အခန်း (၅၅၆)
Vol. 38 Ch. 556
“ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ဘာဖြစ်လဲ”
စုရှန်းလော်၏ မျက်နှာပေါ်တွင် အထင်အမြင်သေးသည့် အပြုံးများ ဖြစ်တည်နေ၏။ အမှတ်မထင် ပြန်လည်ကာ မေးမြန်းလိုက်၏။ “ဒီနေရာကနေ ထွက်သွားဖို့ အခွင့်အရေး ရှိနေသေးတယ်လို့ ထင်နေသေးတာလား”
“ဪ”
နိရယ အင်ပါယာသည် ထိုစကားကို ကြားရသည့်အချိန်မှာတော့ စိတ်သက်သာရာ ရသလို သက်ပြင်းချ လိုက်၏။ ဤလူများသည် လမ်းကို မည်ကဲ့သို့ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သူမ မသိရှိသော်လည်း ဤလူများသည် သူမ၏ ငရဲလောကကြီးအကြောင်း သေချာမသိရှိကြောင်း နားလည်လိုက်မိသည်။
ထိုသူတို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သို့ သွားရောက် လည်ပတ်ကောင်း လည်ပတ်ပေလိမ့်မည်။ သို့ပေမဲ့ ၎င်းတို့၏ သတင်းအချက်များသည် အကန့်အသတ် တည်ရှိလို့နေခဲ့၏။ ဤလောကကြီး၏ ဝင်ပေါက်တစ်ခုတည်း ကိုသာလျှင် သိရှိ၏။ အစဦးပိုင်းက ဤလူများသည် အရာအားလုံး သိရှိလိမ့်မည်ဟု သူမက တွေးထင်ခဲ့၏။ သို့ပေမဲ့ လက်ရှိ ကြည့်ရှုရသည်မှာ သူမသာလျှင် စိုးရိမ်ပူပန်ကြီးခဲ့ခြင်း ဖြစ်၏။
“ဒီကနေ ထွက်ခွာမသွားနိုင်ဘူးလို့ ဘယ်လိုလုပ်သိလဲ”
“ဟား ဟား ဟား”
စုရှန်းလော်သည် အေးစက်စက် ရယ်မောလိုက်၏။ ပြီးသည့်နောက် ပြောလိုက်သည်။ “ရောရုဝပြည်ရဲ့ လောကသား တစ်ယောက်အနေနဲ့ ခင်ဗျားသိသလိုပဲ ... ငရဲလောကရဲ့ လျှို့ဝှက်ချက်အကုန်လုံးကို ကျုပ်တို့က သိရှိပြီးသား။ ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်ကတောင် ခင်ဗျားကို ကယ်တင်နိုင်မှာ မဟုတ်ဘူး။ ဒီတော့ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ကိုယ်တိုင် ဒီနေရာကို လာမယ်ဆိုရင်တောင် ဒီနေ့ အခြေအနေက ပြောင်းလဲမှာ မဟုတ်ဘူး”
ဤစကားစုသည် ယင်ဓာတ်အော်ရာများ လွှမ်းခြုံလျက်ရှိနေသည့် လောကကြီးတစ်ခုထဲသို့ ရောက်ရှိနေသည့် သတ္တဝါတစ်ကောင်၏ ယုံကြည်ချက်ပင် ဖြစ်၏။ ဤလောကကြီးထဲတွင် ဖျက်ဆီး၍ မရနိုင်သော ထာဝရ တည်ရှိမှုမျိုး သည် အလုံးစုံဖြစ်တည်လို့ နေ၏။ သူသည် ဤလောကထဲတွင် ရှိသည်သာ ဆိုပါက အားလုံးသော သူတို့ကို စိန်ခေါ်ရန် ယုံကြည်ချက် ရှိလို့နေခဲ့၏။
