အခန်း (၅၅၇)
Vol. 38 Ch. 557
သူမ၏ နောက်ဘက်တွင် ရှိနေသည့် ရေများသည် ပြင်းပြင်းထန်ထန်ဖြင့် ဆူဝေလာခဲ့၏။ လောကကြီး တစ်ခုလုံး ဆူပွက်နေသကဲ့သို့ပင်။ ကောင်းကင်သို့ပင် ထိုးတက်လုမတတ် မြင့်မားသောလှိုင်းများ ပေါ်ပေါက်လာခဲ့၏။ ထိုမြစ်ရေများသည် ကောင်းကင်ယံထက်ဆီမှ မိုးများကဲ့သို့ပင် ကျဆင်းလျက် ရှိနေ၏။ ထိုမြစ်ရေစက်များသည် ရောရုဝပြည်မှ သတ္တဝါအားလုံး၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာခဲ့သည်။
ဘုန်း
လောကကြီးတစ်ခုလုံး တုန်ယင်သွားခဲ့၏။ ထိုကြောက်မက်ဖွယ်ရာ ကောင်းသည့် မိုးရေစက်ကဲ့သို့သော ရေများသည် အားလုံးသော သူတို့ကို လွှမ်းမိုးထားခဲ့၏။ ရောက်ရှိလာခဲ့သော ရောရုဝပြည်၏ လက်ရွေးစင် စစ်သည်များသည် လက်ရှိအခြေအနေမှာတော့ မလွတ်မြောက်နိုင်ခဲ့တော့ချေ။ ထိုရေစက်တစ်ခုချင်းစီတိုင်းသည် ယင်ဓာတ်သဘာဝများကို စုပ်ယူလျက် ရှိနေ၏။ ထို့ကြောင့်ပင်လျှင် ထိုစစ်သည်များသည် ခန္ဓာကိုယ်ပေါ်တွင် မီးများတောက်လောင်ကာဖြင့် တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် မြင်ကွင်းမျိုးပင်။
ရောရုဝပြည်၏ စစ်သည်တော် အားလုံးတို့သည် ခြစ်ခြစ်တောက် ပူလောင်လျက်ရှိသည့် နေကြီးနှင့် ရင်ဆိုင် တွေ့ဆုံနေရသည့် နှင်းများကဲ့သို့ပင် ဖြစ်လို့နေ၏။ ၎င်းတို့၏ ဝိညာဉ်များသည် ချက်ချင်းဆိုသလိုပဲ ပျောက်ကွယ်ကုန်သည်။ ပြီးသည့်နောက် အနိဋ္ဌာရုံ မြစ်ကြီး၏ ဆွဲယူခြင်းကို ခံရ၏။
လက်ရှိ အခြေအနေတွင် ထိုရေစက် တစ်ခုချင်းစီတိုင်းသည် ဝိညာဉ်ကို ဖော်ညွှန်းပြသနေသကဲ့သို့ပင်။ တစ်ဖက်လူများ အားလုံးတို့သည် အော်သံ တစ်ချက်လေးကိုပင် မပြုလုပ်လိုက်ရဘဲ ရှည်လျားလွန်းလှသည့် အနိဋ္ဌာရုံ မြစ်ကြီးထဲသို့ ဝင်ရောက်သွားရသည်။
“ဒါ အနိဋ္ဌာရုံ မြစ်ကြီးရဲ့ ဆန်းကြယ်မှုလား”
အမဲရောင်မြူများ ရစ်သိုင်းလျက်ရှိနေသည့် လူ၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်လျက် ရှိနေ၏။ လက်ရှိအခြေအနေတွင် သူ၏ ရှေ့တွင် ရှိနေသည့် အခြေအနေသည် ပုံရိပ်ယောင် မဟုတ်မှန်း သူက သိရှိ၏။
