← Chapters

အခန်း (၂၄၁၀-၂၄၁၂)

Vol. 97 Ch. 2410-2412

အခန်း (၂၄၁၀-၂၄၁၂)

Vol. 97 Ch. 2410-2412

အပိုင်း (၂၄၁၀)

ချောင်းရန်သည် ခက်ခက်ခဲခဲဖြင့် ထရပ်လိုက်ပြီး ရန်ကိုင့်အား ကြောက်လည်းကြောက် ယုံလည်းမယုံကြည်နိုင်သည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်လေသည်။ ယခုမှသာလျှင် တုရှန်းမှာ အလစ်ချောင်း တိုက်ခိုက်ခံလိုက်ရသည့် အတွက်ကြောင့် ဒဏ်ရာရသွားခြင်းမဟုတ်ဘဲ ရန်ကိုင်ကိုယ်တိုင်ကကို သူတို့ထက် အဆများစွာ ပိုအားကောင်းနေသည့် အတွက်ကြောင့် ဒဏ်ရာရသွားခဲ့မှန်း နားလည်သွားတော့လေသည်။

မြောက်ဘက်နယ်မြေထဲတွင် ထိုမျှအားကောင်းသည့်လူတစ်ဦး မည်သည့်အချိန်တည်းက ပေါ်လာလေသနည်း။ မည်သည့်ဂိုဏ်းက ထိုလူအား ပျိုးထောင်ပေးခဲ့လေသနည်း။ သူတို့နှစ်ဦးလုံးသည် တာအိုသခင် တတိယအဆင့် ကျင့်ကြံသူများပင် ဖြစ်လင့်ကစား ရန်ကိုင့်၏တိုက်ကွက်တစ်ကွက်ကိုပင် မခုခံနိုင်ခဲ့ပေ။ ထိုသို့သောလူတစ်ဦးသာ ဧကရာဇ်အဆင့်သို့ ရောက်သွားမည်ဆိုပါက မည်ကဲ့သို့သော ခွန်အားမျိုးကိုပင်လျှင် ဖော်ဆောင်နိုင်လေမည်နည်း။

မြောက်ဘက်နယ်မြေရှိ တက်သစ်စ လက်ရွေးစင်ကြယ်ပွင့်များကို ချောင်းရန် မြင်ဖူးပေသည်။ သို့သော်ငြား ထိုလက်ရွေးစင်ကြယ်ပွင့်များထဲ ရန်ကိုင်နှင့်တူသည့်လူ တစ်ဦးမှ မရှိချေ။

“ရောင်းရင်း ဘယ်ဂိုဏ်းကလာတာလဲ… ရောင်းရင်းရဲ့ ဂိုဏ်းနာမည်ကို ပြောပြပေးမယ်ဆိုရင် ရောင်းရင်းရဲ့ ကြင်နာမှုအတွက် ကျုပ်တို့ ရမ္မက်ရှာဂိုဏ်းက ကျိန်းသေ ပြန်ကျေးဇူးဆပ်မှာပါ…” ရန်ကိုင့်အား မနိုင်မှန်း သိလိုက်သော် ချောင်းရန်သည် သူ့ဂိုဏ်းနာမည်ကို အားကိုးတော့လေသည်။ ရန်ကိုင်သာ သူတို့အား တကယ်ကြီး တိုက်ခိုက်လာမည်ဆိုပါက သူတို့အနေဖြင့် မည်သို့မှ ခုခံနိုင်လိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် ဂိုဏ်းကိုသာ အားကိုးရတော့လေ၏။

ဖန်ရှင်းက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ “ရှင်တို့ပဲ မိန်းကလေးတစ်ယောက်ကို လူအုပ်ကြီးနဲ့ အနိုင်ကျင့်နေတာမဟုတ်ဘူးလား… ရှင်တို့ ရမ္မက်ရှာဂိုဏ်းက တစ်ခုခုတော့ တစ်ခုခုပဲ…”

သူမ၏ လှောင်ပြောင်စကားကို ကြားသော် ရမ္မက်ရှာဂိုဏ်းမှ ကျင့်ကြံသူများ ရှက်ရွံ့သွားခဲ့ကြလေသည်။ သို့ရာတွင် သူတို့၏ခွန်အားမှာ တစ်ဖက်လူထက် နိမ့်ကျနေသဖြင့် အထူးသဖြင့် သူတို့အဖွဲ့ထဲရှိ အားအကောင်းဆုံး ကျင့်ကြံသူနှစ်ဦးပင်လျှင် ဆိုးဆိုးရွားရွား ဒဏ်ရာရထားသည့် အတွက်ကြောင့် တစ်ခွန်းမှ ပြန်မပြောရဲခဲ့ပေ။ ရှက်ရွံ့မှုကြောင့် မျက်နှာတစ်ပြင်လုံး ခရမ်းချဉ်သီးနှယ် နီမြန်းနေသည့်တိုင် ခေါင်းငုံ့၍ ဒေါသကို ကြိတ်၍ မျိုသိပ်ထားရုံသာ တတ်နိုင်ခဲ့လေသည်။

“ရှင်တို့ကို ပြောပြလိုက်လို့တော့ ကိစ္စမရှိပါဘူး… ကျွန်မတို့က…”

ဖန်ရှင်း မပြောနိုင်သေးခင်မှာပင် ရန်ကိုင်သည် ဆက်မပြောရန် သူ့လက်ဖြင့် လှမ်းတားလိုက်လေ၏။

ရန်ကိုင်သည် စရောက်သည့်အချိန်မှစ၍ ယခုအချိန်ထိ သင်္ဘောကုန်းပတ်ပေါ်တွင်သာ တောက်လျှောက်ရပ်နေပြီး ခြေတစ်လှမ်းပင် မရွေ့သေးချေ။

ရန်ကိုင်သည် အောက်ဘက်ရှိလူများကို စိုက်ကြည့်၍ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်လေသည်။ “ကျုပ်တို့က ဒီနားက ဖြတ်သွားရုံပါပဲ…”

“ဖြတ်သွားရုံ…” ချောင်းရန် အံတင်းတင်း ကြိတ်လိုက်လေသည်။ ရန်ကိုင် သူ့နောက်ခံအား မပြောချင်နေမှန်း သတိထားမိသည်။ သို့သော်ငြား သူသည် ရန်ကိုင့်ထက် အားနည်းသည့် အတွက်ကြောင့် ရန်ကိုင့်အား သူ့နောက်ခံအင်အားစုကို အတင်းပြောလာအောင်လည်း ဖိအားမပေးနိုင်ခဲ့ပေ။ ထို့အတွက်ကြောင့် လက်သီးဆုပ်၍သာ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြန်ပြောလိုက်လေ၏။ “ရောင်းရင်းရဲ့ လုပ်နည်းကိုင်နည်းတွေကတော့ တကယ်ကို အံ့ဩစရာပါပဲ… ဒီချောင် လုံးဝကို မျက်စိပွင့်နားပွင့် ဖြစ်သွားရပြီ… ရောင်းရင်းက နောက်တစ်လှမ်း ဆုတ်ပေးမှတော့ ကျုပ်တို့လည်း ယဉ်ယဉ်ကျေးကျေးနဲ့ပဲ နောက်ဆုတ်ပြီး ဒီကိစ္စကို ရောင်းရင်းလက်ထဲ အပ်ပေးရတော့မှာပေါ့…”

ထိုကဲ့သို့ ပြောပြီးသည့်နောက်တွင် သူ့လက်ကိုဝှေ့ယမ်းလျက် ရမ္မက်ရှာဂိုဏ်းမှ တပည့်များကိုခေါ်ကာ ထွက်သွားလေသည်။

ဖန်ရှင်းသည် မကျေမနပ်ဖြစ်နေသည့်အလား အံတကြိတ်ကြိတ် လုပ်နေခဲ့သော်ငြား ရန်ကိုင်မှ ထိုလူများကို ထွက်သွားခွင့် ပေးထားသဖြင့် သူမလည်း ဘာမှ ထပ်ပြောမနေတော့ချေ။

ထိုလူများ ထွက်သွားသည့်နောက်တွင် ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ရှင်းပြလိုက်လေ၏။ “ရမ္မက်ရှာဂိုဏ်းက မြောက်ဘက်နယ်မြေက ထိပ်တန်းအင်အားစုတစ်ခုပဲ… ဒီတော့ ငါတို့အနေနဲ့ ဘာမဟုတ်တဲ့ ကိစ္စလေးတစ်ခု အတွက်နဲ့ သူတို့နဲ့ သွားထိပ်တိုက်တွေ့တာ သိပ်အဆင်မပြေဘူး…”

သူတို့သာ ထိုလူများကို သတ်လိုက်မည်ဆိုပါက ရေခဲနှလုံးသားတောင်ကြားနှင့် ရမ္မက်ရှာဂိုဏ်းကြား တိုက်ပွဲတစ်ခု ဖြစ်လာစေနိုင်ပေသည်။ ဂိုဏ်းနှစ်ဂိုဏ်းသည်သာ တကယ်ကြီး စစ်မက်ဖြစ်လာမည်ဆိုပါက စစ်ပွဲမီးတောက်များသည် မြောက်ဘက်နယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားပေလိမ့်မည်။ ရန်ကိုင် နားမလည်သည့်အချက်မှာ ရမ္မက်ရှာဂိုဏ်းမှ တပည့်များသည် ရေခဲနှလုံးသားတောင်ကြား၏ တပည့်တစ်ဦးကို ဘာကြောင့် နှောင့်ယှက်နေရသလဲ ဆိုသည်ကိုပင်။

“အခုလို ကူညီပေးတဲ့အတွက် စီနီယာအစ်ကိုကို ကျေးဇူးအများကြီးတင်ပါတယ်… စီနီယာအစ်ကိုရဲ့ နာမည်ကိုများ သိလို့ရမလား မသိဘူး… နောက်ပိုင်းကျရင် အခုကျေးဇူးအကြွေးကို ကျိယု ကျိန်းသေ ပြန်ဆပ်ပါမယ်…” မိန်းမငယ်လေးသည် လက်သီးဆုပ်၍ ရန်ကိုင့်အား ကျေးဇူးတင်စကား ဆိုလိုက်လေသည်။

ရန်ကိုင့်၏အကူအညီကြောင့်သာ မဟုတ်လျှင် ထိုလူများလက်မှ လွတ်မြောက်ရန်အတွက် သူမအနေဖြင့် အစွမ်းကုန် ကြိုးစားအားထုတ်ရပေလိမ့်မည်။ သူမတတ်ကျွမ်းထားသော တားမြစ်ပညာရပ်ကိုသာ ထုတ်သုံးလိုက်မည်ဆိုပါက ချောင်းရန်တို့လက်မှ လွတ်မြောက်နိုင်လိမ့်မည် ဖြစ်သော်ငြား နောက်သုံးလအတွင်း သူမအနေဖြင့် မည်သည့်စွမ်းအားကိုမှ ထပ်မံ ထုတ်သုံးနိုင်တော့လိမ့်မည် မဟုတ်ချေ။

“ကျွန်မတို့က တစ်မိသားစုတည်းပဲဟာကို စီနီယာအစ်မ အခုလိုမျိုးကြီး ယဉ်ကျေးနေစရာ မလိုပါဘူး…” ဖန်ရှင်းက ပြုံးရင်း ကျိယုကို ကြည့်လျက် ပြောလိုက်လေသည်။

“တစ်မိသားစုတည်း…” ကျိယု မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ဖန်ရှင်း ဘာပြောချင်လို့ ပြောချင်နေမှန်းကို သူမ နားမလည်နိုင်။

ဖန်ရှင်းက တပြုံးပြုံးဖြင့် သင်္ဘောပေါ်ရှိ မိန်းကလေးများကို လက်ညှိုးထိုးရင်း ပြောလိုက်လေသည်။ “ဒီမှာရှိတဲ့လူတွေအကုန်လုံးက ရေခဲနှလုံးသားတောင်ကြားကပဲ… စီနီယာအစ်မသုံးနေတဲ့ ကျင့်စဉ်တွေကို ကြည့်ရသလောက် စီနီယာအစ်မကလည်း ရေခဲနှလုံးသားတောင်ကြားရဲ့ တပည့်တစ်ယောက်ဖြစ်မှာ သေချာသလောက်ရှိတယ်… ဒီတော့ ကျွန်မတို့က တစ်မိသားစုတည်းပဲပေါ့…”

