← Chapters

အခန်း (၅၅၄)

Vol. 38 Ch. 554

အခန်း (၅၅၄)

Vol. 38 Ch. 554

အစီအရင်ကျောက်စိမ်းပြား လက်ထဲသို့ ရောက်ရှိပြီးနောက် မုန့်ရှင်းကျီသည် မည်သည့်တုန့်ပြန်မှုကိုမှ မပြုလုပ်ရဘဲ တုန်ယင်လျက် ရှိနေ၏။

ရုတ်တရက် လီယွင်သည် လက်ကို ယမ်းခါလိုက်သည်။

မုန့်ရှင်းကျီ၏ ရှေ့တွင် ရှိနေသော မြင်ကွင်းတစ်ခုလုံးသည် ပြောင်းလဲသွားခဲ့လေ၏။ သတိဝင်ပြီးနောက် သူသည် ထူးဆန်းသည့် နေရာတစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်၏။ တောင်များ အားလုံး ပြိုလဲနေပြီး ရှေးသစ်ပင်များ အားလုံးသည်လည်း လဲပြိုနေခဲ့၏။ မြစ်များလည်း ခမ်းခြောက်နေပြီး အလုံးစုံသော ပျက်စီးခြင်းကို ဖော်ညွှန်း ပြသနေ၏။ ဤအပျက်အစီးများသည် ကြောက်မက်ဖွယ်ကောင်းသည့် ကျင့်ကြံသူများ တိုက်ခိုက်ခဲ့သည့် နေရာ ဖြစ်ကြောင်း သူကအာရုံခံမိ၏။

ထို့ပြင် မုန့်ရှင်းကျီသည် အစီအရင် ကျွမ်းကျင်သူတစ်ယောက် ဖြစ်၏။ အစီအရင်နှင့် ပတ်သက်သော အကျွင်းအကျန်များသည် ဤအဆောက်အဦပျက်များ ကြားထဲတွင် ရှိနေကြောင်း သူ မြင်လိုက်၏။ အစီအရင်များ သည် ကျိုးပျက်နေသည် ဆိုလျှင်တောင်မှ ကြောက်မက်ဖွယ် ကောင်းလှသည့် သတ်ဖြတ်လိုခြင်း ဆန္ဒများကို ထုတ်ဖော်နေ၏။ အစီအရင်သာ အသက်ဝင်နေသည် ဆိုပါက ကျိန်းသေပေါက် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အစီအရင်မျိုး ဖြစ်မှာသေချာ၏။ အန္တိမအဆင့် ကျွမ်းကျင်သူများပင်လျှင် အားစိုက်ထုတ်ကာ ချိုးဖျက်ရမှာဖြစ်၏။ သို့ပေမဲ့ ထိုကဲ့သို့သော အစီအရင်များနှင့် လွှမ်းခြုံထားသည့် ဂိုဏ်းများပင်လျှင် သုတ်သင်ခြင်းကို ခံခဲ့ရပြီး ဘာမှ မကျန်တော့ချေ။ မကျန်ခဲ့ခြင်းမှာ သွေးစီးကြောင်းပါမကျန် ပျောက်ကွယ် သွားခဲ့ခြင်း ဖြစ်၏။ ဘာတစ်ခုမှလည်း မရှိတော့ချေ။

"ဒါ နက်နဲအလင်းလောကကြီးလား။ "

မုန့်ရှင်းကျီသည် တံတွေး မျိုချလိုက်မိ၏။ သူသည် တုန်လှုပ်မှုအပြည့်နှင့် ဖြစ်တည်နေမိ၏။ ပျက်စီးလျက် ရှိနေသည် ဆိုလျှင်တောင်မှ သူသည် နက်နဲအလင်းလောကကြီး၏ ယခင်က အောင်မြင်မှုများကို မြင်တွေ့နေရ၏။ နက်နဲအလင်းလောကကြီးသည် တကယ်ပင် အားကောင်းလွန်း၏။ ကောင်းကင်မူလလောကကြီးနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် မိုးနှင့်မြေ ကဲ့သို့ပင်။ လွယ်လွယ်ကူကူ နှင့် သူတို့ကို လာရောက် သတ်ဖြတ်ပစ်နိုင်သည့် လောကမျိုးပင်။