နိရယအင်ပါယာသည် အနိဋ္ဌာရုံမြစ်ကြီး တစ်ခုလုံးကို ထိန်းချုပ်နိုင်စွမ်းရှိနေ၏။ ပြောရမည်ဆိုလျှင် ဤငရဲလောကကြီးသည် သူတို့အတွက် တားမြစ်တည်နေရာလည်း ဖြစ်၏။ သူတို့သည် ဤနေရာသို့ တစ်စက်ကလေးမှ ခြေမချခဲ့သင့်ပေ။ သို့ပေမဲ့ လူပေါင်းများစွာ ရောက်ရှိလာခဲ့ပြီးသည့်နောက် အဘယ်သို့ ထွက်ပြေးရတော့မည်နည်း။
မည်မျှ ကြာမြင့်သေးသနည်း။ သူတို့အနေနှင့် ရောရုဝပြည်မှ လက်ရွေးစင် စစ်သည်များကို ခေါ်ဆောင် လာခဲ့ပြီး အထဲသို့ ဝင်ရောက်လာခဲ့သည်မှာ မည်မျှ ကြာမြင့်သေးသနည်း။ အင်မော်တယ်အဆင့် ကျင့်ကြံသူများပင်လျှင် ရုန်းကန်ကာ သေဆုံးလျက် ရှိနေကြ၏။ ကြာကြာခံမည့်ပုံလည်း မပေါ်တော့ချေ။ ပြောရမည်ဆိုလျှင် အနိဋ္ဌာရုံမြစ် ဆိုသည်မှာ အင်မော်တယ်ဘုရင်များကိုပင် နှစ်မြှုပ်နိုင်စွမ်းရှိသည်ဟူသော ဒဏ္ဍာရီလာ သတင်းစကားများသည် အမှန်ပင် ဖြစ်လို့နေ၏။
လက်ရှိအခြေအနေမှာတော့ နိရယအင်ပါယာသည် လေဟာနယ်ထဲတွင် မတ်မတ်ရပ်လျက် ရှိနေပြီး သူမ၏ အနောက်ဘက်တွင်တော့ ကြီးမားလွန်းသည့် လှိုင်းကြီးများ ဖြစ်တည်နေ၏။ ထိုလှိုင်းကြီးများသည် အကန့်အသတ်မဲ့ ကြီးမားလွန်းလှပြီး ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအင်လှိုင်းများကိုလည်း ထုတ်ဖော် နေခဲ့၏။ ထိုအထဲတွင် မည်မျှများပြားလှသည့် သက်ရှိသတ္တဝါများ သေဆုံးခဲ့သည်ဆိုခြင်းကို ခန့်မှန်း၍ပင် မရနိုင်ခဲ့ချေ။
“ဟန်ကြွယ်ရဲ့ သတင်းစကားမှာ တစ်ခုခု လိုအပ်နေတာပဲဖြစ်မယ်။ ကျုပ်တို့ နိရယ အင်ပါယာအကြောင်းကို နည်းနည်းလေးပဲ သိခဲ့တာပဲ။ ဒီလူက သွားရောက်ရင်ဆိုင်လို့ရတဲ့ လူမျိုး မဟုတ်ဘူး။ ကျုပ်တို့အရှင်သာ သူမကို ယှဉ်ပြိုင်နိုင်လိမ့်မယ်နဲ့ တူတယ်” အမဲရောင်မြူများ ရစ်သိုင်းလျက် ရှိနေသည့် လူသည် ခြောက်ကပ်ကပ် အသံဖြင့် ပြောဆိုလိုက်၏။
ဤကဲ့သို့ သန့်စင်လှသည့် အလုံးစုံသော အားအင်အဆင့်နှင့် ရင်ဆိုင်ရသည့် အချိန်မှာတော့ နိရယ အင်ပါယာသည် ကျိန်းသေပေါက် ကြောက်မက်ဖွယ်ရာကောင်းသည့် ကျင့်ကြံသူဖြစ်မှန်း သူတို့ သိရှိလိုက်ကြ၏။ အနိဋ္ဌာရုံ မြစ်ကြီးနှင့် ရင်ဆိုင်ရသည့်အချိန်တွင် သတ္တိဟူ၍ မြူမှုန်တစ်မှုန်မှပင် မရှိတော့ချေ။ ထို့အပြင် အတိတ်တုန်းက တည်ရှိခဲ့သည်ဖြစ်သော အနိဋ္ဌာရုံ မြစ်ကြီး၏ ဂုဏ်သတင်းသည် ကြီးမားကျယ်ပြန့်လွန်းသည် မဟုတ်ပါလား။
