အခန်း (၂၄၀၇-၂၄၀၉)
Vol. 97 Ch. 2404-2407
အပိုင်း (၂၄၀၇)
ရန်ကိုင်သည် ကျန်းကျိုးကျီကို ကြည့်ရင်း တွေးလိုက်၏ (ငါက ဘယ်လိုလုပ်ပြီး ပြစ်စင်ကင်းလဲ့ကျွန်းကို အရေးမထားဘူး ဖြစ်သွားတာလဲ... ဒီလူ ငါပြောတာကိုကော သေချာနားထောင်နေရဲ့လား)
ဒုကျွန်းသခင်၏ စကားကိုကြားသော် သူနှင့်အတူ လိုက်ပါလာသော တာအိုသခင်အဆင့် ကျင့်ကြံသူများမှာ အရှက်ခွဲခံလိုက်ရသည့်အလား ဒေါသပုန်ထသွားကြလေသည်။ အချိန်မရွေး ထတိုက်ခိုက်တော့မည့်အလား သူတို့၏ အရင်းအမြစ်ချီကိုပင်လျှင် လှည့်ပတ်ထားလိုက်ကြသည်။
သို့ရာတွင် ရန်ကိုင်ကမူ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေဆဲ “ကျုပ်ပြောချင်တာ အဲ့လို မဟုတ်ဘူးလေ။ သားရဲက ထွက်ပြေးသွားပြီဆိုမှတော့ အဲ့သားရဲကို ရနိုင်တော့မှာ မဟုတ်ဘူးလေ။ ဒီတော့ ဘာလို့ အခြားနည်းလမ်းကို မစဉ်းစားတာလဲလို့ ပြောချင်တာ။ ကျွန်းသခင်ကျန်းမှာ နည်းလမ်းတစ်ခုခု ရှိတယ်ဆိုရင်တော့ ကျုပ်ဝမ်းပန်းတသာနဲ့ နားထောင်ပေးပါ့မယ်”
ကျန်းကျိုးကျီက အော်ရယ်မောလျက် ခနဲ့လိုက်လေသည် “မင်းက တကယ်ကို လေးကြီးတာပဲ”
ထိုစဉ် အနီရောင်ဝတ်ရုံဝတ် အမျိုးသမီးသည် ကျန်းကျိုးကျီနားသို့ ကပ်လာပြီး တိုးတိုးလေး ပြောလိုက်လေသည်။ ပြောနေရင်း ညစ်ကျယ်ကျယ် အမူအရာဖြင့် ပင်းယွင် ရှိနေရာဆီသို့ လှမ်းကြည့်နေခဲ့လေ၏။
ထိုအခြင်းအရာကိုမြင်သော် ဖန်ရှင်းတို့အဖွဲ့ မျက်မှောင်ကြုတ်သွားခဲ့ကြသည်။ အနီရောင်ဝတ်ရုံဝတ် အမျိုးသမီး ဘာပြောနေသလဲဆိုသည်ကို မကြားနိုင်သော်ငြား သူမပါးစပ်မှ မည်သည့် ကောင်းမွန်သည့် စကားမှ ထွက်လာလိမ့်မည် မဟုတ်မှန်းတော့ သိနေခဲ့သည်။
သူတို့ဆရာ၏ ဒဏ်ရာများမှာ အရှင်းပျောက်ကင်းခြင်း မရှိသေးသည့်အတွက် သူမအား သွားနှောင့်ယှတ်လို့ အဆင်မပြေချေ။ အခြေအနေကို ရိပ်မိလိုက်သော် ဖန်ရှင်းတို့ ညီအစ်မများသည် ပင်းယွင်ရှေ့၌ ပိတ်ကာရပ်လိုက်ကြလေသည်။
ကျန်းကျိုးကျီသည် အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် ရန်ကိုင်ဘက်သို့ လှည့်၍ ပြောလိုက်လေသည် “ရမ္မက်ရှာဂိုဏ်းကို ပေးဖို့လုပ်ထားတဲ့သားရဲကို ထွက်ပြေးအောင် လုပ်လိုက်တဲ့အပြစ်က လုံးဝက ခွင့်လွှတ်လို့မရတဲ့အပြစ်ပဲ”
ရန်ကိုင်သည် ဘာမှပြန်မပြောဘဲ ကျန်းကျိုးကျီကိုသာ စိုက်ကြည့်နေလေသည်။
“ဒါပေမယ့် မင်းက အလျော်ပေးမယ်လို့ ပြောနေမှတော့ ငါကလည်း ခြေတစ်လှမ်း ဆုတ်ပေးရမှာပေါ့”
ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်လေသည် “ဒါဆို ကျွန်းသခင်ကျန်း ဘာလိုချင်တာပါလဲ”
ကျန်းကျိုးကျီသည် အေးစက်စက် အမူအရာဖြင့် လက်ညိုးထိုး၍ ပြောလိုက်လေသည် “မင်းတို့အားလုံး အဲ့အမျိုးသမီးကိုထားပြီး ထွက်သွားလိုက်ပေတော့”
ဤနေရာသို့ ရောက်လာစဉ်က အလွန်ကိုမှ ဒေါသထွက်နေသည့် အတွက်ကြောင့် ပင်းယွင်ကို သတိမထားမိခဲ့ချေ။ ယခု အနီရောင်ဝတ်ရုံဝတ် အမျိုးသမီး ပြောသည့် အခါမှသာ ဤအဖွဲ့ထဲတွင် အလွန်ကိုမှ လှပသည့် အမျိုးသမီးတစ်ဦး ရှိနေကြောင်း သတိထားမိသွား၏။
ကျန်းကျိုးကျီမှာ နှစ်ပေါင်းများစွာကြာအောင် ရှင်သန်လာခဲ့သူတစ်ဦး ဖြစ်သော်ငြား ယခုမှသာ ပြစ်ချက်ကင်းဆင်းသည့် နတ်ဒေဝီတမျှ လှပသော အမျိုးသမီးတစ်ဦးကို တွေ့ဖူးခြင်း ဖြစ်ပေသည်။ ပင်းယွင်မှာ ဒဏ်ရာရထားသော်ငြား သူမဆီမှ ဖြာထွက်နေသည့် ဤလောကကြီးနှင့် လားလားမျှ မသက်ဆိုင်သော အရှိန်အဝါသည် ပုရိသယောကျ်ားအပေါင်းကို ရင်ဖိုသွားစေနိုင်ပေသည်။
ဤလောကကြီးတွင် ပင်းယွင်ကဲ့သို့သော အမျိုးသမီးတစ်ဦးကို ထပ်ရှာဖို့ရာ မဖြစ်နိုင်တော့ဟု ကျန်းကျိုးကျီ ခံစားရနေသည်။
ပင်းယွင်ကို သူ့အတွက် လိုချင်နေခြင်းမဟုတ်၊ ရမ္မက်ရှာဂိုဏ်းဆီ ပေးဖို့ရာ လိုချင်နေခြင်း ဖြစ်ပေသည်။ သွေးသားရဲသားရဲ လွတ်သွားပြီဖြစ်သော်ငြား သူတို့သာ ဤမိန်းကလေးကို ပို့ပေးလိုက်ပါက ရမ္မရှာဂိုဏ်းဆီမှ အကျိုးကျေးဇူးများ ရကောင်းရနိုင်၏။
ရမ္မက်ရှာဂိုဏ်းမှ ကျင့်ကြံသူများသည် ရမ္မက်တာအိုကို လိုက်စားကြသည်။ သူတို့၏ ကျင့်စဉ်အားလုံးဟာလည်း ရမ္မက်တာအိုနှင့် ဆက်နွယ်နေပေသည်။ ရမ္မက် ပိုပြင်းပြလေ သူတို့၏ ကျင့်ကြံရေး ပိုမိုကောင်းမွန်လေပင်။ ရမ္မက်ရှာဂိုဏ်း၏ သခင်လေး မဆိုထားနှင့်၊ သာမန်တပည့်များတွင်ပင်လျှင် မိန်းမချော၊ မိန်းမလှပေါင်းများစွာ ရှိကြပေသည်။
ရမ္မက်ရှာဂိုဏ်း၏ သခင်လေးသာ ဤမိန်းမလှလေးကို မြင်သွားပါက ကျိန်းသေကို ချစ်ကျွမ်းဝင်သွားပေလိမ့်မည်။ ထိုသို့ ဖြစ်လာသည့်အခါ ဤမိန်းမလှလေးကို ရှာပေးသော သူတို့၏ ပြစ်စင်ကင်းလဲ့ကျွန်းကို ရမ္မက်ရှာဂိုဏ်း၏ သခင်လေးမှ ကောင်းမွန်စွာ မြှောက်စားပေလိမ့်မည်။
“ရိုင်းလိုက်တာ” ကျန်းကျိုးကျီ သူမတို့၏ဆရာလား လက်ညိုးထိုးနေသည်ကို မြင်သော် ဖန်ရှင်းတို့ ညီအစ်မများ ထအော်ကြလေသည်။
ကျန်းကျိုးကျီ၏မျက်နှာ ချက်ချင်း မှုန်ကုတ်သွားလေ၏ “နင်ဘာပြောလိုက်တာလဲ... နင်ထပ်ပြောရဲရင် ပြောလိုက်စမ်း”
ဖန်ရှင်းသည် အံကြိတ်၍ ပြန်အော်ပြောတော့မည်အပြု ရန်ကိုင် လက်တားပြနေသည်ကို တွေ့လိုက်ရသည်။
ရန်ကိုင်သည် ကျန်းကျိုးကျီအား တည်တည်ငြိမ်ငြိမ်ဖြင့် စိုက်ကြည့်လျက် ဘာမှန်းမသိရသည့် အပြုံးကို ဆင်မြန်းရင်း ပြောလိုက်လေသည် “ကျွန်းသခင်ကျန်း... ခင်ဗျားသူ့ကို နေရစ်ခဲ့စေချင်တာ သေချာလား”
ရန်ကိုင်မှာ ရယ်ချင်စိတ်ကို မနည်းအောင့်အည်းနေရသည်။ ပင်းယွင်မှာ နှစ်ပေါင်းများစွာ အသက်ရှင်လာသည့် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သော်ငြား သူမ၏ ကျင့်စဉ်ကြောင့် ရုပ်ရည်ရူပကာမှာ မိန်းမငယ်လေးတစ်ဦးပုံစံ ပေါက်နေခဲ့သည်။ ကျန်းကျိုးကျီမှာတော့ အကြောင်းအရင်းကို မသိဘဲ တဏှာစိတ်ငယ်ထိပ်ရောက်ကာ ပင်းယွင်ကိုမှ သွားတပ်မက်နေလေသည်။
တကယ်ကို ကိုယ့်သေတွင်း ကိုယ်တူးနေသည့် လူစားမျိုးပင်။
