← Chapters

အခန်း (၂၄၁၃-၂၄၁၅)

Vol. 97 Ch. 2413-2415

အခန်း (၂၄၁၃-၂၄၁၅)

Vol. 97 Ch. 2413-2415

အပိုင်း (၂၄၁၃)

ကျွန်းလေးပေါ်တွင် ရှိနေသော ကျိယု မင်သက်သွားခဲ့လေသည်။

ဤနေရာတွင် ပိတ်လှောင်ထားခံရပြီးသည့်နောက် သူမဆရာ၏ ညွှန်ကြားချက်အတိုင်း ဂိုဏ်းတည်ထောင်သူဘိုးဘေး ထားခဲ့သော မှော်ရတနာကို သုံး၍ ပင်းယွင်အား ဆက်သွယ်ခဲ့လေသည်။ သူမတို့၏ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့သော ဘိုးဘေးတည်ထောင်သူကို ဆင့်ခေါ်၍ သူမအတွက် တရားမျှတမှုကို ရှာပေးစေလိုခြင်း ဖြစ်သည်။

သူမဆရာ ပြောပုံအရ ဤလောကကြီးတွင် သူမအား ကယ်ပေးနိုင်သည့်သူ ရှိမည်ဆိုလျှင် ထိုလူသည် သူမတို့ဂိုဏ်းအား တည်ထောင်ခဲ့သည့် ဘိုးဘေးတည်ထောင်သူသာ ဖြစ်ပေလိမ့်မည်။

သို့သော်ငြား ဘိုးဘေးတည်ထောင်သူ ပျောက်နေခဲ့သည်မှာ နှစ်ပေါင်းသုံးထောင်မက ရှိနေခဲ့လေပြီ။ ထိုအချိန်အတောအတွင်း သူမနှင့် ပတ်သက်သည့် မည်သည့်သဲလွန်စကိုမှ မရခဲ့ပေ။ ထိုနှစ်သုံးထောင်အတွင်း ရေခဲနှလုံးသားတောင်ကြားသည် အခက်အခဲ အန္တရာယ်အမျိုးမျိုးနှင့် ရင်ဆိုင်ရခဲ့ပေသည်။ တစ်ကြိမ်တွင် သူမ၏ဆရာသည် ဘိုးဘေးတည်ထောင်သူ ချန်ထားရစ်ခဲ့သော မှော်ရတနာကိုသုံး၍ ဘိုးဘေးတည်ထောင်သူကို ဆက်သွယ်ခဲ့ပါသော်ငြား မည်သည့်တုံ့ပြန်မှုမှ မရရှိခဲ့ပေ။

ထို့အတွက်ကြောင့် သူတို့၏ဘိုးဘေးတည်ထောင်သူမှာ ကြယ်တာရာအစုအဝေးထဲရှိ တစ်နေရာရာတွင် သေသွားပြီဟူ၍ပင် ဂိုဏ်းအကြီးအကဲ တော်တော်များများက ထင်နေခဲ့ကြလေသည်။ ထို့ကြောင့်သာ သူတို့ဘက်မှ ဆက်သွယ်နေသည့်တိုင် ဘိုးဘေးတည်ထောင်သူမှ တုန့်ပြန်မလာခဲ့ခြင်း ဖြစ်၏။

သူမ၏ ဆရာသည်ပင်လျှင် ဘိုးဘေးတည်ထောင်သူ အသက်ရှင်နေသေးလား မရှင်တော့ဘူးလား ဆိုသည့်အပေါ် မသေချာ မရေရာ ဖြစ်လာခဲ့လေသည်။ သို့ရာတွင် သူတို့အတွက် မျှော်လင့်ချက်ဆို၍ ဤတစ်ခုသာ ရှိလေ၏။

ကျိယုကိုယ်တိုင် ဤမှော်ရတနာကိုသုံး၍ အချက်ပြလိုက်စဉ်ကလည်း သူမတွင် မျှော်လင့်ချက် များများစားစား မရှိချေ။

သို့သော်ငြား သူမ၏ အချက်ပြသင်္ကေတကိုရ၍ တစ်စုံတစ်ဦး သူမဆီသို့ ရောက်လာလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ချေ။ သူမအား ပို၍ အံ့အားသင့်သွားစေသည့်အချက်မှာ ရောက်လာသည့်လူသည် ယောကျ်ားတစ်ဦး ဖြစ်နေခြင်းပင်။

မှော်ရတနာကို ဤနေရာတွင် ထားခဲ့သူမှာ သူမတို့၏ ဘိုးဘေးတည်ထောင်သူပင် မဟုတ်လေလော။ ဘိုးဘေးတည်ထောင်သူသည် အမျိုးသမီးတစ်ဦး ဖြစ်ပေသည်။ ထိုသို့ဖြစ်လေရာ ဤနေရာသို့ ရောက်လာသည့်လူသည် ဘာကြောင့်များ ယောကျ်ားတစ်ဦး ဖြစ်နေရလေသနည်း။ ကျိယု လုံးဝ မတွေးတတ်တော့ချေ။

ရန်ကိုင် မည်သူဖြစ်မလဲ ဆိုသည်ကို ခန့်မှန်းတွေးတောနေစဉ်မှာပင် ရန်ကိုင်က ပြောလိုက်လေသည်။ “ညီမကျိယု… ငါအရှေ့တိုးလာပြီးတော့မှ စကားပြောလို့ရမလား… မဟုတ်ရင် ငါပြောတာကို အခြားသူတွေ အကုန် ကြားသွားကုန်လိမ့်မယ်…”

ကျိယုသည် သူမကိုယ်သူမ တည်ငြိမ်အောင်ထိန်းရင်း ထူးမခြားနားလေသံဖြင့် ပြန်ပြောလိုက်လေသည်။ “အအေးဓာတ်ကိုခံနိုင်ရင်တော့ လာပေါ့…”

ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ကန်အလယ်ဗဟိုဆီသို့ ခုန်သွားလိုက်လေသည်။

ချက်ချင်းဆိုသလို ကန်အလယ်ရှိ ကျွန်းဆီသို့ ရောက်လာခဲ့ပြီး ရင်းနှီးနေသည့် မျက်နှာတစ်ခုကိုလည်း မြင်လိုက်ရလေသည်။

(တကယ်ကြီး သူပဲ…)

ရန်ကိုင် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ ဤကျိယုဆိုသည့် မိန်းကလေးသည် လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ရမ္မက်ရှာဂိုဏ်းမှလူများ ဝိုင်းဝန်းတိုက်ခံရသည့် ကောင်မလေး ဖြစ်ပေသည်။ ထိုစဉ်က သူ့ဘက်မှ ဝင်ကူညီပေးခဲ့သည့်တိုင် ဤကောင်မလေးသည် ကျေးဇူးမတင်ရုံမက ပို၍ပင် နိုးနိုးကြားကြား ဖြစ်သွားကာ ထွက်ပြေးသွားခဲ့လေသည်။

ယခုမူ ဘာကြောင့်မှန်းမသိ ရေခဲနှလုံးသားတောင်ကြား၏ တားမြစ်နေရာတွင် ပိတ်လှောင်ထားခြင်း ခံရလေ၏။

“ရှင်ပါလား…” ရန်ကိုင့်ကို မြင်ပြီးသည့်နောက် ကျိယု အံ့အားသင့်သွားခဲ့လေသည်။ သူမ၏အသံ ကျယ်သွားမှန်း သတိပြုမိလိုက်သော် သူမပါးစပ်ကို အလျင်စလို လက်ဖြင့်အုပ်၍ ကတုန်ကယင်လေသံဖြင့် မေးလိုက်လေသည်။ “ဘယ်လိုလုပ်ပြီး ရှင်ဖြစ်နေရတာလဲ…”

သူမလည်း ရန်ကိုင့်ကို မှတ်မိပေသည်။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်ကပင် ရန်ကိုင့်ကို တွေ့ခဲ့ခြင်း မဟုတ်လေလော။ သူမ လုံးဝ နားမလည်နိုင်သည့် အချက်မှာ ရန်ကိုင်သည် အခြားသူများ သတိမပြုမိဘဲ ရေခဲနှလုံးသားတောင်ကြား၏ တားမြစ်နေရာဆီသို့ မည်ကဲ့သို့ ရောက်လာသလဲ ဆိုသည်ကိုပင်။

“ညီမကျိယု စိတ်ပူမနေနဲ့… ငါ နင့်အပေါ် ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိဘူး…” ကျိယု၏ နိုးနိုးကြားကြား အမူအယာကိုမြင်သော် ရန်ကိုင်က အလျင်စလို နောက်သို့ တစ်လှမ်းဆုတ်လျက် ပြောလိုက်လေသည်။ “ငါ ဒီကိုရောက်လာတာ အခြားတစ်ယောက်က လာခိုင်းလိုက်လို့ပဲ…”

“ဘယ်သူလာခိုင်းတာလဲ… ဘယ်သူလဲ…” ကျိယုက ပြန်မေးလိုက်လေသည်။

ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။ “ဒါကို ကြည့်ကြည့်လိုက်…”

ထို့နောက် ပင်းယွင်၏ ယွင်တံဆိပ်ပြားကို ကျိယုဆီသို့ ပစ်ပေးလိုက်လေသည်။

ကျိယုလည်း ဇဝေဇဝါအမူအယာဖြင့် ယွင်တံဆိပ်ပြားကို လှမ်းဖမ်းလိုက်လေ၏။ ထို့နောက် ငုံ့စစ်ဆေးကြည့်လိုက်ရာ ပင်းယွင်၏ ယွင်တံဆိပ်ပြားမှန်း သိလိုက်သည့်နောက် သူမ၏ခန္ဓာကိုယ်တစ်ခုလုံး အကြောဆွဲသည့်နှယ် တဆတ်ဆတ်တုန်ရီလာပြီး မျက်လုံးလေးများမှာလည်း ပြူးကျယ်လျက် မယုံကြည်နိုင်ဟန် အထင်းသားဖြင့် ပြန်ပြောလိုက်လေသည်။ “ဒါ…. ဒါဘိုးဘေးရဲ့ အရှိန်အဝါပဲ…”

ယွင်တံဆိပ်ပြားကို သူမ မသိသော်ငြား ယွင်တံဆိပ်ပြားပေါ်ရှိ အရှိန်အဝါမှာတော့ အတုမဟုတ်မှန်း သိပေသည်။ ဤယွင်တံဆိပ်ပြားပေါ်ရှိ အရှိန်အဝါသည် ဘိုးဘေးချန်ထားရစ်ခဲ့သော မှော်ရတနာပေါ်တွင် စွဲထင်ကျန်ရစ်နေသည့် အရှိန်အဝါနှင့် တစ်ထပ်တည်းပင်။

ထို့နောက် ရန်ကိုင့်အား ခေါင်းမော့ကြည့်လျက် ပျော်လည်းပျော် စိုးလည်းစိုးရိမ်နေသည့် လေသံဖြင့် ပြောလိုက်လေသည်။ “ရှင်ပြောချင်တာက ရှင့်ကို ဒီနေရာဆီ ပို့လိုက်တဲ့လူက…”

“ရှူး…” ရန်ကိုင်က သူ့နှုတ်ခမ်းပေါ် လက်ညှိုးတင်လျက် ဆက်မပြောရန် အချက်ပြလိုက်လေသည်။

သို့ရာတွင် ကျိယုမှာ အလွန်ကိုမှ ပျော်နေခဲ့ကာ ယွင်တံဆိပ်ပြားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့လေသည်။ တစ်ချိန်တည်းတွင် နှာခေါင်း တရှုံ့ရှုံ့လုပ်ရင်းမှ ပြောလိုက်လေ၏။ “ငါသိတယ်… ငါသိနေတယ်… ဘိုးဘေးတည်ထောင်သူ အသက်ရှင်နေမယ်ဆိုတာ ငါသိနေတယ်… ဆရာလည်း အခုတော့ စိတ်အေးအေး နေလို့ရသွားပြီ…”

ကျိယုသည် ပင်းယွင်အကြောင်းကို ဆက်မပြောနေတော့ဘဲ ချက်ချင်း ခေါင်းစဉ်ပြောင်းကာ သူမဆရာအကြောင်းကို စပြောလေသည်။

တစ်ဆက်တည်းတွင် ဆက်သွယ်ရေးဓာတ်လုံးကိုထုတ်၍ ထိုထဲသို့ ကောင်းကင်စိတ်အာရုံထည့်သွင်းလျက် သတင်းပို့လိုက်လေ၏။

ရန်ကိုင်က မျက်မှောင်ကြုတ်လျက် မေးလိုက်လေသည်။ “နင် ဘာလုပ်နေတာလဲ…”

