အခန်း (၅၅၉)
Vol. 38 Ch. 559
လဝက်ခန့် ကြာမြင့်ပြီးသည့်နောက် နက်နဲအလင်းလောကကြီး တစ်ခုလုံးသည် အရာအားလုံး တိတ်ဆိတ် ငြိမ်သက်လျက် ရှိနေ၏။ အဖွဲ့အစည်းအားလုံးသည် ရောရုဝပြည်၏ လွှမ်းမိုးမှုကို ခံထားရသောကြောင့် ဘာတစ်ခုကမှ ပုန်ကုန်နိုင်ခြင်းမရှိတော့ချေ။ ထို့ကြောင့် ငြိမ်သက်နေခြင်းပင်။
သို့ပေမဲ့ ဤကဲ့သို့ ငြိမ်သက်မှု၏ အောက်ခြေတွင် ရောရုဝပြည်၏ အခြေအနေ တစ်ခုလုံးက တင်းမာလျက် ရှိနေ၏။ ကြီးမားလွန်းလှသည့် ဟောခန်းကြီး တစ်ခုထဲမှာတော့ လုချန်းဖန်သည် ရှေ့နောက် လျှောက်လျက် ရှိနေ၏။ သူဝတ်ဆင်ထားသည့် ချပ်ဝတ်ဆီမှ အေးစက်သည့် အလင်းတန်းများ ထွက်ပေါ်နေ၏။ မြစိမ်းရောင်ကဲ့သို့သော မျက်လုံးများထဲတွင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အလင်းတန်းများ ထွန်းတောက်နေခဲ့ပြီး ကြည့်ရှုနေသူများ အားလုံးကို ကြက်သီးများထစေခဲ့၏။
“လဝက်လောက် ကြာသွားခဲ့ပြီ။ စုရှန်းလော်နဲ့ တခြားသူတွေ ဘယ်လိုလဲ”
လုချန်းဖန်က ရုတ်တရက် ရပ်တန့် လိုက်၏။ သူသည် မြေအင်မော်တယ်လောကကြီး၏ တည်နေရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်လျက် ရှိသည်။
အကြောင်းအရင်းအရ ပြောရမည်ဆိုလျှင် အရာအားလုံးသည် အဆင်ပြေပြေ ဖြစ်တည်နေ၏။ ထို့ကြောင့် တစ်ဖက်လူများသည် ပြန်လာသင့်သောအချိန်ကို ရောက်ရှိနေပြီဖြစ်သည်။ အကယ်၍ ခက်ခဲသည့် အကြောင်းအရာများ နှင့် ရင်ဆိုင်နေရသည် ဆိုလျှင်တောင်မှ ကျိန်းသေပေါက် ပြန်လာပြီး သတင်းပို့သင့်သည် မဟုတ်ပါလား။ သို့သော်ငြား လဝက်သာ ကြာသွားခဲ့သည်။ သတင်းစကား ပေးပို့ရန် တစ်ဖက်လူများက မေ့လျော့နေခဲ့ပုံပင်။
စုရှန်းလော်နှင့် တခြားသောသူများ အားလုံးသည် ရေကဲ့သို့ အငွေ့ပျံကာ ပျောက်ကွယ် သွားခဲ့လေသည်လား။
“ဟန်ကြွယ်” လုချန်းဖန်က ခေါ်လိုက်၏။
နန်းတော်၏ အပြင်ဘက်ရှိ သက်လတ်ပိုင်း လူတစ်ယောက်သည် ထိုအသံကို ကြားသည်နှင့်တပြိုင်နက် ချက်ချင်းပဲ အပြေး ဝင်ရောက်လာ၏။ သူ၏ မျက်နှာထက်တွင် အပြုံးတစ်ခုက တည်ရှိနေခဲ့သည်။ “ရောက်ပါပြီ”
ရောရုဝပြည်မှ လူများသည် ဆန်းကြယ်သည့် နည်းလမ်းများကို အသုံးပြုပြီး သူ့အား ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီသို့ ပေးပို့ခဲ့ပြီးသည့်နောက် ဆန်းကြယ်သည့် နည်းလမ်းများကို ထပ်မံအသုံးပြုကာဖြင့် သူ့ကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့ပြန်၏။ သူ့အနေနှင့် ဤနေရာဆီမှ ကောင်းကင်မူလလောကကြီးဆီသို့ သွားရာ ခရီးစဉ်သည် ဆယ်ရက်ပင် မကြာမြင့်ခဲ့ချေ။