မြောက်ဘက်နယ်မြေသို့ ရောက်လာသည်မှာ မကြာသေးသော်ငြား ဖန်ရှင်းတို့ကမူ သူမတို့ဂိုဏ်း၏ အားကောင်းသော စီနီယာအစ်မတစ်ဦးနှင့် တွေ့ခွင့်ရခဲ့လေပြီ။ ထို့အတွက်ကြောင့် ဖန်ရှင်းသည် ဘာကိုမှ ဖုံးကွယ်မနေဘဲ အကြောင်းစုံကို ပြောပြလိုက်လေ၏။

ထိုစကားကို ကြားပြီးသည့်နောက် ကျိယု၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ချက်ချင်း သတိချပ်လျက် နောက်သို့ ဆုတ်သွားခဲ့လေသည်။ ထို့နောက် နှုတ်ခမ်းကို ကိုက်၍ မေးလိုက်လေ၏။ “ရှင်တို့ ကျွန်မကို ဖမ်းဖို့ လာခဲ့တာလား…”

ဖန်ရှင်း မင်သက်သွားခဲ့လေသည်။ “စီနီယာအစ်မ ဘာပြောနေတာလဲ…”

ကျိယုက ပြောလိုက်လေသည်။ “ငါတို့က တစ်ဂိုဏ်းတည်းသားတွေမို့ ငါနင်တို့ကို တိုက်ခိုက်မှာမဟုတ်ဘူး… ဒီတော့ ဆရာ့ကို ပြန်သွားပြီး ပြောလိုက်… ကျိယုလိုတပည့်မိုက်ကြောင့် ဆရာ့ကို ပြဿနာအများကြီး ဖြစ်စေခဲ့တယ်ဆိုပေမဲ့ တစ်နေ့ကျရင် တပည့်တာဝန်ကို ကျိန်းသေ ကျေပွန်အောင် ထမ်းဆောင်ပေးပါမယ်လို့…”

ထို့နောက်တွင် ကျိယုသည် အလင်းတန်းတစ်ခု အသွင်သို့ ပြောင်းလျက် အဝေးတစ်နေရာဆီသို့ ထွက်ပြေးပျောက်ကွယ်သွားခဲ့လေသည်။

ရန်ကိုင်နှင့် အဖွဲ့တစ်ခုလုံးမှာတော့ ဇဝေဇဝါဖြင့်သာ ကျန်ရစ်ခဲ့လေသည်။

“စီနီယာအစ်မပြောသွားတာ ဘာကိုဆိုလိုတာလဲ…” ဖန်ရှင်းမှာ မျက်မှောင်ကြုတ်နေခဲ့လေသည်။ သူတို့ဘက်မှ လာရောက်ကူညီပေးခဲ့ပါသော်ငြား ထိုစီနီယာအစ်မဆိုသူသည် သူတို့အား ကျေးဇူးမတင်သည့်အပြင် သူတို့သည် ရေခဲနှလုံးသားတောင်ကြားမှ ဖြစ်နေမှန်း သိပြီးသည့်နောက် ထူးဆန်းသည့် စကားများကိုပြော၍ပင် ထွက်ပြေးသွားခဲ့လေသည်။

“ကြည့်ရတာ ရေခဲနှလုံးသားတောင်ကြားထဲမှာ တစ်ခုခု ဖြစ်သွားတာနဲ့တူတယ်…” ရန်ကိုင်က ပြောလိုက်လေသည်။

ဖန်ရှင်းသည် ရန်ကိုင့်အား အံ့အားသင့်တကြီး ကြည့်လျက် “စီနီယာအစ်ကိုရန် ဘာလို့ အဲ့လိုပြောတာလဲ…”

ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ရေခဲနှလုံးသားတောင်ကြားနဲ့ ရမ္မက်ရှာဂိုဏ်းက မြောက်ဘက်နယ်မြေရဲ့ ထိပ်တန်းအင်အားစုကြီးတွေဆိုတော့ သူတို့အခုလိုမျိုး ပွင့်ပွင့်လင်းလင်းကြီး တိုက်ပွဲတွေ ဖြစ်မှာမဟုတ်ဘူး… ဒါပေမဲ့ အခု ရမ္မက်ရှာဂိုဏ်းက လူတစ်ဖွဲ့က ကျိယုကို ဝိုင်းပြီး တိုက်ခိုက်နေကြတယ်… ပြီးတော့ သူပြောသွားတဲ့ စကားတွေကို နားထောင်ကြည့်ရသလောက်…”

ဖန်ရှင်း၏အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။ သူမကြည့်ရသည်မှာ လက်ရှိအခြေအနေကို အတန်အသင့် နားလည်လာသည့်ပုံပင်။

ရမ္မက်ရှာဂိုဏ်းမှ လူတစ်အုပ်သည် ကျိယုအား ဝိုင်းဝန်း တိုက်ခိုက်နေကြလေသည်။ ထို့အပြင် သူတို့သည် ရေခဲနှလုံးသားတောင်ကြားမှ လူများမှန်း သိလိုက်ရပြီးနောက် ကျိယု ချက်ချင်း နိုးနိုးကြားကြား ဖြစ်သွားလေ၏။ ထို့အတွက်ကြောင့် ရေခဲနှလုံးသားတောင်ကြားထဲတွင် ကိစ္စကြီးတစ်ခုခု ကျိန်းသေ ဖြစ်ပျက်သွားရပေလိမ့်မည်ဟု ရန်ကိုင် ကောက်ချက်ချလိုက်ခြင်းပင်။

“စီနီယာအစ်ကိုရန်… ကျွန်မတို့ ဂိုဏ်းဆီ မြန်မြန်သွားသင့်တယ်နော်…” ဖန်ရှင်းက အစောတလျင် တိုက်တွန်းလိုက်လေသည်။ ဘာတွေဖြစ်နေသလဲဆိုသည်ကို သူမ မသိသော်ငြား ရေခဲနှလုံးသားတောင်ကြားသို့ မြန်မြန် သွားကြည့်ချင်နေမိသည်။

ရန်ကိုင်လည်း ခေါင်းညိတ်၍ သင်္ဘောဝမ်းတွင်းပိုင်းထဲသို့ လှမ်းကြည့်လိုက်လေသည်။

ပင်းယွင် အားလုံးကို ကြားလိမ့်မည်မှန်း ရန်ကိုင် သေချာသိသော်ငြား သူမ ဘာကြောင့် မသိချင်ယောင် ဆောင်နေသလဲ ဆိုသည်ကို ရန်ကိုင် နားမလည်နိုင်ခဲ့ပေ။

ရန်ကိုင်လည်း ခေါင်းတခါခါဖြင့် သင်္ဘောကိုထိန်းချုပ်၍ ရေခဲနှလုံးသားတောင်ကြားဆီသို့သာ ပျံသန်းသွားစေလိုက်လေ၏။

ဖန်ရှင်း၏ အဆက်မပြတ် တိုက်တွန်းမှုကြောင့် ရန်ကိုင်လည်း သင်္ဘောကို အရှိန်တင်မောင်းလိုက်ရာ ငါးရက်ကြာပြီးနောက် မြို့ကြီးတစ်မြို့ကို လှမ်းမြင်လိုက်ရလေ၏။

“အဲ့ဒါက ရေခဲလမြို့တော်ပဲ… အဲ့ကနေ တစ်နာရီလောက်ဆက်သွားရင် ရေခဲနှလုံးသားတောင်ကြားကို ရောက်လိမ့်မယ်… အခုတော့ မြို့ထဲအရင်ဝင်ကြတာပေါ့…” ပင်းယွင်၏အသံ သင်္ဘောဝမ်းတွင်းထဲဆီမှ ထွက်ပေါ်လာခဲ့လေ၏။

ရန်ကိုင်လည်း ပင်းယွင်ပြောသည့်အတိုင်း သင်္ဘောကို မြို့ဂိတ်ပေါက်အပြင်ဘက်တွင် ဆင်းသက်စေလိုက်လေသည်။

တစ်ခဏအကြာတွင် ရန်ကိုင်တို့အဖွဲ့ မြို့ဂိတ်ပေါက်ကို ဖြတ်ကျော်၍ ရေခဲလမြို့တော်ထဲသို့ ဝင်လာခဲ့လေ၏။

မြို့ထဲသို့ ဝင်လာလာချင်းမှာပင် ရန်ကိုင်က မျက်မှောင်ကြုတ်လျက် လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ “စီနီယာ… မြို့ထဲမှာ ဘာလို့ ဧကရာဇ်အဆင့် ပညာရှင်တွေ ဒီလောက်အများကြီး ရှိနေရတာလဲ…”

မြို့ထဲတွင် ဧကရာဇ်အဆင့် ပညာရှင် ရှစ်ဦး၏ အရှိန်အဝါကို ရန်ကိုင် ခံစားမိလိုက်ရပေသည်။ ဤသည်မှာ ပုံမှန်မဟုတ်ချေ။

သူမ၏ကျင့်ကြံခြင်းကို ဖုံးကွယ်ထားသော ပင်းယွင်က ခေါင်းခါလျက် ပြောလိုက်လေ၏။ “ငါလည်းမသေချာဘူး… အရင်တုန်းက ရေခဲလမြို့တော်က ရေခဲနှလုံးသားတောင်ကြားနဲ့ အပြင်လောကကြီးကို ဆက်သွယ်ပေးထားတဲ့ မြို့တစ်ခု ဖြစ်ခဲ့ဖူးတယ်… ဒါကြောင့် ပုံမှန်အားဖြင့် မြို့ထဲမှာ ဧကရာဇ်အဆင့် ပညာရှင်တွေ ဒီလောက် မရှိတတ်ဘူး… ကြည့်ရတာ မြို့ထဲမှာ ကိစ္စကြီးကြီးတစ်ခု ဖြစ်နေတယ်နဲ့တူတယ်… ဒါပေမဲ့ အဲ့ကိစ္စတွေ ငါတို့စိတ်ပူစရာမလိုဘူး… ငါ့ဒဏ်ရာတွေ ပြန်ကောင်းဖို့ ရက်နည်းနည်းလောက် အနားယူဖို့ လိုသေးတယ်…”

ကျန်းကျိုးကျီအား တိုက်ခိုက်လိုက်စဉ်က ပင်းယွင်၏ ဒဏ်ရာများမှာ ပို၍ ဆိုးရွားသွားခဲ့ရလေသည်။ ထို့အတွက်ကြောင့်သာမဟုတ်လျှင် ယခုအချိန်လောက်ဆို သူမဒဏ်ရာအားလုံး ပြန်လည် ကောင်းမွန်နေလောက်ပေပြီ။

သူမ၏ ဒဏ်ရာများ ပြန်ကောင်းသွားရန်မှာ အလွန်ကိုမှ အရေးကြီးပေသည်။ ထို့ကြောင့် မည်သည့် အနှောင့်အယှက်နှင့်မှ မကြုံချင်ပေ။

“အဲ့လိုဆိုမှတော့ နားစရာ နေရာတစ်ခု အရင်ရှာကြတာပေါ့… စီနီယာ သက်သာသွားလို့ရှိရင် ကျုပ်တို့ ရေခဲနှလုံးသားတောင်ကြားကို ဆက်သွားကြမယ်လေ…” ရန်ကိုင်က ပြောလိုက်လေသည်။

ပင်းယွင်လည်း သဘောတူလိုက်၏။

ဤသို့ဖြင့် ရန်ကိုင်တို့အဖွဲ့သည် တည်းခိုခန်းတစ်ခု ရှာ၍ အနားယူလိုက်ကြလေသည်။

ဖန်ရှင်းမှာ ရေခဲနှလုံးသားတောင်ကြားဆီသို့ မြန်မြန်သွားချင်နေမိသော်ငြား ပင်းယွင်က နားမည်ဟု ပြောထားသည့် အတွက်ကြောင့် ဖန်ရှင်းလည်း ဘာမှ မပြောရဲခဲ့ပေ။ လက်ရှိအချိန်တွင် အရေးကြီးဆုံးမှာ သူမဆရာ၏ ဒဏ်ရာများ ပြန်လည်ကောင်းမွန်ရန်သာ မဟုတ်လေလော။ ထို့အတွက်ကြောင့် တည်းခိုခန်းတွင်သာ သူမ၏ ညီအစ်မများနှင့်အတူ ဆက်စောင့်နေခဲ့လိုက်ရသည်။

ရန်ကိုင်လည်း အပြင်မထွက်ခဲ့ပေ။ လက်ရှိအချိန်တွင် သူသည် တာအိုသခင်တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေခဲ့လေပြီဖြစ်ရာ ဧကရာဇ်အဆင့်သို့ ရောက်ရန် လက်တစ်ကမ်းသာ လိုတော့သည့်အတွက်ကြောင့် ပို၍ ကြိုးကြိုးစားစား ကျင့်ကြံနေခဲ့လေသည်။