ကျိယုက ပြန်ပြောလေ၏ “ကျွန်မဆရာက ဘိုးဘေးတည်ထောင်သူနဲ့ ပတ်သက်ပြီး အမြဲတမ်း စိတ်ပူနေတာ… ဘိုးဘေးတည်ထောင်သူ အဆင်ပြေနေမှန်းသာ သိသွားခဲ့ရင် သူကျိန်းသေ ဝမ်းသာမှာ…”

ရန်ကိုင်က ကပျာကယာဖြင့် လှမ်းတားလိုက်လေ၏။ “ဒီကိစ္စကို အခုလောလောဆယ် နင့်ဆရာကို သွားမပြောတာ ပိုကောင်းလိမ့်မယ်…”

“ဘာလို့လဲ…”

ရန်ကိုင်က ပြောလိုက်လေသည်။ “စီနီယာပင်းယွင် အခုလောလောဆယ် ဒီကို လာလို့မရသေးဘူး… နောက်ရက်နည်းနည်းကြာမှ လာလို့ရမှာ… အဲ့ချိန်ကျမှ နင့်ဆရာနဲ့ ပေးတွေ့လိုက်လည်း ကိစ္စမရှိဘူး…”

ထိုစကားကိုကြားသော် ကျိယု ရပ်သွားခဲ့လေသည်။ ခဏမျှ စဉ်းစားနေပြီးသည့်နောက် ခေါင်းညိတ်လိုက်လေ၏။ “တောင်းပန်ပါတယ်နော်… ကျွန်မ အရမ်း စိတ်လှုပ်ရှားလွန်းသွားလို့ပါ… ဒါနဲ့ ကျွန်မ အခုထိ စီနီယာအစ်ကိုရဲ့ နာမည်ကိုတောင် မသိရသေးဘူး…”

ရန်ကိုင်က ပြောလိုက်လေသည်။ “ရန်ကိုင်လို့ပဲခေါ်…”

“ဒီတော့ စီနီယာအစ်ကိုရန်ပေါ့…” ကျိယုသည် အလွန်ဝမ်းသာနေဟန်ဖြင့် တောက်ပစွာ ပြုံးလိုက်သည်။ သူမ၏အပြုံးမှာ လောကတစ်ခုလုံးကိုပင်လျှင် အရောင်အစင်း မဲ့သွားစေသည့်အလား ရန်ကိုင်ကိုယ်တိုင်သည်ပင်လျှင် သူမ၏အပြုံးကို မြင်လိုက်သည့်အခိုက် တဒင်္ဂမျှ မိန်းမောသွားခဲ့ရသည်။ သို့သော်ငြား ချက်ချင်းဆိုသလို အသိပြန်ဝင်လာလေသည်။

ရန်ကိုင်၏ပြောင်းလဲမှုကို သတိပြုမိလိုက်သော် ကျိယုသည် ရန်ကိုင့်အား စိတ်ထဲမှနေ၍ ချီးကျူးလိုက်လေသည်။ လူအနည်းငယ်သည်သာ သူမ၏ အလှတရားအောက်မှ ရုန်းထွက်နိုင်ကြသည်။ ယောကျ်ားအများစုမှာ သူမအား ကြည့်နေစဉ်အတောအတွင်း တဏှာစိတ် ငယ်ထိပ် ရောက်နေကြသည်က များပေသည်။

သူမ၏အလှတရားသည် ရန်ကိုင်အား မိန်းမောသွားစေခဲ့သော်ငြား မျက်စိတစ်မှိတ်စာမျှသာ ဖြစ်သည်။ ထိုအချက်ကို ကြည့်ရုံဖြင့် ရန်ကိုင်သည် ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်သည့် လူမှန်း သိနိုင်ပေသည်။

“အရင်တစ်ခေါက်တုန်းက ကျိယုရဲ့ အသက်ကို ကယ်ပေးတဲ့အတွက် စီနီယာအစ်ကိုရန်ကို ကောင်းကောင်း ကျေးဇူးမတင်မိလိုက်ရဘူး… အဲ့တုန်းက ကျိယုပြောခဲ့တဲ့ စကားတွေအတွက်လည်း စီနီယာအစ်ကို စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်…” ကျိယုက ရှက်ရှက်ဖြင့် ပြောလိုက်သည်။ ရန်ကိုင့်အား ဤနေရာသို့ ပို့လိုက်သည့်လူမှာ သူမ၏ ဘိုးဘေးတည်ထောင်သူမှန်း သိလိုက်ပြီးသည့်နောက်တွင် ရန်ကိုင့်အပေါ် ကျိယု၏ သဘောထားမှာ အထက်အောက် ပြောင်းပြန် လှန်လိုက်သည့်အလား ပြောင်းလဲသွားခဲ့လေသည်။ သူမနှင့် တစ်ခါမှပင် မသိကျွမ်းဖူးသော သူစိမ်းတစ်ယောက်အား စီနီယာအစ်ကိုဟုပင်လျှင် အလွယ်တကူ ခေါ်ဝေါ်နေခဲ့လေပြီ။ ရေခဲနှလုံးသားတောင်ကြားတွင် မည်သည့်အမျိုးသားတပည့်မှ မရှိသော်ငြား ရန်ကိုင်သည် ရေခဲနှလုံးသားတောင်ကြား၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု ကျိယုစိတ်ထဲ ခံစားနေခဲ့ရသည်။ ကျိယု၏ဘဝတွင် စီနီယာအစ်ကိုဟူ၍ တစ်ယောက်မှ မရှိခဲ့လင့်ကစား ရန်ကိုင်သည် ယုံကြည်ထိုက်သည်ဟူသော ခံစားချက်ကို သူမအား ပေးစွမ်းနေခဲ့လေ၏။

“မလိုပါဘူး… ညီမကျိယုမှာလည်း ကိုယ့်အကြောင်းနဲ့ကိုယ်ရှိမှန်း ကျုပ်သိပါတယ်…” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်လေသည်။

ကျိယုက အသာအယာခေါင်းညိတ်လျက် အားတင်းပြုံးကာ ပြောလိုက်လေ၏။ “စီနီယာအစ်ကို မြင်တဲ့အတိုင်းပဲ အခုတစ်လော ကျွန်မ တောက်လျှောက်ကို ဒုက္ခရောက်နေတာ…”

“ညီမကျိယု… အခုနောက်ပိုင်း ရေခဲနှလုံးသားတောင်ကြားမှာ ပြဿနာတစ်ခုခု ဖြစ်နေတာလား… စိတ်ထဲမထားဘူးဆိုရင် အဲ့အကြောင်းကို တစ်ချက်လောက် ပြောပြပေးလို့ရမလား…” ရန်ကိုင်က မေးလိုက်လေသည်။ သူသည် ဤနေရာသို့ တာဝန်နှစ်ရပ်ဖြင့် လာခဲ့ခြင်း ဖြစ်သည်။ တစ်ခုမှာ ပင်းယွင်အား ဆက်သွယ်ခဲ့သည့် တပည့်ကို ရှာရန်ဖြစ်ပြီး အခြားတစ်ခုမှာတော့ ရေခဲနှလုံးသားတောင်ကြားထဲတွင် မည်သည့်ပြဿနာများ ဖြစ်နေသလဲ ဆိုသည်ကို စုံစမ်းရန် ဖြစ်ပေသည်။

“စီနီယာအစ်ကိုရန် စိတ်ထဲမထားလို့ရှိရင် ကျွန်မကို ဂျူနီယာညီမလို့ ခေါ်လို့ရပါတယ်…” ကျိယုက ပြောလိုက်လေသည်။ ယခင်တစ်ခေါက်က ရန်ကိုင်သည် သူမပင် မလုပ်နိုင်သည့် အရာတစ်ခုဖြစ်သော ချောင်းရန်အား အလွယ်တကူ အနိုင်ယူပြသွားခဲ့လေသည်။ ထို့အတွက်ကြောင့် သူမတို့နှစ်ဦးမှာ ကျင့်ကြံခြင်းအဆင့် တူလျှင်ပင် ရန်ကိုင့်၏ခွန်အားမှာ သူမထက် အများကြီး သာလွန်ပေသည်။

“ဒါပေမဲ့ ဟုတ်တယ်… ရေခဲနှလုံးသားတောင်ကြားမှာ တစ်ခုခုဖြစ်နေတယ်… ပြီးတော့ အဲ့ကိစ္စက ကျွန်မနဲ့လည်း ပတ်သက်နေတယ်…” ကျိယုက အပြစ်မကင်းသည့် အမူအယာဖြင့် ပြောလိုက်လေသည်။ ခဏမျှ ထိုင်စဉ်းစားနေပြီးသည့်နောက်တွင် ခေါင်းမော့၍ ပြောလိုက်လေ၏။ “စီနီယာအစ်ကိုရန် ရမ္မက်ရှာဂိုဏ်းကို သိတယ်မလား…”

ရန်ကိုင် ခေါင်းညိတ်ပြလိုက်သည်။ ထိုဂိုဏ်းအကြောင်းကို များများစားစား မသိသော်ငြား အကြမ်းဖျင်းလောက်တော့ သိပေသည်။ ထိုရမ္မက်ရှာဂိုဏ်းသည် မြောက်ဘက်နယ်မြေတွင် အတော်လေးကိုမှ ဩဇာအာဏာကြီးမားသည့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်ပြီး အားကောင်းသည့် ပညာရှင်များစွာကို ပိုင်ဆိုင်ထားပေသည်။ နှိုင်းယှဉ်ရသော် ရမ္မက်ရှာဂိုဏ်းသည် တောင်ဘက်နယ်မြေထဲရှိ နေမင်းပြာကျောင်းတော်နှင့် ဆင်တူပေသည်။

“ရမ္မက်ရှာဂိုဏ်းရဲ့ အဓိကကျင့်စဉ်က ရမ္မက်ရှာကျင့်စဉ်ပဲ…” ကျိယုက ဆက်ပြောလိုက်သည်။ “အဲ့ကျင့်စဉ်က အရမ်းထူးဆန်းလွန်းတယ်… အဲ့ကျင့်စဉ်ကြောင့်ပဲ ရမ္မက်ရှာဂိုဏ်းက မြောက်ဘက်နယ်မြေမှာ ဒီလောက် နှစ်တွေကြာအောင် ခြေကုပ်ရယူထားနိုင်တာ… အဲ့ကျင့်စဉ်ကို ဖန်တီးခဲ့တဲ့လူက မဟာဧကရာဇ်လို့တော့ ပြောကြတာပဲ… အဲ့မဟာဧကရာဇ်ကို ရမ္မက်ရှာသူလို့ ခေါ်တယ်တဲ့… ပြီးတော့ အဲ့ကျင့်စဉ်ကို ကျင့်ကြံတဲ့လူတိုင်းက ရမ္မက်တရားကို သူတို့ရဲ့တာအိုအဖြစ် မှတ်ယူထားကြတာ… သူတို့ရဲ့ ရမ္မက်စိတ် ပိုပြင်းလေ သူတို့ကျင့်ကြံနှုန်း ပိုမြန်လေပဲ…”

ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ “ဒီတော့ ရမ္မက်ရှာဂိုဏ်းက လူတွေအကုန်လုံးက မိန်းမပွေရှုပ်တဲ့လူတွေချည်းပဲပေါ့…”

ကျိယုက လှောင်ပြုံးပြုံးလျက် “သူတို့ကို မိန်းမပွေရှုပ်တဲ့လူတွေလို့ ခေါ်တာ စီနီယာအစ်ကို သူတို့ကို အရမ်းမျက်နှာသာပေးလွန်းရာ ကျနေပြီ…”

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ “ဒါပေမဲ့ သူတို့တွေက ကျင့်ကြံဖို့ ရမ္မက်တာအိုကို လိုက်စားတယ်လို့ နင်ပဲပြောခဲ့တာ မဟုတ်ဘူးလား… မိန်းကလေးတွေကို သူတို့ဘက် ပါလာအောင်သာ မမြှူဆွယ်နိုင်ဘူးဆိုရင် အဲ့ရမ္မက်ရှာကျင့်စဉ်ကို သူတို့ ဘယ်လိုကျင့်ကြံတော့မှာလဲ…”