“အဲ့မိန်းကလေးလွဲပြီး မင်းတို့အကုန်လုံး အခုချက်ချင်း ထွက်သွားလိုက်ပေတော့။ ငါမင်းတို့ကို အသက်ဆယ်ရှိုက်စာ အချိန်ပေးမယ်။ အဲ့အချိန်အတွင်းမှ ထွက်မသွားသေးဘူး ဆိုရင်တော့ ဒီကနေ အသက်ရှင်လျက် ထွက်သွားဖို့ မစဉ်းစားတော့နဲ့” ကျန်းကျိုးကျီသည် ရန်ကိုင်အား စောင့်ကြည့်ရင်း သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် အော်ပြောလိုက်လေသည်။
“အင်း၊ ကောင်းပြီလေ။ ကျုပ်တို့ ထွက်သွားပေးပါ့မယ်” ရန်ကိုင်မှာ အချိန်မဖြုန်းချင်တော့သည့်အလား သူ့လက်ကို ဝှေ့ရမ်းလျက် အခြားသူများကို ခေါ်ကာ ထွက်သွားရန် လုပ်လိုက်လေသည်။
“အမှိုက်ကောင်” အနီရောင်ဝတ်ရုံဝတ် အမျိုးသမီးသည် ရန်ကိုင်အား အထင်အမြင်တသေးဖြင့် စိုက်ကြည့်လိုက်လေသည်။ ကိုယ်လွန်ရုန်းနိုင်ဖို့ရာ ကိုယ့်မိတ်ဆွေကို သစ္စာဖောက်ခြင်းသည် တကယ်ကို သွေးကြောင်ခြင်းဖြစ်သည်။ ပင်းယွင်အား နေရစ်ခိုင်းရန် အကြံပေးသည့်လူမှာ သူမသာ ဖြစ်သော်ငြား ရန်ကိုင်၏ လုပ်ရပ်ကို အနီရောင်ဝတ်ရုံဝတ် အမျိုးသမီး အထင်မသေးဘဲ မနေနိုင်ချေ။
ပြစ်စင်ကင်းလဲ့ကျွန်း၏ အခြားသော ကျင့်ကြံသူများမှာ ရန်ကိုင်အား ဘာမှ မပြောသော်ငြား သူတို့မျက်လုံးထဲရှိ အထင်းသေးရိပ်တို့မှာတော့ အထင်းသားပင်။
“ဆေးပညာရှင်ရန်” ဖန်ရှင်းသည် ရန်ကိုင်အား ဒေါသတကြီး စိုက်ကြည့်ရင်း ခြေဆောင့်လိုက်လေသည်။ ရန်ကိုင် သူမဆရာအား ဤအတိုင်း ထားခဲ့လိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ချေ။ သူမ၏ဆရာ ဒဏ်ရာမှ မသက်သာသေးသည်ကို သူမသိလေသလော။
“စိတ်မပူနဲ့” ရန်ကိုင်က မျက်စပစ်ပြလိုက်သည်။ ထိုအခါမှသာ ဖန်ရှင်လည်း ဘာမှ ပြန်မပြောမနေတော့ဘဲ ပင်းယွင်အား စိုးရိမ်တကြီးဖြင့် တစ်ချက် လှမ်းကြည့်ပြီးနောက် အခြားသူများနှင့်အတူ ရန်ကိုင်နောက်သို့ လိုက်သွားလေသည်။
ကျန်းကျိုးကျီသည် အချိန်ဖြုန်းမနေတော့ဘဲ ပင်းယွင်ရှေ့သို့ လျှောက်သွားကာ သူ့လက်ကို ဆန့်ထုတ်လိုက်လေသည်။ ပင်းယွင်အား ပြန်မခေါ်သွားခင် တစ်ခါတည်း အပိုးကျိုးအောင် လုပ်ချင်သည့်ပုံပင်။
ပင်းယွင်၏ မျက်နှာကို မြင်လိုက်ချိန် သူစိတ်ထဲ ခံစားချက်မျိုးစုံ လှိုက်တက်လာခဲ့၏။ ဤလောကကြီးထဲ၌ ဤမျှ လှရက်နိုင်သည့် အမျိုးသမီးတစ်ဦး မည်သို့များ ရှိနေရသနည်း။ မိန်းမပွေရှုပ်သူမဟုတ်သည့် သူ့ကဲ့သို့သော လူမျိုးပင်လျှင် ပင်းယွင်၏ အလှတရားကို မြင်လိုက်သည့်အခိုက် ရင်မဖိုဘဲ မနေနိုင်ခဲ့ချေ။ သူ့စိတ်ထဲ သူမအား သူ့အပိုင်အဖြစ် သိမ်းပိုက်လိုက်ချင်စိတ်များ တဖွားဖွား ထွက်ပေါ်လာခဲ့လေသည်။ သူနှင့်ပင်းယွင် ပျော်ရွှင်စွာ အတူတူနေနေသည့် ဘဝကြီးကိုပင်လျှင် စိတ်ကူးယဉ် ပုံဖော်ပြီးနေလေပြီ။
ဤကဲသို့သော မိန်းမလှးလေးတစ်ဦးကို သူ့အပိုင်အဖြစ် မယူရဘဲ ရမ္မက်ရှာဂိုဏ်းဆီ သခင်လေးဆီ ပေးပစ်လိုက်ရမည်မှာ နှမြောစရာ ကောင်းလှပေသည်။ ထိုစဉ် ဒဏ်ရာများကို ပြန်ကုစားနေသော ပင်းယွင် ရုတ်တရက် မျက်လုံးဖွင့်လာခဲ့လေသည်။
သူမ၏ မျက်ဝန်းလှလှလေးများကို မြင်လိုက်သည့်အခိုက် ကျန်းကျိုးကျီ ရင်တစ်ခုလုံး ကုလားဘုရားလှည့်သည့်နှယ် ဆူဝေသွားခဲ့သည်။ ထိုမျက်ဝန်းလေးများဆီမှ သူလုံးဝ အကြည့်မလွှဲနိုင်တော့ချေ။
(လှလိုက်တဲ့ မျက်ဝန်းလေးတွေ) လစန္ဒာပမာ ရွှန်းရွှန်းစိုစိုအောင် လှပသည့် မျက်ဝန်းများကို ကြည့်ရင်း ကျန်းကျိုးကျီ အသိစိတ်မဲ့သလို ဖြစ်သွားခဲ့သည်။ သလင်းကျောက်နှယ် ကြည်လင်ရွှန်းလဲ့နေသော ထိုမျက်ဝန်းများသည် မြင်လိုက်သည့် မည်သူ့ကိုမဆို မိန်းမောရစ်မူးသွားအောင် လုပ်နိုင်ပေသည်။
ယခုဆိုလျှင် ကျန်းကျိုးကျီစိတ်ထဲ ပင်းယွင်အား သူ့အပိုင်အဖြစ် ပို၍ပင် သိမ်းပိုက်ချင်လာခဲ့သည်။ နှစ်ပေါင်းများစွာကြာအောင် ကျင့်ကြံလာခဲ့သည့် သူ့သက်တမ်း တစ်လျှောက် သူ့အား ရင်ဖိုအောင်လုပ်နိုင်သည့် အမျိုးသမီးတစ်ဦးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
“မလှုပ်နဲ့၊ ဒီဘုရင်နင့်ကို ထိခိုက်အောင် မလုပ်ချင်ဘူး” ပင်းယွင်အား ကြောက်သွားအောင် လုပ်မိသွားမည်ကို စိုးရိမ်နေသည့်အလား ကျန်းကျိုးကျီသည် သူ့လေသံကို အတတ်နိုင်ဆုံး သိမ်မွေ့အောင် ထိန်းပြောလေသည်။ တစ်ချိန်တည်းတွင် သူ့လက်သည် သူမ၏ ပခုံးဆီသို့ ရောက်သွားလေသည်။
သို့ရာတွင် ထိုအခိုက်အတန့်၌ ပင်းယွင်သည် သူမ၏ လက်သွယ်သွယ်လေးဖြင့် ကျန်းကျိုးကျီ၏ လက်ဝါးကို အသာအယာ ထိလိုက်၏။
သူမ၏ လက်ကလေးအား လှုပ်ရှားလိုက်ဟန်သည် အလွန်ကိုမှ ညင်သာ သိမ်မွေ့လှသလို ထိုလှုပ်ရှားဟန်ထဲ ရှင်းပြမရသည့် အရှိန်အဝါတစ်ရပ်လည်း ပါဝင်နေခဲ့လေသည်။
ပင်းယွင်မှ သူမလက်ကို လှုပ်ရှားလိုက်စဉ် အတောအတွင်း ကျန်းကျိုးကျီသည် စိတ်နှင့်လူ မကပ်သလို ဖြစ်နေခဲ့လေသည်။ သို့သော်ငြား ချက်ချင်းဆိုသလို သူ့အမူအရာမှာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။
ပင်းယွင် လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် သူမဆီမှ ပေါက်ကွဲထွက်လာသည့် အရှိန်အဝါကို ကျန်းကျိုးကျီ ခံစားမိလိုက်လေသည်။
(ဒီကောင်မလေးက... ဧကရာဇ်တတိယအဆင့် ပညာရှင်လား)
ရန်ကိုင်တို့ အဖွဲ့၏ ကျင့်ကြံခြင်းမှာ အမျိုးမျိုးကွဲပြားကြပြီး အားကောင်းဆုံး ဖြစ်သည့် ရန်ကိုင်သည် တာအိုသခင်တတိယအဆင့်တွင်သာ ရှိနေလေသည်။ ပင်းယွင်သည် သူမ၏ ဒဏ်ရာများကို ပြန်ကုနေသည့်အတွက်ကြောင့် ကျန်းကျိုးကျီသည် သူမအား သေချာ အာရုံမစိုက်မိခဲ့ဘဲ သူမသည်လည်း အဖွဲ့ထဲရှိ အခြားသော ကျင့်ကြံသူများ အဆင့်တွင်သာ ရှိလိမ့်မည်ဟု ယုံမှားမိခဲ့သည်။ ယခုမှသာလျှင် ပင်းယွင်၏ ကျင့်ကြံခြင်းကို သတိပြုမိလိုက်ခြင်း ဖြစ်ပေသည်။
အပြစ်တင်လျှင်လည်း သူ့ကိုယ်သူသာ အပြစ်တင်ရပေလိမ့်မည်။ ဤကဲ့သို့သော ပညာရှင်မျိုးကိုပါ နေရစ်ခဲ့ရန် သွားပြောမိသည့်သူ့ပါးစပ်ကို အပ်နှင့်သာ ချုပ်ထားလိုက်ချင်တော့လေသည်။ ပင်းယွင် ဧကရာဇ်တတိယအဆင့် ပညာရှင် ဖြစ်မှန်းကို အစောကြီးကတည်းကသာ သိခဲ့ပါလျှင် သူ့အနေဖြင့် မည်ကဲ့သို့များ ဤကဲ့သို့ ပြောရဲပါမည်နည်း။
ဧကရာဇ်ဒုတိယအဆင့်တွင် ရှိနေသော ပြစ်စင်ကင်းလဲ့ကျွန်း၏ ကျွန်းသခင်သည်ပင်လျှင် ဤမိန်းကလေးရှေ့၌ ရိုင်းရိုင်းစိုင်းစိုင်း ပြောရဲလိမ့်မည် မဟုတ်ချေ။