သုံးရက်ကြာပြီးသည့်နောက်တွင် အခန်းထဲ၌ တင်ပလင်ခွေထိုင် ကျင့်ကြံနေသော ရန်ကိုင် ရုတ်တရက် မျက်လုံးပွင့်လာခဲ့လေသည်။ ထို့နောက် ဇဝေဇဝါအမူအယာဖြင့် ထရပ်၍ အခန်းထဲမှ ထွက်လာခဲ့လေသည်။

အခန်းထဲမှ ထွက်လာပြီးသည့်နောက် အခြားအခန်းတစ်ခန်းရှေ့သို့ ရောက်လာခဲ့လေသည်။ သူ တံခါးမခေါက်ရသေးခင်မှာပင် ပင်းယွင်၏အသံ ထွက်လာခဲ့လေသည်။ “ဝင်လာခဲ့…”

ရန်ကိုင်သည် အခန်းတံခါးကိုဖွင့်ကာ အထဲသို့ ဝင်သွားလိုက်လေသည်။ အထဲသို့ ရောက်လာပြီးသည့်‌နောက် တင်ပလင်ခွေထိုင်ကာ ကျင့်ကြံနေသော ပင်းယွင်ကို တွေ့လိုက်ရလေ၏။ “စီနီယာ ပြန်ကောင်းသွားပြီလား…”

ပင်းယွင်က ခေါင်းခါလျက် “နောက်ထပ် နှစ်ရက်သုံးရက်လောက် လိုဦးမယ်…”

ရန်ကိုင် ကြောင်သွားခဲ့လေသည်။ “အဲ့ဒါဆိုရင် ဘာဖြစ်လို့ ကျုပ်ကို ခေါ်လိုက်တာလဲ…”

ရန်ကိုင် ဤနေရာသို့ လာရခြင်းမှာ ပင်းယွင်မှ သူ့အား လှမ်းခေါ်လိုက်သည့် အတွက်ကြောင့် ဖြစ်ပေသည်။ ထို့အတွက်ကြောင့် ပင်းယွင် ပြန်ကောင်းသွားပြီဟု ထင်နေမိခဲ့သော်ငြား တကယ်တမ်းတွင် ထိုသို့ ဟုတ်မနေခဲ့ပေ။

ပင်းယွင်သည် ရန်ကိုင့်အမေးကို ပြန်မဖြေဘဲ မျက်မှောင်သာ ကြုတ်နေခဲ့လေသည်။ ထို့နောက် သူ့အား လက်ယပ်ခေါ်လိုက်လေ၏။ “ဒီမှာလာထိုင်… ငါနင့်ကို ဖြည်းဖြည်းချင်း ရှင်းပြမယ်…”

ရန်ကိုင်လည်း ပင်းယွင်ပြောသည့်အတိုင်း သူမရှေ့တွင် ထိုင်ချလိုက်လေ၏။ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက် ပင်းယွင်က စတင်၍ ရှင်းပြလိုက်လေသည်။ “ဟုန်းလော့ကြယ်စီရင်စုကြီးထဲကနေ ကြယ်တာရာအစုအဝေးကို ငါစရောက်တုန်းက ငါ့ကျင့်ကြံခြင်းက တန်ခိုးရှင်ဘုရင် တတိယအဆင့်မှာပဲ ရှိသေးတယ်… အဲ့ကျင့်ကြံခြင်းက ဟုန်းလော့ကြယ်စီရင်စုကြီးထဲမှာ စိတ်ကြိုက်မင်းမူလို့ ရပေမဲ့ ဒီကြယ်တာရာအစုအဝေးထဲမှာတော့ ဘာမှလုပ်လို့မရဘူး…”

ရန်ကိုင် ခေါင်းညိတ်ပြလိုက်သည်။

ဟုန်းလော့ကြယ်စီရင်စုကြီး၏ အရှင်သခင်များဖြစ်ကြသော ချီယွဲ့နှင့် အိုင်းအောင်တို့သည်ပင်လျှင် ကြယ်တာရာအစုအဝေးထဲသို့ ရောက်လာပြီးသည့်နောက် သာမန်ကျင့်ကြံသူများသာ ဖြစ်သွားခဲ့ရလေသည်။ သူတို့ခမျာ အေးအေးဆေးဆေး နေရဖို့သာ မဆိုထားနှင့် ကျင့်ကြံဖို့ရာအတွက် လိုအပ်သော အရင်းအမြစ်များကို ရှာဖွေဖို့ရာပင်လျှင် ရုန်းကန်ခဲ့ရသည်။ ဝူတောက်ကဲ့သို့သော ပညာရှင်တစ်ဦးသည်ပင်လျှင် ဤကြယ်တာရာအစုအဝေးထဲ၌ သေသွားခဲ့ရပေသည်။

ပင်းယွင်က ဆက်၍ ရှင်းပြလိုက်လေသည်။ “တစ်ကြိမ်မှာ အန္တရာယ်တစ်ခုနဲ့ ကြုံပြီး ငါ သေခါနီး ဖြစ်သွားခဲ့တယ်… ဒါပေမဲ့ သေခါနီး ဖြစ်နေတဲ့အချိန်မှာပဲ စီနီယာတစ်ဦးက ငါ့အသက်ကို ကယ်ပေးခဲ့တယ်… ငါ့အသက်ကို ကယ်ဖို့အတွက် အဲ့စီနီယာက သူ့ကျင့်ကြံခြင်းအုတ်မြစ်ကိုတောင် ထိခိုက်သွားစေခဲ့ရတာ… သူ့အကူအညီနဲ့ပဲ ငါ တဖြည်းဖြည်းနဲ့ ပြန်ကောင်းလာခဲ့ပြီး အရေးကြီးတဲ့ အကြောင်းအရာတွေ အများကြီးကို သိခဲ့ရတယ်… သိုင်းတာအိုခရီးကို လျှောက်လှမ်းတဲ့နေရာမှာ ငါ ပင်းယွင်က ဘယ်သူ့ကိုမှ အားမကိုးခဲ့ဘူး… ဒါပေမဲ့ ဒီလောကကြီးမှာ ငါ့ဆရာအဖြစ် သတ်မှတ်လို့ရတဲ့ လူတစ်ဦး ရှိမယ်ဆိုရင် အဲ့လူလို့ပဲ ပြောရလိမ့်မယ်… ဒါပေမဲ့ အဲ့စီနီယာက ငါ့ကို နှစ်ဝက်လောက်ပဲ သင်ပေးပြီး သူ့ဘာသူ ဒီလောကကြီးထဲ ခြေဆန့်ဖို့ထွက်သွားရော…”

ရန်ကိုင်က ချီးကျူးလိုက်လေသည်။ “အဲ့စီနီယာက တကယ်ကို သဘောထားကောင်းတဲ့လူပဲ ဖြစ်ရမယ်… အခြားသူတွေကို ကူညီပေးပြီး ဘာမှပြန်မတောင်းတာက တကယ်ကို လေးစားစရာပဲ…”

ပင်းယွင်က ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်လေသည်။ “ဟုတ်တယ်… သူ ငါ့ကို ကယ်ပေးခဲ့တာက ငါ့ဆီက တစ်ခုခု ပြန်လိုချင်လို့မဟုတ်ဘူး… အဲ့တုန်းက သူ့ခွန်အားနဲ့ ငါ့ခွန်အားနဲ့ ယှဉ်လိုက်လို့ရှိရင် မိုးနဲ့မြေပဲ… သူ့အမြင်မှာ ငါက ပုရွက်ဆိတ်တစ်ကောင်ထက် မပိုဘူး… ဒါပေမဲ့ အဲ့လိုဆိုရင်တောင် အဲ့စီနီယာက ငါ့လို ဘာမဟုတ်တဲ့လူတစ်ယောက်ကို ကယ်ပေးခဲ့သေးတယ်… သူ့ရဲ့ နှစ်ဝက်ကြာအောင် သင်ကြားပေးခဲ့တဲ့ အတွက်ကြောင့်ပဲ ကြယ်တာရာအစုအဝေးထဲမှာ ငါ့ရဲ့ ဘဝကြီးက ပိုပြီး လွယ်ကူ အဆင်ပြေလာခဲ့တာ…”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၄၁၁)

ပင်းယွင် သူမ၏ အတိတ်အကြောင်းကို ကောက်ခါငင်ခါ ဘာကြောင့်ရှင်းပြနေမှန်း ရန်ကိုင် နားမလည်သော်ငြား အကြောင်းအရင်းတစ်ခုခု ရှိရမည်မှန်းတော့ သိပေသည်။ ထို့ကြောင့် ဖြတ်မပြောဘဲ ငြိမ်ငြိမ်လေးသာ နားထောင်နေလိုက်လေ၏။

“ငါ့ကျင့်ကြံခြင်း အတိုင်းအတာတစ်ခုထိ ရောက်သွားတဲ့နောက်ပိုင်း ရေခဲနှလုံးသားတောင်ကြားကို တည်ထောင်ခဲ့တယ်… အဲ့အချိန်တည်းက စပြီး ရေခဲနှလုံးသားတောင်ကြားရဲ့ ခွန်အားက တဖြည်းဖြည်း မြင့်တက်လာခဲ့တာ အခုအခြေအနေ ရောက်တဲ့ထိပဲ… ဒါပေမဲ့ ရေခဲနှလုံးသားတောင်ကြားကို တည်ထောင်ပြီးတဲ့နောက်ပိုင်း ငါ့အသက်ကို ကယ်ပေးခဲ့တဲ့ စီနီယာရဲ့ ကျေးဇူးကို ငါ ဘယ်တော့မှ မေ့မသွားခဲ့ဘူး… ဒါ့ကြောင့်ပဲ လွန်ခဲ့တဲ့ နှစ်သုံးထောင်တုန်းက အဲ့စီနီယာကို ရှာဖို့ဆိုပြီး ရေခဲနှလုံးသားတောင်ကြားက ထွက်လာခဲ့တာ… အဲ့စီနီယာရဲ့ အသက်ကယ်ကျေးဇူးကို ပြန်မဆပ်နိုင်ရင်တောင် အနည်းဆုံးတော့ ငါ သူ့ကို ကျေးဇူးတင်ကြောင်း ပြောပြချင်တယ်…” ပင်းယွင်က ယဲ့ယဲ့လေးပြုံးလျက် “ငါတို့ကျင့်ကြံသူတွေဆိုတာ ကိုယ့်အပေါ် အကြွေးတင်နေလို့ရှိရင် အမြဲပြန်ဆပ်ရတယ်… ကိုယ့်အသက်ကို ကယ်ပေးခဲ့တဲ့ အသက်ကယ်ကျေးဇူးဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ဘူး…”

“ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အဲ့စီနီယာကို ဘယ်လိုမှ ရှာမတွေ့ခဲ့ဘဲ ဟင်းလင်းပြင်လောကကြီးထဲကိုတောင် ရောက်သွားခဲ့လိုက်ရသေးတယ်… အဲ့လိုနဲ့ ငါ အဲ့မှာ နှစ်သုံးထောင်လောက်ကြာအောင် ပိတ်မိနေခဲ့တာပဲ…”

ပင်းယွင် ဟင်းလင်းပြင်လောကကြီးထဲ ပိတ်မိနေသည်မှာ နှစ်သုံးထောင်ခန့် ကြာသွားသည်ဟု ကြားသိလိုက်ရပြီးသည့်နောက် ရန်ကိုင် မှင်သက်သွားခဲ့သည်။ ဟင်းလင်းပြင်လောကကြီးထဲ၌ ပင်းယွင်သည် သူမ၏ကျင့်ကြံခြင်းကို တိုးတက်လာအောင် မလုပ်နိုင်ခဲ့ပေ။ တစ်နည်းဆိုရသော် ပင်းယွင်သည် ဧကရာဇ်တတိယအဆင့်သို့ လွန်ခဲ့သော နှစ်သုံးထောင်ခန့်တည်းက ရောက်ရှိနေခြင်း ဖြစ်ပေသည်။ ထိုအချက်ကို စဉ်းစားကြည့်လိုက်မည်ဆိုပါက ကံမကောင်းသည့် အတွက်ကြောင့်သာမဟုတ်လျှင် ပင်းယွင်သည် ယခုအချိန်လောက်ဆိုလျှင် မဟာဧကရာဇ်တစ်ပါးနှင့် ဆက်စပ်သည့် လျှို့ဝှက်ချက်များကိုပင်လျှင် နားလည်ကောင်း နားလည်နေလောက်ပေပြီ။