ကျိယုက ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်… သူတို့က ရမ္မက်တာအိုကို လိုက်စားကြတယ်… ပြီးတော့ ကျင့်ကြံနေတဲ့ အချိန်အတွင်းမှာလည်း လုံးဝ မမေ့နိုင်လောက်တဲ့ ချစ်ခြင်းမေတ္တာကို ခံစားဖို့လည်း လိုသေးတယ်… ဒါပေမဲ့ ရမ္မက်ရှာဂိုဏ်းက လက်ရွေးစဉ်တပည့်‌တွေ အဲ့ရမ္မက်ရှာကျင့်စဉ်ကို စကျင့်ကြံပြီဆိုတာနဲ့ သူတို့အတွက် အဖော်တစ်ယောက်ကို လိုက်ရှာတော့တာပဲ… အဲ့ကျင့်စဉ်ကြောင့် ဘယ်မိန်းမသားမှ သူတို့ရဲ့ ဆွဲဆောင်မှုကို လွယ်လွယ်နဲ့ မလွန်ဆန်နိုင်ဘူး… သူတို့နဲ့နေတာများသွားလို့ရှိရင် လုံးဝကို အဲ့လူမှအဲ့လူ ဖြစ်နေတဲ့ အချစ်ဆိပ်တက်သွားတဲ့ မိန်းကလေးတစ်ယောက်အဖြစ် ပြောင်းသွားရော…”

“အဲ့ကျင့်စဉ်က အဲ့လောက်တောင်စွမ်းတာလား…” ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ ထိုလူများအနေဖြင့် ရမ္မက်တရားကို တာအိုအဖြစ် အသုံးချ၍ ကျင့်ကြံနိုင်သည်မှာ အရမ်းကြီး မထူးဆန်းသေး။ သို့သော်ငြား သူတို့၏ကျင့်စဉ်ကိုသုံး၍ သူတို့မိတ်ဖက်၏ စိတ်အခြေအနေကို လွှမ်းမိုးနိုင်သည်မှာ ရန်ကိုင် မမျှော်လင့်ထားသည့် အရာတစ်ခု ဖြစ်ပေသည်။ ယင်းကျင့်စဉ်သည် ရှင်းရှင်းပြောရလျှင် မိန်းမရှာပေးနိုင်သည့် ကျင့်စဉ်ဟုပင် ပြော၍ရပေသည်။ ဤကျင့်စဉ်ကိုသာ ကျင့်ကြံထားလိုက်မည်ဆိုပါက ဤတစ်သက် မိန်းမမရမည်ကို စိုးရိမ်စရာ မလိုတော့ချေ။

“အဲ့ရမ္မက်ရှာကျင့်စဉ်က ကျင့်တဲ့လူကိုယ်တိုင် ရမ္မက်စိတ် ပြင်းပြနေရရုံတင်မဟုတ်ဘူး သူတို့ရဲ့ မိတ်ဖက်ကပါ ရမ္မက်စိတ် ပြင်းပြနေဖို့ လိုသေးတယ်… အဲ့လိုမှမဟုတ်ဘဲ အမျိုးသမီးဘက်က လုံးဝ စိတ်မညွှတ်လာဘူးဆိုရင် ကျင့်စဉ်ကို ကျင့်ထားတဲ့လူက ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမားကို ပြန်ပြီးရင်ဆိုင်ရတယ်… သူတို့နှစ်ယောက်ကြားက ချစ်ရမ္မက်ဟုန်က ပိုပြီး ကွာခြားလေ ဘေးထွက်ဆိုးကျိုးက ပိုပြီး ပြင်းလေပဲ…” ကျိယုက ရွံရှာစက်ဆုပ်နေသည့် အမူအယာဖြင့် ရှင်းပြလိုက်လေသည်။ “အဲ့ကျင့်စဉ်ကို ကျင့်ထားတဲ့ တပည့်တစ်ယောက်သာ သူတို့မိတ်ဖက်အမျိုးသမီးရဲ့ နှလုံးသားကို အပိုင်သိမ်းနိုင်မယ်ဆိုရင် သူတို့တစ်ဘဝလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ နေသွားလို့ရပြီ… ဒါပေမဲ့ ပြဿနာက အမျိုးသမီးတစ်ချို့လောက်ပဲ အဲ့ကျင့်စဉ်ကို ကျင့်ထားတဲ့လူနဲ့ ရင်ပေါင်တန်းပြီး အဆင့်တက်နိုင်ကြတာ… နှစ်အနည်းငယ်ကြာသွားတာနဲ့ သူတို့နှစ်ယောက်ကြားက ခွန်အားကွာခြားချက်က အရမ်းကို ကြီးမားသွားရော… အဲ့အချိန်ကြရင် အမျိုးသမီးက ကျင့်စဉ်ကို ကျင့်ထားတဲ့လူအတွက် ဘာအကျိုးအမြတ်မှ မပေးနိုင်တော့ဘူး… ဒီလိုနဲ့ အဲ့ကျင့်စဉ်ကို ကျင့်ထားတဲ့လူက သူ့အတွက် သင့်တော်မဲ့ နောက်ထပ်အမျိုးသမီးအသစ်တစ်ယောက်ကို ထပ်ရှာပြန်ရော… အဲ့အတိုင်းပဲ သံသရာလည်နေရင်း လည်နေရင်းကနေပြီးတော့ ကျင့်စဉ်ကိုကျင့်တဲ့လူနဲ့ သူ့ရဲ့အမျိုးသမီးကြားက ကွာခြားချက်က တဖြည်းဖြည်းနဲ့ ကြီးသထက်ကြီးမားလာတာ…”

ရန်ကိုင်က မနာလို အားကျနေသည့်အမူအယာဖြင့် တံတွေးတစ်လုပ်မျိုချလျက် “ဒီတော့ ရမ္မက်ရှာဂိုဏ်းသားတွေအကုန်လုံးမှာ မိန်းမတွေအများကြီး ရှိတယ်လို့ ပြောချင်တာပေါ့… အဲ့မိန်းမတွေအကုန်လုံးကလည်း အဲ့လူကို အသေအလဲ ချစ်ကြတယ်ပေါ့ ဟုတ်လား…”

ကျိယုသည် ရန်ကိုင့်အား စူးရဲစွာ စိုက်ကြည့်လျက် ပြန်ပြောလိုက်လေသည်။ “စီနီယာအစ်ကိုရန်… ရှင့်ကို ကြည့်ရတာ ဘာလို့ သူတို့ကိုအားကျနေတဲ့ပုံ ပေါက်နေတာလဲ…”

ရန်ကိုင်က ပါးစပ်ထောင့်ရှိ သွားရည်များကို သုတ်လိုက်ရင်းမှ အလျင်စလို လက်ဝှေ့ယမ်းလျက် ပြန်ပြောလိုက်လေသည်။ “ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ… ငါ ဒီအတိုင်း အံ့အားသင့်သွားရုံပဲ… အဲ့ကျင့်စဉ်က ဒီလောက်အထိ ရွံဖို့ ကောင်းလိမ့်မယ်လို့ ငါတကယ်မထင်ထားလို့… အဲ့လိုကျင့်စဉ်မျိုးကို ငါက အားကျစရာလား… ဘာလို့ အားကျရမှာလဲ…”

ကျိယု ရန်ကိုင်ပြောသည်ကို ယုံလား မယုံလားတော့ မသိရ ထိုအကြောင်းကိုတော့ ဆက်မပြောတော့‌ချေ။ “ရမ္မက်ရှာဂိုဏ်းရဲ့ လက်ရွေးစင်တပည့်တွေအကုန်လုံး အဲ့ရမ္မက်ရှာကျင့်စဉ်ကို ကျင့်ကြံထားကြတာ… သူတို့မိန်းမတွေက ဆယ်ယောက်ကျော်လောက်ပဲရှိတာမဟုတ်ဘူး… အချို့တပည့်တွေမှာဆိုရင် မိန်းမတွေ ရာနဲ့ချီပြီး ရှိတယ်… ပြီးတော့ ပိုပြီး စိတ်ညစ်ဖို့ကောင်းတာက အဲ့မိန်းမတွေအကုန်လုံး အဲ့တစ်ယောက်ကိုမှ တမ်းတမ်းစွဲဖြစ်နေကြတာပဲ… သူတို့ ဘာတွေကို ဒီလောက်ရူးသွပ်နေလဲ ကျွန်မ မတွေးတတ်ဘူး…”

ထိုအကြောင်းကို ပြောနေရင်း ကျိယုမှာ ထိုအမျိုးသမီးများအပေါ် စိတ်ပျက်နေသည့်အလား အံကိုတင်းတင်းကြိတ်လိုက်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၄၁၄)

“ချစ်ခြင်းမေတ္တာဆိုတာ ဒီလောကကြီးမှာ မေ့ဖို့အခက်ဆုံးအရာပဲ…” ရန်ကိုင်က သူကိုယ်တိုင်ကြုံဖူးသည့်အလား ရုတ်တရက် ကောက်ပြောလိုက်လေသည်။

ကျိယုက ပြုံးလျက် “စီနီယာအစ်ကိုရန် တစ်ယောက်ယောက်ကို ပြန်စဉ်းစားမိသွားတာလား…”

ရန်ကိုင်က ရှက်ရှက်ဖြင့် ပြောလိုက်လေသည်။ “ကျေးဇူးပြုပြီး ဆက်ပြောပါဦး ဂျူနီယာညီမယု…”

ရန်ကိုင်မှ သူမအား ဂျူနီယာညီမယုဟု ခေါ်သည့်အခါ ကျိယု၏မျက်နှာ ပြုံးရွှင်သွားခဲ့လေသည်။ ထို့နောက် ဆက်၍ ပြောလိုက်လေ၏။ “ရှင်းရှင်းပြောရရင် ရမ္မက်ရှာဂိုဏ်းက တပည့်တစ်ယောက်ကို ကြိုက်သွားတဲ့ မိန်းကလေးတိုင်းရဲ့ဘဝက လုံးဝကို ကံဆိုးမိုးမှောင်ကျသွားပြီလို့ ပြောလို့ရတယ်… ရမ္မက်ရှာကျင့်စဉ်ရဲ့ လွှမ်းမိုးတာခံလိုက်ရတော့ အဲ့အမျိုးသမီးမှာ ဘာမှကို လုပ်ချင်စိတ်မရှိတော့ဘူး… ကျင့်ကြံဖို့ကိုလည်း စိတ်မပါတော့ဘူး… သူတို့စိတ်ထဲရှိတာက အဲ့ရမ္မက်ရှာကျင့်စဉ်ကို ကျင့်ထားတဲ့ တပည့်နဲ့အတူ ပျော်ပါးနိုင်ဖို့ပဲ… အဲ့တပည့်ကိုယ်တိုင်က သူ့ရဲ့ ဘဝကြီးတစ်ခုလုံးလိုလို ဖြစ်နေတာ… ဒါကြောင့်ပဲ သူတို့နှစ်ယောက်ကြားက ခွန်အားကွာခြားချက်ကလည်း တဖြည်းဖြည်းနဲ့ ကြီးသထက် ကြီးမားလာရတာ…”

ရန်ကိုင်က ခေါင်းညိတ်လိုက်လေ၏။ “ဒီတော့ ရမ္မက်ရှာကျင့်စဉ်ကို ကျင့်ထားတဲ့လူနဲ့ ယှဉ်လိုက်လို့ရှိရင် အမျိုးသမီးတွေရဲ့ဘဝက တော်တော်လေးကို ဒုက္ခရောက်သွားရတာပေါ့…” တစ်ခဏမျှ ရပ်ပြီးသည့်နောက်တွင် ရန်ကိုင်သည် ကျိယုကိုကြည့်၍ မေးလိုက်လေသည်။ “ဂျူနီယာညီမယု… နင် ငါ့ကို ဒီအကြောင်းလာပြောနေတာဆိုတော့ ရမ္မက်ရှာဂိုဏ်းက တစ်ယောက်ယောက်ကများ နင့်ကို ကြိုက်နေလို့လား…”

ထိုစကားကိုကြားသော် ကျိယု၏မျက်နှာ သုန်သုန်မှုန်မှုန်ဖြင့် သက်ပြင်းချလျက် ပြန်ပြောလိုက်လေသည်“စီနီယာအစ်ကိုရန် ပြောတာ အမှန်ပဲ… ရမ္မက်ရှာဂိုဏ်းရဲ့ သခင်လေးဖုန်းရှီက ကျွန်မကိုကြိုက်နေတာ…”

“ဖုန်းရှီလား…” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ဤနေရာသို့ ရောက်လာစဉ်က ကျိယု ဖုန်းရှီဆိုသည့်နာမည်အား လှမ်းအော်ခေါ်သည်ကို ရန်ကိုင်မှတ်မိလိုက်သည်။ ရန်ကိုင့်ကိုပင်လျှင် ဖုန်းရှီလားဟု မေးခဲ့သေး၏။ ယခုမှသာလျှင် ထိုဖုန်းရှီဆိုသည့်လူမှာ ရမ္မက်ရှာဂိုဏ်း၏ သခင်လေး ဖြစ်နေမှန်း ရန်ကိုင် နားလည်သွားရတော့သည်။