"နက်နဲအလင်း လောကကို ဖျက်ဆီးနိုင်ဖို့ဆိုရင် ရောရုဝပြည်ရဲ့ အခြေခံက ဘယ်လောက်တောင် ကြီးမားနေမလဲ" မုန့်ရှင်းကျီက တွေးတောလိုက်မိ၏။

အကြည့်ကို တည်နေရာတစ်ခုလုံးသို့ ဖြန့်ကျန့်ပြီးနောက် မုန့်ရှင်းကျီသည် အသက်ရှုနှုန်းများကိုပင် ဖိနှိပ်ထားခဲ့၏။ ပြီးနောက် သူသည် တည်နေရာတစ်ခုဆီသို့ ဖြည်းဖြည်းချင်း လှမ်းတက်လိုက်၏။ မကြာခင်မှာပဲ သူ၏ ရှေ့တွင် ကြီးမားသည့် အရာကြီးတစ်ခု ပေါ်ပေါက်လာ၏။ မဲနက်နေသည့် မြို့ကြီးတစ်ခုပင်။ နှစ်ပေါင်းများစွာ ကြာခဲ့သည်ဆိုလျှင်တောင်မှ ထိုမြို့ကြီးသည် ရှေးဆန်သည့် အော်ရာများ ထွက်ပေါ်လျက် ရှိသည်။

များပြားလွန်းသည့် ချပ်ဝတ်ပြည့် စစ်သည်များသည် လှံများကို ကိုင်ဆွဲကာ နံရံရှေ့တွင် စီတန်းကာ ရပ်တန့်နေ၏။ လေဟာနယ် တစ်ခုလုံး၌လည်း သတ်ဖြတ်လိုခြင်း ဆန္ဓများ အရှိန်တငြီးငြီးနှင့်ပင်။ စစ်သည် တစ်ယောက်ချင်းစီတိုင်းသည် ခန့်မှန်း၍မရအောင် အားကောင်းလွန်းပြီး ၎င်းတို့၏ ခန္ဓကိုယ်တွင် ယင်ဓာတ်သဘာဝများက လွှမ်းခြုံနေ၏။ အဝေးမှ ကြည့်ရှုမည်ဆိုလျှင် ငရဲခန်းဆီမှ နတ်ဆိုးများ မတ်မတ်ရပ်နေသကဲ့သို့ပင်။ ထိုကဲ့သို့သော စစ်သည်များ ဝင်ရောက်တိုက်ခိုက်မည် ဆိုပါက မည်သည့်လောကက ခုခံနိုင်တော့မည်နည်း။

“ရောရုဝပြည်”

မုန့်ရှင်းကျီ၏ မျက်လုံးများက ကြုံ့ဝင်သွားခဲ့၏။ သူ၏ နှလုံးသားတစ်ခုလုံးအား မမြင်ရသည့် လက်ကြီးတစ်ဖက်က လာရောက်ကာ ဖြစ်ညှစ်လိုက်သလိုပင်။ သူသည် အသက်ရှုရပ်သလိုပင် ခံစားနေမိ၏။

စစ်မှန်စွာပင် နက်နဲအလင်းလောထဲတွင် ထိုယင်ဓာတ်သဘာဝ စွမ်းအင်များသည် ပြည့်နှက်လျက် ရှိနေ၏။ မြို့နံရံပေါ်တွင် ရှိနေသည့် စစ်သည်များအားလုံးသည် ကောင်းကင်အသွင်ပြောင်းခြင်း အဆင့်၌သာ ရှိ၏။ သူ့အတွက် ဘာမှမဟုတ်လှချေ။ သူသည် တော်ဝင်အင်ပါယာတစ်ယောက် ဖြစ်သောကြောင့်ပင်။

သို့ပေမဲ့ သူတို့ဂိုဏ်း၌ ဤကဲ့သို့များပြားလှသည့် ကောင်းကင်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူ ရှိလိမ့်မည် မဟုတ်ချေ။ စစ်သည်အရေအတွက် လုံးဝရှိလိမ့်မည် မဟုတ်ချေ။ ကောင်းကင်အသွင်ပြောင်းခြင်း အဆင့်ဆိုသည်မှာ ၎င်းတို့၏ နတ်သားတော်ပင် မရောက်ရှိသေးသည့် အဆင့်ဖြစ်သည်။