“အဲ့စီနီယာကို ပြန်ရှာဖို့က ငါ့ရဲ့ရည်မှန်းချက်ပဲ… ဘယ်နေရာကိုပဲရောက်ရောက် ငါ အဲ့စီနီယာကို ဆက်ရှာနေဦးမှာ… ငါ သူ့ကို ကျေးဇူးတင်ကြောင်း ပြောပြဖို့လိုသေးတယ်…” ပင်းယွင်က ပြောလိုက်လေသည်။

ရန်ကိုင်က ပြောလိုက်လေ၏။ “အဲ့ဒါဆိုရင် ရေခဲနှလုံးသားတောင်ကြားက…”

ပင်းယွင်က ယဲ့ယဲ့လေးပြုံးလိုက်လေ၏။ “ငါက ရေခဲနှလုံးသားတောင်ကြားရဲ့ တည်ထောင်သူဆိုရင်တောင် အဲ့ဂိုဏ်းကို တစ်သက်လုံး ကာကွယ်ပေးနေနိုင်မှာမဟုတ်ဘူး… တပည့်တွေသာ အရည်အချင်းရှိလို့ ဂိုဏ်းကို တိုးတက်အောင် လုပ်နိုင်မယ်ဆိုရင်တော့ ကောင်းတာပေါ့… အဲ့လိုမလုပ်နိုင်ဘဲ ဂိုဏ်းတစ်ခုလုံး ဆုတ်ယုတ်လာမယ်ဆိုရင်လည်း ကံတရားပဲပေါ့… ဒီလောကကြီးမှာ ဘယ်ဂိုဏ်းကမှ ရေရှည်တည်တံ့နိုင်တာမှ မဟုတ်တာ… လူတွေလိုပဲ ဂိုဏ်းတွေကလည်း တစ်နေ့တိုးတက်ပြီးရင် တစ်နေ့ ဆုတ်ယုတ်ကြရမှာပဲ… ဒီလောကဓံတရားကို ဘယ်သူမှ မလွန်ဆန်နိုင်ဘူး…”

ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ “စီနီယာပြောတာ ယုတ္တိရှိတယ်…”

ပင်းယွင်က ဆက်ပြောလိုက်လေသည်။ “ရေခဲနှလုံးသားတောင်ကြားကနေ ထွက်လာတုန်းက ငါ့ဂိုဏ်းကို သိပ်ပြီး စိတ်မချခဲ့ဘူး… ဒီတော့ ငါ ကျင့်စဉ်တစ်ခုကိုသုံးပြီး မှော်ရတနာတစ်ခုကို ဖန်တီးခဲ့တယ်… ပြီးတော့ တပည့်တွေကိုလည်း ပြောခဲ့တယ်… ရေခဲနှလုံးသားတောင်ကြား တစ်နေ့နေ့ အန္တရာယ်တစ်ခုခုနဲ့ ရင်ဆိုင်လာရလို့ရှိရင် သူတို့မှာလည်း အဲ့အန္တရာယ်ကို ရင်ဆိုင်ကျော်လွှားဖို့ ခွန်အားရှိမနေဘူးဆိုရင် အဲ့မှော်ရတနာကိုသုံးပြီး ငါ့ဆီဆက်သွယ်နိုင်တယ်လို့... ငါအမြန်ပြန်လာခဲ့မယ်လို့ ပြောခဲ့တယ်…”

ထိုနေရာအရောက်တွင် ပင်းယွင်သည် သူမ၏သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်လေသည်။ ထိုကျောက်စိမ်းပြားကို ကိုင်ရင်းမှ ဆက်ပြောလိုက်လေ၏။ “အခု အဲ့မှော်ရတနာဆီကနေ စွမ်းအင်လှိုင်းတစ်ခု ဖြာထွက်လာတာကို ငါခံစားမိလိုက်တယ်…”

ရန်ကိုင်လည်း ကျောက်စိမ်းပြားဆီသို့ လှမ်းကြည့်လိုက်ရာ ကျောက်စိမ်းပြား အရောင်တလက်လက် တောက်နေကြောင်း တွေ့လိုက်ရလေသည်။

ရန်ကိုင့်၏အမူအယာ ပြောင်းလဲသွားခဲ့လေသည်။ “ရေခဲနှလုံးသားတောင်ကြား ဒုက္ခရောက်နေတာလား…”

ပင်းယွင်က ခေါင်းခါလိုက်လေသည်။ “ငါ သေချာမသိဘူး… ဒါပေမဲ့ ရေခဲလမြို့ထဲမှာ ဧကရာဇ်အဆင့် ပညာရှင်တွေ အများကြီး ပေါ်လာတာ ပုံမှန်တော့မဟုတ်ဘူး… အဲ့လိုဖြစ်ရတာ ရေခဲနှလုံးသားတောင်ကြားနဲ့ တစ်ခုခု ပတ်သက်နေရလိမ့်မယ်…”

“စီနီယာကို ကျုပ် ဘယ်လိုကူညီပေးရမှာလဲ…” ရန်ကိုင်က မေးလိုက်လေသည်။ ပင်းယွင် ဤအကြောင်းများကို ပြောပြရခြင်းမှာ သူ့ဆီမ တစ်ခုခု အကူအညီ တောင်းချင်သည့် အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။

“ငါ အပြည့်အဝပြန်ကောင်းဖို့ နှစ်ရက်သုံးရက်လောက် လိုသေးတယ်… ဒီတော့ ငါဒီနေရာကနေ အခုလောလောဆယ် ထွက်သွားနိုင်ဦးမှာ မဟုတ်သေးဘူး… ဒါကြောင့်မလို့ ရေခဲနှလုံးသားတောင်ကြားမှာ ဘာတွေဖြစ်နေလဲ ဆိုတာကို နင့်ကို တစ်ချက်သွားကြည့်စေချင်တာ…”

ရန်ကိုင်က ချက်ချင်း ခေါင်းညိတ်လိုက်လေ၏။ “ကောင်းပြီလေ… စီနီယာက တောင်းဆိုလာမှတော့ ကျုပ် အတတ်နိုင်ဆုံး ကြိုးစားပေးရတာပေါ့… ဒါပေမဲ့ ရေခဲနှလုံးသားတောင်ကြားက မြောက်ဘက်နယ်မြေထဲက ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဆိုတော့ အဲ့ဂိုဏ်းထဲကို ခိုးဝင်ဖို့က လွယ်မှာမဟုတ်ဘူး… ဂျူနီယာ တစ်ချက်ကလေး သတိလက်လွတ်ဖြစ်သွားရင် ကျုပ်ခွန်အားနဲ့…”

ရန်ကိုင်သာ ရေခဲနှလုံးသားတောင်ကြားကို ကာကွယ်ပေးထားသည့် အစီအရင်အား မတော်တဆ သွားထိလိုက်မည်ဆိုပါက ဂိုဏ်းတစ်ခုလုံး၏ ရန်သူ ဖြစ်လာနိုင်ပေသည်။ ပင်းယွင်မရှိလျှင်ပင် ရေခဲနှလုံးသားတောင်ကြား၌ ဧကရာဇ်အဆင့် ပညာရှင်ပေါင်းများစွာ ရှိနေသေးသည်။ ထိုပညာရှင်များ၏ ဝိုင်းရံခြင်းသာ ခံလိုက်ရမည်ဆိုပါက ရန်ကိုင့်အနေဖြင့် အသက်ရှင်လျက် လွတ်မြောက်နိုင်စရာ အကြောင်း မရှိလောက်တော့ချေ။

“အဲ့ကိစ္စနဲ့ပတ်သက်ပြီး စိတ်ပူမနေနဲ့… ငါ့တံဆိပ်ပြားကိုသာ ယူသွားသရွေ့ ဘယ်အကာအရံမှ နင့်ကို အနှောင့်အယှက် ပေးနိုင်မှာမဟုတ်ဘူး…” ပင်းယွင်သည် တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်လေသည်။ ထိုတံဆိပ်ပြားသည် နှင်းဖြူရောင် တောက်ပနေခဲ့လေသည်။ တံဆိပ်ပြားမှာ ဤလောကကြီးထဲရှိ အသန့်စင်ဆုံးသော ကျောက်စိမ်းသားမှ ထွင်းထုထားသည့်အလား ချောမွတ်တောက်ပြောင်နေခဲ့ပြီး ကျောက်စိမ်းပြား၏ မျက်နှာပြင်တွင် ယွင် ဟူသော စကားလုံးကို ထိုးထွင်းထားခဲ့လေသည်။

ရန်ကိုင်သည် သူ့လက်ကိုဆန့်ထုတ်၍ ယွင်တံဆိပ်ပြားကို လက်ခံယူလိုက်လေသည်။

ထို့နောက်တွင် ပင်းယွင်သည် သူ့အား ကျောက်စိမ်းပြားကိုတစ်ခုကိုပါ ပေးလိုက်လေသည်။ “ဒီကျောက်စိမ်းပြားနဲ့ဆိုရင် ငါထားခဲ့တဲ့ မှော်ရတနာရဲ့ တည်နေရာကို နင် အာရုံခံနိုင်လိမ့်မယ်… ငါမထွက်သွားခင်တုန်းက အဲ့မှော်ရတနာကို ရေခဲနှလုံးသားတောင်ကြားရဲ့ တားမြစ်နေရာမှာ ထားခဲ့တာ… အဲ့ဒါက အခု အရင်နေရာမှာပဲ ရှိလောက်တယ်…”

“ကျုပ်နားလည်ပြီ…” ရန်ကိုင်သည် ခေါင်းညိတ်လျက် အလေးအနက်အမူအယာဖြင့် တံဆိပ်ပြားနှစ်ခုကို သူ့သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်လေသည်။

“ဒါကိုလည်း ယူသွားလိုက်…” ပင်းယွင်သည် ရုတ်တရက် ဓာတ်လုံးတစ်လုံးကို ထုတ်ပေးလိုက်လေ၏။

ထိုဓာတ်လုံးကိုမြင်သော် ရန်ကိုင့်၏မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့လေသည်။ “ဧကရာဇ်အာဏာပိုင်ဓာတ်လုံးလား…”

ရန်ကိုင်သည် ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကဲ့သို့သော ဓာတ်လုံးမျိုးနှင့် ရင်းနှီးပေသည်။ ဥတုလေးမျိုးနယ်မြေထဲတွင် ရှိစဉ်က အချိန်မြစ်မဟာဧကရာဇ်၏ ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကို ရခဲ့သည်။ နောက်ပိုင်းတွင် ထိုဓာတ်လုံးအား ရွက်တစ်ထောင်ဂိုဏ်း၏ ကမ္ဘာငယ်လေးထဲရှိ ဧကရာဇ်တတိယအဆင့်သို့ ရောက်နေသော အလောင်းရုပ်သေးရုပ်နှင့် ရင်ဆိုင်ရာတွင် အသုံးပြုခဲ့ပေသည်။ ထိုစဉ်က ရန်ကိုင်သည် ဧကရာဇ်အာဏာပိုင်ဓာတ်လုံးမှာ ဖြာထွက်လာသော အချိန်မြစ်စွမ်းအားကိုသုံး၍ တာအိုသခင်တတိယအဆင့်သို့ ချိုးဖြတ်ဝင်ရောက်နိုင်ခဲ့သည်။

ဧကရာဇ်အာဏာပိုင်ဓာတ်လုံးထဲတွင် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး၏ အစွမ်းကုန်တိုက်ကွက်တစ်ကွက် ပါဝင်နေခဲ့ပေသည်။ သို့သော်ငြား ဧကရာဇ်ပညာရှင်တိုင်း ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကို ဖန်တီးနိုင်သည်တော့မဟုတ်။ ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကို ဖန်တီးနိုင်ရန်အတွက် ကျင့်ကြံသူတစ်ဦးသည် အနည်းဆုံး ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်ရှိနေရန် လိုအပ်သည်။ ထို့အပြင် ထိုကဲ့သို့သော ဓာတ်လုံးမျိုးကို ဖန်တီးရန် အချိန်နှင့် စွမ်းအင်အရင်းအမြစ်များစွာလည်း လိုအပ်ပေသေးသည်။

အများအားဖြင့် ပညာရှင်များသည် ထိုကဲ့သို့သော အရာမျိုးကို သူတို့၏ လက်ရွေးစင် ဂျူနီယာများကိုသာ ပေးလေ့ရှိပေသည်။ ဧကရာဇ်ပညာရှင်တစ်ဦးချင်းစီသည် ဧကရာဇ်အာဏာပိုင်ဓာတ်လုံးပေါင်းများစွာကို မဖန်တီးနိုင်ကြပေ။ သူတို့ဖန်တီးနိုင်သည့် အရေအတွက်မှာ အကန့်အသတ်နှင့် ရှိပေသည်။ ထိုအကန့်အသတ်ထက်ကျော်လွန်၍ ဖန်တီးလိုက်မည်ဆိုပါက သူတို့၏ကျင့်ကြံခြင်းအုတ်မြစ်ကိုပင် ထိခိုက်သွားစေနိုင်သည်။