“ကျွန်မတို့ ရေခဲနှလုံးသားတောင်ကြားနဲ့ ရမ္မက်ရှာဂိုဏ်းက မြောက်ဘက်နယ်မြေရဲ့ ထိပ်တန်းဂိုဏ်းကြီးနှစ်ဂိုဏ်းပဲ… ဒီတော့ ဂိုဏ်းနှစ်ဂိုဏ်းစလုံးရဲ့ တပည့်တွေက တစ်ခါတစ်လေ တစ်ယောက်နဲ့တစ်ယောက် တွေ့ကြရတာပေါ့… ဖုန်းရှီနဲ့ကျွန်မက အရင်တုန်းကတော့ တစ်ခါမှမတွေ့ဖူးဘူး… တစ်ယောက်နာမည် တစ်ယောက်ပဲ ကြားဖူးတာ… ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက သူနဲ့ မတော်တဆ သွားတွေ့မိတယ်… အဲ့အချိန်ကစပြီးတော့ ကျွန်မနောက်ကို တောက်လျှောက်လိုက်နေတာ… ကျွန်မဘက်က ဘယ်လောက်ငြင်းငြင်း လုံးဝကို လက်မလျှော့တော့ဘူး…”

ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “အဲ့ကောင်က တကယ်ကို အရှက်မရှိတာပဲ…”

ကျိယုက ဆက်ပြောလိုက်လေသည်။ “တကယ်တော့ အခြားအမြင်တစ်ဖက်က ကြည့်မယ်ဆိုရင် ဖုန်းရှီနဲ့ ကျွန်မက လုံးဝကိုလိုက်ဖက်တဲ့ စုံတွဲတစ်တွဲလို့ ပြောလို့ရတယ်… ရှင်းရှင်းပြောရလို့ရှိရင် ကျွန်မဘက်ကတောင် သူ့ထက်ပိုပြီး နိမ့်ကျနေသေးတယ်… ရေခဲနှလုံးသားတောင်ကြားက မြောက်ဘက်နယ်မြေရဲ့ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဆိုပေမဲ့ အရင်နဲ့မတူတော့ဘူးဆိုတာ လူတိုင်းသိထားပြီးသား… အခုလက်ရှိ ရေခဲနှလုံးသားတောင်ကြားရဲ့ ခွန်အားက ရမ္မက်ရှာဂိုဏ်းနဲ့ သွားပြိုင်လို့ရတော့တာမဟုတ်ဘူး… ဖုန်းရှီက သူကိုယ်တိုင် ကျွန်မကို လိုက်လို့မရလည်းမရရော သူ့ဂိုဏ်းကို အကူအညီတောင်းပြီး ရေခဲနှလုံးသားတောင်ကြားကို ဖိအားပေးရော… ရေခဲနှလုံးသားတောင်ကြားသာ သူတောင်းဆိုတာကို လက်ခံမယ်ဆိုရင် အဖိုးတန်ရတနာတွေပါ ရက်ရက်ရောရော ပေးမယ်ဆိုပြီး ကမ်းလှမ်းလာတယ်… သူတို့ဘက်က ဖိအားပေးတဲ့ဒဏ်ကို မခံနိုင်တဲ့အဆုံး ဂိုဏ်းထဲက အကြီးအကဲအချို့က သဘောတူလိုက်တယ်… ဒါ့ကြောင့်ပဲ နောက်နှစ်ရက်နေရင် ကျွန်မ ဖုန်းရှီနဲ့ လက်ထပ်ရတော့မှာ…”

“ရေခဲနှလုံးသားတောင်ကြားရဲ့ အကြီးအကဲတွေ သဘောတူလိုက်တာလား…” ရန်ကိုင့်မျက်နှာ သုန်မှုန်သွားခဲ့လေသည်။

ကျိယုက စိတ်ဓာတ်ကျကျဖြင့် ပြန်ပြောလိုက်လေ၏။ “သူတို့ကိုလည်း အပြစ်တင်လို့မရဘူးလေ… ကျွန်မတို့က ရမ္မက်ရှာဂိုဏ်းနဲ့မှ မယှဉ်နိုင်တော့တာ… ဒီနှစ်ဝက်အတွင်း ဂိုဏ်းရဲ့စီးပွားရေးတော်တော်များများ ပစ်မှတ်ထားပြီး တိုက်ခိုက်ခံရတယ်… ကျွန်မနဲ့ ဂိုဏ်းတူညီအစ်မတွေလည်း အပြင်ထွက်တာနဲ့ တိုက်ခိုက်ခံရတယ်… တချို့ဆိုရင် သေတောင်သေတယ်… ဒီတိုင်းဆက်သွားနေလို့က မဖြစ်ဘူးလေ… အဲ့ဒါကြောင့်ပဲ အကြီးအကဲတွေ သဘောတူလိုက်ရတာ…”

သူမ၏ကူကယ်ရာမဲ့နေသည့် အမူအယာကိုမြင်သော် ရန်ကိုင် ကျိယုအား သနားမိသွားလေသည်။ တစ်ခဏမျှ ရပ်နေပြီးသည့်နောက် ပြန်၍ မေးလိုက်လေ၏။ “နင့်ဆရာရော… နင့်ဆရာက ရေခဲနှလုံးသားတောင်ကြားမှာ ဘယ်ရာထူးကို ရထားတာလဲ… သူရော သဘောတူလား…”

ကျိယုက အားတင်းပြုံးလျက် “ဘိုးဘေးတည်ထောင်သူ ထွက်သွားပြီးတည်းက ကျွန်မဆရာကပဲ ရေခဲနှလုံးသားတောင်ကြားကို အုပ်ချုပ်နေခဲ့တာ… သူက အခုလက်ရှိ တောင်ကြားသခင်ပဲ… ကျွန်မကိုလည်း သူ့သမီးအရင်းလို အမြဲတစေဆက်ဆံတယ်… ဒီတော့ လက်ထပ်ပွဲကို သဘောမတူဘူး… ကျွန်မ အရင်တစ်ခေါက် ထွက်ပြေးလာနိုင်ခဲ့တာလည်း သူ့အကူအညီကြောင့်ပဲ… ဒါပေမဲ့ အခုတော့ သူလည်း ဘာမှမတတ်နိုင်တော့ဘူး… သူ့ဘက်က ကူညီပေးချင်တယ်ဆိုရင်တောင် ကျွန်မကို ကူညီပေးလို့မရတော့ဘူး…”

“လွတ်သွားပြီးမှတော့ နင်က ဘယ်လိုလုပ်ပြီး ပြန်အဖမ်းခံရတာလဲ…” လက်ရှိတောင်ကြားသခင်သည် လက်ထပ်ပွဲကို သဘောမတူရုံမက ကျိယုကိုပါ ထွက်ပြေးနိုင်အောင် ကူညီပေးခဲ့သည်ဆိုသည့်အကြောင်း ကြားလိုက်သော် ရေခဲနှလုံးသားတောင်ကြား၏ လက်ရှိအခြေအနေမှာ လုံးဝ မျှော်လင့်ချက်မဲ့မနေကြောင်း ရန်ကိုင် တွေ့ရှိသွားခဲ့ရသည်။

ကျိယုက စိတ်ဓာတ်ကျကျဖြင့် ပြန်ပြောလိုက်လေသည်။ “ရမ္မက်ရှာဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ် ယောင်ကျိုးကိုယ်တိုင် ရောက်လာတာလေ… သူ့လို ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦးကို ကျွန်မက ဘယ်လိုလုပ်ပြီး ခုခံနိုင်မှာလဲ…”

“ယောင်ကျိုး…” ရန်ကိုင် ထိုနာမည်ကို မှတ်ထားလိုက်လေသည်။ ကျိယု သူတို့ဆီမှ ထွက်လာပြီးသည့်နောက်တွင် ယောင်ကျိုးနှင့် သွားတိုးခဲ့ရခြင်းမှန်း နားလည်သွားခဲ့သည်။ ထိုယောင်ကျိုးကပင်လျှင် ကျိယုအား ရေခဲနှလုံးသားတောင်ကြားဆီသို့ ပြန်ဖမ်းခေါ်လာခြင်း ဖြစ်လောက်ပေသည်။

“ဟုတ်သားပဲ… သူနဲ့ ဖုန်းရှီတို့နှစ်ယောက်စလုံးက အခု ရေခဲနှလုံးသားတောင်ကြားမှာ ဧည့်သည်တွေအဖြစ် နေနေကြတာ… စီနီယာအစ်ကို ဝင်လာတုန်းက သူတို့ ရှင့်ကို သတိမထားမိလိုက်ဘူးမလား…” ကျိယုက စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။

ယခုမှသာ ရန်ကိုင် နားလည်သွားတော့လေသည်။ “ငါသိပြီ… လက်စသတ်တော့ အဲ့နှစ်ယောက်က ယောင်ကျိုးနဲ့ ဖုန်းရှီကိုး…”

မှော်ရတနာရှိနေသည့် နေရာဆီသို့ လာစဉ်က ယောကျ်ားနှစ်ဦးနှင့် တိုးခဲ့ပေသည်။ ထိုနှစ်ဦးအနက် တစ်ဦးမှာ ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦးဖြစ်သည်။ ထိုစဉ်က ရေခဲနှလုံးသားတောင်ကြားထဲတွင် ယောကျ်ားနှစ်ဦး ဘာကြောင့် ရှိနေရသလဲဆိုသည်ကို ရန်ကိုင် နားမလည်ခဲ့ချေ။ ယခု ကျိယုရှင်းပြသည်ကို ကြားပြီးသည့်အခါမှသာ ထိုနှစ်ဦးသည် ရမ္မက်ရှာဂိုဏ်း၏ ဒုဂိုဏ်းချုပ်နှင့် သခင်လေးမှန်း နားလည်သွားတော့လေသည်။

ကျိယု၏ ယခင်တစ်ကြိမ် ထွက်ပြေးမှုသည် သူတို့အား နိုးနိုးကြားကြား ဖြစ်သွားစေသည့်ပုံပင်။ ထို့အပြင် မင်္ဂလာပွဲမှာ နောက်နှစ်ရက်အတွင်း ကျင်းပတော့မည် ဖြစ်သည့်အတွက်ကြောင့် ထိုနှစ်ရက်အတွင်းသာ သတို့သမီး ပျောက်နေမည်ဆိုပါက သူတို့ရမ္မက်ရှာဂိုဏ်းအတွက် ရှက်ဖွယ်ရာကိစ္စတစ်ခု ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် ကျိယုအား နောက်တစ်ကြိမ် ထွက်မပြေးစေနိုင်ရန်အတွက် ယောင်ကျိုးနှင့် ဖုန်းရှီကိုယ်တိုင် ရေခဲနှလုံးသားတောင်ကြားဆီသို့ ရောက်လာကြခြင်း ဖြစ်ပေသည်။

အကြောင်းစုံကို သိသွားပြီးသည့်နောက်တွင် ရန်ကိုင်က ပြောလိုက်လေသည်။ “ငါဒီကိုလာတုန်းက သူတို့ကို တွေ့လိုက်သေးတယ်… ဒါပေမဲ့ သူတို့ကတော့ ငါ့ကိုမတွေ့လိုက်ဘူး… ဒီတော့ ဂျူနီယာညီမယု စိတ်ပူနေစရာမလိုဘူး…”

ကျိယု အံ့အားသင့်သွားရပြန်လေသည်။

ရန်ကိုင်သည် သူမနှင့် အဆင့်တူလောက်သာ ရှိပေသည်။ သို့သော်ငြား ယောင်ကျိုး၏ အာရုံခံစက်ကွင်းမှ သတိမထားမိအောင် ထွက်ပြေးလာနိုင်ခဲ့သည်။ ရန်ကိုင် မည်ကဲ့သို့များ ထိုကဲ့သို့ လုပ်နိုင်ခဲ့ရလေသနည်း။ သို့သော်ငြား ရန်ကိုင်မှ ချောင်းရန်အား တိုက်ကွက်တစ်ကွက်တည်းဖြင့် အနိုင်ယူခဲ့သည့် ဖြစ်ရပ်ကို ပြန်စဉ်းစားမိလိုက်သည့်နောက် ရန်ကိုင်သည် သာမန်တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးမဟုတ်မှန်း ကျိယု နားလည်သွားခဲ့လေသည်။