သူ့စိတ်ထဲ ထိတ်လန့်တုန်လှုပ်နေမိသော်ငြား မြန်နိုင်သမျှမြန်မြန် ပြန်ဆုတ်ရန် ကြိုးစားလိုက်၏။ သို့သော်ငြား မမြင်နိုင်သည့် စွမ်းအားတစ်ရပ်သည် သူ့အား နောက်ပြန်မဆုတ်နိုင်အောင် ချုပ်နှောင်ထားခဲ့လေသည်။
ပင်းယွင်၏ လှုပ်ရှားမှုများမှ သိမ်မွေ့ညင်သာသော်ငြား သူမ၏ လှုပ်ရှားမှုများထဲ စိတ်ပင်မကူးနိုင်သည့် စွမ်းအားတို့ ပါဝင်နေခဲ့လေသည်။
“ဂျူနီယာ မှားသွားပါတယ်၊ ကျေးဇူးပြုပြီး ချမ်းသာပေးပါ စီနီယာ” ကျန်းကျိုးကျီမှာ ကြောက်လန့်တကြား ထအော်တော့လေသည်။
ပြောနေစဉ်မှာပင် သူ့လက်ဝါး အပ်စူးသွားသလို ခံစားလိုက်ရလေသည်။ ထို့နောက် လက်ဝါးဆီမှ အရိုးကွဲမတတ် အအေးဓါတ်တို့ ပျံ့နှံ့လာလေ၏။
ကျန်းကျိုးကျီ ရင်တဒုန်းဒုန်း ခုန်သွားလေ၏။
သန့်စင်သော နှင်းပန်းပွင့်တစ်ပွင့်သည် သူ့လက်ဝါးပေါ်တွင် ငှားငှားစွင့်စွင့် ပွင့်လန်းနေခဲ့လေသည်။ အပြစ်အနာအဆာ ကင်းစင်လျက် ကျောက်စိမ်းသားမှ ထွင်းထုထားသည့်နှယ် ကြည်လင်ချောမွတ်လှသော နှင်းပန်းပွင့်လေး ပွင့်လန်းနေသည့် ပုံစံမှာ တကယ်ကို ရင်သက်ရှူမောဖွယ်ရာ မြင်ကွင်းတစ်ရပ်ပင်။
သို့သော် ကျန်းကျိုးကျီတွင်တော့ ထိုမြင်ကွင်းအား ရှူစားနေရန် အချိန်မရှိချေ။ နှင်းပန်းပွင့် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပြင်းထန်လွန်းလှသည့် အအေးဓါတ်တို့ သူ့လက်မောင်းတစ်လျှောက် ပျံ့နှံ့လာခဲ့သည်။ မကြာမီ သူ့လက်မောင်းတစ်ခုလုံး စတင်၍ အေးခဲလာတော့၏။
အအေးဓါတ်သည် သူ့ရင်ဘတ်ထိတိုင် ပျံ့နှံ့လာတော့မည်ကို မြင်သော် ကျန်းကျိုးကျီသည် တစ်ချက်ကလေးပင် တုန့်ဆိုင်းတွေဝေမနေဘဲ လက်ချောင်းကို ဓါးသဖွယ်သုံးလျက် ပခုံးရင်းမှနေ၍ သူ့လက်မောင်းကို ဖြတ်ချပစ်လိုက်လေသည်။
သူ့လက်မောင်း ပြတ်ထွက်သွားသည်နှင့် တစ်ပြိုင်နက် သူ့အား လှုပ်မရအောင် ချုပ်နှောင်ထားသော စွမ်းအားမှာလည်း ပျောက်ကွယ်သွားခဲ့လေသည်။ ထိုအခါ ကျန်းကျိုးကျီသည် တစ်ချက်ကလေးပင် တုန့်နှေးမနေဘဲ ပင်းယွင်နှင့် ခပ်လှမ်းလှမ်းအကွာသို့ ပြန်ဆုတ်သွားလေသည်။ ထို့နောက် ဆေးတစ်လုံးကို ထုတ်သောက်လျက် ပင်းယွင်အား ကြောက်လန့်တကြီးဖြင့် ကြည့်လိုက်၏။
ပင်းယွင် ထုတ်ပြသွားသည့် ခွန်အားအရ ပင်းယွင်သာ သတ်ချင်လျှင် ကျန်းကျိုးကျီ မည်သည့်နည်းနှင့်မှ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ။
ပြစ်စင်ကင်းလဲ့ကျွန်းမှ တပည့်များသည် ထိုမြင်ကွင်းအား မျက်လုံးအပြူးသားဖြင့် လှမ်းကြည့်နေကြလေ၏။
သူတို့ မြင်လိုက်ရသည်မှာ ကျန်းကျိုးကျီ ပင်းယွင်ဆီသို့ လျှောက်သွားပြီး ပင်းယွင်မှ သူ့မလက်ဖြင့် ကျန်းကျိုးကျီ၏ လက်ကို အသာအယာ ထိလိုက်ပြီး ကျန်းကျိုးကျီမှာ သူ့လက်မောင်းသူဖြတ်ကာ နောက်သို့ ကြောက်လန့်တကြား ပြန်ဆုတ်လာသည်ကိုပင်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၄၀၈)
အကုန်လုံးသည် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ပြစ်စင်ကင်းလဲ့ကျွန်းမှ တပည့်များ အသိပြန်မဝင်လာနိုင်သေးခင်မှာပင် ကျန်းကျိုးကျီမှာ ဆိုးဆိုးရွားရွား ဒဏ်ရာရထားပြီးနေလေပြီ။
ထိုအခြင်းအရာကိုကြည့်ရင်း ပြစ်စင်ကင်းလဲ့ကျွန်းမှ တပည့်များ သွေးပျက်မတတ် ကြောက်လန့်သွားကြလေ၏။
“စီနီယာလား” ကျန်းကျိုးကျီ ထိုမိန်းကလေးအား စီနီယာဟု ခေါ်လိုက်သည်ကို အနီရောင်ဝတ်ရုံဝတ် အမျိုးသမီး နားဖြင့် ဆတ်ဆတ် ကြားလိုက်ရပေသည်။
(စီနီယာကျန်းကျိုးကျီကတောင် စီနီယာလို့ ခေါ်ရတယ်ဆိုတော့ အဲ့မိန်းကလေးက... ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ယောက် ဖြစ်နေတာလား) ထိုကဲ့သို့ တွေးမိလိုက်သည့်အခိုက် အနီရောင်ဝတ်ရုံဝတ် အမျိုးသမီးသည် သွက်ချာဝါဒ လိုက်နေသည့်နှယ် တဆတ်ဆတ် တုန်ရီလာခဲ့လေသည်။ သူမ၏ မျက်နှာထက်ရှိ မောက်မာဝံ့ကြွားမှုတို့မှာလည်း ပျောက်ကွယ်ခြင်းမလှ ပျောက်ကွယ်သွားခဲ့ပြီး ကြောက်ရွံ့မှုတို့သည်သာ အစားထိုး ဝင်ရောက်လာခဲ့လေသည်။
“နင်က တကယ်ကို ပြတ်သားတာပဲ” ပင်းယွင်သည် ကျန်းကျိုးကျီကိုကြည့်ရင်း ပြောလိုက်လေသည်။ ပင်းယွင်သည် ကျန်းကျိုးကျီအား လိုက်မသတ်ခဲ့ပေ။ မသတ်ချင်သည့် အတွက်ကြောင့်ပဲလား၊ သူမ၏ ဒဏ်ရာများ ပိုဆိုးသွားမည်ကို စိုးရိမ်သည့် အတွက်ကြောင့်ပဲလား ဆိုသည်ကိုတော့ မည်သူမှ မသိကြချေ။
မည်သို့ပင် ဖြစ်စေကာမူ ကျန်းကျိုးကျီသည် တကယ်ကို ပြတ်သားခဲ့ပေသည်။ သူသာ တုန့်ဆိုင်းနေပါက အအေးဓါတ်သည် သူ့ရင်ဘတ်သို့ရောက်ကာ တစ်ခါတည်း အေးခဲပြီး သေသွားရပေလိမ့်မည်။ လက်ရှိအချိန်တွင် သူ့လက်မောင်းတစ်ဖက်ကို ဆုံးရှုံးလိုက်ရသော်ငြား အနည်းဆုံးတော့ အသက်ရှင်နိုင်ခဲ့ပေသည်။
“စီနီယာ... ဒီကျန်း သတိမထားမိလိုက်လို့ အခုလို ဖြစ်သွားခဲ့ရတာပါ။ စီနီယာဘက်ပဲ သဘောထားကြီးကြီးနဲ့ ကျုပ်တို့အသက်တွေကို ချမ်းသားပေးဖို့ တောင်းဆိုပါတယ်” ကျန်းကျိုးကျီသည် နာကျင်မှုကို အောင့်အည်းရင်း တောင်းပန်လိုက်လေသည်။
ယခု သူတို့အားလုံးမှာ ကျားသနားမှ နွားချမ်းသာရာရမည့် ဘဝသို့ ရောက်နေကြလေပြီ။ ပင်းယွင်သာ သေစေချင်ပါက သူတို့အားလုံး သေရပေလိမ့်မည်။ သေရေးရှင်ရေးနှင့် ယှဉ်လိုက်သော်ငြား ဂုဏ်သိက္ခာမှာ ဘာများ အရေးကြီးပါဦးမည်နည်း။ ထို့အပြင် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးအား တောင်းပန်ရသည်မှာ ရှက်စရာ မဟုတ်ချေ။
ပင်းယွင်သည် ကျန်းကျိုးကျီအား မျက်နှာသေဖြင့် စိုက်ကြည့်လိုက်သည်။ သူမ၏ အကြည့်ကို မြင်ပြီးနောက် ကျန်းကျိုးကျီ ပို၍ စိုးရိမ်လာခဲ့လေသည်။
ခဏအကြာတွင် ပင်းယွင်က လက်ဝှေ့ရမ်း၍ ပြောလိုက်၏ “ထွက်သွားတော့”
ကျန်းကျိုးကျီမှာ အလွန်ကိုမှ ချိုသာလွန်းလှသည့် စကားကို ကြားလိုက်ရသည့်အလား ဝမ်းပန်းတသာဖြင့် အလျင်စလို ဦးညွှတ်လျက် ပြောလိုက်လေသည် “ကျုပ်တို့ အသက်ကို ချမ်းသာပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ”
ထို့နောက် ပြစ်စင်ကင်းလဲ့ကျွန်းမှ တပည့်များဘက်သို့ လှည့်ပြောလိုက်လေ၏ “သွားကြမယ်”