ရောရုဝပြည်တွင်တော့ အဆင့်နိမ့်ကျင့်ကြံသူများအဖြစ် သတ်မှတ်ခံထားရပြီး မြို့၏နံရံပေါ်တွင် ကင်းစောင့်နေကြ ရ၏။ မြေအင်မော်တယ်လောကကြီး မည်မျှ အားကောင်းသည် ဆိုဆို ရောရုဝပြည်နှင့် နှိုင်းယှဉ်လျှင် နိမ့်ကျလျက် ရှိနေကြောင်း မျက်မြင်တွေ့နေရ၏။ မုန့်ရှင်းကျီသည် မြို့ကို လှမ်းကြည့်ပြီးသည့်နောက် သူသည် အစစ်အမှန် အင်မော်တယ်တစ်ယောက် ဖြစ်နေသည် ဆိုလျှင်တောင်မှ မြို့ထဲသို့ ဝင်ရန် မဖြစ်နိုင်ကြောင်း နားလည်လိုက်မိ၏။ လာရာလမ်းစီသို့ လှမ်းကြည့်လိုက်သည် အချိန်မှာတော့ မုန့်ရှင်းကျီသည် တစ်စုံတစ်ယောက်ကိုမှ မမြင်ရချေ။

ခနလောက် စဉ်းစားပြီးနောက် သူသည် အစီအရင်ကျောက်စိမ်းပြားကို ထုတ်ယူကာ မြေပေါ်တွင် ထားရှိလိုက်၏။ အစစ်အမှန် စွမ်းအင် အဆီအနှစ်များသည် ပေါင်းစပ်လာခဲ့ပြီးနောက် အစီအရင် တစ်ခုလုံးသည် ချက်ချင်းပဲ တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။ စွမ်းအင်လှိုင်းများသည် ရုတ်တရက် မိုင်သန်းနှင့်ချီသည့် အကွာအဝေးတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သော်လည်း ဖြစ်စဉ်တစ်ခုလုံးက ငြိမ်သက်နေသောကြောင့် မည်သူမှ သတိမပြုမိခဲ့ကြချေ။

အစီအရင်ကို ဖန်တီးပြီးနောက် မုန့်ရှင်းကျီသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်၏။ သူသည် ငြိမ်ငြိမ်သက်သက်နှင့် ထိုင်နေပြီး မြေအင်မော်တယ်လောကမှ အဖွဲ့ဝင်များ ရောက်ရှိလာမည်ကို စောင့်ဆိုင်းနေ၏။

ဤအတောအတွင်း မြေအင်မော်တယ် လောကကြီး၏ နိရယအင်ပါယာ ဖန်တီးထားသည့် ဂိုဏ်းတည်နေရာမှာတော့ တစ်ခုလုံးက တောက်ပလျက် ရှိနေပြီး ၎င်းတို့သည် မြေအင်မော်တယ် လောက၏ ထိပ်တန်းဂိုဏ်းတစ်ခု ပီသစွာပင် အားကောင်းသည့် အော်ရာများကို ထုတ်ဖော်နေ၏။ နိရယအင်ပါယာ ပျောက်ဆုံးသွားပြီးသည့်နောက် ဤအဆောက်အဦအားလုံးသည် ပျက်စီးလုနီးပါးပင်။

နိရယပြည်တစ်ခုလုံးတွင် ကြောင်တစ်ကောင်၊ နှစ်ကောင်မျှသာလျှင် ကျန်ရှိတော့၏။ ၎င်းတို့သည်လည်း နိရယအင်ပါယာ ပြန်လာမည်ကို စောင့်မျှော်လျက် ရှိနေ၏။ ကံဆိုးစွာဖြင့် နိရယအင်ပါယာသည် ပြန်မလာသေးချေ။ နက်နဲအလင်းလောကဆီမှ ရောရုဝ၏ လက်ရွေးစင် အဖွဲ့သားများကို ကြိုဆိုနေရ သောကြောင့်ပင်။