“အခု ကျွန်မဆရာလည်း ဘာမှမတတ်နိုင်တော့ဘူးဆိုတော့ ဘိုးဘေးတည်ထောင်သူတစ်ဦးပဲ ကျွန်မကို ကယ်နိုင်တော့မှာ…” ကျိယုက ရန်ကိုင့်အား စိုးရိမ်တကြီးဖြင့် ကြည့်ရင်း တောင်းဆိုလိုက်လေသည်။ “စီနီယာအစ်ကိုရန်… ဒီကိစ္စကို ဘိုးဘေးတည်ထောင်သူဆီ မြန်မြန်အကြောင်းကြားပေးပါနော်… သူတစ်ယောက်ပဲ ကျွန်မကို ကယ်နိုင်တော့မှာမို့လို့ပါ…”

ယောင်ကျိုးသည်သာ သူမအား ရမ္မက်ရှာဂိုဏ်းသို့ ပြန်ခေါ်သွားနိုင်မည်ဆိုပါက သူမ၏ဘဝမှာ လုံးဝကို ကံဆိုးမိုးမှောင်ကျလေပြီ။ သူမကိုယ်တိုင်သည် ဖုန်းရှီ၏ ကစားစရာတစ်ခုသာ ဖြစ်သွားရပေတော့မည်။ လူအနည်းငယ်သည်သာ ရမ္မက်ရှာကျင့်စဉ်၏အစွမ်းကို ခုခံနိုင်ကြပေသည်။ ဖုန်းရှီသည် ထိုရမ္မက်ရှာကျင့်စဉ်ကို ကျင့်ကြံပြီးနောက် အမျိုးသမီးပေါင်းများစွာ၏ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့သူတစ်ဦးဖြစ်သည်။ ကျိယုသည် ဖုန်းရှီ၏မိန်းမများကဲ့သို့ ဖြစ်မလာချင်ပေ။

သူမတွင် တောက်ပသော အနာဂတ် ရှိနေလေသည်။ ထိုသို့ဖြစ်လေရာ သူမဘဝတစ်ခုလုံးကို ယောကျ်ားတစ်ဦး၏ ကစားစရာသာသာတစ်ခုအဖြစ် မည်ကဲ့သို့များ ကုန်ဆုံးချင်ပါမည်နည်း။

“စိတ်မပူနဲ့… စီနီယာပင်းယွင် ဒီကိစ္စကို ဒီအတိုင်း ထိုင်ကြည့်နေမှာမဟုတ်ဘူး… အခုတောင် သူကိုယ်တိုင် လာစစ်ဆေးခိုင်းလို့ ငါဒီကို လာခဲ့တာ… စီနီယာပင်းယွင်က အခုလောလောဆယ် ရေခဲလမြို့မှာ ရှိနေတယ်…” ရန်ကိုင်က ပြုံးကာ ပြောလိုက်လေသည်။

ထိုစကားကိုကြားသော် ကျိယု ဝမ်းသာသွားခဲ့ပြီး ရေရွတ်လိုက်လေ၏။ “အဲ့ဒါကောင်းတယ်… အဲ့ဒါတကယ်ကောင်းတယ်…”

သူတို့၏ဘိုးဘေးသည်သာ ရေခဲလမြို့တော်တွင် ရှိနေသည်ဆိုပါက ကျိယုအား ဤအခက်အခဲမှ ကျိန်းသေ ကယ်တင်နိုင်ပေလိမ့်မည်။

တစ်ချိန်တည်းတွင် ကျိယုသည် အခြားကိစ္စတစ်ခုကို သတိရသွားခဲ့လေသည်။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ရန်ကိုင်နှင့်တွေ့စဉ်တွင် သူတို့ကိုယ်သူတို့ ရေခဲနှလုံးသားတောင်ကြား၏ တပည့်များဟု ပြောနေကြသော မိန်းကလေးအချို့နှင့်လည်း တွေ့ခဲ့ရပေသည်။ ထိုစဉ်က ထိုမိန်းကလေးများသည် သူမအား ဖမ်းဆီးရန်အတွက် ဂိုဏ်းမှလွှတ်လိုက်သော တပည့်များဖြစ်သည်ဟု အထင်ရောက်လျက် အလျင်စလို ထွက်ပြေးလာခဲ့သည်။

သို့သော်ငြား ယခု ရန်ကိုင် ရှင်းပြသည်ကို ကြားပြီးသည့်နောက်တွင် သူမအနေဖြင့် ထိုမိန်းကလေးများကို တစ်ခါမှမမြင်ဖူးကြောင်း ပြန်သတိရသွားခဲ့သည်။ ထို့အပြင် ထိုမိန်းကလေးများ၏ ကျင့်ကြံခြင်းမှာ လူပေါ်လိုက်၍ အမျိုးမျိုးကွဲပြားနေကြလေသည်။ လက်ရှိ ရေခဲနှလုံးသားတောင်ကြား၏ တပည့်များထဲတွင် ထိုမိန်းကလေးများနှင့်တူသည့်လူတစ်ဦးမှ မရှိကြချေ။

(ဒါဆိုရင် သူတို့တွေက ဘိုးဘေးတည်ထောင်သူရဲ့ တပည့်အသစ်တွေပေါ့… ဒါကြောင့် သူတို့ကိုယ်သူတို့ ရေခဲနှလုံးသားတောင်ကြားကလို့ ပြောနေတာကိုး… သူတို့တောင် အဲ့သင်္ဘောပေါ်မှာ ရှိနေတာဆိုတော့ ဘိုးဘေးတည်ထောင်သူလည်း အဲ့သင်္ဘောပေါ်မှာ ရှိနေတာများလား…)

ထိုအချက်ကို စဉ်းစားမိလိုက်သော် ကျိယုမှာ ငိုရခက် ရယ်ရခက် ဖြစ်သွားခဲ့လေသည်။ သူမမှာ ဘိုးဘေးတည်ထောင်သူနှင့် တွေ့ခွင့်ရခါနီး ဖြစ်သွားသော်ငြား ကပ်သီးလေး လွဲချော်သွားခဲ့သည်။ သူမသာ ထွက်ပြေးမလာခဲ့ပါက ယောင်ကျိုး၏ဖမ်းဆီးခြင်း ခံလိုက်ရမည်မဟုတ်သလို ဤနေရာတွင်လည်း ချုပ်ထားခံရလိမ့်မည် မဟုတ်ပေ။ သူမ၏ ဉာဏ်ကောင်းမှုကြောင့်သာ ယခုကဲ့သို့ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်၏။

သူမသာ ဘိုးဘေးတည်ထောင်သူနှင့် အတူနေခဲ့မည်ဆိုပါက ဤကဲ့သို့သော ပြဿနာနှင့် ကြုံတွေ့ခဲ့ရလိမ့်မည် မဟုတ်။

“စီနီယာအစ်ကိုရန်… ရေခဲလမြို့ဆီ မြန်မြန်ပြန်သွားတော့လေ… စီနီယာအစ်ကို ဒီမှာဆက်နေလို့ရှိရင် အခြားသူတွေ သတိထားမိကုန်လိမ့်မယ်…” ရန်ကိုင် မပြန်သေးသည်ကို မြင်သော် ကျိယုက ပြောလိုက်လေ၏။

“နင် ငါနဲ့မလိုက်ဘူးလား…” ရန်ကိုင်က မေးလိုက်လေ၏။

ကျိယုက အားတင်းပြုံးလျက် “ဒီနေရာက ဂိုဏ်းရဲ့တားမြစ်နေရာလေ… ပြီးတော့ အပြင်ဘက်မှာ အစီအရင်တွေ အများကြီးလည်း ရှိသေးတာကို ကျွန်မ ဘယ်လိုလုပ်ပြီး ထွက်သွားနိုင်မှာလဲ…”

ရန်ကိုင်က ရယ်သွမ်းသွေးလျက် “ဒါဆို ငါဒီနေရာကို ဘယ်လိုရောက်လာတယ်လို့ နင်ထင်လဲ…”

ကျိယု မင်သက်သွားခဲ့လေသည်။ ထို့နောက် ရန်ကိုင့်လက်ထဲရှိ ယွင်တံဆိပ်ပြားကို လှမ်းကြည့်လျက် “စီနီယာအစ်ကို ပြောချင်တာက…”

ရန်ကိုင် ခေါင်းညိတ်လိုက်လေ၏။ “စီနီယာပင်းယွင်ကိုယ်တိုင် ငါ့ကို ဒီတံဆိပ်ပြားပေးထားခဲ့တာ… ဒီတံဆိပ်ပြားနဲ့သာဆိုရင် ရေခဲနှလုံးသားတောင်ကြားက အစီအရင်တွေအကုန်လုံးကို အလွယ်တကူ ဖြတ်သွားလို့ရတယ်… အခု ဒီရောက်နေပြီဆိုမှတော့ ငါ့အနေနဲ့ လက်ဗလာနဲ့ ပြန်သွားလို့တော့ မဖြစ်ဘူးလေ… ပြန်မယ့်ပြန် အတူတူပြန်သွားကြတာပေါ့… အဲ့အခါကျရင် နင်ကိုယ်တိုင်လည်း ဒီမှာဖြစ်သွားတဲ့ ကိစ္စအားလုံးကို စီနီယာပင်းယွင်ဆီ ရှင်းပြလို့ရသွားပြီ…”

“စီနီယာအစ်ကိုရန်… ရှင် တကယ်ကြီး ကျွန်မကို ပြန်ခေါ်သွားမှာလား…” ကျိယု ဝမ်းသာသွားခဲ့လေသည်။

“ပြန်ခေါ်သွားရမှာပေါ့…” ရန်ကိုင်က ပြုံးလျက် ခေါင်းညိတ်လိုက်လေသည်။ “ဒါပေမဲ့ နင် ခဏလောက်တော့ စောင့်ဖို့လိုလိမ့်မယ်…”

“ဘာလို့လဲ…” ကျိယု ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။

ရန်ကိုင်သည် သူမကိုဖြတ်ကျော်၍ ကျွန်းအလယ်ဆီသို့ လျှောက်သွားလေ၏။

ထိုကျွန်းအလယ်ပေါ်တွင် ယဇ်ပုလ္လင်တစ်ခု ရှိနေခဲ့လေသည်။ ယဇ်ပုလ္လင်ပေါ်တွင်ကား အေးစက်စက်အငွေ့အသက်တို့ကို ထုတ်လွှတ်နေသော ရေခဲပြာဓာတ်လုံးတစ်လုံးပင်။

ထိုဓာတ်လုံးသည် တောကြက်မောက်အရွယ်ခန့်သာ ရှိပြီး ဤနေရာတစ်ခုလုံး ဤမျှ အေးစက်နေရခြင်းမှာ ထိုဓာတ်လုံးကြောင့် ဖြစ်ဟန်တူပေသည်။ ဓာတ်လုံးအနားသို့ ရောက်လာသည်နှင့် ဓာတ်လုံးထဲတွင် ရှိနေသော ကြောက်မက်ဖွယ်ရာ အအေးဓာတ်ကို ရန်ကိုင် ပို၍ ထင်ထင်ရှားရှား ခံစားမိလိုက်ရသည်။

ကျိယုက ရှင်းပြလိုက်လေသည်။ “ဒါက ဘိုးဘေးတည်ထောင်သူ ချန်ထားရစ်ခဲ့တဲ့ ရတနာတစ်ခုပဲ… အဲ့ဓာတ်လုံး ဘယ်လိုခေါ်လဲ ဘိုးဘေးတည်ထောင်သူ အဲ့ဓာတ်လုံးကို ဘယ်ကနေရလဲဆိုတာကို ဘယ်သူမှ မသိကြဘူး… ဒါပေမဲ့ ဘိုးဘေးတည်ထောင်သူက အဲ့ဓာတ်လုံးထဲက စွမ်းအားအချို့ကို ထုတ်ယူပြီး ဒီရေခဲကန်တားမြစ်နေရာကို ဖန်တီးခဲ့တာ… ကျွန်မဆရာပြောတဲ့ပုံအရ ဆိုရင်တော့ ဒီဓာတ်လုံးရဲ့ နောက်ခံက လုံးဝကို သာမန်မဟုတ်ဘူးတဲ့… ဘိုးဘေးတည်ထောင်သူကိုယ်တိုင်တောင် ဒီဓာတ်လုံး ဘာကြောင့် ရှိနေသလဲဆိုတာကို သေချာမသိဘူးတဲ့…”

ရှင်းပြနေစဉ်အတောအတွင်း ရန်ကိုင့်ကို သေချာစောင့်ကြည့်နေခဲ့လေသည်။ ရန်ကိုင် ဘာကြောင့် ထိုဓာတ်လုံးအား စိတ်ဝင်စားနေသလဲဆိုသည်ကို သူမနားမလည်နိုင် ဖြစ်နေခဲ့သည်။