မည်သူမှလည်း ဤနေရာတွင် ဆက်မနေရဲကြတော့ချေ။ ထို့ကြောင့် ကျန်းကျိုးကျီမှ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် နောက်မှ ကျားလိုက်သည့်နှယ် တစ်ချိုးတည်း ပြေးတော့လေ၏။
ရန်ကိုင်ကလည်း သူတို့အား သွားမတားခဲ့ချေ။ ပင်းယွင်၏ ဒဏ်ရာများ မသက်သာသေးမှန်း သူသိနေသည်။ တစ်ဖက်လူသည် ပေါ့သေးသေးမဟုတ်၊ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်သည်။ ခွေးပင်လျှင် ချောင်ပိတ်ခံရပါက ပြန်ကိုက်လေရာ ဧကရာဇ်အဆင့်သို့ ရောက်နေသည့် လူဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့။ ထို့အပြင် တစ်ဖက်လူသည် သူတို့အား ထိခိုက်အောင် မလုပ်ခဲ့လေရာ မလိုအပ်ဘဲ ပြဿနာ မရှာခြင်းက အကောင်းဆုံး ဖြစ်ပေသည်။
ပြစ်စင်ကင်းလဲ့ကျွန်းမှ လူများ ထွက်သွားသည်နှင့် ပင်းယွင်သည် ရန်ကိုင်ဘက်သို့ လှည့်၍ ခံစားချက် တပွေတသီဖြင့် သက်ပြင်းချကာ ပြောလိုက်၏ “မြောက်ဘက်နယ်မြေဆီ ပြန်ရောက်လာမယ်လို့ မထင်ထားဘူး”
“စီနီယာ ဒါက တကယ်ကြီး မြောက်ဘက်နယ်မြေလား” ရန်ကိုင် မျက်ခုံးပင့်သွား၏။
ပင်းယွင် ခေါင်းညိတ်လိုက်လေ၏ “ဟုတ်တယ်။ ဒီပင်လယ်က မြောက်ဘက်နယ်မြေရဲ့ ရေခဲပင်လယ်ပဲ။ ပြီးတော့ ပြစ်စင်ကင်းလဲ့ကျွန်းကလည်း မြောက်ဘက်နယ်မြေရဲ့ ဒေသခံ အင်အားစုတစ်ခုပဲ။ သူတို့ ပြောပြောနေတဲ့ ရမ္မက်ရှာဂိုဏ်းကတော့ မြောက်ဘက်နယ်မြေရဲ့ ထိပ်တန်းအင်အားစု တစ်ခုပေါ့”
ပင်းယွင်သည် မြောက်ဘက်နယ်မြေရှိ ရေခဲနှလုံးသားတောင်ကြား၏ တည်ထောင်သူ ဖြစ်သည့်အတွက်ကြောင့် မြောက်ဘက်နယ်မြေအကြောင်းကို ခရေစေ့တွင်းကျကျ သိထားသည်မှာ အထူးအဆန်း မဟုတ်ချေ။
ထိုသို့ ပြောပြီးနောက်တွင် ပင်းယွင်သည် ဖန်ရှင်းတို့ဘက်သို့လှည့်၍ ပြောလိုက်လေ၏ “နင်တို့ ဆရာ့ဂိုဏ်းဆီ သွားကြည့်ချင်လား”
ဖန်ရှင်တို့ ညီအစ်မအားလုံး ခေါင်းညိတ်ပြလိုက်ကြသည်။ သူတို့သည် ပင်းယွင်၏ တပည့်များ ဖြစ်ကြသော်ငြား ရေခဲနှလုံးသားတောင်ကြားဆီကိုတော့ တစ်ခါမှ မရောက်ဖူးသေးချေ။ ထို့ကြောင့် သူမတို့ဆရာ၏ဂိုဏ်း မည်ကဲ့သို့ ဖြစ်သလဲ ဆိုသည်ကို သွားကြည့်ချင်မိပေသည်။
“အဲ့ဒါဆို သွားကြတာပေါ့။ ငါလည်း ဂိုဏ်းဆီ မရောက်ဖြစ်တာ ကြာနေပြီ” ပင်းယွင်က ယဲ့ယဲ့လေးပြုံးလိုက်၏ “အခုအချိန် အဲ့ကောင်မလေးတွေ ဘာလုပ်နေကြမလဲမသိဘူး”
သူမပြောသည့် “ကောင်မလေးတွေ” ဆိုသည်မှာ ရေခဲနှလုံးသားတောင်ကြားကို တည်ထောင်ပြီး ပထမဆုံး လက်ခံခဲ့သည့် တပည့်အသုတ် ဖြစ်ပေသည်။ ထိုတပည့် တော်တော်များများသည် ယခုအချိန်လောက်ဆိုလျှင် ဧကရာဇ်အဆင့် ပညာရှင်များ ဖြစ်နေလောက်ပေပြီ။ ပင်းယွင်သည်သာ ထိုလူများအား “ကောင်မလေးများ” ခေါ်ရန် အရည်အချင်း ရှိပေသည်။
“စီနီယာ၊ ခင်ဗျားရဲ့ ဒဏ်ရာတွေက...” ရန်ကိုင်သည် ပင်းယွင်အား စိုးရိမ်တကြီးဖြင့် ကြည့်လိုက်လေသည်။
“အရှင်း မပျောက်သေးပေမယ့် မတိုက်ခိုက်သရွေ့ ကိစ္စမရှိဘူး” ပင်းယွင်က ပြောလိုက်သည်။
အစောပိုင်းက ပင်းယွင်သည် ကျန်းကျိုးကျီအား တိုက်ကွက် တစ်ကွက်တည်းဖြင့် ဆိုးဆိုးရွားရွား ထိခိုက်သွားအောင် လုပ်နိုင်ခဲ့သော်ငြား သူမ၏ စွမ်းအား များများစားစားကို ထုတ်မသုံးခဲ့ချေ။ အကြောင်းမှာ ကျန်းကျိုးကျီမှ အထင်သေးခဲ့သည့် အတွက်ကြောင့် ဖြစ်သလို သူတို့ကြားရှိ ကျင့်ကြံခြင်း ကွာခြားချက်ကြောင့်လည်း ဖြစ်ပေသည်။ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သည့်အလျောက် ပင်းယွင်အနေဖြင့် ကျန်းကျိုးကျီကဲ့သို့သော ဧကရာဇ်ပထအဆင့် ပညာရှင်အား အလွယ်လေး ဖိနှိပ်ပစ်နိုင်ပေသည်။ ဒဏ်ရာရနေသည် ဆိုလျှင်ပင် ဆင်ပိန်ကျွဲလောက် ရှိသည်ဟု ဆိုသည့်အတိုင်း ပင်းယွင်သည် ကျန်းကျိုးကျီ ယှဉ်နိုင်သည့် လူတစ်ဦး မဟုတ်သေးချေ။
ဖန်ရှင်းနှင့် အခြားသူများမှာ ရေခဲနှလုံးသားတောင်ကြားသို့ သွားချင်သည့် အတွက်ကြောင့် ရန်ကိုင်လည်း သူတို့နောက်သို့သာ လိုက်ရတော့သည်။ နောက်ပိုင်း စုယန် ဤနေရာသို့ ရောက်လာသော် သူမအနေဖြင့် ရေခဲနှလုံးသားတောင်ကြားထဲသို့ ဝင်သည်မှာ ကောင်းမွန်သည့် ကိစ္စရပ်တစ်ခုဖြစ်သည်။ သူမ ကျင့်ကြံထားသည့် ကျင့်စဉ်နှင့် သိုင်းပညာရပ်များမှာ ရေခဲနှလုံးသားတောင်ကြားနှင့် အလွန်ကိုမှ ပနံသင့်လှသည် မဟုတ်ပေလော။
ထို့အပြင် လျို့ရှန်းယွင်ကိုလည်း ရေခဲနှလုံးသားတောင်ကြား၌ ထားခဲ့ရန် ရန်ကိုင် စီစဉ်ထားသေး၏။ ရန်ကိုင်တွင် လုပ်စရာကိစ္စများစွာ ရှိနေသည့်အတွက်ကြောင့် လျို့ရှန်းယွင်ကို သွားလေရာ ခေါ်သွားဖို့ရာ မဖြစ်နိုင်ချေ။
မည်သို့ပင်ဖြစ်စေ ရေခဲနှလုံးသားတောင်ကြားသည် သူမအတွက် အသင့်တော်ဆုံး ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။ ရေခဲနှလုံးသားတောင်ကြားသည် အမျိုးသမီးတပည့်များကိုသာ လက်ခံသလို လျို့ရှန်းယွင်၏ ကျင့်ကြံခြင်းမှာလည်း တာအိုသခင်ပထမအဆင့်သို့ ရောက်နေ၏။ ယခုအချိန်အထိ ဤအဆင့်သို့သာ ရောက်ရခြင်းမှာ ကျင့်ကြံဖို့ရာအတွက် အရင်းအမြစ် အလုံအလောက်မရှိသည့် အတွက်ကြောင့် ဖြစ်ပေသည်။ သူမသာ ဂိုဏ်းတစ်ဂိုဏ်းဂိုဏ်းအပေါ် အားကိုးနိုင်မည် ဆိုပါက သူမ၏ ကျင့်ကြံနှုန်းမှာ ယခုထက်ပိုမို မြန်ဆန်နေပေလိမ့်မည်။
အဆင့်နိမ့်ကြယ်စီရင်စုကြီးများမှ လာကြသည့် ကျင့်ကြံသူများမှာ အရည်အသွေးကောင်းများကို ပိုင်ဆိုင်ထားလေ့ ရှိကြသည်။ ပင်းယွင်ကို ဤကိစ္စနှင့် ပက်သက်၍ သွားမပြောရသေးသော်ငြား သူဘက်မှ တောင်းဆိုမည်ဆိုပါက ပင်းယွင် လုံးဝ ငြင်းလိမ့်မည် မဟုတ်မှန်း ရန်ကိုင် သိနေပေသည်။
လင်းယင်ချင်းတို့ အဖွဲ့နှင့်ပက်သက်၍ ဘာလုပ်ရမယ်မှန်း ရန်ကိုင် မစဉ်းစားထားရသေးချေ။
ထို့ကြောင့် လင်းယင်ချင်းဘက်သို့ လှည့်မေးလိုက်လေ၏ “အစ်မလင်း နောက်ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ”
လင်းယင်ချင်းက တစ်ခဏမျှ စဉ်းစားပြီးနောက် ပြန်ပြောလိုက်လေ၏ “အရှေ့ဘက်နယ်မြေဆီ သွားရင်ကောင်းမလားလို့ စဉ်းစားနေတာ”
“အရှေ့ဘက်နယ်မြေ” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။
အနားတွင်ရှိနေသော ပင်းယွင်က ပြောလိုက်လေသည် “နင်တို့က ရန်ကိုင်ရဲ့ မိတ်ဆွေတွေ ဆိုမှတော့ နင်တို့ စိတ်ဝင်စားရင် ဒီဘုရင်မရဲ့ ဂိုဏ်းထဲ ဝင်လို့ရတယ်”