ပင်းယွင်သည် သူ့ကိုယ်သူ ကာကွယ်နိုင်ရန်အတွက် သူမ၏ ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကို ထုတ်ပေးလာလိမ့်မည်ဟု ရန်ကိုင် မထင်မှတ်ထားခဲ့ချေ။

“ဒါက ငါ ဧကရာဇ်တတိယအဆင့်ကို ရောက်ပြီးတဲ့နောက်ပိုင်း ဖန်တီးထားတဲ့ ဧကရာဇ်အာဏာပိုင်ဓာတ်လုံးပဲ… ဒီထဲမှာ ငါ့ကျင့်စဉ်တစ်ခုကို ချိတ်ပိတ်ထားတယ်… ဒီတော့ သတိထားပြီးတော့သုံး…”

ရန်ကိုင်သည် ထိုဓာတ်လုံးအား ဝမ်းပန်းတသာဖြင့် လက်ခံယူပြီး သေသေချာချာ သိမ်းဆည်းလိုက်လေသည်။ ထို့‌နောက် မတ်တပ်ရပ်၍ ဦးညွှတ်လိုက်လေ၏။ “ဒါဆိုရင် ဂျူနီယာ သွားလိုက်ပါဦးမယ်…”

“သတိထားဖို့ မမေ့နဲ့နော်… နင့်ကို တွေ့သွားပြီဆိုတာနဲ့ ငါ့တံဆိပ်ပြားကို ချက်ချင်း ထုတ်ပြလိုက်… အဲ့တံဆိပ်ပြားကိုမြင်ရင် အဲ့ကောင်မလေးတွေ နင့်ကို တိုက်ခိုက်ရဲမှာမဟုတ်ဘူး…” ပင်းယွင်က ပြောလိုက်လေသည်။

ရန်ကိုင်က ပြုံးဖြီးလျက် ပြန်ပြောလိုက်လေ၏။ “စီနီယာကိုယ်တိုင်က အာမခံပေးနေတယ်ဆိုမှတော့ ဂျူနီယာ ဘာကိုမှ မကြောက်တော့ပါဘူး…”

ထို့‌နောက် ရန်ကိုင်သည် အခန်းထဲမှ လှည့်ထွက်သွားလေ၏။

ပင်းယွင်၏ စည်းကမ်းစည်းမျဉ်းများအရ ရေခဲနှလုံးသားတောင်ကြားသည် မည်သည့် ယောကျ်ားလေးတပည့်ကိုမှ လက်မခံချေ။ လက်ရှိ ရေခဲနှလုံးသားတောင်ကြား၏ ပုံစံသည် လှိုင်းနီကြယ်တွင်ရှိနေသော ရေခဲနှလုံးသားတောင်ကြားနှင့် အတူတူပင်။ လှိုင်းနီကြယ်ပေါ်တွင် ရှိနေသော ရေခဲနှလုံးသားတောင်ကြားသို့ ရောက်စဉ်က ထိုဂိုဏ်းတွင် မည်သည့် ယောကျ်ားလေးတပည့်မှ မရှိကြောင်း ရန်ကိုင် တွေ့ရှိခဲ့ရလေသည်။ ဂိုဏ်းတစ်ဂိုဏ်းလုံးသည် အလှကိုယ်စီကို ပိုင်ဆိုင်ထားကြသော အမျိုးသမီးတပည့်များဖြင့်သာ ပြည့်နေကြလေသည်။

ပုံမှန်အားဖြင့် ဤကဲ့သို့သော တာဝန်မျိုးသည် ရန်ကိုင့်ဆီသို့ ရောက်မလာသင့်ပဲ ပင်းယွင်၏ လက်ရှိတပည့်များအနက် အားအကောင်းဆုံးဖြစ်သော ဖန်ရှင်းဆီသို့သာ ရောက်သွားသင့်ပေသည်။ သို့သော်ငြား ဖန်ရှင်းသည် တာအိုသခင် ဒုတိယအဆင့်သာ ရှိသေးသလို သူမနှင့် ရန်ကိုင်ကြားရှိ ခွန်အားကွာခြားချက်မှာလည်း ပြောမပြနိုင်လောက်အောင်ကို ကြီးမားလှပေသည်။ ထို့အတွက်ကြောင့်ပင်လျှင် ပင်းယွင်သည် ဤတာဝန်ကို ရန်ကိုင့်လက်ထဲသို့ ထည့်ပေးလိုက်ခြင်းဖြစ်သည်။

ရန်ကိုင်လည်း ထိုအချက်ကို ရှင်းရှင်းလင်းလင်း သိထားပေသည်။ ပင်းယွင်သည် တံဆိပ်ပြားနှစ်ခုသာမက ဧကရာဇ်အာဏာပိုင်ဓာတ်လုံးတစ်ခုကိုပါ ပေးခဲ့ပေသည်။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် ဤကိစ္စကို သူမ မည်မျှ အလေးထားကြောင်း မြင်တွေ့နိုင်၏။ သူ့အား ကာကွယ်ပေးမည့် တံဆိပ်ပြားနှင့် ဓာတ်လုံးတို့ ရှိနေပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင့်အဖို့ ရေခဲနှလုံးသားတောင်ကြား၏ အခြေအနေကို စစ်ဆေးဖို့ရာ ပြဿနာ မရှိလောက်တော့ချေ။

ရေခဲနှလုံးသားတောင်ကြားသည် ရေခဲလမြို့တော်နှင့် သိပ်မဝေးလှပဲ တစ်နာရီခန့် ပျံသန်းသွားလျှင်ပင် ရောက်နိုင်ပေသည်။ ရေခဲလမြို့တော်သည် ရေခဲနှလုံးသားတောင်ကြားမှ ပြင်ပလောကကြီးနှင့် အဆက်အဆံလုပ်ရန် တည်ထောင်ထားသော မြို့တစ်မြို့ ဖြစ်သည့် အတွက်ကြောင့် ထိုမြို့သာ ဂိုဏ်းနှင့် အလွန် ဝေးကွာနေမည်ဆိုပါက ၎င်း၏ရည်ရွယ်ချက်ကို ဆုံးရှုံးသွားရနိုင်ပေသည်။

ရန်ကိုင်သည် အခြားမည်သူ့ကိုမှ သွားအနှောင့်အယှက်မပေးခဲ့ဘဲ ရေခဲလမြို့တော်မှ တိတ်တဆိတ် ထွက်ခွာလာခဲ့ပြီး ရေခဲနှလုံးသားတောင်ကြားဆီသို့ ဦးတည်လိုက်သည်။

မှောင်ရီပျိုးစ အချိန်သို့ ရောက်လာသည့်အခါတွင် ရေခဲနှလုံးသားတောင်ကြား၏ အစွန်အဖျားပိုင်းဆီသို့ ရန်ကိုင် ရောက်ရှိလာခဲ့လေသည်။

ရေခဲနှလုံးသားတောင်ကြားသည် မြင့်မားလှသော တောင်စဉ်များ ဝန်းရံနေသည့် တောင်ကြားတစ်ခုထဲတွင် ရှိနေခြင်း ဖြစ်သည်။ ပတ်ဝန်းကျင်ရှုခင်းများမှာ အလွန်တရာကိုမှ လှပပြီး မိုးမြေစွမ်းအင်များမှာလည်း သိပ်သည်းလှပေသည်။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် ပင်းယွင်သည် ဤနေရာကို သေသေချာချာ ရွေးချယ်ခဲ့ခြင်း ဖြစ်မှန်း သိနိုင်သည်။ ထိုမျှသာလျှင် မဟုတ်သေးဘဲ တောင်ကြား၏ အောက်ခြေတွင်လည်း ဖြတ်သန်းစီးဆင်းနေသော မြေကမ္ဘာချီကြောမကြီးတစ်ခု ရှိနေသေး၏။ ထို့ကြောင့်သာမဟုတ်လျှင် ဤတောင်ကြားထဲရှိ မိုးမြေစွမ်းအင် ဤမျှ သိပ်သည်းနေလိမ့်မည် မဟုတ်ချေ။

ရေခဲနှလုံးသားတောင်ကြားထဲသို့ ဝင်နိုင်သည့် တစ်ခုတည်းသော ဝင်ပေါက်မှာ မီတာထောင်ပေါင်းများစွာမက မြင့်မားသည့် ဂိတ်ပေါက်ကြီးဖြစ်သည်။ သို့သော်ငြား ထိုဝင်ပေါက်ကို မိန်းကလေးတပည့်ပေါင်းများစွာမှ အထပ်ထပ် စောင့်ကြပ်နေသည့် အတွက်ကြောင့် သူတို့သတိမပြုမိဘဲ ဝင်သွားဖို့ရာ မဖြစ်နိုင်ပေ။

ပင်းယွင်သည် ရေခဲနှလုံးသားတောင်ကြား၏ အခြေအနေကို တိတ်တဆိတ် စစ်ဆေးရန် တာဝန်ပေးထားသည့် အတွက်ကြောင့် ရန်ကိုင့်အနေဖြင့် အဓိကဝင်ပေါက်ကို အသုံးမပြုနိုင်တော့ချေ။ ထို့အတွက်ကြောင့် ဂိုဏ်းတစ်ဝိုက်ကို လှည့်ပတ်ကြည့်ပြီးသည့်နောက် တစ်ခုသောဘက်ဆီသို့ ပြေးထွက်သွားလေ၏။

တစ်ခဏအကြာတွင် ရန်ကိုင်ရပ်လိုက်ပြီး ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ပတ်ဝန်းကျင်အခြေအနေကို စစ်ဆေးကြည့်လိုက်လေသည်။

ဤနေရာတွင် သူ့လမ်းကြောင်းကို တားဆီးနေသည့် မမြင်နိုင်သော အကာအရံတစ်ခု ရှိနေခဲ့လေသည်။ ထိုအရာမှာ ရေခဲနှလုံးသားတောင်ကြားကို ကာကွယ်ပေးနေသည့် အစီအရင်တစ်ခုဖြစ်ပေသည်။ တစ်စုံတစ်ဦးသာ ထိုအစီအရင်ကို သွားထိလိုက်မည်ဆိုပါက တစ်ဂိုဏ်းလုံး နိုးနိုးကြားကြား ဖြစ်သွားကာ လူပေါင်းများစွာ ဤနေရာသို့ တမုဟုတ်ချည်း ပြေးလာကြပေလိမ့်မည်။

ရန်ကိုင်သည် မဆင်မခြင် မလှုပ်ရှားခဲ့ပဲ နေရာတစ်ခုတွင် ပုန်းကာ တစ်နာရီခန့်ကြာအောင် တည်တည်ငြိမ်ငြိမ်ဖြင့် စောင့်ကြည့်နေလေ၏။ ဤနေရာသို့ မည်သည့်တပည့်မှ ရောက်မလာမှန်း အတည်ပြုပြီးသည့်အခါမှသာ ပင်းယွင်ပေးထားသည့် ယွင်တံဆိပ်ပြားကို ထုတ်၍ အစီအရင်ဆီသို့ ချိန်လိုက်လေသည်။

ယွင်တံဆိပ်ပြားဆီမှ အလင်းတန်းတစ်ခု ဖြာထွက်လာခဲ့ပြီး အကာအရံမျက်နှာပြင်ပေါ်တွင် ဝင်ပေါက်တစ်ခု ဖြစ်သွားစေခဲ့လေ၏။

ရန်ကိုင်သည် အချိန်ဖြုန်းမနေဘဲ ထိုအပေါက်မှတစ်ဆင့် ဂိုဏ်းထဲသို့ ဝင်လာခဲ့လိုက်လေသည်။ လေဟာနယ်နိယာမများကို ကျွမ်းကျင်ထားသည့် အတွက်ကြောင့် ရန်ကိုင်သည် တစ္ဆေတစ်ကောင်နှယ် လူးလွန့် လှုပ်ရှားနိုင်ပေသည်။ တစ်ချိန်တည်းတွင် ဗလာနတ္ထိပညာရပ်ကို အသုံးပြုထားသည့် အတွက်ကြောင့် မည်သူမှ သူ့အရှိန်အဝါကို အာရုံမခံနိုင်တော့ချေ။

