိုက်ကြလေသည်။

ဘာတွေဖြစ်လို့ ဖြစ်နေမှန်း မသိသဖြင့် ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ သို့သော်ငြား ဘာဖြစ်ဖြစ် သူဂရုစိုက်မနေပေ။ လူအိုကြီးမှာ သူ့အရှိန်အဝါကို ဖုံးကွယ်မထားသည့် အတွက်ကြောင့် သူ့အရှိန်အဝါမှတစ်ဆင့် လူအိုကြီးသည့် ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူမှန်း ရန်ကိုင်ပြောနိုင်ပေသည်။

လူအိုကြီးနှင့်အတူ ပါလာသော ကျင့်ကြံသူအားလုံးမှာလည်း တာအိုသခင် တတိယအဆင့် ကျင့်ကြံသူများ ဖြစ်ကြလေ၏။

(ဒီလူတွေမှာ ကျိန်းသေ နောက်ခံကောင်းကောင်းတစ်ခု ရှိရလိမ့်မယ်… သူတို့တွေ ဂိုဏ်းကြီးတစ်ဂိုဏ်းဂိုဏ်းကနေ လာကြတာပဲ…) ရန်ကိုင် တွေးလိုက်လေသည်။

တကယ်တော့ ထိုလူအိုကြီးကို ရန်ကိုင် မကြောက်ချေ။ တိုက်သာတိုက်ခိုက်မည်ဆိုလျှင်ပင် မနိုင်လျှင်ပင် လွတ်လွတ်ကျွတ်ကျွတ်နှင့် ထွက်ပြေးနိုင်မည်ဟု ရန်ကိုင် သူ့ကိုယ်သူ ယုံကြည်ချက်အပြည့် ရှိပေသည်။ သို့သော်ငြား ဤနေရာတွင် သူတစ်ဦးတည်း ရှိနေခြင်း မဟုတ်။ လျို့ရှန်းယွင်နှင့် အခြားသူများလည်း ရှိနေပေသေးသည်။ ပင်းယွင်သည် သူမ၏ဒဏ်ရာကို ပြန်လည်ကုစားနေသည့် အတွက်ကြောင့် သူတို့အား အကူအညီ ပေးနိုင်လိမ့်မည် မဟုတ်ချေ။

ထိုအချက်ကိုစဉ်းစားမိလိုက်သော် ရန်ကိုင်သည် လူအိုကြီးကို အလျင်စလို သွားနှုတ်ဆက်လိုက်လေ၏။ လက်သီးကိုဆုပ်လျက်မှ ပြောလိုက်လေသည်။ “ဂျူနီယာရန်ကိုင် စီနီယာကို နှုတ်ဆက်ပါတယ်… စီနီယာရဲ့နာမည်ကို သိလို့ရမလား မသိဘူး…”

တစ်ဖက်လူအား ရန်စသွားသလို ဖြစ်သွားမည် စိုးသည့်အတွက်ကြောင့် ရန်ကိုင်သည် တလေးတစားဖြင့် ပြောလိုက်လေသည်။ ထို့အပြင် ဤနေရာသည် အခြားလူတစ်ဦး၏ပိုင်နက် ဖြစ်နေသည်။ ထိုလူအိုကြီးနှင့် သွားတိုက်ခိုက်၍ သူတို့အတွက် အကျိုးမရှိချေ။

သို့သော်ငြား လူအိုကြီးကမူ ရန်ကိုင့်အပေါ် အနည်းငယ်မျှပင် ယဉ်ကျေးမနေဘဲ အထက်စီးလေသံဖြင့် ပြန်ပြောလိုက်လေသည်။ “ဒီဘုရင်က ပြစ်စင်ကင်းလဲ့ကျွန်းရဲ့ ဒုကျွန်းသခင် ကျန်းကျိုးကျီပဲ… မင်းက ဘယ်သူလဲ… မင်းဒီမှာ ဘာလာလုပ်တာလဲ…”