"ဒါ ငရဲလောကရဲ့ ဝင်ပေါက်လား"

စုရှန်းလော်သည် လေဟာနယ်ထဲတွင် မတ်မတ်ရပ်နေ၏။ ၎င်း၏နောက်တွင်တော့ စစ်သင်္ဘောတစ်စင်းက တည်ရှိနေ၏။

"ဒီနေရာမှာ တစ်ချို့ထောင်ချောက်တွေ ရှိနေတယ်။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ရဲ့ လမ်းညွှန်မှုသာ မရှိရင် ငရဲလောကရဲ့ ဝင်ပေါက်ကို ဘယ်သူမှ သိမှာမဟုတ်ဘူး" စုရှန်းလော်၏ ဘေးတစ်ဖက်တွင် ရှိနေသည့် အမဲရောင်မြူများနှင့်လူသည် အေးစက်စက်ဖြင့် လှမ်းကာ ပြောလိုက်၏။ သူသည် အလွန်အားကောင်းသည့် သတ်ဖြတ်လိုခြင်း ဆန္ဒများကို ထုတ်ဖော်လျက် ရှိနေသည်။

"ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို တွက်ချက်နိုင်စွမ်း ရှိတယ်။ အဲတော့ ဘာဖြစ်လဲ။ သူက ငါတို့ရောရုဝပြည်ကို သွယ်ဝိုက်ပြီး ကူညီနေတာပဲလေ။ နိရယအင်ပါယာကိုသာ ရောရုဝပြည်ဆီ ခေါ်လိုက်နိုင်ရင် ကျိန်းသေပေါက် ကောင်းတဲ့အရာတွေ ဖြစ်လာမှာပဲ" စုရှန်းလော်သည် တောက်ပစွာ ပြုံးလိုက်မိ၏။

“တချို့ စကားလုံးတွေကို စောစောစီးစီး သုံးသပ်လို့ မဖြစ်နိုင်ဘူး” အမဲရောင်မြူများ ရစ်သိုင်းလျက် ရှိနေသည့် လူသည် အသာလှည့်ကာ ပြောလိုက်၏။ လက်ရှိ အခြေအနေမှာတော့ တချို့သော အကြောင်းအရာများကြောင့် သူ၏ မျက်လုံးအစုံသည် အမှောင်ထဲသို့ လှမ်းကာ ကြည့်ရှုလျက် ရှိနေ၏။ သို့ပေမဲ့ သေသေချာချာ အာရုံခံ ကြည့်ရှုသည် ဆိုလျှင်တောင်မှ ပုံရိပ်ယောင်ကဲ့သို့သော အရာတစ်ခုမှ လွဲ၍ ဘာတစ်ခုမှ မမြင်ခဲ့ရချေ။ သို့ပေမဲ့ သူ၏ အားအင်အဆင့်အရ ဆိုလျှင် အဘယ်ကြောင့် ပုံရိပ်ယောင်ကဲ့သို့ အရာတစ်ခုကို မြင်နေရသနည်း။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်လား” သူက တီးတိုးရေရွတ်လိုက်၏။ နှလုံးသားထဲတွင် ကြောက်လန့်သည့် အရိပ်အယောင်များ ဖြစ်တည်လာခဲ့လေ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် တကယ်ပဲ သူတို့ကို စောင့်ကြည့်နေလေသည်လား။ ဤသို့ဆိုလျှင် ဤလှုပ်ရှားမှုသည် ရိုးရှင်းသည့် ကိစ္စရပ်မျိုး မဟုတ်တော့ချေ။

ထိုအရာကို တွေးကြည့်ပြီးသည့်နောက် သူသည် စုရှန်းလော်ဘက်သို့ အသာလှည့်ကြည့်ကာဖြင့် လေးလေးနက်နက် ပြောလိုက်၏။ “အင်း.. အချိန်က အရေးကြီးနေပြီ။ ဒီတော့ ငရဲလောကနဲ့ ပတ်သက်တဲ့ တည်နေရာ လမ်းကြောင်း ကို မြန်မြန်ဆန်ဆန် ဖွင့်ကြစို့။ မဟုတ်ရင် မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်”