ဤလောကကြီး မပျက်စီးသရွေ့ သူသည် ဤကဲ့သို့သော ယုံကြည်ချက်များကို ကိုင်ဆွဲထားမှာဖြစ်၏။ ကောင်းကင် လျှို့ဝှက်နန်းဆောင်သခင်သည် များပြားလှသည့် လုပ်ဆောင်မှုမျိုးကို ပိုင်နိုင်ပြီး သူတို့၏ အရှင်ကိုယ်တိုင်ပင် ကြောက်စရာကောင်းသည့် စွမ်းအားမြင့်ကျင့်ကြံသူဟူ၍ သုံးသပ်ထားခဲ့သည် ဆိုလျှင်တောင် အင်မော်တယ်ဘုရင် အဆင့် ကျင့်ကြံသူ ကို ယှဉ်နိုင်ပါ့မည်လား။
တခြားတစ်ဖက်တွင် နိရယ အင်ပါယာသည် ထိုစကားစုကို ကြားရသည့် အချိန်မှာတော့ အလုံးစုံ စိတ်သက်သာရာ ရသွားခဲ့၏။ သူမ၏ အမြင်အရဆိုလျှင် ဤရောရုဝပြည်မှ သတ္တဝါများသည် မောက်မာလွန်းလှ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ ရိုက်နှက်ခြင်းကို မခံရသေးပုံပင်။ ထို့ကြောင့်ပင်လျှင် အသိပညာ၊ ဗဟုသုတ မရှိဘဲ ဤကဲ့သို့ ဆိုးဆိုးရွားရွား ပြောဆိုနေခြင်းသာ ဖြစ်ပေမည်။
ဤကဲ့သို့ ယုံကြည်ချက်ရှိရှိ ပြောဆိုနေသည်ကို ကြည့်ရှုရမည်ဆိုလျှင် ဤလူများသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်နှင့် တစ်ခါမှ မတွေ့ဆုံခဲ့ဖူးကြောင်း နိရယအင်ပါယာက ယုံကြည်လိုက်မိ၏။ မောက်မာသည့် လူများသည် အကြောက်အလန့် ကင်းမဲ့လွန်း၏။
နိရယ အင်ပါယာ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုခြင်း ဆန္ဒများသည် အရှိန်တငြီးငြီးနှင့် ဖြစ်တည်လာခဲ့သည်။ ဤကျူးကျော်သူများသည် အန္တိမအဆင့်ကျင့်ကြံသူများ ဖြစ်သည်ဆိုလျှင်တောင်မှ သူမသည် ထိုသူတို့အား တိုက်ခိုက် သတ်ဖြတ်ရဲသည်။
“အင်း... အခြေအနေက ဒီလိုဖြစ်သွားတာလား” စုရှန်းလော်၏ ဘေးတစ်ဖက်တွင် ရှိနေသော အမဲရောင်မြူများ ရစ်သိုင်းလျက် ရှိနေသည့် လူ၏ မျက်လုံးထဲတွင် အေးစက်သည့် အလင်းတန်းများ ဖြစ်တည်လာခဲ့၏။ သူသည် မြန်မြန်ဆန်ဆန် ဆိုသလိုပဲ ပတ်ဝန်းကျင် တည်နေရာ တစ်ခုလုံးကို လေ့လာကြည့်ရှုလိုက်၏။ ကောင်းကင်ကြီး တစ်ခုလုံးသည် ရုတ်တရက် ငြိမ်သက်သွားကြောင်း သူက သတိပြုမိ၏။
လက်ရှိ အခြေအနေမှာတော့ ကြီးမားလွန်းသည့် သတ္တဝါကြီးတစ်ကောင် ရုတ်တရက် နိုးထလာသကဲ့သို့ပင်။ ပေါ်ပေါက်လာသည့် ဖိအားဒဏ်များသည် ဖော်ညွှန်းပြသရန် ခက်ခဲ၏။ တူညီသည့် ငရဲလောကမှ သတ္တဝါများဆိုလျှင်ပင် နှလုံးသားထဲ၌ မကောင်းသည့် ခံစားချက်များ ဖြစ်တည်လာခဲ့ကြသည်။ သူတို့၏ အဆင့်၊ ကျင့်ကြံခြင်းနှင့်ပင် သေဆုံးခြင်းဆိုသည့် အော်ရာများကို စတင်ကာ ခံစားလာမိကြသည်။
“ငရဲလောကရဲ့ ဆက်ခံသူအနေနဲ့ ဒီနိရယ အင်ပါယာဆီမှာ ကျိန်းသေပေါက် နည်းလမ်းတချို့ရှိတယ်။ ဒါပေမဲ့ ဒီလောက်ပါပဲ။ အားနည်းတယ်” စုရှန်းလော်သည် ထူးမခြားနားသလိုဖြင့် မှတ်ချက်ပြုလိုက်၏။