ရန်ကိုင်သည် မယုံကြည်နိုင်စရာ တစ်ခုခုနှင့် ကြုံတွေ့လိုက်ရသည့်အလား စိတ်လှုပ်ရှားမှုကြောင့် ကတုန်ကယင် ဖြစ်နေသည်ကို ကျိယုတွေ့လိုက်ရလေသည်။

“စီနီယာအစ်ကိုရန်… အဲ့ဓာတ်လုံးနား အရမ်းကြီးကပ်မသွားနဲ့နော်… မဟုတ်ရင် ခံနိုင်မှာမဟုတ်ဘူး…” ကျိယုက အလျင်စလို လှမ်းပြောလိုက်လေသည်။ သို့သော်ငြား မကြာခင် သူမမည်မျှ တုံးအကြောင့် နားလည်သွားခဲ့သည်။ ရန်ကိုင်သာ အအေးဓာတ်ကို မခံနိုင်လျှင် ထိုဓာတ်လုံးနားသို့ လုံးဝ ချဉ်းကပ်သွားလိမ့်မည် မဟုတ်ချေ။ မည်သူကများ ကိုယ့်သေတွင်းကိုယ် တူးချင်ပါမည်နည်း။

ထိုအချက်ကို သတိထားမိလိုက်သည့်နောက် ကျိယုမှာ ပို၍ အံ့အားသင့်သွားခဲ့ရလေသည်။ ရေခဲဓာတ်ကျင့်စဉ်ကို ကျင့်ကြံထားသော သူမကိုယ်တိုင်ပင်လျှင် ဓာတ်လုံးနားသို့ မကပ်နိုင်ပါသော်ငြား မည်သည့်ရေခဲဓာတ်ကျင့်စဉ်ကိုမှ ကျင့်ကြံထားခြင်းမရှိသည့် ရန်ကိုင်ကမူ ထိုဓာတ်လုံးနားသို့ သွားနိုင်လေသည်။

(စီနီယာအစ်ကိုရန်က ဘိုးဘေးတည်ထောင်သူရဲ့ အမွေခံတပည့်တစ်ယောက်များ ဖြစ်နေမလား… မဟုတ်ရင် ဘိုးဘေးတည်ထောင်သူက ဘာလို့ သူ့ကို ဒီလောက်ယုံမှာလဲ… ဒါပေမဲ့ အဲ့လိုဆိုရင်တောင် ဘိုးဘေးတည်ထောင်သူက ယောကျ်ားလေးတပည့်တစ်ယောက်ကို တစ်ခါမှ လက်ခံဖူးတာမှမဟုတ်တာ…)

ကျိယုအတွေးထဲနစ်မျောနေစဉ် ရန်ကိုင်သည် ယဇ်ပုလ္လင်ရှေ့သို့ ရောက်လာခဲ့လေသည်။ လက်ရှိအချိန်တွင် ရန်ကိုင်သည် ရှေ့သို့ တစ်လှမ်းမှ ဆက်မသွားနိုင်တော့‌ချေ။ အလွန်ပြင်းထန်သည့် အအေးဓာတ်ကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ အေးခဲတော့မည့်နှယ် ဖြစ်နေခဲ့သည်။ အရင်းအမြစ်ချီကို အရူးအမူး လှည့်ပတ်နေသည့်တိုင် အသုံးမဝင်ချေ။ ရေခဲစ ရေခဲနတို့သည် ရန်ကိုင့်၏မျက်နှာထက် စတင် ထွက်ပေါ်လာကြလေ၏။ သို့သော်ငြား ရန်ကိုင်ကမူ ကြောက်ရွံ့နေခြင်းမရှိဘဲ အလွန်ကိုမှ စိတ်လှုပ်ရှားနေသည့် အမူအယာဖြင့်သာ ရှေ့တည့်တည့်သို့ စိုက်ကြည့်နေခဲ့လေသည်။

ထို့နောက်တွင် ရန်ကိုင်သည် သူ့လက်ကို ဝှေ့ယမ်းလျက် အနီရောင်ဓာတ်လုံးတစ်လုံးကို ထုတ်ယူလိုက်လေသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း ကျိယုမှာတော့ မှင်သက်နေခဲ့လေ၏။ အရောင်မတူရုံမှလွဲ၍ ရန်ကိုင် ယခုထုတ်ယူလိုက်သည့်ဓာတ်လုံးသည် ယဇ်ပုလ္လင်ပေါ်တွင် ရှိနေသော ဓာတ်လုံးနှင့် တစ်ထပ်တည်း တူညီနေခဲ့လေသည်။

ထို့အပြင် ရန်ကိုင်မှ အနီရောင်ဓာတ်လုံးကို ထုတ်ယူလိုက်သည်နှင့် တစ်ပြိုင်နက် သူ့လက်ထဲရှိ အနီရောင်ဓာတ်လုံးရော ယဇ်ပုလ္လင်ပေါ်တွင် ရှိနေသည့် အပြာရောင်ဓာတ်လုံးပါ ဓာတ်လုံးနှစ်ခုစလုံး တစ်ပြိုင်တည်း တုန်ခါလာခဲ့ကြလေသည်။

“ဆောင်းဓာတ်လုံး…” ရန်ကိုင်က အလွန်ကိုမှ စိတ်လှုပ်ရှားနေသည့် လေသံဖြင့် ရေရွတ်လိုက်လေသည်။ “ဆောင်းဓာတ်လုံးက ဒီမှာရှိနေတာကိုး…”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၄၁၅)

“ဆောင်းဓာတ်လုံး… အဲ့ဒါဘာကြီးလဲ…” ကျိယုသည် ရန်ကိုင့်အား အံ့အားသင့်တကြီးအမူအယာဖြင့် ကြည့်နေခဲ့လေသည်။ ရန်ကိုင်ပြောသွာသည့်ပုံအရ ဤဓာတ်လုံးသည် မည်ကဲ့သို့သောဓာတ်လုံးမျိုး ဖြစ်သလဲဆိုသည်ကို သိနေသည့်ပုံပင်။ ထို့အပြင် ထိုဓာတ်လုံးသည် သူ့လက်ထဲရှိ အနီရောင်ဓာတ်လုံးနှင့်လည်း တစ်မျိုးတစ်ဖုံ ဆက်စပ်နေလောက်၏။ ထို့ကြောင့်သာမဟုတ်လျှင် အနီရောင်ဓာတ်လုံးပေါ်လာသည်နှင့် ယဇ်ပုလ္လင်ပေါ်တွင် ရှိနေသော အပြာရောင်ဓာတ်လုံး တုန်ခါသွားစရာ အကြောင်းမရှိပေ။

“နောက်မှရှင်းပြမယ်…” ရန်ကိုင်က တံတွေးတစ်လုပ် မျိုချလိုက်လေ၏။ သူ့ခမျာ အလွန်ကိုမှ စိတ်လှုပ်ရှားနေသည့်အတွက်ကြောင့် ကျိယုကိုပင်လျှင် ရှင်းပြမနေနိုင်တော့ချေ။

ဆောင်းဓာတ်လုံးကို ရေခဲနှလုံးသားတောင်ကြား၏ တားမြစ်နေရာတွင် လာတွေ့ရလိမ့်မည်ဟု တစ်သက်နှင့်တစ်ကိုယ် လုံးဝ မထင်ထားခဲ့ချေ။

ဥတုလေးမျိုးနယ်မြေတွင် ရှိစဉ်က ရန်ကိုင်သည် ဓာတ်လုံးသုံးလုံးကို ရရှိခဲ့လေသည်။ နွေဦးဓာတ်လုံး၊ ဂိမာန်ဓာတ်လုံးနှင့် ဆောင်းဦးဓာတ်လုံးတို့ ဖြစ်ကြသည်။ ဓာတ်လုံးတစ်လုံးချင်းစီတိုင်းသည် မတူကွဲပြားသော နိယာမစွမ်းအားကို ပိုင်ဆိုင်ထားကြပေသည်။ ထို့အတွက်ကြောင့် ဤလောကကြီးထဲတွင် ဆောင်းနိယာမစွမ်းအားကို သယ်ဆောင်ထားသော ဆောင်းဓာတ်လုံးတစ်လုံး ရှိလိမ့်ဦးမည်ဟု ရန်ကိုင်ခန့်မှန်းခဲ့ပေသည်။ နွေဦး၊ ဂိမာန်၊ ဆောင်းဦးနှင့် ဆောင်းနိယာမလေးခုတို့ ပေါင်းစုံသွားသည့်အခါမှသာ ဥတုလေးမျိုးနိယာမ ထွက်ပေါ်လာမည်ဖြစ်ကာ အချိန်နိယာမသည်လည်း ထွက်ပေါ်လာရပေလိမ့်မည်။ ကံမကောင်းစွာဖြင့် ထိုစဉ်က ရန်ကိုင် မည်သို့ပင် ရှာနေစေကာမူ ဆောင်းဓာတ်လုံးကို ရှာမတွေ့ခဲ့ချေ။ ဆောင်းဓာတ်လုံး မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကိုလည်း မသိခဲ့။ ထို့အတွက်ကြောင့် ထိုကိစ္စကို ဘေးချိတ်ထားရုံသာ တတ်နိုင်ခဲ့လေသည်။

ဤသို့ဖြင့် ရန်ကိုင်သည် ဓာတ်လုံးသုံးလုံးဖြင့်သာ ကျေနပ်ခဲ့ရပြီး ထိုဓာတ်လုံးသုံးလုံး သူ့လက်ဝယ်တွင် ရှိနေခဲ့သည်မှာ အတော်လေးကြာနေခဲ့လေပြီ။

သို့သော်ငြား ယနေ့တွင်မူ ပျောက်ဆုံးနေသည့် နောက်ဆုံးဓာတ်လုံးတစ်လုံးကို ရှာတွေ့ခဲ့ရသည်။ ဆောင်းဓာတ်လုံးပင် ဖြစ်လေသည်။ ဤသည်မှာ ရန်ကိုင် လုံးဝ မမျှော်လင့်ထားသည့် အရာတစ်ခု ဖြစ်သည်။ သူ ရေခဲနှလုံးသားတောင်ကြားသို့ ရောက်လာရခြင်းမှာ ပင်းယွင်မှ မည်သည့်တပည့်မှ သူမအား ဆက်သွယ်နေသလဲ ရေခဲနှလုံးသားတောင်ကြား၏ အခြေအနေ မည်ကဲ့သို့ ရှိနေသလဲဆိုသည်ကို စုံစမ်းခိုင်းလိုက်သည့် အတွက်ကြောင့်သာ ဖြစ်လေသည်။

ဆောင်းဓာတ်လုံးကို မြင်တွေ့လိုက်ရပြီးသည့်နောက် ရန်ကိုင် မည်မျှ ပျော်နေသလဲဆိုသည်ကို စကားနှင့်ပင် ဖော်ပြရခက်သွားသည်။ ယခု ဆောင်းဓာတ်လုံးကို ရလိုက်ပြီဖြစ်သည့်အတွက်ကြောင့် ရန်ကိုင့်အနေဖြင့် အချိန်စွမ်းအားကို စတင် ကျင့်ကြံနိုင်ပေတော့မည်။ အချိန်စွမ်းအားကို နားလည်လိုက်ပြီးသည့်နောက် မည်ကဲ့သို့သော ခွန်အားမျိုးကို ပိုင်ဆိုင်နိုင်မလဲဟု တွေးရင်း ရန်ကိုင့်မှာ အလွန်ကိုမှ စိတ်ဆန္ဒအာသီသ ပြင်းပြလာတော့လေသည်။

(ဒါနဲ့ ဒီဆောင်းဓာတ်လုံးက ဘာဖြစ်လို့ ရေခဲနှလုံးသားတောင်ကြားရဲ့ တားမြစ်နေရာမှာ ရှိနေရတာလဲ…) ထိုအချက်ကို စဉ်းစားလိုက်ပြီးသည့်နောက်တွင် ပင်းယွင်သည် ဤဆောင်းဓာတ်လုံးကို တာအိုသခင်အဆင့်တွင် ရှိစဉ်က ဥတုလေးမျိုးနယ်မြေထဲမှ ရခဲ့ခြင်းဖြစ်လောက်မည်ဟု တွေးလိုက်လေသည်။ ထို့နောက် ဆောင်းဓာတ်လုံးကို မြောက်ဘက်နယ်မြေသို့ ပြန်သယ်လာပြီး ဧကရာဇ်အဆင့်သို့ရောက်ချိန် ရေခဲနှလုံးသားတောင်ကြားကို တည်ထောင်ခဲ့ကာ တစ်ဆက်တည်း၌ ဆောင်းဓါတ်လုံးကိုသုံး၍ တားမြစ်နေရာကို ဖန်တီးခဲ့လေသည်။