“အင်း... ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တာလား။ ကျုပ်တို့ကို ဒီနေရာဆီ စေလွှတ်ပြီး သေခိုင်းတာပဲ ဖြစ်ရမယ်” စုရှန်းလော်သည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ သူ့အနေနှင့် ဝန်မခံချင်ဘူး ဆိုသော်လည်း ဤကဲ့သို့သော အကြောင်းအရာသာလျှင် ရှိပေလိမ့်မည်။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ကဲ့သို့သော လူသည် ငရဲလောကကြီးအတွင်း ဖြစ်နိုင်သည့် အန္တရာယ်များကို သူတို့အတွက် မတွက်ချက်ခဲ့ပေဘူးလား။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က သာမန်ထက်ပိုတဲ့ အားအင်အဆင့် ရှိတယ်။ သူသာ ကျုပ်တို့ကို သေစေချင်တယ်ဆိုရင် ဒီလောက် ဒုက္ခခံနေမှာ မဟုတ်ဘူး။ ဖြစ်နိုင်တာက ဟန်ကြွယ်က ဒီလောကကြီးရဲ့ လျှို့ဝှက်ချက်တွေကို သေသေချာချာ မရှာဖွေခဲ့တာ ဒါမှမဟုတ် ဝယ်ယူဖို့အတွက် လုံလောက်တဲ့ အရင်းအမြစ် မရှိခဲ့တာလည်း ဖြစ်နိုင်တယ်” အမဲရောင်မြူများ ရစ်သိုင်းလျက် ရှိနေသည့် လူက လှမ်းကာပြောလိုက်သည်။
ဤစကားစုသည် စုရှန်းလော်အား တိတ်ဆိတ်ငြိမ်သက် သွားစေခဲ့တသည်။ ဟန်ကြွယ်၏ လက်ထဲသို့ သူတို့ ပေးခဲ့သည့် အရင်းအမြစ်များသည် တကယ့်ကို များပြားလွန်း၏။ သို့ပေမဲ့ တစ်ဖက်လူသည် အပေါ်ယံ အကြမ်းဖျင်းလောက် သာ ဝယ်ယူရခဲ့သည့်ပုံပင်။ ကြားထဲမှ အရင်းအမြစ်များကို ဖြတ်စာသွားလေသည်လား။
နိရယအင်ပါယာ မည်သည့်နေရာတွင်ရှိသည်ဆိုခြင်းကိုသာ သူတို့ ရှာဖွေခဲ့ခြင်းဖြစ်၏။ နိရယ အင်ပါယာ လက်ထဲတွင် ရှိနေသည့် ဝှက်ဖဲများအတွက်တော့ သူတို့သည် လေးလေးနက်နက် ဘယ်သောအခါကမှ မထားခဲ့ချေ။
မည်သူက ထင်မှတ်မိမည်နည်း။ နိရယအင်ပါယာ မည်သည့်နေရာတွင် ရှိသည်ဆိုသည်က တန်ဖိုးကြီးမားလှသည့်အရာ မဟုတ်ဘဲ တကယ့်တန်ဖိုး အစစ်အမှန်သည် သူမ၏ လက်ထဲတွင် ရှိနေသည့် ဝှက်ဖဲများပင် ဖြစ်လို့နေ၏။