အားအင်အဆင့် ကွာခြားမှုသည် တစ်ဖက်နှင့်တစ်ဖက် မိုးနှင့်မြေ ကဲ့သို့ပင် ကွာခြားလွန်းလှ၏။ ထို့ကြောင့် နိရယ အင်ပါယာ အနေနှင့် ကျိန်းသေပေါက် ဝှက်ဖဲပေါင်းများစွာကို ထုတ်ဖော် အသုံးပြုမည်ဆိုလျှင်တောင်မှ သူ့ကို ထိခိုက်နာကျင်အောင် ပြုလုပ်ဖို့ဆိုသည်မှာ ခက်ခဲလွန်းလှ၏။ ပြောရမည်ဆိုလျှင် သူသည် နိရယအင်ပါယာကို အထင်ကြီးခြင်း မရှိချေ။
“ခင်ဗျားတို့ သုံးယောက် တိုက်ခိုက်တော့”
စုရှန်းလော်သည် အမှတ်မထင် အမိန့်ပေးလိုက်၏။ သူသည် အစစ်အမှန် အင်မော်တယ် ထိပ်ဆုံးအဆင့်တွင် ရှိနေသည့် ကျင့်ကြံသူ သုံးယောက်တို့ကို လှမ်းကြည့်ပြီး အမိန့်ပေးလိုက်သည်။
ထိုသုံးယောက်တို့သည် ရှေ့သို့ လှမ်းတက်လိုက်၏။ ၎င်းတို့၏ အော်ရာများသည် ဆထက်တပိုး တိုးတက်လာခဲ့၏။ တောက်ပလွန်းသည့် အမဲရောင်နေကြီးများ ကောင်းကင်ယံတွင် ထွက်ပေါ်လာသကဲ့သို့ပင်။ ရေတွက်လို့ မရအောင် များပြားလှသည့် စွမ်းအင်လှိုင်းများသည် တည်နေရာတစ်ခုလုံးကို တိုက်စားလျက် ရှိနေပြီး လောကကြီး တစ်ခုလုံးက တုန်ယင်လျက် ရှိနေ၏။ ဤကဲ့သို့သော အရှိန်အဟုန်မျိုးအောက်တွင် ကြံ့ကြံ့ခံ ရပ်တည်နိုင်ဖို့ ဆိုသည်မှာ မဖြစ်နိုင်သည့်ပုံပင်။
“အစစ်အမှန် အင်မော်တယ် ထိပ်ဆုံးအဆင့် လူသုံးယောက်က အခုမှ အစစ်အမှန် အင်မော်တယ် ထိပ်ဆုံးအဆင့်ကို ရောက်တဲ့ လူတစ်ယောက်နဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့ လုံလောက်တာထက်တောင် ပိုနေပါပြီ” စုရှန်းလော်သည် ထူးမခြားနားသလို ပြောလိုက်၏။ သူ၏ စကားလုံးများသည် အဆုံးစွန်သော ယုံကြည်မှုများနှင့် ပြည့်နှက်လျက် ရှိနေသည်။
“အင်း.. စောစောစီးစီး ပြောလို့ မရဘူး”
နိရယအင်ပါယာ၏ ဆံနွယ်များသည် လေနှင့်အတူ လွင့်မျောလျက် ရှိနေ၏။ အားကောင်းလွန်းသည့် အော်ရာလှိုင်းများသည် သူမကို ရစ်သိုင်းလျက်ရှိနေပြီး သူမ၏ အနောက်ဘက်ရှိ လေထုထဲ၌ ကြီးမားလွန်းသော မြစ်ကြီးတစ်ခု ထင်ပေါ်လာ၏။
မြစ်ကြီးသည် အဆုံးမဲ့လွန်း၏။ မည်သည့်နေရာက စတင်ဖြစ်တည်လာခဲ့ပြီး မည်သည့်နေရာတွင် အဆုံးသတ်သည် ဖြစ်ကြောင်းကို မသိရှိချေ။ အချိန်၏ မြစ်ရေစီးကြောင်းနှင့် မတူညီစွာပင် ထိုမြစ်ကြီး၏ မျက်နှာပြင်ပေါ်တွင် အနိဋ္ဌာရုံများ ပေါ်ပေါက်နေသည်။