လင်းယင်ချင်းက ပြန်၍ ပြောလိုက်လေသည် “အခုလို စိတ်ပူပေးတဲ့အတွက် စီနီယာကို ကျေးဇူးအများကြီးတင်ပါတယ်။ ဒါပေမယ့် ဂျူနီယာရဲ့ ယောကျာ်းက အရှေ့ဘက်နယ်မြေက ကောင်းကင်မြေခွေးဂိုဏ်းက လာတာဆိုတော့ သူ့အရိုးပြာကို အဲ့ဂိုဏ်းဆီ ပြန်ယူသွားပေးချင်လို့ပါ။ ပြီးတော့ ဒါကလည်း သူ့ရဲ့ ဆန္ဒ ဖြစ်နေလို့ပါ”
သူမယောကျာ်းအကြောင်း ပြန်ပြောသည့်အခါ လင်းယင်ချင်း၏ အမူအရာ ညိုးကျသွားခဲ့လေသည်။ သူမတို့နှစ်ဦး၏ ပျော်ရွှင်ဖွယ်ရာ အဖြစ်အပျက်များကို ပြန်တွေးမိလိုက်သည့်အလား လင်းယင်ချင်း၏ မျက်လုံးလေးများ အနည်းငယ် ရဲတက်လာခဲ့လေသည်။
ပင်းယွင်က ပြောလိုက်၏ “ကောင်းပြီလေ။ အရှေ့ဘက်နယ်မြေကို သွားရတာ လွယ်မှာတော့ မဟုတ်ဘူး။ ဒီတော့ ဂရုစိုက်ဦး။ ပြီးတော့ နင့်ယော်ကျားအရိုးပြာကို ပြန်ပို့ပေးပြီးလို့ နေစရာနေရာ ရှာမတွေ့သေးရင် ရေခဲနှလုံးသားတောင်ကြားဆီကိုသာ ပြန်လာလိုက်။ ဒီကတံခါးကို နင်တို့အတွက် အမြဲ ဖွင့်ပေးထားတယ်”
လင်းယင်ချင်းက ကျေးဇူးတင်ကြီး ပြောလိုက်၏ “ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ”
“ကုန်းပေါ် အရင်တက်ကြတာပေါ့” ပင်းယွင်က ရန်ကိုင်အား ကြည့်လျက် ပြောလိုက်လေသည်။
ရန်ကိုင်သည် သင်္ဘောတစ်စင်းကိုထုတ်၍ ပင်းယွင်၏ ညွှန်ကြားချက်အတိုင်း အနီးဆုံး ကမ်းခြေတစ်ခုဆီသို့ မောင်းနှင်သွားလေ၏။
ဟင်းလင်းပြင်ပင်လယ်ကြီးနှင့် ယှဉ်လိုက်သော် ဤရေခဲပင်လယ်သည် အတော့်ကို အန္တရာယ်ကင်းပေသည်။ ထို့ကြောင့် ရန်ကိုင်တို့ခရီးမှာ မည်သည့် အန္တရာယ်နှင့်မှ ကြုံရခြင်းမရှိဘဲ ချောချောမွေ့မွေ့ ရှိနေခဲ့သည်။ ပင်းယွင်သည် သင်္ဘောထဲတွင်နေ၍ သူမ၏ ဒဏ်ရာများကို ပြန်ကုစားနေချိန် ရန်ကိုင်သည် လျို့ရှန်းယွင်အား သူမကို ရေခဲနှလုံးသားတောင်ကြား၌ ထားခဲ့မည့်အကြောင်းကို ပြောပြလိုက်လေသည်။
လျို့ရှန်းယွင်မှာတော့ သဘောမတူချင်တူချင်ဖြင့် သဘောတူလိုက်၏။
သူတို့နှစ်ဦးကြားရှိ ခွန်အားကွာခြားချက်မှာ ကြီးမားလွန်းသည့် အတွက်ကြောင့် ရန်ကိုင်နောက်သို့ ဆက်လိုက်နေပါက ရန်ကိုင်ကိုသာ ဝန်ထုပ်ဝန်ပိုး ဖြစ်စေလိမ့်မည်မှန်း လျို့ရှန်းယွင် သိထားသည်။ ထို့ကြောင့် ရေခဲနှလုံးသားတောင်ကြားထဲသို့ ဝင်လိုက်ခြင်းက သူမအတွက်ရော၊ ရန်ကိုင်အတွက်ပါ ပိုမိုကောင်းမွန်ပေသည်။
လျို့ရှန်းယွင်၏ သဘောတူညီချက်ကို ရပြီးနောက်တွင် ရန်ကိုင်သည် ထိုအကြောင်းကို ဆွေးနွေးရန်အတွက် ပင်းယွင်ကို သွားရှာလေသည်။
ပင်းယွင်ကမူ တုန့်ဆိုင်းနေခြင်းမရှိ၊ ချက်ချင် သဘောတူလိုက်၏။ ရေခဲနှလုံးသား တောင်ကြား၏ တည်ထောင်သူ ဖြစ်သည့်အတွက်ကြောင့် သူမသာ တပည့်လက်ခံလိုလျှင် မည်သူမှ ငြင်းနိုင်လိမ့်မည် မဟုတ်ချေ။
ငါးရက်ကြာပြီးနောက်တွင် ကုန်းမြေတစ်ခုကို ရန်ကိုင်တို့ မြင်လိုက်ရလေ၏။
ရန်ကိုင်သည် သင်္ဘောပေါ်ရှိ လူများကို စုဝေးစေလိုက်ပြီး ပင်းယွင်ကိုကြည့်ကာ ပြောလိုက်လေသည် “လက်ရှိ ပုံစံအရတော့ စီနီယာရုပ်ဖျက်သွားရင် ကောင်းလိမ့်မယ် ထင်တယ်”
လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ကျန်းကျိုးကျီသည် ပင်းယွင်အားမြင်ပြီး ရမ္မက်စိတ် မွှန်သွားခဲ့သည်။ ထို့ကြောင့် ပင်းယွင်၏ ရုပ်ရည်ကြောင့် နောက်ထပ် ပြဿနာ တက်မည်ကို ရန်ကိုင် စိတ်ပူပေသည်။
ရန်ကိုင်၏ စကားကိုကြားသော် ဖန်းရှင်းတို့ နှုတ်ခမ်းလေး ကွေးလိုက်ကြ၏။ သူတို့သည်လည်း ကြည့်ကောင်းပါသော်ငြား ပင်းယွင်နှင့်တော့ ယှဉ်လို့ မရသေးချေ။ မည်သည့် မိန်းကလေးမှ ပင်းယွင်လောက် သန့်စင်တောက်ပြောင်ခြင်းမရှိချေ။ ပင်းယွင်အား မြင်လိုက်သည့်လူတိုင်း ဤအမျိုးသမီးသည် သူတို့ဘဝကြီးကို ပုံအပ်၍ ကာကွယ်ပေးရမည့် အမျိုးသမီးတစ်ဦး ဖြစ်သည်ဟု ခံစားသွားကြရပေလိမ့်မည်။
“အဲ့တဏှာစိတ်ငယ်ထိပ် ရောက်နေတဲ့ ကောင်တွေကြောင့်ပဲ ငါတို့လိုလူတွေ အမြဲ ပြဿနာတက်ရတာ” ပင်းယွင်က အေးစက်စက် အမူအရာဖြင့် ပြောလိုက်လေသည်။
ရန်ကိုင်သည် နဖူးထက်ရှိ ချွေးများကိုသုတ်လျက် “စီနီယာ၊ အဲ့စကားကို ပြောနေတဲ့အချိန် ဘာလို့ ကျုပ်ကို စိုက်ကြည့်နေတာလဲ။ ဒီကိစ္စက ကျုပ်နဲ့ ဘာမှမှ မဆိုင်တာ”
“ဟွန့်” ပင်းယွင် နှာခေါင်းရှုံ့လိုက်၏။ သို့သော်ငြား ရန်ကိုင့် ပြောသည်မှာ အမှန် ဖြစ်သဖြင့် ပြန်ငြင်းမနေခဲ့ချေ။
ရန်ကိုင်သည် သိုလှောင်လက်စွပ်ထဲမှ တစ်ခုခုကိုထုတ်၍ ပင်းယွင်ကို ပေးလိုက်၏ “စီနီယာ ကြိုက်တယ်ဆိုရင် ဒါကို သုံးလို့ရပါတယ်”
“လက်ရာကတော့ မဆိုးဘူးပဲ။ နင်ဒါကို ဘယ်ကနေ ရလာတာလဲ” ပင်းယွင်က ရန်ကိုင် ပေးလာသည့် မျက်နှာဖုံးကိုကြည့်ရင်း နှုတ်ခမ်းလေးကွေးလျက် မေးလိုက်လေသည်။
“ဆန်းတဲ့ဆီကနေ ရတာပါ” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်၏။
ဆန်းတဲ့ ပင်လယ်ထဲသို့ ထွက်စဉ်က ဤမျက်နှာဖုံးကို သုံးခဲ့သည်။ ဆန်းတဲ့မှန်း အစောကြီးကတည်းက သိထားသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ဆန်းတဲ့ကို လုံးဝ မှတ်မိလိမ့်မည် မဟုတ်ချေ။ ထို့နောက်ပိုင်းတွင် လျို့ယန်နှင့် ဟွာချင်းစီတို့ အတူပူးပေါင်း၍ ဆန်းတဲ့အား သတ်ပစ်ကာ သူ့ပိုင်ဆိုင်မှုအားလုံးကို သိမ်းယူခဲ့လေသည်။ ဤသို့ဖြင့် မျက်နှာဖုံးသည် ရန်ကိုင်၏ အပိုင် ဖြစ်လာခဲ့လေ၏။
ရန်ကိုင်၏စကားကိုကြားသော် မျက်နှာဖုံးဆီသို့ သွားနေသော ပင်းယွင်၏လက် တုန့်ခနဲ ရပ်သွားလေသည်။ ထို့နောက် ရွံ့ရှာနေသည့် အမူအရာဖြင့် “ဒါကို သူလုပ်ထားတာလား။ သူဒါကိုကော ဝတ်ခဲ့သေးလား”
“ဝတ်တယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်၏။
ပင်းယွင်သည် ရန်ကိုင်အား စူးရဲစွာစိုက်ကြည့်လျက် “အဲ့ဒါဆို ငါဒါကိုမဝတ်ဘူး”
(ဒီကောင် ငါ့ကို ဘာမှတ်နေတာလဲ။ အဲ့ရွံစရာသက်ကြားအိုကြီး ဝတ်ထားတာကို ငါ့ကို လာဝတ်စေချင်နေတာလား)
ပင်းယွင်သည် လက်ကွက်အချို့ ဖန်တီးလိုက်ရာ သူမ၏ မျက်နှာမှာ စတင်၍ ပြောင်းလဲလာလေသည်။