သူသည် ရောရုဝပြည်၏ အဖွဲ့သားအဖြစ် ဖြစ်တည်လာခဲ့ပြီးသည့်နောက် ကြီးမားသည့် ကောင်းကျိုးအဖြစ် တာဝန်သယ်ပိုး ထမ်းဆောင်ခဲ့ပြီးပြီ မဟုတ်ပါလား။ သူသာ မရှိသည်ဆိုပါက ရောရုဝပြည်ကြီးသည် နိရယ အင်ပါယာ မည်သည့်နေရာတွင် ရှိသည်ဖြစ်ကြောင်းကို ရှာဖွေတွေ့ရှိလိမ့်မည် မဟုတ်ချေ။
ကြည့်ရသည်မှာ ဤခေါင်းဆောင်သည် သူ့အား ဆုလဘ်ပေးရန် ခေါ်ဆိုခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။ ဆုလဘ် ရရှိခြင်းသည် အနည်းငယ် နောက်ကျသည်ဆိုလျှင်တောင်မှ လက်သင့်ခံနိုင်တုန်းပင်။ ထိုအရာကို တွေးပြီးသည့်နောက် ဟန်ကြွယ်သည် လုံးဝနှောင့်နှေး မနေတော့ချေ။ မြန်မြန်ဆန်ဆန် ဆိုသလိုပဲ ဒူးထောက်ကာ အော်ဟစ်လိုက်၏။ “ဟန်ကြွယ်က ခေါင်းဆောင်လုကို ဂါရဝပြုပါတယ်”
“အင်း.. အင်း”
လုချန်းဖန်သည် ထူးမခြားနားသလို ခေါင်းညိတ်လိုက်၏။ သူသည် ဟန်ကြွယ်ကို လှမ်းကြည့်ကာဖြင့် တည်ငြိမ်သည့် လေသံနှင့် မေးမြန်းလိုက်သည်။ “ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကို သွားတဲ့အချိန်တုန်းက နိရယ အင်ပါယာရဲ့ တည်နေရာကို သေသေချာချာ တကယ်အတည်ပြုနိုင်ခဲ့ရဲ့လား”
“အလုံးစုံ မှန်ကန်ပါတယ်”
ဟန်ကြွယ်၏ ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ ဤစကားစုတွင် မထင်မှတ်ထားသည့် အကြောင်းအရာများ ပါဝင်နေသည်ကို သူက အာရုံခံမိ၏။ ချက်ချင်းဆိုသလိုပဲ လေးနက် တည်ကြည်စွာဖြင့် ပြန်လည်ကာ ပြောဆိုလိုက်၏။ “ကျုပ်ရဲ့ အသက်နဲ့ထပ်ပြီး အာမခံပါတယ်။ နိရယ အင်ပါယာက ကျိန်းသေပေါက် ငရဲလောကထဲမှာ တည်ရှိနေပါတယ်။ ဒီစကားစုက ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ရဲ့ ပါးစပ်ထဲက ထွက်လာတာပါ။ အမှားအယွင်း တစ်ချက်ကလေးတောင် မပါပါဘူး”
ပြောပြီးသည့်နောက် ဟန်ကြွယ်သည် ခေါင်းကို ငုံ့ကာဖြင့် အဓိပ္ပာယ်ပါပါ မေးမြန်းလိုက်သည်။ “ခေါင်းဆောင်စုနဲ့ တခြားသူတွေ ဒုက္ခရောက်နေလို့လား”
လက်ရှိအခြေအနေမှာတော့ သူမထွက်ခွာခင်တွင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ အဓိပ္ပာယ် ပါလှသော စကားလုံးတစ်ခုကို မတွေးဘဲ မနေနိုင်ခဲ့တော့ချေ။ သူတို့အနေနှင့် နိရယ အင်ပါယာ မည်သည့် နေရာတွင် ရှိသည်ကို ရှာဖွေတွေ့ရှိသည် ဆိုလျှင်တောင်မှ သူမကို ဖမ်းဆီး၍ မရနိုင်ပေဘူးလား။