ရန်ကိုင်သည် ယခုမှသာလျှင် ဤနေရာသို့ ပထမဦးဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်ပေသည်။ ထို့အတွက်ကြောင့် ဤနေရာသည် မြောက်ဘက်နယ်မြေဟုတ်မဟုတ် မသေချာသေးချေ။ ထို့အတွက်ကြောင့် ပြောစရာမလိုအောင်ပင် ထိုပြစ်စင်ကင်းလဲ့ကျွန်းနာမည်အား သူတစ်ခါမျှ မကြားဖူးချေ။ သို့တိုင် ကျန်းကျိုးကျီကဲ့သို့သော ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် ဒုဂိုဏ်းချုပ်သာ ဖြစ်သေးသည်ကို ကြည့်လျှင် ထိုကျွန်းသည် အားမနည်းမှန်း သိနိုင်ပေသည်။ အနည်းဆုံး ကျွန်းသခင်သည် ကျန်းကျိုးကျီထက် ပို၍ သန်မာအားကောင်းရပေလိမ့်မည်။

“ဒီတော့ ကျွန်းသခင်ကျန်းပေါ့… ဂျူနီယာဘက်က မလေးမစား လုပ်မိသလို ဖြစ်သွားခဲ့ရင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ… ကျုပ်တို့ ဒီနားက ဖြတ်သွားရုံပါပဲ… ပြဿနာရှာဖို့ လုပ်တာ မဟုတ်ပါဘူး… ကျွန်းသခင် ကျုပ်တို့ကို ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်…” ရန်ကိုင်က တလေးတစားဖြင့် ပြန်ပြောလိုက်လေသည်။

“ပြဿနာရှာဖို့ မဟုတ်ဘူး ဟုတ်လား…” ကျန်းကျိုးကျီ မပြောနိုင်သေးခင်မှာပင် သူ့နောက်၌ ရှိနေသော အနီရောင်ဝတ်ရုံဝတ် အမျိုးသမီးက လှောင်ပြောင်ပြောဆိုလိုက်လေသည်။ ထိုအမျိုးသမီးမှာ အတော်လေးကိုမှ ဆွဲဆောင်မှုရှိလှ၏။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ အပြစ်ပြောစရာမရှိ။ သို့သော်ငြား သူမ၏ ရုပ်ရည်ရူပကာမှာတော့ အရမ်းကြီး လှပနေခြင်းမရှိဘဲ သာမန်ကာလျှံကာ လောက်သာ ဖြစ်ပေသည်။

ဘာကြောင့်မှန်းမသိ အမျိုးသမီးသည် ရန်ကိုင့်အား ဒေါသတကြီးဖြင့် အော်ပြောလိုက်လေ၏။ “နင် ဒီမှာ ရုတ်တရက်ပေါ်လာပြီး သွေးပြာသားရဲပေါက်ကို မောင်းထုတ်လိုက်တယ်… အဲ့ဒါကိုတောင် ပြဿနာမရှာဘူးလို့ ပြောချင်နေသေးတာလား… နင်ငါတို့ကို အရူးမှတ်နေတာလား…”

ဧကရာဇ်အဆင့် ပညာရှင် နောက်ခံရှိနေသည့်အတွက်ကြောင့် အနီရောင်ဝတ်ရုံဝတ်အမျိုးသမီးမှာ ရန်ကိုင်တို့အဖွဲ့အား မျက်လုံးထဲပင် မထည့် လေကြီးလေကျယ်ဖြင့် စတင် အော်ဟစ်ပြောဆိုတော့လေ၏။ ထို့အတွက်ကြောင့် လင်းယင်ချင်းနှင့် အခြားသူများမှာ မျက်မှောင်ကျုံ့သွားကုန်ကြလေသည်။