ရန်ကိုင်သည် ရေခဲနှလုံးသားတောင်ကြားထဲသို့ အလွယ်တကူ ထိုးဖောက်ဝင်ရောက် လာနိုင်ခဲ့ပေသည်။ ပင်းယွင်ပေးခဲ့သည့် ယွင်တံဆိပ်ပြား အမှန်တကယ် အလုပ်ဖြစ်သည်ကို မြင်သည့်အခါမှသာ ရန်ကိုင် စိတ်သက်သာရာ ရနိုင်တော့လေ၏။

ထို့နောက်တွင် ရန်ကိုင်သည် ကျောက်စိမ်းပြားကို ထုတ်၍ ပင်းယွင်ပြောပြခဲ့သည့် မှော်ရတနာ၏ တည်နေရာကို စတင် အာရုံခံတော့သည်။ ထို့နောက် ထိုအရပ်ဆီသို့ ပြေးထွက်သွားလေ၏။

ရှေ့ဆက်သွားသည်နှင့်အမျှ အရှိန်အဝါများစွာကို ရန်ကိုင် အာရုံခံမိလာတော့လေသည်။ ထိုအရှိန်အဝါများမှာ ရေခဲနှလုံးသားတောင်ကြား၏ တပည့်များ ဖြစ်ကြပေသည်။ မြောက်ဘက်နယ်မြေရှိ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်နှင့်အညီ ရေခဲနှလုံးသားတောင်ကြားထဲတွင် တပည့်ပေါင်းများစွာ ရှိကြပေသည်။ သို့သော်ငြား ရန်ကိုင် ကြုံတွေ့ခဲ့ရသည့် မည်သူမျှ အရမ်းအားကောင်းခြင်း မရှိပေ။ အားအကောင်းဆုံးမှာ တာအိုသခင်အဆင့်သို့သာ ရောက်ပေသေးရာ ရန်ကိုင်၏လက်ရှိခွန်အားနှင့်တကွ ဗလာနတ္ထိပညာရပ်ကိုပါ ထုတ်သုံးထားလိုက်သော် မည်သူမျှ ရန်ကိုင့်အား အာရုံမခံနိုင်တော့ချေ။

တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် အဆောက်အဦးတစ်ခုကို ဖြတ်လျက် ရေခဲနှလုံးသားတောင်ကြား၏ အတွင်းပိုင်းဆီသို့ ဆက်သွားတော့မည်အပြု သူ့အမူအယာ ထူးဆန်းသွားခဲ့ပြီး ရုတ်တရက် ရပ်လိုက်လေ၏။

အကြောင်းမှာ ယောက်ျားတစ်ဦး စကားပြောနေသည်ကို ကြားလိုက်ရသည့် အတွက်ကြောင့်ပင်။

ထိုအသံမှာ သူ့ဘေးတွင် ရှိနေသော အဆောက်အဦးဆီမှ လာနေခြင်း ဖြစ်ပြီး ယောကျ်ားတစ်ဦးတည်း စကားပြောနေခြင်းမဟုတ်။ ယောကျ်ားနှစ်ဦး ကိစ္စတစ်ခုခုအကြောင်းအား ဆွေးနွေးတိုင်ပင်နေကြခြင်း ဖြစ်ပေသည်။

(ဒီလူတွေ ရေခဲနှလုံးသားတောင်ကြားမှာ ဘာလာလုပ်နေတာလဲ…)

ရန်ကိုင် ကြောင်သွားခဲ့လေသည်။ ရေခဲနှလုံးသားတောင်ကြားသည် မိန်းကလေးတပည့်များကိုသာ လက်ခံပြီး မည်သည့်ယောကျ်ားသားကိုမှ အဝင်မခံသည့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်လေရာ ထိုလူနှစ်ဦး ဤနေရာသို့ မည်ကဲ့သို့ ရောက်လာကြလေသနည်း။

(ဂိုဏ်းထဲက အချို့တပည့်တွေ အထီးကျန်တဲ့ဒဏ်ကို ဆက်ပြီး မခံစားနိုင်တော့လို့ သူတို့ချစ်သူတွေကို ဂိုဏ်းထဲ ဘယ်သူမှမသိအောင် ခိုးသွင်းလာတာလား…) ထိုအချက်ကို စဉ်းစားမိလိုက်သည်နှင့် ရန်ကိုင် ကြောက်လန့်သွားခဲ့လေသည်။ ထိုသို့သာ တကယ်ဖြစ်မည်ဆိုပါက ရေခဲနှလုံးသားတောင်ကြား၏ ဂုဏ်သတင်း ပျက်စီးရပေတော့မည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၄၁၂)

သို့သော်ငြား သေချာစဉ်းစားကြည့်လိုက်ပြီးသည့်နောက် ထိုကဲ့သို့ မဖြစ်နိုင်မှန်း သိသွားခဲ့သည်။ ရေခဲနှလုံးသားတောင်ကြားထဲတွင် တပည့်ပေါင်း သောင်းနှင့်ချီကာ ရှိကြလေရာ မည်သူမဆို သူတို့ချစ်သူများကို ဂိုဏ်းထဲသို့ အခြားသူများမသိအောင် ခေါ်သွင်းလာဖို့ရာ မဖြစ်နိုင်ပေ။ ထို့အပြင် ရေခဲနှလုံးသားတောင်ကြား၌ လက်ထပ်ခြင်းကို တားမြစ်မထားချေ။ သို့သော်ငြား တပည့်တစ်ဦးသည် သူတို့ကြိုက်နှစ်သက်သည့် လူတစ်ဦးနှင့် လက်ထပ်လိုက်မည်ဆိုပါက ရေခဲနှလုံးသားတောင်ကြားထဲမှ ထွက်သွားရပေလိမ့်မည်။ သူတို့သည် ဂိုဏ်း၏တပည့်တစ်ဦး ဖြစ်နိုင်တော့လိမ့်မည် မဟုတ်ချေ။

လူတိုင်းတွင် ကိုယ့်ခံစားချက်နှင့်ကိုယ်ရှိမှန်း ပင်းယွင်သိထားပေသည်။ ထို့အတွက်ကြောင့် ဂိုဏ်းစည်းကမ်းများကို အရမ်းကြီး တင်းကြပ်ထားခြင်း မရှိချေ။ ဂိုဏ်းသားတစ်ဦး သူတို့ချစ်ခင်စုံမက်သည့် လူတစ်ဦးနှင့် ချစ်ကြိုက်သွားသည်မှာ သဘာဝသာ ဖြစ်ပေသည်။ ထို့အတွက်ကြောင့် ထိုကဲ့သို့သော လူများအတွက် ထွက်ပေါက်တစ်ခု ချန်ထားပေးခြင်းပင်။

သို့သော်ငြား ဤနေရာတွင် ယောကျ်ားနှစ်ဦးကို လာတွေ့ခြင်းမှာ တကယ်ကို အံ့အားသင့်စရာ ကောင်းနေခဲ့လေသည်။ ထိုလူနှစ်ဦး ဤနေရာတွင် နေနိုင်သည်ကို ကြည့်လျှင် သူတို့၏နောက်ခံမှာ သာမန်မဟုတ်ကြောင်း သတိပြုမိနိုင်သည်။

ရန်ကိုင်မှာ စိတ်ဝင်စားသွားခဲ့ပြီး ထိုလူနှစ်ဦး ဘာတွေပြောနေသလဲ ဆိုသည်ကို သိချင်မိသွားခဲ့သည်။ သို့သော်ငြား ထိုလူနှစ်ဦး၏ အရှိန်အဝါကို ခံစားမိလိုက်သည့်အခိုက် ရန်ကိုင်မှာ နိုးနိုးကြားကြား ဖြစ်သွားခဲ့ပြီး မဆင်မခြင် မလှုပ်ရှားရဲတော့ချေ။

ထိုလူနှစ်ဦးအနက် တစ်ဦးမှာ ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်နေခဲ့လေသည်။

ရန်ကိုင်သည် ဧကရာဇ်ပထမအဆင့် ပညာရှင်ပေါင်းများစွာနှင့် တိုက်ခိုက်ခဲ့ဖူးပြီး အချို့ကိုပင်လျှင် သတ်ပစ်နိုင်ခဲ့သော်ငြား ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦးနှင့်တော့ တစ်ခါမှ မတိုက်ခိုက်ခဲ့ဖူးသေးချေ။ ထို့အတွက်ကြောင့် ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦး မည်မျှ အားကောင်းသလဲ ဆိုသည်ကို မသိချေ။

ထို့အပြင် ရန်ကိုင်သည် တာဝန်အရ ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သည့်အတွက်ကြောင့် အခြားသူများ သူရှိနေသည်ကို သတိပြုမိသွား၍ မဖြစ်ချေ။

တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက်တွင် ရန်ကိုင်သည် အဝေးတစ်နေရာဆီသို့ ထွက်ပြေးသွားလေ၏။

“ဘယ်သူလဲ…” ရုတ်တရက် အဆောက်အဦးထဲမှ အော်သံတစ်သံ ထွက်ပေါ်လာခဲ့ပြီး လူတစ်ဦး ပြေးထွက်လာခဲ့လေသည်။

ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ ဤဧကရာဇ်ဒုတိယအဆင့် ပညာရှင်၏ ထောက်လှမ်းနိုင်စွမ်းကို သူအထင်သေးမိလိုက်သည့်ပုံပင်။ အခြားသူများ သတိထားမိဘဲ ဤအဆောက်အဦးကို ဖြတ်သွားဖို့ရာ မဖြစ်နိုင်တော့သည့်ပုံပင်။

ထို့အတွက်ကြောင့် ရန်ကိုင်သည် တစ်ချက်ကလေးမှပင် တုံ့ဆိုင်းမနေတော့ဘဲ တည်နေရာခုန်ကူးသွားလိုက်လေ၏။

ချက်ချင်းဆိုသလို ရန်ကိုင် အစောပိုင်းက ပုန်းနေခဲ့သည့် နေရာ၌ ယောကျ်ားတစ်ဦး ပေါ်လာခဲ့လေသည်။ ထိုလူသည် မှုန်ကုပ်ကုပ်အမူအယာဖြင့် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ဘေးပတ်ဝန်းကျင်တစ်ခုလုံးကို စစ်ဆေးကြည့်လိုက်လေသည်။ သို့သော်ငြား မည်သူ့ကိုမှ ရှာမတွေ့ခဲ့ချေ။

ခဏအကြာတွင် လူငယ်လေးတစ်ဦး ထိုလူကြီး၏ဘေးနားတွင် ပေါ်လာပြီး မျက်မှောင်ကြုတ်လျက် မေးလိုက်လေသည်“ဂိုဏ်းတူဦးလေးယောင်… ဘာဖြစ်လို့လဲ…”

သက်လတ်ပိုင်းလူကြီးက ပြန်ပြောလိုက်လေ၏။ “ခုနတုန်းက ဒီနေရာမှာ တစ်ယောက်ယောက်ကို ငါ အာရုံခံမိလိုက်တယ်…”

လူငယ်လေးအံ့အားသင့်သွားခဲ့လေသည်။ “ဘယ်သူလဲ…”

သက်လတ်ပိုင်းလူကြီးက ခေါင်းခါလျက် “ငါလည်းမသိဘူး… အဲ့လူထွက်သွားတာ အရမ်းမြန်လွန်းတယ်… ကြည့်ရတာ လေဟာနယ်နိယာမစွမ်းအားကို သူသုံးသွားတဲ့ပုံပဲ…”

“လေဟာနယ်နိယာမစွမ်းအား…” လူငယ်လေး ထိတ်လန့်သွားခဲ့ပြီး ပြန်ပြောလိုက်လေသည်။ “ဂိုဏ်းတူဦးလေး… ရေခဲနှလုံးသားတောင်ကြားထဲမှာ လေဟာနယ်တာအိုကို ကျွမ်းကျင်ထားတဲ့လူ ရှိလို့လား…”

သက်လတ်ပိုင်းလူကြီးက ခဏမျှ စဉ်းစားနေပြီးသည့်နောက် ဖြည်းဖြည်းချင်း ခေါင်းခါလျက် “ငါသိသလောက်ဆိုရင်တော့ ရေခဲနှလုံးသားတောင်ကြားထဲမှာ လေဟာနယ်တာအိုကို ကျွမ်းကျင်ထားတဲ့လူ တစ်ယောက်မှ မရှိဘူး… ငါ ဒီနေရာကနေ လေဟာနယ်နိယာမစွမ်းအားတွေကို ခံစားမိနေတာ ဒီနေရာမှာ အရင်တုန်းက ခင်းကျင်းထားခဲ့တဲ့ ဟင်းလင်းပြင်အစီအရင် တစ်ခုခု ရှိနေလို့ပဲ ဖြစ်ရလိမ့်မယ်…”