ထို့ကြောင့် စိတ်ဝင်စားစရာ အကြောင်းအရာ ဖြစ်လာခဲ့၏။ စုရှန်းလော်သည်သာ နိရယ အင်ပါယာကို ဖမ်းဆီးနိုင်ခြင်း မရှိပါက ပြန်ရောက်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် ပြန်လာနိုင်သည် ဆိုလျှင်တောင်မှ ကိစ္စ မအောင်မြင်သောကြောင့် ဟန်ကြွယ်ကို ကောင်းကောင်း အပြစ်ပေးမှာ သေချာလေ၏။ ဟန်ကြွယ်သည် ထိုအကြောင်းအရာကို စဉ်းစားပြီးသည့်နောက် ကျောရိုးမကြီး တစ်ခုလုံး စိမ့်တက်သွားခဲ့၏။
“ဒုက္ခရောက်နေတယ်လို့လည်း ပြောလို့ မရဘူး။ သာမန် နိရယအင်ပါယာလေး တစ်ယောက်က ဒီလောက်ကြီး ဒုက္ခပေးနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ သူမက အစစ်အမှန် အင်မော်တယ်အဆင့်ပဲ ရှိသေးတယ်” လုချန်းဖန်က တီးတိုးရေရွတ်လိုက်သည်။
“ဟုတ်ပါတယ်။ ဟုတ်ပါတယ်” ဟန်ကြွယ်သည် ထပ်တလဲလဲ ခေါင်းညိတ်လိုက်၏။ သို့ပေမဲ့ သူ၏ နှလုံးသား ထဲရှိ အဆင်မပြေမှုများသည် ပိုမိုကာ တိုးပွားလာခဲ့၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ပြောဆိုလိုက်သည့် စကားလုံးများသည် သူက ဦးနှောက်ထဲတွင် အဆက်မပြတ်ဆိုသလို ထင်ပေါ်လာ၏။
စုရှန်းလော်နှင့် တခြားသောလူများသည် နိရယ အင်ပါယာကို တကယ်ပဲ မဖမ်းမိနိုင်ခဲ့ပေဘူးလား။ မဟုတ်လောက်ပေ။ အန္တိမကျင့်ကြံခြင်း အဆင့်တွင် ရှိနေသည့်လူများ၊ ထို့အပြင် တစ်ယောက်တည်း မဟုတ်ချေ။ များပြားလှသည့် လူများ သွားရောက်ဖမ်းဆီးခြင်းဖြစ်၏။ အသစ် ဖြစ်တည်လာခဲ့သော အစစ်အမှန် အင်မော်တယ် တစ်ယောက်ကို ရင်ဆိုင်ဖို့ ဆိုသည်မှာ ကျိန်းသေပေါက် ခက်ခဲလိမ့်မည် မဟုတ်ချေ။ လက်တစ်ချောင်းကို ဆွဲမရုံဖြင့် သူမကို လွယ်လွယ်ကူကူ သတ်ဖြတ်ပစ်နိုင်စွမ်း ရှိပေလိမ့်မည်။
“စိတ်ထဲမှာ တစ်စုံတစ်ခု ရှိလား”
ထိုအချိန်မှာတော့ လုချန်းဖန်သည် ခန္ဓာကိုယ်ကို အသာလှည့်လိုက်၏။ သူ၏ မြစိမ်းရောင် မျက်လုံးများသည် ဟန်ကြွယ်ကို စူးစိုက်ကာ ကြည့်ရှုနေ၏။ ဟန်ကြွယ်၏ ခန္ဓာကိုယ်နှင့် ဦးနှောက်ထဲတွင် ရှိနေသည့် အတွေးအခေါ်များ အားလုံးကို ဖတ်ရှုနေသကဲ့သို့ပင်။ ဟန်ကြွယ်၏ အမူအရာ ပုံမှန် မဟုတ်ကြောင်း အာရုံခံမိသောကြောင့် သူက ဖြည်းညှင်းစွာ မေးမြန်းလိုက်ခြင်း ဖြစ်သည်။
“မ.. မဟုတ်ပါဘူး” ဟန်ကြွယ်သည် ဖျစ်ညှစ်ကာ ပြုံးလိုက်၏။ သူ၏ မျက်နှာပြင် တစ်ခုလုံးသည် ဖြူလျော်လျက် ရှိနေ၏။ အမှတ်မထင် ဆိုသလိုပဲ သူ၏နဖူးစပ်တွင် ချွေးစီးများပင် ပေါ်ပေါက်လာခဲ့၏။ သာမန် တော်ဝင်အင်ပါယာ တစ်ယောက်အနေနှင့် အန္တိမအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်ရသည့် အချိန်တွင် တစ်ဖက်လူသည် မည်သည့် ဖိအားကိုမှ မထုတ်ဖော်ဘူး ဆိုလျှင်တောင်မှ သူသည် အသက်ရှူ၍ မရအောင် ခံစားနေမိ၏။