“သွေးပြာသားရဲပေါက်…” ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။

ထိုသားရဲအကြောင်းကို သူသိပေသည်။ ထိုသားရဲသည် ပင်လယ်အနက်ပိုင်းတွင်နေသော မွန်းစတားသားရဲတစ်ကောင်ဖြစ်ပြီး ၎င်း၏အော်သံမှာ ကလေးငယ်တစ်ဦး၏ အော်ငိုသံနှင့် ဆင်တူပေသည်။ ၎င်း၏ခန္ဓာကိုယ်မှာ ရေခဲပြာရောင် ပေါက်နေသည့်အတွက်ကြောင့် လူပေါင်းများစွာသည် ထိုသားရဲကို သွေးပြာသားရဲပေါက်ဟု ခေါ်ကြပေသည်။ သွေးပြာသားရဲပေါက်သည် ဧကရာဇ်ပညာရှင်တစ်ဦးနှင့် ယှဉ်ပြိုင်နိုင်သော အဆင့်ဆယ့်နှစ် မွန်းစတားသားရဲတစ်ကောင်ဖြစ်သည်။ ထိုသားရဲမှာ အလွန်ကိုမှ ရှားပါးလှပြီး ၎င်း၏ မွန်းစတားအမြုတေမှာလည်း ကျင့်ကြံသူတစ်ဦး၏ ဝိဉာဉ်အား ပိုမိုအားကောင်းအောင် လုပ်ပေးနိုင်သည့် အတွက်ကြောင့် အလွန်ကိုမှ အဖိုးတန်ပေသည်။ ထိုအမြုတေကိုသာ‌ ဆေးလုံးအဖြစ် ဖော်စပ်ပြီး သောက်သုံးလိုက်မည်ဆိုပါက ကျင့်စဉ်များ၊ သိုင်းပညာရပ်များကို ပို၍ လျင်မြန်လွယ်ကူစွာ နားလည်နိုင်ပေလိမ့်မည်။

သူတို့ထွက်လာခဲ့သည့် ပင်လယ်ကြီးသည် သွေးပြာသားရဲပေါက် နေသည့်နေရာ ဖြစ်နေလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။ ဝဲကတော့ကြီးမှ ထွက်လာစဉ်က ပင်လယ်သားရဲပေါင်းများစွာ ကြောက်ကြောက်လန့်လန့်ဖြင့် ထွက်ပြေးသွားသည်ကို ရန်ကိုင် သတိထားမိလိုက်လေသည်။ သို့သော်ငြား ထိုစဉ်က အရမ်းကြီးအာရုံစိုက်ထားခြင်း မရှိသည့် အတွက်ကြောင့် ထိုပင်လယ်သားရဲများထဲတွင် သွေးပြာသားရဲပေါက်တစ်ကောင် ပါနေခဲ့မှန်း မသိခဲ့ပေ။

“ဟုတ်တယ်…” ကျန်းကျိုးကျီက အေးစက်စက်လေသံဖြင့် ပြောလိုက်လေသည်။ “သွေးပြာသားရဲပေါက်ကို ထောင်ဖမ်းဖို့ ငါတို့ တစ်လလုံးလုံး ကြိုတင်ပြင်ဆင်ထားခဲ့ရတာ… အခုတော့ ငါတို့ ဘာမှ မလုပ်ရသေးခင်မှာပဲ မင်းကြောင့် အဲ့သားရဲပေါက် ထွက်ပြေးသွားပြီ… ဒီကိစ္စကို ဒီအတိုင်း လွှတ်ပေးလိုက်လို့မရဘူး…”

အနီရောင်ဝတ်ရုံဝတ် အမျိုးသမီးက ထပ်ပြောလိုက်လေသည်။ “သွေးပြာသားရဲပေါက်ရဲ့ မွန်းစတား အမြုတေကို ရမ္မက်ရှာဂိုဏ်းရဲ့ သခင်လေး မင်္ဂလာနေ့မှာ ဂုဏ်ပြုလက်ဆောင်အဖြစ် ပေးဖို့ စီစဉ်ထားတာ… အခု မင်းတို့ကြောင့် သားရဲ ထွက်ပြေးသွားပြီ…”

ထိုစကားကိုကြားကြားချင်း ရန်ကိုင့်စိတ်ထဲ အပြစ်မကင်းသလို ဖြစ်သွားခဲ့လေသည်။ ထိုလူများပြောနေသည်မှာ အမှန်ဖြစ်နေသည်ဆိုပါက သားရဲထွက်ပြေးသွားရသည်မှာ သူတို့အဖွဲ့အမှားကြောင့်သာ ဖြစ်ပေသည်။ တစ်ဖက်လူသည် ထိုသားရဲကိုဖမ်းရန်အတွက် အချိန်အကြာကြီး ပြင်ဆင်ထားခဲ့ခြင်း ဖြစ်ပေသည်။ သို့သော်ငြား သူတို့ရုတ်တရက် ပေါ်လာမှုကြောင့် ထိုလူများစီစဉ်ထားသည့် အကြံအစည်အားလုံး ပျက်စီးကုန်ကြရလေသည်။ ထိုကဲ့သို့သော အခြေအနေနှင့် ကြုံလိုက်ရသည့် မည်သူမဆို ဒေါသထွက်မိမည်မှာ သဘာဝသာ ဖြစ်လေသည်။