ရေခဲနှလုံးသားတောင်ကြား၏ တားမြစ်နေရာသည် ဆောင်းဓာတ်လုံးကြောင့်သာ ဖြစ်ပေါ်လာရသည်ဆိုပါက ရန်ကိုင်သာ ဆောင်းဓာတ်လုံးကို ယူလိုက်မည်ဆိုလျှင် ဤတားမြစ်နေရာ ပျက်စီးသွားမည်လော။

ထိုကဲ့သို့ စဉ်းစားမိလိုက်သော် ရန်ကိုင် ချီတုံချတုံ ဖြစ်သွားလေသည်။

ရန်ကိုင်သာ အကြောင်းစုံကို ရှင်းပြလိုက်မည်ဆိုပါက ပင်းယွင် ဤဓာတ်လုံးကို သူ့ဆီပေးလိမ့်မည်ဟု ရန်ကိုင် ယုံကြည်ပေသည်။ တကယ်တော့ ဆောင်းဓာတ်လုံးသာ ယခုနေရာ၌ ရှိနေမည်ဆိုလျှင် ရေခဲနှလုံးသားတောင်ကြားအတွက် အကျိုးရှိစေနိုင်မည် ဖြစ်သော်ငြား သူ့လက်ထဲတွင်ဆိုလျှင်မူ အချိန်မြစ်မဟာဧကရာဇ်၏ အမွေအနှစ်ကို ထုတ်ဖော်နိုင်ပေလိမ့်မည်။

ထိုအရာသည် ဤတားမြစ်နေရာထက်ပင် အဆပေါင်းများစွာ ပိုမိုအဖိုးတန်သော မဟာဧကရာဇ်တစ်ပါး၏ အမွေအနှစ်တစ်ခု ဖြစ်ပေသည်။

ရန်ကိုင့်စိတ်ထဲ ဓာတ်လုံးကို ယူလျှင်ကောင်းမလား မယူလျှင်ကောင်းမလား တုံ့ဆိုင်းတွေဝေနေစဉ်မှာပင် ဓာတ်လုံးသည် ရုတ်တရက် နှင်းဖြူရောင်အလင်းတန်းကို ထုတ်လွှတ်၍ ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့လေသည်။

“မကောင်းတော့ဘူး…” ကျိယုမျက်နှာ ဖြူလျော်သွားပြီး အော်ပြောလိုက်လေ၏။ “စီနီယာအစ်ကိုရန်… ရှင့်ဓာတ်လုံးကို မြန်မြန်ပြန်သိမ်းလိုက်ပေတော့…”

ရန်ကိုင်လည်း အခြေအနေမကောင်းတော့မှန်း နားလည်သွားခဲ့လေသည်။ ပင်းယွင်သည် ဤဓာတ်လုံးအား သန့်စင်ပြီးမှသာလျှင် ဓာတ်လုံးထဲရှိ စွမ်းအားအချို့ကို ထုတ်ယူနိုင်ခဲ့ခြင်း ဖြစ်လောက်သည်။ ထို့အတွက်ကြောင့် ဤဆောင်းဓာတ်လုံးသည် ရန်ကိုင်လက်ဝယ်တွင် ပိုင်ဆိုင်ထားသော ပိုင်ရှင်မရှိသည့် ဓာတ်လုံးများနှင့် လုံးဝကို ကွာခြားနေခဲ့လေသည်။ ဆောင်းဓာတ်လုံး ဤကဲ့သို့ အလင်းတန်းတစ်ခုကို ရုတ်တရက် ကောက်ခါငင်ခါ ထုတ်လွှတ်လိုက်ရခြင်းမှာ ဂိမာန်ဓာတ်လုံး ပေါ်လာသည့်အတွက်ကြောင့် ဖြစ်လောက်ပေသည်။

ဓာတ်လုံး၏အလင်းတန်းသည် ရေခဲနှလုံးသားတောင်ကြားတစ်ခုလုံးကို နိုးနိုးကြားကြား ဖြစ်သွားစေပေလိမ့်မည်။ ဤအလင်းတန်းသည် တားမြစ်နေရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည့်အတွက်ကြောင့် ဂိုဏ်းထဲရှိ ပညာရှင်ပေါင်းများစွာ မကြာမီတွင် ဤနေရာသို့ ရောက်လာကြပေလိမ့်မည်။

ထို့အတွက်ကြောင့် ရန်ကိုင်လည်း တုံ့ဆိုင်းမနေတော့ဘဲ ကျိယုအသံမဆုံးသေးခင်မှာပင် ဂိမာန်ဓာတ်လုံးကို သူ့သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်း၍ ဆောင်းဓာတ်လုံးကို လှမ်းဖမ်းယူလိုက်လေသည်။

ဤအခြေအနေထိ ဖြစ်လာပြီဖြစ်သည့်အတွက်ကြောင့် ဓာတ်လုံးကိုအရင်ယူပြီး ကျန်ကိစ္စများကို နောက်မှသာ ရှင်းပြပေတော့မည်။ အတိုင်းထက်အလွန် ဖြစ်လာခဲ့လျှင်ပင် ရေခဲလမြို့သို့ ပြန်ရောက်သည့်အခါ ပင်းယွင်ဆီမှ ခွင့်တောင်းပြီး ဆောင်းဓာတ်လုံးကို တရားဝင်ရယူနိုင်ပေသေးသည်။

ဆောင်းဓာတ်လုံးဆီမှ ဖြာထွက်နေသည့် အအေးဓာတ်ကြောင့် ရန်ကိုင့်လက်တစ်ခုလုံး ခရမ်းရောင်သမ်းချင်လာခဲ့သည်။ ရေခဲစ ရေခဲနတို့သည်လည်း သူ့အရေပြားတစ်လျှောက် ထွက်ပေါ်လာလေသည်။ သူ့လက်တစ်ခုလုံး ထုံကျဉ်လာသလို ခံစားလိုက်ရသည့် အတွက်ကြောင့် ရန်ကိုင့်မှာ အရင်းအမြစ်ချီကို အလျင်စလို လှည့်ပတ်၍ အအေးဓာတ်ကို ဖယ်ရှားလိုက်ရသည်။

ဆောင်းဓာတ်လုံးအား ခက်ခက်ခဲခဲဖြင့် ဖမ်းယူလိုက်ပြီးသည့်နောက် သိုလှောင်လက်စွပ်ထဲသို့ အမြန်ကောက်ထည့်လိုက်လေသည်။ ထိုအခါမှသာ သူ့စိတ်ထဲ နေရထိုင်ရ အဆင်ပြေသွားခဲ့လေ၏။

ထို့နောက်တွင် မှင်သက်နေသော ကျိယုကို ဆွဲ၍ အော်ပြောလိုက်လေသည်။ “သွားကြရအောင်…”

ကျိယုက ငေးကြောင်ကြောင်ဖြင့် ပြောလိုက်လေသည်။ “စီနီယာအစ်ကိုရန်… ဘာဖြစ်လို့ ရေခဲနှလုံးသားတောင်ကြားရဲ့ မှော်ရတနာကို ခိုးတာလဲ…”

ကျိယုမှာ ဖြစ်ပျက်သွားသည့် အကြောင်းအရာများကို မြင်ပြီးသည့်နောက် ယခုအချိန်ထိတိုင် အသိပြန်မဝင်နိုင်သေးချေ။ ရန်ကိုင်မှ ပင်းယွင်၏တံဆိပ်ပြားကို ထုတ်ပြလာခဲ့သလို သူဘာကြောင့် ဤနေရာသို့ ရောက်လာရသလဲဆိုသည်ကိုလည်း ရှင်းပြထားသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ရန်ကိုင့်အား သူခိုးဟု အထင်ရောက်လျက် တိုက်ခိုက်မိပေလိမ့်မည်။

ရန်ကိုင်သည် ရေခဲနှလုံးသားတောင်ကြား၏ တားမြစ်နေရာရှိ အဖိုးတန်မှော်ရတနာကို သူမကဲ့သို့ လက်ရွေးစင်တပည့်တစ်ဦး ရှေ့တည့်တည့်တွင်ပင် ခိုးယူသွားရဲသည်။ ဤသည်မှာ နေ့ခင်းကြောင်တောင် ဓါးပြတိုက်နေခြင်းနှင့် အတူတူသာ ဖြစ်လေသည်။

“စီနီယာပင်းယွင်က ငါ့ကို ဓာတ်လုံး ပြန်ယူလာခိုင်းထားတယ်… သူ့မှာ ဒါကို သုံးစရာ ရှိလို့တဲ့…” နောက်ဆုံး ရွေးစရာမရှိတော့သည့် အဆုံးတွင် ရန်ကိုင်လည်း ကြုံရာလျှောက်ပြောတော့လေသည်။

“အို…” ကျိယုသည် ရန်ကိုင့်အား အနည်းငယ်လေးမျှပင် သံသယမဝင်ခဲ့ချေ။

ရန်ကိုင်သည် ကျိယု၏လက်ကိုကိုင်ရင်း လက်တစ်ဖက်ဖြင့် ပင်းယွင်၏တံဆိပ်ပြားကိုကိုင်ကာ ဤနေရာပတ်လည်တွင်ရှိနေသော အစီအရင်အားလုံးကို ပိတ်ပစ်လျက် အပြင်ဘက်သို့ ထွက်ပြေးတော့လေ၏။

ထိုစဉ် ရေခဲနှလုံးသားတောင်ကြားတစ်ခုလုံးမှာတော့ အုတ်အုတ်ကျက်ကျက် ဖြစ်နေခဲ့လေသည်။ တားမြစ်နေရာတွင် ဖြစ်ပျက်သွားသည့် ကိစ္စကြောင့် နားလျှင်နား ကျင့်ကြံလျှင်ကျင့်ကြံနေကြသော မရေမတွက်နိုင်သည့် တပည့်အားလုံး သူတို့၏အခန်းများဆီမှ အလျင်စလို ထွက်လာကြကာ တားမြစ်နေရာဆီသို့ အလောတကြီး ပြေးလာကြလေ၏။

လျင်မြန်စွာ ချဉ်းကပ်လာနေသော အရှိန်အဝါများကို ကြည့်ရင်း ရန်ကိုင့်မှာ ကြောက်လန့်လာခဲ့လေသည်။

မြောက်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဆိုသည့်အတိုင်း ပင်းယွင်မရှိသည့်တိုင် ရေခဲနှလုံးသားတောင်ကြား၌ မရေမတွက်နိုင်သော ပညာရှင်များ ရှိနေပေသေးသည်။ ဧကရာဇ်အဆင့် ပညာရှင်များသက်သက်နှင့်ပင်လျှင် ဆယ်ယောက်ကျော်မက ရှိသည်။ ဤအင်အားသည် တောင်ဘက်နယ်မြေတွင်ရှိသော နေမင်းပြာကျောင်းတော်၏ ခွန်အားအောက် နိမ့်ကျခြင်း မရှိချေ။ တစ်ခုသော ကွာခြားချက်ဆို၍ ရေခဲနှလုံးသားတောင်ကြားတွင် ဝမ်ကျိရှန်းနှင့် ယှဉ်နိုင်သော ပညာရှင်တစ်ဦး ရှိမနေခြင်းသာ။

သို့သော်ငြား ထိုကဲ့သို့သော ဂိုဏ်းတစ်ဂိုဏ်းသည်ပင်လျှင် ရမ္မက်ရှာဂိုဏ်း၏ ဖိအားကို မခုခံနိုင်ခဲ့ပေ။ သူတို့၏အဖိုးတန်တပည့်အား ဖုန်းရှီလက်ထဲသို့ ထည့်ပေးရုံသာ တတ်နိုင်ခဲ့သည်။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် ရမ္မက်ရှာဂိုဏ်း၏ ခွန်အားကိုမြင်တွေ့နိုင်ပေသည်။

ရေခဲနှလုံးသားတောင်ကြားတစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားရခြင်းမှာ ရန်ကိုင့်အတွက် အခွင့်အကောင်းတစ်ခုနှယ် ဖြစ်နေခဲ့လေသည်။ ရန်ကိုင်သည် ကျိယုကိုသယ်ရင်း ဧကရာဇ်အဆင့် ပညာရှင်များ သတိမထားမိအောင် ပုန်းလျှိုးကွယ်လျှိုးဖြင့် ထွက်ပြေးသွားလာနေခဲ့လေသည်။