များပြားလှသည့် နတ်ဘုရားများ၊ နတ်ဆိုးများ၊ ဝိညာဉ်များသည် တည်နေရာ တစ်ခု၌ ပိတ်လှောင်ခံနေရပြီး အကြီးအကျယ် အော်ဟစ်ငိုယိုလျက် ရှိနေ၏။ ကြည့်ရှုလိုက်သည်နှင့် တပြိုင်နက် ခြောက်ခြားစရာ မြင်ကွင်းမျိုးပင်။ ဤနေရာတွင် တခြားသောသူများသာ တည်ရှိနေပြီး လက်ရှိမြင်ကွင်းကို မြင်သည်ဆိုပါက ကျိန်းသေပေါက် သတိလစ် မေ့မျောသွားလောက်သည်။ လောကကြီးတစ်ခုလုံး ပျက်စီးသွားမည့် ဖြစ်စဉ်မျိုးသည် တည်နေရာ တစ်ခုလုံးတွင် ဖြစ်တည်လာခဲ့၏။
“ဒါ.. ဒါ ငရဲလောကလား”
စုရှန်းလော်သည် မျက်လုံး အပြူးသားဖြင့် စူးစိုက်ကြည့်နေ၏။ ရှေးယခင်တုန်းတည်းက ငရဲလောကကြီးသည် လောကအသီးသီးတိုက်ပွဲတွင် ရှုံးနိမ့်ပြီး ပျောက်ဆုံးသွားခဲ့၏။ အဘယ်ကြောင့် ရုတ်တရက် ယနေ့ ပြန်ပေါ်လာ သနည်း။
ငရဲလောကထဲတွင် သုတ်သင်ခြင်းကို ခံခဲ့ရသည့် သတ္တဝါများသည် လွယ်လွယ်ကူကူ ရင်ဆိုင်တိုက်ခိုက်၍ ရသည့်အရာမျိုး မဟုတ်ကြောင်း အားလုံးက သိရှိနားလည်ခဲ့ပြီးသား ဖြစ်၏။ ကြုံရာ တစ်စုံတစ်ယောက်ကို ဆွဲထုတ်လိုက်မည်ဆိုလျှင် ထိုသူသည် အင်မော်တယ်ဘုရင် တစ်ယောက်ကို နှောင့်နှေးခြင်း မရှိဘဲ ဝင်ရောက် တိုက်ခိုက်မှာ သေချာ၏။ ငရဲလောက၏ အဆုံးဘက်တွင် ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်လက်နက် တည်ရှိလို့နေသည်။
စုရှန်းလော်သည် အတွင်းဘက် တည်နေရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ သို့ပေမဲ့ ကံဆိုးစွာဖြင့် မြစ်၏ မျက်နှာပြင်ပေါ်တွင် ဝိညာဉ် အလင်းတန်းများသာ ထွန်းတောက်လျက် ရှိနေပြီး အရာအားလုံးကို သေသေချာချာ မြင်ရခြင်းတော့ မရှိချေ။ သူ၏ အမြင်အာရုံကို ဟိုးအဝေးဆီသို့ လှည့်ပတ်ကြည့်ရှု၍ မရနိုင်ခဲ့ချေ။
“တစ်စုံတစ်ခုကတော့ တစ်စုံတစ်ခုပဲ”
စုရှန်းလော်၏ ဒူးခေါင်းများသည် ခွေသွားမိ၏။ အစစ်အမှန် အင်မော်တယ် တစ်ယောက်သည် ဤကဲ့သို့သော အရာမျိုးကို ဆင့်ခေါ် ဖန်တီးနိုင်လေသည်လား။ တစ်ချက် ကြည့်လိုက်ရုံနှင့် အနောက်ဘက်၌ ဖြစ်တည်နေသည့် ငရဲလောက၏ မြင်ကွင်းကြီးသည် ထိပ်ဆုံးအဆင့်၌ တည်ရှိနေသည့် ပုံစံမျိုးပင်။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ကျုပ်တို့ကို အဓိက လျှို့ဝှက်ချက်ကြီးတစ်ခု ဖုံးကွယ်ထားခဲ့တာပဲ။ ဒီနေရာမှာ သူ ကျုပ်တို့ကို မပြောခဲ့တဲ့ အကြောင်းအရာ တစ်ခုခု ရှိရမယ်။ နိရယ အင်ပါယာ လက်ခံရယူထားတဲ့ အမွေအနှစ်တွေက သာမန်ထက် အရမ်း ပိုတာပဲ ဖြစ်ရမယ်။ ကျုပ်တို့အရှင် ရထားတဲ့ အမွေအနှစ်တွေထက်တောင် ပိုပြီးကြောက်ဖို့ကောင်းတာ ဖြစ်ရမယ်” အမဲရောင်မြူများ ရစ်သိုင်းလျက် ရှိနေသည့် လူသည် ရုတ်တရက် ထအော်လိုက်၏။