တစ်ခဏအကြာ၌ သူမ၏ ရုပ်ရည်မှာ လုံးဝ ပြောင်းလဲသွားလေ၏။ လှမြဲလှနေဆဲ ဖြစ်သည့်တိုင် ယခင်ကကဲ့သို့ အလွန်အကျွံ့ ချောမောလှပနေခြင်း မရှိတော့ချေ။
“စီနီယာကို ကြည့်ရတာ ရုပ်ပြောင်းရုပ်လွှဲလုပ်တဲ့နေရာမှာ တော်တော် ကျွမ်းတဲ့ပုံပဲ”
ပင်းယွင်က ပြန်ပြောလိုက်လေ၏ “ဒီလောက် နှာဗူးကောင်တွေ များနေတဲ့နေရာမှာ ဒီလောက်မှ မတတ်ထားဘဲနဲ့ ငါဒီအတိုင်း လျှောက်သွားနိုင်မယ်လို့ နင်ဘယ်လို ထင်နေတာလဲ”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၄၀၉)
ရန်ကိုင်တို့အဖွဲ့သည် သူ၏သင်္ဘောဖြင့် တောအုပ်ကြီးကိုဖြတ်၍ ပျံသန်းနေခဲ့လေသည်။
လက်ရှိတွင် သင်္ဘောကုန်းပတ်ပေါ်၌ ရှိနေသည့်သူများဆို၍ ရန်ကိုင်၊ လျို့ရှန်းယွင်နှင့် ရေခဲနှလုံးသားတောင်ကြား၏ တပည့်များသာ ရှိတော့သည်။ လင်းယင်ချင်းသည် ကုန်းပေါ်သို့ ရောက်စဉ်ကတည်းက ထွက်သွားလေပြီ။ အရှေ့ဘက်နယ်မြေတွင် ရှိနေသော ကောင်းကင်မြေခွေးဂိုဏ်းသို့ ပြန်၍ သူမယောက်ျား၏ အရိုးပြာများကို မြန်နိုင်သမျှ မြန်မြန် ပြန်ပို့ပေးချင်နေခဲ့သည်။
ကျောင်းရီနှင့် အခြားသူများသည်လည်း လင်းယင်ချင်းနောက်သို့ လိုက်သွားကြပေသည်။
လက်ရှိ ရန်ကိုင်တို့အဖွဲ့သည် ရေခဲနှလုံးသားတောင်ကြားဆီသို့ ဦးတည်နေခြင်း ဖြစ်ပေသည်။ ရေခဲနှလုံးသားတောင်ကြားသည် ရေခဲပင်လယ်မှ အတော်လေးဝေးကွာသည့် နေရာတွင် ရှိနေသည့် အတွက်ကြောင့် ထိုနေရာသို့ရောက်ရန် ဆယ်ရက်မှ လဝက်ခန့်အထိ ကြာမြင့်နိုင်ပေသည်။ ကံကောင်းစွာဖြင့် ပင်းယွင်သည် မြောက်ဘက်နယ်မြေအကြောင်းကို စေ့စေ့စပ်စပ် သိထားပေသည်။ ထို့အတွက်ကြောင့် လမ်းပျောက်မည်ကို ရန်ကိုင်တို့ စိုးရိမ်စရာ မလိုပေ။
ရက်အနည်းငယ်ခန့် ကြာပြီးသည့်နောက်တွင် သင်္ဘောဝမ်းတွင်းထဲ ထိုင်နေစဉ် သင်္ဘောကုန်းပတ်ပေါ်မှ ရုတ်ရုတ် ရုတ်ရုတ် အသံများကို ကြားလိုက်ရသဖြင့် ထိတ်လန့်သွားခဲ့ပြီး ချက်ချင်း ဘာတွေဖြစ်နေသလဲ စစ်ဆေးရန် သင်္ဘောကုန်းပတ်ပေါ်သို့ ပြေးတက်သွားလေသည်။
ဖန်ရှင်းနှင့် အခြားသူများသည် အဝေးတစ်နေရာဆီသို့ လှမ်းကြည့်ရင်း သင်္ဘောကုန်းပတ်ပေါ်တွင် ရပ်နေကြလေသည်။
“ဘာဖြစ်လို့လဲ….” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။
“စီနီယာအစ်ကိုရန်…” ရန်ကိုင့်ကိုမြင်ပြီးသည့်နောက် ဖန်ရှင်းသည် တစ်နေရာဆီသို့ ညွှန်ပြလျက် ပြောလိုက်လေသည်။ “ဟိုမှာ တိုက်ပွဲတစ်ခု ဖြစ်နေတယ်… ပြီးတော့ ကြည့်ရတာ လူအုပ်ကြီးတစ်အုပ်က ကောင်မလေးတစ်ယောက်ကို ဝိုင်းပြီး တိုက်ခိုက်နေကြတဲ့ ပုံပဲ…”
ရန်ကိုင်လည်း ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်ရာ သူတို့သင်္ဘောနှင့် မိုင်အနည်းငယ်ခန့် ဝေးကွာသည့် နေရာတွင် တိုက်ပွဲတစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။ တိုက်ခိုက်ခံနေရသည့် အမျိုးသမီး၏ ကျင့်ကြံခြင်းမှာ မဆိုးလှ။ တာအိုသခင်တတိယအဆင့်သို့ ရောက်နေ၏။ သူမ၏ အရင်းအမြစ်ချီမှာလည်း အတော်လေးကိုမှ အားကောင်းလှပေသည်။ ထို့အပြင် သူမအသုံးပြုနေသော မှော်ရတနာများမှာလည်း အလွန်ကိုမှ အဆင့်မြင့်လှလေရာ ယခုအချိန်အထိ တင်းခံထားနိုင်ရခြင်းမှာ ထိုမှော်ရတနာများကြောင့်လည်း ဖြစ်ဟန်တူသည်။
သူမအား တိုက်ခိုက်နေကြသည့် လူများအနက် နှစ်ဦးမှာ တာအိုသခင် တတိယအဆင့်များ ဖြစ်ကြပေသည်။ သို့သော်ငြား ဘာကြောင့်မှန်းမသိ ထိုလူနှစ်ဦးသည် သူမအား အကြမ်းပတမ်း တိုက်ခိုက်ခြင်းမရှိဘဲ ခပ်လှမ်းလှမ်းမှနေ၍ သူမ အားမကုန် ကုန်အောင် အချိန်ဆွဲကာ တိုက်ခိုက်နေကြသည်။ ကြည့်ရသလောက် ထိုလူများသည် ထိုကောင်မလေးအား အသက်ရှင်လျက် ဖမ်းဆီးချင်နေသည့်ပုံပင်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုကောင်မလေးသည် ဂိုဏ်းကြီးတစ်ဂိုဏ်းဂိုဏ်းမှ လက်ရွေးစင်တပည့်တစ်ဦးမှန်း ရန်ကိုင် ပြောနိုင်ပေသည်။ သူမကို ကြည့်ရသည်မှာ ရှရှန်း၊ ဝူချန်းတို့အောက် အားနည်းခြင်းမရှိချေ။ တကယ်သာတိုက်ခိုက်မည်ဆိုလျှင် ထိုအမျိုးသမီးသည် ရှရှန်း၊ ဝူချန်းတို့နှင့်ပင် လက်ရည်တူ တိုက်ခိုက်နိုင်လောက်သည်။
တောင်ဘက်နယ်မြေထဲရှိ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းချင်းစီတွင် ရှရှန်း၊ ဝူချန်းတို့ကဲ့သို့သော တက်သစ်စကြယ်ပွင့်များ ရှိလေရာ မြောက်ဘက်နယ်မြေထဲရှိ ဂိုဏ်းများတွင်လည်း ထိုကဲ့သို့သော လက်ရွေးစင်ပညာရှင်များ မရှိစရာအကြောင်း မရှိချေ။
ထိုကောင်မလေးကို တိုက်ခိုက်နေကြသည့် လူများမှာ ကောင်မလေး မည်သူဖြစ်သလဲ ဆိုသည်ကို သိထားကြလောက်သည်။ ထို့အတွက်ကြောင့်ပင်လျှင် သူမအား ထိခိုက်စေလိုခြင်း မရှိဘဲ အသက်ရှင်လျက် ဖမ်းဆီးလိုခြင်း ဖြစ်လောက်၏။
ထိုအချက်ကို စဉ်းစားမိလိုက်သော် ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်လေသည်။ “ကြယ်တာရာအစုအဝေးထဲမှာ အခုလိုတွေဖြစ်တာ ဓမ္မတာပဲ… သူများကိစ္စတွေမှာ ဝင်စွက်ဖက်တိုင်း ကောင်းတာမဟုတ်ဘူး…”
ယောက်ျားတစ်အုပ်ကြီးမှ အမျိုးသမီးတစ်ဦးအား ဝိုင်းဝန်းတိုက်ခိုက်နေကြသည်မှာ ရှက်ဖွယ်ကောင်းသည့် ဖြစ်ရပ်တစ်ခု ဖြစ်သော်ငြား ဤကဲ့သို့သော ဖြစ်ရပ်များသည် ကြယ်တာရာအစုအဝေးထဲ၌ ဖြစ်နေကြပင်ဖြစ်သည်။ ထို့အတွက်ကြောင့် သူများကိစ္စတွင် ရန်ကိုင် ဝင်မပါချင်ပေ။ ထို့အပြင် ထိုအမျိုးသမီးသာ အစွမ်းကုန်ထုတ်သုံး၍ တိုက်ခိုက်မည်ဆိုပါက ထိုလူများလက်မှပင် လွတ်ကောင်းလွတ်နိုင်ပေသည်။ ယခုကဲ့သို့ အဝိုင်းခံထားရခြင်းမှာ သူမ၏ စွမ်းအားအကုန်အစင်ကို ထုတ်မသုံးသေးသည့် အတွက်ကြောင့်သာ ဖြစ်သည်။
“ဒါပေမဲ့ စီနီယာအစ်ကိုရန်…” ဖန်ရှင်းက ရန်ကိုင့်အား စိုးရိမ်တကြီးဖြင့် ကြည့်လျက် “အဲ့ကောင်မလေးသုံးနေတဲ့ သိုင်းပညာရပ်တွေက ရေခဲနှလုံးသားတောင်ကြားက သိုင်းပညာရပ်တွေနော်… သူမကိုကြည့်ရတာ ကျွန်မတို့ရဲ့ စီနီယာအစ်မတစ်ယောက်တောင် ဖြစ်ရင် ဖြစ်နေနိုင်တယ်…”
“ရေခဲနှလုံးသားတောင်ကြားရဲ့ တပည့်တစ်ယောက်…” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ “နင်သေချာလို့လား…”