ကျိယုကမူ ယခင်ထက်ကိုပို၍ စိုးရိမ်နေခဲ့လေ၏။ ယခင်တစ်ကြိမ် သူမဆရာ၏ အကူအညီဖြင့် ထွက်ပြေးလာစဉ်က အတွေ့အကြုံသည် ဤမျှလောက် ရင်ခုန်ဖွယ်ရာ မကောင်းခဲ့ချေ။ ထိုစဉ်က သူမသည် မြောက်ဘက်နယ်မြေမှ အပြီးတိုင် ပျောက်ကွယ်သွားခဲ့ချင်ရုံသာ ဖြစ်လေသည်။ ယခုမူ ယောကျ်ားတစ်ဦးနှင့် အတူထွက်ပြေးနေခြင်းသာ ဖြစ်သည်။

ယခုနေသာ တစ်ယောက်ယောက် သူတို့အား မြင်သွားမည်ဆိုပါက သူမ မည်သို့ပင် ရှင်းပြစေကာမူ အကြောင်းစုံကို ရှင်းပြနိုင်တော့လိမ့်မည် မဟုတ်ချေ။ ထို့အတွက်ကြောင့် ကျိယုမှာ ရင်တဒုန်းဒုန်း ခုန်နေရတော့လေသည်။

“ဘယ်သူလဲ…” ရုတ်တရက် အနီးအနားတွင် ရှိနေသော တစ်စုံတစ်ဦးက ထအော်လေသည်။ ချက်ချင်းဆိုသလို အလင်းတစ်ချက်လက်သွားခဲ့ပြီး ထက်ရှလှသည့် ဓါးစိတ်ဆန္ဒတစ်ခုသည် ကောင်းကင်ထက်မှနေ၍ ရန်ကိုင်နှင့် ကျိယုတို့အပေါ်သို့ စီးမိုးကျဆင်းလာခဲ့လေ၏။

သူမ၏စိတ်ခံစားချက် မတည်ငြိမ်သည့်အတွက်ကြောင့် သူမ၏အရှိန်အဝါကို ကောင်းကောင်း မဖုံးကွယ်နိုင်ခဲ့မှန်း သတိပြုမိလိုက်သော် ကျိယု၏အမူအယာ ပြောင်းလဲသွားခဲ့တော့လေ၏။

သို့သော်ငြား ထို့နောက်တွင် သိမ်မွေ့သည့် စွမ်းအားတစ်ရပ်သည် သူမအား တိုးဝင်လာနေသည့် ဓါးလှိုင်းအပြင်ဘက်သို့ တွန်းထုတ်လိုက်သည်ကို ခံစားမိလိုက်ရသည်။ ထို့နောက်တွင် ရန်ကိုင်သည် သူ့ကိုယ်ပိုင်ဓါးကိုထုတ်၍ တိုးဝင်လာနေသည့် ဓါးချက်အား တန်ပြန်ခုခံလိုက်လေသည်။

သတ္တုချင်း ထိခတ်သံနှင့်အတူ အံ့အားသင့်တကြီး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ အသစ်ရောက်လာသည့်လူမှာ အသာတကြည် နောက်သို့ ပြန်ဆုတ်သွားခဲ့လေသည်။ သူတို့အား သတ်ဖြတ်ဖို့ရာထိ မရည်ရွယ်ထားသည့်ပုံပင်။

ရန်ကိုင်သည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ အမောတကော အသက်ရှူလိုက်လေ၏။ သူ့မျက်နှာတစ်ခုလုံးမှာ အနည်းငယ် ဖြူလျော်နေခဲ့လေသည်။ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း တိုးဝင်လာနေသည့် ရေခဲတမျှ အေးစက်သော ဓါးစိတ်ဆန္ဒကို ခုခံထားရသည့် အတွက်ကြောင့် ကတုန်ကယင် ဖြစ်နေခဲ့သည်။

သူ့အား တိုက်ခိုက်လိုက်သည့်သူမှာ ဧကရာဇ်ပထမအဆင့်သာ ရှိနေသည်မှာ ကံကောင်းသွားခဲ့လေသည်။ ထို့ကြောင့်သာမဟုတ်လျှင် ထိုတိုက်ကွက်ကို ခုခံနိုင်လောက်လိမ့်မည် မဟုတ်‌ချေ။ ရန်ကိုင်သည် ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူပေါင်းများစွာနှင့် တိုက်ခိုက်ဖူးသည့် အတွက်ကြောင့် အတိုင်းအတာတစ်ခုထိ တန်ပြန်ခုခံနိုင်ခဲ့ပေသည်။

“ယုအာလား…” အသစ်ပေါ်လာသည့်အမျိုးသမီးက မျက်မှောင်ကြုလျက် အော်ပြောလိုက်လေသည်။ “နင် ဒီမှာ ဘာလုပ်နေတာလဲ…”

ထိုစကားကိုကြားလိုက်သည့်အခါ ရန်ကိုင် စိတ်သက်သာရာ ရသွားလေ၏။ အမျိုးသမီးပြောပုံကို ကြည့်ရသလောက် သူမသည် ကျိယု၏ စီနီယာတစ်ဦး ဖြစ်သည့်ပုံပင်။ ထို့အပြင် ကျိယု၏ ရင်းနှီးသည့် လူတစ်ဦးလည်း ဖြစ်လောက်ပေသည်။ ထို့ကြောင့်သာမဟုတ်လျှင် ကျိယုအား ယုအာဟု ခေါ်လိမ့်မည် မဟုတ်ချေ။ ထိုအမျိုးသမီးသည် ကျိယုနှင့် ရင်းနှီးသူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူမအား အရမ်းကြီးခက်ခဲအောင်တော့ လုပ်လိမ့်မည် မဟုတ်လောက်ချေ။

ယခုမှသာ ရန်ကိုင်လည်း တစ်ဖက်လူအား သေသေချာချာ ကြည့်မိတော့သည်။ ထိုအမျိုးသမီးသည် ငယ်ငယ်ရွယ်ရွယ်နှင့် သေးသေးသွယ်သွယ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပေသည်။ သူမလက်ထဲတွင် ချယ်ရီပန်းအရောင် အမြွှာဓါးနှစ်ချောင်း ရှိနေခဲ့လေသည်။ သူမ၏ခန္ဓာကိုယ်ကို တင်းကြပ်စွာ သိုင်းခြုံထားသော ဝတ်ရုံများကြောင့် အချိုးအစားကျနသော ကိုယ်လုံးကိုယ်ပေါက်ကို ရန်ကိုင် အတိုင်းသား မြင်နေရလေသည်။

သို့သော်ငြား ထိုအမျိုးသမီးသည် ဧကရာဇ်အဆင့်ထိတိုင်အောင် ကျင့်ကြံထားသူတစ်ဦး ဖြစ်သဖြင့် သူမ၏ရုပ်ရည်ကိုကြည့်၍ အသက်ကို သွားခန့်မှန်းလို့ မရချေ။ လက်ရှိ သူ့ရှေ့တွင် ရှိနေသော မိန်းမငယ်လေးသည် အနည်းဆုံး နှစ်ထောင်ပေါင်းများစွာ အသက်ရှင်လာသည့်လူတစ်ဦး ဖြစ်ပေသည်။

“သတ္တမဂိုဏ်းတူဒေါ်လေး…” ကျိယုက အမျိုးသမီးကိုကြည့်ရင်း တောင်းပန်တိုးလျှိုးသည့်အမူအယာဖြင့် လှမ်းအော်ခေါ်လိုက်လေသည်။

“နင်တကယ်ကြီး တားမြစ်နေရာကနေ ထွက်လာနိုင်တယ်ပေါ့… နင့်ကို ကယ်လိုက်တာ သူလား…” သတ္တမဂိုဏ်းတူဒေါ်လေးဟုခေါ်သော အမျိုးသမီးသည် ရန်ကိုင့်အား ခြေဆုံးခေါင်းဆုံး သေသေချာချာ စစ်ဆေးကြည့်လိုက်လေသည်။

သူမ၏မျက်ဝန်းလေးများမှာ ပြစ်ချက်ကင်းပြီး သန့်စင်သော ရှေးဟောင်းကန်ရေပြင်တစ်ခုနှယ် ကြည်လင်နေခဲ့လေသည်။ ရန်ကိုင်နှင့် အကြည့်ချင်းဆုံလိုက်သည့်အခိုက် သူ့စိတ်ထဲရှိ မကောင်းသည့် ခံစားချက်အားလုံး အရည်ပျော်ပျောက်ကွယ်သွားသလို ရန်ကိုင် ခံစားလိုက်ရလေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ အကြီးအကျယ်ကို တုန်လှုပ်သွားခဲ့ရလေသည်။ ထိုအမျိုးသမီးသည် တစ်ဖက်လူ၏ ဝိဉာဉ်အပေါ် လွှမ်းမိုးနိုင်သော ကျင့်စဉ်တစ်မျိုးမျိုးကို ကျင့်ကြံထားရမည်မှန်း ချက်ချင်း နားလည်လိုက်လေသည်။

“ဟုတ်ပါတယ် သူက စီနီယာအစ်ကိုရန်ပါ…” ကျိယုက ခေါင်းညိတ်လျက် “စီနီယာအစ်ကိုရန်… ဒါက ကျွန်မရဲ့ သတ္တမမြောက် ဂိုဏ်းတူဒေါ်လေး ကျန်းစွန်းယင်ပဲ… သူက ကျွန်မအပေါ် အရမ်းကောင်းတာ…”

နောက်ဆုံးအကြောင်းကို ထည့်ပြောလိုက်ရခြင်းမှာ ရန်ကိုင်နှင့် သူမ၏ သတ္တမဒေါ်လေး တိုက်ခိုက်ကြမည်ကို မမြင်ချင်သည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။

“ဒီတော့ စီနီယာကျန်းစွန်းပေါ့… ဂျူနီယာရန်ကိုင် စီနီယာကို နှုတ်ဆက်ပါတယ်…” ရန်ကိုင်က အလျင်စလို လက်သီးဆုပ်၍ နှုတ်ဆက်လိုက်လေသည်။

ကျန်းစွန်းယင်က နှာခေါင်းရှုံ့လျက် “နင်လက်ထပ်ပွဲကို သဘောမတူတာ အထူးအဆန်းမဟုတ်တော့ပါဘူးလေ… နင့်နှလုံးသားက အခြားတစ်ယောက်ဆီ ရောက်နေတာကိုး…”

ကျန်းစွန်းယင်တွေးပုံမှာ လုံးဝကို ရိုးရှင်းပေသည်။ ရန်ကိုင်နှင့် ကျိယုသည် တစ်ဦးကိုတစ်ဦး အလွန်ကိုမှ ချစ်မြတ်နိုးနေသည့် လူနှစ်ယောက် ဖြစ်ရပေလိမ့်မည်။ ထို့ကြောင့်သာမဟုတ်လျှင် ရန်ကိုင်သည် သူ့အသက်ကို စွန့်စားလျက် ဘာကြောင့်များ ရေခဲနှလုံးသားတောင်ကြားထဲသို့ ခိုးဝင်လာမည်နည်း။ ယောကျ်ားတစ်ဦး အမျိုးသမီးတစ်ဦးအတွက် အသက်စွန့်ချင်သည်ဆိုပါက သူတို့ကြားတွင် ချိုးဖြတ်မရနိုင်သည့် ချစ်ခြင်းမေတ္တာ ရှိနေသည့် အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။ ချစ်ခြင်းမေတ္တာသည်သာ လူတစ်ဦးအား ချင့်ချင့်ချိန်ချိန် မစဉ်းစားနိုင်ဘဲ အရူးတစ်ယောက်ဖြစ်အောင် လုပ်နိုင်ပေသည်။

ကျန်းစွန်းယင်ပြောသည်ကို ကြားသော် ကျိယု၏မျက်နှာ နီမြန်းသွားခဲ့ပြီး ကမန်းကတမ်း လက်ဝှေ့ယမ်းလျက် ပြန်ပြောလိုက်လေသည်။ “သတ္တမဂိုဏ်းတူဒေါ်လေး နားလည်မှုလွဲနေပြီ… စီနီယာအစ်ကိုရန်က ဘိုးဘေးတည်ထောင်သူရဲ့ အမိန့်နဲ့ ဒီကို ရောက်လာတာ…”

ထိုစကားကိုကြားလိုက်သည်နှင့်တစ်ပြိုင်နက် ကျန်းစွန်းယင်၏ ခန္ဓာကိုယ် တုန်ရီသွားခဲ့လေသည်။ သို့သော်ငြား ချက်ချင်း ပြန်လည်တည်ငြိမ်သွားခဲ့ပြီး သက်ပြင်းချလျက် “ငါ့ကို လာလိမ်မနေနဲ့… ဆရာပျောက်သွားတာ နှစ်သုံးထောင်မကတော့ဘူး… သွားမယ်ဆိုရင်သွားလိုက်… ငါနင်တို့ကို မမြင်ဘူးလို့ သဘောထားပေးလိုက်မယ်…”

All Chapters