သို့သော်ငြား လူအိုကြီးနှင့် မိန်းမငယ်လေး၏ မောက်မာတကြီးပုံစံသည် ရန်ကိုင့်အား အတော်လေးကိုမှ ကြည့်မရဖြစ်စေလေသည်။

စကားပြောကာ ညှိနှိုင်း၍ ဖြေရှင်းလို့မရသည့် ကိစ္စဆိုသည်မှာ မရှိချေ။ ထိုသို့ဖြစ်လေရာ ဤလူများမှာ ဘာကြောင့် ဤမျှ ရန်လိုနေရသနည်း။ သူတို့အဖွဲ့တွင် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ပါနေသည့်အတွက်ကြောင့် ကြီးနိုင်ငယ်ညှင်း လုပ်ချင်နေသလော။

ထိုအချက်ကို စဉ်းစားမိလိုက်သော် ရန်ကိုင်က ခါးကိုမတ်၍ ပြောလိုက်လေသည်။ “ဒါဆိုရင် ရောင်းရင်းတို့ ကျုပ်တို့ကို ဘာလုပ်စေချင်လဲ…”

အနားတွင် ရှိနေသော လင်းယင်ချင်းက မျက်မှောင်ကျုံ့လျက် “သွေးပြာသားရဲပေါက် ဘယ်လောက်အဖိုးတန်လဲ… ဒီသွေးပြာသားရဲပေါက်နဲ့ ညီမျှတဲ့အရာကို ကျွန်မတို့ဘက်က ပြန်ပေးရင်ရော…”

လင်းယင်ချင်းမှာ ဖြစ်နိုင်လျှင် အတတ်နိုင်ဆုံး ပြဿနာမတက်ချင်ပေ။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က သူတို့အဖွဲ့သည် ပင်လယ်ပြင်ထဲ ပစ္စည်းကောင်းများ ရှာတွေ့ခဲ့သည့် အတွက်ကြောင့် မြိုးမြိုးမြတ်မြတ် မြတ်သွားခဲ့ရလေသည်။ ထို့ကြောင့် လတ်တလောတွင် သူတို့၌ အရင်းအမြစ်ကျောက် အတော်များများ ရှိနေလေ၏။ ထို့အပြင် ရန်ကိုင်မှာလည်း အတော်လေးကိုမှ ချမ်းသာပေသည်။ ထို့အတွက်ကြောင့် တစ်ဖက်လူအား အလျော်မပေးနိုင်စရာ အကြောင်းတော့မရှိချေ။

“တန်ဖိုးတူညီတဲ့ဟာ ပြန်ပေးမယ် ဟုတ်လား…” အနီရောင်ဝတ်ရုံဝတ်အမျိုးသမီးသည် လင်းယင်ချင်းကို ကြည့်လျက် လှောင်ပြောင်ပြောဆိုလိုက်လေသည်။ “နင့်ကို ရောင်းမယ်ဆိုရင်တောင် ငါတို့ဆုံးရှုံးသွားတဲ့ တန်ဖိုးကို ပြန်ရမှာမဟုတ်ဘူး… သွေးပြာသားရဲပေါက်ကို ရှာဖို့ အဲ့လောက်လွယ်တယ်ထင်နေတာလား… ဒီရေခဲပင်လယ်တစ်ခုလုံးမှာတောင် သွေးပြာသားရဲပေါက် သုံးကောင်ထက် ပိုမရှိဘူး… အဲ့ဒါကိုတောင် သွေးပြာသားရဲပေါက်နဲ့ တန်ဖိုးတူညီတဲ့ဟာတစ်ခု နင်ငါ့ကို ဘယ်လိုပြန်ပေးမှာလဲ…”

ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ “အဲ့လိုဆိုရင် ခင်ဗျားတို့ ကျုပ်တို့ကို ဘာလုပ်စေချင်တာလဲ…”

ထိုစကားကိုကြားသော် ကျန်းကျိုးကျီသည် ရန်ကိုင့်အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်လျက် နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်။ “မင်းလေသံကို ကြည့်ရတာ ပြစ်စင်ကင်းလဲ့ကျွန်းကို မျက်လုံးထဲ မထည့်တဲ့ပုံပဲ ဟုတ်တယ်မလား…”

All Chapters