ထိုစကားကိုကြားသည့်အခါမှသာ လူငယ်လေးက စိတ်သက်သာရာ ရသွားဟန်ဖြင့် ပြုံးလျက် “အဲ့လိုလုပ်စမ်းပါ ဂိုဏ်းတူဦးလေးယောင်ရာ… ကျုပ်မှာ ရေခဲနှလုံးသားတောင်ကြားထဲမှာ လေဟာနယ်တာအိုကို ကျွမ်းကျင်ထားတဲ့ ပါရမီရှင်တစ်ဦးများ ပေါ်လာသလားဆိုပြီး စိတ်ပူလိုက်ရတာ… အဲ့လိုမျိုးတော့ မဖြစ်နိုင်ပါဘူး… ဟင်းလင်းပြင်အစီအရင်တစ်ခုပဲ ဖြစ်ရလိမ့်မယ်… ဘယ်သူက အဲ့လောက်ပိန်းလို့ ဒီနေရာမှာ ဟင်းလင်းပြင်အစီအရင်တစ်ခုကို လာခင်းကျင်းထားတာလဲ…”

သက်လတ်ပိုင်းလူကြီးက ခေါင်းခါလျက် ပြန်ပြောလိုက်လေသည်။ “ရှီအာ… ရေခဲနှလုံးသားတောင်ကြားထဲမှာ ဒီမင်္ဂလာပွဲကို လက်မခံတဲ့သူတွေ အများကြီး ရှိတယ်ဆိုတာ မင်းသိတယ်မလား… ဥပမာ ပြောရရင် လက်ရှိတောင်ကြားသခင်ပဲ… အခုဟာက သူ့လက်ချက် ဖြစ်လောက်တယ်…”

လူငယ်လေးက ယဲ့ယဲ့လေးပြုံးလျက် “သူဆိုရင်တောင် ဘာလုပ်နိုင်မှာမို့လို့လဲ… မင်္ဂလာပွဲက နှစ်ရက်ကြာရင် ကျင်းပတော့မှာ… အဲ့အချိန်ကြရင် ကျုပ် ကျိယုကို ဂိုဏ်းဆီ ပြန်ခေါ်သွားလို့ရပြီ… သူတို့ ဘာမှ လုပ်နိုင်မှာမဟုတ်တော့ဘူး… ပြီးတော့ ကျိယုကလည်း ရေခဲနှလုံးသားတောင်ကြားနဲ့လည်း ဘာမှ ပတ်သက်တော့မှာမဟုတ်ဘူး…”

သက်လတ်ပိုင်းလူကြီးက ခေါင်းညိတ်လိုက်လေသည်။ “ကျိယုက ရေခဲနှလုံးသားတောင်ကြားရဲ့ လက်ရှိမျိုးဆက်ထဲမှာ အတော်ဆုံးပဲ… ရေခဲနှလုံးသားတောင်ကြားတင်မဟုတ်ဘူး မြောက်ဘက်နယ်မြေတစ်ခုလုံးမှာတောင် သူနဲ့ ယှဉ်နိုင်တဲ့လူရှားတယ်… သူ့ကျင့်ကြံခြင်းအဆင့်ရော သူ့ပါရမီရောက မင်းအောက်မကျဘူး… မင်းတို့နှစ်ယောက်က တကယ်လိုက်ဖက်တယ်…”

ကျိယုဟူသည့် နာမည်ကိုကြားသော် လူငယ်လေး၏မျက်နှာထက် လိုချင်တပ်မက်သည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက် ပြောလိုက်လေ၏။ “အဲ့ဒါ သဘောဝပဲလေ… မဟုတ်ရင် ရှီအာ ဘယ်လိုလုပ်ပြီး သူ့ကို ကြိုက်နိုင်မှာလဲ…”

သက်လတ်ပိုင်းလူကြီးက မျက်မှောင်ကျုံ့လျက် ပြောလိုက်လေသည်။ “ငါတို့ ရမ္မက်ရှာဂိုဏ်းက ရမ္မက်တာအိုကို ကျင့်ကြံတယ်ဆိုတာ မင်း သိထားပြီးသား… ငါတို့ရဲ့ ရမ္မက်တွေက ပိုပြီးပြင်းပြလေ ငါတို့ကျင့်ကြံခြင်းအမြန်နှုန်းက ပိုမြန်လေပဲ… ဒါပေမဲ့ ရှီအာ၊ မင်းသိထားဖို့က ငါတို့ရဲ့ရမ္မက်တွေ ဘယ်လောက်ပဲ ပြင်းပြနေပြင်းပြနေ တစ်ဖက်လူက မင်းရဲ့ ရမ္မက်ကို ပြန်ပြီး မတုံ့ပြန်ဘူးဆိုရင် မင်းရဲ့ကျင့်စဉ် ပြီးပြည့်စုံခြင်းအဆင့် ရောက်တဲ့တစ်နေ့ ဆိုးရွားတဲ့ဘေးထွက်ဆိုးကျိုးကို ရင်ဆိုင်ခံစားရလိမ့်မယ်… မင်း အဲ့ကျိယုဆိုတဲ့ ကောင်မလေးရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်မယ်ဆိုတာ လုံးဝ သေချာလား…သေချာမှ လုပ်တာအကောင်းဆုံးပဲ။ ဟိုးအရင်တုန်းက မင်းအဖေတောင် အဲ့လိုကိစ္စကြောင့် သေခါနီး ဖြစ်သွားခဲ့ရတာ… ဒါပေမဲ့ ကံကောင်းသွားပြီး မင်းအမေက သူ့အတွက် စိတ်ပူသွားလို့… မဟုတ်ရင် မင်းအဖေ အခုလိုမျိုး ရှိနေနိုင်တော့မှာ မဟုတ်ဘူး… မင်းတစ်ခုခု ဖြစ်သွားမှာကို ဂိုဏ်းတူဦးလေးမမြင်ချင်ဘူး… ငါတို့ဂိုဏ်းတစ်ခုလုံးရဲ့ အနာဂတ်က မင်းအပေါ် မူတည်နေတာ…”

လူငယ်လေးက ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်လေသည်။ “ဂိုဏ်းတူဦးလေးစိတ်ပူမနေနဲ့… ကျိယုသာ ကျုပ်နဲ့အတူ ဂိုဏ်းထဲကို ပြန်ရောက်သရွေ့ သူ့နှလုံးသားနဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်နိုင်မယ်လို့ ကျုပ်ကိုယ်ကျုပ် ယုံကြည်ချက်အပြည့်ရှိတယ်… မိန်းကလေးတစ်ယောက်ကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာကို အဖေ့ဆီကနေ ရှီအာ သင်ပြီးသွားပြီ…”

“မင်းအခုလိုမျိုး ယုံကြည်ချက်ရှိတာကောင်းတယ်… ဘာပဲဖြစ်ဖြစ် အခု အရင်နားကြတာပေါ့… မင်္ဂလာပွဲက နောက်ထပ်နှစ်ရက်မှ ကျင်းပမှာ… အဲ့အချိန်ကြရင် ဂိုဏ်းချုပ်ကိုယ်တိုင်လည်း ရောက်လာလိမ့်မယ်… ဒီတော့ မင်း သေချာပြင်ဆင်ထားဖို့ လိုတယ်…”

ထိုစကားကိုကြားသော် လူငယ်လေး အံ့အားသင့်သွားခဲ့လေသည်။ “အဖေကိုယ်တိုင် ရောက်လာမှာလား… အဲ့ဒါက ရေခဲနှလုံးသားတောင်ကြားကို မျက်နှာသာပေးရာ ကျလွန်းမနေဘူးလား…”

သက်လတ်ပိုင်းလူကြီးက ပြုံးလျက် “ရေခဲနှလုံးသားတောင်ကြားက အရင်တုန်းကနဲ့ မတူတော့ပေမဲ့ မြောက်ဘက်နယ်မြေရဲ့ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း ဖြစ်နေတုန်းပဲ… သူတို့ဂိုဏ်းကို တည်ထောင်တဲ့သူ ဒီမှာရှိနေတုန်းက ရေခဲနှလုံးသားတောင်ကြားက ငါတို့ရမ္မက်ရှာဂိုဏ်းနဲ့ အဆင့်တူမှာ ရပ်တည်နိုင်ခဲ့တာ… ဒီတော့ သူတို့ကို နည်းနည်းပါးပါးလောက် မျက်နှာသာပေးတာ ကိစ္စမရှိဘူး… ပြီးတော့ အခုမင်္ဂလာပွဲက မင်းရဲ့ မင်္ဂလာပွဲလေ… ဒီတော့ ဂိုဏ်းချုပ်ဖြစ်တဲ့ မင်းရဲ့အဖေက ဘယ်လိုလုပ်ပြီး မင်္ဂလာပွဲကို ကိုယ်တိုင်ကိုယ်ကျ မလာရမှာလဲ….”

“အဲ့ဒါကောင်းတယ်…” လူငယ်လေးက ဝမ်းသာအားရဖြင့် ပြောလိုက်လေသည်။

ရန်ကိုင်သည် ရေခဲနှလုံးသားတောင်ကြားထဲရှိ အစီအရင်များကို ဖြတ်ကျော်ရင်း လူးလွန့်သွားလာနေခဲ့လေသည်။ ပင်းယွင်ပေးထားသည့် တံဆိပ်ပြား‌ကြောင့် မည်သည့်အန္တရာယ်နှင့်မျှ မကြုံခဲ့ရပေ။

ရေခဲနှလုံးသားတောင်ကြားထဲရှိ အန္တရာယ်အမျိုးမျိုးကို ဖြတ်ကျော်လာပြီး တစ်နာရီခန့်ကြာအောင် သွားနေပြီးသည့်နောက် အလွန်ကိုမှ အေးစက်သည့် နေရာတစ်ခုဆီသို့ ရန်ကိုင် ရောက်လာခဲ့လေသည်။

တကယ်တော့ ရေခဲနှလုံးသားတောင်ကြားတစ်ခုလုံး အလွန်ကိုမှ အေးစက်နေခြင်း ဖြစ်ပေသည်။ ရေခဲနှလုံးသားတောင်ကြား၏ တပည့်များသည် ရေခဲဓာတ်နှင့် သက်ဆိုင်သော ကျင့်စဉ်များကို ကျင့်ကြံသည့် အတွက်ကြောင့် ဤနေရာတွင် ကျင့်ကြံခြင်းသည် သူတို့၏ ကျင့်ကြံနှုန်းကို ပိုမိုမြန်ဆန်ပေသည်။

သို့သော်ငြား ရန်ကိုင် လက်ရှိရောက်နေသည့် နေရာသည် ရေခဲနှလုံးသားတောင်ကြားထဲရှိ အခြားသောနေရာများထက် အများကြီး ပို၍ အေးစက်ပေသည်။ ဤနေရာရှိ အအေးဓာတ်ကို ခုခံရန်အတွက် ရန်ကိုင်သည် သူ့အရင်းအမြစ်ချီကိုပင်လျှင် လှည့်ပတ်ထားရသည်။

ဤနေရာသို့ ရောက်လာပြီးသည့်နောက်တွင် မည်သူတစ်ဦးတစ်ယောက်၏ အရှိန်အဝါကိုမှ ရန်ကိုင် မခံစားမိတော့ချေ။

ဤနေရာသည် ရေခဲနှလုံးသားတောင်ကြား၏ တားမြစ်နေရာသာ ဖြစ်ပေသည်။

ဂိုဏ်းတစ်ဂိုဏ်းချင်းစီတိုင်းတွင် တားမြစ်နေရာများ ရှိတတ်ကြပေသည်။ တားမြစ်နေရာအများစုမှာ ဂိုဏ်းအား တည်ထောင်ထားခဲ့သည့်သူများ၊ ဂိုဏ်းအပေါ် ထူးထူးခြားခြား အကျိုးပြုပေးခဲ့သည့် လူများ၏ အထိမ်းအမှတ် မှတ်တိုင်များကို သိမ်းဆည်းထားရာနေရာများ ဖြစ်လျှင်ဖြစ် မဖြစ်လျှင် လျို့ဝှက်နေရာများ ဖြစ်ကြပေသည်။ ပုံမှန်အားဖြင့် လက်တစ်ဆုပ်စာလောက်သော လူများသည်သာ ဤကဲ့သို့သော တားမြစ်နေရာများထဲသို့ ဝင်ခွင့်ရတတ်ကြ၏။