ဖန်ရှင်းက ပြန်ပြောလိုက်လေသည်။ “သေချာတာပေါ့… ကျွန်မတို့အကုန်လုံး ဆရာပေးထားတဲ့ ကျင့်စဉ်တွေ သိုင်းပညာရပ်တွေကိုပဲ ကျင့်ကြံနေတာ… လုံးဝမမှားနိုင်ဘူး… အခု ကျွန်မတို့စီနီယာအစ်မတစ်ယောက်က ဒုက္ခရောက်နေတယ်ဆိုမှတော့ ကျွန်မတို့ ဒီအတိုင်းရပ်ကြည့်နေလို့ မဖြစ်ဘူးလေ…”
ဖန်ရှင်းပြောသည့်အခါမှသာ ရန်ကိုင်လည်း နောက်တစ်ကြိမ် သေချာ ထပ်ကြည့်မိလိုက်လေသည်။ သူမပြောသည့်အတိုင်းပင် အဝိုင်းခံထားရသည့် အမျိုးသမီးသည် ရေခဲဓာတ်နှင့် သက်ဆိုင်သော သိုင်းပညာရပ်များကို အသုံးပြုနေကြောင်း တွေ့ရှိလိုက်ရသည်။ သူမ၏ မှော်ရတနာဆီမှ ထုတ်လွှတ်နေသော စွမ်းအင်သည်ပင်လျှင် အရိုးခိုက်မတတ် အေးစက်လှပေသည်။ ဖန်ရှင်းပြောသည့်အတိုင်း ထိုကောင်မလေးသည် ရေခဲနှလုံးသားတောင်ကြား၏ တပည့်တစ်ဦး ဖြစ်လောက်ပေသည်။
သို့သော်ငြား ရေခဲနှလုံးသားတောင်ကြားသည် မြောက်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း ဖြစ်လေရာ သူတို့၏တပည့်များ ယခုကဲ့သို့ ဝိုင်းဝန်းတိုက်ခိုက်ခံရခြင်းမှာ ရှားပါးလှသည့်ကိစ္စတစ်ရပ် ဖြစ်လေသည်။ ထိုသို့ဖြစ်လေရာ ဤကောင်မလေးသည် မည်ကဲ့သို့များ ဤအခြေအနေနှင့် ကြုံတွေ့နေရလေသနည်း။ သူမအား တိုက်ခိုက်နေသည့် လူများကရော မည်သည့်အင်အားစုမှ ဖြစ်လေသနည်း။
“စီနီယာအစ်ကို…” ရန်ကိုင်ရပ်ကြည့်နေသေးသည်ကို မြင်သော် လျို့ရှန်းယွင်ကလည်း တောင်းဆိုလိုက်လေသည်။ သူမသည် ရေခဲနှလုံးသားတောင်ကြား၏ တပည့်တစ်ဦး ဖြစ်နေပြီ ဖြစ်သည့်အတွက်ကြောင့် သူမ၏ဂိုဏ်းမှ စီနီယာတစ်ဦး လူပေါင်းများစွာ၏ ဝိုင်းဝန်းတိုက်ခိုက်ခံနေရသည်ကို မြင်သော် ဆက်၍ ရပ်ကြည့်မနေနိုင်တော့ချေ။ သို့သော်ငြား သူမ၏ကျင့်ကြံခြင်းမှာ နိမ့်ကျလွန်းသည့်အတွက်ကြောင့် မျှော်လင့်ချက်အားလုံးကို ရန်ကိုင့်ဆီသို့သာ စုပုံထားရလေတော့လေ၏။
“အင်း… သူကသာ ရေခဲနှလုံးသားတောင်ကြားရဲ့ တပည့်တစ်ယောက်ဆိုရင်တော့ ငါတို့ ဒီအတိုင်း ရပ်ကြည့်နေလို့မဖြစ်ဘူး…” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီးနောက် လက်ကွက်တစ်ခု ဖော်ဆောင်လျက် သင်္ဘော၏ဦးတည်ရာလမ်းကြောင်းကို တိုက်ပွဲဖြစ်နေသည့်ဘက်ဆီသို့ ပြောင်းလဲလိုက်လေသည်။
ထို့နောက် ခဏလေးအတွင်း သင်္ဘောသည် တိုက်ပွဲဖြစ်နေသည့် နေရာဆီသို့ ရောက်လာခဲ့လေသည်။
အခြားလူတစ်ဦး ချဉ်းကပ်လာနေသည်ကိုမြင်သော် တိုက်ခိုက်နေကြသည့် အဖွဲ့နှစ်ခုစလုံး၏ အမူအယာပြောင်းလဲသွားခဲ့ကြသည်။
အမျိုးသမီးမှာ စိုးရိမ်နေသည့်အလား မျက်မှောင်ကြုတ်သွားခဲ့ပြီး သူမအား တိုက်ခိုက်နေသည့် ကျင့်ကြံသူများမှာတော့ မကျေမနပ်ဖြစ်သွားသည့်အလား ရန်ကိုင်တို့အား ခက်ထန်သည့် အမူအယာများဖြင့် စိုက်ကြည့်လာကြလေသည်။
အနီးရောက်လာသည့်အခါ ရေခဲနှလုံးသားတောင်ကြား၏ တပည့်သည် အတော်လေးကိုမှ လှပသည့် မိန်းမချောလေးတစ်ဦး ဖြစ်နေမှန်း ရန်ကိုင် တွေ့ရှိသွားရသည်။ သူမ၏ ဆံကေသာတို့သည် ကောင်းကင်ထက်တွင် လွင့်မျောနေသော တိမ်စိုက်တိမ်တိုက်များနှယ် တလူလူ လွင့်ပျံနေခဲ့လေသည်။ နက်မှောင်ရွှန်းစိုကာ ဇင်ယော်တောင်နှယ် ကွေးညွတ်နေသည့် မျက်ခုံးမှာ အကြည့်မလွှဲရက်နိုင်စရာ။
ရန်ကိုင်တို့ရောက်လာသည်ကို သတိထားမိသော် သူမ၏မျက်ဝန်းလေးများ တောင်ကြည့်မြောက်ကြည့် ဖြစ်သွားခဲ့လေသည်။ အချိန်အတော်ကြာအောင် တိုက်ခိုက်နေခဲ့ရသည့် အတွက်ကြောင့်လားမသိ မိန်းမချောလေးမှာ မောကြီးပန်းကြီး အသက်ရှူနေရသည်။ ကျောက်စိမ်းသားနှယ် ချောမွတ်လှသည့် သူမ၏ ပါးပြင်လေးများမှာ ချွေးသံတရွှဲရွှဲနှင့် နီမြန်းနေခဲ့သော်ငြား သူမ၏အသားအရေမှာတော့ နီမြန်းခြင်းမရှိ၊ နှင်းသားပမာ ဖြူဖွေးမြဲဖြူဖွေးနေဆဲ။
သူမဆီမှ ဖြာထွက်နေသည့် အရှိန်အဝါသည် ပင်းယွင်၏အရှိန်အဝါကဲ့သို့ပင် သန့်စင်ရှင်းသန့်လှပေသည်။
ထိုအချက်များကို တွေ့ရှိလိုက်သည့်နောက် ဤမိန်းမချောလေးသည် ရေခဲနှလုံးသားတောင်ကြား၏ တပည့်တစ်ဦးမှန်း ရန်ကိုင် လုံးဝ သေချာသွားတော့သည်။
သူမ၏အရှိန်အဝါကို ကြည့်ရုံဖြင့်ပင်လျှင် ရန်ကိုင် ခန့်မှန်းမိပေသည်။ ထို့ကြောင့် သင်္ဘောကုန်းပတ်ပေါ်တွင် ရပ်လျက် အမျိုးသမီးအား ခေါင်းညိတ်ပြလိုက်လေ၏။
ထိုအချင်းအရာကိုမြင်သော် အမျိုးသမီးအား ပို၍ပင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ရန်ကိုင် သူမအား တိုက်ခိုက်ရန် လာခြင်းမဟုတ်မှန်း ခံစားမိသော်ငြား ရန်ကိုင် ဘာကြောင့် သူမအား ကူညီနေမှန်းကို နားမလည်နိုင် ဖြစ်နေခဲ့သည်။
“ဒါက ရမ္မက်ရှာဂိုဏ်းရဲ့ ကိစ္စပဲ… မဆိုင်တဲ့လူတွေ ချက်ချင်း ပြန်ဆုတ်သွားရင် ကောင်းလိမ့်မယ်…” တာအိုသခင်တတိယအဆင့်တွင် ရှိနေသော သက်လတ်ပိုင်းလူကြီးသည် ရန်ကိုင့်အား လှမ်းအော်ပြောလိုက်လေသည်။
(ရမ္မက်ရှာဂိုဏ်း…) ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။
လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ရမ္မက်ရှာဂိုဏ်း၏ သခင်လေးကို ပေးရန်အတွက် သွေးပြာသားရဲပေါက်ကို ဖမ်းဆီးရန် ကြံနေသည့် ပြစ်စင်ကင်းလဲ့ကျွန်းမှ တပည့်များနှင့် ရန်ကိုင်တို့ တွေ့ခဲ့ရပေသည်။ ယခု ထိုရမ္မက်ရှာဂိုဏ်းမှ လူများနှင့် တည့်တည့်လာတိုးလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။
ပင်းယွင်ပြောပုံအရ ရမ္မက်ရှာဂိုဏ်းသည် မြောက်ဘက်နယ်မြေရှိ ထိပ်တန်းအင်အားစုကြီးတစ်ခု ဖြစ်ပေသည်။ သူမ မြောက်ဘက်နယ်မြေမှ ထွက်လာစဉ်က ရေခဲနှလုံးသားတောင်ကြားနှင့် ရမ္မက်ရှာဂိုဏ်းတို့သည် အဆင့်တူတွင် ရပ်နေကြသည့် ဂိုဏ်းနှစ်ဂိုဏ်း ဖြစ်ကြသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရမ္မက်ရှာဂိုဏ်း၏ တပည့်များမှာ အခြားသောသူများထက် မောက်မာဝံ့ကြွားကြခြင်း ဖြစ်ပေသည်။
ရန်ကိုင့်အား မြင်သည်နှင့် သူတို့ ပထမဦးဆုံး လုပ်သည့်အရာမှာ ရန်ကိုင် မည်သူဖြစ်သလဲဆိုသည်ကို မမေးခဲ့။ သူတို့ မည်သည့်ဂိုဏ်းမှ လာသည်ဆိုသည်ကိုသာ ထုတ်ပြောခဲ့လေသည်။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် ရမ္မက်ရှာဂိုဏ်းမှ လူများသည် မြောက်ဘက်နယ်မြေထဲရှိ မည်သူ့ကိုမှ မျက်လုံးထဲမထည့်ကြောင်း မြင်တွေ့နိုင်ပေသည်။