“ဟမ်” စုရှန်းလော်သည် တစ်ဖက်လူကို လှမ်းကာ ကြည့်ရှုပြီးသည့်နောက် ဇဝေဇဝါ ဖြစ်သွားမိ၏။ သို့ပေမဲ့ ဘာတစ်ခုမှ ဆက်ကာ မမေးမြန်းခဲ့ချေ။ သူသည် လက်တစ်ဖက်ကို အသာမြှောက်ပြီးသည့်နောက် စည်းသင်္ကေတ တစ်ခုကို ဖန်တီးပြုလုပ်လိုက်၏။ တာအို၏ နိယာမစွမ်းအင်များ ထွက်ပေါ်လာခဲ့ပြီး လေဟာနယ်ထဲတွင် သင်္ကေတများ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

စည်းတစ်ခုကို ဖန်တီးပြီးသည့်နောက် သူသည် အသာလက်ခုပ်တီးလိုက်၏။ စည်းသင်္ကေတအားလုံးသည် စုစည်းလာပြီး တောက်ပသည့် အလင်းတန်းတစ်ခုအဖြစ် ဖြစ်တည်လာခဲ့သည်။ ချက်ချင်းဆိုသလိုပဲ ၎င်းသည် မည်သည့်နေရာမှ ပေါ်ပေါက်လာမှန်း မသိသည့် နေကြီးတစ်လုံး ကဲ့သို့ပင် ဖြစ်တည်လာခဲ့၏။

ကောင်းကင်နှင့်မြေပြင် တစ်ခုလုံး၌ အလင်းတန်းများ ထွန်းတောက်လျက် ရှိနေပြီး ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးသည် ထိုစွမ်းအင်လှိုင်းများကြား ပြိုလဲလုမတတ် ဖြစ်လာခဲ့၏။ မြေအင်မော်တယ်လောကကြီး တစ်ခုလုံးသည် ထွင်းဖောက်ခြင်းကို ခံလိုက်ရသကဲ့သို့ပင်။ ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးက တုန်ခါလာခဲ့သည်။

ကြယ်စင်စုများ အားလုံးပင်လျှင် လှုပ်ခါလျက် ရှိနေပြီး သက်ရှိသတ္တဝါ အားလုံးတို့သည် စိုးရွံ့နေမိကြသည်။ ရောရုဝပြည်မှ လူများသည် သူတို့အား ထပ်မံကာ ကျူးကျော်တိုက်ခိုက်နေခြင်းဖြစ်မည်ဟု တွေးထင်ပြီး သူတို့က ကြောက်လန့်နေမိကြ လေ၏။

ဘုန်း

နားကွဲလောက်စရာ အသံကြီး ပေါ်ပေါက်လာခဲ့ပြီး နိရယပြည်၏ လေဟာနယ်ပေါ်တွင် ကြီးမားသည့် တွင်းကြီးတစ်ခု ရုတ်တရက် ပွင့်လာခဲ့၏။ မဲနက်ပြီး နက်နဲလွန်းလှသည့် ယင်ဓာတ်အော်ရာများ သည် ထိုနေရာဆီမှ ထွက်ပေါ်လာခဲ့၏။ ထိုတွင်းနက်ကြီး၏ တခြားတစ်ဖက်တွင် ဘာရှိသည်ကို မည်သူမှ မသိကြချေ။

တည်နေရာတစ်ခုလုံး စုတ်ပြတ်သတ်လျက် ရှိနေပြီး လေဟာနယ် တစ်ခုလုံးတွင် များပြားလှသည့် ယင်ဓာတ် စွမ်းအင်များက ရစ်သိုင်းလျက် ရှိ၏။ သာမန်လူများအတွက် ဤအော်ရာများသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများဖြစ်ပြီး အချိန် အတော်ကြာ ဤနေရာတွင် နေထိုင်သည်ဆိုပါက ကျိန်းသေပေါက် အန္တရာယ် ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ သူတို့ကဲ့သို့ ရောရုဝပြည်သားများ အတွက်တော့ ဤနေရာသည် နတ်ဘုံနတ်နန်း တစ်ခုကဲ့သို့ပင်။

All Chapters