“ဪ” လုချန်းဖန်သည် အဓိပ္ပာယ်ပါသည့် အပြုံးတစ်ခုကို ပြုံးလိုက်သည်။
ချက်ချင်းဆိုသလိုပဲ လူတစ်ယောက်သည် ဟောခန်းထဲသို့ အလျင်အမြန်ဖြင့် ဝင်ရောက်လာ၏။ ထိုလူသည် ဝင်ဝင်လာချင်းမှာပဲ မြေပေါ်၌ ဒူးထောက်ထိုင်ကာ သတင်းပေးပို့၏။ “ခေါင်းဆောင် တစ်စုံတစ်ခုတော့ ဖြစ်ပြီ”
“ဘာဖြစ်တာလဲ”
လုချန်းဖန်၏ နှလုံးခုန်နှုန်းများက မြန်ဆန်သွားခဲ့၏။ သူသည် မြန်မြန်ဆန်ဆန် မေးမြန်းလိုက်သည်။
“အုပ်ချုပ်သူစုရဲ့ ဝိညာဉ်ကျောက်စိမ်းပြားက ကွဲကြေသွားပါတယ်” ထိုလူက တီးတိုး ပြောဆိုလိုက်၏။
“ဘာ”
လုချန်းဖန်သည် ပါးစပ်အဟောင်းသား ဖြစ်သွားမိ၏။ သူသည် တင်းမာခက်ထန်စွာဖြင့် ထပ်မံ မေးမြန်းလိုက်သည်။ “ရှန်းဖန်ရဲ့ ဝိညာဉ်ကျောက်စိမ်းပြားကကော”
၎င်းသည် အမဲရောင်မြူများ ရစ်သိုင်းလျက် ရှိနေသည့် လူပင်ဖြစ်၏။ လုရှန်းဖန် နှင့် တူညီစွာပင် သေဆုံးနိုင်စွမ်းမရှိသော လူတစ်ယောက်ဟု သုံးသပ်၍ရ၏။ စုရှန်းလော် သေဆုံးသွား ခဲ့သည်ဆိုလျှင်တောင်မှ ရောရုဝပြည်၌ ၎င်းကို ပြန်လည် အသက်ရှင်အောင် ပြုလုပ်နိုင်သည့် နည်းလမ်းများ တည်ရှိနေခဲ့၏။ သို့ပေမဲ့ ရှန်းဖန် သေဆုံးသွားသည်ဆိုပါက ပြဿနာကြီးပင်။
“အုပ်ချုပ်သူရှန်းရဲ့ ဝိညာဉ်ကျောက်စိမ်းပြားကလည်း ကွဲကြေသွားခဲ့ပါတယ်” ထိုလူက ထပ်မံကာ ပြောဆိုလိုက်၏။
“ဒါ.. ဒါ.. ဒါ”
လုချန်းဖန်၏ ခန္ဓာကိုယ်သည် ချက်ချင်းဆိုသလိုပဲ အလင်းတန်းများ ထွန်းတောက်လာခဲ့၏။ သူ၏ မျက်လုံးထဲတွင် ကြီးမားသည့် အရှိန်အဝါများ ပေါ်ပေါက်လာခဲ့၏။ “နိရယအင်ပါယာကို သွားရှာဖို့ ထွက်သွားကြတဲ့လူတွေ အသက်ရှင်ရက် ပြန်မလာနိုင်တော့ဘူးပေါ့”
စုရှန်းလော်နှင့် ရှန်းဖန်တို့တောင် သေဆုံးသွားခဲ့သည်ဆိုသောကြောင့် ငရဲလောက၏ လက်ရွေးစင် စစ်သည်များသည် အသက်ရှင်လျက် ပြန်လာနိုင်တော့မည် မဟုတ်ချေ။
ထိုအကြောင်းကို တွေးပြီးသည့်နောက် လုချန်းဖန်သည် ရုတ်တရက် ခန္ဓာကိုယ်ကို အသာလှည့်လိုက်၏။ သူ၏ မျက်လုံးများသည် ဟန်ကြွယ်ကို စူးစိုက်ကာ ကြည့်ရှုနေ၏။ သူသည် အေးစက်သည့် လေသံဖြင့် လှမ်းကာ မေးလိုက်သည်။ “ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီက ခင်ဗျား ဝယ်လာတဲ့ သတင်းအချက်အလက်တွေက ဒါပဲလား”