အစကမူ ရမ္မက်ရှာဂိုဏ်းအပေါ် ရန်ကိုင် မည်သို့မှ မမြင်ပေ။ သို့သော်ငြား ရမ္မက်ရှာဂိုဏ်းမှ တပည့်များ၏ မောက်မာဝံ့ကြွားပုံနှင့်တကွ ရေခဲနှလုံးသားတောင်ကြားမှ မိန်းကလေးတစ်ဦးအား အဖွဲ့လိုက်ဝိုင်း၍ အနိုင်ကျင့်နေသည်ကို မြင်သည့်အခါ ထိုဂိုဏ်းအား ရန်ကိုင် သိပ်၍ အမြင်မကြည်ချင်တော့ချေ။
“ရမ္မက်ရှာဂိုဏ်းသား ဖြစ်ရတာ ဘာကောင်းလို့လဲ…” ဖန်ရှင်းက ဒေါမာန်တကြီးဖြင့် ဝင်ပြောလိုက်လေသည်။ “ရှင်တို့အားလုံးက မိန်းကလေးတစ်ယောက်ကို ဝိုင်းပြီး အနိုင်ကျင့်နေတဲ့ သွေးကြောင်တဲ့ ယောက်ျားတစ်အုပ်ပဲ… ရှင်တို့ကိုယ်ရှင်တို့ နည်းနည်းလေးမှ မရှက်တတ်ဘူးလား…”
“နင့်ပါးစပ်ပိတ်နေစမ်း မိန်းမပျက်မ… နင် သေချင်နေတာလား…” သက်လတ်ပိုင်းလူကြီးမှာ ဒေါသူပုန်ထသွားခဲ့ပြီး သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် လှမ်းအော်ပြောလိုက်လေသည်။ တစ်ချိန်တည်းတွင် ဖန်ရှင်းအား စိတ်စွမ်းအင်ဖြင့် လှမ်း၍ တိုက်ခိုက်လိုက်လေသည်။
မြောက်ဘက်နယ်မြေထဲတွင် လူတော်တော်များများ ရမ္မက်ရှာဂိုဏ်းနှင့် ပြဿနာမဖြစ်ရဲကြပေ။ ထိုလူများ မည်သည့်နေရာမှ ရောက်လာကြသလဲဆိုသည်ကို သူတို့မသိသော်ငြား ထိုလူအုပ်ကြီးသည် သူတို့ပြဿနာတွင် ဝင်ပါချင်နေသည်။ ဤသည်မှာ ကိုယ့်သေတွင်းကိုယ် တူးခြင်းသာ ဖြစ်လေ၏။
သင်္ဘောပေါ်တွင် ပါသည့်လူများအနက် ရန်ကိုင်တစ်ဦးသည်သာ တာအိုသခင် တတိယအဆင့်သို့ ရောက်နေ၏။ ကျန်လူအားလုံး၏ကျင့်ကြံခြင်းမှာ မျက်လုံးထဲ ထည့်စရာပင် မလိုချေ။ ထို့အတွက်ကြောင့် ရန်ကိုင်တို့၏နောက်ခံမှာ အားကောင်းလိမ့်မည်မဟုတ်ဟု ရမ္မက်ရှာဂိုဏ်းမှလူများ ထင်သွားကြလေသည်။ ထို့အတွက်ကြောင့်ပင်လျှင် မပြောမဆိုနှင့် သူတို့အား တိုက်ခိုက်လိုက်ကြခြင်း ဖြစ်သည်။
စိတ်စွမ်းအင် ပေါက်ကွဲထွက်လာသည်နှင့် တစ်ပြိုင်နက် ဖိနှိပ်လိုသည့် အရှိန်အဝါတစ်ရပ်သည် အကုန်လုံးအပေါ်သို့ ကျဆင်းလာခဲ့လေသည်။ ထို့အတွက်ကြောင့် ဖန်ရှင်းမှာ အသက်ပင် ကောင်းကောင်းမရှူနိုင်တော့ဘဲ မျက်နှာတစ်ပြင်လုံးလည်း သွေးဆုတ်ဖြူလျော်သွားလေ၏။ ထက်ရှလာသည့် ဓါးသွားတစ်ချောင်းသည် သူမဆီသို့ ပျံသန်းလာနေပြီး သူမမှာ မည်ကဲ့သို့ပင် ရှောင်တိမ်းနေပါစေ ထိုဓါးသွားအား မရှောင်နိုင်တော့သလို ခံစားနေရသည်။ ထို့အတွက်ကြောင့် ဖန်ရှင်းမှာ ကြောက်လန့်သွားခဲ့ပြီး ခြေဖျားလက်ဖျားများပင် အေးစက်သွားခဲ့ရလေသည်။
ရန်ကိုင်သည် ဖန်ရှင်းအား သူ့နောက်သို့ အသာဆွဲကပ်လျက် သူ့စိတ်စွမ်းအင်ကို ဖြန့်ကျက်၍ တိုးဝင်လာနေသည့် တိုက်ခိုက်မှုအား ချေဖျက်လိုက်လေသည်။
တိုက်ကွက်နှစ်ခု ထိပ်တိုက်တွေ့ဆုံသွားသည့်အခိုက်တွင် ရန်ကိုင်မှာ မလှုပ်မယှက်သာ ရှိနေသော်ငြား မောက်မာဝံ့ကြွားနေသည့် သက်လတ်ပိုင်းလူကြီးမှာတော့ ဒယိမ်းဒယိုင်ဖြင့် နောက်သို့ ဆုတ်သွားရပြီး ဖြူဖတ်ဖြူလျော်မျက်နှာဖြင့် သွေးတစ်ပွက် ထိုးအန်ချလိုက်ရလေသည်။
ဤသည်မှာ ဝိဉာဉ်ထိခိုက်သွားသည့် လက္ခဏာသာ ဖြစ်လေ၏။ ထို့အပြင် သူတို့ကြားရှိ စိတ်စွမ်းအင် ကွာခြားချက်ကိုလည်း ပြသသွားခဲ့သည်။
“လက်ထောက်အကြီးအကဲတု…” ထိုအချင်းအရာကိုမြင်သော် ရမ္မက်ရှာဂိုဏ်းမှ အဖွဲ့သားများ၏မျက်နှာ ဖြူလျော်သွားခဲ့ကြလေသည်။ အထိတ်ထိတ်အလန့်လန့်ဖြင့် သက်လတ်ပိုင်းလူကြီးအား အလျင်အမြန် ပြေးထူပေးလိုက်ကြလေ၏။
သက်လတ်ပိုင်းလူကြီးမှာတော့ ဒဏ်ရာရသွားပြီးနောက် စကားတစ်ခွန်းပင် မပြောနိုင်တော့ချေ။ သူ့လက်ကို အသာအယာဝှေ့ယမ်း၍သာ သိုလှောင်လက်စွပ်ထဲမှ ဆေးတစ်လုံးထုတ်၍ သောက်လိုက်လေ၏။
“ကောင်လေး… တုရှန်းကို အလစ်ချောင်း တိုက်ခိုက်ရဲတယ်ပေါ့… မင်း သေဖို့သာ ပြင်ထားပေတော့…” ထိုအချင်းအရာကိုမြင်သော် အခြားသော တာအိုသခင် တတိယအဆင့် ကျင့်ကြံသူမှာ ဒေါသူပုန်ထသွားခဲ့လေသည်။ ထို့နောက်တွင် ရိုးတံထိပ်၌ တစ္ဆေသရဲပုံစံ ခေါင်းတစ်ခု တပ်ဆင်ထားသည့် ဆေဘာဓါးတစ်ချောင်းကို ထုတ်၍ ရန်ကိုင့်ဆီသို့ ပျံသန်းလာကာ ဆေဘာဓါးဖြင့် ခုတ်ချလိုက်လေသည်။
တုရှန်း ထိခိုက်သွားရခြင်းမှာ ရန်ကိုင်မှ အလစ်ချောင်းတိုက်ခိုက်လိုက်သည့် အတွက်ကြောင့်ဟု ယုံကြည်နေပေသည်။ ထို့အတွက်ကြောင့် သူ့ခွန်အားကိုသုံး၍ ရန်ကိုင့်အား သတ်ဖြတ်ရန် ကြံနေခြင်း ဖြစ်လေသည်။
ထိုလူ၏ တိုက်ကွက်မှာ ကောင်းကင်တစ်ခုလုံးကိုပင် အက်ကွဲသွားစေနိုင်သည့်အလား ရန်ကိုင့်နောက်တွင် ရပ်နေသည့်တိုင် ဖန်ရှင်းနှင့် လျို့ရှန်းယွင်တို့မှာ ဆေဘာဓါးမှ ဖြာထွက်လာသည့် အရှိန်အဝါကြောင့် မူးမေ့မတတ် ဖြစ်ကုန်ကြလေသည်။
ရန်ကိုင်ကမူ တစ်ချက်ကလေးပင် ရှောင်တိမ်းမည့် အရိပ်အယောင်မပြဘဲ သင်္ဘောကုန်းပတ်ပေါ်တွင်သာ ရပ်နေလေသည်။ ဆေဘာဓါး သူ့အား ထိခါနီးသည့် အခါမှသာလျှင် တန်ပြန် တိုက်ခိုက်လိုက်လေ၏။ လက်သီးထိပ်တွင် စွမ်းအင်ကို စုဝေးလျက် ခပ်ပြင်းပြင်း ပြန်ထိုးချလိုက်သည်။
အဘက်ဘက်မှ တိုးဝင်လာနေသော ဆေဘာဓါးလှိုင်းများသည် လက်သီးချက်နှင့် အတွေ့တွင် မှန်တစ်ချပ်နှယ် တစ်စစီ ကွဲကြေကုန်လေ၏။
“ဘယ်လို…” ရမ္မက်ရှာဂိုဏ်းမှ ကျင့်ကြံသူ၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေ၏။ ရန်ကိုင့်တိုက်ကွက်ထဲရှိ ကြောက်မက်ဖွယ်ရာခွန်အားကို ခံစားမိလိုက်သော် ဆေဘာဓါးအား သူ့ရှေ့တွင် အလျင်အမြန် ပိတ်ကာလျက် သူ့ကိုယ်သူ ကာကွယ်လိုက်လေ၏။ တစ်ချိန်တည်းတွင် အရင်းအမြစ်ချီကို အရူးအမူးလှည့်ပတ်၍ နောက်ပြန်ဆုတ်ရန် ကြိုးစားလိုက်လေသည်။
သို့သော်ငြား ယခုမှ နောက်ဆုတ်မည်ဆိုလျှင်တော့ နောက်ကျလွန်းသွားခဲ့လေပြီ။
“ဘုန်း…”
ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ ရမ္မက်ရှာဂိုဏ်းမှ ကျင့်ကြံသူသည် သွေးအပွက်ပွက် အန်ထုတ်ရင်း ကြိုးပြတ်သွားသည့် စွန်တစ်စင်းနှယ် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့လေ၏။
“လက်ထောက်အကြီးအကဲချောင်းရန်…” ရမ္မက်ရှာဂိုဏ်း၏ အခြားသော တပည့်များမှာ အထိတ်ထိတ်အလန့်လန့်ဖြင့် ချောင်းရန်၏ အခြေအနေကို သွားစစ်ဆေးကြည့်တော့လေ၏။