လက်ရှိအချိန်တွင် အရူးဖြစ်သည် ဆိုလျှင်တောင်မှ နိရယ အင်ပါယာသည် ကျိန်းသေပေါက် ပေါ့ပေါ့ပါးပါးနှင့် ရင်ဆိုင်၍ ရသည့်လူတစ်ယောက် မဟုတ်မှန်း သူတို့ နားလည်သွားခဲ့ပြီဖြစ်၏။ သူတို့၏ ခြေထောက် အောက်တွင် ရှိနေသည့် လောကကြီးသည် ကျိန်းသေပေါက် လျှို့ဝှက်ချက်များနှင့် ပြည့်နှက်လျက် ရှိနေသည့် လောကကြီးပင်။
ငရဲလောကကြီး၏ အဓိက ခံတပ်အဖြစ် အသုံးပြုခဲ့သည့် အရာပင် ဖြစ်ကောင်း ဖြစ်နိုင်၏။ သံသယရှိစရာ မလိုပင်။ ထိုကဲ့သို့ မဖြစ်ဘူး ဆိုလျှင်တောင်မှ အရေးကြီးသည့် ဂိုဏ်းဂဏတစ်ခု ဖြစ်နိုင်၏။ ဤအရာကြီးသည် တချို့သော ဝိညာဉ်ဘုရင် ပိုင်ဆိုင်ခဲ့သည့် လောကကြီးပင် ဖြစ်ပေလိမ့်မည်။
“အနောက်ကိုဆုတ်” စုရှန်းလော်၏ အမူအရာက ပြောင်းလဲသွားခဲ့၏။ သူသည် မသေချာ၊ မရေရာသည့် မျက်လုံး အစုံနှင့် နိရယအင်ပါယာကို လှမ်းကာ ကြည့်ရှုလိုက်၏။ မျက်လုံးများထဲတွင် အလျော့မပေးချင်သည့် စိတ်ခံစားချက်များ ဖြစ်တည်နေသည်ဆိုလျှင်တောင်မှ သူသည် ဤအမိန့်ကို ပေးအပ်ခဲ့ရ၏။
သူ၏ အလိုလိုသိစိတ်အရ သူ၏ရှေ့တွင် ရှိနေသည့် မြစ်ကြီးသည် ကျိန်းသေပေါက် ဒဏ္ဍာရီလာ အနိဋ္ဌာရုံ မြစ်ကြီးပင် ဖြစ်ရပေမည်။ သူ့အနေနှင့် ထိုကဲ့သို့သော အခြေအနေမျိုးတွင် စွန့်စားမှုကို မပြုလုပ်ချင်ပေ။ အရှေ့ဆီသို့ လှမ်းတက်ကာ တဇွတ်ထိုး တိုက်ခိုက်ခြင်းသည် အကျိုးမဲ့သည့် ကိစ္စရပ်များကို ဖြစ်တည်စေနိုင်၏။ ရေတွက်၍မရအောင် များပြားလှသည့် အင်မော်တယ်ဘုရင်များပင်လျှင် ဤမြစ်ကြီးထဲတွင် မြှုပ်နှံခြင်းကို ခံခဲ့ရ၏။ သာမန် အန္တိမအဆင့် ကျင့်ကြံသူ တစ်ယောက်အနေနှင့် အဘယ်သို့ သွားရောက်ကာ တိုက်ခိုက်ရမည်နည်း။
“နောက်ကိုဆုတ်မယ် ဟုတ်လား”
နိရယ အင်ပါယာ၏ ဆံနွယ်များသည် လေထဲတွင် လွင့်မျောလျက် ရှိနေ၏။ သူမ၏ ကျောက်စိမ်းကဲ့သို့ သေသပ်လှပသည့် မျက်နှာထက်တွင် သတ်ဖြတ်လိုခြင်း ဆန္ဒများက အရှိန်တငြီးငြီးနှင့် ပေါ်ပေါက်နေသည်။ "အခုအချိန်မှာ ထွက်သွားမယ်ဆိုတော့ နောက်ကျသွားပြီလို့ မထင်ဘူးလား။ ရှင်တို့အားလုံး ဒီမှာနေတော့”
ထိုစကားစု ထွက်ပေါ်လာသည့် အချိန်မှာတော့ သူမသည် လက်ညှိုးကို အသာညွှန်လိုက်၏။