နိရယအင်ပါယာသည် အနိဋ္ဌာရုံမြစ်ကြီးကိုပင် ထိန်းချုပ်နိုင်စွမ်း ရှိနေသည့် လူတစ်ယောက်ဖြစ်မှန်း သူတို့သာ သိသည်ဆိုပါက ကျိန်းသေပေါက် ရိုက်နှက်၍ အထဲသို့ စေလွှတ်လျှင်ပင် ကျိန်းသေပေါက် သွားလိမ့်မည် မဟုတ်ချေ။ ခန့်မှန်း၍မရအောင် အားကောင်းလှသည့် ရန်သူနှင့် ရင်ဆိုင်ရသည့် အချိန်မှာတော့ သူတို့၏အရှင် တစ်ယောက်သည် သာလျှင် ဤကိစ္စအားလုံးကို ရင်ဆိုင်နိုင်သည့်လူဖြစ်ကြောင်း သိရှိလိုက်မိသည်။
“အခုအချိန်မှာ ပြောနေလို့ နောက်ကျသွားပြီ။ ဘယ်လို ထွက်ရမလဲဆိုတာ အဖြေရှာတော့” စုရှန်းလော် သည် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်ပြီးမှ မြန်မြန်ဆန်ဆန် ပြောဆိုလိုက်၏။
သူသည် တဖြည်းဖြည်းနှင့် ပိုမိုကာ ကြီးမားလာခဲ့သည့် မြစ်ရေလှိုင်းကြီးကို လှမ်းကာ ကြည့်ရှုနေ၏။ ၎င်း၏ အသိစိတ် တစ်ခုလုံးတွင်လည်း ကြောက်လန့်မှုများနှင့် ပြည့်နှက်လျက် ရှိနေ၏။ သူတို့ ခေါ်ဆောင်လာခဲ့သော ရောရုဝပြည် လက်ရွေးစင်အားလုံးတို့သည် သေဆုံးလျက် ရှိနေလေပြီး မြစ်ကြီး၏ ဝါးမျိုခြင်းကို ခံခဲ့ရသည်။
သူတို့သည်သာ ထိုနေရာထဲသို့ ကျဆင်းသွားသည်ဆိုပါက ကျိန်းသေပေါက် ပြန်လည်ရှင်သန်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။ အင်မော်တယ်တစ်ယောက်၏ ဝိညာဉ်ပင်လျှင် ဤနေရာတွင် ချုပ်နှောင်ခြင်းကို ခံရသည် ဆိုပါက ပြန်လည် မထွက်ခွာနိုင်ပေ။ သူတို့ကဲ့သို့ အန္တိမအဆင့် ကျင့်ကြံသူများဆိုပါက ပြောနေစရာပင် လိုအပ်လိမ့်မည် မဟုတ်ပေ။
“ဒါက အစစ်အမှန် အနိဋ္ဌာရုံ မြစ်ကြီးတစ်စင်း မဟုတ်လောက်ဘူး။ ဒီတော့ ကျုပ်တို့ ထွက်ခွာသွားဖို့ ဖြစ်နိုင်ချေ ရှိသေးတယ်” အမဲရောင်မြူများ ရစ်သိုင်းလျက် ရှိနေသည့် လူသည် အရှေ့သို့ လှမ်းကာ ကြည့်ရှုရင်း လေးလေးနက်နက် ပြောလိုက်၏။
“ဒါပေမဲ့ မထွက်သွားခင်မှာ ဒီအနိဋ္ဌာရုံ မြစ်ကြီးက ဒဏ္ဍာရီလာ စွမ်းအင်တွေ တကယ်ရှိနေလားဆိုတာ ကျုပ် စမ်းသပ်ကြည့်ချင်တယ်။ ဒါမှမဟုတ် အပေါ်ယံ အရှိန်အဝါမျိုးပဲ ရှိနေတာလား”