ရေခဲနှလုံးသားတောင်ကြား၏ တားမြစ်နေရာသည် အထူးချွန်ဆုံးသော တပည့်အများစုအတွက် ကျင့်ကြံရေး နေရာကောင်းတစ်ခု ဖြစ်သော်ငြား အချို့သော တပည့်များအတွက်မူ အကျဉ်းထောင်တစ်ခု ဖြစ်ပေသည်။

တပည့်တစ်ဦးသည်သာ အမှားတစ်ခုအား ကျူးလွန်လိုက်မည်ဆိုပါက ဤနေရာတွင် ပိတ်ထားခြင်း ခံရပေလိမ့်မည်။ ရေခဲနှလုံးသားတောင်ကြား၏ တပည့်များသည်ပင်လျှင် ဤနေရာရှိ အအေးဓာတ်ကို အချိန်အတန်ကြာအောင် မခုခံနိုင်ကြပေ။

ထိုနေရာသို့ ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် ပင်းယွင်ပေးထားသည့် ယွင်တံဆိပ်ပြားကိုသုံး၍ အစီအရင်များကို ချိုးဖြတ်ကာ တားမြစ်နေရာ၏ အတွင်းပိုင်းဆီသို့ ဝင်ရောက်လာခဲ့လေသည်။ အထဲသို့ ဝင်လာသည်နှင့်အမျှ ရန်ကိုင်ခံစားနေရသည့် ရေခဲနိယာမစွမ်းအားတို့မှာလည်း ပိုပို၍ အားကောင်းလာခဲ့လေသည်။

ထို့အတွက်ကြောင့် ရန်ကိုင်မှာ အံ့အားသင့်သွားခဲ့ရပြီး ဤနေရာသည် ရေခဲနှလုံးသားတောင်ကြား၏ အရေးအကြီးဆုံး နေရာတစ်ခု ဖြစ်မည်မှန်းလည်း တန်းသိလိုက်လေသည်။ သူတို့၏တပည့်များသည်သာ ဤနေရာတွင် ကျင့်ကြံနိုင်မည်ဆိုပါက သူတို့၏ကျင့်ကြံခြင်းမှာ အံ့အားသင့်ဖွယ် အမြန်နှုန်းဖြင့် တိုးတက်လာရပေလိမ့်မည်။ သို့သော်ငြား ပထမဦးစွာအနေဖြင့် ဤနေရာတွင် ရှိနေသော ရေခဲနိယာမစွမ်းအား၏ ဖိအားကို ခုခံနိုင်ရန် လိုအပ်ပေသေးသည်။ ထိုသို့သာ မဟုတ်ပါက အေးခဲကာ သေသွားရပေလိမ့်မည်။

လက်ရှိရန်ကိုင်သည် နှင်းဖြူရောင်သန်းနေသော ကြေးမုံကဲ့သို့သော နံရံများ ဝန်းရံထားသည့် ရေခဲစင်္ကြန်တစ်ခုအား ဖြတ်သန်းသွားနေခြင်း ဖြစ်လေသည်။ နံရံတစ်ဖက်တစ်ချက်စီတိုင်းတွင် အလွန်ကိုမှ အသက်ဝင်လှသည့် ရုပ်လုံးများကို ထွင်းထုထားခဲ့သည်။ ထိုရုပ်လုံးများကို လှမ်းကြည့်မိလိုက်သည့်အခိုက် သူ့ရှေ့ရှိရုပ်လုံးများမှာ အမှန်တကယ် အသက်ဝင်လာတော့မည့်နှယ် ရန်ကိုင် ခံစားလိုက်ရလေသည်။

ထိုနေရာသို့ ရောက်ရောက်ခြင်း ရန်ကိုင်မှာ ရုပ်လုံးရုပ်ကြွများကို ငေးမကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရသည်။

သို့ရာတွင် သူကျင့်ကြံထားသည့် ဓာတ်သဘာဝမှာ ရေခဲဓာတ်သဘာဝ မဟုတ်သည့်အတွက်ကြောင့် အခွင့်အရေးမှာ သူ့ရှေ့တွင် ရှိနေသည့်တိုင် ရန်ကိုင့်အတွက် မည်သည့်အကျိုးကျေးဇူးမှ ရှိမနေခဲ့ပေ။

ထိုရုပ်လုံးရုပ်ကြွများဆီမှ နက်နဲဆန်းကြယ်လှသော မည်သည့်အရာကိုမှ ရန်ကိုင်မခံစားရချေ။ ထိုရုပ်လုံးရုပ်ကြွများသည် ပုံမှန်ထက်ပို၍ ထူးဆန်းသည်ဟုသာ ခံစားရလေ၏။

မြင်သာမြင် မကြင်ရဆိုသည့်အတိုင်း ဤရုပ်လုံးရုပ်ကြွများကို ကြည့်နေ၍လည်း သူ့အတွက် မည်သည့်အကျိုးကျေးဇူးမှ ရှိမည်မဟုတ်မှန်း သိလိုက်‌သော် ရန်ကိုင်သည် သက်ပြင်းယဲ့ယဲ့ချလျက်သာ ရှေ့ဆက်သွားလေ၏။

စင်္ကြန်လမ်းအဆုံးသို့ ရောက်လာပြီးသည့်နောက်တွင် ရေခဲကန်ကြီးတစ်ကန်ကို ရန်ကိုင် မြင်တွေ့လိုက်ရလေသည်။ အလွန်ကိုမှ အေးစက်လွန်းလှသည့် ရေခဲနိယာမစွမ်းအားများကြောင့် ရေခဲကန်စပ်များပင်လျှင် အေးခဲနေခဲ့လေသည်။ ထိုနေရာသို့ ရောက်ရောက်ချင်း အလွန်ပြင်းထန်သည့် အအေးဓာတ်ကြောင့် ရန်ကိုင့်တစ်ကိုယ်လုံး တုန်တက်သွားခဲ့ရာ ရန်ကိုင့်မှာ အအေးဓာတ်ကို ခုခံရန်အတွက် အရင်းအမြစ်ချီကို ပို၍ မြန်မြန်ဆန်ဆန် လှည့်ပတ်လိုက်ရလေသည်။

ထို့နောက် သေသေချာချာ စစ်ဆေးကြည့်လိုက်ရာ ရေခဲကန်အလယ်၌ ကျွန်းလေးတစ်ကျွန်း ရှိနေကြောင်း တွေ့လိုက်ရလေသည်။ ထိုကျွန်းလေးပေါ်တွင်တော့ ဝါးတားတားပုံရိပ်တစ်ခု တင်ပလင်ခွေ ထိုင်နေခဲ့လေ၏။

(ပင်းယွင်ကို ဆင့်ခေါ်လိုက်တာ အဲ့ ရေခဲနှလုံးသားတောင်ကြားတပည့်လား…) ထိုကဲ့သို့ စဉ်းစားမိလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် အခြေအနေကို စစ်ဆေးကြည့်ရန်အတွက် ကောင်းကင်စိတ်အာရုံကို မသိမသာလေး ဖြန့်ကျက်လိုက်လေသည်။ တစ်ဖက်လူ၏ ကျင့်ကြံခြင်းမှာ သူ့ကဲ့သို့ပင် တာအိုသခင် တတိယအဆင့်သာ ရှိနေသေးကြောင်း တွေ့ရှိလိုက်ရလေ၏။

ရန်ကိုင့်အား ထူးဆန်းသွားစေသည့်အချက်မှာ ထိုလူ၏အရှိန်အဝါကို ရင်းနှီးနေသည်ဟု ခံစားနေရခြင်းပင်။ ထိုအမျိုးသမီးအား တစ်နေရာရာတွင် တွေ့ဖူးနေသလို သူ့စိတ်ထဲ ခံစားနေခဲ့ရလေသည်။

ရန်ကိုင် အတွေးထဲ နစ်မျောနေစဉ်မှာပင် ကျွန်းဆီမှ တဝီဝီမြည်သံများ ထွက်ပေါ်လာခဲ့လေသည်။ ကျွန်းပေါ်ရှိ တစ်စုံတစ်ခုသည် သူ့အား ဆင့်ခေါ်နေသည်ဟု ခံစားမိလိုက်သည့်နောက် ရန်ကိုင့်စိတ်တစ်ခုလုံး တုန်ရီသွားခဲ့လေ၏။

ထိုတွေ့ရှိမှုသည် ရန်ကိုင့်အား လုံးဝကို ဇဝေဇဝါ ဖြစ်သွားစေခဲ့လေ၏။

“ဆရာလား…” ကျွန်းဆီမှ သာယာချိုသာသည့် အသံတစ်သံ ရုတ်တရက် ပျံ့လွင့်လာခဲ့လေသည်။ “ဆရာ… အခုရောက်နေတာ ဆရာလား… ယုအာကို ဆရာလာတွေ့တာလား…”

လက်ရှိအခြေအနေကို ကြည့်ရသလောက် ထိုအမျိုးသမီးသည် ရန်ကိုင့်အား အခြားတစ်ယောက်နှင့် အထင်မှားနေသည့်ပုံပင်။

သူမ၏အသံကို ကြားပြီးသည့်နောက်မှသာ ထိုအမျိုးသမီးကို ဘာကြောင့် ရင်းနှီးနေသလို ခံစားနေရမှန်း ရန်ကိုင် နားလည်သွားတော့လေသည်။ တကယ်တော့ လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်ကပင်လျှင် ထိုအမျိုးသမီးကို တွေ့ခဲ့သည် မဟုတ်ပေလော။ ခဏလောက်သာ တွေ့ခဲ့ရခြင်း ဖြစ်သော်ငြား ရန်ကိုင်ကမူ သူမ၏အသံနှင့် အရှိန်အဝါကို မှတ်မိနေပေသေးသည်။

ရန်ကိုင်သည် အသာအယာ ချောင်းဟန့်၍ တစ်ဖက်လူအား ကြောက်မသွားစေရန် အလို့ငှာ သူ့လေသံကို အတတ်နိုင်ဆုံး သိမ်မွေ့အောင် ထိန်းလိုက်လေသည်။ “ညီမကျိယုလား…”

ကျွန်းပေါ်တွင် ရှိနေသော မိန်းကလေးမှာ ကြောက်လန့်တုန်လှုပ်သွားခဲ့ပြီး ထအော်လေ၏။ “ရှင်ဘယ်သူလဲ… ရှင် ဒီမှာ ဘာလာလုပ်နေတာလဲ…”

ဤနေရာသည် ရေခဲနှလုံးသားတောင်ကြား၏ တားမြစ်နေရာ ဖြစ်ပေသည်။ ဂိုဏ်းထဲရှိ အထက်အရာရှိများ၏ ခွင့်ပြုချက်မရသရွေ့ သူမကဲ့သို့သော လူသည်ပင်လျှင် ဤနေရာသို့ မလာနိုင်ချေ။ ထို့အတွက်ကြောင့် အမျိုးသားတစ်ဦး ဤနေရာတွင် ရုတ်တရက်ပေါ်လာသည်ကို မြင်သည့်အခါ ကျိယု အံ့အားမသင့်ဘဲ မနေနိုင်အောင် ဖြစ်သွားရခြင်း ဖြစ်သည်။

တစ်ခုခုအား စဉ်းစားမိလိုက်သည့်အလား ကျိယုက အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ “ရှင်က ရမ္မက်ရှာဂိုဏ်းကလူလား… ဟုတ်တယ်မလား ဖုန်းရှီ…”

သူမ၏စကားထဲ ဒေါသတရားတို့ စွက်ဖက်နေခဲ့လေသည်။ ဖုန်းရှီဆိုသည့်လူ သူမအား မည်ကဲ့သို့များ ရန်စခဲ့လေသနည်း။

ရန်ကိုင်သည် ရပ်လျက် ပြန်ပြောလိုက်လေသည်။ “ညီမကျိယု… နင် အထင်လွဲနေပြီ… ငါက ဖုန်းရှီမဟုတ်ဘူး… ရမ္မက်ရှာဂိုဏ်းကလည်း မဟုတ်ဘူး… ငါဒီကို ရောက်လာတာ ညီမကျိယုရဲ့ အချက်ပြသင်္ကေတကို ရလိုက်လို့ပဲ…”

“အချက်ပြသင်္ကေတ…” ကျိယု မင်သက်သွားခဲ့လေသည်။ ထို့နောက် တုန်ရီနေသည့် လေသံဖြင့် “ရှင် အဲ့အကြောင်းကို ဘယ်လိုလုပ်သိတာလဲ… ကျွန်မခေါ်တာ ရှင့်ကို မဟုတ်ဘူးလေ… ကျွန်မတို့ဂိုဏ်းရဲ့ တည်ထောင်သူကိုလေ…”

All Chapters