“ခင်ဗျား ရူးနေပြီလား” စုရှန်းလော် က ထအော်လိုက်၏။ ရောရုဝပြည်မှ အဖွဲ့ဝင်များအနေနှင့် အနိဋ္ဌာရုံ မြစ်၏ စွမ်းအင်များကို နားမလည်သူဟူ၍ မရှိချေ။ သက်ရှိသတ္တဝါ သို့မဟုတ် အလောင်းကောင် မည်သူပဲဖြစ်ဖြစ် ထိုအရာ၏ လွှမ်းမိုးမှုကို ခံရမည်ဆိုပါက ကျိန်းသေပေါက် ချုပ်နှောင်ခြင်းကို ခံရမှာဖြစ်ပြီး အင်မော်တယ်ဘုရင် သို့မဟုတ် သာမန်လူ မည်သူပဲဖြစ်ဖြစ် တူညီသည့် ကံကြမ္မာကိုသာ ပိုင်ဆိုင်ကြ၏။
“လက်ရှိအချိန်မှာ နိရယအင်ပါယာရဲ့ ဝှက်ဖဲကို စမ်းသပ်ခြင်းက သေလမ်းရှာတာနဲ့ တူတူပဲ ဆိုတာကို မသိဘူးလား” စုရှန်းလော်က သတိပေးလိုက်သည်။
“မစမ်းကြည့်ဘူးဆိုရင် ဘယ်လို သိမှာလဲ” အမဲရောင်မြူများ ရစ်သိုင်းလျက် ရှိနေသည့် လူသည် အရှေ့သို့ လှမ်းတက်လိုက်၏။
သူသည် အလွန်အားကောင်းလှသည့် စွမ်းအင်လှိုင်းများကို ထုတ်ဖော်လိုက်ပြီးနောက် သူ၏အော်ရာများ သည် ကောင်းကင်ယံ တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။ အမဲရောင်မြူများသည် ပိုမိုကာကျယ်ပြန့်လာခဲ့ပြီး နတ်ဆိုးအရှင် တစ်ပါးကဲ့သို့ပင်။ သူ၏လက်သီးချက်ကြီးသည် ကြောက်မက်ဖွယ်ရာကောင်းသည့် လေတိုးသံကြီး နှင့်အတူ ထိုးနှက်ခြင်းကို ပြုမူလေသည်။
“အင်း.. အန္တိမ ကျင့်ကြံသူအဆင့်မှာ တကယ့်ကို ချီးကျူးဖွယ် အားအင်အဆင့်ပဲ။ ဒါပေမဲ့ အနိဋ္ဌာရုံ မြစ်နဲ့ ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်တို့ကို ရင်ဆိုင်နေရတာ။ တကယ်တော့ ရှင်တို့ ကျွန်မကို အထင်သေးခဲ့မိပြီ” နိရယ အင်ပါယာသည် ထူးမခြားနားသလို ပြောဆိုလိုက်၏။
သူမ၏ခန္ဓာကိုယ်တွင် အလင်းတန်းများ ထွန်းတောက်နေခဲ့၏။ သူမအနေနှင့် ဤတိုက်ခိုက်ချက်ကို တိုက်ရိုက် ရင်ဆိုင်ရန် ရည်ရွယ်ချက် မရှိပေ။ သို့ပေမဲ့ လက်ကို အသာမြှောက်လိုက်၏။ သူမ၏ အနောက်ဘက်တွင် ရှိနေသည့် အနိဋ္ဌာရုံ မြစ်ကြီးသည် စတင်ကာ ဆူဝေလာပြန်၏။ ကြီးမားသည့် လှိုင်းကြီးများ ဖြစ်တည်လာခဲ့ပြီးသည့်နောက် ထိုလှိုင်းကြီးသည် အရှေ့ဘက် လေဟာနယ်ဆီသို့ စတင်ကာ တိုက်စားသည်။
အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး အမဲရောင်မြူများ ရစ်သိုင်းလျက်ရှိနေသည့် လူသည် ရေထဲတွင် နစ်မြုပ်သွား၏။ ၎င်းသည် ထိုမြစ်ကြီး၏ အောက်တွင် မြှုပ်နှံခြင်းကို ခံခဲ့ရ၏။